Thursday, February 3, 2011

ဖိုးပလံ နှင့် ထူးထွေဆန်းရာ သည်ကမ္ဘာ

နိဒါန်း
“ဖိုးပလံ ရဲ့ သည်ကမ္ဘာ” ဟာ ထူးထွေဆန်းပြား နတ်သမီးပုံပြင်တွေစိတ်ဝင်စားတဲ့ ကလေးငယ်တွေ၊ စိတ်ဖိစီးမှုတွေလျှော့ချလိုတဲ့ လူကြီးတွေအတွက်နဲ့ fantasy Story လေးတွေစိတ်ဝင်စားတဲ့ အသက်အရွယ်မျိုးစုံ လူငယ်လူကြီးလေးတွေအတွက် ရည်ရွယ်ပါတယ်၊ နတ်သမီးပုံပြင် (Fairy Tale) နဲ့ ထူးခြားဆန်းပြားမှော်ပုံဝတ္ထု(Fantasy Story) တွေကို နိုင်ငံတိုင်းက မိဘတိုင်းဟာ သူတို့ရဲ့ကလေးငယ်တွေကို ညအိပ်ရာဝင်ချိန်မှာ ပြောပြတတ်ကြတယ်၊ ဇာတ်လမ်းဇာတ်ကွက်အထားအသို၊ မှော်အတတ်ပညာအလှည့်အပြောင်း၊ ရိုးရာဓလေ့ဆိုင်ရာ အယူအဆ အတိမ်းအစောင်းလေးတွေရှိနေကြပေမဲ့ အဲဒီပုံဝတ္ထုလေးတွေအားလုံးဟာ တမျိုးစီ တစ်ပုံစီ၊ တစ်ပုဒ်ဆီ အကုန်လုံးပဲ နားထောင်ချင်စဖွယ်၊ ဖတ်ချင်စဖွယ် ချစ်စရာကောင်းလှပါတယ်၊ ပုံပြောသူတစ်ဦးချင်းဆီမှာ မူတည်ပြီး ဒုတိယကမ္ဘာတစ်ခုကို ဖန်တီးလိုက်တာပါ၊ အဲဒီကမ္ဘာမှာ သူတို့နဲ့ သက်ဆိုင်တဲ့ ဥပဒေသရှိနေကြတယ်၊ ဒါကြောင့်ပဲ အဖြစ်အပျက်အမှန်တွေလို ယုံကြည်လာစေတယ်၊ စိတ်ဝင်စားဖို့ကောင်းလှတယ်၊ မှော်ဝတ္ထုတွေထဲက နတ်သမီးတိုင်းပြည် ဆိုတာဟာ အန္ထရာယ်ထူပြောလှတဲ့ နယ်မြေဖြစ်တယ်၊ အဲ့ဒီနယ်မြေတွေမှာ ဂရုမပြုတဲ့သူတွေအတွက် ထောင်ချောက်တွေရှိတယ်၊ မိုက်ရူးရဲဆန်တဲ့သူတွေအတွက်တော့ ပြန်လမ်းမရှိတဲ့နေရာဖြစ်သွားနိုင်သေးတယ်၊

“နတ်သမီးပုံပြင်ဆိုတာ ဘာလဲ၊ ဘယ်လိုဖြစ်သင့်သလဲ၊ ဆိုတဲ့ မေးခွန်းတွေအတွက် ပြောရရင်တော့ နတ်သမီးတွေ၊ မှင်စာလေးတွေ၊ ကျပ်တစ္စေလေးတွေရဲ့အဓိပ္ပါယ်၊ သူတို့လေးတွေရဲ့သမိုင်းကြောင်း၊ အကျိုးအကြောင်းဖော်ပြီးရှင်းပြနေဖို့ အဓိကမကျပါဘူး၊ ဒါပေမဲ့ နတ်သမီးလေးတွေရဲ့သဘာဝတရား၊ နတ်သမီးနယ်မြေဟာ အန္တရာယ်ထူပြောတယ်၊ အဲဒါတွေကိုပြောပြသွားရမယ်၊ အဲဒီနတ်သမီးနယ်မြေမှာ တိုက်ခတ်နေတဲ့လေလိုပဲ၊ လေမွှေ့ရမ်းတိုက်ခတ်သလို အားလုံးကို ပြောပြရင်းနဲ့ စာဖတ်သူတွေရဲ့စိတ်အလျဉ်ကို