Sunday, August 26, 2012

လက်ခုပ်တီးကြမယ် ... နော်

Special Thanks to my husband for sketch
ကျွန်မ နဲ့ သူ လက်ချင်းမြဲမြဲတွဲလို့ ဓါတ်ရထားမှတ်တိုင်ဆီ ခပ်သုတ်သုတ်လေး လျှောက်ခဲ့ကြပါတယ်။ နွေရာသီရဲ့ လက်ကျန် အငွေ့အသက်တွေက ပူနွေးတဲ့လေပြေထဲမှာ ပြေးလွှားနေကြတုန်းပဲ။ ကျွန်မတို့ကိုလည်း ထိတွေ့ တိုးဝှေ့သွားတာပေါ့။ နာရီကြည့်လိုက်တော့ ညနေ ၆ နာရီခွဲပြီး ၁၀မိနစ် တောင်ရှိလှပြီ။ ကျွန်မတို့သွားရမယ့် ပန်းချီပြပွဲ ဖွင့်ပွဲအချိန်က ၇နာရီမှာ စမှာ။ ဓါတ်ရထားစောင့်ရမယ့်အချိန်နည်းနည်းထည့်ပေါင်းရင်၊ လမ်းနည်းနည်းလျှောက်ရမယ့်အချိန်လေး ထည့်ပေါင်းရင် အချိန်တိတိကျကျရောက်ပါ့မလားပဲ။ ဟော … ကျွန်မတို့ စီးရမယ့် ဓါတ်ရထားနံပါတ် ၇ ကားဂိတ်ကို ရောက်လာခဲ့ပါပြီ။ ဓါတ်ရထားတံခါးအပွင့် အရောင်စုံလူကြီး၊ လူငယ်တချို့ ပလက်ဖောင်းပေါ် အပြေးအလွှား လျှံကျလာကြတယ်။ သုတ်ကနဲလျှံကျလာတဲ့လူတွေကို ရှောင်ကာတိမ်းကာနဲ့ ကျွန်မတို့ ဓါတ်ရထားပေါ်တက်လိုက်ကြပါတယ်။ မှတ်တိုင်တစ်တိုင်စာပဲစီးရမှာဆိုတော့လည်း နေရာရပေမယ့် ထိုင်မနေကြတော့ဘူး။ ဆာဗာမြစ်ကို ဖြတ်ပြီး တစ်ဘက် ကလဲမက်ဒန်ခံတပ်ဘေးက မှတ်တိုင်မှာရပ်ရင်ဆင်းရမယ်။ လမ်းနည်းနည်းလျှောက်လိုက်ရင် ကလဲမက်ဒန်ခံတပ်ပန်းခြံဘေးနားက ပြခန်းကျဉ်းလေးဆီကို ရောက်မယ်။ အဲဒီမှာပေါ့ ကျွန်မတို့ ၇ နာရီအရောက်သွားရမယ့် ပြပွဲဖွင့်ပွဲလေးလေ။


ဒီလိုနဲ့ ကျွန်မတို့ရဲ့ ခြေလှမ်းတွေကို ပိုလို့ ခပ်သွက်သွက်လေးလျှောက်လာလိုက်ကြတာ ပြပွဲစချိန် ၇ နာရီ ကျော် ပြီး ၅ မိနစ်လောက်မှာ ပြခန်းရှေ့ကို ရောက်ခဲ့ကြပြီ။ ပြခန်းကျဉ်းကျဉ်းလေးရဲ့ ရှေ့အပြင်ဘက် ပလက်ဖောင်းပေါ်မှာတောင် အမျိုးသမီး အမျိုးသား လူကြီးတချို့ ရပ်နေကြပါတယ်။ ကျွန်မတို့ ပြခန်းလေးရှေ့ တံခါးမနားမှာပဲ ခြေလှမ်းတွေ တုံ့ကနဲ ရပ်လိုက်ကြတယ်။ အတွင်းကို သူက လှမ်းမျှော်ကြည့်ပါတယ်။ ကာထားတဲ့ နံရံမှန်သားတွေဖြတ်ပြီး အတွင်းက လူတွေကို ရိုးတိုးရိုးတိတ်လှမ်းမြင်နေရတာပေါ့။ အတွင်းမှာ လူတွေပြည့်နေတော့တာကိုး။ ပန်းချီပြပွဲက ကျွန်မတို့နှစ်ယောက်မင်္ဂလာပွဲမှာ အပျိုရံလုပ်တဲ့ ပန်းချီဆရာမ မီရီယာနာ ရဲ့ တစ်ကိုယ်တော်ပြပွဲပါ။ ပန်းချီကားတွေကို အဓိပ္ပါယ်ဖော်ကြည့်ရတာ၊ အရောင်အတွဲအစပ်တွေကို ငေးမောရတာ သဘောကျပါတယ်။ ဒါပေမဲ့ ပန်းချီပြပွဲတွေရဲ့ ဖွင့်ပွဲအခမ်းအနားတွေကိုတော့ ကျွန်မက ပျင်းရိတတ်သေးတယ်။ ကျွန်မတော့ ကျဉ်းမြောင်းလှတဲ့အခန်းလေးထဲ နောက်ထပ်နေရာလွတ်မရှိတော့တာကိုပဲ တိတ်တိတ်လေး သဘောတွေ့နေခဲ့တော့တယ်။

