Thursday, April 5, 2012

အလှူ

တုတ်တုတ်ဗြုံး ..တုတ်ဗြုံး ..တုတ်တုတ်ဗြုံး…
ဟော..ဘာသံပါလိမ့်။
အလို..။ရှင်လောင်းလှည့်တာပါလား။ကားတွေ ဖြတ်မောင်းသွားသည်။
တစီးပြီး တစီး။
ရှင်လောင်းလှည့်တာတော့ လှည့်တာဘဲ။ ဒါပေမဲ့ရှင်လောင်းကို ကောင်းကောင်းမမြင်ရ။ထီးမိုးပေးသူက ကွယ်ထားသည်။
တချို့ကျတော့ ထီးနှစ်စင်းသာ မြင်ရပြီး ရှင်လောင်းက အရံလူတွေကြားမှာ မြုပ်ဝင်နေသည်။
 အော်..
 တပေါင်းလတောင် ရောက်လာပြန်ပြီနော်။ငယ်ငယ်က သင်ခဲ့ရတဲ့ သပြေညိုစာအုပ်ထဲက  ကဗျာတပုဒ် သီရိခေါင်းထဲမှာ ပေါ်လာသည်။

 တုတ်တုတ်ဗြုံးရယ်နှင့်၊တောင်ကုန်းရွာသာစခန်းဆီက ၊
ဒေါ်ရွှေမေဦးရေချမ်းငယ်တို့ ၊
သာသနာ ရောင်ဝါလန်းပါဘိ ၊
ဆန်းလိုက်တဲ့ ဗျောသံစီ တဲ့။


ခေတ်ဟောင်းအဆိုတော်ကြီးဒေါ်ကြည်အောင်ရဲ့သီချင်းသံကိုလည်း ကြားယောင်လာပြန်သည်။သီချင်းနာမည်က
“ရာသီတော်ဦး  “တဲ့။
“မြိုင်မဟီ ရွက်သစ်လောင်းလို့  ရွက်ဟောင်းကြွေသည်..ပျို့ငယ်ပေါင်းနဲ့ ဆုတောင်းပါသည်…ဖူးစာတော် ရေးလို့စီ ..ပြောလိုက်ပါ့ သော်တာငွေစန္ဒီ..မှာလိုက်ပါရစီ..နွေဦးပေါက်လို့ အောင်းမေ့သည်…ပျို ချစ်သူဆီ  နေ့တိုင်း..ဘဲ စွဲလန်း ..ပန်းရနံ့ကြည်..။”  တဲ့။

တန်ခူးလမရောက်သေး။တပေါင်းလေကလည်း အရွက်တွေ ချွေနေပြီလေ။ ဟိုဘက်ကလှည့်တိုက် ဒီဘက်ကလှည့်တိုက် ။
ပိတောက်ပင်တွေ အားလုံး  အရွက်တွေကြွေပြီး အရိုးပြိုင်းပြိုင်းထကုန်သည်။     ဝေ့ကာ ၀ဲကာကျလာတဲ့ ရွက်ဝါတွေက မြေမှာ ဖရိုဖရဲ ပြန့်ကြဲလို့။ 
သီရိ စိတ်တွေလည်း ဖရိုဖရဲ ဖြစ်နေသည်လား မပြောတတ်။

ဒေါ်ကြည်အောင်သီချင်းသံကနေ ဘိုဘိုဟန်ရဲ့သီချင်းတွေဆီ ရောက်သွားပြန်သည်။ဘိုဘိုဟန်ကတော့ “ ဆရာမကိုဘဲ  အသဲစွဲအောင် ချစ်မိသည်။” တဲ့။
“ရာသီတော်ဦး  “ သံစဉ်အလိုက်အတိုင်း ဘိုဘိုဟန်က “ ဆရာမ “ တဲ့။ဆို
ထားပြန်သည်။သံစဉ်လေးတွေက ဗမာသံစစ်စစ်မို့  ကြားရတာ နှစ်လိုဖွယ်ကောင်းသလို ဒေါ်ကြည်အောင်တို့ ဘိုဘိုဟန်တို့ အသံတွေကလည်း  သာယာနာပျော်ဖွယ် ရှိလွန်းပါဘိ။ဘယ်ခေတ်ဘယ်အခါမှ ရိုးအီမသွားနိုင်သည့် သံစဉ်ကလေးများ။တနည်းဆိုရရင် နေ့မြင်ညပျောက်မဟုတ်တဲ့ သံစဉ်ကလေးများ။ တည်ငြိမ်အေးဆေးစွာ သိက္ခာ ရှိရှိ  နားဆင်နိုင်သည်။ပီတိကောင်းကောင်းစားနိုင်သည်လေ။
သီရိ ကျေနပ်လှပါ၏။
ဟော ..ကြားရပြန်ချေပြီ..တုတ်တုတ်ဗြုံး။

