Wednesday, September 14, 2011

ဂဒါဖီ နဲ့ ဒဏ္ဍာရီတွေ

လစ်ဗျားနိုင်ငံရဲ့တော်လှန်ရေးအကြောင်းမှာ အငြင်းပွားဖွယ်ကိစ္စတွေ ရှိနေတယ်။ မှတ်ချက်တွေ အများကြီးပေးကြတယ်။ ဒဏ္ဍာရီတွေလို့ တင်စားပြောရမလိုပါပဲ။ လစ်ဗျားတော်လှန်ရေးနဲ့ ပတ်သတ်တဲ့ အဲဒီဒဏ္ဍာရီတွေပြန်ပြီးဆန်းစစ်ကြည့်တဲ့အခါမှာ အကျိုးသင့်အကြောင်းသင့် မှန်ကန်နေကြတယ်။ အကျိုးသင့်အကြောင်းသင့် မှားယွင်းနေကြတယ်။ စိတ်ဝင်စားဖွယ်ကောင်းလှပါတယ်။ လစ်ဗျာနိုင်ငံကြီးတည်ရှိမှု၊ လစ်ဗျားတော်လှန်ရေးပေါ်ထွက်လာမှုတွေမှာ ချန်လှပ်ထားလို့မရတဲ့ အာဏာရှင်ဂဒါဖီရဲ့ စိတ်ဝင်စားဖွယ် ဒဏ္ဍာရီတွေကို ဖတ်ကြည့်တဲ့အခါ -

ဒဏ္ဍာရီ ၁ - ဂဒါဖီရဲ့ ပြည်တွင်းမူဝါဒတွေကြောင့် သူဟာ တိုးတက်မှုတစ်ခုဖြစ်ခဲ့တယ်။
၁၉၇၀ခုနှစ်တွေထဲ လစ်ဗျားအခြေအနေကို ပြန်ကြည့်တဲ့အခါ ဂဒါဖီဟာ သဘောထားကြီးတဲ့လူ ဖြစ်ခဲ့ပါတယ်။ ရေနံကြွယ်ဝမှုတွေကို ပြည်သူပြည်သားတွေကို မျှဝေခံစားစေခဲ့တယ်။ လယ်သမားတွေအတွက် ထွန်စက်တွေဝယ်ယူဖြည့်တင်းပေးခဲ့တာက သဘောထားကြီးမှုတွေထဲက တစ်ခုပါ။ ပြီးခဲ့တဲ့ ဆယ်စုနှစ်နှစ်ခုစာလောက်မှာ စည်းမျဉ်းဥပဒေတွေ ပြောင်းလဲလာတယ်။ သူနဲ့နိုင်ငံရေးအရ အမြင်မတူသူတွေအများစုနေထိုင်ကြတဲ့ အနောက်တောင်ဘက်နဲ့ အရှေ့ဘက်က လူမျိုးစုတွေကို အာဃာတကြီးကြီးထားလာတယ်။
တိုင်းပြည်ရဲ့အရင်းအမြစ်တွေ ဝေငှစားသုံးခွင့်ပေးထားတာတွေကို ပြန်ပြီး ယူငင်သိမ်းဆည်းတော့တယ်။ ဆယ်စုနှစ်တစ်ခုခွဲလောက်မှာတော့ အဂတိလိုက်စားမှုတွေ အဆုံးစွန်ကျူးလွန်လာခဲ့တယ်။ ဆိုဗီယက်စတိုင်လ်အလွန်လို့ခေါ်ကြတဲ့ လူနည်းစုအစိုးရအဖွဲ့ဝင်တွေ အားကြီးလာတော့ ပြုမူလုပ်ကိုင်ကြသလိုပဲ ဂဒါဖီအပါအ၀င်၊ သူ့ရဲ့ သားတွေဟာ ရင်းနှီးမြှုပ်နှံမှုတွေကို မပြောမဆို ဖျက်သိမ်းကြတယ်။ တိုင်းပြည်စီးပွားရေးကို ပိုးစားခြကိုက်စေတယ်။ အလုပ်သမားတွေကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်တယ်။ အလုပ်သမားတွေဟာ သူတို့ရဲ့တိုးတက်မှုအတွက် ဈေးချိုတဲ့အရောင်းအ၀ယ်စာချုပ်တွေ၊ စုပေါင်းလုပ်ဆောင်မှုတွေ လုပ်လို့မရတော့ဘူး။ အဲဒါတွေက လစ်ဗျားမှာ ဆင်းရဲမွဲတေမှု ပိုပြီးဖြစ်လာစေပါတယ်။ ရေနံအရင်းအမြစ်ကြွယ်ဝတဲ့နိုင်ငံဖြစ်နေရဲ့သားနဲ့ လစ်ဗျားရဲ့ အခြေခံလူ့အဆောက်အဦးကြီး ယိုင်နဲ့လာခဲ့တယ်။

