Tuesday, March 13, 2012

အထိမခံတဲ့ ဟော်မုဇ် ရေလက်ကြား (သို့မဟုတ်) အီရန်ရဲ့ သေနင်္ဂဗျူဟာပရိယာယ်

စာအသစ်မရေးနိုင်ပြန်ပါဘူး။ မေမေ့ရဲ့စာအဟောင်းတစ်ပုဒ်ပဲ တင်လိုက်ပါတယ်။

အနီရောင်မျှားကလေးက ဟော်မု (ဇ် )ရေလက်ကြားတည်ရာ ကို ပြသထားတာဖြစ်ပါတယ်။ အာရေဗျကျွန်းဆွယ်နှင့် ပါရှန်ပင်လယ်ကွေ့  ထိစပ်နေတဲ့ ဒေသမှာပါ။ ဟော်မု (ဇ်)် ဆိုတဲ့ အမည်ဟာ မူလ ဒေသခံ ပါရှန်လူမျိုးတို့ရဲ့  ဘာသာစကား အရ “Ormuz” မှ ဆင်းသက်လာတာဖြစ်တယ်။
အပြာရောင်မျှားလေးများက ရေနံတင်ပို့ရာလမ်းကြောင်းနှစ်ခု Traffic Separation Scheme ကို ဖေါ်ပြထားတာပါ။ ဟော်မု(ဇ်)ဟာ ကျဉ်းမြောင်းပေမဲ့ အရှေ့တေင်ဘက်မှာရှီတဲ့ အိုမန်ပင်လယ်ကွေ့နှင့် ပါရှန်ပင်လယ်ကွေ့ တို့ အကြား အလွန်အရေးပါပြီး မဟာဗျူဟာကျတဲ့ ရေလက်ကြားဖြစ်နေပါတယ်။ မြောက်ဘက်မှာအီရန်ကမ်းရိုးတန်းနှင့်တောင်ဘက်မှာ ယူနိုက်တက်အာရပ်အီမီရိတ်ထ်စ် ၊ မူဆန်ဒမ်၊အိုမန် စသည် တို့ရှိပါတယ်။ ဟော်မု(ဇ်)ရေလက်ကြားဟာ ကီလိုမီတာ54 (34mi) မျှ သာဘဲ ကျယ်ဝန်းပါတယ်။ အာရပ်ကမ္ဘာက ရေနံစိမ်း များကို အကြီးကျယ်ဆုံးတင်ပို့နေတဲ့ နေရာဒေသတခုသာဖြစ်ပါတယ်။ ရေနံတင်သင်္ဘောများသွားလာခုတ်မောင်းဖို့ တခုတည်းသော လမ်းကြောင်းအဖြစ်လည်း ပါရှန်ပင်လယ်ကွေ့မှာ ရေပန်းစားနေတာပါ။ ပျမ်းမျှ တနေ့ကို ရေနံတင်သင်္ဘော( tankers) ၁၄စင်းနှင့် ရေနံစိမ်းသိုလှောင်စည်ပေါင်း 15.5 မီလျှံ (2,460,000 m3) ကို ဒီဟော်မု(ဇ်)ရေလက်ကြားကနေ ဖြတ်ကျော်ခုတ်မောင်း တင်ပို့နေခြင်းဖြစ်ပါတယ်။ ကမ္ဘာ့ရေနံတင်သင်္ဘောများရဲ့ ၃၅% ကို သယ်ယူနေတာ လည်း ဖြစ်ပါတယ်။ ရေလက်ကြားအတွင်းသင်္ဘောများ အထိအခိုက်မရှိ အန္တရယ်ကင်းကင်း ၀င်ထွက်နိုင်ဖို့ ယဉ်သွားလာမှု ရေကြောင်း သတ်မှတ်ရေးအ ဖွဲ့ က ( Traffic Separation Scheme “TSS”) သင်္ဘော အ၀င်လမ်း အထွက်လမ်းများသတ်မှတ်ထိန်းချုပ်ပေးထားပါတယ်။


