Monday, February 7, 2011

အီဂျစ်ရဲ့ ယနေ့  စဖင့်ရုပ်ကြီးများ

အာဖရိက တိုက်ရဲ့  နာမည်ကျော် နိုင်းလ်မြစ်ကြီး စီးဆင်းရာ   အီဂျစ်နိုင်ငံဟာ ကမ္ဘာ့ အံ့ချည်းဖွယ် အဆောက်အဦးကြီးများဖြစ်တဲ့  ပီးရမစ် သချိုင်းဂူများနဲ့  စဖင့်ရုပ်ကြီးများ ဝေေ၀ဆာဆာတည်ရှိရာ အရပ်ဒေသ ဖြစ်ပါတယ်။
အီဂျစ်လူမျိုးစစ်စစ်များဟာ ဘီစီ ၁၄၀၀လောက့်မှာ ကတည်းက   အီဂျစ်နိုင်ငံကိုတည်တန့် အောင်  ထိမ်းသိမ်းမထားနိုင်ခဲ့ ကြပါဘူး။ အီဂျစ်ဘုရင် မာယာရှင်လို့  ကမ္ဘာမှာ ကျော်ကြားခဲ့ သူ ကလီယိုပါထရာ ဘုရင်မဟာလဲ တကယ်တော့ အီဂျစ်လူမျိုးမဟုတ်ဘဲ ခေါမ ၊ သို့ မဟုတ် ဂရိ ( မက်ဆီဒိုးနီးယဲန် )လူမျိုးလို့ သမိုင်းက ဆိုပါတယ်။

ပါရှန်လူမျိုး အောချပ်စ် က အီဂျစ်လူမျိုးများကို မောင်းထုတ်ပြစ်ခဲ့ ပြီး တခါ မက်ဆီဒိုးနီယဲန်တို့ က တိုက်ခိုက် နှင်ထုတ်တာကြောင့် ပါရှန်တွေ ထွက်သွားကြရတယ် ။ မက်ဆီဒိုးနီယဲန်များအီဂျစ်ကို နှစ်ပေါင်း၃၀၀ကျော် အုပ်စိုးခဲ့ ရာမှာ ဘုရင် တိုလီမီနီယပ်စ် ရဲ့  သမီးတော် ကလီယိုပါထရာမင်းသမီး နဲ့  သားတော်  တောလီမီ မင်းသားတို့ ဟာလဲ အပါအ၀င် ဖြစ်တယ်။  ဒီ့နောက်ရောမက သိမ်းပါတယ် ။ပါရှန်ဓါးပြလူဆိုးများ မကြာခဏ ၀င်ရောက်ကျူးကျော် ဖျက်ဆီးကြပါတယ် ။ရောမနဲ့ ခေါမတို့  လက်အောက်ကနေ  ရောမခေတ်ကုန်ချိန်ရောက်တဲ့ အခါ  အာရပ်တွေက တစခန်းထ သိမ်းပိုက်လိုက်တာ ခုထိပါဘဲ ။ ယနေ့  အီဂျစ်ဟာ ကမ္ဘာမှာ အကြီးဆုံးအာရပ်နိုင်ငံ တခု ဖြစ်နေတယ်။       
အီဂျစ် ဟာ လျို့ ဝှက် သိပ်သည်းပြီး နက်ရှိုင်းတဲ့  ရှေးဟောင်း အတတ်ပညာရပ်တွေ သိုမှီးရာလဲ ဖြစ်တယ်။ အိုင်းဆစ်စ် နတ်သမီးကို  အလေးထားပူဇော်လေ့ရှိတယ် ။ နတ်ကွန်းနတ်နန်းများလဲ  ကြီးကျယ် ခန်းနားစွာ ဆောက်လုပ်ထားရှိကြတယ်။
အီဂျစ်ဘုရင်များ ဟာ သူတို့  ကွယ်လွန်ရင်ရုပ်ကလပ်ကို  မြုပ်နှံ သင်္ဂြိုလ်ဖို့ ဂူသချိုင်းများ အဖြစ် 