ဒဏ္ဍာရီ ၂ - ဂဒါဖီရဲ့ ပြည်ပမူဝါဒတွေကြောင့် သူဟာ တိုးတက်မှုတစ်ခုဖြစ်ခဲ့တယ်။
၁၉၇၀ခုနှစ်မှာ ဂဒါဖီအာဏာယူခဲ့တယ်။ ဆယ်စုနှစ်တွေမှာ ရာထူးအလုပ်အကိုင်တွေ ဒါမှမဟုတ် အဆင့်အတန်းအနေအထားတွေအတွက် လဲလှယ်ရောင်းဝယ်နေခဲ့ပါတယ်။ ကွာခြားချက်ကတော့ မကြာသေးတဲ့နှစ်တွေမှာ အာဖရိကမှာ ကြောက်လန့်စရာကောင်းတဲ့ အခန်းကဏ္ဍကနေ ပါဝင်ကစားလာတယ်။ ကြမ်းကြုတ်ရက်စက်တဲ့ အာဏာရှင်တွေကို ငွေကြေးထောက်ပံ့မှုတွေပေးတယ်။ ပျက်စီးခြင်းဦးတည်တဲ့စစ်ပွဲတွေကို အားပေးအားမြှောက်ပြုတယ်။ ဆွပေးတယ်။ ၁၉၉၆မှာ ပါလက်စတိုင်းလူမျိုးတွေကို ခုခံပြောဆိုသူလို့ထင်စရာဖြစ်လာပါတယ်။ အဲဒီလို ဆွပေးခဲ့တာကြောင့် နိုင်ငံမဲ့ ပါလက်စတိုင်းလူမျိုး သုံးသောင်းလောက် တိုင်းပြည်ကနေ နှင်ထုတ်ခံခဲ့ရတယ်။ နောက်ပိုင်း ခပ်အေးအေးနေလာခဲ့တာကြောင့် ဥရောပနဲ့ ယူအက်စ်က ပိတ်ဆို့မှုတွေ အဆုံးသတ်ပေးလိုက်ကြတယ်။  ဂျောခ်ျ့ဒဗလျူဘုရှ်၊ ဆီလ်ဗီယိုဘာလူစကိုနီနဲ့ တစ်ခြား လက်ယာသမား ခေါင်းဆောင်တွေနဲ့ ရင်းနှီးကျွမ်းဝင်ဖို့ စတင်ကြိုးပမ်းခဲ့ပါတယ်။ ဂဒါဖီရဲ့ကြိုးပမ်းမှုတွေအောင်မြင်သင့်သလောက် အောင်မြင်ခဲ့တယ်။ နေတိုးရဲ့ ကြားဝင်တိုက်ခိုက်မှုတစ်ကြိမ်ပြုလုပ်ခဲ့စဉ်က ဘာလူစကိုနီကတောင် သူ့ရဲ့ အီတလီဝန်ကြီးချုပ်ရာထူးကနေ နှုတ်ထွက်ဖို့အထိ ဆုံးဖြတ်လိုက်တယ်လို့ ပြောခဲ့ပါသေးတယ်။ ဂဒါဖီနဲ့ ပုဂ္ဂိုလ်ရေးနီးနီးစပ်စပ်ခင်မင်ကြောင်း ဘာလူစကိုနီပြသခဲ့တယ်။ အဲဒါတွေက တိုးတက်မှုတွေပါ။

