Sunday, August 14, 2011

စောင်းကြိုးခတ်သံ ညံတော့မယ့် ကမ္ဘာ့အမြင့်ဆုံးကေဘယ်လ်တံတား

ဆားဘီးယားနိုင်ငံ၊ မြို့တော်ဘဲလ်ဂရိတ်မှာ ဆောက်လုပ်နေတဲ့ ဆာဗာတံတားကြီးဆောက်လုပ်ရေးအပိုင်းတွေကို အများပြည်သူကြည့်ရှုနိုင်စေဖို့ သြဂုတ်လ ၁၃ရက်နဲ့ ၁၄ရက် နှစ်ရက်ခွင့်ပြုခဲ့ပါတယ်။ အာဒါကန်နဲ့နီးနေလို့ အာဒါတံတား ဒါမှမဟုတ် ဆာဗာမြစ်ကို ဖြတ်ပြီးဆောက်လုပ်ထားလို့ ဆာဗာတံတားလို့ ယာယီအမည်ပေးထားပြီး ၂၀၀၈ခုနှစ်က စတင်ဆောက်လုပ်ခဲ့ပါတယ်။ တံတားအရှည်က ၉၉၆မီတာရှည်လျားပြီး အကျယ်က ၄၅.၅ မီတာ ကျယ်ပါတယ်။ စုစုပေါင်း ယူရို သန်း ၃၂၀ ခန့် ကုန်ကျမယ်လို့ တွက်ချက်ထားကြတယ်။ ကွန်ကရစ်တိုင်လုံးပေါင်း ၁၆၅,၀၀၀ ရှိပြီး စတီးတွေနဲ့တပ်ဆင်ထားတဲ့ ကေဘယ်လ်တံတားအမျိုးအစားပါ။ အဲဒီတံတားကနေ လမ်းသုံးလမ်းနဲ့ ဓါတ်ရထားလမ်းတစ်လမ်း ဆက်သွယ်ပါလိမ့်မယ်။ တံတားပြီးသွားခဲ့ရင် အာဒါဆီဂန်လီယာကျွန်းရဲ့ထိပ်ပိုင်းကို ဖြတ်သွားပါလိမ့်မယ်။ ဘဲလ်ကန်စစ်ပွဲတွေမတိုင်ခင်တုန်းက ဆားဘီးယန်း-ယူဂိုဆလဗ်မှာ ကေဘယ်လ်တံတားဆောက်လုပ်ရေးမှာ ကျွမ်းကျင်မှုကြောင့် လူသိများကျော်ကြားလှတယ်လို့ဆိုတယ်။ နေတိုးတပ်ဖွဲ့ ဗုံးကြဲတိုက်ခိုက်မှုအပြီး အထင်ကရတံတားတွေ ပျက်စီးခဲ့ပြီးနောက်ပိုင်း ဆားဘီးယန်းအင်ဂျင်နီယာတွေက အရင်ကတည်ဆောက်ခဲ့ခြင်းမရှိသေးတဲ့ တံတားမျိုးတည်ဆောက်ဖို့ ကြိုးစားခဲ့ကြတယ်။ ကမ္ဘာမှာအရှည်ဆုံး ကေဘယ်လ်ကြိုးတံတားတွေမှာထောက်ပံ့မျှော်စင်တိုင်လုံးနှစ်ခု ဒါမှမဟုတ်သုံးခုရှိကြပေမယ့် အခုတံတားမှာတော့ တိုင်လုံးတစ်ခုထဲနဲ့ တည်ဆောက်ထားပြီး မီတာ ၂၀၀ မြင့်ပါတယ်။ ဆားဘီးယားရဲ့ အမြင့်ဆုံးတံတားတစ်ခုလည်းဖြစ်ပြီး အာဗာလာရုပ်သံလွှင့်မျှော်စင်က ငါးမီတာနိမ့်ပါတယ်။ တံတားတည်ဆောက်ရေးပိုင်းမှာ ၈၅ ရာခိုင်နှုန်းပြီးစီးနေပါပြီ။ အဓိကတိုင်လုံးတည်ဆောက်ပြီးစီးခဲ့ပြီး ပင်မတံတားဆက်ပိုင်းတစ်ပိုင်းဆောက်လုပ်ဖို့ပဲ ကျန်ပါတော့တယ်။ ခွင့်ပြုထားတဲ့နှစ်ရက်အတွင်း တံတားကြီးကို ဘဲလ်ဂရိတ်မြို့သားတွေက အောင်ပွဲတစ်ခုလို ပျော်ပျော်ရွှင်ရွှင်သွားကြည့်ကြပါတယ်။
၁၄ရက်နေ့ကတော့ ညနေခင်း၆နာရီလောက် တံတားကြီးဆီရောက်သွားဖြစ်ခဲ့ပါတယ်။