သုံးထောင့်ပုံ ပီးရမစ်များ ဂီဇာ (Giza)  အရပ်မှာ များသောအားဖြင့် တည်ဆောက်ထားလေ့ရှိကြတယ်။ အလားတူ ထူးဆန်းတဲ့  လူခေါင်းနဲ့  ခြင်္သေ့ကိုယ်တွဲ စပ်ထားတဲ့  ဧရာမ စဖင့်ရုပ်ကြီးများကိုလဲ ထုလုပ်လေ့ရှိကြတယ်။ အီဂျှစ်ဘုရင်များဟာ သူတို့  ကွယ်လွန်ရင် လူ့ဘ၀ကို အမှန်ပြန်ရောက်မယ် လို့  တထစ်ချ ယုံကြည်တဲ့ အတွက် မိမိပိုင် ကျောက်မျက်ရတနာများနဲ့  မိမိမြတ်နိုးရာရာများကို အတူ ယူသွားတတ်ကြပါတယ်။  ရုပ်ကလပ်ကိုလဲ မပုပ်မသိုးအောင် ဆေးစီရင်တတ်ကြတယ်။ အလောင်းကို ပတ်တီးစီးရာမှာ ပတ်တီးအကြား ရွှေ ငွေ လက်ဝတ်ရတနာများ ထည့်သိုမြုပ်နှံ တတ်ကြတယ်။          
 နှစ်ပေါင်း ကြာလာတာနဲ့ အမျှ စဖင့်ရုပ်တွေဟာ ထိမ်းသိမ်းမှု အားနည်းတာကြောင့်သော်၎င်း ၊လေဒါဏ် မိုးဒါဏ် သဲမုန်တိုင်းများဒါဏ် နဲ့  ကိုင်ရိုမြို့ လို မြို့ ပြ စက်ရုံများက လွှင့်ထုတ်တဲ့  မီးခိုး မြူမှုံ အငွေ့ အသက်ဒါဏ်ရာဒါဏ်ချက်များတို့ ကြောင့်သော်၎င်း ယနေ့  အတော်လေးပျက်စီး ယိုယွင်းလာနေပါပြီ။
နောင်အခါ စဖင့်များဟာ မူလ ရှေးဟောင်းလက်ရာ အစစ်လို ခါးလျား တိုတိုတုတ်တုတ် မဟုတ်တော့ဘဲ ခန္မာကိုယ် သွယ်လျလာတာကြောင့် ပြုပြင်စေခိုင်း ညွှန်ကြားမှုများ ရှိ မရှိ သံသယ ဖြစ်ခဲ့ ပါတယ်။
            
အချိန်ကြာလာတာနဲ့ အမျှ  စဖင့်တွေဟာ သဲထဲမှာ နစ်မြုပ်လာခဲ့ ပါတယ်။ သုံးပိုင်းနှစ်ပိုင်းလောက်က သဲတွေ ဖုံးအုပ်နေတာပါ။ဘီစီ ၁၄၁၇ခုနှစ်မှာ နန်းတက်တဲ့ စတုတ္ထမြောက် သူမို့ စ် (Thutmose iv ) ဘုရင် ဟာ သူတည်ဆောက်ခဲ့ တဲ့ စဖင့်ကြီးရဲ့  ရှေ့ ခြေဖ၀ါးနှစ်ခုအကြားမှာ သူ့ ဖြစ်စဉ်တွေကို ကမ္ဖည်းရေးထိုး ကျောက်ထက် အက္ခရာ တင်ခဲ့ ရာမှာ  ပျိုရွယ်စဉ် မင်းသားငယ်ဘ၀နဲ့   တနေ့ သူဟာ တောကစားထွက်ခဲ့ ရင်း စဖင့်ကြီးရဲ့  အရိပ်ကို ခိုလှုံ အိပ်စက်ငိုက်မျဉ်း ခဲ့ တယ် တဲ့ ။  အိပ်မက်ထဲမှာ စဖင့်ကြီးက သူ့ ခန္ဒာကိုယ်ကို ဖုံးလွှမ်း ပိတ်ဆို့ ထားတဲ့  သဲတွေ   အမြန်ဆုံး ဖယ်ရှား
ဖေါ်ထုတ်ပေးနိုင်ရင်  အီဂျစ်ထီးနန်းကိုလဲ  ချက်ခြင်း သရဖူဆောင်း အုပ်ချုပ်နိုင်အောင် ထိုက်ထိုက်တန်တန်ုချီးမြှင့်ပေးမယ်လို့  ကမ်းလှမ်းပါသတဲ့ ။ သူဟာ စဖင့်ကြီးအိပ်မက်ပေး စေခိုင်းချက်ကို  သဘောတူ လက်ခံခဲ့ တယ်လို့  ဖေါ်ပြထားပါတယ်။