ဒဏ္ဍာရီ ၃ - ဂဒါဖီက သူရဲ့စစ်တပ်ကို ဆန္ဒပြသူတွေနဲ့ တော်လှန်ရေးသမားတွေကို ဖြိုခွဲဖို့ စေလွှတ်ခဲ့တယ်။ အဲဒါသဘာဝပါပဲ။ တစ်ခြားတိုင်းပြည်တွေလည်း အတူတူပဲ။
မဟုတ်ပါဘူး။ ဒီလိုမလုပ်ကြပါဘူး။ ဒီအငြင်းအခုံကတော့ ကျပ်မပြည့်သူပြောတာပဲဖြစ်လိမ့်မယ်။ ဘာကြောင့်လည်းဆိုတော့ တူနီးရှန်းအရာရှိတပ်ဖွဲ့တွေက အာဏာရှင် ဇီးန်အဲလ်အာဘီဒီးန်ဘန်အာလီအတွက်နဲ့ တူနီးရှန်းလူအုပ်ထဲကိုပစ်ခတ်ဖို့ ငြင်းဆန်တယ်။ အီဂျစ်အရာရှိတွေလည်း ဟိုစနီမူဘာရတ်အတွက် အီဂျစ်လူစုလူဝေးထဲကိုပစ်ခတ်ဖို့ ငြင်းဆန်ကြတယ်။ လစ်ဗျားတပ်ဖွဲ့တွေကတော့ ပြည်သူတွေနဲ့ ငွေကြေးအတွက်ပဲအလုပ်လုပ်ကြတဲ့ ပရော်ဖက်ရှင်နယ်စစ်သားတွေရဲ့အဆက်အသွယ်ပြတ်တောက်ဖို့၊ စစ်တပ်ရာထူးအဆင့်ဆင့်မှာ ဂဒါဖီသားတွေနဲ့ မိတ်ဆွေသူငယ်ချင်းတွေပဲ ဗဟိုကနေချုပ်ကိုင်ထားနိုင်ဖို့အတွက် ဆန္ဒပြနေတဲ့လူစုလူဝေးတွေကြားထဲ ကြောက်လန့်စရာအကြမ်းဖက်မှုမျိုးတွေနဲ့ စိတ်ပါလက်ပါဝင်နွှဲခဲ့တယ်။ တိုက်ပွဲမှာ မပါဝင်သူတွေကိုပါဆန့်ကျင်ပြီး စစ်တပ်က တပ်တွေဖြန့်ကျက်ချထားတာဟာ စစ်ရာဇ၀တ်မှုပဲ။ စနစ်တကျ၊ အားလုံးသိမ်းကြုံးရှင်းလင်းတဲ့နည်းက လူသားမျိုးနွယ်ကို ဆန့်ကျင်တဲ့ရာဇ၀တ်မှုပါ။ ဂဒါဖီနဲ့ သူ့ရဲ့သားတွေဒီလို ပြစ်မှုမျိုးပြုလုပ်ဖို့ ကြိုးစားလာလိမ့်မယ်။ အဲဒါက တော်လှန်ရေးဖြစ်ပေါ်တတ်တဲ့ နိုင်ငံတွေရဲ့ သဘာဝ လုံးလုံးလျားလျားမဟုတ်ဘူး။

ဒဏ္ဍာရီ ၄ - တော်လှန်းရေးသမားတွေနဲ့ ဂဒါဖီစစ်တပ်အကြားက တိုက်ပွဲဟာ ရှည်ကြာတဲ့ ရှေ့မတိုးသာ၊ နောက်မဆုတ်သာ အခြေအနေမျိုးဖြစ်နေခဲ့တယ်။
အဲဒီလိုမဟုတ်ပါဘူး။ ရှေ့မတိုး၊ နောက်မဆုတ်အကြာကြီးဖြစ်နေခဲ့တဲ့ ပင်လယ်ကွေ့ထဲက ဘရက်ဂါမြို့လေးတွေမှာတောင် ဂဒါဖီတပ်သားတွေ လက်နက်ချခဲ့ကြပါပြီ။ ဒါပေမဲ့ လစ်ဗျားအနောက်မြောက်ပိုင်းက မီစရာတာနဲ့ အနီးပတ်ဝန်းကျင်၊ အနောက်တောင်တန်းဒေသတွေမှာတော့ အလှုပ်ရှားဆုံးစစ်ပွဲတွေဖြစ်ခဲ့တယ်။ ဒုတိယကမ္ဘာစစ်အတွင်းက နာဇီတပ်တွေကို ခံစစ်နဲ့ တိုက်ခိုက်အောင်မြင်ခဲ့တဲ့ နာမည်ကျော်တိုက်ပွဲ စတာလင်ဂရက်စတိုင်လ်အတိုင်းပဲ မီစရာတာတော်လှန်ရေးသမားတွေက ဂဒါဖီရဲ့ သံချပ်ကာတပ်သားတွေကို ခံစစ်နဲ့ ရုန်းကန်တိုက်ခိုက်ခဲ့ ကြတယ်။ နောက်ဆုံးမှာ နေတိုးအကူအညီနဲ့အတူ အောင်မြင်မှုရရှိခဲ့ကြတယ်။ ပြီးတော့ အနောက်ဘက် ထရီပိုလီမြို့ဆီ ဦးတည်ပြီး တဖြည်းဖြည်းချင်းတိုက်ခဲ့ကြပါတယ်။ အထူးခြားဆုံး တိုက်ပွဲတွေက ဘာဘာတောင်တန်းဒေသတစ်ဝိုက်က ပြင်းထန်တဲ့တိုက်ပွဲတွေပါ။ ဂဒါဖီတပ်သားတွေက အဲဒီဒေသက မြို့လေးတွေနဲ့ ရွာတွေကို အညှာအတာကင်းမဲ့စွာပဲ အမြောက်တွေနဲ့ ပစ်ခတ်ခဲ့တယ်။ တော်လှန်ရေးတပ်သားတွေက ဇါဗီယာနယ်ခံတွေရဲ့အကူအညီနဲ့ နောက်ဆုံး ဇါဗီယာဒေသကိုသိမ်းယူနိုင်ခဲ့ကြတယ်။ တူနီးရှားကနေ၀င်လာနိုင်တဲ့ ခဲယမ်းမီးကျောက်နဲ့ လောင်စာဆီတွေကို ထရီပိုလီကို မရောက်နိုင်အောင် ဖြတ်တောက်နိုင်ခဲ့ကြတယ်။ ပြီးတော့ ထရီပိုလီကို သိမ်းပိုက်နိုင်ခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ ဧပြီလကတည်းက မှန်မှန်တိုက်ခိုက်ခဲ့တဲ့ လှုပ်ရှားမှုတွေဟာ မီစရာတာကနေ စတင်ခဲ့ပြီး အနောက်ဘက်တောင်တန်းဒေသတွေမှာ အဆုံးသတ်သွားခဲ့ပါတယ်။ ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေမျိုးတွေ ဘယ်တုန်းကမှ မဖြစ်ခဲ့ပါဘူး။

