Tuesday, March 15, 2011

ဘာလဲ .. အချစ်ဆိုတာ

အဲဒီနေ့က ဖက်ဖူးရောင် လဘက်ရည်ဆိုင်လေးမှာ သီရိ စိမ်ပြေနပြေထိုင်ရင်း မဂ္ဂဇင်းစာအုပ်ဖတ်နေခဲ့ပါသည်။ သီရိရဲ့ ကဗျာလေးတစ်ပုဒ်ပါလာတဲ့ နေရီရီမဂ္ဂဇင်းလေးကို သီရိရဲ့ မောင့်ကို ကြည့်သလို လဲ့လဲ့လေးကြည့်လို့၊ သီရိရဲ့ မောင့်ကို ပြုံးပြသလိုမျိုး ချိုမြမြလေးပြုံးလို့ ဖတ်ပါသည်။ ကိုယ့်ကဗျာလေးပါတဲ့ စာတစ်မျက်နှာကိုပဲ ဘယ်နှစ်ခေါက်မှန်းမသိ အကြိမ်ကြိမ်လှန်လှောကြည့်ပါသည်။ ကဗျာလေးထဲက စာသားတွေကို သီရိ တလုံးမကျန်အလွတ်ရနေသားပဲ၊ ကိုယ်တိုင်လှလှပပလေး သီကုံးထားတဲ့ ကဗျာလေး ကဗျာခေါင်းစဉ်လေးက “အဖြစ်မရှိတဲ့ အချစ်၊ အချစ်မရှိတဲ့ အဖြစ်”တဲ့၊ ကိုယ်ဘာသာတော့ လှလှပပလေးလို့ ထင်တာပါပဲ၊ သီရိရဲ့  သူငယ်ချင်းလေး “ဇော်” ပြောပြောနေတဲ့ သူပြောတဲ့ သူ့ရဲ့အချစ်ကို ခံစားပြီးရေးလိုက်တဲ့ ကဗျာလေး၊ မောင်ကတော့ သီရိကဗျာလေးကြိုက်မယ် မကြိုက်ဘူး မပြောတတ်သေးဘူး၊ မောင် ညနေ အလုပ်ကပြန်လာမှပဲ ပြရတော့မှာပဲ၊ သီရိ ကဗျာလေးတွေ စာလေးတွေ မဂ္ဂဇင်းတွေ ဂျာနယ်တွေမှာ ပါလာတယ်ဆို မောင်က သီရိနဲ့ ထပ်တူ ပျော်ပေးရှာပါသည်။ မဂ္ဂဇင်းတိုက်က အခုပဲ စာအုပ်ထုတ်ပြီး ဒီဖက်ဖူးရောင်ကို လာခဲ့တာ၊ ဒီဆိုင်လေးမှာ ကဗျာဆရာ၊ စာရေးဆရာတွေ သိပ်ထိုင်ကြတဲ့ ဆိုင်လေးဆိုတော့ စာအုပ်ကိစ္စတွေနဲ့ သီရိ မြို့ထဲရောက်တိုင်း ဒီဆိုင်လေးမှာထိုင်ဖြစ်သည်။ အထူးသဖြင့် ခုလို ကိုယ့်ကဗျာလေးတစ်ပုဒ်ပါလာတဲ့အချိန်ဆို ပိုပြီး မပျက်မကွက်ထိုင်ပါသည်။ သီရိရဲ့ အသိ ကဗျာဆရာတွေ မိတ်ဆွေတွေ ဘယ်သူတွေနဲ့များ တွေ့ရမလည်း မျှော်လင့်ချက်ကြီးကြီးနဲ့ မျှော်ပါသည်။
“ဟော ဆရာမ လက်ထဲမှာ စာအုပ်တစ်အုပ်နဲ့ ဘာစာအုပ်ပါလိမ့်” ဆိုင်ထဲ ကဗျာဆရာတစ်ယောက်က ဒရောသောပါးဝင်လာသည်။ ခုံပုလေးကို ဆွဲယူရင်းက သီရိရှေ့မှာ ၀င်ထိုင်ပါသည်။

“နေရီရီမဂ္ဂဇင်းလေ ခုပဲ တိုက်ကထုတ်လာတာ ကျွန်မ ကဗျာလေးတစ်ပုဒ် ပါတယ်ရှင့်၊ ကြည့်ပါဦး”
“အော်”
ခုနက သွက်သွက်လက်လက် ကဗျာဆရာက သီရိအတင်းကမ်းပေးလိုက်တဲ့ စာအုပ်ကို မလှမ်းချင်လှမ်းချင် လှမ်းယူလိုက်ပါသည်။ သီရိက စာအုပ်ကို လှမ်းပေးလိုက်ကတည်းက ကဗျာပါတဲ့ စာမျက်နှာကို ဖွင့်ထားလျှက်သား ပေးလိုက်တာ။ ဒါကိုပဲ အမှုမဲ့အမှတ်မဲ့ဟန်နဲ့ စာအုပ်ကို ပိတ်ပြစ်လိုက်ပြီး အဖုံးကို ကြည့်ပါသည်။

 “ဟာ ဒီဇိုင်းက သိပ်လှတာပဲဗျို့၊ သုံးထားတဲ့ အရောင်တွေ တယ်အစပ်အဟပ်မိတာပဲကိုး၊ လိုက်တင်(lighting) လိုက်တင်၊ လိုက်တင်ကိုကြည့်၊ ခင်ဗျားသိလား မျက်နှာဖုံးကာဗာ ပုံမှာဆို လိုက်တင်အယူအဆက သိပ်အရေးကြီးတာ၊ တချို့ ဓါတ်ပုံဆရာဆို လိုက်တင်တွေမှားပေးထားတော့ တခါတလေ သဘာဝကျကျမလှတော့ပဲ နေနှစ်လုံးရှိနေသလို အလင်းတွေက ဘယ်တွေကရော ညာတွေကရော ၀င်နေတာဗျ၊ ဒီမှာကြည့် လိုက်တင်ကို လိုတဲ့နေရာလေးပဲ အတိအကျပေးထားနိုင်တာ၊ ဒီ မျက်နှားဖုံးတော့ ကြိုက်တယ်ဗျို့”
ကဗျာဆရာက စာအုပ်ရဲ့ အဖုံးမှာ စိတ်ဝင်တစား စကားတွေအများကြီးပြောသည်။

သီရိကတော့ ဒီကဗျာဆရာပြောသလို မကြည့်တတ်ပါဘူး၊ သီရိမျက်လုံးထဲ သူပြောသလောက်လည်းမဟုတ်လှပါဘူးလို့ ထင်မိသည်။ စာမျက်နှာ နောက်တစ်ရွက်လှန်လှောကြည့်ပါသည်။ .. နောက်တစ်ရွက် .. နောက်တစ်ရွက်ထပ်ပြီးလှန် ပုံတွေ၊ စာတွေ တွေ့သမျှ အာပေါင်အာရင်းသန်သန် ဝေဖန်နေခဲ့သည်။ ကဗျာစာမျက်နှာတွေရောက်တော့ တချက်ကြည့်ပြီး ရွှပ်ကနဲ ကျော်ပြစ်လိုက်တော့သည်။ ကဗျာဆရာက ကဗျာဖတ်ရတာ ကြိုက်မယ်လို့ ထင်ထားတာ သီရိမှားပြီထင်ပါရဲ့၊ ဒီကဗျာဆရာက ကဗျာရေးရတာပဲ ကြိုက်တာကိုး။

“အဲ ဆရာမရေ ကျွန်တော် လစ်တော့မယ်၊ သူငယ်ချင်းတွေလာရှာတာ၊ ဒီလူတွေမတွေ့ဘူး၊ သွားစရာကလည်းရှိတော့ မစောင့်နိုင်တော့ဘူးဗျ၊ သွားမှပဲ”

ပြီးတော့ စာအုပ်ကို ပိတ်ပြစ်လိုက်ပြီး စားပွဲခုံလေးပေါ်ချထားခဲ့ကာ ကဗျာဆရာ ထွက်ခွာသွားတော့သည်။

“ရှင် .. ဟုတ် ..ဟုတ်ကဲ့ ကဗျာဆရာ၊ ဂေါ့ဘလက်စ်ယူ”
သီရိလည်း မြန်မြန်နှုတ်ဆက်ပေးရပါသည်။ ခါတိုင်း ဒီအချိန်တွေဆို ဒီလဘက်ရည်ဆိုင်လေးက ခုံတစ်လုံးမှာ ကျောက်ချထားသလားထင်ရလောက်အောင် တမေ့တမောထိုင်နေတတ်တဲ့ ဒီကဗျာဆရာဟာ ...  ဒီနေ့ မှာတော့ အလုပ်တွေ ရှုပ်နေခဲ့ပါသည်။ သွားပါစေလေ၊ သူတကယ်မအားရှာလို့နေမှာပဲ၊ ကျဆိမ့်လဘက်ရည်ရဲ့အရသာကို သီရိ တစ်ကြိုက်မြည်းလိုက်သည်။ စာအုပ်လေးကို ငဲ့စောင်းကြည့်မိသေးသည်။ ဘယ်သူဖတ်ဖတ် မဖတ်ဖတ် သီရိကဗျာလေးက စာမျက်နှာ ၁၄ မှာ ရှိနေတာပါပဲ၊ လဘက်ရည်ရဲ့ ကျကျဆိမ့်ဆိမ့်အရသာလေးနဲ့ စာလုံးလေးတွေ ဖတ်နေရတာပဲ သီရိအတွက်အကောင်းဆုံးပါပဲလေ၊ ဘယ်မိတ်ဆွေကိုမှ မျှော်လင့်ချက်ကြီးကြီးနဲ့ မမျှော်လိုတော့ပါဘူး။

“ဟေး သီရိ၊ စာရေးဆရာမကြီး၊ ဘာတွေများသဲကြီးမဲကြီးဖတ်နေရတာလဲ”

အနားမှာ မတ်တပ်ရပ်ပြီး ဇေထက်သာက နှုတ်ဆက်လာပါသည်။
မဂ္ဂဇင်းထဲက တခြား ၀တ္ထုတိုတွေလေးပါ ဖတ်နေမိတာနဲ့ ဆိုင်ထဲ ၀င်လာသူတွေကို သတိမထားလိုက်မိ၊ ဇေထက်သာက စာအုပ်တိုက်တစ်တိုက်ပိုင်ထားပြီး နာမည်ကြီးစာရေးဆရာတွေရဲ့ ၀တ္ထုတွေ ထုတ်ဝေလေ့ရှိသူ၊ ထုတ်ဝေသူတစ်ဦးပေါ့၊ အသားညိုညိုစိုစို၊ လူပုံကချောချော၊ မျက်လုံးကညှို့ညှို့၊ အရပ်ကရှည်ရှည်လျားလျား၊ ပြီးတော့ အိမ်ထောင်မရှိသူတစ်ဦးဆိုတော့ ကောင်မလေးတွေက ကြိုက်ကြသည်။ စာပေလောကသာမကပဲ တခြားနယ်ပယ်တွေမှာပါ နာမည်ကြီးပါသည်။ ကိုယ်တိုင်လည်းစာတွေရေးသည်။ သီရိတော့ သူ ရေးဖူးတဲ့ “အပျိုကြီးများရဲ့ အားသာချက်” ဆောင်းပါးမှာ အချက်တိုင်းက သိပ်ကို ပြောင်ပြောင်တင်းတင်းရှိလွန်းလို့ သဘောမကျခဲ့ဘူး၊ သူရေးထားပုံက မိန်းကလေးတွေကို နှိမ့်ချသလို မြှောက်ပင့်သလိုနဲ့၊ အပျိုကြီးဖြစ်ရုံနဲ့ပဲ သေသေသပ်သပ်နေစရာမလိုတော့ဘူးဆိုတဲ့ သဘောမျိုးတွေ၊ သေချာတော့ သီရိမမှတ်မိတော့ပါဘူး၊ သီရိက အဲဒီအချိန်တုန်းက အိမ်ထောင်မကျသေးဘူး၊ ဒါပေမဲ့ အပျိုကြီးစာရင်းဝင်နေတဲ့အရွယ်ဆိုတော့ အပျိုကြီး အပျိုကြီးဆိုတဲ့ စာတွေဖတ်ရရင်ကို မုန်းချင်နေတာ၊ ဇေထက်သာကိုလည်း တော်တော် မိန်းမကျမ်းကျေပုံရမယ် လို့ ပဲ တွေးခဲ့မိသည်။ ညစာစားပွဲတစ်ချို့မှာ ဆုံမိကြရင် သီချင်းအဆိုကောင်းသူ တစ်ယောက်ဆိုတာလည်း သိရပြန်သည်။ ဇေထက်သာ သီချင်းဆိုရင် စင်ပေါ် နှင်းဆီပန်းတွေ တက်တက်ပြီး ပေးကြတဲ့ မိန်းကလေးတွေ အများကြီးပဲ၊ ဇေထက်သာနဲ့ သီရိ ခင်ခင်မင်မင်ရှိပေမဲ့ စကားတရင်းတနှီး ပြောရလောက်အောင်တော့ မရင်းနှီးလှပါဘူး၊ သီရိလို ပမွှားကဗျာဆရာမလေးကို ဇေထက်သာ အရေးတယူမရှိလှဘူးလို့လည်း ထင်ထားခဲ့သည်။ ဒီနေ့တော့ ...