“မီရီယာနာ စကားပြောနေပြီ”
 သူက ခပ်တိုးတိုးပြောပါတယ်။

“ဟိုမှာ တွေ့လား။ လက်ပြနေတယ်”
တဲ့။

ကျွန်မ သေသေချာချာ စူးစိုက်ကြည့်လိုက်တော့မှ မီရီယာနာလက်ပြနေတာကို မြင်လိုက်ပါတယ်။ ခဏပါပဲ ဖွင့်ပွဲအမှာစကားပြောပြီးသွားပါပေါ့။ အတွင်းက လက်ခုပ်သံတချို့ ကြားလိုက်ရတယ်။ ကျွန်မလည်း ပြခန်းအပြင်ကနေ လက်ခုပ်တီးတာပေါ့။ သူက ကျွန်မကို လှည့်ကြည့်ပါလေရော။ ဘာဖြစ်သေးလည်းနော်။ လက်ခုပ်တီးဟာ ပန်းချီဆရာမကို ချီးမြှောက်တာပဲဟာ။ ချီးမွန်းဖို့၊ လက်ခုပ်တီးပေးဖို့က တွန့်ဆုတ်တုံ့နှေးမနေသင့်ပါဘူးလေ၊ မဟုတ်ဘူးလား။ လူတချို့ ပြခန်းအပြင်ကို ထွက်လာကြတယ်။ တစ်ယောက် နှစ်ယောက် သုံးယောက်၊ ဆက်တိုက်ပါပဲ။ ကျွန်မတို့လည်း လူတန်းကြီးကို ခွင့်တောင်းပြီးအခန်းလေးထဲ လှမ်းဝင်လိုက်ကြပါတယ်။ ကျွန်မတို့နဲ့အတူ အနောက်ကနေ ကပ်ပါလာကြတဲ့ ပန်းချီပြပွဲလာသူတွေလည်း ရှိနေသေးတယ်။ ဒါပေမဲ့ သူတို့တွေက နံရံမှာချိတ်ထားတဲ့ ပန်းချီကားတွေဆီကို အာရုံရဟန်မတူကြဘူး။ ပြခန်းလေးရဲ့အတွင်းဘက် ဘယ်ဘက်ခြမ်းလေးမှာရှိနေတဲ့ ကောင်တာဆီကိုပဲ ဦးတည်နေကြတယ်။ ကျွန်မကြည့်လိုက်တော့ အဲဒီကောင်တာလေးဟာ အချိုရည်၊ ကော်ဖီ တစ်ခါသုံး ခွက်လေးတွေ အစီအရီချထားတဲ့နေရာလေးပေါ့။ သူတို့ အချိုရည်ခွက်လေးတွေ၊ ကော်ဖီခွက်လေးတွေ ကောက်ကိုင်ကြတယ်။ ပြီးရင်တော့ အချိုအခါး အရသာတွေနဲ့ ပန်းချီကားကို တွဲဖက်ပြီး မြည်းကြတော့မယ်ပေါ့။ ကျွန်မ ထင်တာမှားသွားခဲ့ပါတယ်။ သူတို့ ခွက်လေးတွေ ကိုယ်စီကိုင်လို့ ပြခန်းအပြင်ဘက် ပလက်ဖောင်းဆီကိုပဲ ပြန်ပြီးထွက်ခွာသွားကြတယ်။