ဒဏ္ဍာရီ ၅ - လစ်ဗျားတော်လှန်ရေးဟာ ပြည်တွင်းစစ်ပါ။
မဟုတ်ပါဘူး။ နိုင်ငံရေးအယူအဆမတူတဲ့ အုပ်စုကြီးနှစ်စုကြားဖြစ်ပွားတဲ့ တိုက်ခိုက်မှုကို ပြည်တွင်းစစ်လို့ အဓိပ္ပါယ်ဖွင့်ရမှာပါ။ ၂၀၀၆ က ဘက်ဂ်ဒက်မှာဖြစ်ပွားခဲ့သလို ပြည်သူပြည်သားတွေနဲ့ပတ်သက်ပြီး အချင်းချင်းအကြမ်းဖက်တိုက်ခိုက်ကြတာမျိုး လစ်ဗျားမှာမရှိခဲ့ပါဘူး။ လစ်ဗျားတော်လှန်ရေးက ပြည်သူတွေရဲ့ငြိမ်းချမ်းတဲ့ဆန္ဒပြပွဲတွေကနေ စတင်လာခဲ့တာပါ။ မြို့ပြလူထုက အမြောက်တပ်၊ တင့်ကား၊ အမြောက်နဲ့ ဗုံးအကာအရံတွေကို သိမ်းယူနိုင်တဲ့အခါမှ တော်လှန်ရေးသမားတွေက လက်နက်စွဲကိုင်လာကြတာ။ တိုက်ခိုက်မှုတွေစတင်ကြတော့ ဗော်လန်တီယာတိုက်ခိုက်ရေးသမားတွေက လေ့ကျင့်ထားတဲ့ ကြေးစားတပ်သားတွေရဲ့ အားကိုပါယူပြီး သူတို့မြို့တော်ကိုကိုယ်စားပြုတိုက်ခိုက်ကြတယ်။ အဲဒါက တော်လှန်ရေးတစ်ခုပါ။ ပြည်တွင်းစစ်တစ်ခုမဟုတ်ပါဘူး။ တောင်ဘက်ကမ်းရိုးတန်းမြို့တော် စာတီနဲ့အနီးတ၀ိုက်မှာသာ ဂဒါဖီသစ္စာခံလူထုက တော်လှန်ရေးသမားတွေကို ဆန့်ကျင်တိုက်ခိုက်တာတွေဖြစ်ခဲ့ကြတယ်။ အဲဒီလက်တစ်ဆုပ်စာ ပြည်သူပြည်သားအချင်းချင်း တိုက်ခိုက်မှုကို ပုံကြီးချဲ့ပြီး ပြည်တွင်းစစ်လို့ပြောရင် အမှားအယွင်းဖြစ်မှာပဲ။ ဂဒါဖီထောက်ပံ့ပေးနိုင်တဲ့စစ်တပ်က အင်မတန်နယ်ကျဉ်းသွားခဲ့ပါပြီ။