“ကျွန်တော် ထိုင်မယ်နော်...”
“ဟုတ်ကဲ့ရှင့်၊ ရှင် ရဲ့ အင်တာဗျူးကိစ္စပြီးသွားပြီလား၊ အဆင်ပြေလား”
ဟိုရက်တွေက ဇေထက်သာက သီရိသူငယ်ချင်း စာရေးဆရာမ လင်းလက်ကြွေရဲ့ ဖုန်းနံပါတ် သီရိဆီက တောင်းခဲ့သေးသည်။ “ယောက်ျား မိန်းမတွေနဲ့ .. သူတို့ရဲ့အချစ်” စကားဝိုင်းပုံစံ အမေးအဖြေကဏ္ဍအတွက်တဲ့၊ “----”မဂ္ဂဇင်းရဲ့ စကားဝိုင်းကဏ္ဍအတွက်လို့ ကြွေပြန်ပြောပြသည်။ ကြွေ့ကိုဖြေပေးဖို့ အကူအညီတောင်းခဲ့တာတဲ့။

“အေးဗျာ၊ ပြီးသွားပါပြီ၊ ဒါပေမဲ့ဗျာ ဟဲဟဲ မိန်းကလေးတွေက သိပ်စွာတာပဲ”

“---------- စွာပါဘူးရှင်၊ ချစ်လို့ စတာ သေသွားတာလောက်ပါ”
သီရိ ဒီနေ့စိတ်ထဲ ပျော်မြူးနေတာနဲ့ ပဲ ခပ်နောက်နောက်ပြောလိုက်ပါသည်၊

“စွာတယ်၊ ထတောင်ရိုက်မလားပဲ”

“ရှင် က ယောက်ျားလေးတွေဘက်က ဘာတွေများ ပိုပိုသာသာပြောလိုက်လဲမှ မသိတာ”

“မဟုတ်တာ ကျွန်တော်က မေးခွန်းလေးချပေးရုံပါဗျာ”

“ယောက်ျားလေးတွေထက်သာတာက မိန်းမတွေမှာက နူးညံ့တဲ့ ဂုဏ်သတ္တိရှိတာပဲ၊ ယောက်ျားကျတော့ နူးညံ့ရင် မသိတဲ့သူက အခြောက်လို့ ပြောခံရမယ်”
ဇေထက်သာရဲ့ စကားကိုကြားတော့ သီရိ ပြုံးချင်ချင်ဖြစ်ရသည်။

“သီရိလက်ထဲက ဘာမဂ္ဂဇင်းလဲဗျ”
သီရိက ဒီအမေးကို စောင့်နေတဲ့သူပဲဟာ၊ ဇေထက်သာကို စာအုပ်ကမ်းပေးလိုက်ပါသည်။
“---------”

“မသီရိ က ကဗျာလည်းရေးသလား၊ ကျွန်တော်က ၀တ္ထုတို၊ ဘာသာပြန်တွေလောက်ပဲ ရေးတယ်ထင်ထားတာ”

သူက သီရိနာမည်ကို မာတိကာမှာ ကြည့်ပြီး စာမျက်နှာကိုရှာသည်၊ ပြီးတော့ သီရိရဲ့ ကဗျာလေးကို စတင်ပြီးဖတ်ပါတော့သည်။

“အဖြစ်မရှိတဲ့အချစ် အချစ်မရှိတဲ့အဖြစ် တဲ့ ခေါင်းစဉ်နဲ့တင် ထိနေပြီဗျို့၊ ကျွန်တော့်ကိုတိုက်ရိုက် ထိခိုက်သလိုပဲ”
ဇေထက်သာက ပေါ့ပေါ့ပါးပါးရယ်မောလိုက်သည်။ ကဗျာကို တချို့စာကြောင်းတွေ အသံထွက်ဖတ်သည်၊ တချို့ကိုတော့ ငြိမ်ငြိမ်ဆိမ်ဆိမ်ဖတ်နေခဲ့သည်။

“တကယ်တမ်းဆို ယောက်ျားလေးတွေက မိန်းမတွေထက်ပိုကြောက်တတ်တယ်နော် သိမ်ငယ်စိတ်ရှိကြတယ်” သီရိ စကားစလိုက်ပါသည်။

“ကျွန်တော်က သက်သေပဲ၊ ကြောက်လို့ မိန်းကလေးတွေကို စကားတောင် မပြောရဲဘူး၊ လက်ကလေးနဲ့ ထိဖို့ကတော့ သေတောင် ဖြစ်ပါ့မလား မသိဘူး”

“ရှင်ကများ ... အဲလိုပြောတယ် ...”

“တကယ်၊ အခု ကျွန်တော့်ကို လူပျိုကြီး ဘာညာ လာပြောတဲ့ သူတွေကို ပြောလိုက်တယ်။ တကယ် မစွမ်းလို့ပါဗျာလို့ စွမ်းလို့ကတော့ သားတောင် ၁၀ တန်း ရောက်လောက်ပါပြီလို့၊ ဟုတ်တယ်လေ ၁၇၊ ၁၈ ကသာ အိမ်ထောင်ကျခဲ့ရင် သားက အနည်းလေး ၁၅၊ ၁၆ တော့ ရှိပြီ”

“ရှင်က ရွေးလွန်းတာကိုး”

“အင်း ယောက်ျား မိန်းမရဲ့ အချစ်တွေမတူသလို ချစ်ပုံချစ်နည်းမတူသလို မတူတာတွေအများကြီးပါလေ၊ အ၀တ်လျှော်ရင်တောင်မှ ယောက်ျားလေးအ၀တ်အစားနဲ့ မိန်းကလေးအ၀တ်အစားအတူလျှော်တာ သီရိ အမေကမကြိုက်ဘူး”
စကားတွေပြောကြရင်း သီရိလည်း ဟိုရောက်ဒီရောက်နဲ့ပြောမိသည်။ ဇေထက်သာကလည်း စိတ်ဝင်တစားရှိနေပါသည်။

“ကျွန်တော့်အမေလည်း မကြိုက်ဘူး၊ ညီမကတော့ ကိုင်တာပဲ။ ဟဲ ဟဲ။
အမေက ငါ့သားတွေတော့ ဘုန်းနိမ့်ပါပြီတဲ့ ..
ညီမကတော့ ဟာ... ဘာဖြစ်လဲတဲ့၊ အ၀တ်လျှော်စက်ထဲ အကုန်ထည့်တာပဲ အငယ်မက ဟဲ ဟဲ” ဇေထက်သာက ပြောရင်းနဲ့ပဲ ရယ်မောနေတော့သည်။

“ဟုတ်တယ် ခရစ်ယာန်တွေကျတော့ အကုန်တူတူပဲ၊ ကိုယ်ခန္ဓာအစိတ်အပိုင်းအားလုံး၊ အဲလိုပဲ၊ ခေါင်းက ခေါင်းအလုပ်လုပ်သလို တန်ဖိုးနဲ့ ခြေထောက်ကလည်း ခြေအလုပ်လုပ်တဲ့ တန်ဖိုးနဲ့၊ တန်ဖိုးတွေအတူတူပဲ”

“ကျွန်တော် အင်္ဂလန်မှာ နေတုန်းကဆို၊ အတော်ကသိကအောက်ဖြစ်တာဗျ၊ ကျွန်တော်က အခန်းငှားနေတော့ အခန်းဖော်တွေ ဘိုမတွေပါတယ်၊ သူတို့နဲ့ အ၀တ်လျှော်စက်ပါ share ပြီးသုံးရတာကိုးဗျာ၊ ဘိုမတွေက အကုန် အတူ ထည့်တာပဲ၊ ဒီမှာဆို ခြေသုတ်ခုံတွေ၊ ဖိနပ်တွေပါ ထည့်လိုက်တာ၊ သေရော”

“အဲဒီတော့ ရှင် ဘယ်လိုနေလည်း”

“တချို့ယောက်ျားတွေလည်း မိန်းမထဘီတွေ ဘာတွေ လျှော်ပေးပါတယ်၊ ချစ်ရင် အပြစ်မမြင်ဘူးဆိုတာလိုပေါ့”

“အနောက်ကလူတွေက အထူးသဖြင့် ခရစ်ယာန်ဘာသာဝင်တွေက အစိတ်အပိုင်းအားလုံးကို တန်ဖိုးတူတူပဲ ထားကြတယ်၊ ချစ်တာမချစ်တာမဟုတ်ဘူး၊ လူတိုင်းက အယူမရှိတာပြောတာ”

“အရှေ့ကယောက်ျားတွေလည်း လျှော်ပေးပါတယ် မိန်းမ နေမကောင်းတဲ့အခါတို့၊ ကလေးမွေးတဲ့အခါတို့ပေါ့၊ သူမှ မလုပ်ရင် ဘယ်သူလုပ်မလဲ အဲဒီအချိန်”
ဇေထက်သာက ပြောရင်း ဟက်ကနဲ ရယ်လိုက်ပြန်သည်။

“ဟုတ်တယ်လေ အဲဒါက ခြွင်းချက်အချိန်မျိုးပါ”

“ကျွန်တော်ဆိုလည်း ချစ်တော့ လုပ်မိမှာပဲ၊ အမေကတော့ ဆဲမှာပဲ ... သေနာလို့”
သီရိလည်း မနေနိုင်တော့ဘူး ရယ်မိတော့သည်။ ဇေထက်သာက တော်တော်ပွင့်ပွင်းလင်းလင်းရှိသားပဲ၊ စကားပြောရတာ ပေါ့ပေါ့ပါ့းပါးပဲ၊ တကယ့်ငယ်ပေါင်းကြီးဖေါ်လိုပဲ၊

“ရှင်ကော ဦးခေါင်းနဲ့ ဟိုး ခြေမလေးနဲ့ တန်ဖိုးတူတူပဲလို့ မြင်ရဲ့လား”

“အရှေ့နဲ့ အနောက် မတူတာက အရှေ့က ရှက်တယ်၊ အနောက်က ပွင့်လင်းတယ်၊ အင်္ဂလန်မှာဗျာ ၁၅၊ ၁၆ ချာတိတ်မတွေက အတွေ့အကြုံလိုချင်လို့ ကလေးမွေးတာတဲ့ ဘုရား ဘုရား ...” 
ဇေထက်သာက ပုခုံးတွန့်ပြပြီး ဘုရားတဟန်ပြုသည်။