သူကတောင်မှ “ကော်ဖီလား၊ အချိုရည်လား ဟင်” တဲ့။
အို .. ပန်းချီကားကိုဖြင့် အရင် ကြည့်ပါဦးလား။

“ပန်းချီကား ကြည့်ပါရစေဦး”
နှုတ်ကပြောလိုက်ပေမယ့် လက်ကတော့ဖြင့် အယောင်ယောင်အမှားမှား ကော်ဖီခွက်လေးတစ်ခွက် ယူမိရက်သားပေါ့။
သူ့ရဲ့ မျက်နှာပေးက ပြုံးစိစိနဲ့။

ကျွန်မ ကော်ဖီခါးတစ်ခွက်ကို တစ်ကျိုက်သောက်ပြီး ပန်းချီကားတွေကို ကြည့်ပါတယ်။ ပန်းချီကားတွေမှာ လိမ္မော်ရောင်၊ အ၀ါနဲ့ အစိမ်းရောင်တွေများများခြယ်မှုန်းထားတယ်။ Abstract ပန်းချီကားတွေ၊ ကျွန်မတစ်သက်စာ ဘယ်တော့မှ လိုက်လို့မမှီနိုင်တဲ့ အရာတွေပေါ့။ ကျွန်မ ဘယ်လိုကြည့်ကြည့် နားမလည်နိုင်ပါဘူး။ နားမလည်နိုင်ပေမယ့်လည်း ပန်းချီပြပွဲကို ရောက်လာခဲ့မှတော့ ပန်းချီကားဖန်တီးရှင်ကို အလေးထားတဲ့သဘောနဲ့ ပန်းချီကားတွေကို ကြည့်ပါတယ်။ ပန်းချီကားကို ငဲ့စောင်းမကြည့်ကြတဲ့သူတွေကပဲ ဟန်ဆောင်မှု ကင်းတာလား၊ ကျွန်မကပဲ ဟန်ဆောင်မှု မကင်းတာလား။ ပန်းချီကားတွေခြယ်မှုန်းရတဲ့ အားထုတ်မှုကို ကျွန်မ သိထားတယ်လေ။ မီရီယာနာ ရဲ့ ကြိုးပမ်းအားထုတ်မှုကို အားပေးချင်တဲ့သဘောဆိုတာ ကျွန်မ ကိုယ်တိုင်နားလည်ပါတယ်။

ကျွန်မတို့ မီရီယာနာနဲ့ သူမ ရဲ့ ပန်းချီကားရှေ့မှာ ဓါတ်ပုံတွဲရိုက်ကြပါတယ်။ ခဏနေတော့ ကျွန်မတို့လည်း မီရီယာနာ နဲ့ ပန်းချီပြခန်းလေးကို နှုတ်ဆက်လိုက်ကြတယ်။ ဒီနေ့က လကုန်ရက် ကျွန်မတို့ ရုပ်ရှင်ကြည့်နေကြနေ့ရက်ပေါ့။ ၈နာရီခွဲ အူးစ်ချက်စင်တာမှာပြမယ့် လင်းနို့လူသားရုပ်ရှင် သွားကြည့်ကြမှာပါ။ ကလဲမက်ဒန်ပန်းခြံထဲက လမ်းလေးအတိုင်းလမ်းလျှောက်ခဲ့ကြပါတယ်။ ပန်းခြံထဲ လမ်းလေးရဲ့ ဘယ်ညာ တစ်ဘက်တစ်ချက်က သစ်ပင်စိမ်းစိမ်း၊ ပန်းပွင့်ရောင်စုံတို့ဟာ ပန်းခြံထဲ ဖြတ်သန်းသွားလာသူတွေရဲ့ စိတ်နှလုံးကို ရွှင်မြူးစေကြတယ်။ အချိန်တော့ရနေသေးတာမို့ ကျွန်မတို့ ခုံတန်းစိမ်းစိမ်းလေးမှာ ခဏထိုင်ကြဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။

