Tuesday, April 5, 2011

ပထမဆုံးအိပ်မက်

မီးရောင်စုံတွေလှည့်ပတ်ပြေးဆော့နေတဲ့ စင်ရှေ့မှာ ပရိတ်သတ်တွေက စည်းချက်ညီညီ လှုပ်ရှားယိမ်းထိုးနေကြသည်။ ပရိသတ်တွေ ပြည့်သိပ်လို့နေပြီ။

~ ငါနိုးထခဲ့ မနက်တွေမှာ သံပတ်ပေးသလို မင်းအနားရောက်ရှိချင်တာ
 နင်နဲ့ဝေးရာ ခြေဦးလှည့်ဖို့တွေးလိုက်တိုင်း ငါတွေဝေမိခဲ့တာ ~
~ စကားလုံးတို့ အနှုတ်သဘောဆောင်ဆဲ ဆုံတွေ့တိုင်းမှာ လမ်းကြောင်းမှားယွင်းနေတယ်
            လာတိုက်စားနေ ငါတို့ရဲ့နှလုံးသားတွေကို နာကျင်စေလို့ ~
သီချင်းစာသားတွေကို စပြီးဆိုလိုက်တဲ့အချိန် ရင်ထဲမှာ စူးကနဲပြင်းပြင်းတစ်ချက်နာသည်။ နှလုံးထဲကများလား ..
သောက်ထားတဲ့ဆေးကိုစ့်ကုန်ပြီလေ၊ စာမေးပွဲအပြီး သူငယ်ချင်းတွေနဲ့ ကျိုက်ထီးရိုးဘုရားသွားဖူးပြီးအပြန်လမ်းမှာ ကျွန်တော့်နှလုံးထဲမှာ ကောက်ကာငင်ကာ နာလာခဲ့ဖူးသည်။ ကျွန်တော့်ကိုစာသင်ပေးတဲ့ ဒေါက်တာခင်မောင်ဦးက နှလုံးဆေးတွေပေးသည်။ အခု ဆေးထပ်သောက်စရာမလိုတော့ပါဘူး။ ကျွန်တော်နေကောင်းနေပါပြီ၊ ကျွန်တော် ရှင်သန်ချင်သေးသည်။ ကျွန်တော်သိပ်ချစ်တဲ့ သီချင်းတွေသီဆိုဖို့၊ သီချင်းတွေရေးစပ်ဖို့၊ သံစဉ်တွေရှာဖွေဖို့ ကျွန်တော် အချိန်တွေအများကြီး ပိုင်ချင်ပါသေးသည်။ ခွင့်ပြုပါဖေဖေ ....

ကျွန်တော် ဖေဖေ့အတွက် ကျွန်တော့်ရဲ့အချိန်တွေအများကြီးပဲ ပေးခဲ့ပြီလေ၊ ကျွန်တော့်ရဲ့ပရိတ်သတ်တွေ .. သူတို့ကို ကျွန်တော်သိပ်ချစ်သည်။ ကျွန်တော့်အတ္တအတွက်သက်သက် ကျွန်တော်သီချင်းတွေ ဖန်တီးခဲ့တာပါပဲ၊ ဒါပေမဲ့ အခုအချိန်မှာ ပရိတ်သတ်အတွက်ဆိုတဲ့ ထူးဆန်းတဲ့ခံစားမှုက ကျွန်တော့်ရင်မှာ ပြင်းရှရှ မွှေနှောက်လို့နေပြီ၊ ဖေဖေ့ကို ချစ်သလို၊ မေမေ့ကို ချစ်သလို၊ သီချင်းတွေကို ချစ်သလို၊ ကျွန်တော့်ရဲ့လူနာတွေကိုချစ်သလို ကျွန်တော့်သီချင်းတွေကိုနားထောင်ပေးကြတဲ့ ပရိတ်သတ်တွေကိုလည်း အခု ကျွန်တော်သိပ်ချစ်သည်။ “လူနာတွေကို နောက်ဆုံးမှချစ်တာလားကွ” လို့ ဖေဖေကတော့ အပြစ်တင်နေဦးမလားပဲ။

