Saturday, August 14, 2010

ရေစက်လေးများ ... များ ... များ ... များ ... ဟော ... ပင်လယ်လောက်ကြီး

အခုတော့ လယ်ရီတစ်ယောက် သွားရှာပြီ။


ကျွန်တော်တို့လို လူပျိုတွေဆိုတာ အထီးကျန်နေတဲ့လူအမျိုးအစားတွေပါ။ ကျွန်တော်သာ အချိန်တွေများများစားစား အထီးကျန်မဟုတ်ခဲ့ဘူးဆိုရင် အဆိုကောင်းလှတဲ့ လယ်ရီဝှိုက်မန်းနဲ့ သူငယ်ချင်းဖြစ်ခဲ့ကြမှာ မဟုတ်ဘူး။ သူငယ်ချင်းတော့လည်းမဟုတ်ဘူး၊ လုပ်ဖော်ကိုင်ဖက်လို့ပြောရမယ်။ အဓိပ္ပါယ်ကတော့ သူရဲ့အကျင့်စရိုက်တွေ အသေးစိတ်ကြိုက်ကြိုက် မကြိုက်ကြိုက် သူနဲ့ အချိန်ဖြုန်းဖြစ်တာပေါ့ဗျာ။ လူပျိုကြီးတွေ အသက်ကြီးလာရင် ကျွန်တော်တွေ့နေရသလို၊ သူတို့မှာ မိတ်ဆွေအပေါင်းအသင်းကဏ္ဍချဲ့ဖို့ နယ်ပယ်ကျဉ်းသထက်ကျဉ်းလာတော့တာပဲလေ။ သူတို့ရဲ့ဘ၀တွေ၊ သူငယ်ချင်းတွေ ကလည်း အလေ့အထတစ်ခုလို မပြောင်းလဲချင်တော့ပဲ စွဲစွဲမြဲမြဲရှိလာကြတာ၊ စီမံကိန်းတစ်ခုရဲ့အစိတ်အပိုင်းလိုပဲ။ ဥပမာဆိုရရင် လယ်ရီ ကြောက်စရာကောင်းလောက်အောင် စိတ်ကြီးဝင်လွန်းတာ သိသိကြီးနဲ့လည်း လျစ်လျူရှုပြီး သူနဲ့ မှန်မှန်တွေ့လိုက် မှန်မှန်မတွေ့လိုက် နေလာ၊ ပေါင်းသင်းလာတာ နှစ်တွေကြာပြီ။ မှန်မှန်တွေ့လိုက် မှန်မှန်မတွေ့လိုက်ဆိုတာကို ကျွန်တော်ပြန်နားလည်သဘောပေါက်လာတာက လယ်ရီ့ကို အင်္ဂါနေ့ ညနေငါးနာရီနဲ့ ခြောက်နာရီမှာဆို ရှိနေကြနေရာတွေမှာ ရှိကိုရှိနေတယ်။ အလေ့အထက ပြောင်းပဲမပြောင်းတော့ဘူး။ ကျွန်တော်လည်းပဲ ဒီလိုဖြစ်လာတာပါပဲ။ သောကြာနေ့ညနေတွေဆို ဒိတ်လုပ်တဲ့ကိစ္စတွေရှိတယ်။ လယ်ရီကမေးတယ်။ ကျွန်တော်ပြောပြတယ်။ နောက်တစ်ပတ်အတွက် သောကြာနေ့ညနေ ဘာအစီအစဉ်လဲ ထပ်မေးလဲ။ ကျွန်တော်က ဒိတ်လုပ်တဲ့ကိစ္စပဲ ဖြေဦးမှာ ဒါပဲပေါ့ဗျာ။ မြန်မြန်လေးထပ်ပြောဦးမှ ကျွန်တော်က အမျိုးသမီးတွေကြိုက်တယ်။ ဒါပေမဲ့လည်း ရွေးချယ်မှုတွေကြောင့် လူပျိုတစ်ယောက်ဖြစ်နေဆဲပဲ၊ ကျွန်တော်ကရွေးချယ်လိုက်တာနဲ့ သူတို့ကရွေးပယ်လိုက်ကြတာပဲ၊ ကျွန်တော်နားလည်သဘောပေါက် လိုက်တာကတော့ လူပျိုတွေက အထီးကျန်လူသားတွေဖြစ်နေတဲ့အချိန်မှာ အိမ်ထောင်ရှင်အမျိုးသား တွေကလည်း မှီခိုတွယ်ကပ်နေသူတွေရှိလျက်နဲ့ အထီးကျန်နေကြတာပါပဲ။

ကျွန်တော် အမျိုးသမီးတွေကြိုက်တယ်လို့ ပြောရရင်။ နာမည်တပ်ပြီးသတ်သတ်မှတ်မှတ်ပြောနိုင်ပါတယ်။အကြောင်းကတော့ လယ်ရီနဲ့ ဒီလောက်ပေါင်းနေမှတော့ လယ်ရီ အဆင့်ဆင့်ရွေးချယ်သတ်မှတ်သလို ကျွန်တော်ကလဲ သဘောကျသွားတာ။ အီဒါ့ဗရေခန်- စကန်နက်တဒီမြို့တော်က အရက်ချက်သူရဲ့သမီးလေး .. သီချင်းဆိုချင်ခဲ့သူလေး။ ဂျဲနစ်ဂဲနီ - အင်ဒီယာနာပေါလစ်မြို့က ကုန်မာကုန်သည်ကြီးရဲ့သမီးလေး .. သီချင်းဆိုချင်ခဲ့သူလေး။ ဘီးထရစ်ဝါးဂ်နာ - မဲလ်ဝါးကီမြို့တော်က အတိုင်ပင်ခံအင်ဂျင်နီယာရဲ့သမီးလေး .. သီချင်းဆိုချင်ခဲ့သူလေး နဲ့ အဲလန်စပါ့ခ်စ် - ဘတ်ဖဲလိုမြို့တော်က လက်ကားကုန်စုံရောင်းသူရဲ့ သမီးလေး .. သီချင်းဆိုချင်ခဲ့သူလေးပေါ့ဗျာ။

ကျွန်တော် ဒီငယ်ငယ်ရွယ်ရွယ် ဆွဲဆောင်မှုရှိလှတဲ့ အမျိုးသမီးလေးတွေကို အစဉ်လိုက် တစ်ဦးချင်းစီ (တချို့က အိမ်ခန်းလို့ ခေါ်တဲ့) လယ်ရီရဲ့စတူဒီယို့ မှာ ဆုံတွေ့ခဲ့ရတာပါ။ လယ်ရီက သီချင်းဆိုဝါသနာပါတဲ့ ချစ်စရာအမျိုးသမီးငယ်ငယ်လေးတွေကို အသံအားကောင်းအောင်ကျင့်ပေးတဲ့ အဆိုသင်တန်းပေးပါတယ်။ လယ်ရီက နူးညံ့ပြီဆို ဆန်ဒေးချောကလက်ရေခဲမုန့်ပျော့အိအိလို အင်မတန်ချိုအီပျော့ပြောင်းလှတယ်၊ လယ်ရီက လူကောင်ထွားထွား၊ ဟိတ်ဟန်ကလဲကောင်းတယ်။ ကောလိပ်ကျောင်းဆင်း သစ်ခုတ်သမားကြီးလိုပဲ၊ ဒါမှမဟုတ် ထပ်ပြီးနှိုင်းယှဉ်ပြရရင် Royal Canadian Mounted Police (RCMP)က ရဲသားကြီးတစ်ဦးလိုပဲထွားထွားကျိုင်းကျိုင်းကြီးဗျ။ သူ့အသံကလည်း အထင်ကြီးလောက်စရာပဲ၊ ဒီလိုနဲ့ သူ့ရဲ့တပည့်မလေးတွေဟာ မရှောင်လွဲနိုင်တော့ပဲ လယ်ရီကို အချစ်ကြီးချစ်မိကုန်ကြ တော့တယ်။ ခင်ဗျားက လယ်ရီ့ကို သူတို့ဘယ်လိုချစ်ကြသလဲလို့ မေးရင် ကျွန်တော်က မေးခွန်းတစ်ခုမေးပြီးအကြောင်းပြန်ရမှာ။ စက်ဝိုင်းရဲ့ဘယ်အပိုင်းလောက်ကအနေအထားကိုဆိုလိုတာလဲ လို့ပဲ ပြန်မေးရမှာ။ ခင်ဗျားက အစပိုင်းလောက်ကလို့ ဆိုရင် လယ်ရီကိုချစ်တာ အဖေတစ်ယောက်လို ခေတ္တယာယီပေါ့။ နောက်တော့ လယ်ရီ့ကို စေတနာကောင်းလှတဲ့ဆရာကောင်း တစ်ယောက်လိုချစ်ကြတာ။ နောက်ဆုံးပိုင်းမှာ ချစ်သူတစ်ယောက်လို ချစ်မက်ကုန်ကြတော့တာ။

အဲဒီနောက်တော့ သင်တန်းက ဘွဲ့ရတဲ့တိုင်အောင်၊ လယ်ရီ နဲ့ သူ့သူငယ်ချင်းတွေက ဘွဲ့ရတယ်လို့ ခေါ်တယ်။ တပည့်မလေးရဲ့ အဆင့်ကတော့ ပြောင်းမသွားဘူး။ အဆိုတော်လဲ ဖြစ်မသွားကြဘူး။ အားလုံးက ချစ်မှုရေးရာ စ၊ လယ်၊ ဆုံး သံသရာထဲမှာပဲ တ၀ဲလည်လည်ဖြစ်ကြတယ်။ လယ်ရီရဲ့ အဆိုသင်တန်းက ဘွဲ့ရတယ် ဆိုတဲ့ စကားလုံးကို ညွှန်းဆိုရရင်တော့ အိမ်ထောင်ရေးဆိုတဲ့စကားလုံးရဲ့ အသိအမြင် ဗဟုသုတတွေ ပွင့်ပွင့်လင်းလင်း သိမြင်နားလည်သွားကြတာပဲရှိတယ်။