“စဉ်းစားကြည့်တော့လည်း ဟုတ်သားပဲဟာ၊ ဘာဆန်းလို့လည်း၊ တရားသဘောအတိုင်းကြည့်ရင် ဒါက သဘာဝတွေပဲဟာ၊ အတွေ့အကြုံလိုချင်တာလည်း မှန်တာပဲ၊ သူတို့ဘာသာ ကလေးစောင့်ရှောက်နိုင်ရင်ကောင်းတာပဲ”
သီရိကလည်း ဇေထက်သာကို နောက်ပြောင်ချင်လာတာနဲ့ပဲ ခပ်ရွတ်ရွတ်ပြောလိုက်ပါသည်။
ဇေထက်သာက သီရိ ခုနက မေးလိုက်တာကို ပြန်ဖြေပါသည်။

“ဦးခေါင်းကို တန်ဖိုးထားပါတယ်၊ ဒါပေမဲ့ အယူသည်းတာတော့ နည်းနည်းလျော့သွားပါတယ်၊ အခုထက်ထိတော့ မသိတဲ့လူက ခေါင်းကိုင်တာကို မကြိုက်ဘူး။ ကိုယ့်မှာ ကောင်မလေး ရှိလို့ ကောင်မလေးက ကိုင်မယ်၊ အမေက ကိုင်မယ်၊ ကြီးတော်တို့ ဒေါ်လေးတို့က ကိုင်မယ်ဆိုရင်တော့ ဘာမှ မဖြစ်ပါဘူး၊ ကိုယ့်မှာ သားသမီးရှိလို့ သားသမီးက ကိုင်မယ်၊ ညီရှိတော့ ညီက ကိုင်မယ်ဆိုပြီး ဘာမှ မဖြစ်ဘူး။ သူငယ်ချင်းက ခင်လို့ (ဘောလုံးသမားတွေ ဂိုးသွင်းပြီး ကိုင်ခံရသလို) ကိုင်မယ်ဆိုလည်း ကိုင်မယ်ဆို ဘာမှ မဖြစ်ပါဘူး၊ ရသေးတာပဲ၊ တစိမ်းကိုင်လို့တော့ မရဘူး၊ အထိ မခံဘူး။ ခြေထောက် တက်နင်းသွားလို့ရတယ်၊ ဆောရီးဆို ဘာမှ မဖြစ်ဘူး၊ ခေါင်းတော့ လာထိလို့ မရဘူး၊ အလွန်စိတ်ဆိုးတယ်”

“ဟုတ်တယ်လေ ရှင်ခုထိ တန်ဘိုးတူတူပဲလို့ မမြင်သေးဘူး”

“ခင်ဗျားကလည်း ... အဲဒါကြောင့် ချစ်တာနဲ့ (မေတ္တာနဲ့) ကိုင်ရမယ်လို့ ပြောတာပေါ့”

“အဲ အင်္ဂလန်မှာနေတုန်းက ခြေထောက်နဲ့ ပြတာလည်း မရဘူး။ ကိုရီးယားက ခြေထောက်ကို လက်နဲ့ အတူတူပဲ သုံးတယ်၊ အနောက်ကလည်း ခြေထောက်ကို လက်နီးပါး သုံးတယ်၊ ဒါပေမဲ့ မြန်မာပြည်က လာတော့ တော်တော် စိတ်လျှော့ထားတာတောင် မရဘူးဗျာ”

“အဲဒါကြောင့် သူတို့ အနောက်တိုင်းသားတွေက စားပွဲပေါ်ခြေထောက်တင်တာ ရိုင်းတယ်လို့ သူတို့ဘာသာမထင်ဘူး၊ စားပွဲပေါ်လည်း တက်ထိုင်လိုက်တာပဲ၊ မြန်မာမှာဆိုဘယ်ရမလဲ၊ စားပွဲပေါ်များ မိန်းကလေးထိုင်ရင် အမေက ဆူလိုက်မယ့်ဖြစ်ခြင်း”

“အဲဒီတုန်းကဆိုဗျာ ... ခြေနင်းကို အိမ်ရှင်က နေ့တိုင်း လျှော်နေတယ်၊ ပြီးတော့ ရေချိုးကန်ရဲ့ တန်းပေါ်မှာ လှမ်းတယ်၊ ရေချိုးကန်ထဲ ၀င်ရင် ခင်ဗျား သိလား၊ ခြေနင်းက ခေါင်းပေါ်မှာ...၊ ဘယ်လိုလုပ်ရမလဲ၊ ခြေနင်းက နင်းကို မနင်းရတော့ဘူး၊ လျှော်နေတာနဲ့ လှမ်းထားတာပဲ တွေ့တယ်၊ ခက်တာပဲ”

“ကျွန်မလည်း စားပွဲပေါ် မထိုင်ရဲပါဘူး စားပွဲပေါ်လည်း ခြေထောက်မတင်ရဲဘူး၊
သူတို့က အ၀တ်သန့်သွားတာနဲ့ ဘယ်မှာသုံးသုံး သန့်တယ်ဆိုတူတူပဲ မျက်နှာသုတ်ပုဝါဖြစ်ဖြစ် ခြေနင်းဖြစ်ဖြစ် သန့်သွားရင် အတူတူသဘောထားတာပဲ၊ အမျိုးအစားတော့ခွဲခြားပြီး တူရာတူရာထားကြပါတယ်ရှင်”

“ဒါဆို .. ခြေနင်းက လူကို နင်းနေတာပေါ့ ခစ်ခစ်”

“အေးဗျာ ချစ်ရင်တော့ ဟုတ်တာပေါ့၊ ကောင်မလေးတွေ ခြေထောက်ကို နမ်းတဲ့သူတောင် ရှိတယ်မို့လား။ မချစ်ရင်တော့ ဘယ်ရမလဲ။
အခုက တစိမ်းတွေဟာ...”

“ချစ်ချစ်မချစ်ချစ် တူတူပဲလို့ သဘောထားလိုက်ပေါ့၊ သန့်ရင်ပြီးတာပဲဟာ၊ ရှင်ကလည်း”

“ဟာ ... အသက် ၂၀ အောက် နတ်သမီးလိုလှတဲ့ သန့်ရှင်းတဲ့ ကောင်မလေးဆို ပါးစပ်ထဲတောင် ထည့်ပြီး ငုံထားလိုက်ဦးမှာ... အဲဒီလောက်ထိ ချစ်တတ်တယ်လို့ ပြောတာပါ၊ တခြား မတွေးပါနဲ့ဦး၊ ဒီလူကြီး စိတ်ကြီးတယ် ပြောနေဦးမယ်”

“အမလေး ဖြစ်ရလေရှင် အသက်က ကန့်သတ်လိုက်သေးတယ်၊ ချစ်ချစ် မချစ်ချစ်တူတူပဲ သဘောထားလိုက်၊ သန့်ရင်ပြီးတာပဲဆိုတာ အ၀တ်တွေကို ကျွန်မပြောချင်တာပါရှင်”

“အသက်ကြီးလာရင် အသားမချိုတော့မှာ စိုးလို့... ပါးစပ်ထဲ ထည့်မယ်ဆိုတော့လေ...”
အိုး ဇေထက်သာလည်း တော်တော်နောက်တတ်တဲ့လူပါလား၊ အရင်က ကိန်းကြီးခမ်းကြီးနိုင်လှမယ်လို့ ထင်ထားခဲ့သည်။ ခုတော့လည်း ဘာမှဟန်လုပ်ပြောဆိုနေတာမရှိတဲ့ ဇေထက်သာကို သီရိအံ့သြမိပါသည်။

“စကားမစပ်ရှင် ရှင်က ရွှေစင်သွန်းကို ကြိုက်ခဲ့သေးတာဆို၊ ဟုတ်လား၊ ရှင်က ဖွင့်မပြောတာလား၊ စိတ်ပြောင်းသွားတာလား၊ သူက မကြိုက်တာလား၊ နောက်တော့ ရှင်တို့အကြောင်းမကြားရတော့ဘူး”
သီရိလည်း အတန်ငယ်ရဲတင်းလာကာ သူ့အကြောင်းစပ်စုမိတော့သည်။ ရွှေစင်သွန်းဆိုတာ သတင်းထောက်မလေး သွက်သွက်လက်လက်လေး၊ မျက်နှာဖူးဖူးလေးနဲ့ ချစ်စရာမိန်းကလေး၊ သီရိကြားခဲ့ဖူးတာက သူ ရွှေစင်သွန်းကို ကြိုက်ခဲ့သေးသည်တဲ့၊ ရွှေစင်သွန်းအကြောင်း စာတိုပေစလေးတွေလည်း သူရေးခဲ့သည်ဆိုပဲ။

“မေးခွန်းက ကောင်းတယ်၊ ဘယ်လို ဖြေရမလဲ။
your question is interesting!” ဇေထက်သာက ရှက်သွားဟန်နဲ့ အင်္ဂလိပ်လိုပြောင်းပြောတော့သည်။

“ပါးစပ်နဲ့ ဖြေပေါ့ရှင်”

“let me say this way... ”

“ရှင်လေ .. သူများတွေကို မိန်းကလေးအချစ် ယောက်ျားလေးအချစ်ဆိုပြီး လိုက်လိုက်မေးနေ၊ အခု ရှင့် အလှည့်ပဲလေ၊ လူပျိုကြီးကို မေးလိုက်ဦးမယ်”

“umm, how should i say...
i mean... ” what.... the problem is that...  and”

“အမလေး၊ တော်ပါရှင်၊ မြန်မာလိုပဲ လုပ်ပါ”

“okie, what the thing is...

ဟား ဟား ဟား ဟား ဟား ... ”
ဇေထက်သာ မျက်နှာနီနီနဲ့ ရှက်ပြီး တဟားဟားအော်ရယ်ပါတော့သည်။ အိုး သီရိထင်တာ ဒီလူက သိပ်ကို ပညာပြည့်ဝနေသူကြီးလို့ ထင်ထားခဲ့မိတာပဲ၊ အခုတော့ .. ဇေထက်သာက ရှက်နေခဲ့ပါသည်။ သီရိကတော့ ဆက်ပြီး မေးမယ်လို့ စဉ်းစားထားလိုက်သည်။

“ခင်ဗျားက လာစတာပဲ၊ မလုပ်ပါနဲ့ဗျာ၊ သူ့ဟာသူ အေးအေးနေပါစေ”

“သူလည်း အခုထိ လူလွတ်ပဲဟာ၊ ရှင်က မေးခွန်းလည်းသေချာနားမထောင်ဘူးကိုး၊ မေးခွန်းက ရှင်းရှင်းလေးဟာ၊ သူ့ဘာသာ အေးအေးနေနေ ပူပူနေနေလေ”

“ကိုယ် အပူရှာပြီးတော့ သူများလည်း ကိုယ့်လို ဒုက္ခရောက်စေ လိုက်လုပ်နေတာပေါ့... ဟုတ်လား၊ ကြည့်စမ်း....၊ ခင်ဗျား ... ဘယ်လောက် စိတ်ပုပ်သလဲဆိုတာ ... အခုမှ သိတယ်“

“ရှင်ကလည်း ပူတယ်လို့ ထင်ရင် ပူတယ်ပေါ့ အေးတယ်လို့ထင်ရင် အေးတယ်ပေါ့၊ ရှင်ကကြည့်တော့ ပွင့်လင်းမလိုလိုနဲ့ သွေးမရှိပါဘူး၊ ကျွန်မလည်း .. ခုမှ သိတယ်”

“ဒီလိုလေ ကျွန်တော်က ဘုန်းကြီးလုပ်မယ်လို့ စိတ်ကူးထားတော့...ဘုန်းကြီးဝတ်ရင် သိမ်ဝင်ရမယ်လေ... သိမ်ဝင်တဲ့အခါ ဘုန်းကြီးက မိန်းမ ရှိသလား မေးလိမ့်မယ်၊ အဲဒါဆို ရှိတယ်ဖြေရင် ဘုန်းကြီး ၀တ်မပေးတော့ဘူး”

သီရိလည်း အလျှော့မပေးနိုင်ပါဘူး၊ ရအောင်တော့ မေးမှာပဲ၊

“အဲဒီလို မေးလိုက်လို့ ဟုတ်ရင်ဟုတ်တယ် မဟုတ်ရင် မဟုတ်ဘူး ဗြောင်ဖြေမယ်လို့ ကျွန်မက ထင်ထားခဲ့တာကလား”