ပရိတ်သတ်တွေက လှိုင်းလုံးကြီးပမာ တလိမ့်လိမ့်လှုပ်ခါနေကြသည်။ ကောင်းကင်ကြီးကို မော့ကြည့်မိသည်။ ကြယ်ရောင်တွေမရှိပေမဲ့ ကျွန်တော့်ရှေ့မှာတော့ ရောင်စုံအလင်းတွေ လှည့်ပတ်ပြေးဆော့နေသားပဲ၊ ရင်ထဲမှာ ဆိုနင့်ကာ မျက်ရည်တစ်ပေါက် ပါးပြင်ပေါ်က လိမ့်ကနဲပြေးဆင်းသွားသည်။“မေမေ မငိုပါနဲ့ မေမေ့မျက်ရည်တစ်စက်မြင်ရရင် ကျွန်တော့်ရဲ့ ခြေထောက်တွေ ခွေယိုင်လဲကျမတတ်ပဲ၊ မေမေ့မျက်ရည်က ကျွန်တော့်အတွက် အရှုံးတွေကိုဖန်တီးသလို၊ မေမေ့အပြုံးက ကျွန်တော့်အတွက်ဒိုင်းလိုပဲ၊ ကျွန်တော့်ဆီပြေးဝင်လာမယ့်ဒုက္ခတွေကို ကာကွယ်ပေးနိုင်မှာပဲ၊ ဒါကြောင့် မေမေ မငိုပါနဲ့နော်” လို့ ကျွန်တော် အခါခါပြောရင်း မေမေ့ကိုအားပေးခဲ့ဖူးသည်။ ငိုတာမကြိုက်တဲ့ ကျွန်တော့်ကြောင့် မေမေကိုယ်တိုင်လည်း မျက်ရည်တစ်စက်မှ မကျအောင်နေပြခဲ့ရှာသည်။ ကျွန်တော်ရော မေမေပါကြိုးစားခဲ့ကြပါသည်။ အခု ကျွန်တော့်ပါးပေါ်မှာ မျက်ရည်စတွေပြည့်နေပြီ။ ဖေဖေ .. ကျွန်တော် ဖေဖေ့ကို သတိရလိုက်တာ၊ ကျွန်တော်နဲ့ အခု ကျွန်တော့်ရဲ့ပရိတ်သတ်လှိုင်းလုံးကြီးကို ဖေဖေမြင်တွေ့နိုင်ခဲ့ရင် .. ဖေဖေဘယ်လိုများပြောမလဲ၊ “ဖေဖေ စိတ်မကောင်းပါဘူး သားရယ်၊ ဖေဖေ သားကို ပိတ်ပင်တားမြစ်ခဲ့တာတွေအတွက် သား ဖေဖေ့ကို နားလည်ပါကွာ” လို့များ ဖေဖေပြောလေမလား။
~ ကြယ်ရောင်တွေ ပျောက်ဆုံးခဲ့ပြီ ဒီညများ ရင်ခုန်သံတွေ ရှုံးနိမ့်ပြီ နင်မေ့ထား
          ~ အရင်ချိန်တွေကို သတိရလေ ရင်မှာပိုခံစားရလေ
   ~ ငါ အခုထိ မလွတ်မြောက်ခဲ့ ... ဒီနှောင်ကြိုး တွေ
chorus ပိုဒ်ကို စလိုက်တာနဲ့ ပရိတ်သတ်လှိုင်းလုံးကြီးက ပိုပြီး လှုပ်ရှားလာကြပြီ၊ ပရိသတ်တွေ သံပြိုင်လိုက်ဆိုကြသည်။ မျှော်စင်ကျွန်းတစ်ခုလုံးမှာ “နှောင်ကြိုး” သီချင်းသံတွေ ပြည့်လျှံကုန်ကြပြီ၊ ကျွန်တော့်သွေးကြောထဲမှာ ဂီတသံတွေ အလုအယက်စီးဝင်နေကြပြီ၊ ပရိသတ်တွေနဲ့ ကျွန်တော် နှောင်ကြိုးအထပ်ထပ်ရစ်ပတ်မိကုန်ကြပြီ၊ သီချင်းသံတွေနဲ့ ညသည် ခမ်းနားလွန်းလှသည်။ ဒါ ကျွန်တော် လွန်ခဲ့တဲ့ ၆နှစ်ကျော်ဘ၀ထဲက လိုချင်ခဲ့တဲ့အရာတွေပဲ။

သီချင်းအဆုံး ပရိတ်သတ်တွေကို နှုတ်ဆက်ပြီး ဂစ်တာကိုလွယ်ရင်း စင်ပေါ်က အပြေးဆင်းလာခဲ့ချိန်မှာ စင်ရှေ့မှာ “တေဇာ တေဇာ တေဇာ” ဆိုတဲ့ ညာသံပေးအော်ဟစ်သံတွေဆူညံကုန်သည်။ စင်အောက်မှာ အမှတ်တရလက်မှတ်ရေးထိုးခိုင်းမယ့် လူငယ်လေးတွေ အလုအယက်တိုးဝှေ့နေကြသည်။ ဒေါက်တာတေဇာမိုးယံဟာ အောင်မြင်ကျော်ကြားတဲ့ အဆိုတော်တစ်ယောက်ဖြစ်လာခဲ့ပြီ။ မိန်းကလေးပရိတ်သတ်တွေများလှသလို ယောက်ျားလေး ပရိတ်သတ်တွေလည်း အများကြီးပဲ၊ ကျွန်တော့်အနားမှာရှိနေတဲ့ ကျွန်တော့်ရဲ့ ဟန်နီက အလှဆုံးပြုံးလို့ ကြည့်နေသည်။ မေမေ .. မေမေ့ဆီကို ဖုန်းခေါ်လိုက်သည်။
“မေမေ .. စင်ရှေ့မှာ လူတွေအများကြီးပဲ၊ ကျွန်တော် ပျော်လိုက်တာ၊ အခု ကျွန်တော့်ဘေးမှာလည်း ပရိတ်သတ်တွေ အများကြီးပဲ၊ မေမေ နောက်တစ်ခါဆိုရင်တော့ လိုက်ကြည့်ရမယ်၊ မေမေ့ကို ပြချင်လိုက်တာ .. ကျွန်တော့်ပရိတ်သတ်တွေကို .. ဖေဖေ့ကိုလည်း မြင်စေချင်လိုက်တာ ..” အဆုံးမှာ ကျွန်တော့်စကားသံတွေ တိမ်ဝင်သွားသည်။ မျက်ရည်တွေက ပါးပြင်ပေါ်မှာ သွေ့ခြောက်ခါစ ... ဟန်နီကမ်းပေးလိုက်တဲ့ ရေဗူးလေးကို မော့သောက်ရင်း မျက်နှာပေါ်လောင်းချလိုက်သည်။ ကျွန်တော်ငိုတာ ဘယ်သူမှ မမြင်စေချင်ပါ။
“တေဇာ .. ငါ တို့ ပြန်ရအောင်နော်၊ အန်တီတစ်ယောက်တည်း အိမ်မှာ၊ ငါလည်း အိမ်ပြန်နောက်ကျနေမယ်”  ဟန်နီက ခပ်တိုးတိုးဆိုသည်။
“အောင်မလေးကွာ များလိုက်တဲ့ပိုးကောင်တွေ၊ မီးတွေက ထိုးလေ၊ ပိုးစိမ်းကောင်တွေကလာလေ၊ ဟား ဟား ဟား...”
“------”
“လူတွေကလည်းများပါတယ်ကွာ၊ စင်အောက်မှာ၊ သေမယ်ဆိုသေလို့ရပြီ”
“-----”
“ဘယ်မလဲ တေဇာ ဘယ်ရောက်သွားလဲ၊ ဒီကောင်အတီးမပြီးသေးဘူး ဆင်းပြေးတာပဲ” 
တစ်ယောက်တစ်ပေါက်စကားသံတွေနဲ့အတူ အဖွဲ့သားတွေပါ အနားကို ရောက်လာကြသည်။ လက်ဝါးချင်းရိုက်ပြီး နှုတ်ဆက်လိုက်ကြသည်။ ပရိတ်သတ်တွေနဲ့ ကျွန်တော်တို့အဖွဲ့ Silence of Scream အဖွဲ့သားတွေအားလုံးနဲ့ပါ ဓါတ်ပုံအတူတွဲရိုက်ကြသည်။ မျှော်စင်ကျွန်းစင်မြင့်တ၀ိုက် မီးတွေ မှိတ်လိုက်တဲ့အချိန်မှာ ကျွန်တော်တို့ အားလုံး ကန်တော်ကြီးထဲက ပျော်ရွှင်တက်ကြွစွာ ထွက်ခွာခဲ့ကြတော့သည်။
------------------------------------------------------------------
~ မမ တ သိပ်ချစ်ဖို့ကောင်းတယ် ....
မမတ ----------~..
 မမတ -----------~ ”