ညရှစ်နာရီခွဲ ကိုးနာရီလောက်မှ မှောင်တာဆိုတော့ အဲဒီအချိန် ညနေခင်းနေက ပြင်းနေဆဲပါပဲ။ တံတားအနီးအနားကို ရောက်လာတာနဲ့ လူတွေခပ်များများတွေ့ရပြီ။ ကလေးငယ်လေးတွေနဲ့ မိသားစုတွေရယ် အဘိုးအဘွားတွေ တစ်ယောက်လက်တစ်ယောက်ဆုပ်ကိုင်လို့ တံတားဆီကို တရွေ့ရွေ့သွားနေကြတာတွေ့လာရပါပြီ။ အားလုံးဟာပျော်ရွှင်ကြည်နူးနေကြပါတယ်။ Police ကို သူတို့အခေါ် Policija ပူလီစီယာလို့ရေးထားတဲ့ ရဲကားတစ်စီး တံတားဆီမရောက်ခင် လမ်းထိပ်နားမှာရပ်ထားတာ တွေ့လိုက်ရတယ်။ အသွားလမ်း၊ အပြန်လမ်းနှစ်ခုလုပ်ပေးထားပြီး အပြန်လမ်းဘက်မှာ ဈေးဆိုင်ငယ်လေးပုံစံလေးနှစ်ခုတွေ့တာနဲ့မေးကြည့်တော့ တံတားအတွက်နာမည်ရွေးပေးကြဖို့ပါတဲ့။ လာကြည့်တဲ့သူတွေဆီကမှတ်ချက်ရေးပေးနိုင်မယ့် စာအုပ်လေးတွေချထားပါတယ်။ တံတားကိုကြည့်ပြီး ပြန်လာတဲ့သူတွေ မှတ်ချက်ရေးနေကြတာတွေ့လိုက်ရသေးရဲ့။ အပြန်ကျရင်တော့ မှတ်ချက်ဝင်ရေးမယ်လို့စိတ်ကူးထားလိုက်တယ်။
တံတားရဲ့တိုင်လုံးတွေကို အဝေးကနေ ကြည့်မိလိုက်တော့ တင်းတင်းရစ်ထားတဲ့ စောင်းကြိုးတွေလိုပဲ၊ အဲဒါနဲ့ပဲ “Harp” “စောင်း” လို့ ပေးရရင်ကောင်းမှာပဲလို့တော့ တွေးလိုက်မိသေးတယ်။ တံတားပေါ်ကိုတက်ရမယ့် ယာယီလှေကားအနားမှာ လူနာတင်ကားတစ်စီးလည်းရပ်ထားတယ်။ အစောင့်တွေလည်းတွေ့ရပါတယ်။ ယာယီသတ္ထုလှေကားလေးတွေက လူတွေ အဆက်မပြတ်တက်လိုက်ဆင်းလိုက်နဲ့ အသံတကျီကျီမြည်နေလိုက်တာများ။ အမြင့်ကြောက်တတ်သူအတွက်ကတော့ ဘယ်လောက်အမြင့်လေးပဲဖြစ်ဖြစ် ကြောက်လန့်နေတော့တာပဲ။
တံတားပေါ်မှာ တော့ မြန်မာနိုင်ငံမှာ ပွဲဈေးတန်းလျှောက်ကြသလိုပါပဲ။ မိသားစုတွေ ကလေးတွေ လူကြီးတွေ အရွယ်စုံပဲ။ မိသားစုလိုက်ဓါတ်ပုံရိုက်သူတွေ၊ တံတားကြီးကိုပဲ ဓါတ်ပုံရိုက်သူတွေ၊ တံတားတိုင်လုံးကို လက်နဲ့ ဖမ်းကိုင်ထားတဲ့ပုံ ချိန်သားမကိုက်မချင်း ဇွဲကြီးကြီးဓါတ်ပုံရိုက်သူတွေ တံတားပေါ်မှာလူတွေအကုန်လုံးအလုပ်ရှုပ်နေကြပါတယ်။ တံတားကြီးအောက် အာဒါမြစ်ထဲမှာတော့ စပိဒ်ဘုတ်၊ မော်တော်ဘုတ်၊ နဲ့ ကုန်တင်သင်္ဘောလေးတွေက မောင်းနှင်နေကြတယ်။ တံတားပေါ်မှာ အလုပ်ရှုပ်သူတွေ၊ မြစ်ထဲမှာ အလုပ်ရှုပ်သူတွေနဲ့ ပြည့်နေပါတယ်။ တံတားရဲ့တိုင်လုံးတည့်တည့်အရောက် ဦးထုပ်ကျွတ်မကျအောင် ဖိကိုင်ပြီး အပေါ်ကိုမော့ကြည့်မိတော့ အဝေးကနေ စောင်းကြိုးတွေနဲ့တူနေတဲ့ကြိုးတွေက အခုတော့လည်း ခြေလက်တွေကားထွက်နေတဲ့ ခြေကားယားလက်ကားယားပင့်ကူကြီးတစ်ကောင်လိုပဲ။ တိုင်လုံးကြီးကနေကျော်ပြီးတစ်ဘက်က ပင့်ကူကြီးရဲ့ခြေလက်တွေ ဒါမှမဟုတ် စောင်းကြိုးတင်းတင်းတွေ ကုန်သွားတဲ့နေရာအဆုံးမှာတော့ အကာအရံပဲရှိတော့တယ်။
အဲဒီကနေ အာဒါဆီဂန်လီယာကျွန်းရဲ့ထိပ်ပိုင်းကို ဖြတ်သန်းပြီး တံတားကြီးကခရီးဆက်ဦးမယ်တဲ့။ ဗုံးဒဏ်ခံအဆောက်အဦးအပျက်အစီးတွေ အခုထက်တိရှိနေတဲ့ ဘဲလ်ဂရိတ်မြို့သားတွေရဲ့ စိတ်ပျက်အားလျော့မှုတွေကို ဒီတံတားကြီးက ဖယ်ရှားပေးနိုင်မယ်လို့ မျှော်လင့်မိပါသေးတယ်။
တံတားကြီးပေါ်ကနေ တကျီကျီ တလှုပ်လှုပ်ယာယီလှေကားလေးက ပြန်ဆင်းလာပြီးတဲ့အခါ နောက်ထပ် ရဲကားနှစ်စီး လူနာတင်ကားအနီးမှာ ရပ်ထားတာတွေ့လိုက်ရပါတယ်။ ရဲကားတွေကို ဓါတ်ပုံရိုက်တော့ official ကားကို မရိုက်ရဘူးလို့ တားပါတယ်။ မရိုက်ရလည်း မရိုက်ရုံပဲပေါ့၊ ဟုတ်ကဲ့ပါပေါ့။ တကယ်တော့ သူတို့ပုံ လေး ငါးပုံလောက်ကင်မရာထဲမှာရှိနှင့်နေပြီပဲဟာ။
ဆားဘီးယားသမ္မတ ဘောရစ်တာဒစ်ခ်ျက “ယာဉ်အသွားအလာအထူထပ်ဆုံးနေရာဖြစ်တဲ့အတွက် ဒီတံတားကြီးကဖြေရှင်းပေးနိုင်ပါမယ်။ ကြီးမားတဲ့ဆောက်လုပ်ရေး၊ စီးပွားရေးအရ ကြိုးပမ်းအားထုတ်မှုတွေကြောင့် ဆားဘီးယားနိုင်ငံသားတွေ ဂုဏ်ယူသင့်ပါတယ်။ ဆားဘီးယားနိုင်ငံသားတွေနဲ့ ဒီဒေသတ၀ှမ်းလုံးအတွက်ကြီးကျယ်တဲ့အဖြစ်အပျက်ပဲ” လို့ သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။ တာဒစ်ခ်ျကတော့ လုပ်ကြံခံခဲ့ရတဲ့ ၀န်ကြီးချုပ်၊ ဒီမိုကရက်တစ်ပါတီခေါင်းဆောင် ဇိုရမ်ဂျစ်ဂျစ်ခ်ျနဲ့ မြို့တော်ဝန်ဟောင်း နဲ့နာဒ့်ဘောဂ့်ဒါနိုဗစ်ခ်ျ တို့ရဲ့ နာမည်ပါအောင် အမှတ်တရအဖြစ် “နဲ့နာဒ့်နဲ့ ဇိုရမ်တံတား” လို့ နာမည်ပေးချင်တယ်တဲ့။ အဲဒီနာမည်ပေးနိုင်ခဲ့ရင် သူသိပ်ပျော်မှာပဲလို့ဆိုပေမယ့် နိုင်ငံသားတွေအားလုံးကိုလည်း အကြံပြုချက်တွေတောင်းထားပါတယ်။ အာလုံးက ဘယ်လိုနာမည်ပေးချင်သလဲဆိုတာ ကျွန်တော်တို့ မေးသင့်ပါတယ် လို့ ပြောပါတယ်။           ။
Ref : http://en.wikipedia.org/wiki/Ada_Bridge

