Thursday, December 17, 2009

လူ နှင့် အကောင်

၂၀၁၀ သြဂုတ်လ၊ ပန်းအလင်္ကာမဂ္ဂဇင်း

ဒီနေ့မနက်အိပ်ရာထ၊ မျက်နှာသစ် မနက်စာစား ပြန်အိပ်၊ အိုး  မှားလို့ ဒီနေ့တော့ ပြန်အိပ်လို့မဖြစ်ချေဘူး၊ အပြင်လောကမှာလူတွေဘာတွေဘယ်လိုဖြစ်နေတယ်ကြည့်သင့်တယ်၊ အင်တာနက်က တီဗီကလာတဲ့ live သတင်းတွေကြည့်တိုင်း လူက live ဖြစ်တာမှ မဟုတ်တာ၊ ဆောင်းခိုကောင်တစ်ကောင်လို အိမ်ထဲနေ့တိုင်း ငြိမ်ကုပ်မနေသင့်ဘူးဆိုတော့ကာ ထူထူထဲထဲ အ၀တ်အစားတွေဝတ်၊ မံမီရုပ်လို အထပ်ထပ်ထုပ်ပိုးလို့၊ ကိုယ့်ဘာသာသံပတ်ပေးပြီး အပြင်ထွက်၊ အပြင်ရောက်တော့ လူတွေက ခါတိုင်းထက်ပိုထူးခြားနေသလိုပဲ၊ ခါတိုင်းတွေ့ဖူးတဲ့ ပိန်တယ်ထင်ရတဲ့ လူတွေက အ၀တ်ထူထူဝတ်ထားလျက်နဲ့ ပိုပိန်နေသလို၊ လှတယ်ထင်ရတဲ့သူက ပိုပြီးလှနေသလို၊ ၀တယ်ထင်ရတဲ့သူက ပိုပိုပြီးဝကုန်သလို အရာအားလုံးက အလွန်အကျွံတွေဖြစ်နေတော့တယ်၊ ရှေ့က လာနေတဲ့ ကားရထား ၂ခုတွဲကြီး ကြည့်ရတာလဲ အချိုးမပြေလှဘူး၊ တွဲ ၂ ခုအဆက်နေရာက ရာဘာတွန့်ကြီးတွေ ပိုပိုပြီးတွန့်လိမ်နေသလို ဘောက်ဖတ်ကောင်လိုပဲ၊ အဲဒီ တွန့်လိမ်လိမ်ကားပေါ်တက်၊ ကားထဲ အဲ .. ကားရထားထဲ နောက်ဆုံးခုံကို အလျင်အမြန်ပြေးထိုင်၊ အိုး နေရာလွတ်တွေ အများကြီးပါ၊ ဘတ်စ်ကားပေါ်ရောက် နေရာလုချင်နေတဲ့ အကျင့်က ပျောက်ပဲ မပျောက်နိုင်ဘူး၊ လေးလေးပင်ပင်ဖြစ်နေတဲ့ကျွန်တော် ဒီနေရာမှာတော့ လှစ်ကနဲ ၀ှီးကနဲ၊ ကားထဲမှာ ကျွန်တော်က နောက်ဆုံးခုံကိုရွေးထိုင်နေကြဗျ၊ ဘာကြောင့်လဲဆိုတော့ ကျွန်တော် က လူတွေလိုက်ကြည့်ရတာသိပ်ဝါသနာထုံတာ၊ ကောင်မလေးချောချော တောင့်တောင့် ဖြောင့်ဖြောင့်တွေမှ မဟုတ်ဘူး၊ အကုန်လိုက်လိုက်ကြည့်တာ၊ ပိုက်ဆံလိုက်တောင်းတတ်တဲ့ ဂျစ်ပဆီလေးတွေပါ မချန်ဘူး၊ အဲဒီကလေးတွေပါ လိုက်လိုက်ကြည့်တတ်ပေမဲ့ ပိုက်ဆံပေးဖို့တော့ လက်ကတွန့်ပြန်ရော၊ ကျွန်တော်က ကောင်းတဲ့လူ မဟုတ်ပါဘူးဗျာ၊ ဒီတော့ကာ ကားထဲ နောက်ဆုံးခုံမှာထိုင် ကားထဲ ပါသမျှလူ လိုက်ငေး၊ ဒါ ကျွန်တော့အလုပ်တွေထဲက တစ်ခုပေါ့၊
အလိုလေးဗျာ ခုံကြီးကလဲ ခါတိုင်းထက်ပိုပြီးအေးနေသလို၊ အေးစက်စက်ကြီး၊ ကိစ္စတော့မရှိပါဘူး၊ ကျွန်တော်က အအေးတော့ကြိုက်တယ်၊ ဒါနဲ့ ရထားက အဲ ကားက စထွက်တော့တယ်၊ ကားထွက်ပြီဆိုတာနဲ့ ငေးတော့တာပဲ အပြင်ဘက်ကိုငေးလိုက် ကားထဲ က လူတွေငေးလိုက် လည်ကို လိမ်ထွက်နေအောင်ငေးတာ၊ ဒါကြောင့်များ လည်လို့ လည်ပင်းလို့ ခေါ်တာများလားပဲ၊ ကျွန်တော် ပြောတယ်မဟုတ်လား၊ ဒီနေ့တော့ အလွန်အကျွံ တွေချည်းပါပဲဆို၊ ခုပဲ ကျွန်တော် အလွန်အကျွံ တွေးပစ်လိုက်ပြီ၊ ဘေးဘီ နှင်းတွေစုပြုံနေတဲ့ နေရာကြည့်ရင်း နှင်းအဖြူရောင်တွေက ပိုပြီးဖြူနေသလို၊ ဆွတ်ဆွတ်ဖြူကြီး၊ ထူပိန်းပိန်းအဖြူရောင်ကြီးတွေ နှင်းကျတာ ၃ ရက်လောက်ရှိပြီဆိုတော့ နှင်းတွေက မွမွလေးတွေကနေ ကျစ်ခဲခဲကြီးတွေဖြစ်ကုန်ကြပြီ။ နှင်းခဲနေတဲ့နေရာနားက ကားမှတ်တိုင်မှာ ကောင်မလေးနဲ့ ကောင်လေး၊ ကောင်မလေးက လက်ကလေးဆန့်ရင် ကောင်လေးလည်ပင်းလေးကို ပွတ်သပ်လိုက်တယ်၊ ကောင်လေးလည်ပင်းက ပိုဆန့်ထွက်လာလိုက်တာ ပြီးတော့ ခေါင်းလေးကိုသပ်လိုက်တဲ့အခါ ကျောက ခုံးကနဲ ထသွားပုံများ  ကြောင်လေး ၂ ကောင်လိုပါပဲ။