~ နှလုံးသားလှတဲ့ဆရာမလေးရယ်
အပြုံးလေးလှတဲ့ဆရာမလေးရယ် ~

~ မေမေ ... ကျေးဇူးပါမေမေ --------- ~
ကျွန်တော် စကားတတ်ပြီဆိုတာနဲ့ သီချင်းတွေတစ်ပုဒ်ပြီးတစ်ပုဒ်အော်ဆိုတတ်ခဲ့သည်။
“တေဇာကွာ တော်တော်ဟုတ်တဲ့ကလေး” လို့ ဖေဖေကဆိုသည်၊ ဖေဖေ့ လွှမ်းမိုးသီချင်းခွေကို ကျွန်တော်ဖွင့်ပြီး သီချင်းတွေ မပီတပီ အော်ဟစ်သီဆိုခဲ့တုန်းက ဖေဖေက တဟားဟားရယ်မောရင်း သဘောတွေကျနေခဲ့ပါသည်။ ဖေဖေ့သီချင်းခွေတွေဖွင့်ပြီး တစ်ပုဒ်မကျန်လိုက်ဆိုခဲ့ဖူးသည်။ ငယ်ငယ်လေးကတည်းက သီချင်းတွေနားထောင်ရတာကြိုက်လှသည်။ သီချင်းဗီဒီယိုခွေတွေ မေမေက ၀ယ်ပေးထားခဲ့သည်။ ထုံချိုင်းဗီဒီယိုခွေတွေလည်း ကျွန်တော်ငယ်ငယ်တုန်းက ကြည့်ခဲ့တာပဲ၊  ထုံချိုင်းကတဲ့အတိုင်းလည်း လိုက်ဆိုသည်။ လိုက်ကသည်။ တခါ ထုံချိုင်းသီချင်းဗီဒီယိုခွေတွေ ဖွင့်နားထောင်နေတဲ့အချိန် တီဗီရှေ့က ဖေဖေ ဖြတ်အသွား ... ခဏလေးဖြတ်သွားတဲ့ အချိန်ကိုတောင် မစောင့်နိုင်လို့ ခေါင်းစောင်းပြီး ကြည့်ခဲ့သေးရဲ့၊ ဒါကို ဖေဖေကသိသွားတော့ တီဗီရှေ့မှာ ကာပြီး ကျွန်တော့်ကို စနောက်ခဲ့သေးသည်။ ကျွန်တော်ကတော့ အော်ဟစ်ငိုယိုတော့တာပေါ့၊ တော်တော်လည်း အစအနောက်သန်တဲ့ ဖေဖေပါပဲ။ 

တစ်ခါ ကျွန်တော်တို့ ဖေဖေ့သူငယ်ချင်းအိမ်ကို အလည်သွားကြတုန်းက အဲဒီအိမ်က မမတွေဖွင့်ထားတဲ့ New Kids On The Block ဗီဒီယိုခွေကို ကြည့်ပြီး ကျွန်တော်သဘောအကျကြီးကျခဲ့သည်။ အိမ်ရောက်တော့ ဖေဖေ့ကိုပူဆာတော့ ဖေဖေ ချက်ချင်းပဲ အဲဒီအိမ်ကိုသွားပြီး အခွေကိုငှားပေးခဲ့ပါသည်။ အခွေကိုဖေဖေက ကူးပေးခဲ့သည်။ အခွေလည်းရရော သီချင်းခွေထဲကအတိုင်း ဟန်လုပ်လိုက်ဆိုတော့တာပါပဲ၊ သီချင်းတိုင်းက ကျွန်တော့်အတွက် ပျော်စရာ စိတ်ဝင်စားစရာတွေအပြည့်ပဲကိုး၊ ကျွန်တော့်ဆီမှာ ဂစ်တာလေးလည်းရှိသေးသည်။ ကစားစရာ ဂစ်တာလေးပါ၊ ဖေဖေ အလုပ်ကိစ္စနဲ့ ခရီးထွက်ပြီး ပြန်လာတဲ့အခါ ဂစ်တာလေးဝယ်လာခဲ့သည်။ အဲဒီဂစ်တာလေးဝယ်လာပေးခဲ့တုန်းက ဂစ်တာလေးနဲ့ပဲ တစ်ချိန်လုံးဆော့ကစားနေခဲ့တာ မှတ်မိသေးသည်။
ကျွန်တော်ငယ်ငယ်က ဆော့လည်းအင်မတန်ဆော့ပါသည်။ စစ်သားရုပ် အရုပ်သေးသေးလေးတွေနဲ့ လက်နှစ်ဘက်မှာ တစ်ရုပ်စီကိုင်ပြီး နှုတ်က ရှီး .. ရှဲ အော်ပြီး စစ်တိုက်ကြပုံမျိုးလည်းဆော့တတ်သေးသည်။ အဲဒီလို ဆော့ရတာမောလာတဲ့အခါ စူပါမင်းလုပ်ပြီး စားပွဲပေါ်ကလည်း ခုန်ချတတ်ပါသည်။ တစ်ကြိမ်မှာတော့ ကျွန်တော် ခုန်ချတဲ့အချိန် အကျမတော်ဖြစ်ပြီး နှုတ်ခမ်းပေါက်သွားခဲ့ဖူးသည်။
နွေနေပူပူ ချွေးပြန်အောင် ဆော့ထားတဲ့အရှိန်ကြောင့် နှုတ်ခမ်းပေါက်ရုံလေးပဲဖြစ်ခဲ့ပေမဲ့ ချက်ချင်းပဲ ပါးစပ်ထဲမှာ သွေးတွေပြည့်လျှံသွားခဲ့ပါသည်။ ကျွန်တော်လန့်ဖြတ်ပြီး အော်ဟစ်ငိုယိုတော့ မေမေက ဟင်းချက်ရာက ပြေးလာကြည့်သည်။ အသည်းငယ်လှတဲ့ မေမေ ရုတ်တရက်ကြီးသွေးတွေနဲ့ကျွန်တော့်ကို တွေ့လိုက်ရတဲ့အခါ မေ့လဲကျသွားခဲ့သည်။ အနားကိုဘယ်အချိန်ဖေဖေရောက်လာလိုက်မှန်းမသိ၊ ဖေဖေ့ခမြာ လက်တစ်ဘက်က ကျွန်တော့်ကို ချီထားကာ မေမေ့ကို တစ်ဘက်ကမနိုင်မနင်းပွေ့ထားပြီး “သား သား”လို့လည်း အော်သည်၊ မေမေ့ကိုလည်း တတွတ်တွတ်ခေါ်သည်၊ အလယ်မှာ အရူးတစ်ပိုင်းပြာယာခတ်နေခဲ့တဲ့ ဖေဖေ့ပုံရိပ်တွေကို မှုံဝါးဝါးပြန်မြင်ယောင်ရင်း ကျွန်တော် ဖေဖေ့ကို သနားကြင်နာစွာ သတိရမိသည်။

