Wednesday, October 20, 2010

ပုံပြင်ထဲက ကျွန်မတို့တွေ (ဒုတ်ထောက်မင်းသား)

ပုံပြင် ၆

ဖေဖေ့ရဲ့ “ဒုတ်ထောက်မင်းသား ပုံပြင်”


ရှေးရှေးတုံးက  တက္ကသိုလ်ပြည်မှာ အတိုင်းတိုင်း အပြည်ပြည်က ရောက်လာကြတဲ့ မင်းညီမင်းသားတွေကို မင်းတို့ တတ်အပ်တဲ့ အဋ္ဌာရဿ (၁၈)ပါး သင်ကြားပေးတဲ့ ဒီဿာပါမောက္ခဆရာကြီးတဦးရှိတယ်တဲ့၊ သူ့ မှာ ကောင်းခြင်းငါးဖြာ  ကြန်အင်လက္ခဏာနဲ့ ပြည့်စုံတဲ့ သမီးတော် တစ်ပါးလည်း ရှိသတဲ့၊ နက္ခတ်အလိုအရရော၊ ဇာတာအလိုအရပါ  မိဖုရားကြီးတစ်ပါးဖြစ်မယ်ဆိုတာ ယုံကြည်ထားတဲ့အတွက် သမီးတော်ကို မင်းသား တစ်ပါးပါးနဲ့ လက်ထပ်ထိမ်းမြားပေးလိုတဲ့ ဆန္ဒလည်းသူ့မှာရှိတယ်၊ ပညာသင်နှစ်ကုန်ဆုံးလို့ ပြည်တော်ပြန်ကာနီးမှာ ဆရာကြီးက မင်းညီမင်းသားများအားလုံး ရှေ့တော်မှာစုရုံးစေပြီး  ကြေညာချက်တစ်ရပ် ထုတ်ပြန်သတဲ့၊ အဲ့ဒီကြေညာချက်က ငါ့သမီးတော်ကို အလိုရှိသူ ဘယ်မင်းသားမဆို  ဓါးလှံလက်နက်သားရဲတွင်းထဲ ခုန်ဆင်းနိုင်စွမ်းရှိရင်  လက်ထပ်ထိမ်းမြားပေးစားမယ် ဆိုတာပါပဲ။

ဆရာကြီးဟာ  အသင့်စီမံထားတဲ့ တွင်းနက်ကြီးကို မင်းသားတွေကို ပြသလိုက်တယ်တဲ့၊ တွင်းနက်ကြီးက ငုံ့ကြည့်လိုက်ရင် လက်နက်ပေါင်းစုံ စိုက်ထူထားတာမြင်ရလိမ့်မယ်၊ ကျွမ်းကျင်ပညာရှင်များနဲ့ တိတ်တဆိတ်ပြုလုပ်ထားတာကိုး၊ ဘယ်မင်းသားမှ  မခုန်ဆင်းရဲကြပါဘူး၊ နည်းနည်းလေး ငုံ့ကြည့်မိတာနဲ့ လက်နက်ပေါင်းစုံ အချွန်အထက်တွေက မိုးမျှော်ထိုးထွက်နေတာမို့ အသည်းတွေအူတွေစိမ့်အောင် ကြောာက်လန့်ကုန်ကြပြီး၊ ဆရာကြီးသမီးမရချင် နေပါစေတော့ .. အသက်စွန့် ပြီးတော့ဖြင့် ခုန်မချရဲပါဘူး တဲ့၊ “အလိုလေး .. လေး .....” ဆိုပြီး တွင်းနက်ကြီးကို ကျောခိုင်းစွန့်ခွာလို့ ရှောင်ပြေးကြတော့တာပါဘဲတဲ့၊ နောက်ဆုံးမှာတော့  မင်းသားအားလုံးထဲက ခပ်ကြောင်ကြောင် မင်းသားတစ်ပါးဟာ နောက်ကျမှ ရောက်လာပါတယ် တဲ့၊ ယတြာအလို့ငှာ ချိတ်ဆွဲထားတဲ့ ဒုတ်ကြီးတစ်ချောင်းကလဲ ခါးမှာ တန်းလန်းကြီး၊ တွင်းနက်ကြီးထဲ  ဘာတွေရှိပါလိမ့်၊ ရွှေတွေလားပဲ၊ ငွေတွေလားပဲ နဲ့ အနားတိုးပြီး ငုံ့ကြည့်လိုက်ရာမှာ .. တစ်ခါတည်း ... ခါးမှာ ချိတ်ဆွဲထားတဲ့ ဒုတ်တိုကြီးက မြေမှာထောက်ပီး လူပါ တွင်းထဲ ပြုတ်ကျပါလေရောတဲ့၊ ဓါးလှံလက်နက်တွေက သူ့ကို ဘယ်လိုမှ အန္တရာယ်မပေးနိုင်ပါဘူး၊ အကြောင်းကတော့ ဆရာကြီးက လက်မှုပညာသည်တွေကို အခကြေးငွေ များစွာပေးပြီး ၀ါဂွမ်းများနဲ့ ဓါးလှံလက်နက်အတုတွေကို  အစစ်နဲ့ မခြား စေ့စေ့စပ်စပ် ပြုလုပ်စေတဲ့အတွက် ဘယ်လိုမှ ဒုက္ခမပေးတဲ့အပြင် ၀ါဂွမ်းတွေက နူးညံလွန်းတော့ တခေါခေါနဲ့ အိပ်လို့များတောင် ပျော်သွားလေရော။