ရေကြောင်းလမ်းအကျယ်အ၀န်းဟာ 6miles( 10km)ရှီပြီး အကျယ် 2miles (3km)ရှိ အ၀င်အထွက် လမ်းကြော၂ခု အပါအ၀င် ရေကြောင်းလိုင်းများ သတ်မှတ်စီစဉ် ထားပေးတယ်။ ဒီလို သင်္ဘောများ ဖြတ်သန်းခုတ်မောင်းရာမှာ အီရန်နှင့် အိုမန် နိုင်ငံတို့ရဲ့ ရေပိုင်နက်များကို အငြင်းပွားခြင်းမရှိရအောင် ကုလသမဂ္ဂသဘောတူပြဌာန်းအတည်ပြုထားတဲ့ ဥပဒေရှိပါတယ်။ အဲဒီလို ဆုံးဖြတ်ချက် ချမှတ် အတည်ပြုထားသော်လည်း နိုင်ငံအားလုံးလိုက်နာကြတာတော့ မဟုတ်ပါဘူး။ US အပါအ၀င် နိုင်ငံအများစုကသာ ဒီဆုံးဖြတ်ချက်ကိုလိုက်နာ ကျင့်သုံးကြတာဖြစ်တယ်။ ရေဒါစံနစ်ဖြင့် ရေကြောင်းဆက်သွယ်ညွှန်ပြခြင်း( Link Quality Indicator (LQI) ကို အိုမန်နိုင်ငံကနေ ဟော်မုဇ်ရေလက်ကြားရှိ “TSS “မော်နီတာကို ပေးပို့ရပါတယ် ။ မူဆာဒမ်ကျွန်းဆွယ်ထိပ်ပေါ်က ကျွန်းငယ်လေးတကျွန်းမှာ TSS ကို ထားရှိတာဖြစ်ပါတယ်။ သို့သော်လည်း မကြာခဏ သင်္ဘောများ ထိခိုက်မှုကတော့ ဖြစ်လေ့ရှိတဲ့ သဘာဝတရားများပါဘဲ။
ဂြိုလ်တုပေါ်က မြင်တွေ့ရပုံ
ဟော်မုဇ် ရေလက်ကြားရဲ့ အသွင်သဏ္ဍာန်  
နိုင်ငံရေးနှင့်ဆက်နွယ်နေတဲ့ ပင်လယ်ရေကြောင်း ခရီး နယ်နိမိတ်များ ၁၉၈၈ခုနှစ် ဧပြီလ ၈ရက်နေ့က အဲဒီ ရေလက်ကြားမှာ အီရန်တပ်ဖွဲ့နှင့်အမေရိကန် ရေတပ်တို့ အချင်းများပြီး ” တရက်ကြာ”စစ်ပွဲ ဖြစ်ပွားခဲ့ကြတယ်။ သမိုင်းမှာတော့ “Operation Praying Mantis” လို့ တွင်ခဲ့တယ်။ ဒါဟာ ဧပြီ ၁၄ရက်နေ့က အီရန်တို့မိုင်းထောင်ဖေါက်ခွဲပြစ်ခဲ့တဲ့ USS Samuel B Roberts (FFG-58)အတွက် လက်စားခြေ တုံ့ပြန်တိုက်ခိုက်တာသာဖြစ်တယ်လို့ ဆိုတယ်။ အမေရိကန်က ဖရီးဂိတ်စစ်သင်္ဘောနှစ်စင်း ၊လက်နက်အပြည့် တပ်ဆင်ထားတဲ့ တိုက်ရေယာဉ်တစင်း၊စပိဘုတ် ၆စင်း နစ်မြုပ်ပြစ်ခဲ့တယ်။ တခါ ၁၉၈၈ခုနှစ်ဇူလိုင်လမှာ အမေရိကန်စစ်သင်္ဘောUSS Vincennes မှ မှားယွင်းပစ်ခတ်တာကြောင့် လူပေါင်း ၂၉၀သေဆုံးတဲ့ ခရီးသည်တင်လေယာဉ် အီရန် Air Flight 655 ဟာ ဟော်မု(ဇ်)ရေလက်ကြားမှာ ပျက်ကျခဲ့ရတယ်။ ၂၀၀၇ ဇန်န၀ါရီလမှာ ရေငုတ်သင်္ဘော USS NewPort Newsနှင့် တန်ချိန်ပေါင်း 300.000 များပြားစွာ တင်ဆောင်လာတဲ့ ဂျပန်ရေနံတင်သင်္ဘော Mogamigawa တို့ ရေအောက်မှာ ထိပ်တိုက် ၀င်ဆောင့်ခဲ့ကြသော်လည်း ထိခိုက်ဒါဏ်ရာ နှင့် ရေနံယိုဖိတ်မှု စသည် တစုံတရာဖြစ်ပွာခြင်းမရှိခဲ့ဘူး။ ၂၀၀၉ခု မတ်လ ၂၀ရက်နေ့က USSHartford နှင့် USS New Orleans တို့ ဟော်မု(ဇ်) ရေလက်ကြားမှာနှစ်ဦးသား ၀င်ဆောင့်ခဲ့ဖူးပါတယ်။ Hartford မှ သင်္ဘောသား ၁၅ဦး ဒါဏ်ရာရရှိပြီး New Orleans ကတော့ လောင်စာကန် ကျိုးပဲ့တာကြောင့် US ဂါလံပေါင်း 25,000 ဖိတ်စင်ခဲ့တယ်။
၂၀၀၇ ဒီဇင်္ဘာနှင့် ၂၀၀၈ ဇန်န၀ါရီလများမှာ အီရန်စပိဘုတ်များနှင့် အမေရိကန်စစ်သင်္ဘောများအကြား အငြင်းပွားစရာ ပြဿနာများရှိလာတယ်။ အမေရိကန်စစ်သင်္ဘောအုပ်စုကို အီရန်က ရန်စကျူးကျော်တယ်။နှောင့်ယှက်မှုပြု တယ်လို့တရားဝင် ပြောဆိုကန့်ကွက်ပါတယ်။ ဒါပေမဲ့ အီရန်က ဒီစွပ်စွဲချက်ကို အပြင်းအထန်ုငြင်းဆန်ပါတယ်။ ၂၀၀၈ခု ဇန်န၀ါရီ၁၄ရက်နေ့မှာ ၂၀၀၈ခု ဇွန်လ ၂၉ရက်နေ့မှာ အီရန်တော်လှန်ရေး အစောင့်တပ်ဖွဲ့ဗိုလ်ချုပ်ကြီး “အလီမိုဟာမက်ဂျာဖါရီ” က “အီရန်ဟာမကြာခင်မှာ အဇ္ဇရေးနှင့် အမေရိကန် တို့ရဲ့တိုက်ခိုက်လာမှုကို ခံရနိုင်ဖွယ်ရှိတယ်”လို့ စွပ်စွဲ ပြောဆိုခဲ့တယ်။ ဒါ့အပြင် အဲဒီလို တိုက်ခိုက်လာရင် ဟော်မု(ဇ်)ရေလက်ကြားကို ပိတ်ဆို့ ပြီး ရေနံဈေးကွက် တခုလုံးပျက်ပြားသွားအောင် မိမိတို့ကလုပ်ရန် အသင့်ရှိကြောင်းကိုလည်း ခြိမ်းခြောက်ပြောဆိုခဲ့တယ်။ အမေရိကန် ရေတပ်အုပ်စုဟာ ဘာရင်းမှာ အခြေချထားတာမို့ ပါရှန်ပင်လယ်ကွေ့ကို မဖြစ်မနေ ဖြတ်သန်းရတယ်။ တာဝန်ရှိသူ အမေရိကန်ဒုဗိုလ်ချုပ်ကြီး “ ကီဗင် ကော့စ်ဂရစ်ဖ်” က ပြောကြားရာမှာ “အီရန်ရဲ့ လှေသင်္ဘောငယ်တွေဟာ မိမိတို့ ရေတပ်သင်္ဘောကြီးတွေကို ဒေါသထွက်အောင် နှိုးဆွနေတယ်။ ကမ္ဘာ့တတိယ ရေနံထွက်ရှိရာဒေသခံအနေနဲ့ ထင်သလိုရမ်းကားနေတာကို အမေရိကန်က ခွင့်ပြုမှာ မဟုတ်ဘူး လက်ပိုက်ကြည့်မနေဘူး”တဲ့။

