Tuesday, August 7, 2012

ညွှန်းတဲ့ ရုပ်ရှင်

(ဘလောဂ့်မှာ ကိုယ်ရေးချင်တာတွေ၊ ကိုယ်ရေးရတာတွေ၊ ကိုယ်ရေးဖြစ်တာတွေ အမျိုးစုံတင်နေလို့ စာလာဖတ်တဲ့ မိတ်ဆွေတွေကို အားနာပါတယ်။ မိတ်ဆွေသူငယ်ချင်းတွေလည်း ကိုယ်ဖတ်ချင်တာလေးတွေခဲ့ရင် ဖတ်သွားဖြစ်တယ်ဆိုရင်ပဲ ကျေးဇူးပါပေါ့)
Beasts of the Southern Wild 
Fantasy Drama
ပြသချိန်- ၉၁မိနစ်
Fox Searchrlights Pictures
ဒါရိုက်တာ - Benh Zeitlin
ထုတ်လုပ်သူ - Michael Gottwald, Dan Janvey, Josh Penn
ဇာတ်ညွှန်း - Benh Zeitlin, Lucy Alibar
သရုပ်ဆောင်များ - Quvenzhané Wallis(Hushpuppy), Dwight Henry and Levy Easterly

ရဲဝံ့တဲ့ ခြောက်နှစ်အရွယ် ကလေးမလေး ဟက်ရှ်ပါ့ပီဟာ ဖခင်ဖြစ်သူ ၀င့်ခ် နဲ့ အတူနေထိုင်ပါတယ်။ Bathtub လို့ခေါ်နေကြတဲ့ ကမ္ဘာကြီးရဲ့အစွန်းအနား တောင်ပိုင်းရေစပ်စပ် ကျွန်းစပ်စပ်ဒေသလေးမှာနေကြတယ်။ ဖခင် ၀င့်ခ်ရဲ့ ခက်ထန်မာကြောတဲ့ အချစ်ကြောင့် ဖခင်အနားကနေခွာပြီး စကြာဝဠာကြီးကို စူးစမ်းလေ့လာဖို့ ပြင်ဆင်မိလာတယ်။ ဖခင်က သူမကို ကာကွယ်ဖို့ အချိန်မှ မပေးနိုင်တာလေ။ ပြီးတော့ ၀င့်ခ်မှာ ဆန်းကြယ်တဲ့အဖျားအနာ ခံစားလာရပြန်တယ်။ အဲဒီဒေသလေးမှာ အပူချိန်တွေ ဖြတ်ကနဲ အဆမတန်မြင့်တက်မှုကြောင့် ပိုးကောင်တွေအလိုအလျောက်ပေါ်ထွက်လာကြတယ်။ ဖုံးအုပ်နေတဲ့ ရေခဲတွေပျော်ကြကုန်ကြပြီ။ အောရပ်စ်လို့ခေါ်တဲ့ သမိုင်းဦးခေတ်က သတ္တ၀ါတွေ တပ်နဲ့ချီ လွှတ်ပေးလိုက်သလိုပဲ။ ရေတွေမြင့်တက်လာပြီ။ အောရပ်စ်တွေ လာကြကုန်ပြီ။ 
ဝင့်ခ် ရဲ့ ကျန်းမာရေးက လည်း ဖြော့တော့နေပြီ။ ဟက်ရှ်ပါ့ပီ က သူမ ရဲ့ ပျောက်ဆုံးနေတဲ့ မိခင်ကို ရှာဖွေဖို့ ထွက်ခဲ့တော့တယ်။
(ကိန်းရုပ်ရှင်ပွဲတော် နဲ့ ဆန်းဒန့်စ်ရုပ်ရှင်ပွဲတော်မှာ ရုပ်ရှင်ဆိုင်ရာ ဆုတွေရရှိခဲ့ပါတယ်။)

The Dark Knight Rises (2012)

 Action/Adventure
ပြသချိန် - ၁၆၅ မိနစ်
Warner Bros. Pictures
ဒါရိုက်တာ - Christopher Nolan
ဇာတ်လမ်း - Jonathan Nolan (screenplay), Christopher Nolan (screenplay)
သရုပ်ဆောင်များ - Christian Bale, Michael Caine and Gary Oldman