အချိန်တွေ ခေတ်တွေ ကုန်ဆုံးပြောင်းလွဲနေသမျှ  တနေ့  တခြား တန်ဘိုးဖြတ်လို့ မရ နိုင်တဲ့  သမိုင်းဝင် ရှေးဟောင်း လက်ရာတွေပါ။ သဘာဝ အရင်းအမြစ်ဖြစ်တဲ့  ကျောက်တုံးကျောက်ခဲ တွေနဲ့  ခက်ရာ ခက်ဆစ် တည်ဆောက်ထားပါတယ်။
အနည်းဆုံး သဲတွေ ဖုံးအုပ်နေတဲ့ စဖင့်ကြီးတွေဟာ နှစ်သုံးလေးရာထက် မနည်းရှိနေတာ သေချာပါတယ် ။၁၇၉၈ခုနှစ် မှာ ပြင်သစ်ဧကရာဇ် “နပိုလီယန် “စစ်ချီတက်ရင်း  ဂီဇာ အရပ်ကို ရောက်ခဲ့ စဉ် စဖင့်ကြီးတွေရဲ့  လည်ဂုတ်အထိ သဲတွေဖုံးလွှမ်းနေကြောင်း ထုတ်ဖေါ်ပြောဆိုခဲ့ ဖူးပါတယ်။ရာစုနှစ် ၄၀ကျော်ကို လှမ်းမြင်နိုင်တဲ့  နေရာဟာ ဟောဒီ ပီးရမစ်ကြီးတွေရဲ့  ထိပ်ဖျားပဲ လို့ လဲ  ဂီဇာစစ်ပွဲ မစတင်မီ သူ့ စစ်သားတွေကို ပြောခဲ့ ပါတယ်။
ခရစ်နှစ် ၁၈၁၆နဲ့  ၁၈၁၇ ခုနှစ်အတွင်း ..ကုန်သည် “ဂျီနိုဆီ ‘နှင့် ‘ကာဗွီဂေလီယာ ‘ဆိုသူတို့ ဟာ အတူပါလာသူ ကုန်အဖွဲ့ သားများ အင်အားနဲ့  စဖင့်ကြီးကို သဲတွင်းမှ ဖေါ်ထုတ်ကယ်တင်ဖို့  ကြိုးစးခဲ့ ကြဖူးပေမဲ့  ရင်ညွှန့် ပိုင်းလောက်ပဲ  တူးဖေါ်ရရှိခဲ့ပြီး သဲထုကြီးက ထူထပ်သိပ်သည်းလွန်းလို့  ဆက်လက်တူးဖေါ်ဖို့  မကြိုးစားနိုင်ပဲ အရှုံးပေး လက်လျော့ခဲ့ ရတယ်လို့  သိရပါတယ်။  ရှေးဟောင်းယဉ်ကျေးမှု ဋ္ဌာနမှ “အော်ဂပ်စတီ မာရီတီ “နဲ့  သူ့ အဖွဲ့ ဟာလဲ အလားတူ ကြိုးစားခဲ့ ကြဖူးပေမဲ့ ပြီးပြတ်မှု မရှိပဲ လုပ်ငန်းရပ်ဆိုင်းခဲ့ ရပါတယ်။
သူတို့ဟာ ခါဖရီ ဗဲလီတောင်ကြားဘုရားကျောင်းလေ့လာရေးကအပြန် တခါ ထပ်လို့  ရုပ်တုကြီးရဲ့  အောက်ခြေပတ်လည်တ၀ိုက်က သဲတွေကို မြောင်းဖေါက် ဖယ်ရှားကြတယ်လို့  ဆိုပါတယ်။ ဒါလဲ အဆုံးစွန် သန့်စင်မှု မပြုနိုင်ခဲ့ ကြပါဘူး။ခရစ်နှစ် ၁၈၈၅ခုနှစ်မှာ အီဂျစ်ရှေးဟောင်းပစ္စည်းထိန်းသိမ်းရေး ဋ္ဌာန မှ ညွှန်ကြားရေးမှုး ဂက်စ်တွန် မက်စ်ပီရို နှင့်အဖွဲ့ ဟာ စဖင့်ကြီးကို သန့်စင်မှု ပြုခဲ့ ကြပေမဲ့  စောစောက ပြောခဲ့ တဲ့ အဖွဲ့ များလိုပဲ သူတို့ ရဲ့  လုပ်ငန်းကို ပြီးမြောက်အောင် လုပ်ကိုင်နိုင်ခြင်းမရှိပဲ စွန့် လွှတ်ခဲ့ ကြရပြန်တယ်။