တစ်ခါ၂၀၀၈ ခု ဇူလိုင်၈ရက်နေ့မှာ အဆင့်မြင့်အီရန်ခေါင်းဆောင် ဘုန်းတော်ကြီး “အလီခါမေနီ”က တော်လှန်ရေးအစောင့်တပ်ဖွဲ့ ကို မိန့်ခွန်းပြောကြားရာမှာ “ဇီယွန်တွေဟာ အီရန်ကို တိုက်ခိုက်ဖို့ အိမ်ဖြူတော်ကို တောင်းဆို ဖိအားပေး သိမ်းသွင်းနေတယ်။ ဒီလို ရာဇ၀တ်မှုမျိုးကို မိုက်မိုက်မဲမဲကျူးလွန်မယ်ဆိုရင် ဟော်မု (ဇ် )ရေလက်ကြားက သူတို့ရဲ့ရေနံတင် သင်္ဘောတွေ အီရန်က လက်ဦးယူ ပြစ်မှတ်ထား တိုက်ခိုက်သွားမယ်။တဲလ်အဗစ်နဲ့ဝါရှင်တန်က သင်္ဘောတွေ တစမကျန်မီးလောင်ပြာကျစေရမယ်၊ ပါရှန်ပင်လယ်ကွေ့ကနေ ပြာမှုံအဖြစ် လွင့်စင်စေရမယ်။” လို့ ထည့်သွင်းပြောဆိုသွားတယ်။ ဒီလိုပါဘဲ။ သဘောထားတင်းမာလွန်းသူ အီရန်သမ္မတ မာမွတ်အမာဒီနီဂျက်ဟာလည်း အလားတူ ရန်လိုသော စကားများကို မကြာခဏ တိုက်ခိုက်ပြောကြားလေ့ရှိပါတယ်။ ယနေ့အခြေအနေမှာလဲ အီရန်ဟာ ပြောရခက်ပါတယ်။ နိုင်ငံတကာ ကန့်ကွက်နေတဲ့ ကြားကနျူကလီးယားကိစ္စကို ရပ်တန့်မထားဘဲ အလွန်ခေါင်းမာစွာရှေ့ဆက်နေဆဲပါဘဲ။ အနောက်နိုင်ငံများက စီးပွားရေးပိတ်ဆို့အရေးယူမှု ကို အရှိန်မြင့် တိုးချဲ့ လုပ်ကိုင်ခဲ့ရင် ပြဿနာက အကြီးမားဆုံးဖြစ်လာမှာပါ။ ဒါဆိုရင်.. ဟော်မုဇ်ရေလက်ကြားကို အီရန်တို့က လည်းအသေအချာပိတ်ပြစ်ဖို့ အသင့်ပါ။ ရေနံဈေးနှုံးတွေလည်း အမြင့်ဆုံးကို ခုန်တက်သွားမှာပါ။