ငေးနေရင်းက ရှေ့ ခုံတန်းမှာ အနက်ရောင် ကုတ်အကျီရှည်ဝတ်ထားတဲ့ အမျိုးသမီး ၂ ယောက် သုတ်ကနဲ ၀င်ထိုင်လိုက်တာတွေ့လိုက်တယ်၊ အတော့်ကို ပြာယီးပြာယာနဲ့၊ ခုံမှာထိုင်ပြီးမကြာဘူး ၂ယောက်သား ခေါင်းချင်းဆိုင်ပြီး စကားစပြောကြတော့တယ်၊ ပြောပုံကလဲ ကပ်ပြီးခပ်ကြာကြာ ပြောတာမဟုတ်ဘူးဗျ၊ ခေါင်းချင်းဆိုင်လိုက် ဖြတ်ဆို အပြင်ဘက်ကိုကြည့်လိုက်၊ ဆတ်ခနဲ ပြန်လှည့်ပြောလိုက်၊ ဆတ်ကနဲ ဆတ်ကနဲ လှည့်ပြောနေတာ၊ ကြည့်ရင်းကြည့်ရင်း ကျွန်တော့်မျက်စိထဲ စာကလေး ၂ ကောင်လို၊ ခိုလေး ၂ ကောင်လို မြင်နေမိတယ်၊ ဘေးဘက်တည့်တည့်လှည့်လိုက်ကာမှ၊ အဲ ပါးပါးလျားလျားရှိလှတဲ့ မျက်နှာချွန်းချွန်းလေးကြည့်ရတာ တကယ့် စာကလေးပေါက်စလေးလို အသက်နဲနဲကြီးပုံရတဲ့ အမျိုးသမီးကလဲ စာကလေးမျက်နှာလေးနဲ့ အမေနဲ့သမီးဖြစ်ဟန်တူရဲ့ သမီးစာကလေး လေးက အပြင်ဘက်ကိုကြည့်ရင်း လက်ညှိုးချွန်းချွန်းလေးနဲ့ တစ်ခုခုကိုညွှန်ပြရင်း အမေစာကလေးကိုပြောပြန်တယ်၊ ပြီးတော့ ၂ယောက်သား ဖြတ်ကနဲ ပြိုင်တူ လှည့်ကြည့်ကြပြန်တယ်၊ ပြီးတော့ ခေါင်းချင်းခဏလေးဆိုင်ပြီး စကားပြောလိုက်နဲ့၊ တကယ်ပဲဗျာ မျက်လုံးတွေမူးလိုက်တာ၊ ခေါင်းမမူးပဲ မျက်လုံးပဲ မူးတာ ခင်ဗျားတို့ ဖြစ်ဖူးလား၊ ခဏနေတော့ သမီးလေး က လည်တိုင်ရှည်ထွက်လာပြီး ဆင်းဖို့ပြင်တယ်၊ အမေကိုလဲ ဆတ်ကနဲ လက်ကတို့လိုက်သေးရဲ့၊ အဲဒီတော့ အမေကလဲ ပိုက်ဆံအိတ်ဆွဲလို့ ထလိုက်တာများ မြန်လိုက်ပုံက တကယ့်စာကလေးတွေ မနက်စောစော အစာရှာနေကြသလို၊ မှတ်တိုင်တစ်ခုမှာ ကားလဲ ရပ်ရော၊ တံခါးအဖွင့် စာကလေး၂ ကောင် လေထဲပျံထွက်သွားတဲ့အရှိန်မျိုးနဲ့ ဆင်းသွားကြတာ ခဏလေးနဲ့ အတော်ဝေးဝေးရောက်သွားကြတယ်၊