“သတင်းဌာနတွေမှာ အလုပ်ခေါ်ရင် ခင်ဗျားလျှောက်သင့်တယ်၊ သတင်းရင်းမြစ် အသက်မရှုနိုင်အောင် လုပ်ထည့်လိုက်တယ်”

“ဘုန်းကြီးဝတ်တာ၊ သိမ်ဝင်တာ ဘုန်းကြီးက မေးတာ အဲဒါ အနာဂါတ်ကိစ္စပါ မေးခွန်းကဖြင့် ပြီးခဲ့တဲ့ကိစ္စကို”

“ခင်ဗျားက တော်တယ်”

“ဟုတ်တယ်လေ၊ ကျွန်မသာလာမေးကြည့် တဲ့တိုးပဲဖြေပလိုက်မှာ၊ ရှင်က တကယ်တော့ မပွင့်လင်းပါလား၊ ဟဟ”
သီရိ ရယ်မိတော့သည်။ ဇေထက်သာကဆက်ပြောသည်။

“ကျွန်တော့်သားလေး တယောက်ရှိတယ်၊ ၁၀ တန်း ရောက်နေပြီလို့ အမြဲစိတ်ကူးမိတယ်၊ တကယ်သာ ပွင့်လင်းခဲ့ရင်...”
ဇေထက်သာပြောတာ .. ဘာကိုဆိုလိုမှန်း သီရိနားမလည်နိုင်ပါဘူး၊

“ဟင် ..ဖြေပုံကြီးက ဝေ့၀ဲလိုက်တာ ဂလိုက်ဒါစီးပြီးများ ဖြေနေလားပဲ၊ မျက်စိတောင် တစ်လုံးစီ ဗြောင်းပြန်လည်အောင်လုပ်တယ်၊
အော် သိပြီ၊ ရှင်က ဖွင့်မပြောခဲ့တာပေါ့”

“သွေးမကြောင်ပါဘူးလေ၊ စောင့်ထိန်းရမယ့် စောင့်ရှောက်ရမယ့် ကိစ္စတွေ ရှိနေလို့ပါ။ အထင်ကြီးအောင် ပြောရရင် တာဝန်သိလို့ပါ။ တာဝန်မသိတဲ့သူဆို ပြုံးနေရုံနဲ့ ပြီးပါတယ်၊ ကောင်မလေးတွေက သိပ်ချစ်တတ်တာ ကျွန်တော် သိပ်သိတာပေါ့လေ...”ေ
ဇထက်သာက စဉ်းစဉ်းစားစားဖြေပါသည်၊

“တာဝန်သိတာနဲ့ မဲ့တာနဲ့ရော ဘာဆိုင်လို့လဲ၊ ရှင်ပြောတာတွေ နားမလည်လိုက်တာနော်”

“ဆက်ပြောရင် ကြော်ငြာတွေရော၊ ကြွားလုံးတွေရော ဖြစ်သွားမယ်။ မိန်းကလေးတွေထက်ကို ကျွန်တော်က ပါကင်ထုပ်ပိုးတာရော၊ ဈေးကွက်တာရော၊ ဈေးကောင်းရအောင် ရောင်းတာရော ပိုတောင် လုပ်တတ်ပါသေးတယ်”

“ဟယ် .. အဟုတ်လား၊ ထင်တော့ထင်ပါတယ်လေ၊ ရှင့် ကို ကျွန်မအရင်ကတည်းက အဲလို ကျွမ်းကျင်သူကြီးလို့ ထင်ထားခဲ့ပါတယ်ဆိုရင်၊ ရှင်က ၀မ်းသာမလား၊ ဒေါသထွက်မလားပဲ”

ဇေထက်သာက ခပ်ပြုံးပြုံးပဲ။

“ဒီပညာတွေက မခက်ပါဘူးလေ၊ တချို့ကောင်မလေးတွေဆို ကျွန်တော့်ဆီတောင် စာပေစာယူ သင်တန်းတက်နေကြတယ်၊ တယောက်ထဲကို ပြောတာ မဟုတ်ဘူးနော်၊ ခြုံပြောနေတာ... လိုတာလေး ဆွဲယူသွားလိုက်မှာစိုးလို့၊ ကျွန်တော်ကတော့ အတတ်နိုင်ဆုံး သတင်းရင်းမြစ်နှစ်ခုကို မေးတယ်”

သီရိကလည်း ထပ်ပြီး မေးပါသည်။

“သဘောက ရှင်က မလှုပ်ရှားခဲ့တာလား၊ ကြိုက်တော့ကြိုက်သေးတယ်မလား၊ မေးခွန်းမေးတဲ့ သူက လိုတာပိုတာတွေမရှိရဘူး၊ လိုတာလေးလည်း ဆွဲမယူရဘူး ပိုတာလေးလည်းဖြတ်မချရဘူး”

“ကြောက်တောင်ကြောက်လာပြီ ခင်ဗျားကို”

“ဗြဟ္မာပြည်က လာတဲ့သူတွေက မိန်းမ၊ ယောက်ျား မယူကြဘူးတဲ့၊ ကျွန်တော်တောင် သံသယဖြစ်နေတယ်၊
အောက်ဘုံတွေက လာတဲ့သူတွေကတော့ အိမ်ရာထောင်ကြတာပဲ၊ ပျော်နေတော့တာကိုးဗျာ”

“အမယ် ... သူ့ဘာသာ တကယ်ကြိုက်တဲ့သူမတွေ့သေးတိုင်း ... သူများဘက်လှည့်လာပြီ”

“ကျွန်တော်က ချေးများတယ်လေ၊ ကိုယ့်ကသာ ဘာမှ မဟုတ်တာ... ချစ်တာကို ခံစားချင်တာ...
ချစ်တာကို ခံစားဖူးလား၊ အဲဒါလေး စောင့်နေတာပါ၊ မိန်းမက အခုယူ အခုရတယ်၊ မယူလည်း ရတယ်၊ အတူတူပါပဲ” ဇေထက်သာက တကယ့်ကို ဝေခွဲမရဟန်နဲ့ သီရိကိုမေးပါသည်။

“အင်း ဟုတ်တယ် ယောက်ျား မိန်းမယူရတာ အဆိုးအကောင်းတွေလဲလှယ်ရတာ၊ သူ့အကောင်းလေးပဲ ယူလို့မရဘူး အဆိုးရောအကောင်းရော လက်ခံရတာ၊ သူလည်း ကိုယ့်ရဲ့ အဆိုးအကောင်းယူရတာပဲ”
သီရိကလည်း မိန်းကလေးလေ၊ သီရိတွေးပုံတွေးနည်းနဲ့ပဲ၊ သူ မေးတာပြောတာနဲ့ ဆိုင်မဆိုင်မသိ၊ ပြောလိုက်သည်။
သူက ပြောရင်းနဲ့ပဲ အခဲမကျေဖြစ်လာပုံနဲ့ ထပ်ပြီးပြောပြန်သည်၊

“ချစ်တာလေး ခံစားမှုလေး လိုချင်တာ... အဲဒါ ရရင် သေလိုက်ဆိုလည်း စကားမဆုံးသေးဘူး၊ သေပြီးသား ဖြစ်နေရမယ်။ အဟုတ်...”
အိုး သီရိသာ အိမ်ထောင်မရှိ၊ မောင်ဆိုတာမရှိတဲ့ မိန်းကလေးဆို ဒီဇေထက်သာဆိုတဲ့လူ အပြောမှာ ပျော်ဝင်မိကုန်တော့မယ်၊

“အိမ်ထောင်ရေးဆိုတာ အဆိုးအကောင်းလဲလှယ်တဲ့ စီးပွားရေးစနစ်ပေါ့ရှင်၊ ချစ်တာလေးလား ... ချစ်တာလေးခံစားဖူးပါတယ်”

“ပြောပြ”

“ကျွန်မလား အသည်းလည်းကွဲဖူးပါတယ်၊ ခွဲလည်းခွဲဖူးပါတယ်”

“အရသာကို ပြောတာ၊ ချစ်တဲ့အရသာလေး”  ဇေထက်သာက သူသိချင်တာကိုပဲ မရမကမေးပါသည်။

“ကိုယ်ကပဲ ချစ်ရရင် ပူတယ်၊ တချိန်လုံးပူနေရတယ် ထားသွားမလား အချစ်ပေါ့မလား၊ အဲဒါနဲ့တင် အလုပ်တလုပ်၊ အချစ်က ပူတယ်”

“ချစ်တာက ပူတယ်၊ ချစ်တာက ပူတယ်”
သီရိဖြေလိုက်တဲ့ စကားတစ်ခွန်းက သူ မယုံနိုင်စွာ အဲဒီစကားကိုထပ်ပြီးရွတ်နေပါသည်။

“ခင်ဗျား လွဲနေပြီ ထင်တယ်၊ ချစ်တာက ပူတယ်၊ အို့ အို အို”
သီရိကလည်း ကိုယ့်အတွေ့အကြုံနဲ့ပဲပြောရတာကိုး၊ ဇေထက်သာ အံ့အားသင့်နေတာနဲ့ ကိုယ့်အတွေ့အကြုံကပဲ မှားကုန်သလိုလို၊

“ကိုယ်ကပဲ ချစ်ရရင်၊ ကိုယ်ချစ်သလို သူကလည်းပြန်ချစ်ရင် သိပ်ကောင်းပေါ့”

“ဒါဆို လွဲနေပြီထင်တယ်နော်၊ ချစ်တာက ပူတယ်”

ဇေထက်သာက မယုံနိုင်အောင်ဖြစ်နေသည်။ ဒါနဲ့ပဲ သီရိစကားနည်းနည်းထပ်ဖြည့်ပြောလိုက်ပါသည်။

“ကိုယ်ချစ်၊ သူချစ် ဒါဆိုရင်တော့ မပူဘူးထင်တာပဲ“
“နိုး နိုး နိုး”
“တော်ပါ၊ ချစ်တာက ပူတယ်၊ ဒါပဲ ရွတ်နေ” သီရိတောင်ကြောင်စီစီဖြစ်လာပြီ၊
“မဟုတ်ဘူး စတာ မဟုတ်ဘူး၊လွဲနေပြီထင်လို့၊ နိုး နိုး” ဇေထက်သာက နောက်ပြောင်နေခြင်းမဟုတ်ပါ၊ သူ တကယ့်ကို နားမလည်နိုင်ဖြစ်နေပုံပဲ၊

“အဲ .. ရှင်ကလည်း ဘာဖြစ်လို့လဲ”

“ချစ်တာက မပူရဘူး၊ ချစ်တာက ပူတယ်ဆိုရင် ချစ်တာ မဟုတ်တော့ဘူး”
ဇေထက်သာပြောမှပင် အခုလည်း အိမ်ထောင်ရှိသူ၊ အရင်ကလည်း အချစ်၊ အမုန်းအတွေ့အကြုံတွေရှိခဲ့ပြီးသူ၊ အချစ်ကို နားလည်ခဲ့ပြီး သူလို့ သီရိဘာသာယူဆခဲ့တာတောင် ဇဝေဇ၀ါဖြစ်လာမိသည်။

“ဟုတ်လား၊ ဒါဆိုဘာလဲ” ဇေထက်သာကိုပဲ ပြန်မေးရတော့သည်။

“မသိလို့ မေးတာပေါ့ဗျာ၊ ခင်ဗျားကလည်း”

“အချစ်ခံရတာက အေးတယ်”

သီရိလည်း ကိုယ်အတွေ့အကြုံအတိုင်းပဲ ပြောရတာပဲ၊

“ဒါမှမဟုတ် ဒီလိုလည်း ဖြစ်မယ်၊ မိန်းကလေး အချစ်က တမျိုးလား”

“ချစ်ပြီဆိုတာနဲ့ အတ္တတွေက တပြုံကြီးပဲ လာတာပဲ၊ ကိုယ့်ကိုယ်ပဲ ချစ်စေချင်တာ”

“အချစ်ခံရတာကို ပြောနေတာ မဟုတ်ဘူး၊ အချစ်ခံနေရတာတွေ များပေါ့၊ မကောင်းဘူး”
ဇေထက်သာက ခပ်ညည်းညည်းဆိုသည်။

