Thursday, March 25, 2010
အနိမ့်အမြင့်အတက်အကျ အီတလီပြဇာတ်အက
ကျွန်မက အသက်သာကြီးလာရော စတိတ်ရှိုးဆိုရင်တောင် ဆံပင်တွေဖားဖားလျားလျားနဲ့ စင်ပေါ်ဝုန်းဒိုင်းကျဲ၊ ဟိုဒီပြေးနေတဲ့ သီချင်းမျိုးတွေဆိုတဲ့ စတိတ်ရှိုးမျိုးမှကြိုက်တာ၊ ပြီးတော့ ရန်ကုန်မှာတုန်းကဆိုရင် စတိတ်ရှိုးလက်မှတ်တွေဈေးကြီးလွန်းတော့ လေးဖြူတို့ မျိုးကြီးတို့ သူတို့ဖျော်ဖြေတဲ့ပွဲတွေတစ်ခါမှ မကြည့်ဖြစ်ခဲ့ဘူး၊ အစ်မကကပ်စေးနည်း ကျွန်မကလဲ တူတူပါပဲကပ်စေးကခပ်နည်းနည်း၊ အဲဒီလို ပိုက်ဆံကုန်မခံချင်တာနဲ့ပဲ ကန်တော်ကြီးမျှော်စင်ကျွန်းမှာ စနေ၊ တနင်္ဂနွေ free show ရှိတဲ့နေ့ပဲ စုံစမ်း၊ ရှိတယ်ဆိုသွားကြည့်ရင်းနဲ့  Nine Planet underground အဖွဲ့တွေ ဆိုတာကြည့်ဖြစ်တယ်၊ အဲဒီအဖွဲ့တွေကို သိပ်ကြိုက်သွားတယ်၊ Reviver ကပုံ့ပုံ့ တို့သီချင်းတွေလဲသိပ် ကြိုက်တယ်၊ ဒါတောင် ပုံ့ပုံ့က တချက်တချက်ခပ်ငြိမ်ငြိမ် ဖြစ်သွားတတ်လို့ အားမလိုအားမရဖြစ်မိသေးတယ်၊ လူနဲ့ စတိုင်လဲလှလို့ကြိုက်ပေမဲ့ ပိုလှုပ်စေချင်မိသေးတယ်၊ နောက်ပိုင်း အဲဒီအဖွဲ့တွေဆိုမယ်ဆိုရင် ရောက်အောင်သွားကြည့်ဖြစ်တယ်၊ အဖေရယ် အမရယ်၊ ကျွန်မရယ်၊ အဖေကတော့ ကျွန်မတို့ဘယ်ခေါ်ခေါ်လိုက်တယ်၊ သီချင်းတွေက နားကွဲအောင်ဆူညံလွန်းနေပစေ ခပ်ပြုံးပြုံးပဲ၊ သမီးတွေအကြိုက်ကို မရအရလိုက်နားထောင်ပေးတယ်၊
ဒီမှာတော့ အီတလီ ပြင်သစ်ယဉ်ကျေးမှုမျိုးတွေလွှမ်းမိုးနေတယ် ဘဲလ်ဂရိတ်သားတွေကလဲ ပြဇာတ်ရုံတွေမှာ ဘဲလေးကဇာတ်မျိုး၊ ဆိုပရာနို(အမြင့်သံ)အဆိုရှင်တွေ အဆိုနဲ့သာသရုပ်ဖော်ကပြတဲ့ ကဇာတ်မျိုးတွေ ကြည့်ဖို့ဝါသနာကြီးကြတယ်၊ ပင်စင်စားအဖိုးအဖွားတွေလဲ အစိုးရအထောက်အပံ့တွေရှိနေကြတော့ ဘ၀နောက်ဆုံး အချိန်တွေမှာ အေးအေးလူလူ နေနိုင်ကြတယ်၊ ပြဇာတ်ကြည့်ကြတယ်၊ သူငယ်ချင်းတွေဆီအိမ်လည်သွားကြတယ်၊ အဖိုးအဖွားတွေ တစ်ယောက်လက်တစ်ယောက်တွဲလို့ တလှုပ်လှုပ်သွားနေကြတာ ဘယ်နေရာမဆိုမြင်တွေ့နိုင်တယ်၊ ကျွန်မအမျိုးသားနဲရှောရဲ့ အဖေအမေလဲ သူငယ်ချင်းကခေါ်လို့ သွားတဲ့အခါသွား၊ သူတို့ကသူငယ်ချင်းကို လှမ်းခေါ်ပြီး ချိန်းတဲ့အခါချိန်းနဲ့၊ နဲနဲမှ ငြိမ်ငြိမ်မနေကြဘူး၊ သူတို့ဘာသာ ပြဇာတ်ကြည့်ရုံမဟုတ်ဘူး၊ ကျွန်မတို့ကိုပါ သူတို့သူငယ်ချင်းက ပြဇာတ်ပြချင်တယ် လိုက်ကြည့်ပါလို့ခေါ်တယ်၊ ကျွန်မကအဲဒီလိုပြဇာတ်မျိုးမှ မကြိုက်တာ၊ တစ်ခါငြင်းတယ် နှစ်ခါငြင်းတယ်၊ သုံးခါငြင်းတယ်၊ လေး ငါးခါရောက်တော့ မကောင်းတော့ဘူး၊ အဲဒီ လူကြီး၂ယောက်ရဲ့ သူငယ်ချင်းကစိတ်ဆိုးတော့မှာမို့ နဲရှောက သွားကြည့်ရအောင်ပါလို့ ခေါ်တယ်၊ ဒါနဲ့ပဲ တနင်္ဂနွေနေ့ တစ်နေ့မှာ လူကြီးနှစ်ယောက်နဲ့ ကျွန်မရယ် နဲရှောရယ်ပါ သွားကြည့်ဖြစ်ကြတယ်၊
အမျိုးသားပြဇာတ်ရုံ (Narodno Pozoriste)  ရှေ့ရောက်တော့ တာတာမာမာတို့ သူငယ်ချင်းတွေကမရောက်သေးဘူး၊ ပြဇာတ်ရုံက ဘဲလ်ဂရိတ်ရင်ပြင်ရှေ့နား မြို့လယ်မှာ၊ ဟိုဟိုဒီဒီလမ်းလျှောက်ကြတယ်၊ အဲဒီနေ့က မတ်လ ၂၁ရက်နေ့ နွေဦးရာသီစတဲ့နေ့ပါ၊ ရာသီဥတုက သိသိသာသာကြီးနွေးလာတယ်၊ မိန်းကလေးတွေရဲ့
စကတ်လေးတွေတိုလာကြပြီ အနွေးထည်တွေပါးလာကြပြီ၊ ရင်ပြင်ရှေ့နားမှာ ဆန္ဒပြနေတဲ့လူတစ်အုပ်စုကို တွေ့လိုက်ရသေးတယ်၊ ရဲက ၂ ယောက်လောက်တော့ တွေ့လိုက်တယ်၊ မကြာခဏ ဆန္ဒပြကြတဲ့ လူစုတွေ တွေ့ရတတ်တယ်၊ ဥပဒေကျောင်းသားတွေ scholarship ကိစ္စနဲ့ မကျေနပ်တာတွေရှိတော့ ဆန္ဒပြကြသေးတယ်၊ ၂ရက်လောက် ဆန္ဒပြကြပြီးတော့ ကျောင်းအုပ်က အာမခံပေးတယ်၊ အစိုးရကလဲသဘောတူလိုက်တော့ အဲဒီဆန္ဒပြပွဲအေးအေးဆေးဆေးပဲ ပြီးသွားခဲ့သေးတယ်၊ ကျွန်မတို့ဟိုနားဒီနား လမ်းလျှောက်ကြပြီးတော့ အမျိုးသားပြဇာတ်ရုံကိုသွားကြပါတယ်၊ တာတာ့ သူငယ်ချင်းတွေရောက်နေပြီ၊ အချင်းချင်းလက်ပြ အချက်ပေးကြတယ်၊ အနားရောက်တော့ တာတာ့သူငယ်ချင်းအဖိုးကြီး ဒရာဂီးရှာတဲ့၊ သူက မာမားကို နှင်းဆီတစ်ပွင့် ကျွန်မကိုနှင်းဆီတစ်ပွင့်ပေးတယ်၊ နှင်းဆီပန်းလက်လှမ်းတာကို လက်တွေက တုန်တုန်ရီရီ၊ တုတ်ကောက်တစ်ချောင်းကို အားပြုလို့၊ ဒရာဂီးရှာ ရဲ့အမျိုးသမီးကြီး လူးဘရီးဆာလဲ ခါးလေးနည်းနည်းကိုင်းချင်နေပြီ၊ “ဒီကရာသီဥတုတွေနဲ့ နေသားကျပြီလား”လို့ ဒရာဂီးရှာကမေးပါတယ်၊ ကျွန်မကနားမလည်လို့ အမျိုးသားကိုမေးရတယ်၊ ကျွန်မတို့အတွက်လက်မှတ် ၂ စောင် ထုတ်ပေးတယ်၊ ကျွန်မတို့လိုက်ကြည့်တာကိုပဲ အတော့်ကိုဝမ်းသာအားရဖြစ်နေကြတယ်၊ ပြဇာတ်ရုံရှေ့မှာ အလယ်တန်း ကျောင်းသူကျောင်းသားအရွယ်လေးတွေ ဆူဆူညံညံ ပျော်ရွှင်မြူးတူးလို့၊ ဆရာဖြစ်ဟန်တူရဲ့၊ သူက ကလေးတစ်ယောက်စီကိုလက်မှတ်တွေ ဝေပေးနေတာတွေ့လိုက်သေးတော့ ကျွန်မကသာ ဂန္တ၀င်ပြဇာတ်တွေမကြိုက်ပေမဲ့ ကလေးတွေကတော့ စိတ်ဝင်တစားရှိနေကြသလိုပါပဲ၊ ရုံထဲကိုဝင်တော့ ၀င်ဝင်ချင်းခန်းမမှာ ရွှေရောင်ကနုတ်ပန်းခက်တွေ အမိုးမှာပြည့်နေတယ်၊ ရွှေရောင်ကနုတ်တွေကတော့ ရန်ကုန်ကဘုရားတွေမှာ ရွှေရောင်တ၀င်းဝင်းကြည်ညိုဖူးထားတဲ့ ကျွန်မအတွက် သိပ်မဆန်းတော့ပါဘူး၊ မီးဆိုင်းအကြီးကြီးတွေကတော့တော်တော်ကြီးပါတယ်၊ သုံးခုက ၀င်ဝင်ချင်းအခန်းမှာ၊ မီးဆိုင်းကြီးတွေလှတယ်၊ မှန်တွေ နေရာတကာတွေ့ရတယ်၊ ကျွန်မကမှန်ကြောက်တတ်သူဆိုတော့မှန်မြင်ရင် မျက်နှာချက်ချင်းလွှဲလိုက်တာပဲ၊ ကျွန်မဘာသာဘယ်တော့မှမကြိုက်ဘူး၊ မှန်တွေတွေ့ရင်လဲ မကြည့်ဘူး၊ ပြီးမှ ဖြည်းဖြည်းချင်းပြန်ကြည့်တာ၊ အဲဒါလဲစိတ္တဇတစ်ခုလိုပဲ၊ အထဲမှာ ကုတ်အကျီတွေကောင်တာမှာအပ်ချင်တဲ့သူအပ်ကြတယ်၊ အပြင်မှာပဲအကျီအထူကြီးတွေ ၀တ်ဖို့လိုတာကိုး၊
ကျွန်မတို့ဝင်လာကြတော့ အခန်း ၂ တဲ့ နဲရှောကပြောတယ်၊ အခန်း ၂ ရှေ့အရောက် တံခါးကိုဖွင့်ဝင်လိုက်တော့ ကဇာတ်ရုံဘေးပတ်ပတ်လည်က အခန်းလေးတွေထဲကတစ်ခန်းဖြစ်နေတယ်၊ ဒရာဂီးရှာနဲ့ လူးဘရီးဆာက တစ်ခန်း၊ တာတာနဲ့မာမာက တစ်ခန်း၊ ကျွန်မတို့ကတစ်ခန်း၊ တစ်ခန်းမှာခုံလေးတွေ ၂လုံးတစ်တန်း ၄လုံးရှိတယ်၊ ကျွန်မတော့သွေးစုတ်ဖုတ်ကောင်ဒရက်ကူလာရုပ်ရှင်ကိုချက်ချင်း သွားသတိရလိုက်မိသေးတယ်၊ ဒရက်ကူလာရုပ်ရှင်ထဲက