Thursday, March 10, 2011

၅. မေမေ့ မွေးနေ့အတွက် ပန်းလက်ဆောင် ( အပိုင်း ၂ )

“ငါ့ကိုများ ဘယ်သူလာနှောက်ယှက်ရဲသလဲဟေ” မေးပုံက စိတ်တိုဟန်အပြည့်နဲ့၊
 “ရွှေအိုးထဲကမှော်ပန်းအကြောင်း နင် ငါ့ကို မနေ့က ပြောခဲ့တယ်လေမှတ်မိတယ်မဟုတ်လား”
“ခင်ဗျားက ကျုပ်ကိုရူးနေတယ်လို့များ ထင်လို့လား၊ ကြည့်ပါလား ကျုပ်ဦးနှောက်ပန်းရောင်လေးတွေ၊ သူတို့အလုပ်လုပ်နေကြတာ ခင်ဗျားမြင်နိုင်ရဲ့သားနဲ့၊ ကျုပ်ပြောတာ ကျုပ်မှတ်မိတာပေါ့”
ဖန်ကြောင်ကဖြေပါတယ်၊

“ဒီမှာရှင်” ခခ က ဖန်ကြောင်ကိုစကားစပါတယ်၊ ဖန်ကြောင်က ခခကို သေချာကြည့်တယ်၊ ကြည့်ပုံက ခုနလောက် ဒေါသခိုးမဝေတော့သလိုပဲ၊

“ကျွန်မတို့ ရွှေအိုးထဲက မှော်ပန်းလေးလိုချင်လို့ပါ”

“ဟေ .. လိုချင်တိုင်းရမတဲ့လား”

လူသူငယ်အုပ်ချုပ်ရေးမှူးက ရယ်ရယ်မောမောဝင်ပြောပါတယ်၊ “ကိုဖန်ကြောင်ရယ် စိတ်မတိုပါနဲ့ကွယ်၊ ဒီကလေးတွေက ငါတို့လူသူငယ်နတ်သမီးနယ်မြေကို အရှေ့စုန်းမလက်ကလွတ်အောင်ကယ်တင်ခဲ့တဲ့သူတွေကွဲ့၊ ငါတို့သူတို့ကို ကျေးဇူးပြုချင်လို့ပါကွယ်၊ သူတို့ပျော်ရွှင်တာမြင်ရင် ကိုဖန်ကြောင်လည်း ကျေနပ်နေမှာပဲမဟုတ်လား”

“အဲဒါ မသေချာပါဘူး၊ ကျုပ်က လူတိုင်းကိုဘာလို့လိုက်ပြီး ကျေးဇူးပြုနေရမှာတဲ့လဲ”
“ကိုဖန်ကြောင်မှာ နှလုံးသားလေးရှိတယ်၊ ကျုပ်အဲဒါလေးကို မြင်နေရတာပဲ”
“ဟုတ်တယ်လေ၊ သိပ်လှတဲ့နှလုံးသားလေးပေါ့၊ ကျုပ် သိပ်ချစ်တဲ့နှလုံးသားလေး”
ပြောရင်းနဲ့ပဲ အားလုံးရှေ့မှာ ကိုယ်ကို ကျော့ကျော့လေး တစ်ပတ်လောက်လှည့်လိုက်ပါတယ်၊ “ဟဲဟဲ ဒါပေမဲ့ဗျာ အဲဒါလေးကို ပတ္တမြားအစစ်နဲ့လုပ်ထားတာလေ၊ အဲဒီတော့ကာ သံလိုပဲ မာကျောတယ်ဗျို့”

မော်စီကတော့ ပြုံးပြုံးကြီးကြည့်ပြီး ဖန်ကြောင်ကိုသဘောတွေကျနေပါတယ်၊ ဖိုးပလံက ငါတော့ အိမ်ခေါ်ပြီးသာ မွေးထားချင်တော့တာပဲလို့ မော်စီ့နား နားကပ်ပြောတယ်၊

“ထားပါလေ ဖန်ကြောင်က အားလုံးပေါ်ကောင်းတယ်လို့ လူသူငယ်နတ်သမီးနယ်မြေမှာတော့ သတင်းမွှေးနေသားပဲ၊ ဖန်ကြောင်ဆိုတာနဲ့ သဘောကောင်းတဲ့ ချစ်စရာသတ္တ၀ါလေး လို့ လူတိုင်းက တသသ ပြောပြောနေကြတာလေ .......”

“အင်မတန်စပ်စုတဲ့ဖိုးစပ်စ၊ု စပ်စလူးကြောင် အဲဒီလိုခေါ်နေကြတာလည်း ထည့်ပြောဦးလေ၊ ပြီးတော့ ကျုပ်က လွတ်လပ်မှုအပြည့်အ၀ရှိတဲ့ဘ၀မှာ ပျော်ပါးနေတဲ့ကြောင်နော်၊ ကျုပ်ကိုထိန်းကြောင်းမွေးမြူဖို့တော့ စိတ်မကူးကြလေနဲ့” ဖန်ကြောင်က မျက်စိတစ်လုံးကိုမှိတ်ပစ်လိုက်ပြီး ကျန်တဲ့တစ်လုံးနဲ့ စွေစောင်းစောင်းကြည့်ကာ ပြန်ပြောပါတယ်၊

“အဲ” ဖိုးပလံ ယောင်ယမ်းအော်မိတယ်၊ ဖန်ကြောင်က တိုးတိုးလေးပြောတာလည်း ကြားတာပဲကိုး၊

လူသူငယ်အုပ်ချုပ်ရေးမှူးက ဖန်ကြောင်ရဲ့ဟန်ပန်ကိုကြည့်ပြီး တဟားဟားရယ်ပါတော့တယ်၊ ခခကတော့  ဖန်ကြောင်ကို ကောင်းကောင်းနားလည်မိပါတယ်၊ ဒါနဲ့ပဲ ချိုချိုသာသာလေးစကားဆိုပြီး ရွှေပန်းအိုးလေးရှိတဲ့နေရာကို ပြောပြပါပေးဖို့တိုက်တွန်းပါတယ်၊
“ငါတို့လူသူငယ်နယ်မြေမှာလည်း နောက်ဆို မှော်ပန်းနဲ့ ဖန်ကြောင်ဆို သမိုင်းဝင်သွားတော့မှာ၊ မှော်ပန်းအိုးရခဲ့ပြီးရင် ရှာဖွေတွေ့ရှိသူ နှလုံးသားလှတဲ့ ကိုဖန်ကြောင် ဆိုပြီး လက်မှတ်ထုတ်ပေးပါဦးမယ်” အုပ်ချုပ်ရေးမှူးက အဲဒီလိုပြောတော့ သမိုင်းတွင်ကျန်ရစ်မယ့်အဖြစ်ကို ဖန်ကြောင် စိတ်ဝင်စားသွားပါတယ်၊

“ကောင်းပြီလေ”
ဖန်ကြောင်ကဖြေပါတယ်၊ ပန်းရောင်ဦးနှောက်လုံးလေးတွေကလည်နေပါတယ်၊ ဖန်ကြောင်လည်း တော်တော်ဦးနှောက်အလုပ် လုပ်လိုက်ရပုံပဲ၊ “လူသူငယ်မြို့တော်အရှေ့မြောက်မှာ အဲဒီရွှေပန်းအိုးရှိတယ်၊ လူတစ်ချို့အမြဲဖြတ်သန်းသွားနေတဲ့နေရာပါပဲ၊ အဲဒီနားမှာ မြစ်တစ်ခုရှိတယ်၊ အဲဒီမြစ်က တောထဲအလယ်တည့်တည့်ကနေဖြတ်ပြီး စီးနေတာ၊ အဲဒီမြစ်လယ်မှာ ကျွန်းသေးသေးလေးရှိတယ်၊ အဲဒီကျွန်းလေက ပုံးနေတဲ့ကျွန်းလေး၊ လူတွေ ဖြတ်သန်းသွားလာနေကြပေမဲ့ အဲဒီကျွန်းလေးကိုတော့ မမြင်ကြဘူး၊ အဲ .. အဲဒီကျွန်းလေးမှာပေါ့ မှော်ပန်းတွေပွင့်တဲ့ ရွှေပန်းအိုးရှိတာ”