ခုံတန်းလေးမှာ ထိုင်ရင်း ပန်းခြံထဲ စီးမြောလာတဲ့ လူတွေကို ငေးကြည့်မိတယ်။ နောက်ဘက်နားက ကြားလိုက်ရတဲ့ သီချင်းသံရယ်။ မြူးမြူးသွက်သွက် ရှိလွန်းလှပါရဲ့။ ကျွန်မတို့ ရှေ့က ခုံတန်းလေးမှာ ဆံပင်ရွှေညိုရောင် မိန်းကလေးနှစ်ဦးဟာ တွန်းတွန်းတိုက်တိုက်နဲ့၊ ခိုးခိုးခစ်ခစ်ရယ်မောလို့။ သီချင်းသံထွက်ပေါ်လာရာဆီကို မကြာခဏကြည့်ကြတယ်။ သူတို့အချင်းချင်း တွတ်တီးတွတ်တာ ပြောကြပါတယ်။ ရယ်သံလေးတွေက ချိုချိုလွင်လွင်လေးတွေရယ်။ ကျွန်မလည်း သီချင်းသံကို နားထောင်နေရင်းနဲ့ ချစ်စရာ မိန်းကလေးတွေရဲ့ မြူးကြွရွှင်ပျလှတဲ့ ဟန်ပန်လေးတွေကို သဘောကျစွာ ငေးမောနေလိုက်တယ်။ ပန်းခြံထဲမှာ အရာအားလုံးဟာ နူးညံ့စွာ၊ အသက်ဝင်စွာ။ လှပနေတဲ့ အဲဒီတစ်ခဏလေးမှာ ကျွန်မ စိတ်တွေလည်း လန်းဆန်းနေခဲ့ပါတယ်။

ဟော .. နောက်ဘက်ဆီက သီချင်းသံက တဖြည်းဖြည်းပိုလို့ နီးကပ်လာခဲ့ပြီ။ သီချင်းသံတွေဟာ ကျွန်မတို့ခုံတန်းလေးကို ဖြတ်ပြီး ရှေ့ကခိုးခိုးခစ်ခစ်မလေး နှစ်ယောက်ဘေးက ခုံတန်းမှာ ရပ်သွားပါတယ်။ သီချင်းဆိုနေကြတဲ့ လူငယ်လေးနှစ်ယောက်ပေါ့။ လူငယ်လေးတစ်ယောက်က ဂစ်တာတီးလျှက်သား။ နောက်လူငယ်လေးက ခရီးဆောင်အိတ်ကြီးတစ်အိတ်ကို လွယ်လျက်သား၊ တစ်အိတ်က လက်ထဲမှာ ကိုင်ရပ်သား၊ အိတ်တွေကို ခုံတန်းရှေ့မှာ ဘုတ်ကနဲ ပစ်ချလိုက်ပါတယ်။ သီချင်းဆိုလျက်ပါပဲ။ သူတို့သီဆိုနေကြတဲ့ ဘာသာစကားကို ကျွန်မနားမလည်ပါဘူး။ သူကတော့ ပြောရဲ့၊ ပိုလန်စကားဖြစ်မယ်ထင်တယ် တဲ့။ သူလည်း ပိုလန်စကားမတတ်သူမို့ သေချာမပြောနိုင်ပေမယ့် လေသံကတော်တော်ဆင်တယ်တဲ့။ ခရီးသွားလူငယ်လေးတွေပေါ့။ tour bus ကို စောင့်တာဖြစ်မယ်တဲ့။ tour bus တွေနဲ့ လာကြတဲ့ ခရီးသွားတွေဟာ ပန်းခြံလို၊ ရင်ပြင်လိုနေရာမျိုးကို စုရပ်အဖြစ်ရွေးချယ်တတ်ကြတယ် လို့  သူ က ပြောပါတယ်။