မိုက်ကယ်ဂျက်ဆင်ကိုလည်း ကျွန်တော် အင်မတန်ကြိုက်ပါသည်။ မိုက်ကယ်ရဲ့ သီချင်းတွေ၊ မိုက်ကယ်ရဲ့ အကတွေကိုကြိုက်ရုံတင် မဟုတ်ပဲ၊ မိုက်ကယ်ရဲ့ ဆံပင်စတိုင်လ်အတိုင်းထားချင်ခဲ့သည်တဲ့၊ ကျွန်တော်သိပ်မမှတ်မိတော့တဲ့ ကိစ္စတွေကို မေမေက သေသေချာချာပြန်ပြီး ပြောပြတတ်ပါသည်။ မိုက်ကယ်ရဲ့ဆံပင်အတိုင်း အုန်းဆီလိမ်းပြီး နဖူးရှေ့ကို ဆံပင်အချောင်းလေးချခိုင်းခဲ့သည်လို့ ဆိုသည်။ မေမေဖြီးပေးတဲ့အခါ တခါတရံ တစ်ခါတည်းနဲ့ စိတ်တိုင်းကျသွားတဲ့အခါလည်း ရှိခဲ့သည်တဲ့၊ စိတ်တိုင်းမကျတဲ့အချိန်ဆို “မတူသေးဘူး၊ အချောင်းတစ်ချောင်းချပေး ..အချောင်းတစ်ချောင်းချပေး.. အဲဒီလိုမဟုတ်ဘူး” လို့ အော်ဟစ်ငိုယိုတတ်သေးသည်။

 ဖေဖေဖြီးပေးတဲ့အခါမှာတော့ မြန်မြန်စိတ်တိုင်းကျသွားတတ်သည်လို့ မေမေကပြောပါသည်။ ရေချိုးတဲ့အခါမှာလည်း ကျွန်တော် အင်မတန်ဂျီကျတတ်ခဲ့သေးသည်။ ရေမချိုးခင် အင်္ကျီချွတ်ခိုင်းလို့ မရ၊ ရေချိုးမယ်လို့ မေမေက ခေါ်တဲ့အခါ ကျွန်တော် ရေမချိုးချင်လို့ အင်္ကျီမချွတ်ဘူးလို့ ငိုတတ်သေးသတဲ့၊ တကယ်တမ်း မေမေက အင်္ကျီအတင်းအကျပ်ချွတ်ခိုင်းပြီး ကျွန်တော် ရေချိုးလိုက်ရတဲ့အခါကျတော့လည်း ရေချိုးတာမရပ်ချင်တော့ပြန်ဘူးတဲ့၊ ရေချိုးပြီး အင်္ကျီဝတ်ခိုင်းတဲ့အခါမှာလည်း မေမေ နောက်တစ်ကြိမ် ဒုက္ခကြုံရပြန်သည်။ “အင်္ကျီမ၀တ်ဘူး၊ ဒီအတိုင်းပဲနေမယ်၊ ဒီအတိုင်းပဲနေမယ်” လို့ဆိုသတဲ့၊ မျက်နှာလေးရဲရဲနီကာ မျက်ခွံတွေ မို့ဖောင်းလာတဲ့အထိ ငိုတတ်ခဲ့သေးသည်တဲ့၊ အဲဒီအချိန်ဆို မေမေက ခပ်သာသာလေးရိုက်တတ်ခဲ့သည်။ ကျွန်တော့်ကို မေမေရိုက်တဲ့အခါမျိုးမှာ ဖေဖေကကျွန်တော့်ကိုချီပြီး တစ်နေရာရာကို ခေါ်သွားလေ့ရှိသည်။ ကျွန်တော်က ကျွန်တော့်နဖူးရှေ့မှာ လက်ဖ၀ါးကိုချိန်ရွယ်ထားပြီး “တွေ့လား တွေ့လား” လို့လည်းပြောသတဲ့၊ ကျွန်တော်လိုချင်တာတစ်ခုခု မြန်မြန်လုပ်ပေးရင်လုပ်ပေး မဟုတ်ရင် နဖူးကိုဖတ်ကနဲရိုက်ကာ ခြိမ်းခြောက်တတ်သည်။ ဖေဖေ သို့မဟုတ် မေမေက ကျွန်တော်လိုချင်တာ မြန်မြန်လုပ်ပေးရသတဲ့၊ မြန်မြန်လုပ်မပေးခဲ့ရင်တော့ ကျွန်တော့်ရဲ့နဖူးလေးဟာ ရဲရဲနီလို့ပေါ့၊ အဲဒီရုပ်လေးက သနားစရာ ချစ်စရာကောင်းလှသည်လို့ မေမေက ပြောပြပါသည်။