ကောင့်ဒရက်ကူလာ လန်ဒန်ကိုသင်္ဘောနဲ့ပါလာပြီးနောက်ပိုင်း မီနာတို့လေးယောက်သား ကဇာတ်ရုံထဲကြည့်နေတုန်း ဒီလိုအခန်းလေးထဲကိုဝင်လာတာ ပြန်တွေးမိပြီး အခုနေတံခါးကိုဖွင့် “အိုင်မမ်ကောင့်ဒရက်ကူလာ”လို့လာမိတ်ဆက်မှဖြင့်၊ ကျောတောင်တွန့်ခနဲ့ဖြစ်သွားတယ်၊ ဘေးအခန်းလေးတွေကလေးထပ်ရှိတယ်၊ ခန်းမကြီးကအလယ်မှာ တဆင့်တည်းပါပဲ၊ ဘေးကအခန်းလေးတွေရဲ့ အပေါ်ဆုံးအထပ်မှာတော့ ကြည့်တဲ့သူမရှိဘူး၊ ပြဇာတ်စင်ရှေ့ပရိသတ်တွေရှေ့မှာ တဆင့်နိမ့်ထားပြီး orchestra တီးတဲ့အတီးအမှုတ်ပညာရှင်တွေက ပရိတ်သတ်ဘက်လှည့်ပြီးနေရာယူထားကြပါတယ်၊ ခန်းမအလယ်ကကြည့်တဲ့သူတွေက တီးတဲ့သူတွေကို မမြင်ရပါဘူး ကာထားတယ်၊ ကျွန်မတို့ဘက်အခြမ်း နောက်အခန်း ၁ အပြီး စင်နဲ့ကပ်လျှက်အခန်းလေးမှာ ကီးဘုတ်တီးမယ့် အမျိုးသမီးတစ်ယောက်ရှိတယ်၊ ကီးဘုတ်လဲသုံးတာပဲလို့တောင် တွေးမိလိုက်သေးတယ်၊ ပြဇာတ်မပြခင် နဲရှောက လက်ကမ်းကြော်ငြာဖတ်ပြီး ရှင်းပြလို့ ဇာတ်လမ်းအကျဉ်းကိုတော့ သိထားပြီးပါပြီ၊ ဇာတ်လမ်းက ပီယဆေးအကြောင်းအချစ်ဇာတ်လမ်းပါ၊ Love potion (ljubavni napitak,doniceti)  တဲ့၊ composer က အီတလီလူမျိုးဒေါ်နီဆက်တီ၊ conductor က ဆားဘီးယားလူမျိုး ဇိုရစ်ဆာမီတာ့ဗော်ရီနိုဗစ်ခ်ျ၊ director က ဘူလ်ဂေးရီးယားလူမျိုး ပလာမန်းကာတာလိုဗ့်၊ သရုပ်ဆောင်တွေက ဆားဘီးယန်းတွေပါ၊ အဓိကအမျိုးသမီးသရုပ်ဆောင်က စနဲရွာနာဆာဗစ်ခ်ျဆာကူလစ်ခ်ျ(ဇာတ်လမ်းထဲမှာ သဌေးသမီး အဲလ်ဘီနာ)၊ အဓိကအမျိုးသားသရုပ်ဆောင်က ဒဲရန်မက်ဆီးမိုးဗစ်ခ်ျ(သဌေးသမီးရဲ့ ချစ်သူ နဲမော်ရီနို)၊ ရဲအုပ်
ဘဲလ်ကော်ရဲ နဲ့ ပီယဆေးရောင်းသူ ဒူကာမော်ရာတို့ပါဝင်ကပြကြမယ်တဲ့၊ ဇာတ်ကြောင်းကအီတလီမြို့ငယ်လေး တစ်ခုမှာအခြေခံထားပါတယ်၊