ဒီတော့မှ ကျွန်တော်လဲ တခြားသူတွေဆက်ငေးဖို့ ပြင်တယ်၊ အော .. ကားတောင် လူတော်တော်ကြပ်လာမှကိုး၊ ဒီတစ်ခါ ကျွန်တော့်မျက်စိထဲ ခပ်ဖိုင့်ဖိုင့်လူကြီးတစ်ယောက် မဆံ့မပြဲတိုးဝင်လာတယ်၊ သူ ကျတော့ တစ်မျိုး မိန့်မိန့်ကြီး၊ ၀က်ဝံကြီးတစ်ကောင်လို၊ အစားအလွန်းအမင်းစားပြီး ဗိုက်တင်းနေတဲ့ ခြင်္သေ့ကြီးလို ကားကြပ်လာလို့ အနောက်က အမျိုးသမီး တစ်ယောက်က နဲနဲရွှေ့ပေးဖို့ပြောတာကို လှည့်ကြည့်တာကိုကပဲ လေးလေးကြီး ခပ်ဖြည်းဖြည်းကြီး လှည့်ကြည့် ဖြည်းဖြည်းချင်းပဲ ပြန်လှည့်၊ ပြီးတော့ တဖြည်းဖြည်း နေရာရွှေ့ပေးပုံက ဗျာ တကယ့်ဝက်ဝံကြီးလိုပဲ၊ ပြီးတော့ နဲနဲ အခြေအနေပျက်သွားတဲ့ သားမွေးခေါင်းစွပ်ကြီးကို နေရာပြင်ပုံကလဲ ခြင်္သေ့ကြီး သူ့လည်ဆန်မွှေးခါသလို ခန့်ခန့်ညားညားရှိလှပါပေရဲ့၊ ခုနက မူးနေတဲ့ မျက်လုံးလဲ ခုမှ အမူးနဲနဲပြေသွားတော့တယ်၊ သိပ်နှေးလွန်းတဲ့ ဒီဝက်ဝံလိုလူကြီးကိုကြည့်ရတာကြာတော့ ပျင်းလာတာနဲ့ ကားအရပ် မှတ်တိုင်မှာစောင့်နေတဲ့ ကောင်မလေးတွေဆီအကြည့်ကပို့ပစ်လိုက်ရော၊ အိုး လာပြန်ပြီ သမင်မပျိုလေး .. ရပ်နေပုံကိုက နှင်းစီးဘွတ်အမြင့်စီးထားတဲ့ ခြေတိုင်သွယ်သွယ် ၂ချောင်းကိုလိမ်နေအောင် ယှက်ထားပြီး ကျော့ကျော့လေး၊ မျက်စလေးကချီလို့ တကယ့်သမင်မလေး ဟန်နဲ့၊ ဒီနေ့တော့ ဘယ်နေရာကြည့်ကြည့် အကောင်ပလောင်တွေလိုပဲ မြင်နေပါရောလား သမင်မလေး ဘေးဘက်မှာ အရပ်အမောင်းတော်တော်ကြီးကိုမြင့်တဲ့ ကောင်မလေး ရှည်လျားလှတဲ့ သူ့ခြေတံမှာ ၄လက်မကျော်မယ့် လည်ရှည်ဘွတ်အမြင့်ကြီးနဲ့ အဖြူ နဲ့ အနက်ကွက်ကြားနဲ့ ကြည့်ရတာ အဝေးကကြည့်လိုက်ရုံနဲ့ အထင်းသား တော်တော်လှတာဗျို့၊ သူကတော့ သစ်ကုလားအုပ်မလေးပေါ့၊ ဒါနဲ့ ကျွန်တော်စိတ်ဝင်စားလွန်းအားကြီးတာနဲ့ စောစောက လေးလံထှိုင်းမှိုင်းနေတဲ့စိတ်ကို အစာကျွေးဖို့ ခပ်သုတ်သုတ်ထပြီး အဲဒီမှတ်တိုင်မှာပဲ ဆင်းဖို့ပြင်လိုက်တယ်၊ ဒီလိုတော့လဲ လေးလံမယ် ထင်ရတဲ့ ကျွန်တော်က မြန်တော့မြန်သား၊