လင်းနို့လူသား ဇာတ်လမ်းတွဲရိုက်ကူးခဲ့တဲ့ ခရစ်စတိုဖာနိုလန် ရဲ့ စူပါဟီးရိုးဇာတ်ကားသစ်ပါ။ ရှေ့နေ ဟာဗေးဒန့်ထ် သေဆုံးသွားတဲ့နောက်မှာ ဒန့်ထ်ရဲ့ကျော်ကြားမှုကိုကာကွယ်ဖို့ လင်နို့လူသားဟာ ဒန့်ထ်ကျူးလွန်ခဲ့တဲ့ပြစ်မှုတွေကို မှေးမှိန်စေခဲ့တယ်။ နောက်ပိုင်းမှာ ဂိုသန်မြို့တော်ရဲဌာနက ဒန့်ထ်ပြစ်မှုတွေကို အမဲလိုက်သလိုရှာဖွေဖော်ထုတ်ဖို့ ကြိုးစားလာကြပါပြီ။ အဲဒီအဖြစ်အပျက်တွေဖြစ်ပျက်ခဲ့ပြီး ရှစ်နှစ်အကြာမှာ အမဲရောင်သူရဲကောင်း လင်းနို့လူသား ဂိုသန်ကို ပြန်လာခဲ့ပါပြီ။ အဲဒီမှာ ပဟေဠိဆန်ပြီး လျှို့ဝှက်ဆန်းကြယ်လှတဲ့ကောင်မလေး ဆဲလီနာကားလ် နဲ့ ဆိုးညစ်လွန်းတဲ့ ဘိန်းတို့နဲ့ ပက်ပင်းကြုံရတော့တယ်။ မြို့ကြီးကို ဖျက်ဆီးဖို့ကြံစည်နေကြပြီ။  သူ ဆန့်ကျင်တိုက်ခိုက်ရပါတော့မယ်။ သူတို့လုပ်ရပ်တွေကို မြန်မြန်ဆန်ဆန်ပဲ ရပ်တန့်မှဖြစ်တော့မယ်။

Red Light
Mystery & Suspense, Drama
ပြသချိန် - ၁ နာရီ ၅၉ မိနစ်
Millenium Entertainment
ဒါရိုက်တာ - Rodrigo Cortés
ဇာတ်လမ်း - Rodrigo Cortés (screenplay)
သရုပ်ဆောင်များ - Sigourney Weaver, Robert De Niro and Cillian Murphy