ခဏနေတော့မီးတွေမှိတ်လိုက်ပြီး conductor  အမျိုးသမီးစင်ရှေ့မှာပေါ်လာတယ်၊ ပရိတ်သတ်ဘက်လှည့်ပြီး နှုတ်ဆက်ပါတယ်၊ အနက်ရောင်ဝတ်စုံမှာ အဖြူရောင်ငွေမှုန်တွေတဖြတ်ဖြတ်လက်နေတဲ့ ၀တ်စုံဝတ်ထားတယ်၊ ပြီးတော့ချက်ချင်းပဲ လက်တွေလေထဲလှုပ်ရှားပြီး အတီးအမှုတ်အဖွဲ့သားတွေကို ဦးဆောင်တော့တယ်၊ ကားလိပ်အနီကြီးလဲ ခပ်မြန်မြန်လေးပဲဖွင့်ပါတယ်၊ အခမ်းအနားအပြင်အဆင်က စင်အလယ်မှာ ခေါင်မိုးလုံးလုံး တိုင်လုံးတွေနဲ့အဆောက်အဦးတစ်ခု၊ ကောက်စိုက်ပျိုးနှုတ်လုပ်နေသူ လေးယောက်လောက်အဖြူရောင်အ၀တ်အစား၊ တြိဂံဇောက်ထိုးပုံခေါင်းဆောင်း၊ ကောက်ရိုးထည့်တားတဲ့ပလိုင်းတွေလွယ်လို့၊ အီတလီတောမြို့လေးကအ၀တ်အစား ဂါဝန်ဖားဖားနဲ့အမျိုးသမီးလေးတွေ ဟိုဒီပြေးလွှားလို့ ကလေးထိန်းအမျိုးသမီးတွေ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးလေးတစ်ချို့၊ မြို့သားယောက်ျားလေးတွေတစ်ချို့ သွားလာနေကြပုံကိုပြထားတယ်၊ အဓိကအမျိုးသားသရုပ်ဆောင်က သီချင်းဆိုပါတယ်၊ ဆိုဟန်ကတော့ အမြင့်သံဆိုပရာနိုတွေနဲ့ ဥရောပသားတွေသိပ်ကြိုက်တဲ့ဆိုနည်းမျိုးတွေ၊ ကျွန်မနားထဲတော့ ဟီဟီ ဟိုဟိုပဲကြားနေမိတယ်၊ ဘာလို့မှန်းမသိပါဘူး၊ နိမ့်ရာကနေအမြင့်ဆုံးရောက်သွားတဲ့အထိ ဆိုတဲ့အသံကို နားထောင်ရတာကြိုက်ပြီး အမြင့်သံကနေ ဟို--ဟို ဆိုပြီးမြန်မြန်ကြီးနိမ့်ချလိုက်တဲ့အခါ ကျွန်မနားထဲ နားထောင်ရသိပ်ခက်ထာပဲ မကြိုက်ဘူး၊ အီတလီစကားနဲ့ပဲဆိုကြတယ်၊ စင်ပေါ်အထက်နားမှာ စာတမ်းထိုးပေးထားတဲ့လျှပ်စစ်boxလေးရှိတယ်၊ ကျွန်မမှာ စာတမ်းထိုးပေးထားလဲ နားမလည်၊ ဆိုတာလဲ နားမလည်တော့ နဲရှောကပဲ တချိန်လုံးရှင်းပြပေးနေရတယ်၊ တစ်ခါတစ်ခါ သူ့အသံကျယ်သွားမှာစိုးလို့ ရှုး တိုးတိုး နဲ့လုပ်ရသေးတယ်၊ သူဌေးသမီးရဲ့ချစ်သူ နဲမောရီနို ဆိုနေတဲ့အချိန်မှာမြို့သားတွေက သွားလာလှုပ်ရှားရင်း နားစိုက်ထောင်ကြတယ်၊ နဲမောရီနိုဆိုလို့ပြီးတော့ အမျိုးသမီးခပ်ရွယ်ရွယ်လေးတွေထဲက တစ်ယောက်ထွက်လာတယ် သူကစာအုပ်တစ်အုပ်ကိုင်လို့၊ သီချင်းနဲ့ သရုပ်ဖော် ဟီဟီဟိုဟိုဆိုသံနဲ့ ဆိုပါတယ်၊ သူက သူဌေးသမီးလေးအဲလ်ဘီနာတဲ့၊ အဲဒီမြို့ကအချောဆုံးအသွက်ဆုံး ပညာတတ်မိန်းကလေးပေါ့၊ အဲလ်ဘီနာက