ပုံဝတ္ထုတစ်ပုဒ် အစကအဆုံးဆွဲခေါ်သွားနိုင်ရမယ်၊ ကျွန်တော်က အဓိပ္ပါယ်သတ်မှတ်ဖို့ ကြိုးစားမှာမဟုတ်သလို၊ တဲ့တိုးပြောချလိုက်မှာလည်းမဟုတ်ဘူး၊ နတ်သမီးပုံပြင်ကို စကားလုံးတွေနဲ့ဖမ်းဆီးချုပ်နှောင်ပြလို့မရဘူး၊ အဲဒီလို ဖော်ပြခြင်းငှာမစွမ်းသာအောင်ရှိနေတာကိုကပဲ နတ်သမီးပုံဝတ္ထုတွေရဲ့အစွမ်းအစပါပဲ၊ သူ့မှာ ပါဝင်ပစ္စည်း အဆာပလာတွေအများကြီးပါတယ်၊ ဒါပေမဲ့ လှို့ဝှက်ချက်ကို ရှာဖွေတွေ့ရှိဖို့ အဲဒီများပြားလှတဲ့ပါဝင်ပစ္စည်းတွေ ထည့်သုံးဦးတော့ မလုံလောက်ပါဘူး၊ ကျွန်တော်ပြောချင်တာက နတ်သမီးပုံဝတ္ထုတွေဆိုတာဟာ နတ်သမီးတွေနဲ့ မှော်ပညာရှင်တွေကို အသုံးပြုတယ်၊ သူတို့ရဲ့ ဦးတည်ချက်က ရွှင်မြူးဖွယ်ရာ၊ စွန့်စားခန်း၊ ကိုယ်ကျင့်တရားနဲ့ ထူးခြားဆန်းပြားမှော်ပညာဆန်း စသည် ဘာကိုပဲဖြစ်နေပါစေ” လို့ The Lord of the Rings ဖန်တီးရှင် J.R.R Toiken က On Fairy Stories အက်ဆေးမှာ ရေးထားပါတယ်၊

အဲဒီပုံဝတ္ထုတွေရဲ့ဇာတ်သိမ်းခန်းဟာ သာမာန်ထက်ထူးကဲတဲ့ဇာတ်သိမ်းမျိုးနဲ့ အဆုံးသတ်နိုင်ပါတယ် ဒါပေမဲ့ မတရားမှု၊ အလွမ်း ဇာတ်သိမ်းမျိုးတွေ မဖြစ်သင့်ပါဘူး၊ နတ်သမီးပုံပြင်ကောင်းတစ်ပုဒ်ဟာ အပိုင်း သုံးပိုင်းရှိကြမယ်၊ ပထမအပိုင်းမှာ သဘာသလွန် မှော်တန်ခိုးတွေကို ဖွဲ့နွဲ့မိတ်ဆက်သွားရမယ်၊ ဒုတိယအပိုင်းမှာတော့ မှော်မျက်လှည့်ပညာတွေ သဘာဝတရားဆီချဉ်းကပ်လာကြပုံကို ရှေးရှု ဖွဲ့နွဲ့ရဦးမယ်၊ တတိယအပိုင်းမှာတော့ အဲဒီ မှော်ပညာတွေ လူသားတွေဆီရောင်ပြန်လာဟပ်တဲ့အခါ... ပြောင်လှောင်နှိပ်စက်မှုတွေနဲ့ သနားစဖွယ်ရုန်းကန်ကြပုံတွေ ကို ပြရတော့တယ်၊ နောက်ဆုံးမှာ ဇွဲရှိသူ၊ စိတ်ထားကောင်းမွန် မှန်ကန်သူတွေဟာ ဘယ်တော့မှ မပျက်သုဉ်းဘူးဆိုတဲ့အတွေးအမြင်မျိုးပေးထားလိုက်ပြီး စာဖတ်သူတွေဟာ ကိုယ့်ဖတ်ရှုနေတဲ့ ဇာတ်ကောင်ကို အစကအဆုံး စိတ်ချယုံကြည်နေစေရမယ်၊ စာဖတ်သူတွေကို ကိုယ့်ရဲ့ဇာတ်ကောင်လေးတွေဟာ “အဆုံးမှာ အခက်အခဲအားလုံး သူတို့ဖြေရှင်းနိုင်ကြမှာပဲ” ဆိုတဲ့ ယုံကြည်မှုကို ပေးထားနိုင်ရပါမယ်၊ သူတို့တွေ့ကြုံရတဲ့ထူးခြားဆန်းပြားကမ္ဘာထဲကို စိတ်သက်သက်သာသာ လိုက်ပါကြည့်ကြရုံပါပဲ၊ သူတို့ အော်ရင် စာဖတ်သူဟာ အော်မယ်၊ သူတို့ကြောက်ရင် စာဖတ်သူလဲ ကြောက်မယ်၊ စိုးရိမ်မယ် ဒါပေမဲ့ အဆုံးသတ်အောင်နိုင်မှုကို စာဖတ်သူက သိနေနှင့်ပြီ၊ စာဖတ်သူ ရင်ထဲကိုရောက်ရှိနေခဲ့ပါပြီ၊
အဲဒါက Fairy Tale တွေနဲ့ Fantasy Story တို့ရဲ့ အရသာပါ။

fantasy story စာအုပ်တွေဟာ အသက် ၆နှစ်ကလေးငယ်တွေကနေ အသက် ၆၀ ကလေးကြီးတွေအထိ ဖတ်ရှုနိုင်တဲ့ စာအုပ်မျိုးတွေပါ၊ လူကြီးတွေအတွက် fatansy ပုံပြင်စာအုပ်တွေဟာ မြင်ရခဲ့တဲ့အနုပညာပစ္စည်းတစ်ခုလို တယုတယထားပြီး ဖတ်ရှုလေ့လာကြမှာ မဟုတ်ပါဘူး၊ လူတွေတော်တော်များများက  fantasy ပုံပြင်တွေနဲ့ ကလေးငယ်တွေရဲ့ ဆက်စပ်မှုကို “ကလေးငယ်တွေနဲ့ မိခင်နို့ လို ဆက်စပ်မှု” လို့တွေးခေါ်လိုက်ကြတယ်၊ ဒါဟာ မိခင်နို့မစိုနိုင်ကြတော့တဲ့ လူကြီးတွေအတွက် မသက်ဆိုင်ဘူးဆိုတဲ့ သဘောမျိုး သက်ရောက်စေပါတယ်၊ အသက် ၆ နှစ်အရွယ်ကလေးလေး နှစ်သက်စွာဆော့ကစားတဲ့ ခေတ်ပေါ်ကစားစရာအရုပ်တစ်ရုပ်ကိုတော့ အသက် ၆၀နှစ် အထိမဆော့နိုင်ပါဘူး၊ စာအုပ်တွေကတော့ ဒီလိုသဘောချင်းမတူဘူး၊ စာအုပ်တွေဟာ အသက်အရွယ်တိုင်းအတွက် သင့်တော်ပါတယ်၊ လူကြီးတွေလည်း သူတို့သဘောနဲ့ သူတို့ ဖတ်ချင်လို့ဖတ်တယ်ဆိုရင်ရော ..  အထူးသဖြင့် ဒီလို fatansy story တွေပေါ့၊
ဒါဟာလည်း fantasy story တွေရဲ့ အရသာပါပဲ။

“ဖိုးပလံရဲ့ သည်ကမ္ဘာ” ကိုလဲ အဲဒီလို အရသာမျိုးပေးချင်တဲ့ရည်ရွယ်ချက်နဲ့ပဲ ရေးဖြစ်ပါတယ်၊ သူတို့လေးတွေဟာ စိတ်ကောင်းရှိတယ်၊ ဘယ်သူ့ကိုမှမတရားမလုပ်ဘူး၊ ကိုယ်ကျင့်တရားကောင်းမွန်ကြတယ်၊ စူးစမ်းမယ်၊ အရာရာကို သိချင်ကြတယ်၊ သူတို့ကောင်းမွန်ပေမဲ့ ဆိုးတဲ့သူတွေတိုက်ခိုက်လာတာလည်း ကြုံရတာပါပဲ၊ ကလေးငယ်လေးတွေ သဘာဝလွန်ဖြစ်ရပ်တွေထဲက ဘယ်လိုရုန်းထွက်ကြမလဲဆိုတာ ဖိုးပလံတို့ နဲ့အတူ ကျွန်မတို့ စူးစမ်းကြည့်ကြပါစို့၊ သိပ်တော့စိတ်မပူပါနဲ့ ပေါ့ပေါ့ပါးပါးဖတ်ကြည့်ကြရအောင်ပါ ..