လယ်ရီက ဇနီးတွေကိုတစ်ယောက်ပြီးတစ်ယောက်သတ်ပစ်လေ့ရှိတဲ့ပုံပြင်ထဲက ဇာတ်ကောင်ကြီး ဘလူးဘတ်လို အမျိုးအစားတစ်မျိုးပေါ့ဗျာ။ ကျွန်တော်ပြောပါရစေ.. အခုထိတော့ သူဟာ ကံဇာတာမြင့်တက်နေတဲ့ ကံကောင်းတဲ့ ခွေးတစ်ကောင်ပေါ့။ အီဒါ့၊ ဂျဲနစ်၊ ဘီးထရစ် နဲ့ အဲလန် တို့ဟာ အံသြဖို့ကောင်းတဲ့ မိန်းမလှလေးတွေပါ။ သူတို့အကုန်လုံးက ဇာတိမြို့ကနေ နယူးယောက်မြို့တော်ကြီးဆီ ရထား၊ လေယာဉ် တစ်မျိုးပြီးတစ်မျိုးပြောင်းပြီးလာခဲ့ကြတယ်။ သူတို့အားလုံးဒါကိုကျေနပ်နေကြတယ်။ ဒီမှာပဲ ပိုပြီး ပျော်မြူးနေကြပုံပေါ်တယ်။ ဘာကြောင့်လဲဆိုတော့ သူတို့က သီချင်းဆိုချင်ခဲ့ကြတာကိုး၊ လယ်ရီကလည်း ယာယီနေရာချထားပေးဖို့ ပြဿနာမရှိပါဘူး။ တပည့်မလေးတွေပြောင်းလဲ နေရာပေးဖို့ သူ ဘယ်တော့မှအခက်မတွေ့ဘူး။ ဒါပေမဲ့ အမြဲတမ်းစီမံစောင့်ရှောက်ရမယ့် “လက်ထပ်ခြင်း” ဆိုတာကိုတော့ သူ အင်မတန်ချွေတာတယ်။ အမြဲသတိကြီးကြီးထားရှောင်တိမ်းလေ့ရှိတယ်။

လယ်ရီရဲ့ ဘ၀က လုံးလုံးလျားလျား လူပျိုလိုပဲဗျို့။ အကျိုးသင့်အကြောင်းသင့် ရှင်းချက်ထုတ်ရပြန်ရင်လဲ သူ့မှာ အမျိုးသမီးတွေကို အမျိုးသမီးလို စောင့်ရှောက်ပေးဖို့ အချိန်နည်းနည်းလေးပဲရှိတယ်။ ဘယ်လောက်ပဲ မျက်နှာသာပေးခံရတဲ့ တပည့်ဖြစ်စေဦးတော့ တနင်္လာနဲ့ ကြသပတေးနေ့ ညနေခင်းတွေမှာပဲ သူ အနားမှာရှိနေနိုင်တယ်။ သင်တန်းအတွက်အချိန်၊ သူငယ်ချင်းတွေနဲ့ နေ့လည်စာစားချိန်၊ အဆိုလေ့ကျင်ချိန်၊ ဆံသသမားဆီ သွားတဲ့အချိန်၊ ကျွန်တော်နဲ့ ကော့တေးသောက်ကြတဲ့အချိန် နှစ်ချိန်၊ တခြား အရာအားလုံးအတွက် အချိန်၊ သူရဲ့ အချိန်ဇယားက ဘယ်တော့မှမပြောင်းလဲဘူး။ ကြာချိန်မိနစ်တွေကအစ မပြောင်းလဲဘူး၊ တူတာပြောရရင် သူ့ရဲ့ စတူဒီယိုကိုလည်း နေရာတိုင်းမှာ အာလုံးကို သူကြိုက်သလိုထားတယ်။ ဘယ်သူကမှ နေရာလေးတစ်နေရာတောင်းလို့မရဘူး၊ ပစ္စည်းတစ်ခုခု နေရာပြောင်းလို့မရဘူး။ ဘယ်လောက်ပဲ တောင်းပန်းတိုးလှိုးပါစေ သူက ပစ်ပယ်လိုက်တာချည်းပဲ။ လူငယ်လူရွယ်လေးလို လက်ထပ်ထိမ်းမြားခြင်း ခြံစည်းရိုးပေါ်ရောက်နေတာတောင် လက်ထပ်ခြင်းဆိုတာက လယ်ရီ့အတွက်တော့ မဖြစ်နိုင်တဲ့အရာပါပဲ။

“အလေ့အကျင့်ဆိုတာ ငါ့ရဲ့ ခွန်အားပဲ” တဲ့ လယ်ရီ တစ်ခါပြောဖူးသေးတယ်။
အား .. သူတို့က ငါ့ကို မိအောင်ဖမ်းဖို့ ချစ်ခဲ့ကြသတဲ့လား .. ဟမ် .. ငါ့ကို ပြန်ပြီး တန်ပြန်ကြမတဲ့လား၊ ဟ ဟ ..  ကောင်းကြပါပေရဲ့၊ တကယ်က ငါ့ကို သူတို့ထောင်ခြောက်ထဲ ထည့် မဖမ်းမိခင်မှာ ငါ့ရဲ့ အချစ်ကွန်ယက်ထဲ သူတို့ကရောက်နေပြီ၊ အချစ်မေတ္တာတွေပေါက်ကွဲနေကြပြီ၊ ငါ့ရဲ့ သက်တောင့်သက်သာရှိလှတဲ့ အကျင့်လေး ဒါမှမဟုတ် သုံးထပ်ကွမ်းဒိုင်းလေးကို ငါကတော့ အတော်ကြီးချစ်တယ်ဟေ့”

“ဘယ်လို..ဟာ.. တဲ့” ကျွန်တော်မေးခဲ့တယ်။

“သုံးထပ်ကွမ်းဒိုင်းလေ ကွာ” .. သူ ပြန်ဖြေခဲ့ပါတယ်။

“အိုး” ..
သုံးထပ်ကွမ်းဒိုင်းဆိုတာ သူရဲ့ စ ၊ လယ်၊ ဆုံး အချစ်သံသရာစက်ဝိုင်းကို ပြောတာထင်ပါရဲ့။

အဲလန်စပါတ်ခ့်စ် က လယ်ရီ့ဘေးနား တ၀ဲလည်လည်ရှိနေခဲ့တယ်။ လယ်ရီ့ရဲ့ တခြားကောင်မလေးတွေထက် အခြေအနေတိုးတက်နေသလိုပဲ ထင်ရတယ်။ ဘီးထရစ်ဝါးဂ်နာဆိုရင် နှစ်လလောက်မတိုင်သေးခင်မှာပဲ ရှင်းလင်းပြီးသားဖြစ်နေပြီ။ အဲလန်ကတော့ အရင်ကလိုပဲ ဘာမှထူးထူးခြားခြားမူပျက်တာမတွေ့ခဲ့ရဘူး။ လယ်ရီ့ဘေးမှာရှိနေဆဲပဲ။ အမျိုးသမီးတွေကိုကြိုက်တယ်လို့ ကျွန်တော်ပြောခဲ့သလို၊ အဲလန်အပါအ၀င် လယ်ရီ့ တပည့်မလေးတစ်ချို့ကို ဥပမာပေးခဲ့သလို ပဲ။ စိတ်ချရတဲ့အနေအထား အကွာအဝေးကနေ ကျွန်တော်သူတို့ကိုကြိုက်တယ်။ လယ်ရီ ရဲ့ ဒိုင်း သံသရာမှာ ဇာတ်လမ်းတွေအားလုံးရပ်ပြီး အိမ်ကနေအဝေးရောက်နေတဲ့ ဖခင်တစ်ယောက်အဖြစ်၊ စိတ်ကြိုက်ပြန်ပြီး ပြောင်းလဲတဲ့အခါ ကျွန်တော်က အဖေတစ်ယောက်အမျိုးအစားလိုပဲ ဖြစ်လာတော့တာပဲ။ စိတ်မကောင်းခြင်းကြီးစွာဖြစ်နေတဲ့ ဖခင်တစ်ဦးပုံစံကြီး ကရော်ကမယ် သဏ္ဍာန်လုပ်သရုပ်ဆောင်ရတယ်ဗျ။ မိန်းကလေးတွေကလည်း သူတို့ဘာတွေဖြစ်နေသလဲ ပြောပြလိုစိတ်ရှိကြတယ်။ ကျွန်တော့်ဆီကလဲ အကြံဥာဏ်တောင်းကြတယ်။ ကျွန်တော်ဆိုတဲ့ စိတ်ချဉ်ပေါက်စရာအကြံပေးကလည်း သူတို့ကိုပြောစရာ တွေးလိုက်တိုင်း  “အို ဟုတ်ပါရဲ့.. ဘယ်လောက်ဆိုးဝါးလိုက်သလဲ .. မင်းဟာ အင်မတန်ငယ်ရွယ်လှပပါတယ်ကွယ်” ဒီတစ်ခုပဲပြောတတ်တယ်ဗျို့။