တစ်ဖန် ပိတ်ဆို့သူ အမေရိကန်များအနေနှင့်လည်းတန်ပြန် အကျိုးသက်ရောက်မှုက ဘယ်လိုရှိလာနိုင်မလဲ တွက်ချက်ရမှာဖြစ်ပါတယ်။ တချို့ကလည်း ဒီလိုရေနံဈေးတွေ ခေါင်ခိုက်လေ အီရန်က အကြိုက်တွေ့လေ။ရေနံက ရတဲ့ ငွေ နဲ့ ပို ပိုပြီး ၀င်ငွေတိုးလေတဲ့။ တချို့ကလည်း ဒေါ်လာနှင့်လဲလှယ်ရာမှာ အီရန်ငွေဈေးကျဆင်းသွားနိုင်လို့ ထင်သလောက် မဟုတ်ပါဘူး။ တဲ့။ ငွေကြေးခိုင်မာမှုမရှိရင်ဘဏ်တွေမှာ ငွေကြေးပြည့်စုံမှာ မဟုတ်ဘူး။ ဘဏ်ငွေအပ်သူများ ငွေတွေ ကို ပြန်ထုတ်ယူသွားနိုင်တာမို့ ငွေကြေးဈေးကွက် ကမောက်ကမ ဖြစ်ပြီး အီရန်တွေ အရှုံးပေါ်နိုင်တယ်လို့ ထောက်ပြကြတယ်။ ဘယ်လိုဘဲ ဖြစ်ပါစေ အီရန်ဟာ နျူကလီယားကိစ္စ ရပ်တန့် ပစ်မှာ မဟုတ်ပါဘူး။ တကယ့်ကို အကျဉ်းအကြပ်ထဲမှာပါ။ ဆတပိုးတိုးလို့အားသွန်ကြိုးပမ်းသွားမှာက အသေချာဆုံးပါ။ လက်ရှိအနေအထားမှာလည်း လက်နက်ဆန်းတွေထုတ်လုပ်ဆဲ လက်စွမ်းပြ ပစ်ခတ်ပြသနေဆဲပါ။ မဝေးတော့တဲ့ ကာလမှာ အီရန်ဟာလည်း နျူကလီးယား လက်နက် လျို့ဝှက် ထိပ်ဖူး အသစ်များပိုင်ဆိုင်နေပြီဖြစ်ကြောင်းအတိအလင်းကြေညာဖွယ်ရှိပါတယ်။ အဲဒီအချိန်မှာ အမေရိကန် ဘာလုပ်မလဲ။ အဇ္ဇရေးလ် ဘာလုပ်မလဲ စောင့်ကြည့် မနေဘဲ စက်ကွင်းလွတ်အောင်ရှောင်နိုင့်ဖို့သာ ကြိုးပန်းရမှာဖြစ်ကြောင်းနဲ့ ဘယ်လို ကြိုးပမ်းမလဲ ဆိုတာသာ စဉ်းစားထားရန်ရှိကြောင်း အသိပေးလိုက်ပါရစေ။ မထိမ်းနိုင် မသိမ်းနိုင် နျူစစ်ပွဲ ဖြစ်ပြီဆိုရင် ဘယ်သူမှ အနိုင်အရှုံး ရှိမှာ မဟုတ်ဘူး။ အားလုံး ပျက်သုန်းကုန်မှာပါ။