အဆုံးမှာ အခက်အခဲအားလုံး ဖိုးပလံ ၊ ခခ နဲ့ မော်စီ တို့ ဖြေရှင်းနိုင်ကြမှာပဲ လေ။

ဖိုးပလံတို့အော်တဲ့အခါ စာဖတ်သူ လိုက်အော်ရင် ..
ဖိုးပလံတို့ ကြောက်တဲ့အခါ စာဖတ်သူပါ ကြောက်ပေးရင် ..
ဖိုးပလံတို့ စိတ်ပျက်လက်ပျက်ဖြစ်တဲ့အခါ စာဖတ်သူလည်း စိတ်ပျက်ပေးရင် ..
ဖိုးပလံတို့ ရွှင်မြူးနေကြတဲ့အခါ စာဖတ်သူပါ ပျော်မြူးခဲ့မယ် ဆိုရင်တော့ ကျွန်မ ဒီစာအုပ်လေးကို ရေးရကျိုးနပ်ပါပြီ။

အသက် ၆ နှစ်ကလေးငယ်ကနေ အသက် ၆၀ ကလေးငယ်တွေအထိ စာဖတ်သူအားလုံးကို ချစ်မြတ်နိုးတဲ့
ကျွန်မ ကလေးတို့ရဲ့ ဖြိုးဖြိုးပါ။
ချမ်းမြေ့ပါစေ
ဖိုးပလံ
၁၁နှစ်အရွယ် ခြောက်တန်းကျောင်းသားလေး “မင်းညီ”က သိပ်ဆော့တယ်၊ မင်းညီရဲ့ မေမေက စာရေးဆရာမ မေထားရီတဲ့၊ စုံထောက်ဇာတ်လမ်းမျိုးတွေရေးတတ်တယ်၊ နာမည်ကျော်မဟုတ်ပေမဲ့ နာမည်ရှိစာရေးဆရာမပါပဲ၊ ဖေဖေကတော့ ကလေးအထူးကုဆရာဝန်ပါ၊ ဦးကျော်စွာတဲ့၊ မင်းညီဆိုတဲ့ လူငယ်လေးဟာ တခါတခါအနာခံပြီးတော့ကို ဆော့လွန်းတယ်၊ သူ ငယ်ငယ်က ခပ်ဆိုးဆိုးကလေးပါပဲ၊ ခါချဉ်အုံတွေကို အဖေ့ဆီက ဓါတ်ဆီတွေယူလာပြီး လောင်းချ၊ မီးတော့ မီးနဲ့ရှို့ဖူးတယ်၊ အဲဒီ မီးအရှိန်က သူ့လက်ကို ဟတ်တော့ သူကြောက်လန့်တကြားလက်ကိုခါထုတ်ပြီး မီးအပူကို ငြှိမ်းရတယ်၊ သူ့လက်မှာ အဘွားပေးထားခဲ့ဖူးတဲ့ ပတ္တမြားလက်စွပ်လေးကိုပါ ခါထုတ်မိရက်သားဖြစ်ခဲ့တယ်၊ သူသိပ်ကြိုက်တဲ့ လက်စွပ်လေးကိုလည်း ဆုံးရှုံးရသလို၊ မီးအပူရဲ့ ပူနောင်နာကျင်လှပုံကို အဲ့ဒီနေ့က သူ သသေချာချာ ကိုယ်ချင်းစာတတ်သွားခဲ့ပါတယ်၊ သူ အကြာကြီးပဲ စိတ်မကောင်းဖြစ်ခဲ့ရတယ်၊ မီးကိုတိုးတဲ့ ပိုးဖလံလေးလို ကြုံရလွန်းလို့ သူ့ကို ပိုးဖလံ လို့ နောက်ပြောင်ခေါ်နေကြရင်းက ပိုးဖလံ ဖိုးပလံ .. လို့စကြတယ်၊ မင်းညီနာမည်ရင်းပျောက်ပြီး “ဖိုးပလံ” ဖြစ်လာတယ်၊ ဒါပေမဲ့ အဲဒီ ဖိုးပလံလေးကို သူငယ်ချင်းတွေက ချစ်ကြတယ်၊ မိဘတွေက စိုးရိမ်စိတ်နဲ့ စောင့်ရှောက်ကြတယ်၊ မီးကိုတိုးတဲ့ ဖိုးပလံ လေး ထူးခြားဆန်းပြားတာတွေ အများကြီးပဲ ကြုံရတော့တယ်။