တောင်ဘက်ထိပ်မှာရှိသည့် နတ်စင်မှာ နတ်သွားပြပြီး ပြန်လာတာဖြစ်မည်။( ဘာ့ကြောင့် နတ်ပြရသည်ကို သီရိ
ကောင်းကောင်းမသိသေး)
ရှေးရှေးတုံးကတော့ အလှူလှည့်လာလျှင် ခြေလျင်မို့ အားရပါးရ မျက်စိတဆုံးတသီတတန်း ကြည့်ရသည်။အမှန်က ရှင်လောင်းကို ကျောင်းပို့တာပါဘဲ။မိခင်ဖြစ်သူက စောင်ခေါင်းအုံး တွေ ရွက်လာသည်။ဘခင်ဖြစ်သူကသပိတ်လွယ်ကာလာသည်။အမကြီးဖြစ်သူက သင်္ကန်းပန်းစသည်ပွေ့ပိုက်လာသည်။ဖျာခြင်ထောင်စသည် အသုံးအဆောင်ပစ္စည်းများမိတ်ဆွေအပေါင်းအသင်းများကသယ်ဆောင်ကာ ရှင်လောင်းကို အတီးအမှုတ်တွေနှင့် ကျောင်းပို့တာကို အလှူလှည့်သည် ခေါ်တာပါဘဲ။ ချစ်စရာကောင်းလှသည့် မြန်မာ့ရိုးရာ အကျင့်စရိုက်တခုပါ။ကြည်နူးစရာပါဘဲ။
တပေါင်းသာခေါင် လများနောင်လို့ အဆိုရှိပါသည်။
တပေါင်းလ၏သာယာပုံတွေကို ဂါထာခြောက်ဆယ်ပျို့နဲ့
 အဆန်းတကျယ် သီကုံးနှုံးဖွဲ့ကာ လျှောက်ထားခဲ့လို့  မြတ်ဗုဒ္ဓဟာ ကာဠုထာရီ အမတ်ရဲ့ ပင့်ဖိတ်ချက်ကို မညင်းပယ်ရက်ဘဲ လက်ခံ အတည်ပြုပြီး
ကပ္ပိလ၀တ်တိုင်းပြည်သို့ ကြွချီလိုက်ပါခဲ့ရဖူးပါသည်.။
လမ်းခရီးမှာ ငှက်ငယ်လေးများရဲ့ တီတာခွန်းသွဲ့ နွဲ့နွဲ့ကလေး တေးသီနေကြပုံမှာလဲ မပါမဖြစ် အဓိက ပါဝင်နေပါသေးသည်။

တပေါင်းလမှာ မိုးပါးလာပြီဖြစ်တဲ့အလျှောက် သောင်ပြင်မှာ သဲပုံစေတီ တည်ဆောက်ကြတဲ့ ဓလေ့ဟာ
လဲ မြန်မာတို့ရဲ့ ချစ်စရာ အကျင့်စရိုက် အလေ့အထတခုပါဘဲ။ ဒီအကြောင်းရှေးခေတ်ကဗျာစာဆိုတဦးရေးဖွဲ့ခဲ့တဲ့ တေးထပ်တပုဒ်သီရိ ကျက်မှတ်ခဲ့ဖူးတာ ကလေးသတိရလာသည်။ ခုခေတ်လူငယ်တွေက တော့ ရယ်နေကြမလားမသိ။ ဒါပေမဲ့  လေ့လာကြည့်ဖို့တော့ သီရိက လှိုက်လှိုက်လှဲလှဲတောင်းပန်
တိုက်တွန်းချင်ပါသည်တဲ့။ ဘာဘဲဖြစ်ဖြစ် ရှေးဟောင်းကဗျာလင်္ကာများကို ဘယ်လိုမှ ပစ်ပယ်မရဆိုတာ လက်ခံကြရမှာပါ။ဒါကို အခြေခံထားပြီး ခေတ်လူငယ်တွေ မိမိလိုရာ ရေးဖွဲ့သီကုံးနိုင်တာဘဲ။မဟုတ်လား။