“ချစ်ချင်တာ ချစ်လိုက်ချင်တာ အသည်းအသန် ချစ်လိုက်ချင်တာ”

“ကိုယ်နဲ့ပဲ လက်တွဲစေချင်တာ၊ ရှင်က ချစ်ဖူးပါတယ်ရှင်၊ မချစ်ဖူးတာကြနေတာပဲ၊ ဟို မ ကို ဘယ်နေရာသွားထားမလဲ”
ဇေထက်သာရဲ့စာတွေထဲမှာ သူ့ရဲ့အချစ်ဦးလိုလို ရေးခဲ့ဖူးတဲ့ “မ” ကို ရည်ညွှန်းပြီး သီရိမေးလိုက်ပါသည်။ အဲဒါကိုလည်း ဇေထက်သာက မဖြေပါ၊

“ကိုယ့်ထက် ဘယ်သူ့မှ ပိုမချစ်သေးလို့ပေါ့၊ ချစ်လိုက်ချင်တာ၊ အကြိမ်ကြိမ်ပါ၊ ကြိုးစားကြည့်ပါတယ်၊ မရပါဘူး”

“ဟုတ်လား၊ “မ” က ရော၊ ရှင့်မှာ အရင်က ရှိပါတယ်”
သီရိက ဇေထက်သာ မကြားလိုက်မှာစိုးလို့ ထပ်ပြီးတော့ မေးပါသည်။

“ခေါင်းလေး တချက်ညိတ်လိုက်တာနဲ့ ချစ်သူဖြစ်သွားနိုင်တာတွေ အများကြီး ရှိခဲ့တယ်ဆိုရင် ကြွားရာများ ကျ
မလား မသိဘူးနော်”

“မကျပါဘူး ကျွန်မကြားပါတယ်ရှင်၊ ရှင့်အကြောင်း လူတော်တော်များများ သိနေကြတာပဲ၊ မိန်းကလေးတွေကို သိပါတယ်၊ ယောက်ျားလေးတွေအကြောင်းလည်းသိပါတယ်၊”

“အဲဒီခေါင်းကြီးက ခိုင်နေခဲ့တယ်၊ လှုပ်ကို မလှုပ်ဘူး”

“တကယ်ချစ်တာ ထပ်မတွေ့သေးလို့ပေါ့၊ ထပ် လို့ သုံးတယ်နော်၊ ဟဟ”
ဇေထက်သာပြောတာတွေ မယုံနိုင်မိသေးလို့ စကားကို တမင်ပဲ ကပ်မေးလိုက်ပါသည်။

“ခက်တာက အားပေးတဲ့ ပတ်ဝန်းကျင်လည်း လိုသေးတယ်၊ ကိုယ်နဲ့ တကယ့်လက်ပွန်းတတီးနေတဲ့သူတွေက အားမပေးဘူးလေ၊ အမြဲဖျက်ကြတယ်”

“မလိုပါဘူး၊ ကိုယ်ကသာ ပဓာနပါ၊ မဆိုင်လိုက်တာ၊ သူများဖျက်တော့ပျက်လား”

“ကိုယ်သာ ပဓာနက ဟုတ်ပါတယ်၊ လက်ခံပါတယ်။ ကိုယ်ကိုယ်တိုင်နဲ့ သူများကိုပါ ကျော်လိုက်မှ ဖြစ်တာလေ၊ အဲဒီအဆင့်ကို မရောက်သေးတာ...”

“ကျွန်မဆို အိမ်ထောင်သာပြုလိုက်တယ်၊ သူငယ်ချင်းတွေ အရင်းတွေတောင်၊ ဒီလိုလုပ်ရင်ကောင်းမလား၊ ဒီလူ့ကို ရွေးရင်ကောင်းမလား၊ ဘယ်တော့မှ မတိုင်ပင်ဘူး၊ ကိုယ်မှန်တယ်ထင်တာလုပ်တာပဲ” သီရိကလည်း ကိုယ့်အကြောင်း ကိုယ်ပြောချင်တာ ပြောတာပဲ။

“အမေကဆို သိပ်စိတ်ပူတာ... အမေတွေက သားသမီးအကြောင်းကို အသိဆုံးလေ...၊ ဟုတ်ပါသလား”

“ကိုယ်အကြောင်း ကိုယ့်အတွေးနဲ့ သူများနဲ့ ဘယ်လိုမှမတူဘူး”

“ကိုယ့်အကြောင်း ကိုယ်က အသိဆုံးလား၊ အမေတွေက ပိုသိသလား... ပြော”
သီရိက ပြောချင်ရာပြောနေတာကို ဇေထက်သာစိတ်မရှည်ဟန်နဲ့ ဇေထက်သာက ခုနကမေးခွန်းထပ်မေးပါသည်။

“စိတ်ပူတာတော့ ဟုတ်တယ်၊ အသိဆုံးဆိုတာတော့ မဟုတ်လောက်ဘူး၊ ကိုယ့်အကြောင်းကိုယ်ပဲ ပိုသိပါတယ်”

“တခုတော့ ရှိတယ်၊ နေ့စဉ်ကိစ္စမှာတော့ ဟုတ်တယ်၊ ဒါပေမဲ့ ရေရှည်ကိစ္စတွေ၊ ဘ၀နဲ့ဆိုင်တဲ့ကိစ္စတွေမှာတော့ မိခင်တွေက ပိုသိနိုင်တယ်။
ဘာဖြစ်လို့လဲဆိုတော့ အိမ်ထောင်မပြုခင် အရွယ်တ၀က်လောက်ကို သူတို့က ပိုင်ခဲ့ နိုင်ခဲ့တာကိုး၊ အကြောသိနေတာပေါ့”

“ရှင်က အမေကို ချစ်တာထက် မှီခိုတာပိုနေလို့ဖြစ်မှာပေါ့၊ ချစ်ပဲချစ် လေးစားပဲ လေးစားပေါ့”

“ဘ၀နဲ့ ဆိုင်တဲ့ ကိစ္စမှာလည်း မိခင်တွေက ကိုယ့်ထက်ပိုမသိနိုင်ပါဘူး”

“မငြင်းပါဘူး၊ တယောက်နဲ့တယောက်တော့ မတူဘူးပေါ့”
ဇေထက်သာနဲ့ သီရိ ငြင်းခုန်ကြတာမဟုတ်ပေမဲ့ အချေအတင်တော့ ပြောနေကြပြီ၊ သီရိကလည်း ကိုယ်ထင်တာပြော၊ သူကလည်း သူ့အယူအဆတွေပြော၊

“မဟုတ်ဘူး အမေတွေက ကိုယ့်ကလေးဘက်ကနေပဲ အတ္တများပြီး ကြည့်မှာပဲ၊ ကိုယ့်ကလေးဆိုရင် အားလုံးနဲ့ တူတယ်တန်တယ် ထင်ကြမှာ မဟုတ်ဘူး”

“နောက်ခံအကြောင်းတရားတွေလည်း ရှိဦးမှာပေါ့၊ မိန်းကလေးတွေ စဉ်းစားတာကလည်း တမျိုးဖြစ်မှာပေါ့၊ အငယ်မဆိုလည်း အခု ကလေးတောင် ရနေပြီပဲ၊ မိန်းမချင်းကတော့ တမျိုးကောင်းတယ်၊ အမေနဲ့သားကျတော့ တမျိုး စည်းနှောင်ထားတယ်၊
ဒါတွေလည်း ရှိဦးမှာပေါ့”

“အမေတွေက သား ပေါ်တော့ဟုတ်တယ်” သီရိ နည်းနည်းပြန်လျှော့မှ ဖြစ်မည်။ သူကလည်း သူ့အတွေ့အကြုံကို အရင်းခံပြီး ပြောနေတာပဲကိုး၊

“ဒါပေမဲ့ သားတွေလည်း နေ့တိုင်း အိမ်ထောင်ပြုနေတာပဲလေ...”
ဇေထက်သာလည်း ခပ်လေးလေး တွေးဆရင်းပြောပါသည်။

“အိမ်က အမေလည်း သူ့သားအငယ်ကို အသက်ရှစ်နှစ်ကြီးတာယူလို့ အစကမကြိုက်ဘူး၊ နောက်တော့ မပြောသာလို့၊ ကျွန်မကတော့ အမေ့ကို ပြောပါတယ် သူ့အပေါ်ကောင်းရင် မေတ္တာစစ်ရင် ခွင့်ပြုနားလည်ပေးလိုက်ပါပေါ့”

“အကြောင်းတရားတွေပေါ်မှာ အကျိုးတရားတွေ ရှိလာတာကိုးဗျာ၊ ဒါကြောင့် အကြောင်းအကျိုးလို့ ဆိုတာကိုး...”

“အဲဒီ စည်းနှောင်အားတခုကို ဖြတ်တောက်ပစ်လိုက်နိုင်ဖို့ အဲဒီထက် ကြီးတဲ့ စည်းနှောင်အား ဒါမှမဟုတ် တင်းအား ဒါမှမဟုတ် ဆွဲဆောင်အား တခုခု လိုချင်လည်း လိုမှာပေါ့”

“အကိုအငယ်လည်း အမေ့စကားသာနားထောင်ရင် လူပျိုကြီးဖြစ်နေဦးမလားပဲ”

“ကံပေါ့”
အိုး ပြောရင်းနဲ့ပဲ..  ဇေထက်သာအယူအဆက တမျိုးတော့တမျိုး၊ သာမန်လူတွေနဲ့ မတူသလိုပဲ၊ ဒါနဲ့ သီရိလည်း “အိမ်ထောင်ပြုတာ ဖြတ်တာတောက်တာ စည်းတာနှောင်တာမှ မဟုတ်တာရှင်ကလည်း” လို့ ပြောပစ်လိုက်သည်။

“ကံ ဥာဏ် ၀ီရိယလို့တော့ ဗုဒ္ဓဘာသာက ပြောတာပဲ၊ ဟင်... အမေနဲ့သားသမီးကြားမှာ စည်းနှောင်အား မရှိဘူးလား... ”
ဇေထက်သာက နားမလည်တော့သလို မေးခွန်းပြန်ထုတ်ပြန်သည်။

“ရှင် မိန်းမယူတာနဲ့ အမေနဲ့သား မေတ္တာဖြတ်စရာကိစ္စမှ မဟုတ်တာ”

“လွဲနေပြီ ထင်တယ်နော်...၊ အတိုင်းအဆလေးတွေ ရှိပါတယ်”
ဇေထက်သာပြောပုံအတိုင်း ကျွန်မကပဲ တကယ်လွဲနေပြီလား ကိုယ့်ဘာသာပြန်စဉ်းစားမိပါသည်။ ဒါပေမဲ့လည်း အချိန်တန်အရွယ်ရောက်လို့ ဘ၀လက်တွဲဖော်တွေ့လို့ လက်ထပ်ကြတာ မိခင်နဲ့ သား မေတ္တာဖြတ်စရာကိစ္စမှ မဟုတ်တာပဲ၊ သီရိကတော့ အဲလိုပဲ နားလည်ထားပါသည်။

“တင်းအားလည်း မလိုဘူး ဆွဲအားလည်းမလိုဘူး”
သီရိ စိတ်တိုလာပြီ၊ ဇေထက်သာကို နားမလည်နိုင်တော့ဘူး၊

“ယေဘူယျ မပြောဘဲ စကားနိုင်ဖို့ မပြောဘဲ စဉ်းစားကြည့်ရအောင်လား” ဇေထက်သာက စိတ်ရှုပ်ထွေးလာတဲ့ပုံစံနဲ့ သီရိကိုပြောလာပါသည်။

“စကားနိုင်ဖို့ မပြောပါဘူး၊ ကိုယ်ထင်တာပြောတာပါ”
တကယ့်ကို သီရိ စကားနိုင်လုပြီး မပြောခဲ့ပါဘူး၊ ဇေထက်သာကိုယ်တိုင်က တွေးပုံကတမျိုးကြီး ...
“ကျွန်တော်က သေချာ စဉ်းစားထားတာပါ၊ ဘ၀ကို အမြဲစဉ်းစားနေတဲ့သူမို့ သေချာပြောနိုင်ပါတယ်”