သီချင်းတစ်ပုဒ်အဆုံးမှာ ဂစ်တာတီးလူငယ်လေးက ဂစ်တာသံစမ်းတယ်။ သူတို့ရဲ့အကြည့်က ဘေးက ခိုးခိုးခစ်ခစ်မလေးတွေဆီမှာ။ တစ်ချက်တစ်ချက်စကားလှမ်းပြောလိုက်တယ်ထင်ရဲ့၊ မိန်းကလေးတွေဆီက ရယ်သံလေးတွေထပ်ပြီး ကြားလိုက်ရတယ်။ ဒါပေမဲ့ မိန်းကလေးတွေက အဲဒီခုံတန်းလေးကနေ ထွက်ခွာဖို့ပြင်ကြတော့တယ်။ လူငယ်လေးနှစ်ယောက်တော့ ခေါင်းလှုပ်၊ ခြေလှုပ်နဲ့ ကျန်ခဲ့ပါတော့တယ်။ ပြုံးပြုံးရွှင်ရွှင်နဲ့ပဲ နောက်ထပ်တစ်ပုဒ်သီဆိုဖို့ စကြတယ်။ အင်္ဂလိပ်သီချင်းတစ်ပုဒ်ဆိုပါတယ်။ “ဒီအချိန်ဟာ ဘဲလ်ဂရိတ်မှာ ရှိနေကြဖို့ပါ။ ငါတို့ ဘဲလ်ဂရိတ်ကို သဘောကျတယ်။ ငါတို့ ဘဲလ်ဂရိတ်ကို ချစ်ပါတယ်” တဲ့။ သီချင်းဆိုတဲ့ လူငယ်လေးဟာထိုင်လျက် ဆိုနေရာက စိတ်ပါလက်ပါနဲ့ပဲ၊ နေရာကထလို့၊ ကခုန်တော့မလိုပဲ။ တီးခတ်နေတဲ့လူငယ်လေးကလည်း တဟားဟားရယ်မောလို့။ သီချင်းသံဟာ တော်တော်လေးနားထောင်ကောင်းလှတယ်။ ဆိုတဲ့သူဟာ အလွတ်လပ်ဆုံးစိတ်နှလုံးနဲ့ စိတ်ပါလက်ပါသီဆိုတယ်။ တီးတဲ့သူကလည်း ပေါ့ပါးသွက်လက်စွာ တီးခတ်ပေးပါတယ်။ ပန်းပွင့်ရောင်စုံ၊ သစ်ရွက်စိမ်းစိမ်းတွေနဲ့ လန်းဆန်းလှပနေတဲ့ ပန်းခြံလေးဟာ သီချင်းသံတွေနဲ့ ပိုပြီး ပြည့်စုံသွားတော့တယ်။

အနီးအနား ခုံတန်းမှာ ပူးကပ်စွာထိုင်နေကြတဲ့ စုံတွဲလေးကလည်း သီချင်းသံဆီ ပါဝင်စီးမြောလာကြတယ်။ ယောက်ျားလေးက ခေါင်းကိုဆတ်ကနဲ၊ ဆတ်ကနဲ လှုပ်လို့ စည်းချက်လိုက်ပါတယ်။ သီချင်းတစ်ပုဒ်ပြီးသွားပါပြီ။ နောက်ထပ်တစ်ပုဒ် ဆက်ပြီး ဆိုကြဖို့ ပြင်ပါတယ်။ ကျွန်မ မျက်တောင်မခတ်တမ်း ငေးမောနေတာကိုသိလို့ပဲလား။ "သူက သွားကြရအောင်"တဲ့ ပြောလာပါတယ်။ ဟင့်အင်း .. နောက်ထပ်တစ်ပုဒ်နားထောင်ပါရစေဦး။ သူတို့ သီချင်းတစ်ပုဒ်စတင်သီဆိုတီးခတ်မယ့်အချိန်မှာ ကျောခိုင်းထွက်မသွားချင်ပါဘူး။ အနည်းဆုံးတော့ သူတို့ရဲ့ ပေါ့ပါးလွတ်လပ်တဲ့၊ ဘယ်သူ့ကိုမှအနှောင့်အယှက်မပေးတဲ့ ပျော်ရွှင်မှုလေးကို မျှဝေခံစားပါရစေဦး။

“ဒီတစ်ပုဒ်ပြီးရင် သွားကြမယ်။ နော်၊ ပြီးရင် ကိုယ်တို့ လက်ခုပ်တီးပေးကြရအောင်နော်”
ကျွန်မ သူ့ကို တောင်းဆိုလိုက်တယ်။

သူက တွန့်ဆုတ်စွာ ပြောပါတယ်။
 “ဟာ .. မဖြစ်ဘူးထင်တယ်၊ သူတို့ပုံစံက အလန်းအသွက်လေးတွေ၊ တော်ကြာစကားလာပြောနေမှဖြင့်”