ကျွန်တော်က ငယ်ငယ်လေးကတည်းက သီချင်းတွေကို ဂရုစိုက်ခဲ့သလို ကျောင်းစာကိုလည်း မပျက်မကွက်ဂရုစိုက်ခဲ့သည်။ တချို့ မေမေတွေလို စာကျက်ဖို့ တိုက်တွန်းစရာမလိုပဲ စာသိပ်မကြည့်ဖို့ အနားယူဖို့သာ မေမေက ပြောခဲ့ရသည်တဲ့၊ မေမေက “သားလေးရယ် နားပါဦး၊ စာပဲကြည့်နေတာပဲ” ပြောတဲ့အခါတိုင်း “မေမေကလည်းဗျာ၊ သူများအမေတွေနဲ့ကွာလိုက်တာ၊ စာမကြည့်ဖို့များပြောရတယ်လို့” ကျွန်တော် အဲ့ဒီလို ပြန်ပြီးစောဒကတက်ခဲ့ပါသေးသည်။ ကျွန်တော်နည်းနည်းအသက်ကြီးလာတော့ ဂစ်တာဝယ်ပေးဖို့ ပူဆာတဲ့အခါမှာတော့ နဖူးရှေ့လက်ဖ၀ါးလေးပြလို့ ခြိမ်းခြောက်စရာမလိုတော့ပါဘူး၊ ရှစ်တန်းအောင်စာရင်းထွက်အပြီးနွေရာသီကျောင်းပိတ်ရက်မှာ ဖေဖေက ကျွန်တော့်စိတ်ကြိုက်ဂစ်တာလေးတစ်လုံး မြောက်ဥက္ကလာဘက်က ဂစ်တာလုပ်တဲ့ဖေဖေ့သူငယ်ချင်းတစ်ယောက်ဆီမှာ မှာပေးခဲ့သည်။ ဂစ်တာလေးရလာတဲ့နေ့ဟာ ကျွန်တော့်အတွက် အပျော်ရွှင်ဆုံးနေ့တွေဖြစ်လာခဲ့ပါသည်။ ဂစ်တာတီးတတ်ဖို့ကြိုးစားခဲ့သည်။ ကျွန်တော်သီချင်းတွေစပ်သည်၊ သီချင်းတစ်ပုဒ်ရတိုင်းမေမေ့ကို ဆိုပြတတ်ခဲ့သည်။ ဖေဖေကတော့ ပက်လက်ကုလားထိုင်ကြီးမှာ ထိုင်ပြီး နားထောင်တတ်ပါသည်။
ငယ်ငယ်က ဖေဖေ့ပုံရိပ်တွေအားလုံးကို ကျွန်တော် ပီပီသသ မမှတ်မိတော့ပါဘူး၊ အလုပ်ကိစ္စနဲ့ ခရီးခဏခဏထွက်ရတဲ့ဖေဖေက ကျွန်တော့်မြင်ကွင်းထဲကနေ ရက်အတော်ကြာကြာ ပျောက်ပျောက်နေတတ်ခဲ့သည်။ ဖေဖေခရီးက ပြန်လာရင်တော့ ကျွန်တော့်အတွက် မုန့်တွေ၊ ကစားစရာတွေ အများကြီးပါလာတတ်သည်။ ငယ်ငယ်လေးကတည်းက အတန်းတိုင်းမှာ ပထမရလာခဲ့တဲ့ကျွန်တော် ၁၀တန်းအောင်တော့လည်း ၆ဘာသာလုံး ဂုဏ်ထူးပါခဲ့သည်။ သူငယ်ချင်းတွေနဲ့ အောင်စာရင်းကြည့်ပြီး ပြန်လာတော့ အိမ်ပေါက်ဝမှာ စောင့်နေတဲ့ ဖေဖေ ကို “အောလ်ဒီ” လို့ ပြောရင်း လက်မထောင်ပြလိုက်သည်၊ ဖေဖေက “သားရာ တော်လိုက်တဲ့ ဖေဖေ့သား၊ သားအတွက် ဖေဖေ ဘာမဆိုဖြစ်စေရမယ်၊ ဖေဖေ ဒီ့ထက်ပိုပြီး ပိုက်ဆံတွေရှာဦးမှာပဲ၊ ဆရာဝန်ကြီးတေဇာမိုးယံ ဖေဖေ့သားပေါ့ကွ” လို့ အသံဝါကြီးနဲ့ ဖေဖေက အားရ၀မ်းသာဆိုရှာသည်။ ဖေဖေ့စကားအဆုံးမှာ “ကျွန်တော် က အဆိုတော်ပဲလုပ်ချင်တာ” လို့ စကားသံခပ်တိုးတိုးဆိုခဲ့သည်။ ဖေဖေ့ရဲ့ပြုံးနေတဲ့ မျက်နှာဟာမှုံမှိုင်းသွားလိုက်တာ၊ ဖေဖေ ဘာမှတော့ဆက်မပြောတော့ပါဘူး။