အဲလန်စပါတ့်ခ်စ်ကိုတော့ အလွန်အမင်းချစ်စရာကောင်းတဲ့ ဆံပင်မည်းသိပ်သိပ်၊ မျက်ဆံနက်နက်နဲ့ ညိုချောလေးမို့ ပိုက်ဆံအတွက်၊ ဟိုဟိုဒီဒီမေတ္တာရေးကိစ္စတွေအတွက်နဲ့ စိတ်ဓါတ်ကျနေမယ် မထင်ဘူးလို့ ပြောတတ်သလောက် ခပ်များများပြောခဲ့တယ်။ အဲလန်ရဲ့ စကားသံလေးက လိုအပ်သလောက်လေးပဲ ချိုမြလိုက်တာ၊ ဒါပေမဲ့ သူသီချင်းဆိုလိုက်ရင်တော့ လိုဏ်ထဲက ထိုးထွက်လာတဲ့ အသံမျိုးပဲ၊ “ဂျူး စောင်းသံနဲ့ စာသားကိုဆိုထားတဲ့အသံမျိုး” လို့ လယ်ရီကပြောခဲ့တယ်။ “အီတလီသီချင်းစာသားကို အနောက်အလယ်ပိုင်းလေသံနဲ့ ဆိုသလိုမျိုးလဲ ဟုတ်တယ်” လို့ မှတ်ချက်ပေးတယ်။ ဒါပေမဲ့ အဲလန့်ကို လယ်ရီ အတော်ကြာချုပ်ကိုင်ထားခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ အဲလန့်ကို ကြည့်ရရင် ပျော်ရွှင်စရာတွေပြည့်နေတယ်။ သူ့ရဲ့ သင်တန်းကြေးကို ချက်ချင်းပေးတယ်။ ပြီးတော့ လယ်ရီရဲ့ သင်ခန်းစာတစ်ခုအတွက် သင်တန်းကြေးတောင်းတဲ့အချိန်ဟာ လယ်ရီသုံးစရာလိုတဲ့အချိန်တိုင်း ဖြစ်တယ်ဆိုတာ အဲလန်က ဘယ်တော့မှ သတိပြုမိဟန်မတူဘူး။

တကြိမ်တော့ ကျွန်တော် အဲလန့်ကို “အဆိုတော်ဖြစ်ဖို့ဘယ်ကများစိတ်ကူးရလာသလဲ” လို့ မေးခဲ့ဖူးတယ်။ သူ ဖြေတာက လီလီပွန်းစ်ကိုကြိုက်လို့ပါ တဲ့။ သူ့အတွက်တော့ ဒီအဖြေက အသင့်တော်ဆုံး၊ အပြည့်စုံဆုံးတစ်ခုလို့ပဲ သတ်မှတ်ထားပုံရတယ်။ အမှန်တကယ်တော့ သူ ... အိမ်ရဲ့တသီးတသန့် ဆန်လွန်းတာကို ထားပစ်ခဲ့ချင်တာ။ သူ့ကိုတစ်ဦးတစ်ယောက်ကမှ မသိတဲ့ တစ်နေရာရာမှာ ချမ်းသာကြွယ်ဝချင်တာ လို့ ကျွန်တော်ထင်တယ်။ သူက တခြားမိန်ကလေးတွေထက် ဂီတ၊ အနုပညာ ဒါတွေကို ပိုပြီး ပြင်းပြင်းထန်ထန်စိတ်ဝင်စားတယ်။ သတင်းမဂ္ဂဇင်းတွေအများကြီး လစဉ်ကြေးပေးသွင်းထားပြီး နေ့တိုင်း အဲဒီမဂ္ဂဇင်းတွေဖတ်တယ်။ အရေးကြီးမယ်ထင်တဲ့ စာမှန်သမျှ မျဉ်းသားထားတယ်။ သူ့ရဲ့ ဒေါ်လာသုံးဆယ်တန် ဖောင်တိန်နဲ့လေ။

ကောင်းပါပြီ... အခု နယူးယောက်ဖခင်ကြီး ကျွန်တော့်ကို အဲလန်ပြောတာက .. အရင့်အရင် အမျိုးသမီးလေးတွေ ပြောကြ၊ ကြေငြာကြသလိုပါပဲ .. သူ လယ်ရီ့ကို ချစ်ခဲ့တယ်။ မသေချာလောက်ပေမဲ့ လယ်ရီကလည်း သူ့ကို တော်တော်ကြီးချစ်တယ်လို့ အဲလန်ကယုံကြည်ခဲ့တယ်။ သူ ကိုယ့်ကိုယ်ကို ဂုဏ်ယူနေခဲ့ပါတယ်။ အတော်အသင့်အောင်မြင်နေတဲ့အမျိုးသားတစ်ဦးနဲ့ ရှေ့ဆက် သေချာပေါက် ခရီးဆက်နိုင်မယ်လို့ထင်နေခဲ့တယ်။ သူ အိမ်က ထွက်လာတာ ငါးလအတွင်းမှာပဲ အောင်မြင်မှုတွေ ရလာပြီလို့ အရသာခံတွေးနေတယ်။ ဘတ်ဖဲလိုမှာလည်း ဒီအကြောင်းတွေ တစာစာပြောနေခဲ့တယ်။ အနုပညာအကြောင်းတစ်ရှုးထိုး ပြောဆိုခဲ့ကြတဲ့ ညနေခင်းတွေ။ ၀ိုင်ခွက်တွေရဲ့ညနေခင်းတွေ၊ အဲဒီအကြောင်းတွေ သူ ဆုတ်ဆိုင်းဆုတ်ဆိုင်း ယုံကြည်နေခဲ့ပါတယ်။

“တနင်္လာနဲ့ ကြာသပတေးညနေခင်းတွေ” ကျွန်တော်မေးခဲ့တယ်။

သူ အလန့်လန့်အဖြတ်ဖြတ်ဖြစ်သွားဟန်နဲ့ ပြူးပြီးကြည့်တယ်။ “ရှင်ကဘာလဲ၊ ချောင်းမြောင်းနေတဲ့တွမ် လား” လို့တင်စားပြီး ပြန်မေးတယ်။

ရက်သတ္တခြောက်ပတ်ကြာပြီးတဲ့အခါ အဲလန်ပြောတယ်။ လယ်ရီ့ကြည့်ရတာ လက်ထပ်ဖို့ ဆန်းစစ်နေဟန် တူတယ်။ သူကလဲ အဲဒီ လက်ထပ်ခြင်း ကို စောင့်ဆိုင်းနေပါတယ်လို့ ပြောခဲ့တယ်။ ရက်သတ္တခုနှစ်ပတ်ကြာတဲ့အခါ သူ ဘွဲ့ရတော့တယ်။ တနည်းအားဖြင့် အဆိုသင်တန်းပြီးသွားတယ်ပေါ့။ ကျွန်တော်လည်း လယ်ရီ့ရဲ့အင်္ဂါနေ့ဖုန်းအခေါ်ကြောင့် ကျွန်တော့်ရဲ့ အင်္ဂါနေ့မှာ ကော့တေးဆိုင်ဆီ ထွက်လာခဲ့တယ်။ လမ်းမဘက်ဖြတ်လျှက်မြင်ရတဲ့နေရာ အ၀ါရောင်ကူရှင်မှာ အဲလန်ထိုင်နေတာ ကျွန်တော်တွေ့တယ်။ စကားမစပ်ပြောပြရရင်၊ သူက ကူရှင်ထဲ ကိုယ်ကို ကုန်းကုန်းကြီးနှစ်မြှုပ်ပြီး ခေါင်းငိုက်စိုက်ချရက်သားထိုင်နေတယ်။ တစ်ချိန်တည်းမှာပဲ အာခံချင်ဟန်ပုံစံ သူ့မျက်နှာမှာ မြင်နေရပြီ၊ ဘာတွေဖြစ်ပျက်ခဲ့ပြီးပြီလဲဆိုတာ ကျွန်တော် သိခဲ့ပြီ၊ ပုံပြင်ဟောင်းတွေအတိုင်း သေလုမြောပါးကိစ္စတစ်ခု ဖြစ်ဦးတော့မယ်။ သူ့ကို ဒီအချိန်တစ်ယောက်တည်းလွှတ်ပေးထားတာ အကောင်းဆုံးလို့ ကျွန်တော်တွေးနေတုန်းမှာပဲ။ သူ... အဲလန် .. ကျွန်တော့်ကို ရှာတွေ့သွားတယ်။ ပြီးတော့ ကျွန်တော့်ဆံပင်တွေကို သူ့ရဲ့ထရမ်းပက် လေအရှိန်နဲ့ မှုတ်ထုတ်တယ်။

“အိုး .. အဲလန် ..ဟဲလို သင်ခန်းစာပြီးသွားပြီလား”

“လုပ်လိုက်ပေါ့ .. ရှင် ကျွန်မကို ရယ်မောနိုင်ပါတယ်”

“ငါ .. မရယ်ပါဘူး။ ငါ ဘာကြောင့် ရယ်မောရမှာတဲ့လဲ”

“ရှင်က အတွင်းလူပဲလေ” သူ က ခါးသည်းစွာပြောတယ်။ “ကဲ ကိုယ့်လူ.. ရှင်လည်း တခြားကိစ္စတွေသိနေခဲ့တာပဲမလား။ ရှင် သိခဲ့တယ်မဟုတ်လား၊ သူတို့ ဘာတွေဖြစ်ခဲ့ကြတယ်၊ ကျွန်မဘာတွေဖြစ်မလဲ ရှင်သိခဲ့တာပဲမဟုတ်လား”

“လယ်ရီ့ကျောင်းသားတွေနဲ့ပတ်သတ်ပြီး ငါသိတာတွေသိပ်များတာဟုတ်ပါတယ်။ သူတို့တွေ လယ်ရီနဲ့ တော်တော်လေး တွယ်ငြိကြတယ်”

“ပြီးတော့ .. ပြတ်စဲကြတာကိုရောပဲလား။ ကောင်းပါရဲ့ရှင်။ ဒီမှာက မပြတ်စဲချင်တဲ့ မိန်းမငယ်တစ်ယောက်လေ”

“သူ က အင်မတန် အလုပ်များတဲ့သူကြီး.. အဲလန်”