သ၀န်တိုချင်နေသေးတာများလား။ ကျွန်မအတွက်က မြူးကြွတဲ့ဂီတ၊ သီချင်းသံနဲ့ ပေါ့ပါးလွတ်လပ်တဲ့ဟန်ပန်လေးတွေကို သဘောကျမိရုံပါပဲ။

နောက်ထပ် သီချင်းတစ်ပုဒ်ကလည်း စည်းချက်ကျကျနားထောင်ကောင်းလှတယ်။ ဂီတာလက်သံဟာ အပျော်တမ်းဂီတာလက်သံထက်ပိုပြီး ကျွမ်းကျင်ပိုင်နိုင်တယ်ဆိုတာ ကျွန်မသတိထားမိပါတယ်။ သီချင်းဆိုတဲ့လူငယ်လေးရဲ့ အသံကလည်း အက်ရှရှနဲ့ အောင်မြင်တဲ့အသံမျိုးပဲ။ သီချင်းပြီးတော့မယ်။ ကျွန်မ သူ့ကို သတိပေးလိုက်တယ်။ လက်ခုပ်တီးကြမယ်နော် လို့။

သီချင်းသံအဆုံးမှာတော့ ကျွန်မ အားရပါးရပဲ လက်ခုပ်တီးလိုက်ပါတယ်။ သူကလည်း ကျွန်မနဲ့အတူတူ စိတ်ပါလက်ပါ လက်ခုပ်တီးရှာတယ်။ လူငယ်လေးနှစ်ယောက် ကျွန်မတို့ကို အံ့အားသင့်စွာ ပြိုင်တူလှည့်ကြည့်ကြတယ်။

“အိုး … ကျေးဇူးတင်လိုက်တာ။ ကျေးဇူး၊ ကျေးဇူး”
ကျွန်မတို့ လက်ခုပ်တီးလျှက်သား နှစ်နှစ်ခြိုက်ခြိုက်ပြုံးပြလိုက်ကြပါတယ်။ ဘေးနားက စုံတွဲကပေါ့။ ယောက်ျားလေးက “ဘရာဗို” “ဘရာဗို” လို့ အော်လိုက်တယ်။ လူငယ်လေးတွေ လှည့်အကြည့်မှာ သူတို့စုံတွဲကလည်း “thumb up” လုပ်ကြတယ်။ လူငယ်လေးတွေရဲ့ မျက်နှာမှာ အပျော်တွေနဲ့ ၀င်းလက်သွားကြပါတယ်။

ချီးမွန်းဖို့၊ လက်ခုပ်တီးပေးဖို့က တွန့်ဆုတ်တုံ့နှေးမနေသင့်ပါဘူးလေ .. နော်။
တစ်ခဏလေးအကြာ … လက်ခုပ်သံတွေရပ်တန့်ပြီးတဲ့ အခါ၊ ကျွန်မတို့ ခုံတန်းလေးဆီကနေ ထွက်ခွာခဲ့ကြတယ်။

“Good Bye” လို့ သူတို့က နှုတ်ဆက်ပါတယ်။

“Good Bye၊ လမ်းခရီးတစ်လျှောက်ပျော်ရွှင်ချမ်းမြေ့ပါစေ”
ကျွန်မတို့ ဆုတောင်းပေးလိုက်ကြတယ်။

လမ်းလျှောက်လာရင်း သူ့ရဲ့ မျက်နှာကို မော့ကြည့်လိုက်တော့ …  သူ့ရဲ့မျက်နှာမှာ ပီတိအပြုံးတွေနဲ့ရယ်။
အဲဒီတစ်ညနေမှာပေါ့၊ ကျွန်မတို့တစ်တွေ လက်ခုပ်သံလေးတွေကြောင့် ၀မ်းမြောက်ဝမ်းသာ ပြုံးပျော်ခဲ့ကြလေရဲ့။ ရှေ့လျှောက် မတုံ့နှေးတဲ့အဟုန်နဲ့ လက်ခုပ်သံလေးတွေ ဖန်တီးပစ်လိုက်ဖို့လည်း ကျွန်မ တွေးထားလိုက်သေးတယ်။       ။

0 comments:

Post a Comment