အီရန်ဟာ 2011 နှစ်ကုန်ပိုင်း ဒီဇင်ဘာလ ၂၄ရက်နေ့မှစပြီး ပါရှန်ပင်လယ်ကွေ့ရှိ ဟော်မု (ုဇ်) ရေလက်ကြားမှ အရှေ့ဘက် အေဒင်ပင်လယ်ကွေ့ အထိ ကီလိုမီတာ ၂၀၀၀ အတွင်း ကျယ်ပြန့်စွာ စစ်ရေးလေ့ကျင့်မှုကို ၁၀ရက်တိုင်တိုင် ပြုလုပ်ခဲ့ပါတယ်။ ဒီလို လေ့ကျင့်နေစဉ် အမေရိကန် လေယာဉ်တင် သင်္ဘောတွေရဲ့  လှုပ်ရှားမှုကို အီရန်က ဘ၀င်မကျပါဘူး။ မမြင်လိုပါဘူး တဲ့။ “သူတို့ ကို ပါရှန်ပင်လယ်ကွေ့ကနေ အပြီးအပိုင် ထွက်ခွာသွားစေချင်ပါတယ်။” လို့ အီရန်ရေတပ် ပြောရေးဆိုခွင့်ရှိသူ က ဆိုပါတယ်။ “ကျွန်တော်တို့ စစ်ရေးလေ့ကျင့်နေစဉ် ရန်သူတွေဟာ အိုမန်ပင်လယ်ဘက်ကိုထွက်ခွာသွားတာ တွေ့နေရပါပြီ်။သူတို့ နောက်တကြော့ပြန်မလာပါစေနဲ့လို့ မျှော်လင့်ပါတယ်”တဲ့။ US နေဗွီ မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ကြီး “ဘီလ်” က ချက်ခြင်းတုံ့ပြန်ပြောကြားရာမှာ “အမေရီကန်ရေတပ်ဟာ နိုင်ငံတကာရေကြောင်းထိမ်းသိမ်းကာကွယ်ရေး သဘောတူညီချက်အရ ရေနံတင် သင်္ဘောများ ဘေးကင်းလုံခြုံစွာ ခုတ်မောင်းနိုင်ဖို့ ပါရှန်ပင်လယ်ကွေ့ကို စောင့်ကြည့်နေခြင်းသာဖြစ် လို့ ပုံမှန် ဆက်လက် လှုပ်ရှားနေမှာဖြစ်တယ်”လို့ ထည့်သွင်းပြောကြားသွားပါတယ်။ အီရန်ကို စီးပွားရေး ပိတ်ဆို့အရေးယူမှု ယခုထက် အရှီန်မြှင့်ခဲ့ရင် ကမ္ဘာ့ရေနံဈေးကွက်ကို ကိုင်လှုပ်သလို တဟုန်ထိုးတက်သွားလိမ့်မယ်ဆိုတာ စောစောပိုင်းက ထုတ်ဖေါ်ပြောကြားခဲ့ပြီးဖြစ်ပါတယ်။ အရှင်းဆုံးပြောရရင် အီရန်ဟာ ရေနံစိမ်း ဈေး ၄% ပိုမို ဈေးမြင့်လာဖို့ မျှော်လင့်နေတာပါ။ ဒါပေမဲ့ ငွေကြေးတန်ဘိုး ၁၂% လျောကျသွားနိုင်ပါတယ်။