ဒဏ္ဍာရီ ၆ - လစ်ဗျားက တကယ်တော့ တိုင်းပြည်အစစ်တစ်ခုမဟုတ်ဘူး။ အရှေ့နဲ့အနောက် ကြား နယ်မြေပြိုကွဲနိုင်တယ်။
ကမ္ဘာကြီးတောင်ဘက်ပိုင်းဟာ အတုအယောင်တိုင်းပြည်တွေ၊ အစိတ်အစိတ်အမွှာမွှာကွဲနိုင်တဲ့ အနားသတ်လေးမှာရှိနေကြတဲ့ ဒေသတွေလို့ အနောက်ကသုတေသနသမားတွေပြောနေတဲ့ အယူအဆကိုနားမလည်ပါဘူး။ ဒီလိုသာဆို တိုင်းပြည်တိုင်းက  အတုအယောင်တွေဖြစ်မှာပဲ။ နိုင်ငံရေးသိပ္ပံ၊ သမိုင်းဆိုင်ရာပရော်ဖက်ဆာ ဘန်နီဒစ်အန်ဒါဆန် ရဲ့သုတေသနမှာ ပြောထားတယ်။ ပြည်နယ်တွေက ၁၇၀၀ခုနှစ်တွေမှာပေါ်ပေါက်လာတယ်တဲ့။ ပေါ်ပေါက်လာတဲ့ပြည်နယ်တွေမှာ လူမျိုးတွေအများကြီးရှိနေတယ်။ သက်တမ်းရှည်လူမျိုးစုတွေက အမျိုးသားဝါဒစွဲတွေပြင်းထန်ပြီး အတူတူစုပေါင်းနေဖို့ ခက်ခဲလာကြတယ်။ စပိန်နိုင်ငံအတွင်းမှာ ရှိနေကြတဲ့ ကက်တလန်(Catalan)လူမျိုးစုတွေနဲ့ ဘက်စ်က်(Basque)လူမျိုးစုတွေက ၀ါဒစွဲတွေကြောင့် စပိန်နိုင်ငံတွင်းမှာ နေထိုင်ဖို့ မလွယ်ကူတော့ဘူး။ စကော့လူမျိုးတွေလည်း ဗြိတိန်ကနေထွက်ပြေးနိုင်ကြတာပဲ။ အဲဒီလိုအဖြစ်မျိုးတွေနဲ့ ကွဲပြားတာက လစ်ဗျားမှာ နယ်မြေခွဲထွက်ဖို့ လှုပ်ရှားတဲ့လူမျိုးစုတွေမရှိဘူး။ ၀ါဒစွဲကွဲပြားတဲ့ လူမျိုးစုတွေမရှိပဲ လူမျိုးတစ်မျိုးအနေနဲ့ပဲ ရပ်တည်ကြတယ်။ လူတိုင်းက အာရေဗျဘာသာစကားပဲ ပြောကြတယ်။ “ဘာဘာ”မြောက်အာဖရိက တိုင်းရင်းသားတွေလည်း အာရေဗျစကားကိုပဲပြောကြတာပဲ။ ဘာဘာတွေလည်း တော်လှန်ရေးထဲက လစ်ဗျားသူရဲကောင်းတွေ ဖြစ်ခဲ့ကြပါတယ်။ တော်လှန်ရေးကိုစတင်ခဲ့ကြတဲ့ မျိုးဆက်သစ်လူငယ်လေးတွေက ကျောင်းသားတွေ။ လစ်ဗျားနိုင်ငံကို ခိုင်ခိုင်မာမာသစ္စာခံထားတဲ့အသိမျိုး ရှိခဲ့ကြတဲ့သူတွေပါ။ တော်လှန်ရေးတစ်လျှောက်လုံး လစ်ဗျားရဲ့ဒုတိယအကြီးဆုံးမြို့တော် ဘန်ဂါဇီမြို့သားတွေကလည်း ထရီပိုလီကိုပဲ မြို့တော်အဖြစ်ဆက်ပြီးထားဖို့ တိုက်တွန်းနေခဲ့ကြတယ်။ ၁၉၈၉နောက်ပိုင်း ဘဲလ်ကန်ဒေသအဖြစ်အပျက်တွေလို အာဏာရှင်တွေကျဆုံးပြီးတဲ့အခါ နယ်မြေတွေ အစိတ်စိတ်အပိုင်းပိုင်းကွဲထွက်ကုန်မှာပဲလို့ အနောက်နိုင်ငံသားတွေက ထင်မြင်နေကြတယ်။ ဒါပေမဲ့ ခေတ်ပြိုင်အာရပ်ကမ္ဘာမှာတော့ အလားတူကိစ္စမျိုးမဟုတ်ပါဘူး။