သူက ဒီလိုပြောတော့ သီရိက သေချာမစဉ်းစားတဲ့သူဖြစ်မသွားဘူးလား ကဲ ...
“စည်းနှောင်တာရှိတယ်လေ ဒါပေမဲ့ ဒါသဘာဝပဲ အချိန်တန်လို့ အရွယ်ရောက်ရင် ကိုယ်တကယ်ချစ်တဲ့သူတွေ့ရင်ယူမှာပဲ မဟုတ်ဘူးလား”
“လွယ်လွယ်လေး လုပ်လို့လည်း ရပါတယ်၊ သေချာစဉ်းစားတတ်သူမို့ပါ”
“အမေဘယ်လိုသဘောတူနိုင်မလဲ ဆိုတာတော့စဉ်းစားပေးရမှာပေါ့၊ အမေတွေက သားသမီးအတွက် အမြဲအမှန်ပဲ၊ သားသမီးတွေအတွက် အကောင်းဆုံးဆိုတာပဲ စဉ်းစားပေးနိုင်တာ ဟုတ်ပါတယ်” သီရိလည်း လွယ်လွယ်လေးလုပ်ဖို့ မပြောခဲ့ပါဘူး၊

“ကျွန်တော်က အများလုပ်တာ၊ ယေဘူယျဆန်တာ မကြိုက်ပါဘူး”
ဟော .. ကြည့်ပါလား .. သီရိထင်ထားတဲ့အတိုင်းပဲ အဲဒီဇေထက်သာက လူတမျိုးတော့တမျိုးပဲ၊
“အများကြိုက်တာလည်း ကျွန်တော် ကြိုက်ချင်မှ ကြိုက်တယ်၊ အများမလုပ်တာလည်း ကျွန်တော်ကြိုက်ရင် လုပ်တယ်”
အသေအချာပဲ အများနဲ့ မတူတာ၊ တနည်းအားဖြင့် သာမန်လူတွေတွေးသလို မတွေးတာ ဇေထက်သာကိုယ်တိုင်က ၀န်ခံနေပြီလေ၊

“အင်း .. အဲဒီတော့ ...”
“အခု ရှင်က နှစ်နှစ်ကာကာချစ်တာမတွေ့သေးတာမဟုတ်ဘူးလား၊ အမေသဘောမတူလို့ မိန်းမမယူသေးတာမှ မဟုတ်တာ
ကိုယ်ထင်တာပြောလိုက်တာ၊ နားတောင်မလည်တော့ပါဘူး”

“ကျွန်တော်ကိုယ်တိုင်က ကျကျနန လက်မခံဘဲနဲ့ ဘာဖြစ်လို့ အလုပ်တခုကို စလုပ်မလဲ၊ ဘ၀တခုကို ပြောင်းလိုက်မလဲ။ လက်ခံထားလို့ရှိရင် မင်း သေလိုက်ဆိုရင် အခုသေလိုက်လို့ ရတယ်”
“ဒါဆိုပြီးပြီပဲပေါ့ ရှင် လက်ခံမယ့် ကောင်မလေးစောင့်နေရုံပဲပေါ့၊ တစ်ခုတော့ရှိတယ်၊ ယောက်ျားလေးတွေကလည်း တော်တော်တော့စဉ်းစားရမယ်နော်၊ ကိုယ့်ကို တကယ်မေတ္တာစစ်နဲ့ ချစ်တဲ့သူလားဆိုတာရွေးရမယ်
တော်တော်တော့ရွေးရမှာ ကိုယ့်နောက်ခံတွေမက်တာတွေ တွေ့လိုက်ရင်သွားရော”
သီရိမှာလည်း အကိုတွေ၊ မောင်တွေရှိတော့ ယောက်ျားလေးတွေ လူရွေးမမှားဘိုးအရေးကြီးတာလည်း သိထားတာမို့ ပြောလိုက်မိပြန်သည်။

“အမာခံစိတ်က ရှိပြီးသားလေ၊ အပေါ်ယံလှုပ်ရှားမှုတွေကတော့ ရှိတတ်တာပေါ့။ အပေါ်ယံလှုပ်ရှားမှုတွေကို ဘေးကနေ မြင်တာကျတော့ သိပ်ဝါရင့်နေတဲ့ ပုံစံမျိုး ဟုတ်နေမှာပေါ့လေ၊ ဒါကြောင့် ကျွန်တော်က လူကြီးတွေဆိုရင် ကြောက်တာ... သူတို့က ကိုယ့်ကို ပြုံးကြည့်နေတာ...၊ သေရော...”

“ယောက်ျားလေးရယ်လည်း မဟုတ်ပါဘူး မိန်းကလေး ယောက်ျားလေးတူတူပဲ၊ မေတ္တာစစ် မစစ်ရွေးတတ်ဖို့လိုတယ်” သီရိ ဇေထက်သာစကားပြောရင်းဖြတ်ပြောလိုက်တာနဲ့ သူပြောတဲ့စကားတွေနားမလည်လိုက်ပါဘူး၊
“ဟင် ရှင် ဘာပြောတာလဲ၊ အဲဒါတွေနားမလည်ဘူး လူကြီးတွေဆိုရင်ကြောက်တာရယ် အမာခံစိတ်ရယ် သိပ်ဝါရင့်နေမှာပေါ့တွေ
တကယ်နားမလည်ဘူး”
“နားမလည်လည်း ဘာမှ မဖြစ်ပါဘူး၊ နားမလည်အောင် ပြောမိတာကိုး”
“ဟုတ်တယ် ရှင်းပါပြီ၊ နားမလည်အောင်ကို ပြောလိုက်တာဆိုတာ နားလည်ပါပြီရှင်” သီရိက ရွဲ့ပြီးပြောလိုက်တာ၊ ဇေထက်သာက သက်ပြင်းတချက်ချပြီး ဆက်ပြောပြန်သည်။

“အင်း ... ဘ၀ကို ဖြစ်သမျှအကြောင်း အကောင်းလို့ ထားနိုင်ရင် ကောင်းတယ်၊ ပျော်စရာပဲ”
“အင်းပေါ့၊ အတင်းကြီးတော့ လုပ်မယူနဲ့”
“ကျွန်တော်လည်း တခါတလေ အဲဒီစိတ်ထားတယ်၊ ဒါပေမဲ့ အမြဲ မထားနိုင်ဘူး”

“ရှင်လည်း အတင်းလိုက်ကြိုက်ကြည့်စရာမလိုဘူး၊ ပုံမှန်လေးပဲ ကိုယ်အလုပ်လေးလုပ်နေ အချိန်တန်တော့ အူထဲသည်းထဲက ကြိုက်တဲ့သူတွေ့မှာပဲ၊ အချစ်က လုပ်ယူလို့လည်းမကောင်းဘူး”
သီရိလည်း ဇေထက်သာ စိတ်ပေါ့ပါးပါစေဖို့ စိတ်ပြေရာပြေကြောင်းပြောလိုက်ပါသည်။

“ကြိုက်လို့ရတယ်၊ ကျွန်တော်လိုချင်တဲ့ ခံစားမှုတော့ မရဘူး။ ကျွန်တော်က အဲဒါကို အချစ်လို့ သတ်မှတ်လိုက်တယ်၊ ချစ်တယ် အချစ်ဆိုတာက သတ်မှတ်ထားတာပါ၊ တကယ်က ခံစားမှု။ ဒါကြောင့် ကျွန်တော် မေးခဲ့တာပေါ့၊ ချစ်တာက ဘယ်လိုမျိုးလဲဆိုတာပေါ့။ ကျွန်တော်က ချစ်ချင်တာ...”

“ယောက်ျားလေးက မချစ်ပဲနဲ့လည်း သင့်တော်တယ်ထင်ပြီး ယူတာလည်းမကောင်းဘူး
ဟုတ်တယ် ချစ်မှ ယူပါ .. ချစ်တာနဲ့ ကြိုက်တာတူမှ ယူတာပိုကောင်းတယ်
ချစ်တိုင်းလည်း မကြိုက်သင့်ရင်လည်း မဖြစ်ပြန်ဘူး
ကံ ကံရဲ့ အကြောင်းတရားကလည်း အများကြီးပါတယ်” သီရိတောင်မှ မောင်နှင့်မတွေ့ခင် ကိုကြီးနဲ့ တွေ့ခဲ့သေးသည်။ သီရိက ကိုကြီးလို့ ခေါ်တဲ့လူပေါ့၊ သီရိ ကိုကြီးကို သိပ်ချစ်ခဲ့ပါသည်။ ကိုကြီးက လူချော၊ သီရိက နည်းနည်းလေး ချစ်စရာကောင်းသလိုရှိတာလေးကလွဲရင် သာမန်ရုပ်ရည်မျိုး၊ သီရိက အချစ်လွန်၊ ကိုကြီးကို စိတ်မချ၊ ဒီလိုနဲ့ပဲ ကိုကြီးက တသက်လုံးစိတ်ချသွားရအောင် သီရိမဟုတ်တဲ့ မိန်းကလေးတစ်ယောက်ကို ယူသွားခဲ့တော့သည်။ သီရိ အသည်းတွေကွဲလိုက်တာမှ မိုးပေါ်က သူ့ဘာသာနေတဲ့ မိုးကောင်းကင်ကြီးက သီရိတစ်ယောက်တည်းကိုပဲ ပိကျလာသလိုခံစားချက်တွေ၊ အသည်းကွဲဖူးသူတွေ သီရိခံစားချက်ကို နားလည်နိုင်မည်ထင်ပါသည်။ အဲဒီလို ခံစားချက်တွေ ကိုကြီးကြောင့် ပြင်းပြင်းထန်ထန်ရခဲ့ဖူးသည်။ နောက်တော့လည်း အချိန်ဆိုတဲ့အရာက သီရိရဲ့ ကွဲနေတဲ့ အသည်းကို အကောင်းအတိုင်းဖြစ်အောင်၊ ပြောရရင် အကောင်းအတိုင်းထက်တောင် ကြံ့ခိုင်မှု စွမ်းရည်မြင့်တက်လာအောင် ကုသလိုက်သေးသည်။ နောက်တစ်ကြိမ်အသည်းထိခိုက်ဒဏ်ရာရဖို့ဆိုတာ ဘယ်တော့မှ မဖြစ်နိုင်တော့ပါဘူး၊ နောက်ပိုင်းမှာတော့ ကိုကြီးကိုတောင် ကျေးဇူးတင်တတ်လာပါသည်။ အတွေ့အကြုံတွေ စုံစုံလင်လင်ရခဲ့တဲ့အတွက်ပေါ့၊ ကျွန်မရဲ့ ခင်ပွန်း“မောင်”ကတော့ ကျွန်မကို စိတ်လုံခြုံမှုရှိအောင် ချစ်နိုင်သူဖြစ်သည်။ ဘယ်တော့မှ ကျွန်မက စိုးရိမ်ပူပန်နေဖို့ မလိုတဲ့သူဖြစ်သည်။
ဇေထက်သာကို ခဏမေ့ပြီး သီရိရဲ့ အတိတ်ထဲ ခဏလေးပြန်ရောက်သွားမိသည်။

ဇေထက်သာရဲ့ မခံချိ မခံသာ အံကျိတ်ပြောလိုက်တဲ့ အသံကို ကြားလိုက်မှ ....
“အချစ်အတွက် သေဆိုသေရဲပါတယ်၊ အဲဒီလောက် စိတ်ပြတ်တယ်”
“အဝေးကြီးလည်း လှမ်းကြည့်ပြီး မမောနဲ့၊ သူများတွေတော့ မသိဘူးလေ အချစ်က ပူတယ် ကိုယ့်အတွက်တော့
အဲဒီတော့ အချစ်ခံရမှာကိုပဲရွေးလိုက်တယ်” သီရိ အတွေးတွေထဲက စကားတချို့ နှုတ်ကခုန်ထွက်ကုန်သည်။
အချစ်သူရဲကောင်းအဖြစ်အစွမ်းပြချင်နေသူကြီး ဇေထက်သာက “သေတောင်သေနိုင်မှတော့ ကျန်တာက ရယ်စရာလေးတွေ ဖြစ်နေမှာပေါ့လေ၊ မဟုတ်ဘူးလား” တဲ့ သီရိကို မေးလိုက်သေးသည်။

“ပြီးတော့ အဲဒီအချစ်အတိုင်းလည်း ကိုယ်က ပြည့်ပြည့်၀၀ ပြန်ပေးနိုင်တယ်၊ ကိုယ်လည်း ကိုယ်သိသလောက်ပဲပြောရတာကိုး
ယောက်ျားလေးနဲ့ မိန်းကလေးကတော့ မတူဘူးလေ”  သီရိ အတွေးထဲက စကားလုံးတွေပဲ ဆက်တိုက် ...