အီရန်ရော အမေရိကန်တို့ပါ အကျဉ်းအကြပ်ထဲ ရောက်နေတာပါ။ ဟောမု (ဇ် )ရေလက်ကြားဟာ တကယ့်ကို မလွယ်ပါဘူး။ အထိမခံနိင်စရာပါဘဲ။ အမေရိကန်ပြည်ထောင်စုနှင့်အတူ နောက်ထပ် ပိတ်ဆို့ပေးမယ့် နိုင်ငံတွေက ရှိနေပါတယ်။ အီရန်ဗဟိုဘဏ်ကို အများကြီးထိခိုက်လာနိုင်ပါတယ်။ ၂၀၀၈ခုနှစ်က အီရန်ဟာ ရေလက်ကြားမှာ လှေသင်္ဘောများအသွားအလာ တလခန့် တားဆီးဟန့်တားဖူးပါတယ်။ ဒါပေမဲ့ မကြာခင်လမ်းပွင့်ခဲ့ပါတယ်။ လမ်းပွင်ဖို့ ကြိုးစားခဲ့တဲ့ အမေရိကန်တွေနှင့်လည်း ပဍိပက္ခ ပိုလာခဲ့ပါတယ်။ဆက်ဆံရေးပိုမို တင်းမာလာတယ်။ ပင်တဂွန်စစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ “ကပ္ပိတိန်ဂျွန်ကာဘေး”က ရိုက်တာ သတင်းဌာနကို ပြောဆိုရာမှာ.. “ကမ္ဘာကြီးဟာ ကူကယ်ရာမဲ့နေပါတယ်။ တင်းမာမှုတွေက အရှီန်မြင့်တက်နေဆဲပါ။ ကျွန်တော်တို့ဘက်ကတော့ ကျွန်တော်တို့ ပါတနာတွေ ကျွန်တော်တို့ဝန်းကျင်က ကျွန်တော်တို့ မိတ်ဆွေတွေ လူ့ဘောင်အသိုင်းအ၀န်းတခုလုံးက လူသားတွေ ကို ကျွန်တော်တို့ အပြည့်အ၀ စွမ်းဆောင်မှုတွေ ပေးချင်ပါတယ်။ကမ္ဘာကြီးကို အေးငြိမ်းစေချင်ပါတယ်”လို့  ပြောပါတယ်။ အလားတူ အီရန် အင်စတီကျူ့ က “ဆူဆန်နီ မာလိုနီ “က လည်း “အမေရိကန်ဟာ အီရန်ရဲ့ ဘယ်လိုခြိမ်းခြောက်မှုမျိုးကို မဆို ကျော်လွှားသွားနိုင်မယ်ဆိုတာ ကျွန်ူမ ယုံကြည်ပါတယ်” တဲ့။ အီရန်က ရန်လိုနေတာအမှန်ပါ။ လက်နက်ချင်းယှဉ်ပြိုင်ဖို့ လည်း အသင့်ရှိနေပါပြီ။ အမုန်းတရားတွေကလည်း အီရန်သမ္မတကို ချောက်ထဲ တွန်းချနေပါတယ်။ အိုဘားမားကလည်းရွေးကောက်ပွဲ အနိုင်ရဖို့ ထိန်းထိန်းသိမ်းသိမ်းလုပ်နေပေမဲ့  အလျော့ပေးမဲ့ဟန်မပေါ်ဘူး။ ရှေ့ဆက် ဘာဖြစ်လာမလဲ ဆိုတာ.. ၂၀၁၂ခုနှစ်မှာ …ကမ္ဘာကြီးဘာဖြစ်နိုင်မလဲ ဆိုတာ… စောင့်ကြည့်ကြရမှာ ဖြစ်ပါတယ်။