မြသွေးအခံပင်ယံစိမ်းမှာ၊ရွေှ့လိမ်းကြံကြ ဂုဏ်တပြိုင်၊
သွေယိမ်းဟန်ပြ ၊ ပုံအခိုင်ဝယ်၊ လေသိမ်းမခိုင်ကြွေစလု၊
မရီတခါ့ရီတခါငယ် ၊ ကလိ့ကမာညိုမင်းလွင်သို့စု။
ကြိုင်ကြိုင်သင်းပျံ့အင်ကြင်းချီသည်။ပင်မင်းရွှေဖီခါရတု။
မြင်ကွင်းပီပီလောင်စာနုနှင့်၊တောင်ယာအပြုခေတ်တပုံ၊
ပုလဲရောင်ငွေ သောင်ဘွေမော့မှာ   ၊    မောင်ဆွေမယ်ကြော့ ၊ငှက်ပေါင်းညီလာစုံ။
ဖြေမရဲဘု ၊ကြေကွဲကြုံအောင်  ငွေသဲခုံသောင်စေတီဆင့်လို့
ဘရဏီယုံပွင့်ချိန်ထူးမှာ ၊ မိန်ဦးသာတင့်စွာ၊ကာဠုထရဲ့ကြောက်ဖွယ့်လျာရယ်၊
ခြောက်ဆယ့်ဂါထာစီကုံးသည်ပလေး။” တဲ့။

ဟော..တုတ်တုတ်ဗြုံးတဲ့။ လာပြန်ချေပြီ။နောက်တခု။ နောက်တခု အဲ.နောက်အလှူတခု။ကားပေါ်မှ အပျိုမကလေးတဦး
 ဖလားထဲကို လက်နှိုက်ပြီး ငွေစက္ကူ
တွေ ပေါက်ပေါက်ပွင့်တွေတဆုတ်ကြီး ရယ်ရယ်မောမော
 ကြဲချလိုက်သည် ။ခလေးတွေရော လူကြီးတွေပါ တပျော်တပါး ကြီး ပြေးပြေးလွှားလွှား သွားကောက်ကြသည်။မြန်မာတို့ရဲ့
ချစ်စရာမြင်ကွင်းအလှကလေးတခု။ကင်မရာမှတ်တမ်းတင်ရလျင်ကောင်းမည်။
အော်..အလှူတွေ ပေါလှချည့်။
အလှူရာသီဖြစ်မည်ထင်ပါ၏။
မြန်မာတွေ အလှူဒါနနှင့် မွေ့လျော်ကြတာ ကမ္ဘာကသိပါလိမ့်မည်။

သီရိတို့ဗမာတွေ သူဌေးဖြစ်ကုန်ပြီလား
”ခေတ်ဟောင်းအဆိုတော် ခင်မောင်ရင် ” ကတော့ “ မွဲတဲ့သူ လှူဒါန်းနိုင်မည်  ကျောင်းဆောက်ကာ ဘုရားပါတည်..ဘိုးဘိုးအောင် နဲ့ ရှင်အဇ္ဇဂေါဏ တို့  မ မဲ့ ကိန်းဆိုက်ပြီ “ တဲ့။ ဘိုးဘိုးအောင် တို့ ရှင်အဇ္ဇဂေါဏတို့ မလား မ မလားတော့မသိ။ သီရိတို့မြန်မာတွေ ထမင်းရေ ချောင်းစီး ပေါင်းစီးလှူဒါန်းနေသည်ကတော့ ခြိမ့်ခြိမ့်သဲသဲ။မျက်မြင်ပါဘဲ။
သီရိသိပ်ကို ပျော်နေသည်။
သီရိသူငယ်ချင်းတွေရော ..ပျော်ကြရဲ့လားမသိ။  

ခင်မေသစ်

0 comments:

Post a Comment