ဂျာမန်ပီယဆေးအကြောင်း ရေးထားတဲ့စာအုပ်ကိုဖတ်ပြနေပါတယ်၊ အချစ်နဲ့ပီယဆေးအကြောင်း စာအုပ်ပေါ့၊ စာအုပ်ဖတ်ပြနေတုန်း အဲလ်ဘီနာရဲ့အနား ဆယ်ကျော်သက်မိန်းမရွယ်လေးတွေဝိုင်းပြီး အချစ်အကြောင်းစပ်စုနေကြတယ်၊ သူတို့ကလဲ ပြန်မေးတယ် အားလုံးက unplug  ဆိုကြတာပါ၊ စင်ပေါ်မှာကအသံဖမ်းစနစ်ကောင်းအောင် လုပ်ထားကြပြီး အသံလေ့ကျင့်မှုအားလဲကောင်းကြတော့ အသံတွေကဟိန်းထွက်နေကြတယ်၊ သံပြိုင်ဆိုကြတဲ့အခါ အင်မတန် နားထောင်ကောင်းပါတယ်၊ အဲလ်ဘီနာဆိုပြီး အမိုးလုံးအဆောက်အဦးပေါ်က ရဟတ်ယာဉ်တစ်စင်းဆင်းလာတယ်၊ အမိုးပေါ်မှာနားလိုက်ပြီး ရဲအုပ်ဘဲလ်ကော်ရဲ က ခေါင်းမိုးပေါ်ကနေဗြုန်းဆို လျှောစင်းလာတယ်၊ ကြေင်လိမ်လျှောစင်လေးရှိတယ်၊ ပြီးတော့ သူ့ရဲ့တပ်သားတွေကစင်ဘေးက ၅ ယောက် ၆ယောက်လောက်ထွက်လာတယ် သေနတ်ကြီးထုတ်ကိုင်ပြီး သီချင်းဆိုပါတယ်၊ ရဲအုပ်လာတော့မြို့သားတွေအားလုံး ပြာပြာသလဲမြေပေါ်မှာဝပ်လှဲကြတယ်၊ ကြောက်နေကြတယ်၊ ကြောက်တာတောင် အဆိုနဲ့ ကြောက်ကြတယ်၊ သီချင်းအပြန်အလှန်ဆိုပြီးမှ ရဲအုပ်နဲ့ရင်းနှီးသွားကြတော့ ပုံစံမပျက်သွားလာလှုပ်ရှားပုံကိုပြတယ်၊ ပြီးတော့အဲဒီအခန်းရပ်လိုက်တယ်၊ လက်ခုပ်သံတွေတဖြောင်းဖြောင်းတီးကြတယ်၊
နောက်တခန်းမှာ လူဆွဲတဲ့လှည်းနဲ့ပီယဆေးရောင်းမယ့်ဆေးဆရာဒူကာမော်ရာရောက်လာတယ်၊ အ၀တ်အစားက တရုတ်ဆေးဆရာတွေပုံစံမျိုးလိုပါပဲ၊ ဆေးဆရာက မြို့ထဲလှည့်ပြီးဆေးကို ညာပြီးရောင်းတယ်၊ ပီယဆေးဆိုပြီး အရက်လို ၀ိုင်လိုမူးယစ်စေတဲ့အရည်တွေကို ပုလင်းလေးထဲ ထည့်ပြီးရောင်းတယ်၊ အမျိုးသမီးလေးတွေ ယောက်ျားလေးတွေ ၀ယ်ကြတယ်၊ နဲမောရီနို လဲ တစ်ပုလင်းဝယ်တယ်၊ ပြီးတော့ အဲဒီပုလင်းလေးကို ဖွင့် ဖွင့်ပြီးသောက်တယ်၊ သီချင်းတွေဆိုပါတယ်၊ ပြီးတော့ မူးမူးရူးရူးဖြစ်လာပြီး အဲလ်ဘီနာကို ဂရုမစိုက်တော့ပါဘူး၊ တခြားမိန်းကလေးတွေနဲ့ ပရောပရီလုပ်နေတယ်၊ အဲဒီတော့ အဲလ်ဘီနာက စိတ်ဆိုးစိတ်နာသွားပြီး ရဲအုပ်နဲ့ အရောတ၀င်နေတယ်၊ အဲလ်ဘီနာက