4 comments:

  1. ကမ္ဘာ့အမြင့်ဆုံး ကေဘယ်တံတား(ဆာဗာတံတား)နဲ့ ပတ်သက်တဲ့ ဗဟုသုတတွေယူသွားတယ် ဖြိုးဖြိုးရေ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  2. ချော(အစိမ်းရောင်လွင်ပြင်)August 14, 2011 at 7:33 PM

    ဝိုး တံတားကြီးက အကြီးကြီးဘဲ မိုက်လိုက်တာ
    မြန်မာပြည်မှာလဲ ဒီလိုလေး တစ်စင်းလောက် ဆောက်ပေးရင် ကောင်းမယ်နော် ဟင်းဟင်း မကြံကောင်းမစည်ရာများ ဖြစ်နေလေမလားမသိဘူး
    ဘာလို့မဖြစ်နီုင်ရမှာလဲနော် မြန်မာမှာ ဒီလောက်ပေါတဲ့ သယံဇာတနဲ့ ဒီလောက်ကောင်းတဲ့ အစိုးရနဲ့
    ဟင်းဟင်း

    ReplyDelete
  3. ခန့် ညားလိုက်ထှာ ရန်ကုန်လှိုင်သာယာ ဆက်သွယ်ထားတဲ့ အောင်ဇေယျ တံတားကြီးကျနေတာပဲ.... :D :D :D မြန်မာပြည်အတွက်ဆိုရင်တော့ တံတားတွေ လုံလောက်နေပါပြီ လမ်းတွေသာ တောင်နဲ့ မြောက် အရှေ့နဲ့  အနောက် နေ့ ခြင်းရောက်အောင် ဖောက်ပေးနိုင်ကြပါစေ လို့ ပဲ သမ္မကြီးကို ပြောရမှာ။ ဟုတ်တယ်ဟုတ် မဖြိုး

    စကားမစပ်။ အကြံပေးချက်ဝင်ရေးဖြစ်ခဲ့လား???

    ReplyDelete
  4. တစ်နေ့ ညမာပီမှာ ဒါမျိုးဆောက်ဖြစ်အောင် ဆောက်ဦးမယ်..ကြည့်နေ ......... ဟီးဟီး

    ReplyDelete