ကျောင်းလျှောက်လွှာတွေတင်ရတော့မယ့်တစ်ညမှာ ဖေဖေ  မေမေနဲ့ ကျွန်တော်တို့ အပြင်းအထန်မဟုတ်တောင် အကြိတ်အနယ်စကားပြောခဲ့ရသည်။ အဲဒီညက ဖေဖေ့ပုံရိပ်တွေကိုတော့ ကျွန်တော့်တသက်လုံး စွဲမြဲစွာ မှတ်မိသွားတော့မည်ထင်ပါသည်။ ဖေဖေ အင်မတန်စိတ်ဆိုးဒေါသထွက်ခဲ့သည်။   ဖေဖေ့ရဲ့ ဒေါသတကြီးဟန်ပန်ကို ကျွန်တော့်တသက်လုံး မှတ်မိသလောက် မတွေ့ခဲ့ဖူးပေမဲ့ အဲဒီတုန်းက ဖေဖေ ဒေါသတွေကြီးနေခဲ့ပါသည်။ ဖေဖေက “ဘာမှစဉ်းစားနေစရာမှ မလိုပဲကွ၊ ဆရာဝန်လိုင်းပဲယူရမှာပေါ့” လို့ အော်ဟစ်ခဲ့သည်။
“မဟုတ်ဘူးဖေဖေ၊ သားသိတယ်၊ ဆရာဝန်လိုင်းယူလိုက်ရင်၊ သား စာတွေနဲ့ပဲ နပန်းလုံးနေရမှာ သီချင်းဆိုဖို့ သီချင်းစပ်ဖို့ အချိန်ရတော့မှာမဟုတ်ဘူး၊ အဆိုတော်ပဲလုပ်ချင်တယ်၊ အဲဒါ ကျွန်တော့်ရဲ့အိပ်မက်ပဲ”
“သားကွာ .. အိပ်မက်ဆိုတာ အိပ်မက်ပဲ၊ နိုးလာတာနဲ့ ပျောက်သွားရတာပဲ၊ ဆရာဝန်ဖြစ်ပြီးမှ သီချင်းဆိုလည်းရတာပါပဲ၊ ဆရာဝန်က အသက်မွေးဝမ်းကျောင်းအလုပ်ကွ၊ ဂုဏ်ရှိတယ်၊ လူနာတွေကို ဆေးကုပေးရတာ ကုသိုလ်လည်းရတယ်၊ ပိုက်ဆံလည်းရတယ်၊ သီချင်းဆိုတာက .....”
“အဲလိုလည်း မဟုတ်ပါဘူး၊ စိုင်းစိုင်းဆိုဘယ်လိုလုပ်မလည်း၊ သူအောင်မြင်တာပဲ၊ သူ ပိုက်ဆံတွေအများကြီးရလာတာပဲ၊ သူ့ဘ၀သူ ရပ်တည်နိုင်တာပဲ၊ လူနာတွေဆေးကုရမှာကို ကျွန်တော်သဘောကျတာပါပဲ၊ တစ်ခုပဲ၊ ကျွန်တော်သီချင်းတွေနဲ့ ဝေးသွားရမှာကြောက်တယ်၊ သီချင်းတွေက ပထမဆုံးအိပ်မက်ဖြစ်နေလို့ပါ” 
ကျွန်တော် ဖေဖေ့ကို ကန့်ကွက်ပြီးပြောလိုက်သည်။
“စိုင်းစိုင်းဘယ်လိုအောင်မြင်လည်း ဖေဖေသိပ်နားမလည်ဘူး၊ သား ဆရာဝန်လိုင်းလျှောက်ရမယ်၊ ဆရာဝန်ကြီးဖြစ်လာမယ့်သားကို ဖေဖေမြင်ချင်တယ်”
ဖေဖေက ချက်ချင်းတုံ့ပြန်ခဲ့သည်။
မေမေက လေသံအေးအေးလေးနဲ့ ဆိုရှာသည်။
“သားလေးရယ်၊ ဆရာဝန်လိုင်းပဲ လျှောက်ပါကွယ်၊ သူများတွေသိပ်ဖြစ်ချင်တာတောင် မလွယ်ပါဘူး ... နော်”
မေမေက ကျွန်တော့်ကို နားလည်စွာငေးကြည့်နေခဲ့သည်။ ဖေဖေကတော့ ပြတ်ပြတ်သားသား တင်းမာခက်ထန်နေခဲ့သည်။

အဲဒီနေ့က စပြီး ကျွန်တော် ဆေးကျောင်းလျှောက်လိုက်ပါသည်။ မန္တလေးကိုပြောင်းရွှေ့ဖြစ်ခဲ့တော့ မန္တလေးဆေးတက္ကသိုလ်ကို လျှောက်ခဲ့သည်။ ဆေးကျောင်းတက်သည်။ ကျောင်းစာတွေနဲ့ပဲ ကျွန်တော့်နေ့ရက်တွေကို ကုန်လွန်ဖြတ်သန်းခဲ့သည်။ ကျွန်တော့်ရဲ့ ဂစ်တာလေးကိုတော့ ထောင့်တစ်ထောင့်မှာ ငြိမ်သက်နေစေခဲ့သည်။ ကျွန်တော့်သီချင်းတွေကို ပစ်ထားလိုက်သည်။ သံစဉ်တွေကို မေ့ထားလိုက်သည်။ ဖေဖေ့ရှေ့မှာ သီချင်းမဆိုမိအောင် နေခဲ့သည်။ မေမေ့ကိုလည်း အရင်လိုသီချင်းတွေဆိုမပြတော့ပါဘူး၊ အရာရာကို စိတ်ဝင်တစားလေ့လာတတ်တဲ့ကျွန်တော့်ရဲ့အကျင့်ကြောင့် ကျောင်းစာတွေမှာ ပျော်ရွှင်ခဲ့ပေမဲ့ ကျွန်တော့်ရဲ့စိတ်တနေရာက အနာကိုတော့ ကျွန်တော်သာအသိဆုံးပါပဲ၊ ကျောင်းပွဲတွေရှိတဲ့အချိန်မှာတော့ ဆေးကျောင်းကသူငယ်ချင်းတွေနဲ့ သီချင်းဆိုဖြစ်ခဲ့သည်။ ဆေးတက္ကသိုလ်ဒုတိယနှစ် တတိယနှစ်ရောက်လာတော့ ကျောင်းစာတွေမှာပျော်လာသလို ဆရာဝန်အလုပ်ကို စိတ်ဝင်စားလာခဲ့ပါသည်။ သီချင်းဝါသနာပါတဲ့ သူငယ်ချင်းတွေနဲ့ သီချင်းတွေပြန်ဆိုဖြစ်ခဲ့သည်။ ကျွန်တော့်သူငယ်ချင်းတွေနဲ့ အဖွဲ့လေးပါဖွဲ့ထားလိုက်သည်။ Silence of Scream ဆိုတဲ့ ကျွန်တော်တို့အဖွဲ့လေးက ကျွန်တော်တို့နှစ်ကလုပ်ဖြစ်တဲ့ ဂီတပွဲတွေတိုင်းမှာ ဆိုဖြစ်ခဲ့ကြပါသည်။ ဖေဖေ့ကိုတော့ သီချင်းနဲ့ပတ်သက်တာတွေ မပြောတော့ဘူး၊ ဖေဖေကလည်း ကျွန်တော့်ရဲ့အဆိုတော်ဖြစ်ချင်ခဲ့တဲ့ ဆန္ဒကို ဆယ်ကျော်သက်အရွယ်က စိတ်ကူးယဉ်မှုတစ်ခုလို့ပဲ ယုံကြည်သွားခဲ့ပုံပါပဲ။