“လယ်ရီက ပြောတယ်။ သူ့ရဲ့ရည်မှန်းချက်က သ၀န်တိုတဲ့အိမ်ရှင်မတစ်ဦးတဲ့” အဲလန်က ခြောက်ကပ်ကပ်ကြီးပြောတယ်။ “အဲဒါကျွန်မကို ဘာလုပ်တာလဲ။ အဲဒီ လယ်ရီရဲ့ မှတ်ချက်က ကျွန်မကပဲ လိုအပ်တာထက် အသားနည်းနည်းပေါနေတယ်လို့ ပြောနေသလို”

“ကဲ .. အဲလန်.. ငါထင်ပါတယ်။ မင်း ဒီဇာတ်လမ်းပြီးလိုက်တာကောင်းတယ်။ မင်းရဲ့ အသက်အရွယ်မှာ တစ်စုံတစ်ဦးနဲ့ နီးစပ်ဖို့ ထိုက်တန်လှပါတယ်”

“အဲဒီသဘောက ကျွန်မက လယ်ရီနဲ့ထိုက်တန်တယ်ပေါ့”

“မင်းက သူ့ကို လိုချင်တယ်။ အဲဒီလို လုံလောက်အောင်ရူးသွပ်နေပါစေ။  မင်း သူ့ကိုမရနိုင်ဘူး။ သူ့ရဲ့ဘ၀ကြီးက ပြောင်းမရတဲ့အကျင့်တွေနဲ့ ကျောက်ဖြစ်နေတာကွ။ သူက ဇနီးတစ်ယောက်အလိုကို လိုက်လျောနိုင်မယ်မထင်ဘူး။ မက်ထရိုပိုလီတန်အော်ပရာကုမ္ပဏီမှာ စီးပွားဖြစ်သီချင်းဆိုတာကမှ ပိုပြီးလွယ်ကူဦးမယ်ကွာ”

“ကျွန်မ ပြန်လာမှာပဲ”  အဲလန်က ခက်ထန်စွာကြိမ်းမောင်းပြောခဲ့တယ်။

ကျွန်တော်ဝင်လာတော့ လယ်ရီရဲ့ကျောဘက်ကိုမြင်ရတယ်။ သူ အမျိုးမျိုးရောစပ်သောက်သုံးနေတယ်။

“မျက်ရည်တွေနဲ့လား”
သူက မေးပါတယ်။

“သေသေသပ်သပ်ပါပဲ” ကျွန်တော်ဖြေလိုက်တယ်။

“ကောင်းပါလေ့” လယ်ရီကပြောတယ်။ ကျွန်တော်ကတော့ တကယ်ပဲ သူပြောသလို ကောင်းရဲ့လား ဝေခွဲမရဖြစ်နေတယ်။

“သူတို့တွေ ငိုယိုကြတိုင်း ငါလဲ အမြဲခံစားရတာပဲကွ” သူ့ရဲ့လက်တွေကို မြှောက်ယမ်းပြီးပြောတယ်။ “ဒါပေမဲ့၊ ငါ ဘာလုပ်နိုင်မလဲ၊ “ငါရဲ့ရည်မှန်းချက်က ၀န်တိုတတ်တဲ့အိမ်ရှင်မလေ”

“ငါ သိပါတယ်။ အဲလန် ငါ့ကိုပြောတယ်. ဘီးထရစ် ငါ့ကိုပြောတယ်။ ဂျဲနစ် ငါ့ကိုပြောတယ်။ အီဒါ့ ငါ့ကိုပြောတယ်” ကျွန်တော် ဒီလို အမည်စာရင်းနဲ့ပြောလိုက်တာက လယ်ရီ့အတွက် စိတ်ကျေနပ်စရာဖြစ်သွားစေတယ်။ “စကားမစပ် .. အဲလန်ကပြောတယ်နော်။ သူ မပြတ်စဲချင်ဘူးတဲ့”

“တကယ်ပဲလား .. ဘယ်လောက်များ ဥာဏ်မကြီးလိုက်သလဲ။ ကောင်းပြီလေ .. ငါတို့ ဘာကိုမြင်တွေ့ရမလဲ၊ မြင်သင့်တာကိုမြင်မယ်ကွ”

ဘုရားသခင်က သူ့ရဲ့ကောင်းကင်ဘုံမှာရှိနေတယ်။ ကောင်းကင်ဘုံနဲ့ဝေးကွာနေသလို  အဲလန်နဲ့ ပတ်သတ်သမျှတွေနဲ့ ဝေးကွာခဲ့တယ်။ ရက်သတ္တတွေပြီးဆုံးတော့ အဲလန် ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေပိုရှိလာပြီး နယူးယောက်ကျော်ကြားသူတစ်ဦး အဖြစ် အသိအမှတ်ပြုခံရတဲ့လက်မှတ်တစ်ခု ဘတ်ဖဲလိုကို ယူဆောင်သွားနိုင်ခဲ့တယ်။ သူ ကျေနပ်နေပုံပါပဲ။ သူ လယ်ရီနဲ့ပြတ်စဲပြီးနောက်ပိုင်း၊ အဲဒီမှာ ကျွန်တော် အဲလန်ကို တွေ့ခဲ့တယ်။

သူ့အသက်အရွယ်မှာ တစ်စုံတစ်ယောက်နဲ့နီးစပ်ဖို့ ထိုက်တန်တယ်လို့ လယ်ရီနဲ့ ကျွန်တော်ပြောဖြစ်ကြသလို အဲလန် က အမြဲတမ်းအဲဒီလို ပုံစံလေးနဲ့ပါပဲ။ သူ့ရဲ့ချစ်စဖွယ် ကြောင်တက်တက်ဟန်လေးနဲ့ပဲဗျာ။ စားသောက်ဆိုင်မှာ ကျွန်တော်တို့ တွေ့သွားကြတယ်။ ကျွန်တော့်ရဲ့ခေါင်းအညိမ့်တွေကိုလဲ အဲလန်လျစ်လှူရှုတယ်။ ကျွန်တော်ကလည်း ဒီဇာတ်ကြောင်းရဲ့ တစ်စိတ်တပိုင်းပဲလို့ အဲလန်ထင်မြင်နေပုံရတယ်။ တစ်နည်းအားဖြင့် သူ့ကို အရှက်ခွဲဖို့ဆိုတဲ့ လယ်ရီ့ရဲ့စီမံကိန်းကြီးထဲမှာ ကျွန်တော်ပါတယ်လို့ အဲလန် ထင်နေတယ်။ အနားမှာရှိနေတဲ့ လူတစ်ဦးကိုခေါ်ပြီး နေ့လည်စာအတွက်မှာတယ်။ အဲလန် ကျွန်တော့်စားပွဲနောက်တလုံးမှာ ၀င်ထိုင်တယ်။ သူ့ရဲ့ လည်ချောင်းဖြူလွလွလေးကိုရှင်းတယ်။

“ရှင် ဒီရက်တွေအတွင်း ဘယ်လိုလဲ” သူ က အေးအေးစက်စက် မေးတယ်။ “ရယ်မောစရာတွေ အများကြီးပြည့်လျှက်ပဲလား”

“အိုး .. ဟုတ်တာပေါ့ .. အများကြီးမှ အများကြီး ရက်စက်ရမှ နေသာထိုင်သာ ရှိသူကြီးပဲလေ၊ မင်းသိလား၊ နယူးဂျာစီက ဒါကို တရားဝင်ခွင့်ပြုလိုက်ပြီ။ အင်ဒီရာနာနဲ့ ၀ိုင်အိုမီကတော့ အစွန်းအနားပဲရှိသေးတယ်”
အဲလန် ခေါင်းညိမ့်ပါတယ်။ “ရေတွေက ခပ်နက်နက်စီးဆင်းနေတုန်းလေ” သူက စဉ်းစားရခက်ခက်၊ တစ်ခုခုထိန်ဝှက်ထားဟန်နဲ့ ပြောလိုက်တယ်။

“ငါ့ကို များ ဆိုလိုသလား အဲလန်”

“ရှင့်ကို”

“ငါ သိပြီ” ကျွန်တော် နားလည်ရခက်နေစွာ ပြောပါတယ်။ “မျက်လုံးချင်းဆုံစရာထက် မင်းဆီမှာ အများကြီးပဲ လို့ မင်းဆိုလိုတာလား။ ငါ သဘောတူတယ်” ကျွန်တော် သဘောတူတယ် လို့ ပြောခဲ့တယ်။

လယ်ရီရဲ့ မျက်လုံးလေ” သူ က ပြောတယ်။

“အိုး .. လုပ်စမ်းပါ .. မင်းက အသေအချာကိုကျော်ဖြတ်ခဲ့ပြီပဲ။ သူက မာနကြီးပြီး တကိုယ်ကောင်းဆန်တဲ့လူစားမျိုးပါ။ ပြီးတော့ သူ့ရဲ့ ဗိုက်လုံးကြီးကို ခါးပတ်နဲ့ ထုပ်ပိုးထားနေရပြီ”

“မဟုတ် .. မဟုတ်ဘူး .. ကျွန်မကို တဆိတ်လောက် ပို့စ်ကတ်တွေနဲ့ ထရမ်းပက်အကြောင်းသာ ပြောပြစမ်းပါရှင်။ အဲဒါတွေအကြောင်း သူ ဘာပြောလဲ”

“ပိုစ့်ကတ်တွေ .. ထရမ်းပက်” ကျွန်တော် ခေါင်းယမ်းပြလိုက်တယ်။ “သူ အဲဒီ စကားလုံးတွေ မပြောပြဖူးဘူး”

“ဒါပေါ့”
အဲလန်က ပြောတယ်။ “ကောင်းလိုက်တာ၊ လုံးလုံးလျားလျားပဲ။ ဒါပေမဲ့ ပြည့် ...” ဆိုပြီး အဲလန်က စကားကိုရပ်ထားလိုက်တယ်။

