Friday, March 19, 2010

မေရီစလဲ့စ်ဆား သို့မဟုတ် “အာဖရိကရဲ့ အဖြူရောင်မိခင်”

အာဖရိကရဲ့ အဖြူရောင်မိခင်လို့ တင်စားကြတဲ့ မေရီစလဲ့စ်ဆားကို ၁၈၄၈ခုနှစ် ဒီဇင်ဘာ၂ရက် မှာမွေးဖွားခဲ့ပြီး ၁၉၁၅ခုနှစ် ဇန်န၀ါရီ၁၃မှာ ဆုံးပါးခဲ့ပါတယ်။ မေရီဟာ နိုင်ဂျီးရီးယားကို သွားရောက်သာသနာပြုခဲ့တဲ့ စကော့သာသနာပြုအဖွဲ့ဝင်တစ်ဦးပါ၊ မေရီရဲ့အလုပ်မှာ အဆုံးအဖြတ်ပေးနိုင်မှုနဲ့ ပြတ်သားရဲ့ရင့်မှုပေါ်လွင်နေတဲ့ ရုပ်သွင်တို့ကြောင့် ဒေသခံတွေရဲ့ယုံကြည်ကိုးစားမှုကို ရရှိခဲ့ပါတယ်။ မေရီဆောင်ရွက်တဲ့ခရစ်ယာန်သာသနာမှုလုပ်ငန်းတွေနဲ့ အမျိုးသမီးအခွင့်အရေးတွေကို တပ်လှန့်မြင့်တင်ဖို့  စွမ်းဆောင်မှုတွေမှာ အထူးအာင်မြင်ခဲ့တယ်။

စကော့တလန်နိုင်ငံ အမ်ဘာဒီးန်မြို့မှာမွေးဖွားခဲ့ပြီး အသက် ၁၁နှစ်အရွယ်မှာ မေရီရဲ့မိဘတွေ အလုပ်ရှာဖို့ ဒန်ဒီးမြို့ကို ပြောင်းရွှေ့ခဲ့ပါတယ်၊ မေရီရဲ့ဖခင်က ရှုးဖိနပ်အလုပ်သမားဖြစ်ပြီး အလုပ်ကဖြုတ်ခံရပြီး အရက်စွဲနေခဲ့သေးတယ်။ နောက်ပိုင်းမှာတော့ စက်ရုံအလုပ်သမားအဖြစ် အလုပ်ရသွားပါတယ်၊ မေရီရဲ့မိခင်ကဂုံလျှော်စက်ရုံမှာမေရီ အချိန်ပိုင်းအလုပ်လုပ်ဖို့တိုက်တွန်းခဲ့တယ်။ ဖခင်ရဲ့အထောက်အပံ့မရခဲ့တဲ့အချိန်တွေဟာ မေရီ့ပိုပြီးရဲ့ရင့်စေခဲ့တယ်၊ မေရီဂျုံစက်မှာ နေ့တစ်ဝက် အလုပ်လုပ်ပြီးမိသားစုကို ထောက်ပံ့ခဲ့သလို နေ့တစ်ဝက်က စက်ရုံအလုပ်သမားတွေအတွက် ဖွင့်ပေးတဲ့ကျောင်းကို တက်ရောက်ခဲ့ပါတယ်၊ အဲဒီ ခက်ခဲကြမ်းတမ်းတဲ့အချိန်တွေမှာ မေရီဟာ အလုပ်လုပ်ရင်း၊ ကျောင်းတက်ရင်း မိသားစုအတွက်သူမရဲ့ပူပင်သောကတွေကို တတ်နိုင်သလောက် ငြိမ်းအေးစေဖို့ ဘုရားကျောင်းကိုမှန်မှန်သွားခဲ့တယ်၊ ဘုရားသခင်ကို မေရီ ပြင်းပြင်းထန်ထန် ယုံကြည်ခဲ့တယ်၊ ဒေသခံသာသနာပြုအဖွဲ့ထဲ ၀င်လိုက်တယ်။ ဒေသခံတွေအကြား မေရီရဲ့ခေါင်းဆောင်းနီမိန်ကလေး တံဆိပ်တပ်ခံရမယ့် အဖြစ်အပျက်အဖြစ် ကျော်ကြားခဲ့ပါတယ်။ ဒန်းဒီးဒေသတစ်ဝိုက်က နာမည်ကြီးဆိုးသွမ်းလူငယ်အဖွဲ့တစ်ဖွဲ့နဲ့ မေရီထိပ်တိုက်တွေ့ခဲ့တယ်။ ဘုရားကျောင်းမှန်မှန်သွား သာသနာပြုအဖွဲ့အတွက် အကူအညီပေးနေတဲ့မေရီကိုအမြင်မကြည်တော့တဲ့ အဲဒီလူငယ်လေးတွေက တစ်နေ့ သတ္တုချောင်းတစ်ချောင်းကိုလွှဲရင်း မေရီမျက်နှာနား တိုးသထက်တိုးကပ်လာခဲ့တယ်။ အရှိန်ပြင်းပြင်း မေရီကမျက်နှာကို ပြေးရိုက်တော့မယ့် အနေအထားမှာ မေရီကတော့ ခြေလှမ်းတချက်မှ နောက်မဆုတ်ပဲနေရာမှာ တည်တည်ငြိမ်ငြိမ်ပဲ ရပ်နေခဲ့တယ်၊ တကယ်တမ်း သွေးပျက်သွားတာက လူငယ်လေးတွေပါ၊ နောက်တော့ မေရီကိုအထင်ကြီးလေးစားသွားကြတဲ့ အဲဒီလူဆိုးလေးတွေဟာ တနင်္ဂနွေနေ့တွေမှာဘုရားကျောင်းကို ရောက်နေတတ်တယ်၊ သာသနာပြုလုပ်ငန်းတွေမှာ သူတို့အလိုလို ပါဝင်လာကြပါတယ်၊ မေရီ ဘာမှမတိုက်တွန်းလိုက်ရပါပဲ လူငယ်လေးတွေပြောင်းလဲသွားကြတယ်။ မေရီကိုယ်တိုင် အဲဒါကို အံ့သြ ၀မ်းမြောက်စွာသတိပြုမိလိုက်ပါတယ်။ ဘုရားကျောင်းကမေရီ့ ကိုသင်ကြားပြသပေးတဲ့ ဓမ္မမိတ်ဆွေတွေကပါ သာသနာပြုပုဂ္ဂိုလ်အဖြစ် တာဝန်ထမ်းဆောင်ဖို့ တိုက်တွန်းခဲကြတယ်၊ “ဘုရားသခင်ကအလိုရှိခဲ့ပြီဆိုရင် ဘယ်နေရာပဲဖြစ်ဖြစ် သူသွားမယ်”လို့ ဆိုခဲ့တဲ့ မေရီလေးစားလှတဲ့ သာသနာပြုသူရဲကောင်း ဒေးဗစ်လင်းဗင်းစတုန်းရဲ့ စကားအတိုင်း မေရီလည်း ၂နှစ်ကြာပြီးတဲ့နောက် အာဖရိကကို သာသနာပြုခရီးစတင်ထွက်ခဲ့ပါတယ်။