“ကျွန်းလေးပေါ်ကို ရှင်ဘယ်လိုရောက်သွားတာလဲဟင်” ခခ က မေးပါတယ်၊ “ကြောင်တွေက ရေမကူးတတ်ဘူးလေ”
“မဟုတ်ဘူး၊ အဲဒါအမြဲတမ်းမှန်မနေဘူး၊ ကျုပ်က ရေကိုမကြောက်ပါဘူး”
လို့ ပြန်ဖြေတယ်၊ “မြစ်အောက်ခြေက လမ်းလျှောက်သွားလိုက်တာ”

“ရေအောက်က” လူသူငယ်လူကြီးက အံ့အားသင့်စွာမေးလိုက်တယ်၊
ဖန်ကြောင်က လူကြီးကို မထီမဲ့မြင်ဟန်နဲ့ကြည့်လိုက်ပြီး

“မြစ်အောက်ခြေကလမ်းလျှောက်သွားပါတယ်ဆိုမှ ရေပေါ်ကို ဘယ်လိုလုပ်လျှောက်မှာလဲ၊ ခင်ဗျားသာ ဖန်လူ၊ ဖောက်ထွင်းမြင်ရတဲ့သူမျိုးဆို ခင်ဗျားဦးနှောက်တွေ အလုပ်မလုပ်ကြဘူးဆိုတာ လူတိုင်းမြင်နိုင်မှာပဲ၊ ကျုပ်အသေအချာပြောနိုင်တယ်၊ အဲဒီ ရွှေပန်းအိုးရှိတဲ့နေရာကို ဘယ်သူမှ တွေ့နိုင်မှာမဟုတ်ဘူး”
မော်စီနဲ့ ဖိုးပလံက မအောင့်နိုင်ပဲ တခိခိနဲ့ရယ်ကြတယ်၊ ခခက သူတို့ကို လှမ်းပြီးဟန့်ပါတယ်၊
လူသူငယ်လူကြီး ဆိတ်ဆိတ်နေလိုက်တယ်၊
ခခက က ထပ်ပြီးတိုက်တွန်းကြည့်ပြန်တယ်။

“ဒါပေမဲ့ ရှင်လေ၊ ရှင်ရဲ့ မှတ်ဥာဏ်ကောင်းလှတဲ့ ဦးနှောက်ပန်းရောင်လေးတွေအလုပ်လုပ်ပုံမျိုးနဲ့ဆို အဲဒီနေရာကို ရှင် အခေါက်ခေါက်အခါခါ ပြန်ပြီးသွားနိုင်မှာပဲမဟုတ်လား”

“ကဲ ကဲ လူသူငယ်မြို့တော်ကို ကယ်တင်ခဲ့တဲ့သူတွေဆိုတော့လည်း ကျုပ်ငြင်းဆန်နေလို့ ဘယ်သင့်တော်ပါမလဲ၊ ငဆိုးဖန်ကြောင်လို့တော့ နာမည်တွင်မခံနိုင်ဘူး၊ ကျုပ် မင်းတို့နဲ့ လိုက်ခဲ့မယ်၊ လမ်းပြပေးမယ်ဗျို့”
ဖန်ကြောင်ကသဘောတူလိုက်ပါတယ်၊
လူသူငယ်လူကြီးက သူလည်း လိုက်ခဲ့မယ်လို့ပြောပါတယ်၊

“အိုး သိပ်ကောင်းတာပဲ၊ ကျွန်မတို့ အတူတူခရီးထွက်ကြတယ်၊ သူတို့လည်းပါမယ်၊ မော်စီနဲ့ ဖိုးပလံတဲ့၊ ဒါနဲ့ ခရီးက ဘယ်လောက်များ ကြာမလည်းပဲ”

“တစ်ပတ်” ဖန်ကြောင်က သံပြတ်နဲ့ဖြေတယ်၊ ပြီးတော့ ဖိုးပလံကို မယုံသင်္ကာဟန်နဲ့ နားရွက်တစ်ဖက်ထောင်၊ ခေါင်းစောင်းပြီး အကဲခတ် နေပါတယ်၊ ဖိုးပလံက သွားလေးဖြဲပြီး ရယ်ပြလိုက်တယ်၊ ဖိုးပလံက ချာကနဲ့လှည့်ပြီး ကိုယ်ဟန်ကျော့ကျော့နဲ့ ခရီးထွက်ဖို့ခြေလှမ်းစတယ်၊

“ခဏလေးပါရှင်၊ ကျွန်မ လိုအပ်တာလေးတွေ ယူလိုက်ပါဦးမယ်”

“အေး အေး၊ မြန်မြန်ဟေ့ မြန်မြန်၊ ကျုပ်က သွားမယ်ဆိုလည်း မြန်မြန်လေးပဲ သွားလိုက်ရမှ၊ အစားအသောက်ထည့်လို့များတော့ ကျုပ်အတွက် ပိုထည့်မယ်မစဉ်းစားနဲ့ ကျုပ်က စားစရာလိုတဲ့ သတ္တ၀ါမဟုတ်ဘူးနော်၊ ကြိုပြောထားမယ်၊ ကျုပ်ကို ဖန်တီးခဲ့တဲ့ မှော်ဆရာက အစာအိမ်ထည့်ဖို့မေ့သွားတယ်တဲ့၊ မေ့သွားတာတော့ မဖြစ်လောက်ဘူး၊ ကျုပ်ကို မကျွေးမွေးချင်လို့ အစာအိမ်မထည့်တာပဲ ဖြစ်ရမယ်”

“ဟာ၊ ပိုပြီးစိတ်ဝင်စားလာပြီ၊ အစာလည်းကျွေးစရာမလိုဘူးဟေ့” ဖိုးပလံက မော်စီကိုလှမ်းပြောပြန်တယ်၊
“သူက နင့်ကို ပြန်မွေးသွားဦးမယ်” မော်စီက တိုးတိုးလေးပြန်ပြောတယ်၊

ဖန်ကြောင်က ဖိုးပလံကို မျက်လုံးထောင့်ကပ်ပြီးကြည့်တယ်၊ လျှာကို အလျားရှည်ရှည်ဆန့်ထုတ်ကာ မျက်နှာတစ်ပြင်လုံးကို ရွှပ်ကနဲ ရွှပ်ကနဲ သုံးခါ လေးခါ ရက်နေပါတယ်၊

------------------------ ။ ------------------------
“အဆင်သင့်ဖြစ်ပါပြီရှင် သွားကြပါစို့ရဲ့” 
“-----”
“လာဟေ့”
“----* ---”
“ခရီးလမ်း ချောချောမောမောရှိကြပါစေကွယ်” လူသူငယ်အုပ်ချုပ်ရေးမှူးက နှုတ်ဆက်တယ်၊
ဖိုးပလံတို့ ဖန်ကြောင်နဲ့အတူ ပုံးနေတဲ့ကျွန်းလေးဆီ ခရီးစထွက်ခဲ့ကြပါပြီ။