 ကျွန်တော်က ဖေဖေ့လိုပဲ အရပ်ရှည်တော့ ဖေဖေက ကျွန်တော့်ကို ကုလားအုပ်လေး လို့ နောက်ပြောင်ပြီး ခေါ်တတ်ပါသည်။ “သား ဆေးခန်းဖွင့်ရင် ဒေါက်တာကုလားအုပ် လို့ နာမည်တပ်ကွ၊ ဒါမှ ဆေးခန်းမှာ လူလာများမှာ၊ ဆရာဝန်ကအဆန်းဆိုပြီး လူနာတွေလာကြလိမ့်မယ်” လို့ ဖေဖေက စတတ်သေးသည်။ ကျွန်တော်ဆေးကျောင်းနောက်ဆုံးနှစ်မှာတော့ ကံကြမ္မာက ကျွန်တော့်ကို အပြင်းဆုံးခြောက်လှန့်ခဲ့သည်။ ဖေဖေအဲဒီညက မန္တလေးကနေ ကားနဲ့ ခရီးထွက်သွားခဲ့ပါသည်။ “ကဲ ဒေါက်တာကုလားအုပ်ရေ၊ ဖေဖေတော့လစ်ပြီ၊ ဘာမုန့်ဝယ်ခဲ့ရမလဲကွ” လို့ နောက်ပြောင်လိုက်သေးသည်။ မနက်ကျတော့ ဖုံးဝင်လာခဲ့သည်၊ ဖေဖေစီးတဲ့ကားက တိမ်းမှောက်သွားသတဲ့၊ ဖေဖေက ရှေ့ခန်းမှာထိုင်နေသည်တဲ့၊ နောက်ပိုင်း ... ကျွန်တော် မကြားရဲတော့ပါဘူး၊ ကျွန်တော်မငိုရဲခဲ့ဘူး၊ မေမေက စိတ်နုတယ်၊ ငယ်ငယ်ကတည်းက စိတ်ကြီးရင်၊ ဒါမှမဟုတ် တစ်ခုခုထိတ်လန့်စရာတွေ့ခဲ့ရင် မေ့လဲတတ်တဲ့ မေမေ့အကြောင်းကိုသိထားတော့ ကျွန်တော်မငိုရဲဘူး၊ ကျွန်တော်ငိုရင် မေမေပိုဆိုးမယ်၊ ကျွန်တော်ရော မေမေပါ တစ်ယောက်နဲ့ တစ်ယောက်အားပေးပြီး ဖေဖေ့နောက်ဆုံးခရီးအတွက်အရာအားလုံး ကျွန်တော်တို့ နှစ်ယောက်ပြင်ဆင်ကြရသည်။ နောက်ဆုံးနှစ်အတွက် စာတွေအပြင်းအထန်ကြိုးစားရတဲ့အချိန် ကျွန်တော် မငိုအားခဲ့ပါဘူး၊ ကျွန်တော် စာကျက်ဖို့နည်းနည်းတွေဝေလာတဲ့အချိန် ဖေဖေမြင်ချင်တဲ့ဆရာဝန်ကြီးဖြစ်အောင် ကြိုးစားရမယ်ဆိုတဲ့အသိနဲ့ပဲ စာတွေပိုပြီး ကျက်မှတ်ခဲ့သည်။ ဘွဲ့ယူတဲ့နေ့မှာ မေမေ့မျက်နှာလေးက နွမ်းနေပေမဲ့ မေမေ့မျက်နှာမှာ ကျွန်တော့်အတွက် အပြုံးတွေ အဆင်သင့်ရှိနေတတ်ခဲ့သည်။

အခုတော့ ဖေဖေဖြစ်စေချင်တဲ့အတိုင်း ကျွန်တော်ဆရာဝန်ဖြစ်လာခဲ့ပြီ၊ ဒေါက်တာတေဇာမိုးယံ တဲ့ ....
ဆရာဝန်ကောင်းတစ်ယောက်ဖြစ်အောင်လည်း ကြိုးစားပါဦးမည်။
ပြီးတော့ ကျွန်တော်ဖြစ်ချင်တဲ့အတိုင်းလည်း ကျွန်တော်ကြိုးစားချင်ပါသေးသည်။ အောင်မြင်တဲ့အဆိုတော်တစ်ယောက်ဖြစ်ချင်သေးသည်။
ဖေဖေ့အတွက် ကျွန်တော့်ရဲ့အချိန်တွေအများကြီးပဲ ပေးခဲ့ပြီလေ၊ နောက်ကျမှ မက်ခဲ့ရတဲ့ အိပ်မက်၊ ကျွန်တော်ရဲ့ ပထမဆုံးအိပ်မက်ကို ကျွန်တော်မက်ခွင့်ရနေပြီ၊ နိုးထလျက်ပဲ ကျွန်တော် ဒီအိပ်မက်ကို မက်နိုင်ပြီ ဖေဖေ။
အခု ကျွန်တော့်ရဲ့ပရိတ်သတ်တွေ .. သူတို့ကို ကျွန်တော်ချစ်သည်။ ကျွန်တော် သီချင်းတွေကိုသိပ်ချစ်သည်။
ကောင်းကင်ဘုံက ဖေဖေ ကျေနပ်နိုင်မယ်ထင်ပါရဲ့၊
ခွင့်ပြုပါဖေဖေ ။        ။