အဲဒီမြို့လေးက အချောဆုံးအမျိုးသမီးလေး ဆိုတော့ ရဲအုပ်ကလဲ မြင်မြင်ချင်းသဘောကျသွားတော့တယ်၊ ရဲအုပ်က အမျိုးသမီးလေးကို လက်ထပ်ခွင့်တောင်းလိုက်တော့ အဲဒီအချိန် နဲမောရီနို နဲ့လဲ အဆက်အသွယ်ပြတ်နေတော့ အဲလ်ဘီနာ ရဲအုပ်ကိုလက်ထပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်၊ အဲဒီမှာပထမပိုင်းပြီးသွားပြီး ၁၅မိနစ်လောက် အားလပ်ချိန်ပေးတယ်၊
ပြဇာတ်လဲပြီးရော ပြဇာတ်မှာ ပါဝင်တဲ့သရုပ်ဆောင်တွေ ပရိတ်သတ်ကိုနှုတ်ဆက်တဲ့အခါ အရံသရုပ်ဆောင်တွေက အရင်ဆုံး နှုတ်ဆက်ကြတယ်၊ ပြီးတော့ဆေးဆရာ၊ ရဲအုပ်၊ နဲမောရီနို၊ အဲလ်ဘီနာ နှုတ်ဆက်တယ်၊  နောက်ဆုံးမှာမှ conductor  ဇိုရစ်ဆာမီတာ့ဗော်ရီနိုဗစ်ခ်ျ ပရိတ်သတ်တွေကို နှုတ်ဆက်ပါတယ်၊ လက်ခုတ်သံတွေ တချိန်လုံးကြားနေရတယ်၊ မရပ်မနားလက်ခုပ်တီးကြပါတယ်၊ ကျွန်မလဲလက်ညောင်းတဲ့အထိ မရပ်မနားတီးလိုက်ရတယ်၊
အပြန်လမ်းတလျှောက် နားထဲမှာ တက်လိုက်ကျလိုက် သီချင်းသံတွေပဲကြားနေမိတယ်၊ ဒီလိုသီချင်းသံတွေနဲ့ပဲ စကားပြောကြရရင် တော်တော်တော့ပျော်ဖို့ကောင်းမယ်လို့ တွေးမိတယ်၊ ဟို ဟို ဟို … ဟီ ဟီ ဟီ.. အသံအနိမ့်အမြင့်၊ အတက်အကျ ခပ်တိုးတိုးဆိုကြည့်မိတယ်၊ နဲရှောကပြောတယ်၊ “ဆိုလို့ရတယ်၊ ဖြစ်မယ့်ပုံပဲ သေချာဆိုပြပါလား” တဲ့ သူကပွဲတောင်းနေသေးတယ်၊
3 comments:
  1. စိတ်ဝင်စားစရာတော့ဖြစ်မှာပါ.
    ကျနော်လဲ တစ်ခေါက်လောက်တော့ ကြည့်ချင်တယ်.
    သူတို့တင်ဆက်တဲ့ပုံက နားမလည်ပေမယ့် ရသတော့ အပြည့်ရှိမယ့်ပုံပါပဲ..
    မြန်မာပြည်အတွက်တော့ မျှော်လင့်ရင်းနှင့်ပေါ့...
    ReplyDelete
  2. that's nice post...the Lrod bless you sister//.... jeremiahkhai
    ReplyDelete
  3. ဖတ်ဘူးတဲ့ ဝတ္ထုတပုဒ်ထဲက ပြဇာတ်ကကြတဲ့ အခန်းတွေပြန်သတိရတယ်
    အဲဒီနိုင်ငံမှာ အနုပညာတွေ လုပ်ခွင့် ပိတ်ထားတော့ တိတ်တိတ်ခိုးပြီး ပြဇာတ်ကကြတဲ့ အကြောင်းတွေလေ
    ကျေးဇူးပါ
    ရွှေစင်
    ReplyDelete