“ဆောရီး ... ကျွန်တော် .. စိတ် ...   ပြီးတော့ ကျွန်တော့်မှာ အရေး .. အချိန်း ... တစ်ခုရှိတယ်” ကျွန်တော် လဲ စိတ်ပေါက်ပေါက်ရှိတာနဲ့ ရွတ်တွတ်တွတ်ပြောပစ်လိုက်တယ်။

“ဘာတွေပြောနေတာလဲ”  အဲလန် မေးတယ်။

“ကျွန်တော်ပြောတာက .. ကျွန်တော် စိတ်ရှုပ်ထွေးနေပြီ။ အဲလန် ပြီးတော့ ကျွန်တော် နားလည်ဖို့ ကြိုးစားပါတယ်။ ဒါပေမဲ့ ကျွန်တော့်မှာ အချိန်မရှိဘူးဗျ။ ကျွန်တော်မှာ အရေးကြီးတဲ့ အချိန်းအချက်တစ်ခု ရှိတယ်။ ကံကောင်းပါစေ။ ချစ်စရာ အဲလန်ရေ”

အချိန်းအချက်က သွားဆရာဝန်နဲ့တွေ့ဖိုပါ။ အဲလန်နဲ့ ခက်ထန်တဲ့တွေ့ဆုံမှုပြီးတော့ နေ့လည်ခင်းတစ်ခုက ပြိုက်ကနဲ ကုန်သွားတယ်။ ကျွန်တော်ဆုံးဖြတ်ခဲ့တယ်။ လယ်ရီ့ကိုရှာမယ်။ ပို့စ်ကတ်တွေနဲ့ ထရမ်းပက် အကြောင်းမေးရမယ်။ အဲဒီနေ့က အင်္ဂါနေ့၊ ညနေလေးနာရီ၊ ဒါကြောင့် လယ်ရီ သူ့ရဲ့ဆံသသမားဆီ ရောက်ကိုရောက်နေရမယ်။ ကျွန်တော် အဲဒီဆိုင်ကိုသွားခဲ့ပါတယ်။ ထိုင်စရာခုံဆွဲယူပြီး သူ နဲ့ယှဉ်လျှက် ထိုင်လိုက်တယ်။ သူရဲ့ မျက်နှာမှာ ဆပ်ပြာမြှုပ်တွေ ဖွေးဖွေးထလို့၊ ဒါပေမဲ့ အဲဒါ လယ်ရီပဲ ဆိုတာ သေချာသိတယ်။ နှစ်တွေအများကြီး၊ အင်္ဂါနေ့ ညနေလေးနာရီ ဒီထိုင်ခုံနေရာမှာ လယ်ရီကလွဲရင် ဘယ်သူမှ မရှိခဲ့ပါဘူး။

“တဆိတ်လောက်ဗျာ” ကျွန်တော် ဆံသသမားကို ပြောတယ်။ ပြီးတော့ လယ်ရီ့ဘက်လှည့်ပြီး

“အဲလန်စပါတ့်ခ်စ် ကပြောခဲ့တယ် ရေတွေက ခပ်နက်နက်စီးဆင်းနေတုန်းလေဆိုတာ မင်း သိသင့်တယ်ဆိုပဲ”

“အင်း” .. ဆပ်ပြာမြှုပ်ဖွေးဖွေးကြီး လယ်ရီက မေးတယ်။ “အဲလန်စပါတ့်ခ်စ် က ဘယ်သူလဲကွ”

“မင်းရဲ့ ကျောင်းသူဟောင်းတစ်ယောက်လေ၊ သတိရပြီလား”  ဒီလို မေ့လျော့ခြင်းလုပ်ရိုးလုပ်စဉ်ကြီးကလဲ လယ်ရီရဲ့ အိုမင်းဟောင်းနွမ်းနေတဲ့ ပရိယာယ်တစ်ခုပဲ။ ကျွန်တော် အားလုံးသိနေခဲ့ပါတယ်။ “သူ က လွန်ခဲ့တဲ့နှစ်လကပဲ ဘွဲ့ရသွားခဲ့တာလေးကွာ”

“ကျောင်းသားတွေအားလုံး မှတ်မိနေဖို့က ခက်ခဲတဲ့အလုပ်ကြီးပါ”
သူက ပြောတယ်၊၏။ “ဟို ဘတ်ဖဲလိုလေး လေကွာ၊ လက်လီရောင်းကုန်စုံတွေလေ” ကျွန်တော်သတိရသလောက် ပြန်ပြောပြခဲ့တယ်၊ “အခု .. ရှန်ပူလားဗျို့”  လယ်ရီက ဆံသသမားကို မေးတယ်။

“အစစ်ပေါ့၊ မစ္စတာဝှိုက်မန်း၊ ပုံမှန်အတိုင်း ရှန်ပူက နောက်တစ်ဆင့်ပေါ့”

“သူ က ပို့စ်ကတ်တွေနဲ့ ထရမ်းပက်အကြောင်း သိချင်နေတာကွ”

လယ်ရီ စဉ်းစားပြီးပြောတယ်။ “မဟုတ်သေးပါဘူး။ ဘာခေါင်းလောင်းမှ မမြည်ခဲ့ပါဘူး” သူ လက်ချောင်းတွေကို တဖြောက်ဖြောက်မြည်အောင် ချိုးတယ်။ “အိုး .. ဟုတ်တယ်ဟေ့ .. ဟုတ်တယ် .. ဟုတ်ပြီ.. မင်း သူ့ကိုပြောလိုက်စမ်းပါကွာ။ သူက အဲဒါတွေနဲ့ ငါ့ကို မနက်တိုင်း ဖျက်ဆီးနေခဲ့တာ၊ မနက်တိုင်း စာတွေထဲမှာ သူရဲ့ပိုစ့်ကတ်က ရောက်နေပြီ။ သူက ဘာပြောသေးလဲ၊ သူ့ကို ပြောပါ၊ ငါ့ရဲ့မနက်စာ လေးမိနစ်ကြက်ဥတွေစားနေပြီ ဆို စာရောက်လာပြီ၊ စာတွေထဲ သူ့ ကတ်က ထိပ်ဆုံးကပဲဟေ့၊ မနက်စာကြက်ဥတွေကုန်အောင်စားတယ်။ ပြီးတော့ .. ဘာလုပ်လဲဆိုတော့၊ သူ့ ပိုစ့်ကတ်ကို နှစ်ပိုင်းဆွဲဆုတ်တယ်၊ ပြီးတော့ လေးပိုင်း၊ ပြီးတော့ တစ်ဆယ့်ခြောက်ပိုင်း၊ ပြီးရင်တော့လား ငါ့ရဲ့အမှိုက်ခြင်းလေးထဲမှာ နှင်းမုန်တိုင်းသေးသေးလေး မွှေတော့တာပေါ့ကွာ၊ ပြီးတော့ ကော်ဖီသောက်ချိန်၊ သူ ဘာပြောလဲ မှတ်မိနိုင်တဲ့ မှတ်ဥာဏ်စွမ်းအား ငါ့မှာမရှိဘူး”

“ပြီးတော့ ထရမ်းပက် ကရော”

“အလိုလေးလေး ကတ်တွေထက် ပိုပြီးကြောက်စရာကောင်းတဲ့ အပြစ်ပေးမှုပေါ့ကွာ” သူ က ရယ်မောပါတယ်။ “ငရဲမှာတောင် မိန်းမတွေရဲ့မထေမဲ့မြင်ပြုသလို ဒေါသမာန်ဟုန်ကြီးတာမျိုးရှိမယ်မထင်ဘူး၊ ... ဆိုတော့ကာ၊ နေလည့်ခင်းတိုင်း နှစ်နာရီခွဲဆို ငါ လေကျင့်ခန်းစတဲ့အချိန်၊ ဘာဖြစ်တယ်ထင်လဲ”

“ အဲလန်က မင်းကို ကြမ်းပြင်ကနေ အပေါ်ကို မြောက်တက်သွားအောင် ထရမ်းပက်ကြီးနဲ့ ငါးမိနစ်လောက် မှုတ်နေမှာပေါ့”

“သူလား အဲဒီလောက် သွေးမရှိပါဘူး။ နေ့ခင်းတိုင်း ငါကြားရတယ် မသိမသာလေးပါပဲ၊ ပြီးတော့ ဂီယာထိုးတဲ့အသံကြားတယ်။ မိုက်မဲတဲ့ ကလေးတစ်ကောင် ပြေးပြီလေ”

“မင်း စိတ်အနှောင့်အယှက် မဖြစ်ဘူးပေါ့။ ... ဟမ်”

“ငါ့အတွက် စိတ်အနှောင့်အယှက်၊ ငါက ထိခိုက်လွယ်တဲ့သူမျိုးလို့ သူက ထင်နေမှာ၊ သူမှန်ပါတယ်။ ဒါပေမဲ့ သူက ငါ့ရဲ့ လိုက်လျောညီထွေနေတတ်မှုကို လျှော့တွက်တာကိုး၊ ပထမရက်တွေတုန်းက စိတ်ရှုပ်ခဲ့ရတယ်၊ ဒါပေမဲ့ ခုတော့ ရထားတစ်စင်းဖြတ်သွားတာထက် ဘာမှ ပိုပြီးမခံစားရတော့ဘူး။ မင်းပြောပြောချင်း မင်းဘာပြောနေမှန်း တကယ်ကို နားမလည်ခဲ့တာကွ။ တစ်မိနစ်လောက်စဉ်းစားပြီးမှ အမှတ်ရသွားတာဟေ့၊ ဘာ ထရမ်းပက်များလဲလို့”

“အဲဒီမိန်းကလေး မျက်လုံးထဲ သွေးတွေစီးဝင်နေပြီ” လို့ ကျွန်တော်ပြောလိုက်တယ်။

“သူ ဦးနှောက်လေးနည်းနည်းပို အလုပ်ပေးပြီး ဘာ ပို့မလဲ သေချာလုပ်သင့်တယ်” လယ်ရီက ပြောခဲ့တယ်။
“ဒါနဲ့ စကားမစပ်၊ ငါ့ရဲ့ကျောင်းသူအသစ်လေးကို ဘယ်လိုထင်လဲကွ”

“ခရစ်တီးနား”

“သူ သာ ငါ့ရဲ့သမီးလေးဖြစ်ခဲ့ရင်” ... သူ က လေ့လာဖို့ စိတ်အားထက်သန်လှတဲ့ကလေးမလေးဆိုပြီး လယ်ရီ က ခရစ်တီးနားအကြောင်း အားပါးတရ ချီးမွမ်းစကားဆိုတော့တယ်။

“နောက် ၁၀နှစ်ဆို ခရစ်တီးနားက Hot Cross Buns မှာ ဆိုဖို့ အသင့်ဖြစ်ပြီ။ သူ မင်းကို အံ့အားသင့်စေမှာကွ”

“ငါတော့ သူလုပ်နိုင်မယ် မထင်ဘူး။ ဒါပေမဲ့ အဲလန်ကတော့ လုပ်နိုင်တယ်” 
ကျွန်တော် လယ်ရီ့ကို ဆန့်ကျင်ပြီးပြောပါတယ်။

“အဲလန် .. ဘယ်သူ .. တဲ့”  လယ်ရီက ပူနေတဲ့ မျက်နှာသုတ်ပုဝါအောက်ကနေေ၀၀ါးဝါး မေးခွန်းထုတ်ပြန်တယ်။
ဆံသဆိုင် တယ်လီဖုန်းမြည်လာခဲ့ပါတယ်။ ဆံသသမား အနည်းငယ်လှုပ်ရှားလိုက်စဉ်မှာပဲ ဖုန်းမြည်သံ ရပ်သွားတယ်။

“ရယ်စရာပဲ၊ မကြာသေးခင်ကပဲ မစ္စတာဝှိုက်လာတိုင်း  အဲဒီလိုဖုန်းထထမြည်တယ်။ ပြီးတော့ ကျသွားတယ်။ ချသွားတယ်”

ကျွန်တော် အိပ်ရာထဲ အိပ်မောကျနေတုန်း ဖုန်းမြည်ခဲ့တယ်။
“ငါ လယ်ရီဝှိုက်မန်းဟေ့”

“သေလိုက်စမ်းကွာ၊ ဖုန်းချလိုက် လယ်ရီဝှုက်မန်း” နာရီက မနက်ခင်းနှစ်နာရီပဲရှိသေးတယ်လို့ ပြောနေပါတယ်။

“အဲဒီမိန်းကလေးကို လက်လျှောဖို့ ပြောလိုက်စမ်းပါ။ မင်း ကြားရဲ့လား”

“ကောင်းသားပဲ၊ ၀မ်းသာစရာပဲ မင်းတောင်းပန်မယ်ပေါ့” ကျွန်တော် စဉ်းစဉ်းစားစားပြောလိုက်တယ်၊ “ဘယ်သူလဲ” “ဘာလဲ” သေချာအောင်ထပ်မေးတယ်။

“အဲဒီ လက်ကားကုန်စုံဆိုင်ကမိန်းကလေးလေ၊ ဘတ်ဖဲလိုလေးပေါ့၊ မင်း ငါပြောတာ ကြားလား၊ သူ့ကို ချက်ချင်းလက်လျှော့ခိုင်းရမယ်၊ အလင်းတွေနဲ့ .. ဘုရာစူးအလင်းတွေကွာ”

ကျွန်တော်ဖုန်းခွက်ထဲ ဖုန်းကို ဆောင့်ပြီးချလိုက်တယ်။ စိတ်ထဲမှာလည်း လယ်ရီ နားစည်ကွဲ နားငြီးသွားလဲ ကောင်းတာပဲ လို့တွေးနေခဲ့တယ်။ မနက်မိုးလင်းလာတော့ ကျွန်တော်နားလည်သဘောပေါက်လိုက်ပြီး စိတ်ထဲမှာ အဲဒီအကြောင်းပဲ စဉ်းစားမိခဲ့တယ်။ အဲလန် တော့ သူ့ရဲ့နောက်ဆုံးလှို့ဝှက်လက်နက်ကို ထုတ်သုံးတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ လယ်ရီ အဲဒီညက ဂီတဖျော်ဖြေပွဲရှိတယ်။ လူတွေအားလုံးရဲ့ရှေ့မှာ လယ်ရီ့ကို စူးရှတဲ့အလင်းနဲ့ ထိုးခဲ့တာဖြစ်နိုင်ပါတယ်။

“သူ မင်းကို အလင်းနဲ့ မျက်စိကန်းစေခဲ့တာလား”

“ဆိုးတယ်ဟေ့ ... အဆောက်အဦးက မီးတွေအရှိန်ချလိုက်တဲ့အချိန်မှာ သူရဲ့ ရူးနှမ်းနေတဲ့ မျက်နှာကို အဲဒီဖလက်ရှ်အလင်းနဲ့ ထိုးပြီးတော့ ပြလာတာ။ ပရိသတ်တွေကလဲ ဖလက်ရှ်အလင်း သော့တွဲတွေ ယူလာကြတယ်။ အဲဒါတွေနဲ့ တစ်ချိန်လုံး ကစားနေကြတာ။ ငါ့မျက်နှာကိုလဲ ထိုးထားကြတယ်။ ဘက်ထရီတွေ ကုန်သွားတဲ့အထိပဲ။ အဲဒီထဲမှာ သူ့ မျက်နှာက ပြုံးဖြဲဖြဲကြီး မှောင်ထဲမှာ၊ သေမင်းက ပူပူနွေးနွးလွတ်လာသလို ခံစားနေရတဲ့ မျက်နှာကြီးနဲ့၊ တစ်ညနေလုံး သူ အလင်းနဲ့ထိုးနေခဲ့တာ၊ သူမှန်း ငါသေချာသိသွားတဲ့ အထိပဲဟေ့၊ ပြီးမှ ထွက်သွားတယ်။ ပြီးတော့ ချောင်းဆိုးသံတွေပေါ်လာပြန်ရော၊ ဘုရားရေ ချောင်းတွေဆိုးလိုက်ကြတာ”

“တစ်ယောက်ယောက်များ ချောင်းဆိုနေတာလားပဲ”

“ငါ အသက်ပြင်းပြင်းရှုပြီး သီချင်းဆိုတော့မယ် ဆို ... အဟွတ်.. အဟွတ်... အဟွတ် ဆိုတဲ့အသံကြီးက ထွက်လာပြီ။ စဉ်းစဉ်းစားစား ချောင်းဆိုးလိုက်သလိုပဲ”

“ဇာတ်မင်းသားအိုကြီးရေ၊ ဒီလို အုံနဲ့ကျင်းနဲ့ ဒုက္ခပေးတာကိုတော့ မင်း လစ်လှူရှုထားလို့ မဖြစ်တော့ဘူး”

“သူက  တတောက်တောက် တဂျောက်ဂျောက်လုပ်နေတာ။ ငါ့ရဲ့ Town Hall ဂီတပွဲကို အစိတ်စိတ်အမွှာမွှာ ကွဲအက်စေချင်နေတာကွ”  လယ်ရီ က ခါးသက်စွာပြောခဲ့တယ်။

နှစ်စဉ်ပြုလုပ်တဲ့ Town Hall ဂီတပွဲ က လယ်ရီအတွက် အင်မတန်အရေးကြီးပါတယ်၊ လူသိအများဆုံး၊ အောင်မြင်မှုအရဆုံး ဂီတဖျော်ဖြေပွဲပါ။  ကံအားလျှော်စွာ လယ်ရီ့ဂီတဖျော်ဖြေပွဲမှာ အမှားမလုပ်မိစေဖို့ အရေးကြီးလှတယ်။ လယ်ရီက ရေပမ်းအစားဆုံးအဆိုတော်ပါ။ ဒါပေမဲ့ အခုတော့ အဲလန်နဲ့ သူ့ရဲ့ အလင်းနဲ့ ချောင်းဆိုးအဖွဲ့ကြီး က လယ်ရီ့ကို ဒုက္ခပေးဖို့ စောင့်နေကြပြီဗျို့။ လယ်ရီရဲ့ တုန်လှုပ်ချောက်ခြားတဲ့ ဖုန်းခေါ်မှု ရရှိခဲ့ပြီး နှစ်ပတ်လောက်မှာ အဲလန်နဲ့ ကျွန်တော် နေ့လည်စာ စားရင်း မတော်တဆတွေ့ကြ ပြန်တယ်။ သူက ခုထိ ကျွန်တော်နဲ့ အကျွမ်းတ၀င်ရှိလိုဟန်မပြပါဘူး။ ကျွန်တော်ဟာ လယ်ရီ့ရဲ့ သူလျှိုတစ်ယောက်၊ ယုံကြည်လောက်စရာမရှိ ဆိုတဲ့ အနေအထားနဲ့ပဲ နှစ်သက်ဟန်မပြဘူး။  သူ ကမေးပါတယ်။ လယ်ရီ တစ်ယောက် အလင်း တွေနဲ့ ပတ်သက်ပြီး တစ်စုံတစ်စုပြောသလားမေးခဲ့တယ်။

“ထူးခြားလှတဲ့အစီအစဉ်ပေါ့ဗျာ၊ ခင်ဗျားရဲ့ ပထမဆုံးအလင်းပြပွဲမှာပဲ၊ သူတော့ တော်တော်လေး အပူမီးလောင်မြိုက်ခဲ့တယ်ဗျို့ ”