၁၉၂၅ မှ ၁၉၃၆ခုနှစ်အတွင်း ပြင်သစ်အင်ဂျင်နီယာ “အမီလီ ဘရာဇီ” နှင့် သူ့ အဖွဲ့ ကတော့  စဖင့်ံကြီးကို စေ့စေ့စပ်စပ် လေ့လာကြည့်ရာမှာ ပျော့ညံ့တဲ့  သဲကျေက်များနဲ့ တည်ဆောက်ထားတဲ့ အတွက်  ဒီသဲထုကြီးကပဲ စဖင့်ကြီးလုံးပါး ပါး မသွားအောင် စောင့်ရှောက်ကာကွယ်ထားကြောင်း ဖေါ်ထုတ်ခဲ့ တယ်။
မှန်ပါတယ် ။  စဖင့်ကြီးတွေဟာ ဒီလို သဘာဝအကာအကွယ် ရနေတာတောင် လုံခြုံ စိတ်ချရမှု မရှိပါဘူး။
ဘာ့ကြောင့်လဲ ဆိုရင် လေထု ညစ်ညမ်းစိုထိုင်းမှု ၊ လူတို့ ၏ ပေါ့လျော့မှု ၊ မီးခိုးမြူမှုန်များ ဖုံးလွှမ်းအုပ်ဆိုင်းမှု ၊နှင့် ရုပ်တု ထုဆစ်စဉ်က သုံးစွဲခဲ့ တဲ့  ထုံးကျောက် အရည်အသွေးညံ့ဖျင်းမှု ၊ စတာတွေက စဖင့်ကြီးရဲ့ ကျောဘက် ဆက်ကြောင်းတလျောက် အက်ကြောင်းရာများ  ဗလပွ တွေ့ နေရပဲါပီ။  ရှည်လျးတဲ့  အက်ကွဲရာကြီးတခုဟာ ရုပ်တုရဲ့  တင်ပါးဆုံ နောက်ပိုင်းမှာ ဆိုးဆိုးဝါးဝါး ဖြစ်ပေါ်နေပါတယ်။ ဒါကို ပြုပြင်တဲ့ အနေနဲ့  ဘိလပ်မြေသုံး ဖို့ ထားတာလဲ ရှိပါတယ်။
သဲမုန်တိုင်းစတဲ့  သဘာဝဘေးဒါဏ်တွေရဲ့  ဆိုးဝါးပြင်းထန်လွန်းမှုကြောင့် စဖင့်ကြီးရဲ့ ကိုယ်ခန္မာဟာ တရွေ့ ရွေ့  တိုက်စားခံနေရပါတယ်။ သဲမှုံတွေက စဖင့်ကြီးရဲ့  မျက်နှာပြင်တလျှောက် ပစ်ပေါက် တိုက်ချွတ်ဆေးကြောသွားခဲ့တာမို့  နေပူ လေပူ သဲကန္တာရမှာ အရည်အသွေးညံ့ဖျင်းတဲ့  ထုံးကျောက်တွေကိုချေမွပစ်သလို တိုက်စားသွားတာမို့ 
မျးစွားအရုပ်ဆိုး အကျည်းတန်သွားခဲ့ ပါတယ်၊ စဖင့်တွေပဲ မဟုတ်ပါဘူး။ အခြားရုပ်တုမျိုးစုံလဲ ရှိသေးတာပါ။ သူတို့ အားလုံး  တစ တစ လုံးပါးပါးသွားခဲ့ ပါပြီ။
 ဒါပေမဲ့  ဒီကနေ့  ကမ္ဘာမှာ ဒီရုပ်တုကြီးတွေ ပီးရမစ်ကြီးတွေရဲ့  လျို့ ဝှက်ချက်တွေကို ဖေါ်ထုတ်နိုင်ဖို့ ဆိုတာ မဖြစ်နိုင်စရာ မရှိပါဘူး။
 စတုတ္ထမြောက်မင်းဆက်”ခါဖရီ “ဘုရင်ဟာ သူ့ ရဲ့  ရုပ်တုကို ထုလုပ်ဖို့  နူဘင်းသဲကန္တာ ( Nubian  deesert ) မှ  ကျောက်ကျင်းတခုကနေ သယ်ဆောင်လာတဲ့  တခုတည်းသော ကျောက်တုံးကို အသုံးပြုစေခဲ့ တယ်။ ခါဖရီဘုရင်ဟာ  ဂီဇာအရပ်မှာ ပီရမစ် ၃ခုကိုလဲ  ဒုတိယမြောက် တည်ဆောက်ခဲ့ သူဖြစ်တယ်။သူ့ ရဲ့  ပီးရမစ်ဟာ  ထူးခြားပြောင်မြောက်တဲ့ လက်ရာနဲ့  အခိုင်ခန့် ဆုံး အသပ်ယပ်ဆုံး လို့  နာမည်ရပါတယ်။ ဘုရင်မင်းမြတ်ရဲ့  ရုပ်တုများပါရှိပြီး ခါဖရီ ဗွဲလေးတောင်ကြား ဘုရားကျောင်းရဲ့  အထိမ်းအမှတ် တခုလဲ ဖြစ်တယ်။