နိုင်ဂျီးရီးယားနိုင်ငံ(ကာလာဘာ)က အဲဖစ်ခ်လူမျိုးစုတွေကြားမှာသာသနာပြုလုပ်ငန်းတွေစွန့်စွန့်စားစား လုပ်ခဲ့ပါတယ်၊ ၃နှစ်လောက်ကာလာဘာမှာ သာသနာပြုလုပ်ငန်းတွေလုပ်ဆောင်ခဲ့ပြီး လူဖြူတစ်ယောက်မှ ခြေချဖို့မရဲတဲ့ အာဖရိက အတွင်းပိုင်းဒေသတစ်ခုကိုသွားဖို့ မေရီ ဆုံးဖြတ်လိုက်တယ်။ ငှက်ဖျားရောဂါအပြင်းအထန်ဖြစ်ပွားခဲ့ပါတယ်။ ဘရားသခင်ရဲ့ အစီအစဉ်အောက်မှာပဲ အဲဒီသေစေနိုင်တဲ့ရောဂါက  ကင်းလွတ်ခဲ့တယ်၊ မေရီ့ရဲ ဆံပင်နီနီ မျက်လုံးပြာပြာလေးတွေကို ဒေသခံတွေ ရင်းနှီးလာကြပြီ၊ နောက်ပိုင်းမှာ အဖြူရောင်မိခင်လို့ ဒေသခံတွေကခေါ်လာကြပါတယ်။ မေရီရဲ့တံခါးဝမှာ ကလေးငယ်လေးတွေ တစ်နေ့ထက်တစ်နေ့ပိုပိုများလာကြတယ်။ အဲဒီကလေးငယ်တွေက စွန့်ပစ်ခံကလေးငယ်လေးတွေ၊  မေရီကခေါ်ယူစောင့်ရှောက်ခဲ့ပေမဲ့ မကြာခင်မှာပဲ အဲဒီကလေးငယ်တွေ အတွက် လုံလောက်တဲ့စောင့်ရှောက်မှုပေးဖို့ အကူအညီ ပိုမိုလိုအပ်လာခဲ့ပြီ၊ ဒေသခံမိန်းကလေးငယ်တွေကလဲ အကူအညီတွေ ပေးခဲ့ကြပါတယ်၊ မေရီရောက်ရှိနေခဲ့တဲ့ဒေသမှာ အမွှာကလေးငယ်တွေ မွေးဖွားခဲ့ရင် အဲဒီရွာကိုကျိန်စာသင့်တယ်လို့ အယူရှိကြတယ်။ ကလေးငယ်တွေကိုသတ်ဖြတ် စားသောက်ပစ်ကြတယ်။ တစ်နေ့ မေရီအဲဒီအဖြစ်အပျက်ကိုကြုံခဲ့တော့ ကလေးငယ်တွေကို သတ်ဖြတ်ပစ်ဖို့ပြင်ဆင်နေတဲ့ လူတွေရဲ့ လက်ထဲက ကလေးငယ်လေး၂ယောက်ကိုလုပြီး ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်၊ ကလေး၂ဦးကို မေရီစောင့်ရှောက်ထားချိန်မှာ ကျန်းမာလျှက်ရှိနေခဲ့ကြပေမဲ့ မေရီ့ကို ကူညီပေးနေသူ မိန်ကလေးတစ်ဦးကို အမွှာကလေးငယ်တွေရဲ့ မိဘတွေကလိမ်လည်ပြီး ကလေးတွေ ခဏပြဖို့တောင်းဆိုခဲ့ရာက ယောက်ျားလေးကို ရက်စက်စွာ သတ်ဖြတ်စားသောက်ပြစ်ခဲ့ကြတယ်။ မိန်းကလေးကိုတော့ ပြင်းပြင်းထန်ထန်ဒဏ်ရာတွေနဲ့ စွန့်ပစ်ခဲ့ကြပါတယ်၊ အဲဒီမိန်းကလေးက မေရီရဲ့ ပြုစုစောင့်ရှောက်မှုနဲ့  အသက်ရှင်သန်နိုင်ခဲ့ပါတယ်၊ နောက်ပိုင်းမှာ မေရီရဲ့ သမီးဂျာနီးအဖြစ်လူသိများလာခဲ့တယ်။