“ဒါပေမဲ့ .. အခုကျတော့ရော” သူ က စိတ်လှုပ်ရှားစွာမေးပါတယ်။

“မင်းအတွက် သတင်းဆိုး၊ လယ်ရီအတွက် သတင်းကောင်းပေါ့၊ ဂီတပွဲ သုံးပွဲပြီးတော့ သူတော်တော်လေး တည်ငြိမ်သွားပါတယ်၊ ကျင့်သားရသွားတယ်ဆိုရမှာပေါ့၊ အဲလန် မင်းအတွက် ဒေါသအမျက်ခြောင်းခြောင်း ထနေပေမဲ့ လယ်ရီတော့ ခဏလေးနဲ့ နာရီလက်တံရွေ့လျားသလောက်ပဲရှိတော့မှာ၊ သူ အားလုံးကို ခဏလေးနဲ့ လစ်လျှူရှုနိုင်မှာပဲ”

“အဲလန်.. ငါ့ကို ကတိတစ်ခုလောက်ပေးပါ”

“သေချာတာပေါ့” သူက ပြောတယ်။ “အဲလန် .. လယ်ရီရဲ့လာမယ့် Town Hall ဂီတပွဲမှာ ဘာမှ ဆိုးဆိုးဝါးဝါးတိုက်ခိုက်တာမလုပ်ပါနဲ့”

“ကင်းထောက်တပ်သားလေးရဲ့ဂုဏ်သတင်း” သူ က ပြောတယ် ပြီးတော့ ပြုံးပြန်တယ်။
“အလွယ်ဆုံးကတိတွေကိုတော့ ကျွန်မ အမြဲပေးခဲ့တာပဲ” တဲ့၊ အဲလန်က ဖြေခဲ့ပါတယ်။

အဲဒီညနေကျတော့ လယ်ရီနဲ့ စကားအပြန်အလှန် ပလေးဘက်ပြန်ရစ်ခဲ့ရသေးတယ်။ လယ်ရီက ညအိပ်ရာဝင် အဆာပြေမုန့်တွေနဲ့ နွားနို့ပူပူတစ်ခွက်သောက်နေတဲ့အချိန်ဗျ၊ “ဟမ် .. အမ် ”.. သူ ထူးတယ်။ ပါးစပ်ထဲမှာကလည်း မုန့်တွေ့ပြည့်သိပ်လို့ “သူက ဒါကို လုပ်မယ်ဆိုရင် သူ့ဘ၀အတွက် ပထမဆုံးအချိန်ဖြစ်နေမှာပဲ” ရှုတ်ချလိုစိတ်နဲ့ပြောပြီး လယ်ရီက ပုခုံးကို တွန့်လိုက်သေးတယ်။ “သူ က တိုက်ချင်ခိုက်ချင်နေတာ အဲဒီ ဟဲလန် .. စမာထ့်ကလေ”

“အဲလန်စပါတ့်ခ်စ်ပါကွာ” ကျွန်တော်က အမှန်ကို ပြင်ပေးလိုက်တယ်။

သူ့အမည်ဘယ်လိုပဲဖြစ်ပါစေ သူအိမ်ကို ပြန်တဲ့ ရထားပေါ်ကို မကြာခင်ရောက်တော့မှာပါ။ ဘောလုံးလေးတွေနဲ့ ငါ့ကို ပစ်ထည့်ဦးတော့။ ငါ့ အခန်းခေါင်းလောင်းထဲ ပင်အပ်တွေနဲ့ ခေါင်းလောင်းအလုပ်မလုပ်အောင်လုပ်ဦးတော့ ...  ငါ့တော့ ထူးပြီး မအံ့သြတော့ပါဘူး၊ အမှိုက်ပုံးမှာ ဆူညံပူညံအသံတွေထွက်အောင်လုပ်လဲ ဂရုမစိုက်ဘူးကွ”

“အိုး ... ဟုတ်သားပဲ အမှိုက်ပုံးတွေမှာဆို မင်းအသုံးပြုကိုပြုရမယ်။ ဘယ်သူလုပ်မှန်းလဲ သေချာမသိနိုင်ဘူး၊ ညတိုင်းမှာ အမှိုက်ပုံးကို ဖွင့်လိုက် ပိတ်လိုက် လုပ်နေနိုင်တယ်” လို့ ကျွန်တော် က ပြောပြတယ်။

နောက်တစ်ခါ အဲလန်နဲ့စားသောက်ဆိုင်မှာတွေ့ကြတော့ ကျွန်တော် ကတိ .. ကတိကိုပဲ ထပ်တောင်းမိခဲ့တယ်၊ လယ်ရီရဲ့ Town Hall ဂီတပွဲမှာ ဖျက်လိုဖျက်ဆီးမလုပ်ဖို့ကိုပဲ ပြောဖြစ်ခဲ့တယ်၊ အဲလန်ငြိမ်သက်နေခဲ့တယ်၊ လယ်ရီအကြောင်းလဲ ဘာတစ်ခုမှ မမေးတော့ဘူး၊ သူ့ရဲ့ တည်ရှိမှုကို သတိပေးခဲ့တဲ ထရမ်းပက်သံ၊ ပိုစ့်ကတ်တွေ၊ ဖလက်ရှ်အလင်း၊ ချောင်းဆိုးသံတွေ၊ အမှိုက်ပုံးထဲက ဆူညံသံတွေ၊ နောက်ထပ် ဘာဖြစ်ဦးမလဲ ဘုရားသခင်ကပဲ သိနိုင်တော့မယ်၊ ဘတ်ဖဲလိုကိုပဲ ပြန်တော့မယ် လို့ ကျွန်တော်ကတော့ လိုရာဆွဲတွေးလိုက်ပါတယ်၊ အဲလန်နဲ့တွေ့လိုက်တိုင်း ဒေါသထွက်စိတ်လှုပ်ရှားနေတဲ့ အဲလန်ရဲ့အသွေးအရောင်ဟာ အနီရောင်တွေပြေးနေလေ့ရှိတယ်၊ ဒီနေ့တော့ လှို့ဝှက်ဆန်းကြယ်တဲ့ မျှော်လင့်မှုမျိုးနဲ့ ပန်းရောင်ကြည်ကြည်လေး၊ ဆင်စွယ်ရောင်လေးလက်လို့နေခဲ့တယ်။

နောက်တစ်နေ့ မွန်းလွဲပိုင်းရောက်တော့ လယ်ရီနဲ့ ငါးကြိမ်မြောက် ကော့တေးသောက်ရင်း စကားစမြည်ပြောဖို့ တွေ့ကြပြန်တယ်။ ကျွန်တော် သူ့ စတူဒီယိုကို ဒီအချိန်ရောက်ဖြစ်တိုင်း ဧည့်ခန်းမှာ ထိုင်လျှက်သား လယ်ရီကိုပဲ တွေ့ရစမြဲဗျ၊ ဒီနေ့တော့ “လယ်ရီ” လို့ ခေါ်လိုက်တာနဲ့ ၊ သက္ကလပ်ဂျာကင်ဝတ်အမျိုးသမီးကြီးတစ်ဦးက ကျွန်တော်ရောက်ပါပြီလို့ လယ်ရီကို သတင်းစကားပါးလိုက်တယ်။ သူ့ရဲ့ အိပ်ခန်းထဲ က အခန်းဆီတွေ ရုတ်ကနဲ လှုပ်လာပြီး လယ်ရီ လှုပ်လှုပ်ရှားရှားထွက်လာတယ်။ အိုး လယ်ရီ .. သနားစဖွယ်တောင်ကောင်းနေသေးတော့တယ်ဗျို့။ ကြက်သွေးရောင် လက်ပြတ်အင်္ကျီကို ၀တ်လို့၊ ထိုင်ခုံမှာ ကိုယ်ကိုနှစ်မြှုပ်ပြီး ထိုင်တယ်။ ဒဏ်ရာရစစ်ဗိုလ်ချုပ်တစ်ယောက်လိုပဲ။ သူ့ရဲ့မျက်နှာကိုလဲ လက်တွေထဲ ထိုးထည့် ဖွက်ထားတယ်။

“တုပ်ကွေး လား” ကျွန်တော်က မေးလိုက်တဲ့အခါ

“အမျိုးအမည်မသိဗိုင်းရပ်စ်တစ်မျိုးဟေ့” သူ က မရှင်းမလင်းဖြေခဲ့တယ်။

“မင်း အိပ်ရေး၀၀ အိပ်ဖို့ လိုအပ်နေတာပဲဖြစ်မှာပါ”

“အိပ်ရမယ်။ ငါ အိပ်မရတာ ညတော်တော်များလာပြီ။ ညတိုင်း အမှိုက်ပုံးတွေက ဂျိုးဂျိုးဂျစ်ဂျစ်အသံတွေက တချိန်လုံးပဲ။  ဒီလိုပုံစံမျိုးနဲ့ ငါ ဘယ်လို Town Hall ဂီတပွဲလုပ်နိုင်မလဲ” လယ်ရီ ချဉ်တူးတူးဖြေပါတယ်။

“မင်းက ဒေါ်လာပေါင်းတစ်သန်းနဲ့တူပါတယ်ကွာ။ ဘာပဲဖြစ်ဖြစ် ဆံသသမားက ...”