ကားပေါ်က ခြေတစ်ဖက်ထုတ် ပလက်ဖေါင်းပေါ်ခြေအချ၊ ဟောဗျာ .. ဆယ်ကျော်သက်ယောက်ျားလေးနှစ်ယောက် ကျွန်တော့်ကိုဘယ်က တစ်ယောက်၊ ညာကတစ်ယောက် ၀ုန်းကနဲ ခုန်ဝင်တိုးကြတာများ မျောက်နှစ်ကောင် ရန်ဖြစ်ပြီး ပြေးလွှားလာကြသလိုပဲ၊ လက်တွေခြေတွေကလဲ မငြိမ်ဘူး သူတို့အချင်းချင်းလဲ ပုတ်ခတ် ဆွဲကုတ်လို့၊ ကျွန်တော်ကျောဘက်ကိုလဲ မျောက်တစ်ကောင် အဲ တစ်ယောက်ရဲ့လက်က ရောက်လာလိုက်သေးတယ်၊ ပြီးတော့ ကားပေါ်ကို ခုန်တက်သွားလိုက်ကြတာ၊ မျက်စိမှုန်တဲ့သူခပ်ဝေးဝေးကကြည့် တကယ့်မျောက် ၂ ကောင်လိုပဲ၊ ကျွန်တော့်မှာ ကျောဘက်ဆီကနာချင်ချင်၊ ဒါနဲ့ နောက်တစ်ခါ ကျွန်တော့်ကို မတိုက်ခိုက်နိုင်အောင် မျက်စိကိုပြူးလို့ ဟိုဟိုဒီဒီ ဘေးရန်ကင်းအောင်ကြည့်ရပြန်တယ်၊

အော် .. ဒီနေ့တော့ လူတွေကိုကြည့်ရတာ မျက်စိထဲ အကောင်ပလောင်တွေပဲမြင်မြင်နေတော့တာပဲကိုး၊ ဒါကြောင့် ဒီနေ့ ကျွန်တော်အိမ်က ထွက်လာကတည်းက အလွန်အကျွံတွေမြင်နေတော့တာ၊ တွေးနေတော့တာ၊ ဒါနဲ့ ခဏလေးဗျို့ ကျွန်တော်ကရော ဘာအကောင်နဲ့ တူနေပါလိမ့် ..
ကျွန်တော့်တကိုယ်လုံး ဆတ်ကနဲ့ တောင့်တင်းသွားတယ်၊ အသင့်အနေအထားနဲ့ .. နားထဲမှာ စာကလေးတစ်သိုက်ရဲ့ တကျွီကျွီ အော်မြည်သံတွေ၊ အား .. အား လို့ ကျယ်ကျယ်လောင်လောင်အော်လိုက်တဲ့ ကျီးကန်းတစ်ကောင်ရဲ့ အသံ၊ ခိုညဉ်းသံ၊ ခွေးဟောင်သံ .. ကြောင်အော်သံ .. အိုး အသံတွေ အစုံ နားထဲပြေးဝင်လာလိုက်ကြတာ ..

ကျွန်တော်က ဘာကောင်နဲ့တူလဲ ခင်ဗျားသိရင်ပြောပြပေးပါ ..

4 comments:

  1. တိဝူးလေ ဘာကောင်နဲပတူမှန်း
    တရဲကောင်တော့ ဟုတ်ပါဖူးနော်
    အဟိ တရဲဆို လုံလုံတို့ကြောက်ကြောက်ပေါ့
    တိဝူးဘာနဲ့တူလည်းသိရင်လာပြောပြနော်

    ခင်မင်စွာဖြင့်
    လုံမလေး

    ReplyDelete
  2. အေးလွန်းတာ မကောင်းဘူး။။
    ဒုက္ခဖြစ်တယ်။။

    ReplyDelete
  3. နှုတ်ခမ်းအဆီမပြတ်ဆိုးရ .. ကရင်မ်းတွေလိမ်းရ .. အပြင်ထွက်ခါနီး .. ၀တ်စုံပြည့်ဝတ်ရ ..

    ReplyDelete
  4. ဘာကောင်လဲ တော့မသိဘူး လူကောင်ပဲ ဖြစ်မှာပါ
    :D

    ReplyDelete