မေရီ၂၈အရွယ်က ကာလာဘာမြို့ကို စတင်ရောက်ရှိခဲ့ပြီး နာမကျန်းဖြစ်တဲ့အခါ မွေးရပ်မြေမှာ  ပြန်လည်အနားယူခဲ့ရတယ်။ ကျန်အချိန်တွေမှာတော့ အာဖရိကမှာပဲရှိနေခဲ့တယ်။ အသက် ၃၉အရွယ်မေရီဟာ ကာလာဘာ ဒေသကွဲတော်တော်များများက တိုင်းရင်းသားတွေနဲ့ အတူရှိနေခဲ့ပါတယ်၊ အရပ် ၅ပေခန့်သာရှိပေမဲ့ စစ်သည်တော်၊ လူမျိုးစုခေါင်းဆောင်၊ သားရဲလူသတ်သမား၊ စုန်းတစေပူးကပ်နေသလို ပျောက်စေဆရာဝန်တွေ ပြည့်လျှံနေတဲ့ ကာလာဘာဒေသမှာ ခန့်ထည်မြင့်မားစွာပဲတိုင်းရင်းသားတွေဘက်က ရပ်တည်ခဲ့ပါတယ်။ မေရီရဲ့ စွန့်စားခန်းတွေထဲမှာ လူမျိုးစုခေါင်းဆောင်တွေအပါအ၀င် လူပေါင်းရာကျော် ကယ်ဆယ်ကုသပေးခဲ့တယ်။ အသတ်ခံရတော့မယ့်  အကျဉ်းသား၊ ကျေးကျွန်တွေနဲ့ ဇနီးတွေကိုလဲ ကယ်ဆယ်ခဲ့သလို မရေမတွက်နိုင်တဲ့ ကလေးပေါင်းများစွာကိုလဲ ပြင်းထန်တဲ့ အယူသည်းမှုတွေကြားက အသယ်ရှင်သန်နိုင်အောင် ကာကွယ်စောင့်ရှောက်ခဲ့ပါတယ်။ ဘုရားသခင်ရဲ့ လမ်းပြမှုနဲ့ မေရီအားလုံးကို အောင်နိုင်ခဲ့တယ်။ ၁၉၁၅ခုနှစ် ဇန်န၀ါရီ ၁၃ရက်နေ့ ၊ အသက် ၆၇ခုနှစ် မှာ ကာလာဘာမှာပဲ ကွယ်လွန်ခဲ့ပါတယ်။         ။

Ref: http://en.wikipedia.org/wiki/Mary_Slessor
Ref: http://www.wholesomewords.org/missions/islessor.html
Ref: http://www.wholesomewords.org/missions/bioslessor4.html

မေရီစလဲ့စ်ဆားအကြောင်းဖတ်ချင်ရင်စာအုပ်တွေက

 Books

* Robertson, Elizabeth, Mary Slessor: The Barefoot Missionary. Edinburgh: NMS  Enterprises Ltd - Publishing, Revised Edition 2008. ISBN 10: 19016635071 ISBN 13:  9781901663501
* Benge, Janet & Geoff (c1999) Mary Slessor: Forward Into Calabar. YWAM  Publishing. 205 pages. ISBN: 1576581489.
* Gruffydd, Gan Ceridwen Brenhines Y Diffeithwch (Mary Slessor)Llundain, in Welsh  published 1926.
* Livingstone, W.P. (1926) Mary Slessor of Calabar. Hodder and Stoughton.  347 pages.

0 comments:

Post a Comment