ဆရာကြီးကတော့ သူ့ တပည့်တွေ ဘယ်လောက် တွေးခေါ်တတ်သလဲ ဆိုတာ ပညာစမ်းလိုက်ပေမဲ့  ဆရာကြီးရဲ့ ညာဏ်စွမ်းကို ဘယ်သူမှ လိုက်မမှီခဲ့ကြဘူး၊ ခပ်ကြောင်ကြောင်မင်းသားသာမပါခဲ့ရင်  ပွဲ မသိမ်းနိုင်ဘူးပေါ့၊  အခုတော့ ဆရာကြီးလည်း သူ့ စကားရှိတဲ့အတိုင်း ဓါးတွင်းလှံတွင်းထဲ ပြောင်မြောက်စွာ သတ္တိရှိရှိ ခုန်ချတာပဲ၊ ငါ့တပည့်ပီသတယ်၊ ပညာရှိတယ်၊ တယ်လည်း တွေးခေါ်မျှော်မြင်တတ်တယ် လို့  ယူဆပြီး သမီးတော်ကို ၀ကွက်အပ်နှံလို့  လက်ထပ်ထိမ်းမြားပေးလိုက်ရောတဲ့၊ မင်းသားလဲ အဲဒီအခါကစပြီး ဒုတ်ထောက်မင်းသားရယ်လို့  တွင်သွားပါသတဲ့။

ပညာစုံ ကြင်ယာစုံလို့  တိုင်းပြည်ပြန်ရောက်တဲ့အခါမှာ  ခမည်းတော်ဘုရင်မင်းမြတ်ကလည်း ကျေနပ်အားရ၊ ၀မ်းပမ်းတသာပဲ အရိုက်အရာ လွှဲအပ်တာကြောင့်  ရှင်ဘုရင်ကြီးဖြစ်သွားပါရော၊ နန်းသိမ်းပွဲတွေ၊ ရွေနန်းတက်ပွဲတွေ၊ အကြီးအကျယ် ဆင်ယင်ကျင်းပကြသတဲ့၊ ဒီဿာပါမောက္ခဆရာကြီးလဲ သူ ရည်ရွယ်မျှော်မှန်းထားသလို သူ့ သမီးဟာ ဘုရင့်မိဖုရားကြီး ဖြစ်သွားတာကြောင့်  ခေါင်းကြီးတငြိမ့်ငြိမ့်နဲ့  ပီတိတွေ ဖြစ်နေပါရောတဲ့။

ဖေဖေ့ ပုံပြင်ကတော့ ဒီလောက်ပါပဲ၊ ပုံပြင်ပြောရင်းနဲ့လည်း ဖေဖေက သူကိုယ်တိုင်ပါ တဟားဟားရယ်မောနေတတ်ခဲ့သေးတာ၊ ကျွန်မတို့လည်း ရယ်၊ ဖေဖေကလည်းရယ်ပေါ့။

နောက်တော့ ကျွန်မနဲ့ အစ်ကိုရရလည်း အသက်အရွယ်တွေ ကြီးပြင်းလို့ ဖေဖေ၊ မေမေတို့နဲ့ အဝေးတစ်ယောက် နေရာတစ်နေရာစီ ရောက်နေခဲ့ကြပြီ၊ အစ်ကိုရရကတော့ ပုံပြင်ကြိုက်သေးလား မကြိုက်တော့ဘူးလား ကျွန်မ မသိနိုင်ဘူး၊ မေးလည်းမမေးဖြစ်တော့ပါဘူး၊ ကျွန်မကတော့ ပုံပြင်နားထောင်ချင်နေတုန်းပဲ၊ ရှားရှားပါးပါး ကျွန်မအိပ်မပျော်တဲ့ သုံး၊ လေးရက်၊ နဲရှောကို ပုံပြောပြခိုင်းမိတယ်၊ တကယ်လည်း နားထောင်ရတော့ နဲရှောလည်း ပုံပြောကောင်းတဲ့သူတစ်ယောက်ပါပဲ၊ သူပြောပြတဲ့ ပုံပြင်ကလည်း ရယ်စရာကောင်းတာရော၊ သတိထားစရာလေးတွေရော ပါတယ်၊ သူလည်း ဖေဖေ့လိုပါပဲ ပုံပြောရင်း သူ့ဘာသာပြော သူ့ဘာသာ သဘောတွေကျပြီး တဟားဟားရယ်နေလို့ သူ အရယ်ရပ်တဲ့အထိ သည်းခံပြီး နားထောင်ခဲ့ရသေးတယ်။

နဲရှောပြောပြတဲ့ “ငှက်တောင်သုံးချောင်းနဲ့ မိုင်းတူးသမားလေး”၊ အဲဒီပုံပြင်က ရုရှားပုံပြင်တစ်ပုဒ်တဲ့။

0 comments:

Post a Comment