“ကျွတ် ...အဲဒါက လင်မယား အပေးအယူကိစ္စပါ၊ ကျွန်တော်ပြောတာက နူးညံ့ပါတယ်၊ အပေးအယူကလည်း အရေးကြီးပါတယ်၊ ဒါပေမဲ့ လွယ်တယ်”
ဘုရားရေ .. ဇေထက်သာက သီရိစကားကို ဘာတွေသွားတွေးလိုက်ပြီလည်းမသိ၊ သီရိပြောချင်တာက တမျိုး၊ သေလိုက်ပါတော့လား ဇေထက်သာရယ်၊ သီရိမျက်နှာမထားတတ်တောင် ထူပူသွားတော့သည်။
“ဟာ လင်မယားကိစ္စမဟုတ်ပါဘူး၊ ပြည့်ပြည့်၀၀ဆိုတာ အဲဒီသဘောမဟုတ်ဘူး၊ မေတ္တာကိုပြောနေပါတာရှင်” သီရိ ရှက်လည်းရှက် ဒေါသလည်းထွက်လာကာ ပြန်ပြောလိုက်တဲ့ လေသံကိုက တော်တော်ကြီး မာနေပြီ၊
“မဟုတ်ပါဘူး၊ အဲဒီကိစ္စကိုချည်း ပြောတာ မဟုတ်ပါဘူး၊ သဘောပေါက်ပါတယ်”
“အချစ်အတွက်သေရဲတယ်ဆိုတာ အလကားတွေပါ” အချစ်လူစွမ်းကောင်းဖြစ်ချင်နေသူကြီးကို အဲဒီလိုပဲပြောမှဖြစ်တော့မည်။

“ကျွန်တော်ဆိုလိုတာက အဲဒီလို အပြန်အလှန်မပါရင်တောင် ရတယ်ဆိုတဲ့ အထိပြောတာပါ”
“အိုး ... ကျွန်မ အတွက်ကတော့ မရဘူး”
“လူတယောက်ကို တဘ၀လုံး တဖက်သတ်ဖြစ်နေတာမျိုးတွေ အများကြီး ရှိပါတယ်၊ တန်မှလုပ်မယ်ဆိုရင်တော့ တမျိုးပေါ့”
“မသိဘူးရှင်၊ သီရိတော့ ကိုယ့်ကိုမချစ်တဲ့သူအတွက် လှည့်ကိုမကြည့်တော့ဘူး၊ တန်တာမတန်တာ အပေးအယူကိစ္စတွေထက်
အဲဒါကတော့ မိန်းကလေးမာနနဲ့ ဆိုင်သွားပြီ”
“အဲဒါကို အပေးအယူလို့ ပြောတာမျိုးပါ။ လွယ်ပါတယ်၊ ဈေးတည့်ရင်ဖြစ်ပါတယ်၊ ရိုင်းရိုင်းပြောတာ မဟုတ်ဘူးဗျာ၊ အဆင်ပြေရင်လို့ ပြောချင်တာပါ” ဇေထက်သာ၊ ရှင်ပဲ စကားတတ်တိုင်းပြောနေတော့တာပဲ ...

“ယောက်ျားလေးမှာကျတော့ တဖက်သတ်ဆိုတာ တန်ဘိုးရှိတယ်၊ လုံးဝမတူဘူး၊ ဥပမာ ရှင် က အိနြာကျော်ဇင်ကို တစ်ဘက်သတ် ချစ်ခဲ့တယ်ဆိုပါတော့”
“မေတ္တာသဘောက အပေးအယူပါ၊ အယူရှိရင် အပေးရှိရမယ်ပေါ့”
“ခု သူယောက်ျားရသွားလည်း သူ့သတင်းကောင်းတာလေးကြားရင် ပျော်နေတာပဲ”
“ဒါကလည်း ယေဘူယျတော့ ဟုတ်ပါတယ်၊ မှန်ပါတယ်”
“ယောကျာ်းမယူသေးခင်ကလည်း အတင်းလိုက်ကြိုက်ရင် တန်ဘိုးရှိတယ်လေ၊
တဘက်သတ်ဘယ်လောက်ကြိုက်ကြိုက် တန်ဘိုးရှိတယ်၊ မိန်ကလေးတဘက်သတ်လိုက်ကြိုက်တော့ တန်ဘိုးမရှိပြန်ဘူး
ရှုပ်လိုက်တာ၊ ကျွန်မလည်း ပြောရင်းပြောရင်း ခေါင်းတောင်ရှုပ်လာပြီရှင်၊ မပြောတတ်တော့ဘူး”
“မဟုတ်ဘူး၊ တဖက်သက်ဆိုတာလည်း ဥပမာပြောတာနော်၊ အဲဒါကို နင်းပြောလို့တော့ မရပြန်ဘူး” အိုး .. ကျွန်မက စကားတစ်ခုတည်းကို နင်းပြီးပြောတယ်လို့ ဇေထက်သာပြောချင်ပြန်ပြီ၊
“ဟုတ်တယ် မေတ္တာကတော့ အပေးအယူမရှိလည်းကိစ္စမရှိပါဘူး”
“ရှိတယ်လို့ ပြောတာ... အပေးအယူ မဟုတ်တဲ့ ဟာတွေ ရှိတယ်လို့ ပြောပြတာပါ”

သီရိ သိခဲ့တာကတော့ ကိုယ့်ကိုမချစ်တဲ့သူတစ်ယောက်အတွက် သီရိရဲ့ အချစ်တွေ၊ အလွမ်းတွေ သူ့အတွက်ဖြစ်မနေစေရဘူးလေ၊ ဒါ သီရိ အယူအဆပဲဟာ .. “အိမ်ထောင်ပြုဖို့ အတွက်တွေပါစဉ်းစားတော့မယ်ဆို အပေးအယူရှိရတော့မှာပေါ့၊ မေတ္တာရှိတာကတော့ အပေးအယူလည်းမလိုပါဘူး” အချစ်ကိစ္စမှာ သီရိကတော့ ရိုးရိုးရှင်းရှင်းပဲတွေးခဲ့တာပဲ၊ ကိုယ်အတွက်လုံခြုံမှုပေးမယ့်သူ ကိုယ်ကလည်း ချစ်နိုင်မယ့်သူ၊ ကိုယ့်ကို တကယ်ချစ်တဲ့သူဆို လက်ထပ်မည်။ မိသားစုဘ၀လေးတည်ဆောက်မည်။ ချစ်စရာကလေးလေးတွေ မွေးမည်။ ကလေးလေးတွေကို အတူတူစောင့်ရှောက်ကြမည်။ ဒါဟာ အရိုးရှင်းဆုံးဘ၀ပဲလေ .. အဲဒါ သီရိမှားလို့လား ...

“ရှင်းရှင်းပြောရရင် အိမ်ထောင်ပြုတာ အလွယ်ဆုံး အလုပ်ပဲ... နိုင်ငံခြားမှာဆို လက်စွပ်တကွင်းရှိရင် ရတယ်၊ မရှိသေးရင် လက်စွပ် အရင် ၀ယ်လိုက်...၊ မြန်မာနိုင်ငံမှာဆိုလည်း ပိုက်ဆံရှိရင်ရတယ်၊ မင်္ဂလာပွဲလုပ်ဖို့၊ ဘာဖို့ ညာဖို့ ပိုက်ဆံသာစုထား၊ ဒါပဲ၊ ချစ်တာကျတော့ သိပ်ခက်တယ်”
“အိမ်ထောင်ဘက်ရွေးရင်သာ ကိုယ်ကပထမဆုံး ချစ်ကြောင်း ပြောရတော့မယ် ကိုယ်ကမေတ္တာပေးရမယ် ပြီးရင်တောင်းရမယ်၊ ပြန်ရပြီဆို နှစ်ဦးသား ဘ၀အတူတည်ဆောက်ကြ၊ အဲလိုပဲမဟုတ်ဘူးလား၊
ဟုတ်ပါတယ်ရှင်၊ ယောက်ျားလေးအတွက်ကတော့ ... အဲဒါအမှန်ပဲ ကိုယ်ချစ်တာသိဖို့ပဲ
ကိုယ်ချစ်တာ ကိုယ်မသိရင် မချစ်တတ်သေးရင်တော့ လူပျိုကြီးဘ၀မှာ ပျော်ပျော်နေဦးပေါ့”
သီရိလည်း မပြောတတ်တော့ဘူး၊ ယောက်ျားလေးအတွေးနဲ့ မိန်းကလေးအတွေးက မတူမှ မတူနိုင်တာ ...
“ပျော်တယ်လို့များ ထင်နေလား၊ တနေ့မှ မပျော်ပါဘူး” ဇေထက်သာက အံကိုတင်းတင်းကြိတ်ရင်း စကားဆိုသည်၊။ ဒီလိုဆိုတော့လည်း သီရိစိတ်မကောင်းပါဘူး၊ သီရိသိထားတဲ့ ဇေထက်သာက အခုတော့ တကယ့်ကို တခြားစီပဲ ...

“မိန်းကလေးကကျတော့ ကျွန်မ တွေးတာပြောတာနော် ကိုယ်ကိုယ့် တကယ်ချစ်တယ်ဆိုတာကိုပဲလိုချင်တယ်၊ ပျော်ရမှာပေါ့
ဘာလို့မပျော်ရမှာလဲ၊ ကျွန်မဆို အသည်းကွဲဖူးတုန်းက လှိမ့်နေရောပဲ ချစ်ဖူးတာပေါ့ နုနုရွရွကိုချစ်ဖူးတာ၊ အသည်းကွဲတော့
တရားစခန်းတောင်ရောက်သွားတယ်၊ အချစ်လည်း လုပ်ကြံပြီး လိုက်မရှာတော့ဘူး
ဒီလိုပဲ အလုပ်ပဲ ပျော်ပျော်ကြီးလုပ်၊ ကိုယ့်ဘာသာဂရုစိုက် သူများတွေလည်း ဂရုစိုက်ပြီးပဲနေလာတာ၊ ဖူးစာပါတော့လည်း မရှာပဲနဲ့ တွေ့တာပဲ၊ အိမ်ထောင်ပြုလိုက်ရတာပဲ”
သီရိလည်း ပြောရင်းနဲ့ပဲ သီရိအကြောင်းတွေ အကုန်ပေါ်ရော ..

“တယောက်ထဲ ဘယ်လိုလုပ် ပျော်မှာလဲ။ ရသေ့ရဟန်းမှ မဟုတ်သေးတာ၊ ဧကစာရီ အကျင့်ကို ကြိုက်တာ ကျင့်တာမှ မဟုတ်တာလေ၊
ဟား ဟား ဟား... ခင်ဗျားဗျာ ... ချစ်တာကလည်း ဟာသကား ကျနေတာပဲ။ ကျွန်တော်တော့ မဟုတ်သေးဘူးထင်တာပဲ”
သီရိရဲ့ မိုးပြိုသလိုခံစားချက်ကိစ္စကြီးတွေက ဇေထက်သာပြောမှပဲ ဟာသကား ဖြစ်ကုန်ပါရော့လား ..