နှမ်းဖတ်ကျောက်တုံးကြီးတွေနဲ့ တည်ဆောက်ထားတာဖြစ်ပြီး ပီးရမစ်ကို သွားရာ တာရိုးလမ်းမတလျှောက် စိမ်းစိုမှိုင်းပျတဲ့  မြက်ခင်းပြင်ကလေးနဲ့ ယနေ့ တိုင် တင့်တယ် ဝေဆာလှပနေဆဲဖြစ်ပါတယ်။  ၂၅၅၁ x ၂၅၂၈ ဘီ စီ မှာ နန်းတက်တဲ့  စတုထ္ထမြောက်မင်းဆက်မှ Khufu ဘုရင်မင်းမြတ်ဟာ  The Great pyramid of Giza အံ့မခန်း တည်ဆောက်ခဲ့ သူဖြစ်တယ်။ ကိုင်ရို မြူစီယမ်မှာ သူ့ ရုပ်တုငယ်တခုကို ပြသထားပါတယ်။
ဂီဇာ က  ခါဖရီပီးရမစ်ကြီးရဲ့  တောင်ဘက် မှာ   The Great  Sphinx   နာမည်ရ ခြင်္သေ့ကိုယ်နဲ့  လူဦးခေါင်းတွဲစပ်ထုဆစ်ထားတဲ့  သတ္တ၀ါကြီးတကောင် အထင်အရှားရှိပါတယ်။ သူဟာ အီဂျစ်ပြည်ရဲ့  ဧရာမ တော်ဝင် ပန်းပုလက်ရာကြီးပါ။အဖိုးအနဂ္ဂ ထိုက်တန်လှတဲ့  အီဂျစ်သင်္ကေတ အထိမ်းအမှတ်တခုလဲ ဖြစ်ပါတယ်။
 သူ့ကို ဘယ်အခါကြည့်ကြည့် ရိုးအီမသွားပဲ အမြဲ သစ်လွင် ခေတ်မီနေပါတယ်။ စာသင်သားများ ၊ လင်္ကာဆရာများ ၊ အနုပညာရှင်များ ၊လေ့လာရေးသမားများနဲ့  သူဟာ အမြဲ မပြတ် ထိတွေ့  ဆက်ဆံ  နေရတယ်။
စဖင့် (Sphnix) ရဲ့  အဓိပ္မါယ်ကတော့ “လယ်မျို ကို ညှစ်သူ” ဖြစ်တယ် ။ ဂရိအမည်ဖြစ်ပြီး ငှက်တကောင်ရဲ့  တောင်ပန်တစုံရယ် ၊ ခြင်္သေ့တကောင်ရဲ့  ခန္မာကိုယ်ရယ် ၊
မိန်မတယောက်ရဲ့  ဦးခေါင်းတလုံးရယ် တွဲစပ်ထုဆစ်ထားတဲ့  သတ္တ၀ါကို ခေါ်ဆိုတာဖြစ်ပါတယ်။ အီဂျစ်မှာက  စဖင့်တွေ အများကြီးရှိပါတယ်။ ခေါင်းဆောင်းတန်ဆာပလာတွေ ဆင်ယင်ထားတာ မြင်နိုင်ပါတယ်။God Amun နတ်ရုပ်နဲ့  သိုးထီးတကောင်ရဲ့  ဦးခေါင်းတလုံး  တွဲစပ်ထုဆစ်ထားတာမျိုးလဲ ရှိပါတယ်။
ခါဖရီ ဗွဲလေးတောင်ကြားးဘုရားကျောင်းအနီးက ဓရာမ စဖင့်ကြီးဟာ ခါဖရီ ဘုရင်မင်းမြတ်ရဲ့  မျက်နှာနဲ့  တပုံစံတည်း ထုဆစ်ထားတာမို့  ထုဆစ်သူ ပညာရှင်ရဲ့  အရည်အချင်းကို ချီးကြူးရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ လဲ ကူဖူးဘုရင်မင်းမြတ်ရဲ့  မျက်နှာတော်လို့ လဲ အငြင်းပွားမှု ရှိနေတာပါ။