Source : Wikipedia

၂၀၁၂ခုနှစ် ဇန်န၀ါရီလ ၇ရက်နေ့ ရရှိတဲ့ သတင်းအရ ဆိုမာလီဓါးပြများ တလကြာဖမ်းဆီးထားတဲ့ ငါးဖမ်းသင်္ဘောတစင်းက အီရန်နိုင်ငံသား၁၃ဦးကို ဆိုမာလီ ဓါးပြ ၁၅ဦး လက်ထဲကနေ USSကိစ် သင်္ဘောက ကယ်တင်ခဲ့ကြောင်း အီရန်နိုင်ငံသားများဟာ အီရန်နိုင်ငံကို ပြန်သွားနေပြီဖြစ်ကြောင်း သတင်းကို တွေ့မြင်ကြားသိရပါတယ်။ ဖမ်းဆီးခံထားရသူများပေးပို့တဲ့ အကြောင်းကြားချက်ကို လက်ခံရရှိလို့ဖြစ်ပါတယ်။ အဲဒီ အီရန်နိုင်ငံသားတွေဟာ အီရန်နှင့် အမေရိကန်တို့ရဲ့ တင်းမာမှုကို မသိကြဘူးလို့ ဆိုပါတယ်။ ဒီဖြစ်ရပ်ကလေးတခုဟာ အီရန်နှင့် အမေရိကန်တို့ရဲ့ တင်းမာမှုအနေအထားကို နည်းနည်းကလေးဖြစ်ဖြစ် (တစ်ရွေးသားဖြစ်ဖြစ် နှစ်ရွေးသားဖြစ်ဖြစ်) လျော့ပါးနိုင်ကောင်းရဲ့လို့ Florist မျှော်လင့်ချင်ပါတယ်။

Florist

6 comments:

  1. ဗဟုသုတတွေအကျယ်တဝင့်ရေးသားဖြန့်ဝေသွားတဲ့
    အတွက်ကျေးဇူးပါ ဖြိုးဖြိုးရေ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  2. မြေပုံတွေကိုလဲကြည့် စာလဲဖတ်ရတော့ ဒီနေ့မပြီးခဲ့ဘူး
    နောက်ရက်ပြန်လာခဲ့ဦမယ်စိတ်ဝင်စားလို့ပါသေချာကိုရှင်းပြရေးပြထားတာပဲ
    ခင်မင်တဲ့ sis jasmine

    ReplyDelete
  3. ဖြိုးရေ

    မြန်မာအရေး စိတ်ဝင်စားရလွန်းလို့ ကမ္ဘာ့ အရေးတွေ တောင် သတိမထားမိအောင် ဖြစ်နေတယ် ဖတ်သွားတယ်နော်

    ကျေးကျေး

    ခင်မင်တဲ့
    ရွှေစင်ဦး

    ReplyDelete
  4. ဗဟုသုတလေးတွေအတွက် ကျေးဇူးပါနော်

    ReplyDelete
  5. မမဖြိုးရေ..ဖတ်ရင်းနဲ့ကို စိတ်ဝင်စားစရာသိပ်ကောင်းလာတယ်။ အီရန်နဲ့အမေရိကန်တို့ ခုနေဘာဆက်ဖြစ်နေကြပြီလဲဆိုတာ စပ်စပ်စုစု သိချင်မိတယ်း)) မမရဲ့ မေမေတွေးသလို တစ်ရွေးသားလေးပဲဖြစ်ဖြစ် နားလည်မှုရကြရင်တော့ အတော်ကောင်းမှာ :D

    ReplyDelete
  6. ဖြိုးရေ
    အချက်အလက်တွေနဲ့ ရေးတာသိပ်တော်လို့ချီးကျုးမိပါတယ်။
    ဗဟုသုတလည်း ရပါတယ်
    ကိုယ့်ဖာကိုယ်ဆို လိုက်ရှာပြီးဖတ်ဖြစ်မှာမဟုတ်ဘူး။
    ခုတော့ အဆင်သင့်လေး ရေးထားပေးလို့ ကျေးဇူးတင်ရပါတယ်။
    နေကောင်းကျန်းမာ ရှိပါစေနော်။

    ReplyDelete