“ဒါပေမဲ့ ထားပါတော့လေ... ကံပေါ့၊ ကံဆိုတာကလည်း အလုပ်ပေါ့”
“အတွေ့အကြုံဆိုတာလည်း ရှိမှ အစစ်အတုသိတာနော်၊ လျှောက်မတွေးပါနဲ့ဦး မေတ္တာ အတု အစစ် ခွဲတတ်တာကိုပြောတာ”
“ဟား ဟား ဟား၊ ကြိုက်တယ်။ ရိုးရိုးပြောတာပါ၊ ကျွန်တော်နားလည်ပါတယ်”
“ယောက်ျားလေးတွေက အတွေ့အကြုံများများလိုတယ်၊ အတွေ့အကြုံမရှိတဲ့သူဆို တကယ်တမ်းမိုးမမြင်လေမမြင် အမှန်ကို မသိဖြစ်တတ်တယ်”

“လာလိုက်စမ်းပါ၊ မိုးမမြင်ချင်တော့ဘူး” အိုး ... အချစ်ရုး ရုးဖို့ အသင့်ပြင်ထားတဲ့ လူတစ်ယောက်ကို လာတွေ့နေပါပေါ့လား ...

“ဟဟ ...မိုးပဲ မမြင်ရတာတော်သေးလေ၊ ရှင့်ဆီကရှိတာတွေ အကုန်မသွားပြီး ဘာမှ မမြင်ရတော့တဲ့ မိန်းကလေးမျိုးဆိုဘယ်လိုလုပ်မလဲ၊
အတွေ့အကြုံရှိထားတော့ ရှင့်ကို လာနှူးလည်း အေးဆေးပဲ၊ ခွဲခြားနိုင်တယ်”
“မလိုပါဘူး၊ အကုန်ပေးလိုက်မယ်၊ မရှိသေးတာတောင် ထပ်ရှာပေးလိုက်ဦးမယ်”
“ဟယ်၊ အဲဒါကြောင့်လည်း ရှင့် အမေက စိတ်ပူတာ၊ နည်းတောင်နည်းသေးတယ်”
“အပြောမဟုတ်ပါ၊ စိတ်ထဲ တကယ်ရှိတာကို ပြောပြတာပါ”
“အဲဒါ မကောင်းပါဘူး၊ အချစ်အတွက် မွှန်ရမယ့်ကိစ္စမျိုး စိတ်မကူးပါနဲ့၊ မွှန်ချင်လိုက်တာလည်း မလုပ်ပါနဲ့”
“မွှန်တယ်လို့ မပြောပါနဲ့ နည်းနည်း ကြမ်းသလိုပဲ၊ အင်္ဂလိပ်ပြည်က ဘုရင်တစ်ပါးဆို နန်းတောင် စွန့်တယ်ဆို... ဟုတ်လား။ ပုံပြင်လား”
“မွှန်တယ် လို့ ပြောမှ ရှင်းတာ၊ အဲလို မပြောရင် စကားလှလှလေးဖုံးပြီး အဟုတ်လုပ်ဦးမယ်” သီရိလည်း စိတ်ပေါက်ပေါက်နဲ့ ပြောလိုက်တော့သည်။
“ကျွန်တော်က ခံစားမှုနဲ့ မှန်းကြည့်တာကိုး။ သေချာ မသိသေးပါဘူး။ မလှဘူးထင်လို့ပါ”
“တစ်ခုတော့ရှိတယ် ကိုယ်က သူများသားသမီးမဖျက်ဆီးခဲ့ဖူးဆိုရင် ကိုယ်လည်း အဲဒီလို သောကမျိုးမခံရပါဘူး
အဲဒီတော့ နေ့တိုင်းပျော်ပျော်ကြီးသာနေပါ၊ ချစ်တာလည်း သတိကပ်ပြီး ချစ်ရတာပဲ၊ ပြောရတာ မောလိုက်တာနော်
ရေတောင်ဆာလာပြီ၊ လဘက်ရည်အရသာလေးတောင် ဘယ်ရောက်သွားမှန်းမသိတော့ဘူး”

“အဲဒီရက်တွေ မြန်မြန်ရောက်လာပါစေဗျာ၊ အကြာကြီးရှိနေပြီ၊ ဒါနဲ့ .. ခင်ဗျား လိုချင်တဲ့ အဖြေကော ရသွားရဲ့လား” ဇေထက်သာက ရွှေစင်သွန်းနဲ့ ကိစ္စကို ပြန်ပြီး အစဖော်လိုက်သေးသည်။
“မရဘူးလေ၊ အော် မှန်းလို့တော့ရပါတယ် ရှင်ကဖွင့်မပြောဘူး၊ အဲဒီလာက်နဲ့ပဲ ထားလိုက်ပါပြီလေ”
“ခင်ဗျားက ကျွန်တော် ထင်ထားတာထက်တောင် တော်နေသေးတယ်”
“တစ်ခါတလေ လူတစ်ယောက်ကို ဂရုစိုက်ကြောင်းပြချင်ရင် အဲလိုလေးတွေ မေးပေးရတယ်၊ ကိုယ်တကယ်သိချင်တာ မသိချင်တာထက်
ပြောချင်တာက အဖြေက အဓိကမဟုတ်ပါဘူးပေါ့၊ ခစ်ခစ် ..” သီရိကလည်း နောက်ပြောင်ချင်စိတ်ပေါက်လာတာနဲ့ပဲ ...

“နောက်ပြီး အရင်က ကျွန်တော်က ကျွန်တော့်အောက် လေးငါးနှစ် ငယ်တယ်အောက်မေ့တာ... အခုမှ ၁၀ နှစ်တောင် မကဘူး၊ ကြီးမယ်ထင်တယ်နော်၊ ဆောရီးပါ၊ သိပ်ရင်းရင်းနှီးနှီး ဘော်ဒါကဏ္ဍ ပြောခဲ့တာတွေကို...” ဇေထက်သာကလည်း အတည်ပေါက်ကြီးနဲ့လည်း နောက်သေးတာပဲ၊ သီရိက သူ့ထက် ၁၀နှစ်တောင်ကြီးရဦးမယ်တဲ့ ...

“ဘာတုန်း ကျွန်မက ၇၅ မွေးတာလေ၊ ဘယ်လိုလုပ် ၁၀နှစ်ကျော်ကြီးရမှာလဲ၊ ပေါက်ကရ”
“အော် ဒါဆို သုံးလေးနှစ်လောက် ကြီးတာပဲ”
“ရင်းရင်းနှီးနှီးပြောလို့ရပါတယ်နော်”
“ဘယ်နှခုနှစ်လည်း”
“၇၇ စက်တင်ဘာလေဗျာ”
“အင်းလေ ဒါများ ဘယ်လိုလုပ်ပြီး ၁၀နှစ်ကျော်ရတာလဲ၊ ဒီနေ့ပြောသမျှထဲ မှာ ဒီစကားအမုန်းဆုံးပဲ၊ ကဲ ပြန်တော့မယ်ရှင်၊ အိမ်ကလူတောင် အိမ်ပြန်ရောက်တော့မယ်၊ မောင် မျှော်နေတော့မယ်”
“ဟား ဟား ဟား မောင် တဲ့လား .. အချစ်က ပူတယ် ... အချစ်က ပူတယ်”
ဇေထက်သာက သီရိကို စနောက်ပြီး အဲဒီစကားကိုပဲ ထပ်ခါတလဲလဲ ရွတ်နေခဲ့သည်။
သီရိ ပြန်မှဖြစ်တော့မည်။ မောင့်ကို စာအုပ်လေးပြရဦးမည်။ မောင့်ကို သီရိရဲ့ ကဗျာလေးပြရဦးမည်။ မောင့်ကို သီရိရဲ့ အပျော်လေးတွေ မျှဝေချင်ပါသည်။ မောင့်ဆီကလည်း ဒီနေ့ တစ်နေ့စာ ဘာတွေ မျှဝေလေမလဲ သီရိ သိချင်သည်။ အဆိုး အကောင်း၊ ၀မ်းနည်းမှု၊ ၀မ်းသာမှု၊ နားလည်ဖေးမမှုဆိုတဲ့ မေတ္တာစစ်စစ် အပေးအယူကိစ္စတွေ တစ်နေ့နေ့ တော့ ဇေထက်သာနားလည်နိုင်ကောင်းရဲ့ လို့ သီရိ ဆုတောင်းမိပါသည်။

သီရိ စာအုပ်လေးကို ကောက်ကိုင်ပြီး နေရာကထတော့ ...
“ဒီနေ့ ကျွန်တော်တို့ ပြောတဲ့ အချစ်အကြောင်းကို စာရေးပါလားဗျာ .. သူငယ်ချင်းပြောတဲ့ အချစ်အကြောင်း ဆိုပြီးတော့ပေါ့၊ အသည်းဆတ်ဆတ်လား ဟတ်တက်လား အသည်းကွဲတာတွေပါ ထည့်ရေး၊  တချို့နေရာတွေဆို ပြောရင်း ဟိ(heat)တောင်ထတယ်၊ ကျွန်တော်မှန်းလည်း မသိစေနဲ့ပေါ့ဗျာ၊ သိသွားရင် စာပေါ့သွားမယ်၊ အဖြစ်မရှိသူက ဆရာလုပ်နေသလိုဆိုတော့ ရယ်တော့ ရယ်စရာပေါ့ ... ဟား ဟား ဟား”
ဇေထက်သာက ရယ်ရယ်မောမော ပြောပြောဆိုဆို .. ဖက်ဖူးရောင်လဘက်ရည်ဆိုင်လေးမှာ ထိုင်နေဆဲ ..
တစ်ယောက်တည်း ... ကျန်ရစ်ခဲ့ပါသည်။       ။

Special thanks to "- - -" who was main actor from this short story.

4 comments:

  1. မမဖြိုးရေ
    ဇာတ်လမ်းလေးကကောင်းတယ်
    အပြင်ကအနော်ဆုံဖူးတဲ့လူတွေနဲ့လည်း
    အနည်းငယ်ဆင်တော့ သူတို့နေရာမှာ ထားကြည့်လိုက်တော့အရမ်းကိုကောင်းတဲ့..မြင်သာထင်သာတဲ့ဇာတ်လမ်းလေးဖြစ်သွားတယ်...

    ReplyDelete
  2. ချစ်ရရင် ပူတယ်၊ တချိန်လုံးပူနေရတယ် ဆိုတာတော့ လက်ခံပါတယ်။

    ကျန်တာတော့ အရမ်းကြီးမပြောရဲဘူး.. ကိုယ်က ကျွမ်းကျင်သူမဟုတ်၊ ပြီးတော့ ဒီကိစ္စက သိမ်မွေ့  တယ်ဟုတ် .. မဖြိုးရေ... နော့။

    ReplyDelete
  3. An Asian Tour OperatorMarch 15, 2011 at 6:22 PM

    လဘက်ရည် ကျဆိမ့်လေး သောက်ပြီး မဂ္ဂဇင်းထဲ က ကဗျာလေး တွေ တပုဒ်ပြီး တပုဒ် ဖတ်ဖြစ်ခဲ့တယ်။ အခုတော့ ၀ီစကီလေး တစိမ့်စိမ့် သောက်ပြီး သတင်းစာ၊ ဘလောက် ဖတ်တဲ့ အရွယ်ရောက် နေပြီလေ။

    ReplyDelete
  4. အင်း ညီမဖြိုးရေ ဒီလိုလူတွေ အများကြီး အရေးမကြီးပါဘူးနော်

    ဒါနဲ့ ညီမ ရဲ့ စာလေး ဒီလထုတ်နွယ်နီမှာ ပါတယ်ထင်တယ် အမလည်းသေချာမဖတ်ရသေးဘူး ဖြိုးဖြိုး နံမည်နဲ့ဘဲ ဖတ်ပြီးရင်ပြောမယ်

    ချစ်ချစ်ကြီး နဲ့ အားလုံးနေကောင်းကြပါတယ် ညီမတို့ မိသားစုနေကောင်းပါစေ

    ခင်မင်စွာဖြင့်
    ရွှေစင်ဦး

    ReplyDelete