အီဂျစ်လက်ရာတွေထဲမှာ A New Kingdom  Temple နှငိ့ Khafre’s Valley Temple တို့ ဟာ အထူး ရေပန်းစားတဲ့ လက်ရာများပါဘဲ ။ ဒီဘုရားကျောင်းက စဖင့်ကြီး ၄ ကောင်ဟာ တကောင်ကို ၂၆ပေ ကျော်ပါတယ်။ဘူမိဗေဒပညာရှင်များအလိုအရ ဒီရုပ်တု အောက်ခြေအထိုင် ထုံးကျေက်ပြားကို ထောင့်မှန် စတုဂံ ကျောက်တုံးတခုတည်း သုံးပြီး U  ပုံ ကတုတ်ကျင်း နက်နက်တူးခါ အောက်ခံ block   တုံးကို မြေချခဲ့ခြင်းဖြစ်တယ်။ စဖင့်ကြီးကို ထင်သာမြင်သာအောင် ကုန်းကမူ အမြင့် မှာ ခန့်ညားထယ်ဝါစွာ သွန်းထုထားတာပါ။
လွန်ခဲ့ တဲ့  နှစ်သန်းပေါင်း ၅၀  အာဖရိက Eocene အလယ်ခေတ် က  အရှေ့ မြောက်ဘက် ပင်လယ်ရေအောက် ၀ဲ ဖလုပ်ထဲက နစ်မြုပ်ကပ်ညိနေတဲ့  အနယ် အနှစ် အမှုံတွေကို ဆယ်ယူစုပေါင်း သွန်းထုပြုလုပ်ထားတာမျိုး ဖြစ်ကြောင်း။ပညာရှင်များက  လေ့လာသိရှိခဲ့ တယ်။ရေပျော်သတ္တ၀ါများ သက်ဇီဝိန်ချုပ်ငြိမ်း ပျေက်ကွယ်သွားရာမှာ ကြွင်းကျန်တဲ့  ရုပ်ကလပ်တွေက မာကျောတဲ့  ကျောက်ချပ်လွှာများအဖြစ် ပြောင်းလဲ သွားပါတယ်။ အဲဒီလို ဇီဝရုပ်ကြွင်းမှတဆင့် ကျောက်ဖြစ်ရုပ်ကြွင်းများ ။ ရွှံ့ နွံများခြောက်သွေ့ မာကျောရာမှ ဖြစ်ပေါ်လာတဲ့  ကျောက်ချပ်လွှာများ ၊ သဲသောင်ရေတိမ်မျိုးမှာ ပေါက်ပွားတတ်တဲ့  သန္တာကျောက်တန်းသောင်ခုံများ ဟာ အီဂျစ်ပန်းပု ပညာရှင်များအဖို့  အကြိုက်တွေ့ စေမဲ့  ကုန်ကြမ်းပစ္စည်းများပါဘဲ။  ထုံးကျေက်များနဲ့ သာမက ကျောက်ဖြူသားနဲ့  ထွင်းထုထားတာလဲ အများအပြားရှိသေးတာပါ။
စဖင့်တွေရဲ့  မျက်နှာဟာ ထွန်းသစ်စ ရှင်နေမင်းရဲ့  ဂုဏ်သတ္တိတွေနဲ့  ပြည့်လျှံနေကြောင်း လင်္ကာဆရာများက ဖွဲ့ နွဲ့ ကြလေ့ရှိတယ်။ ခြင်္သေ့ ဆိုတာက အထူးပြောဖို့ မလိုပါ။ ရဲရင့်ထက်မြက်ခြင်း ။ပွင့်လင်းထွန်းတောက်ခြင်း လို့  အီဂျစ်တွေက အဓိပ္မါယ် ဖွင့်ဆို ယူဆခဲ့ တယ်။ ခြင်္သေ့ရဲ့ ကိုယ်ပေါ်က တော်ဝင်လူသားတယောက်ရဲ့  ဦးခေါင်းဟာ တန်ခိုးအာဏာ သက်ရောက်ခြင်း ၊ ခွန်အားကြီးခြင်း။ ညာဏ်ရည်မြင့်မားခြင်းစတဲ့  စွမ်းရည်များနဲ့  ပြည့်ဝသူ ဖာရိုး ဘုရင် လို့  ရည်ညွှန်းထားတာပါ။ ဒါဟာ  ရှေးနှစ်ပေါင်း ၂၀၀၀ ကျော်က အီဂျစ်လူမျိုးတို့ ရဲ့  Icon    ကိုးကွယ်မှု ပုံစံ တမျိုးပါဘဲ ။အီဂျစ်ခေတ်ဟောင်းနိုင်ငံ တခုရဲ့  ရောင်ပြန်ဟပ်မှုလဲ ဖြစ်ပါတယ် ။