ဖန်ကြောင်က တကယ့်လမ်းပြကောင်းပဲ၊ လူသူငယ်နယ်မြေထဲကအကောင်းဆုံး တဖြောင့်တည်းသွားရတဲ့လမ်းတွေကနေ ဖိုးပလံတို့ကို လမ်းပြခေါ်ယူသွားပါတယ်၊ လူသူငယ်နယ်မြေမြောက်ပိုင်းထဲရောက်တော့ အိမ်ခြေနည်းနည်းပဲရှိတော့တယ်၊ နောက်တော့ လမ်းကြမ်းတဲ့ နေရာတွေရောက်လာပြီ၊ ပတ်ဝန်းကျင်မှာ အိမ်တစ်လုံးတလေမှ မရှိတော့ဘူး၊ ဒါပေမဲ့ သွားရတဲ့ ခရီးလမ်းကမခက်ခဲပါဘူး၊ နောက်ဆုံးမှာတော့ တောတစ်တောရဲ့အစပ်ကို သူတို့ ရောက်လာခဲ့ကြပြီ၊ အဲဒီမှာ မြစ်ကိုရှာတွေ့ကြဖို့ပဲ လိုပါတော့တယ်၊ သူတို့ တောထဲကို ဆက်လျှောက်လာကြတယ်၊ တောထဲမှာ အကောင်လေးတွေ ဖြတ်ကနဲ ဖြတ်ကနဲ ပြေးလွှားသွားကြတာ တွေ့တဲ့အခါရှိသလို့ ခြေ၊ ဆတ်လို အကောင်ကြီးတွေလည်း တွေ့လိုက်တဲ့အခါလည်းရှိရဲ့၊ ဒါပေမဲ့ ဘာတောကောင်ကမှ ဖိုးပလံတို့ကို ရန်မူတာမရှိပါဘူး၊ ဖန်ကြောင်က ရှေ့ကနေ ခါးလျားလေး ဆန့်ကာ ဆန့်ကာ၊ အမြီးလှလှလေးလည်း ဘယ်ညာနွဲ့နွဲ့လေးယမ်းကာ လျှောက်ပါတယ်၊ ဖန်ကြောင်ရဲ့ပန်းရောင်ဦးနှောက်လေးတွေကတော့ လည်နေတာပဲ၊ ရွှေပန်းအိုးနေရာကို ပြန်သတိရအောင် စဉ်းစားနေရှာတယ်ထင်ပါရဲ့၊ နောက်တော့ တောထဲမှာ ဘယ်ကဘယ်လို စတင်စီးလာမှန်းမသိ မြစ်တစ်ခုကို ဘွားကနဲ တွေ့ကြပါပြီ၊

“ဟော၊ မြစ်တော့တွေ့ပြီဟေ့၊ မြစ်တွေ့ရင် ရွှေပန်းအိုးတွေ့ပြီလို့သာမှတ်ကြပေတော့၊ ဒီညတော့ ဒီမှာပဲ နားကြစို့ရဲ့”

“မနက်နေထွက်မှ မြစ်ဟိုဘက်ကူးကြမယ်၊ မြစ်ကူးဖို့ လှေတော့လိုတယ်၊ ကျုပ်တော့ လှေမလုပ်တတ်ဘူးနော်၊ ကျုပ်အတွက်ဆို ရေထဲကူးဖို့ လှေမလိုဘူးဟေ့”
ဖန်ကြောင်က ဒီည မြစ်ကမ်းနားမှာ အိပ်ကြဖို့ပြောပါတယ်၊

လူသူငယ်လူကြီးက သစ်ကိုင်းတွေနဲ့ အိမ်သေးသေးလေးတစ်လုံး ခပ်မြန်မြန်လေး ဆောက်ပေးလိုက်တယ်၊ အဲဒီအိမ်လေးက ခခလဲလျောင်းအိပ်ဖို့ လုံလုံလောက်လောက်ရှိပါတယ်၊

ခခ က ညစာအတွက် ပြင်ဆင်နေတယ်၊
“ရှင် တစ်ခုခုများမစားချင်ဘူးလား” ခခ က ဖန်ကြောင်ကိုမေးလိုက်ပါတယ်၊
“ဟင့်အင်း”
“ကျွန်မထင်တာ ရှင် ကြွက်မြင်ရင်တော့ ဖမ်းချင်စားချင်မှာပဲလို့”
“ကျုပ်လား ဘာလို့စားချင်ရမှာလဲ ကျုပ်ကိုယ်ထဲဖောက်ထွင်းမြင်ရကတည်းက မလှမပတဲ့အရာတွေ လူတွေမမြင်စေချင်ပါဘူး၊ ကျုပ်လည်ချောင်းထဲကနေ သွေးသံရဲရဲ အသားတစ် အသားစတွေဝင်သွား ပြီးတော့ အစာအိမ်ထဲမှာ တလှုပ်လှုပ်နဲ့၊ အဲဒီအသားစတွေဆီက အရည်တွေစစ်ထုတ်ယူကြနေပုံတွေ လူတွေမြင်ကုန်ကြရင် ကျုပ်ကို ရွံရှာကုန်ကြမှာပဲ၊ လူတွေက လူမြင်ကွင်းကအရာတွေသာ ကြောက်ချင်လန့်ချင်ကြတာ၊ ဖုံးကာထားတဲ့အရာတွေနောက်မှာ ဖြစ်ချင်တိုင်းဖြစ်နေကြတာတော့ ရွံရှာကြမှန်းမသိဘူးဗျို့၊ ဒါကြောင့် ကျုပ်ကို ဖန်တီးခဲ့တဲ့ မှော်ဆရာကြီးကို ကျေးဇူးတင်လိုက်တာ ပြောမပြတတ်အောင်ပဲ၊ အခုဆို ကျုပ်က ရှေ့နောက်ဘယ်ညာ ကြည့်ချင်တဲ့ဘက်ကကြည့် ဘယ်အချိန်ကြည့်ကြည့် ကြည်လင်လှပနေတာပဲမလား” ပြောရင်းနဲ့ ဖန်ကြောင်က ခြေချောင်းလေးတွေလိမ်ကာ ကချေသည်လေးလို ကိုယ်ကိုတစ်ပတ်လှည့်ပြလိုက်ပြန်တယ်၊

“ရှင် တစ်ခါမှ မဆာဘူးလား ၊ ရေငတ်တာရော မဖြစ်ခဲ့ဖူးဘူးလား”

“ဟင့်အင်း၊ မဆာဘူ မငတ်ဘူး၊ ကျုပ်ရဲ့ ဖန်တီးရှင် မှော်ဆရာက နမော်နမဲ့နဲ့ပဲ အစာအိမ်မထည့်ခဲ့တာလား၊ အမျှော်အမြင်ကြီးကြီးနဲ့ပဲ မထည့်ခဲ့တာလားတော့ မသိနိုင်ဘူး၊ ဒါပေမဲ့ ကျုပ်ရဲ့ ဒီလို လှလှပပရှင်သန်နေရတဲ့ဘ၀လေးကို သဘောကျတယ်၊ ကျုပ်က တကမ္ဘာလုံးမှာ အခန့်ညားဆုံး အလှဆုံးပဲ မဟုတ်လား ဟေ” 
ဖန်ကြောင်က သူရဲ့ မေးရိုးလေးရှေ့ကိုပစ်ပြီး အလှဆုံးပြုံးကာ မေးလိုက်တယ်၊

“ဟုတ်ပါရဲ့ရှင် ရှင်က အလှဆုံးပါပဲ”
ခခက ရယ်ရယ်မောမောနဲ့ ထောက်ခံပါတယ်။

လူသူငယ်လူကြီးနဲ့ ဖိုးပလံတို့လူစု ၀ါးဖောင်တစ်ခုလုပ်ဖို့ပြင်ကြတယ်၊ လူသူငယ်လူကြီးက အနီးအနားမှာ ၀ါးရုံတောကြီးရှိတယ်လို့ဆိုတယ်၊ သူတို့ ၀ါးရုံတောဘက်ကို သွားကြတယ်၊