Alien ရုပ်ရှင်ဇာတ်ကားတွေရဲ့ မင်းသမီးကြီး Sigourney Weaver ရယ်၊ မင်းသားကြီး Robert De Niro တို့ ပါဝင် သရုပ်ဆောင်ထားကြတဲ့ သဘာဝလွန်ဖြစ်ရပ်တွေနဲ့ ခြောက်ခြားတုန်လှုပ်စရာဇာတ်ကားပါ။ သဘာဝလွန်ဖြစ်ရပ်တွေကိုသုတေသနပြုနေကြတဲ့ ဒေါက်တာမာဂရက်မက်သက်ဆန်(ဆိုင်ဂွန်နီဝီးဗား) နဲ့ လက်ထောက်လေး တွမ်ဘာ့ကလေ(ဆီလီရန်မာဖီ) တို့ဟာ နာမ်လောကကို အယုံအကြည်မရှိကြဘူး။ ၀ိညာဉ်တွေနဲ့စကားပြောတာ၊ စိတ်ကုထုံး၊ နောက်ပြီး စိတ်စွမ်းအင်ဆိုင်ရာဖြစ်ရပ်တွေနောက်က လှည့်ဖြားမှုတွေကို မက်သက်ဆန် ခေါ်သလို +အနီရောင်အလင်း+တွေနဲ့ အသုံးပြုပြီး ရှာဖွေဖော်ထုတ်ဖို့ကြိုးစားနေကြတယ်။ သဘာဝလွန်ဖြစ်ရပ်ပြပွဲတွေရှိသမျှစုံစမ်းပြီး နောက်ကွယ်က အနုစိတ်လှတဲ့လှည့်စားမှုတွေကို လူသိရှင်ကြားဖော်ထုတ်ကြတယ်။ ဒဏ္ဍာရီတစ်ပါးလိုကျော်ကြားခဲ့တဲ့ နာမ်လောကဆရာတစ်ဆူ မျက်မမြင် ဆိုင်မွန်ဆီးလ်ဗား(ရောဘတ်ဒီနီရိုး) ဟာ နှစ်ပေါင်း ၃၀လောက်လူမြင်ကွင်းက ပျောက်နေခဲ့ရာက ပြန်လည် ပေါ်ထွက်လာပါတယ်။ စွမ်းအားကြီးလှတဲ့ဆီးလ်ဗားက ပြန်ပြီး လက်စားချေမှာကို တစ်ချိန်က ပြိုင်ဘက်တွေလိုဖြစ်ခဲ့တဲ့မက်သက်ဆန်က ကြောက်လာပြီ။ သူတို့အလုပ်ကို နောက်ပြန်ဆုတ်ချင်လာပြီ။ ဘာ့ကလေကို အကြိမ်ကြိမ်သတိပေးပါတယ်။ “သူနဲ့ ဝေးဝေးနေပါ” ဘာ့ကလေကို တားတယ်။ ဆုံးဖြတ်ပြီးရင် နောက်ပြန်မလှည့်တတ်တဲ့ ဘာ့ကလေက သူရဲ့ လက်ရွေးစင်ကျောင်းသူမလေး (အယ်လစ်ဇဘက်အိုလ်စန်)ရဲ့  အကူအညီနဲ့ ဆီးလ်ဗားရဲ့ ပွဲတွေမှာ ကိရိယာအကုန်သုံးကာ လှည့်စားမှုတွေဖော်ထုတ်ဖို့ ဆက်ပြီး ကြိုးစားနေတုန်းပဲ။ စိတ်နဲ့ဇွန်းနဲ့ကွေးတာ၊ စိတ်ကိုဖတ်တယ်ဆိုတာတွေ စုံစမ်းတယ်။ မက်သက်ဆန်ကနောက်ဆုတ်ဖို့ ထပ်ထပ်ပြီး ပြောနေပြီ။ ဘာ့ကလေ ရှေ့ကိုတိုးမြဲတိုးနေတယ်။ တစ်ည သူ အိပ်ရာက ရုတ်တရက်လန့်နိုးလာတဲ့အခါ။ ကုတင်ရှေ့မှာ ဆီးလ်ဗားကို ဖြတ်ကနဲတွေ့လိုက်ရတဲ့အခါ။ ဆီးလ်ဗားရဲ့ မျက်သားဖြူဖြူသဏ္ဍန်ကြီးမြင်လိုက်ရတဲ့အခါ။ ဘာ့ကလေ နောင်တရလိုက်ပြီ။ သူ နောက်ကျသွားပြီထင်ရဲ့။

Abraham Lincoln: Vampire Hunter
Action | Fantasy | Horror
ပြသချိန် - ၁၀၅မိနစ်
Millenium Entertainment
ဒါရိုက်တာ - Timur Bekmambetov
ထုတ်လုပ်သူ - Timur Bekmambetov-Tim Burton -Jim Lemley
ဇာတ်လမ်း - Seth Grahame-Smith (screenplay), Seth Grahame-Smith (novel)
သရုပ်ဆောင်များ - Benjamin Walker, Rufus Sewell and Dominic Cooper

သမိုင်းတစ်ခု၊ ဒဏ္ဍာရီဆန်ဆန် နက်နက်ရှိုင်းရှိုင်း ငြိမ်ဝပ်နေခဲ့တဲ့သမိုင်း၊ တိုက်ပွဲကိုပဲ သတိရစေပြီး ကျခဲ့တဲ့သွေးတွေကိုမေ့စေခဲ့တယ်။ သမိုင်းတွေက ဘာကိုပဲ အမှတ်ရပါစေ။ အဲဒီသမိုင်းရဲ့ဖြစ်ရပ်ဟာ အမှန်အတိုင်းပဲဖြစ်သင့်တာပါပဲတဲ့။ အကြီးကျယ်ဆုံးသော  အမေရိကရဲ့ သမ္မတကြီးအေဗရာဟန်လင်ကွန်း၊ သူ့ရဲ့ လှို့ဝှက်ဘ၀အကြောင်း လေ့လာစူးစမ်းကြတဲ့အခါ ပျောက်ကွယ်နေခဲ့တဲ့ဇာတ်လမ်းတစ်ပုဒ် ပေါ်ထွက်လာပါတယ်။ အမေရိကကို အကောင်အထည်ပေါ်လာစေတဲ့ပုံပြင်တစ်ပုဒ် ပေါ်ထွက်လာပါပြီ။ သွေးဆာနေတဲ့ သွေးစုပ်ဖုတ်ကောင်တွေဟာ ယူနိုက်တက်စတိတ်ကို အစဖျောက်ဖို့ စီစဉ်နေကြတာ သမ္မတသိရှိခဲ့တယ်တဲ။ လင်ကွန်းက သူ့ရဲ့အထူးတပ်ဖွဲ့တစ်ဖွဲ့စီစဉ်ပြီး ဘယ်တော့မှ မသေဆုံးနိုင်တဲ့ သူတွေကို ဖယ်ရှားသုတ်သင်တော့တယ်။ အဲဒီ မသေဆုံးနိုင်တဲ့သူတွေကို အမဲလိုက်ခဲ့သူတစ်ဦးရဲ့ ဘ၀ဟာ အထူးခြားဆုံးသမိုင်းဖြစ်ခဲ့ပါပြီ။