ခု ကုန်းကမူလေးပေါ်က ဧရာမ စဖင့်ကြီးတကောင်ကို လက် တွေ့ ကြည့်ကြရအောင်။
စဖင့်ရဲ့  ကျယ်ပြန့်တဲ့ မျက်နှာပြင်ကြီး တခုလုံးက စတုရန်းကျကျ နဲ့  ခန့်ညားတဲ့စတိုင် ရှိတယ်လို့  ပြောရမှာပါ။ မေးစိကလဲ ကျယ်ပြန့် ပါတယ်။ ခေါင်းပေါ်က Nemes လို့  ခေါ်တဲ့  ခေါင်းဆောင်းတန်ဆာကြီးက ခေါင်းထက်မှာ အလွှာအထပ်အထပ်
နဲ့ ဝေေ၀ဆာဆာ ပြန့် ကား ဖြာကျနေပါတယ် ။ ဒါဟာ သူမတူ လှပတဲ့  အီဂျစ်ရဲ့  ကိုယ်ပိုင် စတိုင်တခုပါ။ နဖူးပေါ်မှာတော့ ဖေရိုးဘုရင်တို့ ရဲ့  တော်ဝင် အမှတ်လက္ခဏာ ဖြစ်တဲ့  ပါးပြင်းထောင်နေတဲ့  မြွေဟောက်တကေင်ရဲ့  ပုံကို သဲထိတ်စဖွယ် ထွင်းထုထားတာ မြင်ရပါမယ်။
ဒီလို အီဂျစ်ရဲ့  အဖိုးတန် ရှေးဟောင်းသမိုင်းဝင် အဆောက်အဦးများကို ဒီ့ထက် ပိုလို့  ထိမ်းသိမ်းစောင့်ရှောက်ရန် လိုနေပါတယ် ။ ခုဆိုရင် ထိပ်တဲ့ တဲ့ က မြွေဟောက် က ကျိုးပဲ့ နေတယ် ။ ဦးခေါင်းထက်မှာ အပေါက်ကြီးတခုက နေရာယူထားတယ်။ နှာခေါင်းမှာလဲ ပျက်စီးနေတယ်။ နားရွက်ကြီးရဲ့  အောက်ပိုင်းက ပြတ်ထွက်နေပီ။ မျက်လုံးတွေလဲ ပေါက်ထွက်နေပီ။
“ ခါဖရီ “ ၊” မင်ကောရား “ နဲ့  အခြား ဖာရိုး ဘုရင်များရဲ့  ရုပ်တုတွေဟာ တချိုးတည်း တပုံတည်း တူညီမှု ရှိ အောင် ထုလုပ်ထားပါတယ်။
“မင်ကောရား “ဆိုတာ ဖာရိုးဘုရင်တပါးပါဘဲ။ “ အီဂျစ်ဘုရင်မ ကလီယိုပါထရာ” ဟာ ကိုယ်တိုင် “ မင်ကောရား “ ရဲ့  ဂူသချိုင်းအတွင်းချဉ်းနင်း ၀င်ရောက်ပြီး ရင်ဘတ်အတွင်း မြုပ်နှံ သိမ်းဆည်းထားတဲ့   ကျောက်မျက်ရတနာမျိုးစုံကို  ဖေါက်ထုတ်
 ခိုးယူခဲ့ ကြောင်း  ဒဂုန်ရွှေမျှားရဲ့  အီဂျစ်ဘုရင် မာယာရှင်ဝတ္ထုမှာ ရေးဖွဲ့  သီကုံးထားပါတယ် ။ ငွေသားတက်တွေနဲ့  လှော်ခတ်လာတဲ့ ရွက်လှေပေါ်မှာ ရောမအာဏာပိုင်အဖွဲ့ ဝင် တဦးဖြစ်တဲ့  ”  မတ်ခ်အန်တိုနီ” ကို အထူး ဧည့်သည်တော်အဖြစ် “ အက်ဖရို ဒိုက်“ နတ်သမီးးသဏ္ဍာန် ၀တ်စားဆင်ယင် ဓည့်ခံရင်း  “ မင်ကောရား “  ပိုင်  အဖိုးတန်ပုလဲ တလုံးကို အရက်နဲ့ ဖျော သောက်ပြ ခဲ့  တယ်။” မင်ကောရား “ ရဲ့ ရတနာများကို မတရား ခိုးယူ ဖြုံးတီးသုံးစွဲ ခဲ့တဲ့  ကလီယိုပါထရာ ဘုရင်မဟာ နောက်ဆုံးမှာ  “မင်ကောရား “ ရဲ့  ကျိန်စာ သင့်ပြီး မိမိကိုယ်ကို မိမိစတေးခြင်းဖြင့်ကျူးလွန်ခဲ့ တဲ့  အပြစ်များ  ပေးဆပ်ခဲ့ ရကြောင်း သမိုင်း ၊ ၀တ္ထု နဲ့  ရုပ်ရှင်တွေမှာ  ဖေါ်ပြခဲ့ ကြပြီး ဖြစ်ပါတယ်။
အီဂျစ်ရုပ်တုကြီးတွေမှာ မုတ်ဆိတ်တွေလဲ ပါတတ်ပါတယ်။ ဗြိတိသျှ ပြတိုက်နဲ့  ကိုင်ရို ပြတိုက်တွေမှာ ပြသထားတဲ့  စဖင့်ရုပ်တွေဟာ မူရင်းအတိုင်းမဟုတ်ဘူး မုတ်ဆိတ်တွေကို ပြုပြင်ထားတယ်လို့  လေ့လာသူ စာသင်သားများက ဆိုပါတယ်။ ဒါဟာ မလွှဲ မရှောင်သာတဲ့  ခေတ်သစ်ခေတ်ဟောင်း ယဉ်ကျေးမှု နှစ်ခု ပူးပေါင်းတင်ဆက်ခြင်းလို့ တချို့ က မြင်ပါတယ်။

အီဂျှစ်တွေဟာ နတ်ဘုရားများနဲ့ မကင်းကြပါဘူး။ အမြဲ ပတ်သက်မှု ရှိနေတာမို့   နတ်ဘုရားတွေရဲ့ 
အငွေ့ အသက်တွေက အီဂျစ်တွေကို တော်တော်လေး လွှမ်းမိုးထားပါတယ်။ သချိုင်းဂူများအတွင်း လဲလျောင်းအိပ်စက်နေသူ ဖာရိုးဘုရင်များရဲ့  ၀ိညာဉ် တွေဟာလဲ အီဂျစ်ပြည်သူပြည်သားများရဲ့  သွေးကြောအတွင်း မပြတ် ပူးကပ် စိမ့်ဝင် တွယ်ညိ နေမယ်ဆိုတာကတော့  မလွှဲလောက်ဖူးလို့  ယူဆနိုင်ပါတယ်။  }
                        ( ၂၀၁၁ခုနှစ် ဇန်န၀ါရီ လ အတွင်းက  VOA TV  မှာ   This  Amazing World ခေါင်းစဉ်နဲ့  အီဂျစ်ပီးရမစ်များ ရုပ်တုများ ထုတ်လွှင့်သွားတာ မြင်ရပါတယ် ။ အပျက်အစီးပုံတွေ မြင်ရတာ စိတ်မကောင်းစရာပါဘဲ ။
အချို့ ကလဲ    အကောင်းဘက်ကကြည့်ပြီး  မပြုမပြင် နဂိုမူလ အတိုင်း၊ အရှိ အရှိအတိုင်း  ထားခြင်းဟာ ရှေးဟောင်းပစ္စည်းများရဲ့  တန်ဘိုးကို  ပိုမို  ကြီးမြင့် လာစေတယ် လို့   ယူဆကြကြောင်း တင်ပြလိုက်ပါတယ်။) 

(မေမေရေးထားတဲ့စာပါ၊ အီဂျစ်အကြောင်းမို့ စဖင့်ရုပ်တုကြီးတွေအကြောင်းသိချင်တဲ့သူတွေအတွက် တင်ပေးလိုက်ပါတယ်)
Florist
Source ;  internet
1st-Feb-2011

0 comments:

Post a Comment