ဒဏ္ဍာရီ ၇ - တော်လှန်ရေးအောင်မြင်စေဖို့ နေတိုးခြေလျင်တပ်တွေ လစ်ဗျားမြေပေါ်မှာရှိခဲ့ကြတယ်။
အမေရိကန်နိုင်ငံရေးစာနယ်ဇင်းသမားကြီး ကော့ခ်ဘန်း(Cock Burn) ကနေ ရှေးရိုးစွဲကွန်ဆာဗေးတစ်အမြင်ရှိနေတဲ့ အမေရိကန်စာရေးဆရာ မက်က်စ်ဘွတ်ထ်(Max Boot)အထိ လူတိုင်းက ဒီစိတ်ကူးအတိုင်းပြောနေကြတယ်။ ဒါပေမဲ့ လစ်ဗျားမှာ နိုင်ငံခြားခြေလျှင်တပ်သားတွေ ရှိမနေကြပါဘူး။ ရှိလာမယ့် အလားအလားလည်းမရှိပါဘူး။ လစ်ဗျားတွေဟာ မျိုးချစ်စိတ်အင်မတန်ပြင်းတယ်။ အစကတည်းက သူတို့ အရှင်းဆုံးပုံစံနဲ့ပဲ တော်လှန်ရေးကို စခဲ့ကြတာပါ။ မြေပေါ်မှာ နေတိုးအထူးတပ်သားအချို့ ရှိနေပါတယ်။ အရေအတွက်ကတော့ နည်းပါတယ်။ တော်လှန်ရေးသမားတွေရဲ့နောက်ကွယ်က အခြေအနေတွေ ဆက်သွယ်ပေးပို့ရုံပါပဲ။ ကျူးကျော်နိုင်လောက်တဲ့အင်အား၊ အရေအတွက်မျိုးမရှိဘူး။ လစ်ဗျားပြည်သူတွေရဲ့ တော်လှန်ရေးအောင်မြင်ဖို့ နိုင်ငံခြားခြေလျှင်တပ်သားတွေ ဘယ်တော့မှ မလိုအပ်ပါဘူး။