“ဟေ့ဟေ့ .. တော်ပါကွာ .. ဒီဆံသသမားက သားသတ်သမားလိုပဲ ငါ့ဆံပင်တွေကို ခုတ်ထစ်ထားလိုက်တာ မွစာကြဲနေပြီ”

“မနေ့က အဲလန်နဲ့ နေ့လည်စာစားဖြစ်တယ်။ သူ က ပြောတယ်။ သူ ဘတ်ဖဲလိုကို ပြန်တော့မယ်တဲ့”
လယ်ရီလက်ချောင်းတွေ ဖြောက်ကနဲ ချိုးလိုက်ပြန်တယ်။
“... အဲဒါပဲ .. အဲဒါပဲ .. သူ က ငါ့ကို အဆိပ်သင့်စေတာ၊ ဒီ ခြကောင်မလေးက ငါ့ကို ထိုးဆွနေတာ”
လယ်ရီ အသံပြာပြာကြီးနဲ့ဆိုတယ်။
“သူလား တွင်းအောင်းပြီး မသမာတဲ့ဥာဏ်တဲ့ အကောက်ကြံဖို့ ကြံစည်နေတာ၊ ငါ့ကို ကပြောင်းကပြန်ဖြစ်အောင် ဖျက်ဆီးနေတာ .. ဒီပိစိကွေးမလေးကလေ”
လယ်ရီက ပြောပြောဆိုဆို မီးဖိုဆောင်အထက်ဘောင်ကို တူနဲ့ တဒုန်းဒုန်း ထုရိုက်တော့တယ်။
“ငါတော့ ငါ့အကျင့်ကို ဖောက်ဖျက်ရလိမ့်မယ်ထင်တယ်ဟေ့”

“အကျင့်တွေပါကွာ” ကျွန်တော် က အမှား ပြင်ပေးလိုက်ပြန်တယ်။

“မင်းလုပ်မယ်ဆိုရင် ပထမဆုံး မင်း ဖောက်ဖျက်ခဲ့တဲ့ အလေ့အကျင့်အဖြစ် စာရင်းဝင်သွားတော့မှာပဲ။ မနက်ဖြန် လုပ်နိုင်မလားဟေ့”

“အမ် .. မနက်ဖြန်” သူက ညဉ်းညူရင်းပြန်မေးခဲ့တယ်။

“အိမ်မီးတွေပိတ်လိုက်တော့ ...”

“မရှိပါဘူး၊ ဘာ ဖလက်ရှ်အလင်းမှမရှိဘူး”
“ချောင်းဆိုးသံတွေဘယ်မှာလဲ ..”  လယ်ရီက အရဲစွန့်လျှက်မေးတယ်။

“ ငါ .. တက်စ်ဆက်စီးတီးဆီ မှုတ်ထုတ်လိုက်မယ်”

တုန်လှုပ်ချောက်ခြားနေတဲ့လယ်ရီ က .. ဖုန်းကိုကောက်ကိုင်ပြီး အော်ပရေတာကိုခေါ်တယ်။ ဘတ်ဖဲလိုကို ပေးပါလို့ သူကပြောတယ်။ “သူ့နာမည်လေး တစ်ခါ ပြန်ပြောပါဦး ခင်ဗျား” လို့ အော်ပရေတာက ထပ်မေးလိုက်တယ်။

“စပါတ့်ခ်စ် ... အဲ .. လန်.. စပါတ့်ခ်စ် ပါ”
.. လယ်ရီ တစ်လုံးချင်းဖြေတယ်။

-------------------------------------------------------------------

ကျွန်တော့်ကို မင်္ဂလာဆောင်တစ်ခုကဖိတ်ထားတယ်။ မကြာမီ လူသိရှင်ကြား ခေါင်းဖြတ်သတ်ပွဲများ တက်ရတော့မလားလဲ တွေးပူမိတယ်။  ကျွန်တော် စတာလင်ငွေခရင်းလေး နဲ့ ကျွန်တော့်ရဲ့နောင်တတွေ မင်္ဂလာလက်ဖွဲ့အဖြစ် ပို့ခဲ့ပါတယ်။
ကျွန်တော် အံ့သြရတာက မင်္ဂလာဆောင်ပြီး နောက်တစ်ရက်မှာပဲ အဲလန်က ကျွန်တော်နဲ့အတူ နေ့လည်စာ လာစားခဲ့တယ်။ သူတစ်ယောက်တည်းပါ။ လက်ထဲမှာလည်း ပါဆယ်ထုတ်ကြီးကြီးကို ဘယ်၊ ညာ လှုပ်ယမ်း ဆော့ကစားနေခဲ့တယ်။

“ဒီလို နေ့မျိုးမှာမှ ဒီနေရာမှာ ဘာလုပ်နေပါသလဲ” ကျွန်တော် စနောက်ချင်စွာမေးပါတယ်။

“ဟန်းနီးမွန်းထွက်နေတာလေ” ဂုဏ်ယူစရာကြီးပါရှင်လို့ ဆိုပြီး အဲလန်က ဆန်းဒ်ဝစ်ခ်ျတစ်ခုမှာတယ်။

“ဟား ဟား .. သတို့သားက ဘယ်မှာပါလိမ့်”

“သူ့ စတူဒီယိုထဲမှာ ဟန်းနီးမွန်းနေမှာပေါ့ရှင်”

“ဒီနေ့ ကျွန်မ.. စေတနာအလျောက် ကျွန်မအချိန် နှစ်နာရီကိုပေးထားခဲ့ပါတယ်”  “ပြီးတော့ သူ့ရဲ့ အခန်းထဲ အ၀တ်အစားတစ်စုံချိတ်ပေးခဲ့တယ်”

“ပြီးတော့ မနက်ဖြန်...”

“နှစ်နာရီခွဲပေါ့ရှင့်၊ ရှုးဖိနပ်တစ်စုံ ထပ်ပေါင်းထည့်ရမယ်”

“ရေစက်ရေပေါက်လေးတွေ၊ သဲပွင့်သဲမှုန်လေးတွေ” ကျွန်တော် ပြန်ရွတ်ဆိုခဲ့ပါတယ် “ကြီးမားတဲ့ ပင်လယ်ကြီးပြုလုပ်မလို့၊ ပြီးတော့ သာယာလှပတဲ့ ကုန်းမြေပေါ့”
ကျွန်တော် ပါဆယ်ထုတ်ကြီးကို ညွှန်ပြပြီး အဲလန်ကို မေးလိုက်တယ်။
“အဲဒါ မင်းရဲ့ သတို့သမီး ခန်းဝင်ပစ္စည်းများလားပဲ”

အဲလန်က ပြုံးခဲ့ပါတယ်။ အဲလန်ဖြေတယ်။
“ဒါ အမှိုက်သရိုက်ပါ။ အိပ်ရာဘေး ဖုံးကာထားဖို့လေ”  တဲ့။          ။

Little Drops of Water by Kurt Vonnegut

ကာ့ထ်ဗွန်နဂက်ထ် ဟာ အမေရိကန် စာရေးဆရာတစ်ဦးပါ၊ သရော်စာ၊ ရယ်ရွှင်ဖွယ်သရော်စာ နဲ့ သိပ္ပံဆန်းကြယ်ဇာတ်လမ်းမျိုးတွေရေးသားလေ့ရှိတယ်။ Slaughterhouse Five(1969) နဲ့ Breakfast of Champions(1973) အပါအ၀င်ဝတ္ထုတွေအများကြီးရေးခဲ့ပါတယ်။ အသက် ၈၄ နှစ်အရွယ် ၂၀၀၇ ခုနှစ်မှာ သေဆုံးခဲ့တယ်။ ဒီ “ရေစက်လေးများ” ၀တ္ထုဟာ ဗွန်နဂက်ထ် ရဲ့ ပုံနှိပ်ထုတ်ဝေခြင်းမပြုရသေးတဲ့ ၀တ္ထုတိုတွေကို စုစည်းထားတဲ့ လက်ရွေးစင်စာအုပ် Look at the Bardie ထဲက တစ်ပုဒ်ပါ။

3 comments:

  1. သေချာဖတ်သွားပြီ ဖြိုးရေ
    ဒီအရှည်ကြီးကို အချိန်တိုအတွင်း ဘာသာပြန်နိုင်တာ ချီးကျူးပါတယ်..
    စာတစ်ပုဒ်ကို ဘာသာပြန်ဖို့ ဘယ်လောက်ခက်ခဲတယ်ဆိုတာ နားလည်စာနာမိတယ်.. ကိုယ်တွေရဲ့ mother tongue မဟုတ်တဲ့အတွက် အချိန်ဘယ်လောက်ပေးရတယ် ဘယ်လောက်ဦးနှောက်စားရတယ်ဆိုတာ အသိဆုံးပါဘဲ... ကိုယ်ချင်းစာမိပါတယ်... အဲ အိမ်ထောင်ပြုရမှာကြောက်တဲ့ အပျိုကြီးတွေကိုဆုံးမတာရော မပါဘူးလားး)
    လုပ်ပါဦး.. :)
    ပျော်ရွှင်ပါစေဖြိုးရေ...
    ပင်လယ်ကြီးလောက်တော့ ရုတ်တရက်ဖြစ်လာဖို့ မလွယ်ပေမဲ့ ရေစက်ကလေးဘ၀ကနေ ကြိုးစားပြီး ပင်လယ်ကြီး တည်ဆောက်ကြတာပေါ့...

    ReplyDelete
  2. မချော
    ကျေးဇူးအများကြီးတင်ပါတယ်၊
    :) အပျိုကြီးတွေကတော့ ဆုံးမချင်ပါဘူး၊
    တစ်ယောက်တည်းနေရလည်း နားအေးပါတယ်၊
    အဲလိုပဲ တရွေ့ရွေ့ကြိုးစားရမှာပါပဲ မချောရယ်၊
    လေးစားခင်မင်လျှက်

    ReplyDelete
  3. ညီမ ဖြိုးရေ

    ဖတ်လိုက်ရတာ တဝကြီးဘဲ ပထမ တခေါက်ဖတ်သွားသေးတယ် အခုတခါ ပြန်လာဖတ်တယ် ညီမ ရဲ့ စေတနာ နဲ့ အားထုတ်မှု့ အတွက် ကျေးဇူးတင် ပါတယ်

    ခင်မင်တဲ့
    ရွှေစင်ဦး

    ReplyDelete