ခခ
ဖိုးပလံရဲ့ သူငယ်ချင်းမလေး “လမင်းခ”၊ “ခခ” လို့ သူငယ်ချင်းတွေက ခေါ်ကြတယ်၊ ခခ ဖေဖေက လျှစ်စစ်အင်ဂျင်နီယာဦးဧရာ၊ ခခ မေမေ က တော့ အထက်တန်းကျောင်းဆရာမ မသီတာတဲ့၊ ခခလေး က မိန်းကလေးသဘာဝအလှအပကြိုက်တတ်သူ၊ သနားတတ်သူ၊ စပ်စုတတ်သူ၊ ဥာဏ်ကောင်းသူလေး စာသိပ်တော်တယ်၊ ခခမှာ သိပ်ချစ်စရာကောင်းတဲ့ ခွေးဖြူလေး “လဲ့ရာ” ရှိတယ်၊ ခခရဲ့ သူငယ်ချင်းကောင်းလေးပေါ့၊ ခခ က လဲ့ရာကို သိပ်ချစ်တယ်၊ ခွေးမလေး လဲ့ရာ ကလည်း ခခ နောက်ကိုတကောက်ကောက်လိုက်တယ်၊ ခခက မျက်စိအောက်က အပျောက်မခံနိုင်အောင်ချစ်တယ်၊ ဒါပေမဲ့ သူတို့ နှစ်ယောက်ခွဲရတဲ့အချိန်တွေလည်း ကြုံခဲ့ရတာပါပဲ။

မော်စီ
ဖိုးဖလံ၊ ခခ တို့ရဲ့ အချစ်ဆုံးသူငယ်ချင်း “လင်းလွန်း” ၊ လင်းလွန်းမေမေ ကြွေက ဖန်တီးမှုတီထွင်အနုပညာကျောင်းက 3D animation သင်ပေးတဲ့ဆရာမပါ၊ လင်းလွန်းဖေဖေကတော့ ပန်းချီဆရာ၊ တကယ်က ပန်းပုဆရာပါ၊ လင်းလွန်းဖေဖေနာမည်က ဦးမင်းယွန်းတဲ့၊ လင်းလွန်း ၁၀နှစ်ပြည့်တုန်းက မွေးနေ့လက်ဆောင်အမှတ်တရထုပေးတာတဲ့ ပလာစတာရုပ်ကြီးဆိုရင် လင်းလွန်းနဲ့ အင်မတန်တူတယ်၊ အဲဒီအရုပ်ကြီးက အသက်ဝင်လွန်းလို့ တစ်ခါတစ်ခါ လင်းလွန်းအိမ်လာလည်တတ်တဲ့ သူငယ်ချင်းတွေက အဲဒီ ပလာစတာအရုပ်ကြီးကို လင်းလွန်း အထင်နဲ့ နှုတ်ဆက်တတ်ကြလေ့ရှိတယ်၊ လင်းလွန်းကတော့ ကြောက်တယ်တဲ့၊ ညညကျရင် သူက ၀ိညာဉ်ဖြစ်ပြီး သူ့ ပလာစတာအရုပ်ကြီးက သူ အစစ်ဖြစ်နေသလို ခံစားရတယ်တဲ့၊ ညညကျရင် နေရာပြောင်းပေးရသလိုပဲတဲ့၊ လင်းလွန်း အဲဒီလိုပြောတိုင်း ခခ နဲ့ ဖိုးပလံတို့က နားမလည်ကြဘူး၊ လင်းလွန်းကို စိတ်ကူးယဉ်ဇာတ်လမ်းတွေ သိပ်ထွင်တတ်တဲ့လူကလေးလို့ သူတို့ကထင်မြင်နေကြတယ်၊ လင်းလွန်းကလည်း စကားပြောရင် စကားအဆုံးမှာ ဟီး ဟီး လို့ အဆုံးသတ်ရင်း အမြဲတမ်းရယ်ချတတ်တော့တာ၊ ဒါနဲ့ပဲ လင်းလွန်းပြောတဲ့စကားကို သူငယ်ချင်းတွေက ရယ်မောစရာလို့ပဲ ထင်ကြတယ်၊ တခါတလေ လင်းလွန်း တကယ့်အဖြစ်ကို သေသေချာချာပြောပြလည်း ဘယ်လိုပြောပြော မယုံကြတော့ဘူး၊ အဲဒီလို အဖြစ်အပျက်တွေလည်း သူတို့ကြုံခဲ့ကြတယ်။
လင်းလွန်းက အမြဲတမ်းကို့ရို့ကားရား၊ ညစ်ထပ်ထပ်နေတတ်တဲ့လူငယ်လေး၊ လူပျင်းလေး၊ ဒါကြောင့်သူငယ်ချင်းတွေက ရေညှိတက်နေသူလေး mossy လို့ နောက်ပြောင်ခေါ်ရင်း အဲဒီနာမည်ပဲတွင်နေတော့တယ်၊ သူလည်း သူငယ်ချင်းတွေကို သိပ်ချစ်သူလေးပါ၊ အင်မတန် သဘောကောင်းလှတဲ့ လူငယ်လေးပါပဲ၊ လူတွေကို အင်မတန်ကူညီချင်သူလေး၊ သူငယ်ချင်းတွေကို ကူညီချင်သူ လူငယ်လေးပေါ့။

အဘိုး ရေမွန်
တစ်နေ့မှာ မမျှော်လင့်ပဲ ဖိုးပလံ အဘိုးအိုတစ်ယောက်ကို ကူညီခွင့်ရလိုက်တယ်၊ တကယ့်ကို သေးသေးမွှားမွှားကူညီမှုလေးပါ၊ ဒါပေမဲ့ တစ်ခါတစ်ရံမှာ မထင်မှတ်တဲ့ သေးသေးမွှားမွှားလေးက အကြီးကြီးပဲဖြစ်သွားခဲ့တယ်၊ အဘိုးအို က ကျေးဇူးတင်ပြီး ဖိုးပလံကို သိပ်ချစ်သွားတော့တယ်၊ အဲဒီနေ့က ဖိုးပလံ စစ်သားရုပ်အထုပ်လေးတွေ စတိုးဆိုင်မှာ သွားဝယ်တယ်၊ ဆိုင်ထဲကို အပြေးဝင် ဈေးဝယ်ခြင်းတောင်းကို ဆတ်ကနဲဆွဲ အရုပ်တွေထားတဲ့ကောင်တာဘက်ကိုပြေးပြီး ကောင်တာရှေ့မှာ ဟိုကြည့် ဒီကြည့် ကြည့်တယ်၊ ကောင်တာကြီးက သိပ်မြင့်နေတာပဲ၊ ဖိုးပလံလို ကလေးငယ်လေး အပေါ်ဆုံးအဆင့်ကို သေချာမမြင်ရဘူး၊ ကိုယ်ကို နောက်ပြန်ရွှေ့တယ်၊ ခေါင်းစောင်းကြည့်တယ်၊ ခေါင်းမော့ကြည့်တယ်၊ နောက်နည်းနည်း ထပ်ဆုတ်တယ်၊ ခေါင်းညာဘက်တစ်ခါ ခပ်ဖြည်းဖြည်းစောင်းကြည့်တဲ့ အရွေ့မှာတော့  မြင့်မြင့်မားမား အရိပ်မည်းမည်းတစ်ခု မျက်လုံးထောင့်ထဲ ပြေးဝင်လာတယ်၊ ဖိုးပလံ ခေါင်းကိုဆတ်ကနဲ လှည့်ကြည့် လိုက်တဲ့အခါ ...
“လူလေး၊ နည်းနည်းကွယ်၊ အဘိုး ဟိုဘက်လေး သွားချင်လို့”
ဖိုးပလံရဲ့ဦးခေါင်းကို ခပ်ဖွဖွကိုင်ရင်း အဘိုးအိုကပြောပါတယ်၊
ဆွတ်ဆွတ်ဖြူမုတ်ဆိတ်မွှေး၊ နှုတ်ခမ်းမွှေးတွေနဲ့ အသားအရေဖြူဖြူဖွေးဖွေး ခပ်ကိုင်းကိုင်းအဘိုးအို တစ်ဦး၊ မျက်လုံးတွေက အနက်ရောင်စူးရှရှ၊ သိမ်းငှက်တစ်ကောင်လိုမျုက်လုံးမျိုး၊ ဖိုးပလံသိတာပေါ့၊ အဲဒါ ဦးရေမွန် .. ဖိုးပလံတို့ ရွှေလိမ္မော်မြို့လေးမှာ ဦးရေမွန်ကို ကြောက်ရွံ့ကြတယ်၊ လူတွေက အဆက်အသွယ်သိပ်မလုပ်ကြပါဘူး၊ သူက အထူးအဆန်းတွေသိပ်လုပ်နိုင်တဲ့ ပညာရှင်ကြီးဆိုပဲ၊ ငလျင်လှုပ်အောင်လုပ်နိုင်တယ်၊ အင်္ဂါဂြိုဟ်ကို သူ ဒီကနေလျှပ်စစ်အချက်ပြမီးတွေပို့လွှတ်နိုင်တယ်တဲ့၊ သူ့အိမ်ထဲမှာ မီးလုံးတွေပျံနေတာကိုလဲ မြို့ကလူတွေ ခဏခဏတွေ့ဖူးကြတယ်လို့ပြောကြတယ်၊ တစ်ခါ ဦးရေမွန်ခြံကြီးထဲက သိပ္ပံစမ်းသပ်ခန်းထဲမှာ အသံအကျယ်ကြီးကြားလိုက်ရပြီး မြေကြီးတွေလှုပ်လာတာ တစ်မြို့လုံးလှုပ်ခါလာတာ ကြုံဖူးတယ်လို့ မေမေတို့က ပြောပြဖူးတယ်၊ တခြားထူးထူးဆန်းဆန်းတွေအများကြီး ဦးရေမွန်လုပ်ခဲ့သေးတယ်တဲ့၊ ဦးရေမွန်ကို မှော်ဆရာကြီးလို့ ကွယ်ရာမှာ ခေါ်ကြတယ်၊ ဖိုးပလံ ကတော့ မကြောက်ပါဘူး၊ အခုလည်း ဒီအဘိုးအိုက အင်မတန် နူးနူးညံ့ညံ့ရှိလှပါတယ်၊
“ဟုတ်ကဲ့ အဘိုးရေမွန်”  ဖိုးပလံ သွက်သွက်ပဲပြောပြီး နေရာဖယ်ပေးခဲ့တယ်၊ အဘိုးအိုမျက်နှာက နှစ်လိုဖွယ်ရာပြုံးသွားပါတယ်၊ ဖိုးပလံ သူ့နာမည်သိတာကို သဘောကျသွားပုံပါပဲ၊ နောက်တော့ အဘိုးအို တလှုပ်လှုပ်နဲ့ ဆက်လျှောက်သွားတယ်၊ ဖိုးပလံလည်း လိုချင်တဲ့ စစ်သားရုပ်တွေ လေထီးလေးတွေပါတဲ့အရုပ်တွေ အထုပ်တော်တော်များများခြင်းထဲ ဆွဲထည့်ပြီးတဲ့အခါ ကောင်တာဘက်ထွက်ခဲ့တယ်၊ ကောင်တာမှာ အဘိုးရေမွန်လည်း တန်းစီနေတယ်၊ ဦးရေမွန်နောက်ကနေ ဖိုးပလံ ၀င်ရပ်လိုက်ပါတယ်၊ ကောင်တာက ဒေါ်လေး မီးမီးက အဘိုးရေမွန်အတွက် ကျသင့်ငွေကို ပြောတယ်၊ အဘိုးရေမွန် ငွေတွေရေတွက်နေခဲ့ပါတယ်၊ “ဟောဒီမှာ ၅၀၀တန်၂ရွက်၊ ဒါက ၂၀၀တန်၊ နောက်ထပ် ဘယ်လောက်လိုသေးတာပါလိမ့်ကွယ်”  အဘိုးရေမွန်က ပြန်မေးတော့၊ ဒေါ်လေးမီးမီး ပခုံးတွန့်ရင်း “၁၅၀ကျပ်လိုသေးတယ်” လို့ စိတ်မရှည်တဲ့လေသံနဲ့ဖြေတယ်၊ ဒေါ်လေးမီးမီးက ဖိုးပလံကိုလည်း လှမ်းကြည့်ရင်း မျက်စပစ်ပြတယ်၊ အဲဒီဒေါ်လေးမီးမီးကလည်း ကောင်းကောင်းမွန်မွန်ဖြေပါတော့လား၊ ဒေါ်လေးမီးမီးက အဘိုးရေမွန်ရဲ့လက်ထဲကို ပစ္စည်းထုတ်ပေးတယ်၊ အဘိုးရေမွန်က လက်လေးတွေတုန်နေရှာပြီ၊ ပလပ်စတစ်အထုပ်ကိုလှမ်းယူတဲ့အခါ ကိုင်းတဘက်ချော်ထွက်သွားပြီး ပစ္စည်းတွေ အောက်ကိုပြုတ်ကျကုန်တယ်၊ လိမ္မော်သီးတွေ ပန်းသီးတွေလိမ့်ကျကုန်တယ်၊ နွားနို့ဗူးက လဲနေတယ်၊
“အဘိုးရေမွန် ကျွန်တော် ကောက်ပေးမယ်ဗျ”  ဖိုးပလံ မြန်မြန်သွက်သွက်လေးပဲ အသီးတွေကောက်ပေးပြီး အိတ်ထဲကို စုထည့်ပေးလိုက်ပါတယ်၊ အဘိုးရေမွန် က “ကျေးဇူးတင်ပါတယ် ကလေးရယ်”  လို့ ဆိုတယ်၊ ဖိုးပလံကို နာမည်ဘယ်လိုခေါ်လည်း လို့ အဘိုးရေမွန်က မေးတယ်၊ ဖိုးပလံဘာမှမပြောနိုင်ခင် “ဖိုးပလံလေ၊ မီးနဲ့ကစားလွန်းတဲ့ ပိုးဖလံလိုကောင်လေး၊ အင်မတန်ဆော့တဲ့ကလေး” လို့ ဒေါ်လေးမီးမီးက ပြောင်ချော်ချော်ဝင်ဖြေလိုက်တယ်၊ ဖိုးပလံလည်း ရယ်ပဲရယ်နေလိုက်ပါတယ်၊ အဘိုးရေမွန်က ပြုံးနေတာပဲများတယ်၊ စကားနည်းနည်းပဲပြောခဲ့တယ်၊ အဲဒီနေ့ကစပြီး ဖိုးပလံကတော့ အဘိုးရေမွန်ကို သဘောကျသွားခဲ့ပါတယ်၊ အဘိုးရေမွန်ကလည်း ဖိုးပလံကို အင်မတန်ချစ်ခင်သွားတယ်၊ ဒီလိုနဲ့ ဖိုးပလံနဲ့ အဘိုးရေမွန်တို့ ဆက်သွယ်မှုတွေရှိလာခဲ့ကြတယ်၊ ဖိုးပလံရဲ့ ထူးထွေဆန်းရာ သည်ကမ္ဘာထဲမှာ အဘိုးရေမွန်ကလည်း လိုက်ပါစောင့်ရှောက်ခဲ့ပါတယ်။

0 comments:

Post a Comment