ဒဏ္ဍာရီ ၈ - ယူအက်စ်က စစ်ပွဲကို ဦးဆောင်ခဲ့တယ်။
ဒီစွပ်စွဲချက်အတွက် ဘာအထောက်အထားမှ မရှိပါဘူး။ နေတိုးအဖွဲ့ဝင်တွေဖြစ်တဲ့ ပြင်သစ်နဲ့ ဗြိတိန်တို့နဲ့ ပူးပေါင်းပြီး တပ်သားတွေလွှတ်ဖို့ ယူအက်စ်က ငြင်းပယ်ခဲ့တာဟုတ်မဟုတ်၊ အမေရိကန်သတင်းသမား ဂလန်းဂရီးန်ဝဲလ်ဒ်(Gleen Greenwald) ကို မေးမြန်းခဲ့ပါတယ်။ သူ ပြောတာက ယူအက်စ်ကသာ ကြားဝင်အရေးယူဖို့ပထမနေရာက တိုက်တွန်းခဲ့တာမဟုတ်ဘူးဆိုရင် နေတိုးက ဘယ်တော့မှ အရှေ့ထွက်လာမှာမဟုတ်ဘူးတဲ့။ မစ္စတာဂရီးန်ဝဲလ်ဒ်ရဲ့ အဆင့်မြင့်နိုင်ငံရေးအယူအဆတွေနဲ့ ရင်းနှီးနေတာတောင် ဒီအချက်ကတော့ အထောက်အထားမခိုင်လုံပဲ ၀ါဒစွဲနဲ့ပြောလိုက်တဲ့အဖြေ ဖြစ်နေတယ်လို့ထင်မိတယ်။ မက်ကလက်ချီ(The McClatchy) ရဲ့ သတင်းစာတွေကလာတဲ့ သတင်းအရဆိုရင် ပန်တဂွန်၊ ကာကွယ်ရေးဌာနအတွင်းရေးမှူး ရောဘတ်ဂိတ်ထ်စ်နဲ့ သမ္မတအိုဘားမားတို့က မူဆလင်ကမ္ဘာမှာ နောက်ထပ်စစ်ပွဲတစ်ပွဲ ဆင်နွှဲရမှာကို အလွန်အမင်း စိတ်မပါလက်မပါဖြစ်နေကြတယ်လို့ ဆိုတယ်။ ဒါဆိုရင်ထင်ရှားပါတယ်။ ပြင်သစ်နဲ့ ဗြိတိန်တို့က ကြားဝင်အရေးယူတိုက်ခိုက်တာကို ဦးဆောင်ခဲ့တာပါ။ ဘာကြောင့်လည်းဆိုတော့ လစ်ဗျားမှာ ဂဒါဖီနဲ့ အတိုက်အခံတွေရဲ့ တိုက်ပွဲနှစ်တွေရှည်ကြာလာမယ်ဆိုရင် အခြေအနေတွေ ပြောင်းပြန်ပြောင်းလဲသွားနိုင်တယ်။ အယ်ကေးဒါးတွေအတွက် တံခါးပေါက်ဖွင့်ပေးလိုက်သလို ဖြစ်လာနိုင်တယ်။ ခြိမ်းခြောက်မှုတွေ ဥရောပက ရင်ဆိုင်ရနိုင်တယ်လို့ သူတို့က ယုံကြည်ကြလို့ပါ။ အနောက်ဥရောပက လှုပ်ရှားမှုတွေ ဘယ်လိုပဲဖြစ်နေပါစေ၊ သူတို့ကိုယ်တိုင်ကိုယ်က အဆုံးအဖြတ်ပေးမယ့်အချိန် ရောက်နေကြပါပြီ။ ဒီတိုက်ခိုက်မှုမှာ အိုဘားမားအစိုးရအဖွဲ့က ဂျူနီယာသဘောနဲ့ ပါလာတာပါ။

ဒဏ္ဍာရီ ၉ -  သူ့ကို အံတုခဲ့သူတွေကို အရှေ့ဘက်ပိုင်းမြို့တော်တွေမှာ တပ်သားအစုံနဲ့ လျှင်လျှင်မြန်မြန်လိုက်လံဖမ်းဆီးဖို့သာ ခွင့်ပြုခဲ့မယ်ဆိုရင်၊ ဘန်ဂါဇီ၊ ဒဲနာ၊ အယ်လ်ဘေဒါနဲ့ တိုဘရတ်ခ်တို့မှာ အတိုက်အခံတွေအများကြီးပဲ။ ဒါပေမဲ့ ဂဒါဖီက မဖမ်းဆီးခဲ့ဘူး။ မသတ်ခဲ့ပါဘူး။ အကျဉ်းချမထားခဲ့ပါဘူး။
ဒါပေမဲ့ ဇါဗီယာ၊ တ၀ါဂါ၊ မီစရာတာနဲ့ တစ်ခြားနေရာတွေမှာ သူဘယ်လိုကြမ်းကြမ်းတမ်းတမ်း ပြုမူခဲ့တယ်ဆိုတာ ဥပမာတွေ အများကြီးပါ။ ပြီးခဲ့တဲ့ဧပြီလမှာ မီစထရာတာတစ်ဝိုက်ဒေသခံတွေပါ အရောရောအထွေးထွေး အမြောက်နဲ့ပစ်ခတ် တိုက်ခိုက်တုန်းက လူပေါင်း ၁၀၀၀ ကနေ ၂၀၀၀ခန့် သေဆုံးခဲ့ကြတယ်။ အဲဒီတိုက်ခိုက်မှုတွေ တစ်နွေတွင်းလုံးဖြစ်ခဲ့ကြတာ။ လူပေါင်း၁၅၀လောက်ရှိတဲ့ ဂဒါဖီသတ်ဖြတ်မြှပ်နှံထားခဲ့တဲ့ လူအစုအပုံတစ်ခုရှာတွေ့ခဲ့ကြသေးတယ်။ ဇါဗီယာနဲ့ အနောက်ဘက်ဒေသတွေက ကြောက်မက်ဖွယ်ရာအဖြစ်အပျက်တွေ အကုန်လုံး ပေါ်ထွက်လာတော့မယ်။ ဒါပေမဲ့ စိတ်ချမ်းသာစရာတော့ကောင်းမှာ မဟုတ်ဘူး။ အတိုက်အခံတွေက ဂဒါဖီတပ်သားတွေဟာ လူပေါင်းတစ်သောင်းအထက် သတ်ဖြတ်ခဲ့ကြတယ်လို့ အခိုင်အမာပြောဆိုကြတယ်။ ပြည်သူ့ကျန်းမာရေးလေ့လာတဲ့အစုအဖွဲ့တွေက နောက်ဆုံးမှာ ဒီပြဿနာကိုကျေအေးလိုက်ကြမှာပဲ။ ဒါပေမဲ့ ဂဒါဖီဘာတွေလုပ်နိုင်ခဲ့တယ်ဆိုတာ အတိအကျသိကြပါတယ်။