(ဒီအက်ဆေးလေးကို ရေးရင်းမျက်ရည်ကျမိပါတယ်၊ တူလေးရဲ့ နှောင်ကြိုးသီချင်းလေးကို ဖွင့်နားထောင်ပြီး ရေးဖြစ်ခဲ့တယ်။ တူလေးရဲ့တကယ့်အကြောင်းဖြစ်နေတော့ မရေးခင်အကြိမ်ကြိမ်စဉ်းစားမိသေးတယ်။ တူလေးဖတ်မိရင် စိတ်မကောင်းဖြစ်မှာ စိုးရိမ်တယ်၊ တူလေးနဲ့ gtalk မှာ ပြောရင်း တူလေးကို ဖွင့်ပြီးပဲ မေးလိုက်တော့တယ်။“လပြည့်အကြောင်းရေးချင်လို့(တူလေးကို ဖိုးလပြည့်လို့ခေါ်ကြတယ်။ နာမည်ရင်းက တေဇာဝေယံတဲ့) တေဇာဝေယံက နာမည်ကြီးအဆိုတော်ပေါ့ စင်ပေါ်မှာ သီချင်းဆိုနေတာကနေစပြီးရေးမယ်လေ” လို့ ပြောလိုက်တော့ တူလေးက “ဒါတော့ကြိုက်တယ်”တဲ့ နောက်နေသေးတယ်။ “မေမေမြင်ရင်တော့ shock ရှိမယ်နော်”တဲ့၊ နောက်တော့တူလေးက ပြောတယ်။ “အန်တီပရေ တကယ်တော့ သားကိုယ်တိုင်လည်း တစ်မျိုးကြီးပဲ အဲအကြောင်းကြီးပြန်မကြားချင်ဘူး” (တူလေးက အန်တီပလို့ခေါ်တယ်)၊ စိတ်မကောင်းလိုက်တာ၊ တူလေးက တခါတခါ အံ့သြစရာကောင်းလောက်အောင် စိတ်မာသလိုနဲ့ တခါတလေ သူပြောလိုက်တဲ့စကားတွေမှာ တူလေးရဲ့စိတ်ကိုမြင်ရတတ်တယ်။ တူလေးက အောင်မြင်တဲ့အဆိုတော်ကြီးတော့ မဖြစ်သေးပါဘူး၊ သူကိုယ်တိုင်ရေး၊ ဆို၊ တီးထားတဲ့ သီချင်းလေးတွေ ပို့ပေးတတ်တယ်၊ သူ့ အိမ်မှာ ကိုယ်ပိုင်စတူဒီယိုလေးလုပ်ထားပြီး ဆေးခန်းထိုင်ရင်း သီချင်းတွေစပ်နေပါတယ်။ သီချင်းတွေစုနေပါတယ်။ အခွေထုတ်ဖို့ ကြိုးစားနေပါတယ်လို့ ပြောတယ်။ တူလေးရဲ့ ပထမအိပ်မက်လေး အောင်မြင်သွားစေချင်တဲ့အတိုင်း “ပထမဆုံးအိပ်မက်” ကို ရေးဖြစ်ပါတယ်။ တူလေးရဲ့“နှောင်ကြိုး” သီချင်းကိုလည်း သူငယ်ချင်းတွေနားထောင်ရအောင် တင်ပေးထားပါတယ်။ ဒီဝတ္ထုတိုလေးနဲ့ အတူ ချစ်ရတဲ့တူလေး ဖြစ်ချင်တဲ့ဆန္ဒအမြန်ဆုံး အကောင်အထည်ဖော်နိုင်စေဖို့ ဆုတောင်းနေမိပါတယ်။ သူငယ်ချင်းတိုင်း၊ လူတိုင်း အိပ်မက်တွေ အကောင်အထည်ဖော်နိုင်စေဖို့လည်း ဆုတောင်းမိပါတယ်။)
Beauty Magazine(August 2011)

3 comments:

  1. ကောင်းတယ်မဖြိုး..။ အာဇာနည်ရဲ့ အပြစ်မတင်ရက်ပါ..သီချင်းရယ်။ တာရာတို့ရဲ့ ချစ်သူနှင်းဆီ..သီချင်းသံစဉ်လိုမျိုးလေးတွေနဲ့လည်း လိုက်မယ်နော်။
    mm

    ReplyDelete
  2. ချော(အစိမ်းရောင်လွင်ပြင်)April 5, 2011 at 11:37 AM

    ဖြိုးရေ
    ဖတ်နေရင်းနဲ့ တကယ့်အဖြစ်အပျက်လား မသိဘူးလို့တွေးနေမိတာ
    အောက်ဆုံးရောက်မှ တကယ့်အဖြစ်အပျက်လေးမှန်းသိရတယ်
    ဖြိုးဝတ္ထုလေး အစချီထားတဲ့အတိုင်း တေဇာဝေယံလေးတစ်ယောက် အိမ်မက်တွေ တကယ်ဖြစ်လာပါစေ
    အောင်မြင်ထင်ရှားတဲ့ ဆရာဝန် အဆိုတော်ကြီး ဖြစ်လာပါစေလို့ ဆုတောင်းပေးမိပါရဲ့။
    တေဇာဝေယံလေးရေ... ဖြစ်ချင်စိတ် တကယ်ပြင်းထန်ရင် တစ်နေ့တော့ မလွဲမသွေ ဖြစ်မှာပါလို့

    ReplyDelete
  3. မွန် ပြောတာ တူလေးကို ပြန်ပြောပြလိုက်တယ်၊
    ကျေးဇူး
    မချောရေ ကျေးဇူးအများကြီးတင်ပါတယ်၊ ပေးတဲ့ဆုနဲ့ပြည့်ပါစေ၊ မချော၊ မွန်မွန် ပျော်ရွှင်ချမ်းမြေ့ပါစေ

    ReplyDelete