*********
Bat man - Dark Knight Rises တော့ ကြည့်ပြီးပါပြီ။ တမေ့တမော့ ကြည့်လိုက်ရတဲ့ကားပါပဲ။ ကြည့်နေရင်း ဘေးဘီကိုလည်း ကြည့်ရသေးတယ် သေနတ်သမားလာမှာစိုးလို့။ ယုတ္တိမတန်တာတွေအများကြီးနဲ့ လက်ဝှေ့ပွဲလား ထင်လိုက်ရတယ်။ Bat man က သူလိုအပ်ရင် သူ့ခေတ်လွန်စီးတော်ယဉ်ကြီးနဲ့ ပေါ်လာတတ်ပေမယ့် ကိုယ်ပိုင်လက်သီးများများသုံးတိုက်ခိုက်ရတဲ့ လင်းနို့လူသားဖြစ်နေတယ်။ တရားစီရင်ရေးတွေ ပျက်သွားပြီး  ချမှတ်တဲ့ပြစ်ဒဏ်က နှစ်ခု ရွေးရမယ် တဲ့။ Dead or Exile ဒီနှစ်ခုပဲ။ ကြောက်စရာကြီး။ ဘာကိုမှမရွေးပဲ ချီတုံချတုံဖြစ်နေတော့ Dead by exile ပေါ့တဲ့။ Exile ကရော ကြည့်ပါဦး ရေခဲနေတဲ့နေရာပေါ်က လျှောက်ခိုင်းတယ်။ ကျွံကျပြီး အေးစက်နေတဲ့ရေခဲမြစ်ထဲ ကျလည်း သေရမှာပဲ။ ရဲတွေက ဆန္ဒပြသူတွေလိုဖြစ်နေတယ်။ လက်နက်လည်းမရှိကြဘူး။ ၀တ်စုံပဲရှိနေတယ်။ တစ်ဘက်မှာ အရပ်သားတွေက သေနတ်တွေကိုင်ထားကြတယ်။ လက်နက်မဲ့ ရဲတွေက ထိပ်တိုက်ပြေးလာကြတယ်။ အဲဒီမြင်ကွင်းကြည့်ရတာ ဘာခံစားမှုမှန်းမသိ ခံစားရပါတယ်။ နားမလည်နိုင်တာတွေ အများကြီးပဲ။ တွင်းကြီးထဲမှာ နေရတဲ့ အကျဉ်းသားတွေ တွင်းပေါ်ကိုတက်နိုင်ဖို့ ကြိုးစားကြတယ်။ သူတို့ တွင်းကြီးထဲမှာ ဘယ်လိုနေထိုင်စားသောက်လဲ။ လူဆိုးကြီးဘိန်းက လည်း ကြောက်စရာကြီး။ Red Light ကို ကြည့်ချင်တယ်။
မှတ်ချက် - ညွှန်းတာမဟုတ်ပါ

Living Fashion MagazineAugust, 2012

1 comment:

  1. ဗဟုသုတဆိုင်ရာတွေနဲ့ ပတ်သက်ပြီး စုံစုံလင်လင်တင်ပေးနေတာကို ကျေးဇူးတင်နေပါပြီ ဖြိုးဖြိုးရေ။ အားနာစရာမှမဟုတ်တား) ဒီကနေ့ ညွှန်းထားတဲ့ ရုပ်ရှင်တွေကိုလည်း အိမ်ကလူတွေ စိတ်ဝင်စားနေတယ်။ အမြဲအားပေးနေပါတယ်နော်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete