Wednesday, October 20, 2010

ပုံပြင်ထဲက ကျွန်မတို့တွေ (မောင်နီနဲ့မစီ)

ပုံပြင် ၎

နောက်ပြီး မောင်နီနဲ့မစီပုံပြင် .. ကြေးဖလားလေးခေါင်းဆောင်းတာဆို ခဏခဏအမှတ်ရမိတယ်၊ သနားလည်း သနားလို့၊ မောင်နီလေးက နဂါးလေးဖြစ်သွားရှာတာ ...

“နှမမုံ့ရောင်း မောင်မုံ့ထောင်း။ ကြေးဖလားလေးဆောင်း”  တဲ့၊ အဲဒီလို မေမေက သီချင်းလေးလို ရွတ်ပြတတ်သေးတယ်၊ ဟိုး ..  ရှေးရှေးတုံးက  ရွာတရွာမှာ အဖိုး အဖွား  ဇနီးမောင်နှံ ၂ ယောက် ရှိကြတယ်၊ သူတို့ မှာအရွယ်မရောက်သေးတဲ့ မောင်နီဆိုတဲ့ သားတစ်ယောက်နဲ့ မစီဆိုတဲ့ သမီးတစ်ယောက်လည်းရှိတယ်၊ တစ်နေ့မှာ မမျှော်လင့်ပဲဇနီးဖြစ်သူ ကွယ်လွန်သွားပါတယ်၊ ကလေး ၂ယောက်နဲ့  ကျန်ရစ်ခဲ့ရာမှာ  အလုပ်အကျွေးပြုစုမယ့် သူလိုနေတာကြောင့် နောက်အိမ်ထောင် ထူထောင်လိုက်ပါရော ကွယ်၊ နောက်မိန်းမက ကလေးနှစ်ယောက်ကို မကြည်ဖြူနိုင်ပါဘူး .. တဲ့၊ အမြဲပဲ တကျီကျီနဲ့၊ တောထဲ သွားစွန့်ပစ်ဖို့ ဆူဆူပူပူလုပ်လိုက်၊ ချော့ချော့မော့မော့ ပြောလိုက်နဲ့ တိုက်တွန်ုး  နားသွင်းနေလေ့ရှိတယ်၊ အဲဒါနဲ့ အဖိုးလည်း စိတ်ပေါက်ပေါက်နဲ့ ခလေးနှစ်ယောက်ကို လှည့်ဖျားခေါ်သွားပြီး ... တောထဲရောက်တော့ “သားတို့  သမီးတို့  ဒီမှာ နားနေကြအုံး .. ခဏနေရင် လာခေါ်မယ်” ဆိုပြီး သူ့မိန်းမရှိရာ အိမ်ကို ပြန်ပြေးပါလေရော၊ မိုးချုပ်ခါနီးတဲ့ တိုင်အောင် လာမခေါ်တော့ မောင်လုပ်သူက ကြောက်လာတာပေါ့၊ အမလုပ်တဲ့သူက မောင်လေးကို အားပေးနှစ်သိမ့်ရင်း တစတစနဲ့  စမ်းတ၀ါးဝါး အပြန်လမ်းကို  ရှာဖွေ ပြန်ပြေးလာကြတဲ့အခါ  ကံကောင်းထောက်မစွာနဲ့ အလာတုံးက မောင်ငယ်လေး ၀ါးပြီး ထွေးပစ်ခဲ့တဲ့ ကြံဖတ်တွေကို ကြည့် .. ပြန်လာနိုင်လို့  မှောင်ရီဝိုးတ၀ါးအချိန်မှာပဲ အိမ်ပြန်ရောက်ခဲ့ကြတယ်၊ အိမ်ရောက်ပေမဲ့ သူတို့ခမြာ အခြေအနေကိုကြည့်ပြီး အိမ်ပေါ်မတက်ရဲကြဘူး၊ အဖိုးနဲ့ နောက်မိန်းမက ထမင်းတွေ မြိန်ရေ ယှက်ရေနဲ့ ပျော်ပျော်ကြီးစားနေကြတယ်လေ၊ ကြမ်းပေါက်ကနေ ကျလာတဲ့ ထမင်းစေ့လေးတွေကို အငမ်းမရ ဆာဆာနဲ့ နှစ်ယောက်သားအလုအယက် ကောက် .. ကောက် စားကြတယ်၊ အဖိုးကလည်း ကလေးနှစ်ယောက် အိမ်အောက်မှာ ပြန်ရောက်နေမှန်းလည်းသိရော ထမင်းတွေပိုပိုပြီး ပစ်ချပေးတယ်တဲ့၊ နောက်တော့ အဖွားက “အဖိုးကြီး .. ရှင် ဒီနေ့ တော်တော်အစားကြီးတာပဲ၊ ထမင်းတွေစားလိုက်တာ၊ ဟော တစ်လုပ်၊ ဟောတစ်လုပ်နဲ့” လို့ ဆူတယ်၊ နောက်တော့ ကလေးတွေကို ချကျွေးနေမှန်းလည်း အဲဒီနောက်မိန်းမက သိရော၊ ဒေါသအိုးပေါက်ကွဲတော့တာပေါ့၊ အဖိုးကလည်း တောင်းပန်ရှာတယ်၊ “ကွယ် .. ကလေးတွေ သနားစရာပါ၊ ငါ မပြစ်ရက်ဘူးကွယ်၊ မပစ်ပါရစေနဲ့တော့” လို့ အမျိုးမျိုးတောင်းပန်ရှာတယ်၊ ဒီလိုနဲ့ နောက်မိန်းမကလဲ မလျော့ဘူး၊ ထပ်ပြီး တောနက်နက်ထဲ သွားပစ်ဖို့ ခိုင်းစေပြန်တယ်၊ ဒီတစ်ကြိမ်မှာတော့ အဖိုးကြီးက လူလယ်ကျသွားပီလေ၊ ပြန်မလာနိုင်အောင် တောကြီးမျက်မဲထဲကို၊ ဟိုကွေ့ ဒီပတ်နဲ့ မှတ်လို့ မရအောင်၊ တောအနက်တကာ့ အနက်ထဲ ခေါ်သွားတော့တယ်။

ဒီတစ်ခါတော့ နှစ်ယောက်သား  ငိုရုံအပြင် ဘာမှ မတတ်သာတော့ဘူး၊ နေရောင်လေးရှိတုန်း ကြိုးစားရှာဖွေပေမဲ့  ပြန်လမ်းကို ဘယ်လိုမှ ရှာမတွေ့ကြတော့ဘူးပေါ့၊ တောကြီးမျက်မဲထဲမှာ  မောင်ငယ်လေးက  သူရဲကြောက်လို့ အစ်မကို ဖက် တွယ် အစ်မကလဲ မောင်ငယ်ကို အားပေးနှစ်သိမ့်၊ ဒါပေမဲ့ .. မစီလေးကိုယ်တိုင်ကလည်း သေလုအောင်ကြောက်နေတာမို့ နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက်ဖက်တွယ် လုံးထွေးရင်း မိုးစင်စင် လင်းခဲ့ကြမှ  အသက်၀၀ရှူရဲကြတော့တယ် တဲ့ ကွဲ့၊ အဲဒီလိုနဲ့ တောထဲမှာ ဘုရားတရားသံဃာနဲ့ နတ်များစောင့်ရှောက်မှုကြောင့် ဘေးကင်းချမ်းသာစွာ အနေကြာလာတော့ သူတို့အိမ်ကို ပြန်ဖို့ စိတ်မကူးတော့ဘူး၊ သူတို့ နေဖို့ သစ်ခက် သစ်လက်တွေ ကာရံပြီးအခန်းလေးဖွဲ့ အိမ်လုပ်နဲ့  အချိန်ကုန်လာတယ်၊ မောင်ငယ်လေးက လေးခွလေးတစ်ခုလုပ်ပြီး စာကလေးတွေ ငှက်ကလေးတွေကို ပစ်ခတ်လို့၊ အစ်မက ဗိုက်ခွဲမီးကင်လို့  အဟာရအဖြစ်စားကြရတယ်၊ မိုးရွာလာတဲ့အခါ  ငှက်လေးတွေရဲ့  ဗိုက်ထဲက ထွက်ကျသွားတဲ့ စပါးစေ့လေးတွေက အပင်ပေါက်ပြီး စပါးခင်းကြီးဖြစ်လာတာပေါ့၊ ဒီတော့ သူတို့အတွက် ၀မ်းစာဖူလုံသွားတာပေါ့ ကွယ်။

နေသာတဲ့အချိန်တွေမှာ သူတို့ တောလယ်ထွက်ကြရင်း လူနေအိမ်ခြေနည်းနည်းပါးပါးရှိတဲ့ ရွာလေးတွေ့တော့ သူတို့ မောင်နှစ်မ အားရှိလာတယ်၊ ရလာတဲ့ စပါးကို ကြိတ်၊ ဆန်ရတော့ မောင်ငယ်လေးက ဆန်မှုံ့ထောင်း၊ အစ်မက မုံ့ လုပ် မုံ့ ရောင်း၊ သူတို့ ဝမ်း သူတို့ ကျောင်းလို့ ဘ၀မှာ နေပျော်လာကြပါပြီ၊ တစ်နေ့တော့ မောင်ငယ်လေးက “အစ်မရယ် .. ငါလည်း မုံ့ရောင်းလိုက်ခဲ့မယ်၊ တစ်ခါလောက် လိုက်ပါရစေ လို့ ပြောသတဲ့၊ အစ်မက မောင်လေး ပင်ပမ်းမှာစိုးလို့ မလိုက်စေချင်ဘူး၊ သွားရတဲ့ခရီးက နည်းနည်းလှမ်းနေတာကိုး၊ ဒီတော့ “မောင်လေးရယ် .. မလိုက်ချင်ပါနဲ့ .. မမတောင် မလွှဲသာလို့ သွားနေရတာ အိမ်မှာပဲ ကစားပြီး အေးအေးနေခဲ့ပါ၊ မမ မောင်လေးဖို့ အင်္ကျီလှလှလေးတွေရယ်၊ ကစားစရာလေးတွေရယ် ၀ယ်လာမှာပေါ့” လို့  ချော့သတဲ့၊ ပြီးတော့ မောင်လေးစားဖို့  အစ်မ မီးဖိုထဲမှာ မုံ့တွေထားခဲ့တယ် လို့ ပြောပြီး ထွက်သွားတော့တယ်၊ ဒါနဲ့ပဲ  မောင်ငယ်လေးတယောက်ထဲ ကျန်ရစ်ရောဆိုပါတော့ ကွယ်၊ သူတို့ အိမ်နားမှာ .. ရေကန်တစ်ကန်လည်း ရှိတယ်ကွဲ့၊ ရေကန်မှာလည်း နဂါးတွေနေတယ်၊ သူတို့ မောင်နှစ်မ အခြေအနေကို  အကဲခပ်နေတဲ့၊ နဂါးမတစ်ကောင်က အစ်မလုပ်သူလဲ မုံ့ရောင်းထွက်သွားရော တစ်ခါတည်း  ဆန်ထောင်းနေတဲ့ မောင်ငယ်လေးဆီ လူယောင်ဆောင် ရောက်လာပါရော၊ နဂါးမရောက်လာပြီး မုံ့တစ်ခုရောင်းပါလို့ ပြောတာပေါ့၊ မောင်ငယ်က “ရောင်းဖို့တော့ မရှိဘူးဗျ၊ ခင်ဗျား စားချင်ရင် မီးဖိုထဲဝင်ယူသွား၊ ၂ခုရှိတယ်၊ ကျုပ်ဖို့တစ်ခုထားခဲ့ လို့ ပြောသတဲ့၊ ဒါနဲ့ နဂါးမလဲ မီးဖိုထဲဝင်သွားပြီး မုံ့တစ်ခုယူရုံတင်မကဘူး၊ ကျန်တဲ့ မုံ့ပေါ်ကို သူ့ နို့ရည်တွေ ညှစ်ချခဲ့တယ်၊ မောင်ငယ်လည်း မုံ့ထောင်းရာက ဆာတာနဲ့ မီးဖိုချောင်ဝင် မုံ့စားတော့တာပေါ့၊ မုံ့လည်း စားပြီးရော၊ တစ်ကိုယ်လုံး ပူလောင်လာတာနဲ့   ရေကန်ထဲ ရေဆင်းချိုးမယ်ဆိုပြီး ကြေးဖလားလေးခေါင်းဆောင်း ရေကန်ထဲ ပြေးဆင်းတော့တာပေါ့၊ ရေကန်ထဲလည်း ရောက်ရော သူ့ ကိုယ်လဲ အေးမြသွားပါရောတဲ့။

ဒါပေမဲ့ မောင်ငယ်လေးဟာ သနားစရာ လူစင်စစ်က နဂါးကလေးဖြစ်သွားရှာသတဲ့ ကွယ်၊ မုံ့ ရောင်းနေရတဲ့ အစ်မကလည်း ဒီနေ့မှ လိုက်ချင်တယ်ပြောတဲ့ မောင်ငယ်လေးကို မခေါ်ခဲ့ရလို့ စိတ်မကောင်းဖြစ်နေရှာ တယ်လေ၊ ဒါနဲ့ မုံ့ အတွင်ရောင်း ခပ်မြန်မြန်ပဲ အိမ်ပြန်လာတယ်၊ “မောင်လေးရေ ... ဘယ်မှာလဲ၊ မမပြန်လာပြီ .. မောင်လေးဖို့  အင်္ကျီလှလှလေးလည်း ၀ယ်လာတယ်” နဲ့ ကစားစရာလည်း ပါတယ်နဲ့ တစာစာပြော၊ တကြော်ကြော်ခေါ်၊ ဟိုရှာ ဒီရှာ ပေါ့၊ ဘယ်မှလဲ မတွေ့၊ အင်း သူ့ကို ခေါ်မသွားရကောင်းလားလို့ စိတ်ကောက်ပြီး ပုန်းနေတယ် ထင်ပါ့ မောင်လေးရေ .. အင်္ကျီလေးဝတ်ကြည်ပါဦး .. အလို ... အို .. ဟိုက ရေကန်ထဲမှာ ကြေးဖလားလေးတလုံးပါလား၊ မျောနေတယ်၊ ဟင် .. ဒါ ဘာလဲ၊ နဂါးခေါင်းလား၊ အမယ်လေး ကိုယ်ကျိုးနည်းပါပြီ၊ မောင်ငယ်လေး နဂါးဖြစ်သွားရော့လား၊ ကယ်ကြပါဘုရား၊ စသည် ပြောဆို အော်ဟစ်ငိုယိုနေပေမဲ့ မောင်ငယ်လေးက ဘာတစ်ခွန်းမှ ပြန်လည် မပြောနိုင်ပဲ .. ရေအောက်ကိုငုပ်လျှိုးပျောက်ကွယ် သွားပါသတဲ့ကွယ်၊ ပုံပြင်လေးကတော့ ဒါပါပဲကွယ်၊ တဲ့ ...

ပြန်အမှတ်ရမိသေးတယ်၊ ဖေဖေ့ဆီမှာ ကြေးဖလားလေးတစ်လုံးရှိတယ်၊ ငယ်ငယ်က ကျွန်မတို့ခေါင်းနဲ့ အရွယ်အစားက အတူတူလောက်ပဲ၊ ပုံပြင်လည်း နားထောင်ရပြီးရော ရေချိုးရင် ကြေးဖလားလေး ခေါင်းဆောင်း .. ဆောင်းပြီး ဆော့ကြတာ နဂါးဖြစ်တော့မယ် .. နဂါးဖြစ်တော့မယ်နဲ့၊ ဖေဖေ့ဆီမှာ စစ်အတွင်းက ကြေးနဲ့လုပ်ထားတဲ့ ကျည်ဆံအခွံကြီးတွေလည်းရှိတယ်၊ ဖေဖေကတော့ ပန်းအိုးလုပ်ထားတာ၊ ဖေဖေကိုးကွယ်တဲ့ ဆာဒူးဘိုးဘိုးကြီးပုံရှေ့မှာ အဲဒီ ကျည်ခွံ ကြေးပန်းအိုးသုံးလုံး ထားတယ်၊ ဂမုန်းပန်းစိမ်းစိမ်းလေးတွေ ကပ်လေ့ရှိတယ်။

ပြီးတော့ မေမေ ပုံပြောရင် “အဖေလုပ်သူ၊ သမီးလုပ်သူ” အဲဒီလိုပြော ပြောပြတတ်တော့၊ အစအနောက်သန်တဲ့ ကျွန်မတို့ မောင်နှစ်မနှစ်ယောက်က “မေမေ ...အဖေလုပ်သူ၊ သမီးလုပ်သူလို့ပဲ၊ လုပ်တာမှ မဟုတ်တာ၊ သူ့ဘာသာဖြစ်နေတာကိုး” လို့ မေးကြသေးတယ်၊ လူကြီးတွေ စကားပြောရင် ရှေးရှေးကပြောပုံဆိုပုံမျိုးနဲ့ ပြောကြတာ နားထောင်ရတစ်မျိုးကောင်းလှတယ်။

0 comments:

Post a Comment