“၀ါးအခြောက်နဲ့လုပ်ရင်တော့ ပိုပြီးပေါ့တယ်၊ အခုတော့ ရှိတဲ့ဝါးပင်ကနေခုတ်ယူရမှာဆိုတော့ ၀ါးအစိုရဲ့အစေးတွေက တစ်ခါတစ်လေ အလေးချိန်သိပ်များလွန်းပြီး မြုပ်တောင်မြုပ်နိုင်တယ်၊ လူများများလိုက်လို့မကောင်းဘူး၊ တို့အားလုံး သွားကြဖို့တော့ မသင့်တော်ဘူး၊ ဟို ကလေးမကိုဖြစ်ဖြစ် ဒီဘက်ကမ်းမှာ ထားခဲ့တာပိုကောင်းမယ်၊ ၀ါးပင်ကိုလည်း အဆစ်အပိုင်းအကြီးဆုံးနေရာကိုပဲ ရွေးပြီး သုံးရမယ်ကွဲ့”

လူသူငယ်လူကြီးက ၀ါးပင်တွေကို ပုဆိန်နဲ့ ခုတ်ဖြတ်ရင်း တဆက်တည်းရှင်းပြပါသေးတယ်၊ ပြီးတော့ ၀ါးဖောင်လုပ်တဲ့အခါ ဖိုးပလံနဲ့ မော်စီတို့လည်း ကူညီကြတယ်၊ ညရဲ့ တိတ်ဆိတ်လိုမှုကို ဖိုးပလံတို့က တားဆီးနေကြပါပြီ၊ ၀ါးဖောင်ရလာကြတဲ့အခါ မေ့နေတဲ့ညစာ အတွက်သူတို့ လှုပ်ရှားကြပြီ။

မိုးလင်းလာပြီ၊ အလင်းရောင်နဲ့ အားလုံးပဲ လှုပ်ရှားနိုးထကြရပြီ၊ ဖိုးပလံ နဲ့ မော်စီ တို့ နိုးလာကြတဲ့အခါ သစ်တုံးပေါ်မှာထိုင်ပြီး ကျွန်းလေးဆီ မေးထောက်ရင်း ငေးနေတဲ့ ခခကို တွေ့လိုက်ကြတယ်၊ မြစ်ပြင်က သိပ်မကျယ်တာကြောင် ကျွန်းလေးကို မြင်နေရတယ်၊ ကျွန်းလေးက ရှင်းလင်းနေတာပဲ အပင်လည်းမရှိဘူး၊ ကျောက်ဆောင် ကျောက်တုံးလေးတွေလည်း မရှိဘူး၊ ကျွန်းအလယ်မှာ ရွှေရောင်တလက်လက် ပန်းအိုးလေးကိုတော့ တွေ့နေရသား၊ မှော်ပန်းလေးတွေမြင်ရလောက်တဲ့အထိတော့ မဟုတ်ဘူး၊ ဖန်ကြောင်က သူ့ရဲ့အမြီးလှလှလေးကို ကိုယ်ပတ်လည်မှာ ခွေရစ်ထားပြီး အမြီးဖျားလေးပဲ တလှုပ်လှုပ်လုပ်နေတယ်၊ လူတွေ တစ်ခုခုကို စဉ်းစားတွေးတောနေတဲ့အခါ လက်ချောင်းလေးတွေ တလှုပ်လှုပ်လုပ်နေကြသလို ကြောင်တွေလည်း အဲလိုပဲ၊ မျက်စိမှိတ်ပြီး ငြိမ်နေရင်တောင် အမြီးဖျားလေးက ခပ်မြန်မြန်လှုပ်နေပြီဆို သူတို့ စိတ်တိုဒေါသထွက်နေပြီဆိုတာ သိနိုင်တယ်၊ ဖိုးပလံတွေ့ဖူးသားပဲ၊ ဒါဆို ဖန်ကြောင်လည်း စိတ်လှုပ်ရှား နေတာများလား၊ ဒါမှမဟုတ် ဖိုးပလံတို့ ညကပင်ပမ်းပြီး  မနက်အိပ်ရာထနောက်ကျလို့ပဲ စောင့်နေရလို့ စိတ်မရှည်တာလားတော့ မသိ၊

ဖိုးပလံတို့ ညက လုပ်ထားကြတဲ့ ၀ါးဖောင်ကို ရေထဲချကြတယ်၊ ခခ ကို ဒီဘက်ကမ်းမှာပဲ နေခဲ့ကြဖို့ ပြောပေမဲ့ ခခက တစ်ယောက်တည်းမနေရဲဘူးတဲ့၊ နောက်တော့ ခခကိုပါ ခေါ်သွားကြဖို့ ဆုံးဖြတ်ကြတယ်၊ ၀ါးဖောင်လေးက မဆိုးလှပါဘူး၊ ခိုင်ခိုင်ခံ့ခံ့ ရှိသားပဲ၊ ရေစီးကလည်း မသန်ဘူး၊ တသွင်သွင်စီးနေရုံလောက်လေးပဲ၊ ဖန်ကြောင်က မြစ်ကမ်းပါးမှာပဲ အေးအေးလူလူရပ်ပြီးနေရစ်ခဲ့ပါတယ်၊ မျက်နှာက ပြုံးစိစိနဲ့။

လူသူငယ်လူကြီးက လှော်တက်အတွက်ခုတ်ဖြတ်လာတဲ့ ၀ါးလုံးလေးကို ကျင်ကျင်လည်လည် ကိုင်တွယ်ပြီး ၀ါးဖောင်လေးကို ရွေ့စေတယ်၊ မော်စီနဲ့ ဖိုးပလံတို့လည်း လူသူငယ်လူကြီး လှော်သလို လိုက်လုပ်ကြည့်ကြတယ်၊ အစတော့ ခက်သလိုပဲ၊ နောက်တော့ ၀ါးဖောင်လေးကို ရေထဲမှာ ဘယ်လိုထိန်းရမယ်ဆိုလာ သိလာကြတယ်၊ ကျွန်းလေးဆီကို ရောက်တော့ဟိုဘက်ကမ်းကတွေ့ရတဲ့အတိုင်းပဲ၊ တကယ့်ပြောင်ချောချောကျွန်းလေး၊ ဘာအပင်မှ မရှိဘူး၊ ဘာကျောက်ဆောင်မှ ရှိမနေဘူး၊ မြစ်ကမ်းပါးနားမှာ သဲစပ်စပ်လေးနဲ့ နောက်တော့ ခပ်ပျော့ပျော့ မြေသားတွေ အဲဒါပဲ ရှိတယ်၊ ရွှေရောင်ပန်းအိုးလေးပဲ တစ်ခုတည်း အစွမ်းကုန် အရောင်တွေတလက်လက် ဖြာနေတယ်၊ ပန်းလေးတွေလည်း တွေ့ရပါပြီ၊ ပန်းရနံ့လေးတွေလည်း လေထဲမှာသင်းပျံ့လို့နေတယ်၊ ဒီလောက် သိသာနေတဲ့ ရွှေပန်းအိုးလေးကို ဘယ်သူကမှ ယူမသွားကြတာ အံ့သြစရာပဲ လို့ ဖိုးပလံတွေးပါတယ်၊ ဘာလို့မတွေ့ကြပါလိမ့်၊ ဒါမှမဟုတ်ရင် ..တွေ့ရက်နဲ့များ၊

ဖန်ကြောင်က ပန်းအိုးလေးနားမှာ ထိုင်ရင်း သူရဲ့ဖန်ကိုယ်ထည်ပေါ်က လက်ကျန်ရေစလေးတွေကို လျှာနဲ့သပ်နေတယ်၊ ရွှေပန်းအိုးလေးတွေ့တော့ ဖိုးပလံမနေနိုင်တော့ဘူး၊ ဖိုးပလံ ရွှေပန်းအိုးဆီပြေးလို့ကြည့်တယ်၊ ခခလည်း ပန်းအိုးလေးဆီပြေးကြည့်တာပဲ၊ ရွှေရောင်လေး လင်းလက်လို့ သိပ်လှတယ်၊ မော်စီက ပန်းအိုးလေးကို မကြည့်တယ်၊ ပန်းအိုးက မကြီးပါဘူး၊ ဒါပေမဲ့ တုပ်တုပ်မှ လှုပ်မလာဘူး၊ ဘာမှလည်းမတွေ့ရပဲနဲ့၊ ပန်းအိုးက တစ်ခုခုနဲ့ အခိုင်အမာတုပ်နှောင်ထားသလိုလို၊ ဖိုးပလံကပါ ၀င်ကူတယ်၊ လူသူငယ်လူကြီးကတော့ ပန်းအိုးပတ်လည်ကို သေသေချာချာလိုက်ကြည့်ပါတယ်၊ မျက်မှောင်ကျုံ့ထားလိုက်တာ၊ တစ်ခုခုကို စဉ်းစားနေပုံရတယ်၊ အဲဒီအချိန် ဒေလီယာပန်းလေးတွေ ပွင့်နေပါတယ်၊ မော်စီက ခါးလေးကိုင်းပြီး ပန်းအိုးကို မကြည့်နေတုန်းပဲ ပန်းလေးက နောက်တစ်ပွင့်ကို ပြောင်းသွားတယ်၊ နှင်းဆီပန်းလေးတွေ ...
“ဟယ်”
“နှင်းဆီပန်းလေး၊ လှလိုက်တာ ဟောဒီမှာ ကြက်သွေးရောင်ရင့်ရင့်လေး၊ ဟော နောက်တစ်ပွင့်က အဖြူရောင်လေး၊ မွှေးလိုက်တာဟယ်၊ သိပ်မွှေးတာပဲ”  ခခက ပျော်ရွှင်စွာဟစ်အော်ပါတယ်၊

“မြေကလည်း ပျော့အိအိနဲ့ ဖိနပ်နဲ့ဆိုတော့ ပန်းအိုးမ ရတာ ခြေကုပ်အားမကောင်းဘူး၊ အင့် ... ဟာ”
 ပြောရင်းဆိုရင်း မော်စီက ဖိနပ်ကို ချွတ်ပစ်လိုက်တယ်၊ ဖိုးပလံလည်း မော်စီ့လိုပဲ ဖိနပ်တွေချွတ်ပစ်လိုက်ပါတယ်၊
“ဟာ .. နေကြဦး ကလေးတွေ”
လူသူငယ်လူကြီးက လှမ်းတားပေမဲ့ မမှီလိုက်တော့ဘူး၊ သူထင်တာများဖြစ်လာမလား မသေချာပေမဲ့ လူသူငယ်လူကြီး ဖိုးပလံတို့ကိုအော်ပြီးတားခဲ့ပါတယ်၊ ဖိုးပလံနဲ့ မော်စီတို့ နှစ်ယောက်သား ခြေဗလာကျင်းလို့နေပြီ၊ ရွှေပန်းအိုးလေးကို အားစိုက်ပြီးမကြတယ်၊ ပန်းအိုးက အရင်လိုပဲ၊  လှုပ်ကိုမလှုပ်ဘူး၊

“ဖိုးပလံ”
“----------------”
“နင်ဘယ်လိုနေလည်း ငါ့ ဖြေဖ၀ါးမှာ ယားကျိကျိနဲ့ တစ်ခုခုက ခြေဖ၀ါးကို ထိုးနေသလို ခြေဖ၀ါးထဲကပဲ တစ်ခုခုက .. ”
“ဟုတ် ..တယ် .. တစ်မျိုးကြီးပဲ .. ယားလိုက်တာ .. ခြေဖ၀ါးထဲက လိုပဲ .. ”  “အား .... အား ... အား
“ငါ့ ခြေထောက်တွေ လှုပ်လို့မရတော့ဘူး၊ ဘယ်လိုမှ ရွှေ့မရတော့ဘူး”
“ဒုက္ခပဲကွာ  ... ထင်တဲ့အတိုင်းတော့ဖြစ်လာပြီ”
လူသူငယ်လူကြီး က ရေရွတ်လိုက်တယ်၊
ခခ က စိတ်ပူပန်လွန်းအားကြီးပြီး မျက်လုံးလေးတွေပြူးဝိုင်းနေပြီ။

အဟုတ်ပဲ၊ ဖိုးပလံနဲ့ မော်စီတို့ ခြေထောက်တွေမှာ အမြစ်တွေတိုးထွက်လာပြီ မြေကြီးထဲ ကို နစ်ဝင်နေပါတယ်၊ အမြစ်တွေပိုပိုပြီး ရှည်လာသလို ဖိုးပလံတို့ မြေကြီးကနေ လုံးဝ ခွာမရအောင် တွယ်ကပ်နေကြပြီ၊ ဖိုးပလံရော မော်စီရော ကြောက်လန့်တုန်လှုပ်နေကြပြီ၊ ခခ က ခြေဖ၀ါးအောက်က မြေကြီးတွေ ဖယ်ရှားကြည့်တဲ့အခါ ဖိုးပလံတို့ခြေထောက်မှာ အသားအရောင်အတိုင်းပဲ အမြစ်ကြီး ရှည်ထွက်နေတာကို မြင်လိုက်ရတော့တယ်။ လူသူငယ်လူကြီးက ခခ ကို လှမ်းသတိပေးတယ်၊ “ဖိနပ်လုံးဝမချွတ်မိစေနဲ့နော်”

“ဟုတ် ... ဟုတ်ကဲ့” ခခ ကြောက်လန့်ပြီး ကိုယ်လေးတောင် တုန်တုန်ရီရီဖြစ်လာပြီ၊ ဖန်ကြောင်က မျက်လုံးကြီး နှစ်လုံးကို ပြူးနေအောင်ကြည့်ပြီး “အော် ဒါကြောင့်ကိုး ဒါကြောင့်ကိုး...”  လို့ ခပ်တိုးတိုး စကားဆိုတယ်၊ သူ ကြားဖူးထားတဲ့ ဒဏ္ဍာရီထဲကလိုပဲ၊ အမြစ်တွေရှည်ထွက်လာ နောက်တော့ သက်ရှိအားလုံး တဖြည်းဖြည်းသေးကွေးကြုံလှီသွား .. ပြီးတော့ သေးကွေး .. ပြီးတော့ .... ပျောက်ကွယ်၊ သဲမှုန်လေးတစ်မှုန်စာလောက်တောင် မကျန်တော့တဲ့အထိ ပျောက်ကွယ် ...
“အိုး အဲဒါသာ အမှန်အတိုင်းဆို၊ ကျုပ်တို့တွေ အချိန် သိပ်မရှိဘူးဟေ့ ဒီကလေးတွေကို ဆုံးစမြုပ်စ ပျောက်ကွယ်မသွားခင်မှာ ဒီနေရာက လွတ်အောင်လုပ်ရမယ်၊ ဒီအမြစ်တွေကို ရှင်းနိုင်အောင်ကြိုးစားရမယ်”
“ရှင် ... သူတို့ ... ပျောက်ကွယ်သွားမယ်” ခခ က ငိုမဲ့မဲ့ဖြစ်နေပြီ၊ “အမြစ်တွေကို ဖြတ်ပစ်ရင်ရော”
“အမလေး .. မဖြစ်ဘူး မဖြစ်ဘူး၊ ကျုပ်သိတဲ့အတိုင်းဆို အမြစ်တွေကလည်း သူတို့ အသားပဲ၊ အမြစ်တွေကို ဖြတ်ရင် သူတို့ အသားကို လှီးဖြတ်သလိုပဲ နာကျင်ကြလိမ့်မယ်၊ အဲဒီလို လုပ်လို့ မဖြစ်ဘူး”
ခခ စကားကို ကြားတော့ ဖန်ကြောင်က စိုးရိမ်တကြီး ချက်ချင်းပဲ ကန့်ကွက်ပါတယ်၊

လူသူငယ်လူကြီးက တော်တော်ကြာငြိမ်ပြီး စဉ်းစားနေရာက ...
“ဟုတ်ပြီ၊ ဖန်ကြောင်က လမ်းကောင်းကောင်းမှတ်မိတော့ လူသူငယ်မြို့တော်ကို ချက်ချင်းပြန်ခိုင်းလို့ရတယ်၊ သူက အင်မတန်လျှင်မြန်ပေါ့ပါးတယ်၊ ခဏလေးနဲ့ လူသူတော်မြို့ကိုရောက်သွားနိုင်မှာ၊ လူသူငယ်မြိ့က မှော်ဆရာမလေး ဆူး ကို မေးပေးပါ၊ သူ က ဘ၀ပြောင်းဂါထာတွေရတယ်၊ အဲဒီထဲက +အကောင်ပြောင်းဂါထာ+ ရယ် +အကောင်မှန်ဂါထာ+ ကို သင်ခိုင်းပါ၊ အကောင်းပြောင်းဂါထာနဲ့ ဒီကလေးနှစ်ယောက်ကို အကောင်ပြောင်းလိုက်မယ်၊ ပြီးမှ အကောင်မှန်ဂါတာကို ပြန်ရွတ်လိုက်ရင် သူတို့ ပုံမှန်လူ ပြန်ဖြစ်လာမှာပဲ“
“မြန်မြန်သွားချည်ပါ၊ အချိန်မရှိတော့ဘူး၊ မဟုတ်ရင် ကျုပ်တို့ ဒီကလေးတွေ ဆုံးရှုံးရလိမ့်မယ်”
“-----------”
“ကဲ ကွယ် .. သွားပါ .. မှော်ဆရာမ ဆူး သင်ပေးတဲ့အတိုင်း သေချာမှတ်ခဲ့ကွဲ့”
“------------------”
“ဖန်ကြောင်ရေ လုပ်ကွဲ့ .. သွားချည်ကွဲ့ သွက်သွက်လေး”
“--------”
ဖန်ကြောင်က မတုန်မလှုပ် စကားပြန်မပြောဘူး၊ နားရွက်တစ်ဘက်ထောင်ပြီး တစ်ဘက်ကခပ်လှဲလှဲအနေအထားနဲ့ ငြိမ်ပြီးစဉ်းစားနေတယ်၊ သူ့ရဲ့ ပန်းရောင် ဦးနှောက်လုံးလေးတွေက ချာချာလည်နေတာပဲ၊
“ကျုပ် စဉ်းစားနေတာ၊ အဲဒီဂါထာ နှစ်ပုဒ်ကို မှတ်မိပါ့မလားပဲ၊ သိပ်များရှည်သလား ဟေ”
ဖန်ကြောင်က စဉ်းစားနေရာက လူသူငယ်လူကြီးကို မေးခွန်းထုတ်လိုက်တယ်၊
“ဂါထာက တိုတိုလေးပဲ ဖန်ကြောင်ရဲ့ ပန်းရောင်ဦးနှောက်လေးတွေက အလုပ်ကောင်းကောင်းလုပ်တယ်လို့ ကြွေးကြော်နေကျမဟုတ်လားကွဲ့” လူသူငယ်လူကြီးက ခပ်လောလောဖြေပါတယ်၊
“အမလေး .. မော်စီ ..လေ မော်စီ ခခထက် အရပ်ပုသွားပြီ၊ လုပ်ပါဦး ...”
ခခ က အသံစူးစူးလေးနဲ့ ထအော်လိုက်တယ်။
“ကဲ သွားပြီဗျို့ မြှဲ့ ညောင်း ..မြှောင့်
ညောင်လို့ မအော်ပဲ မြှဲ့ညောင်း လို့ ဆောင့်ကြီးအောင့်ကြီး အော်လိုက်ပြီး ကျွန်းလေးဆီကနေ မြစ်ထဲကို ဆင်းပြေးပါတယ်၊ တခဏလေးပဲ သူ့ရဲ့အမြီးလှလှလေးတောင် မမြင်လိုက်ရတော့ပဲ အားလုံးရဲ့ မြင်ကွင်းထဲက ပျောက်သွားခဲ့ပါပြီ။

မော်စီနဲ့ ဖိုးပလံတို့ က ကြောက်ရွံ့လွန်းလို့ အသံမထွက်နိုင်ကြဘူး၊ နောက်တော့ “ငါတို့ ကံကောင်းကြမှာပါ” လို့ အချင်းချင်း အားပေးရင်း ရှေ့ဆက်ဖြစ်လာမှာတွေ ရင်ဆိုင်ဖို့ အားမွေးနေကြပါတယ်။

နောက်ထပ် နှစ်နာရီကျော်ကြာပြီးတဲ့အခါ ဖန်ကြောင်ပြန်ရောက်လာပါပြီ၊ ဖန်ကြောင်ရဲ့ ပတ္တမြားနှလုံးလေးက အဆမတန်ခုန်လှုပ်လို့နေရှာတယ်၊ ပန်းရောင်ဦးနှောက်လေးတွေရောပဲ၊
“ဘယ်လိုလဲ .. ”
“မှော်ဆရာမလေး ဆူးနဲ့ တွေ့လား”
“ဂါထာရလာလား”
”ဂါထာပေးလိုက်လား”
“သူတို့ကို အသွင်ပြောင်းနိုင်မယ်တဲ့လား ဟင်”
ခခတို့ အားလုံးက ဖန်ကြောင်ကို တစ်ယောက်တစ်ပေါက် မေးခွန်းတွေ ၀ိုင်းပြီးထုတ်ကြတယ်၊
“ဟေ့ ဟေ့ .. တိတ်တိတ်နေကြပါ၊ ဂါထာမမေ့အောင် တစ်လမ်းလုံးရွတ်လာရတာ၊ မေ့ကုန်တော့ပါပဲ၊ သိပ်ခက်တာပဲ တိုးတိုးတိတ်တိတ်နေကြပါဗျို့”
ဖန်ကြောင်က အသက်ပြင်းပြင်းရှုသွင်းလိုက်ပြီး ခခတို့ အားလုံးကို ခပ်ငေါက်ငေါက်ဆူလိုက်ပါတယ်၊

“ကျုပ် ကို ‘မှော်ဆရာမလေး ဆူး’ က ပျားကောင်ပြောင်းဂါထာ သင်ပေးလိုက်တယ်၊ အကောင်ပြောင်းဂါထာရော၊ အကောင်မှန်ဂါတာရော”
“မြန်မြန်ရွတ်မှ ဖြစ်မယ် သူတို့ တွေ ခုတောင် တော်တော် ကျုံလှီကုန်ကြပြီ” 
ဖိုးပလံတို့ကို ကြည့်ပြီး ဖန်ကြောင်က ဖြေပါတယ်၊

ခခက မေးတယ်၊ “ပျားတွေပြောင်းသွားမယ်ဆို အမြစ်တွေကရော ဟင်”
“အမြစ်တွေကလည်း အခုဆို သူတို့ရဲ့ အသွေးအသားပဲ၊ အမြစ်တွေပါ အကုန်လုံးပျားတစ်ကောင်ပြောင်းသွားမှာပေါ့”
“အဲ .. အဲဒါ .. အဲဒါ ... ဟုတ်တယ် အဲဒီလိုကျုပ်ပြောတာ၊ ပျားကောင်ဖြစ်သွားပြီးမှ အကောင်မှန် ဂါထာပြန်ရွတ်လိုက်ရင် သူတို့ ပုံမှန်ပြန်ဖြစ်လာကြမှာပဲ”
လူသူငယ်လူကြီးကလည်း ၀င်ပြောပါတယ်၊
“ကဲ ဒါဆို စကြစို့”
ဖန်ကြောင်က ခါးကြောလေးဆန့်ပြီး အာခေါင်တစ်ချက်ဖြဲ၊ ဂါထာရွတ်ဖို့ ဟန်ပြင်တယ်၊
“ဖိုးပလံနဲ့ မော်စီတို့ ပျားကောင်တွေလို ပုံပြောင်း .. အခုပဲပြောင်း .. ပျားပုံပြောင်းပေးပါ ပပ .. အခပပ .. ပပပပပပပပ... ”
ဖန်ကြောင်က ဂါထာကိုရွတ်ပြီး ခဏစောင့်ကြည့်တယ်၊ ဖိုးပလံတို့ ပြောင်းမသွားကြဘူး၊
လူသူငယ်လူကြီးက ဂါထာရဲ့သဘောသဘာဝကို နားလည်သွားပုံရတယ်၊ “ပပပ တွေ အက္ခရာသုံးလုံးလောက်ပိုမနေဘူးလား၊ အဲဒါ အတိအကျဖြစ်ရမယ်မလား”

ဖန်ကြောင် နှုတ်ခမ်းစူပြီး “ဘာတုန်း အတိအကျရွတ်တာပဲလေ၊ ပ တွေ . ပိုနေလို့လား” လို့ ပြန်မေးတယ်၊

“ပိုနေတာပေါ့ ပ .. တွေ အများကြီးပဲ”
လူသူငယ်လူကြီးက ရှင်းပြပါတယ်၊
ဖန်ကြောင်က သွားစိဖြဲခြောက်ပြီး သူ စိတ်တိုကြောင်း ပြတယ်၊
လူသူငယ်လူကြီးက ပုခုံးပဲ တွန့်ပြလိုက်ပါတယ်၊

“ဖိုးပလံနဲ့ မော်စီတို့ကို ပျားကောင်တွေလို .. ပုံပြောင်းစေချင်ပါတယ်.. အခုပဲပြောင်းစေချင် .. ပျားပုံပြောင်းပေးပါ ..
ပပစခပတ .. အခပပစခ .. ပပပပပ... ”
ဖန်ကြောင်က ဂါထာကို အက္ခရာ တစ်လုံးချင်းစီ ဂရုတစိုက်ရွတ်တယ်၊
“အဲ .. ဟုတ်ပြီဟေ့ .. အဲလို .. ဂါထာတော့ ကွက်တိကိုမှန်ပြီဟေ့”
“ဟော .. ဟော ..”
“ဟယ် ..”
“ပျားလေးတွေ .. ပုံပြောင်းသွားကြပြီ၊ သူတို့ အန္တရာယ်က လွတ်ပြီ”
ခခက ၀မ်းသာအားရ အော်ဟစ်ပါတယ်၊ ဒါပေမဲ့ ခခလည်း အပြည့်အ၀တော့ မပျော်ရဲသေးဘူး၊ သူ့ရဲ့သူငယ်ချင်း ဖိုးပလံနဲ့ မော်စီကို ပုံမပျက် ပြန်မှတွေ့ရပါ့မလားလို့ ခခက ပူပန်နေရှာတယ်၊
“ပျားလေးနှစ်ကောင်လာကြအနားကို .. လာကြ .. အကောင်မှန်ဂါထာရွတ်ရဦးမယ်” ဖန်ကြောင်က ပျားလေးနှစ်ကောင်ကို အနားကိုခေါ်ပါတယ်၊ ပျားလေးတွေက ရွှေပန်းအိုး အနားကို မလာရဲကြဘူး အဝေးကနေပဲ ရစ်သီရစ်သီလုပ်နေကြတယ်၊
“လာကြပါ ကျုပ်အနားကို ရွှေပန်းအိုးကို ထိကိုင်မထားရင် မြစ်ပွားကျိန်စာ မထိပါဘူးလို့ မှော်ဆရာမ ဆူး က ရှင်းပြလိုက်တယ်၊ လာကြဗျို့၊ ဂါတာရွတ်ရဦးမယ်၊ ကြာရင် ကျုပ်က မေ့သွားလိမ့်မယ်၊ ဂါထာတွေ ကျုပ်ရဲ့ ပန်းရောင်အလုံးလေးတွေထဲက ထွက်မပြေးခင် မြန်မြန်ရွတ်မှ ဖြစ်မယ်”
အဲဒီတော့မှ ပျားလေးနှစ်ကောင် ဖန်ကြောင်အနားရောက်လာကြတယ်၊
“ကဲ .. ရွတ်တော့မယ်၊ လာလေရော့ အကောင်မှန်ဂါထာ”
“ပျားကောင်တွေ ဖိုးပလံနဲ့ မော်စီ အဖြစ်သို့ ပုံမှန်ပြောင်း .. အခုပဲပြောင်း .. ပုံမှန်ပြောင်းပေးပါ .. အကောင်မှန် ပြောင်းပေးပါ ..
ပမပ .. အခပပ .. ပမပပပ .. အကမ ပပပ”

”--------------”
ပျားကောင်လေး ဖိုးပလံနဲ့ မော်စီတို့ဆီက ညီးညူသံနည်းနည်းထွက်လာလို့ သူတို့ ဂရုစိုက်ကြည့်လိုက်ကြတော့ ပျားကောင်လေးတွေကနေ ဖိုးပလံ မော်စီတို့ နဂိုအတိုင်းပြန်ဖြစ်လာကြပြီ၊ ဖိုးပလံတို့ကို အားလုံးက ၀ိုင်းပြီးထွေးပွေ့ကြတယ်၊ ဖန်ကြောင်ကလည်း ပြုံးပြုံးကြီး ကြည့်လို့နေပါတယ်၊ အခုမှပဲ ဖန်ကြောင်ရဲ့ ပတ္တမြားနှလုံးလေး အဆမတန်လှုပ်ခါမှုမဖြစ်တော့ဘူး၊ ဦးနှောက်လုံးလေးတွေလည်း အတန်ငယ်ငြိမ်သက်သွားကြပါပြီ။

“ကဲ .. အခု နောက်ဆုံး မှော်ဆရာမ ဆူးပေးလိုက်တဲ့ တတိယ လက်ဆောင်ကတော့ ဂါထာမဟုတ်တော့ဘူး၊ ရွှေပန်းအိုးဆီက ကျိန်စာကို ဖြတ်ထုတ်တဲ့နည်းတဲ့၊ လွယ်လွယ်လေးပဲ လုပ်ကြရအောင်၊ ရွှေပန်းအိုးကို တစ်ပတ်ပြည့်အောင် ကျုပ်တို့လျှောက်ကြရမယ်၊ ပြီးတော့ ရွှေပန်းအိုးဘေးပတ်ပတ်လည်မှာ အားလုံးစုထိုင်ပြီး ပန်းအိုးပတ်လည် စက်ဝိုင်းလို စုကိုင်ကြမယ်၊ ပန်းအိုးဘောင်လေးကို အားလုံးက တစ်ပြိုင်နက်တည်း မယူလိုက်ရမယ်၊ အားလုံးရဲ့လက်တွေထိနေကြပါစေနော်၊ မဟသွားပါစေနဲ့၊ ဟလိုက်တာနဲ့ အမြစ်တွေပြန်ထိုးထွက်လာကြလိမ့်မယ်”  ဖန်ကြောင်က ရွှေပန်းအိုးရဲ့ ကျိန်စာသေအောင် ရှင်းနည်းကို သေချာရှင်းပြပါတယ်၊

အခုတစ်ခါတော့ ဖိုးပလံတို့ ကြောက်ရွံ့မှုမရှိကြတော့ဘူး၊ အဲဒီမြစ်ပွားကျိန်စာဆိုတာကြီးကို သတ်နိုင်တဲ့နည်းကလည်း သိနေကြပြီဆိုတော့ ...၊ အားလုံး ပန်းအိုးဘေးမှာ စုထိုင်လိုက်ကြပြီး၊ လက်တွေပန်းအိုးဘောင်မှာ စက်ဝိုင်းပုံ ထိလျှက်သားနဲ့ပဲ ပန်းအိုးကို မယူလိုက်ကြတယ်၊ ပန်းအိုးက ပေါ့ပေါ့ပါးပါးလေးပဲ၊ အသာတကြည်ပဲ ပါလာပါတယ်၊ အဲဒီလိုရွှေပန်းအိုးကို နေရာက မ ယူ ဖယ်ရှားမှုဟာ မှော်ပန်းတွေကို သက်ရောက်မှု ရှိမနေတာကို ကံကောင်းစွာပဲ သူတို့ တွေ့ကြရပါတယ်၊ ပန်းလေးတွေက ပွင့်မြဲပွင့်လျှက်ပဲ၊ ပြောင်းမြဲပြောင်းလျှက်ပဲ၊ မွှေးမြဲ မွှေးလျှက်၊ လှမြဲလှလျှက် ဘာမှပြောင်းလဲမသွားကြပါဘူး။

ဖိုးပလံတို့ အားလုံး လူသူငယ်မြို့တော်ကို ဘေးမသီရန်မခပဲ ပြန်ရောက်လာကြပါပြီ၊ လူသူငယ်တွေအားလုံးလည်း ပျော်ရွှင်နေကြပါတယ်၊ သူတို့ရဲ့ ကျေးဇူးရှင် ခခကို ကူညီလိုက်နိုင်ပြီးဆိုပြီး ၀မ်းသာအားရဖြစ်နေကြတယ်၊ သူတို့ရဲ့ မျက်နှာလေးတွေ ပြုံးရွှင်နေတာပဲ၊ ရွှေပန်းအိုးလေးနဲ့ မှော်ပန်းလေးတွေရဲ့ လှပမှုကို အားလုံးက တသသချီးကျူးနေကြတယ်၊ သူတို့ရဲ့ မျက်နှာမှာတော့ လိုချင်တက်မက်စိတ်တစုံတရာ ရှိမနေကြပါဘူး၊ သူတို့အတွက် လိုအပ်ချက်မှန်သမျှ သူတို့မှာရှိနှင့်နေကြပြီလို့ လူသူငယ်တွေက ယုံကြည်ထားကြတယ်တဲ့၊ အဲဒါကြောင့် နောက်ထပ် ဘယ်လို အရာမျိုးကိုမှ လိုချင်တက်မက်တဲ့ခံစားမှု မရှိကြတော့ဘူး လို့ လူသူငယ်အုပ်ချုပ်ရေးမှူးက ရှင်းပြပါတယ်။

ဖိုးပလံ၊ မော်စီ နဲ့ ခခ တို့ အားလုံး လူသူငယ်မြို့တော်သားတွေကို နှုတ်ဆက်ပြီး ပြန်ခဲ့ကြပါပြီ။

-------------------------------- ။ --------------------------------
အိမ်ကို ပြန်ရောက်ကြတဲ့ ကလေးသုံးယောက်အတွက် မေးခွန်းတွေက အသင့်စောင့်ကြိုနေကြပြီ၊

ဖိုးပလံ
“--------”
“မေမေ သားကို အမြဲယုံကြည်ပြီး သားလုပ်ချင်တာဆို မေမေ ခွင့်ပြုခဲ့တာပဲ၊ မချုပ်ချယ်ခဲ့ဖူးနော်၊ အခု တစ်ညအိပ် နှစ်ရက်နီးပါး မေမေ့ကို ဘာမှလည်းပြောမသွား၊ အကြောင်းလည်းမကြား”
“--------------------”
“အဲဒီအတွက် မေမေ့ကို သား ဘယ်လို ရှင်းပြနိုင်မလဲ၊ မော်စီနဲ့ ခခ တို့အိမ်ကိုလည်း မေမေ မေးတာပဲ၊ သူတို့လည်း အားလုံးစိတ်ပူနေကြတယ်တဲ့၊  မော်စီလည်း အိမ်မှာ မရှိဘူး၊ ခခ ရောပဲ”
“--------------------”
“သားတို့ ဘာတွေ သွားဆော့နေတာလဲ”
 “------”

မော်စီ
“လင်းလွန်း ဖေဖေ့ကို အမှန်အတိုင်းပြောပြ ရှင်းပြရမယ်၊ သားတို့ ဘယ်တွေသွားနေလဲ”
“--------------”
“ဘာတွေလုပ်နေကြလဲ၊ ဖေဖေ့သား လင်းလွန်းဟာ ဘယ်တော့မှ ညာပြီး မပြောတတ်ဖူး ဆိုတာ ဖေဖေသိထားပြီးသားပဲ”
“------------”
“မေမေလည်း အခု သား ... ရှင်းပြတာကို နားထောင်မယ်”

ခခ
“မေမေ့ သမီးလေး ခခ ဘယ်တွေသွားနေတာလဲ”
“-----------------------”
“--------------”
လဲ့ရာက ညက တစ်ညလုံး မအိပ်ဘူး၊ တအီအီနဲ့ အော်နေတာ”
“-------------”
“ဖိုးပလံ တို့ မော်စီတို့ အိမ်ကလည်း စိတ်ပူနေကြတာ သမီးတို့ ဘယ်တွေသွားဆော့နေကြသလဲကွယ်”
------------------- ။ -------------------

သူတို့အားလုံးရဲ့အဖြေက  .........
“လူသူငယ်နတ်သမီးနယ်မြေကိုရောက်သွားကြတာပါ၊ နတ်သမီးနယ်မြေကရလာတဲ့ ရွှေပန်းအိုးနဲ့ မှော်ပန်းလေးတွေလည်း ပြမယ်နော်”  လို့ အတူတူပဲဖြေကြတယ် ...
ဖိုးပလံမေမေ မွေးနေ့ကျမှ အားလုံးကို အံ့သြသွားအောင် ရွှေပန်းအိုးနဲ့ မှော်ပန်းလေးအကြောင်းပြောပြပါ့မယ် လို့ ကတိပေးခဲ့ကြပါတယ် ... ။

Ref: The Magic of Oz by L. Frank Baum

1 comment:

  1. ...အလင်းစက်များMarch 10, 2011 at 1:35 PM

    အင်....ပြီးသွားပြီလား.... မွေးနေ့ မှာ ပေးလို့ ရလိုက်ကဲ့လား...

    ReplyDelete