ဒဏ္ဍာရီ ၁၀ - ဒီစစ်ပွဲဟာ လစ်ဗျားရဲ့ ရေနံအတွက်ဖြစ်ခဲ့ကြတာပါ။
ဒါ ရူးကြောင်ကြောင်နိုင်တဲ့အယူအဆပဲ။ လစ်ဗျားက အပြည်ပြည်ဆိုင်ရာရေနံဈေးကွက်စုစည်းထားပြီးပါပြီ။ ဗြိတိန်အခြေစိုက်ရေနံကုမ္ပဏီ BP နဲ့၊ အီတလီရေနံကုမ္ပဏီ ENI တို့လို ကုမ္ပဏီကြီးတွေနဲ့ အမှာစာဘီလီယံနဲ့ချီပြီး အလုပ်လုပ်ခဲ့တယ်။ တစ်ခြား ရေနံကုမ္ပဏီတွေနဲ့လည်း ဆက်သွယ်ရောင်းဝယ်မှုတွေ ရှိပါတယ်။ ဘယ်ကုမ္ပဏီကမှ သူတို့အရောင်းအ၀ယ်စာချုပ်ကို လက်မှတ်ထိုးပေးခဲ့တဲ့သူ၊ အာဏာရှင်ပဲဖြစ်နေပါစေ အန္တရာယ်ကျရောက်မှာ မမြင်ချင်ကြဘူး။ စစ်ပွဲလွန်အီရတ်ရေနံအရောင်းအ၀ယ်တွေနဲ့ သူတို့မကြာခဏယဉ်ပြိုင်ရတာတွေရှိတယ်။ လစ်ဗျားတော်လှန်ရေးကြောင့် ENI အကျိုးအမြတ်တွေထိခိုက်ပါတယ်။ ပြင်သစ်ကုမ္ပဏီ- Total S.A. နဲ့ စပိန်ကုမ္ပဏီ Repsol တို့လည်း ထိခိုက်မှုတွေရှိကြတယ်။ နေတိုးတိုက်ခိုက်မှုကြောင့် လစ်ဗျားရေနံဈေးကွက်ပျက်ရင် ရေနံဈေးတွေတက်လာနိုင်တယ်။ အနောက်နိုင်ငံခေါင်းဆောင်တွေ အထူးသဖြင့် စီးပွားရေးအန္တရာယ်ကြုံနေရတဲ့ ဘားရက်အိုဘားမားအတွက် စွမ်းအင်လောင်စာဆီဈေးနှုန်းမြင့်တက်မှုဟာ စီးပွားရေးအကျပ်အတည်းပြဿနာကို ပိုပြီးကြာရှည်နိုင်စေတယ်။ ကြားဝင်တိုက်ခိုက်မှုနောက်ပိုင်းမှာ ၀င်ရောက်စွက်ဖက်တာတွေရှိလာရင်၊ နယ်ချဲ့ဝါဒအတွက် စီးပွားရေးအငြင်းအခုံတွေဖြစ်ကြမှာပါပဲ။ ဒါပေမဲ့ ဒီကိစ္စဟာ ဘာသက်သေအထောက်အထားမှ မရှိပါဘူး။ လစ်ဗျားနိုင်ငံရဲ့ရေနံအတွက် နွှဲတဲ့စစ်ပွဲဆိုတာ လုပ်ကြံတဲ့အယူအဆသာလျှင် ဖြစ်ပါတယ်။            ။

Source : http://globalpublicsquare.blogs.cnn.com
(အမေရိကန်သမိုင်းဆရာ Juan Cole ရဲ့Top ten myths about the Libya war)

6 comments:

  1. ဟုတ်ပဟုတ်ပ အမြင်နဲ့ထပ်တူထပ်မျှပါဗျာ။

    ReplyDelete
  2. ရောက်တယ်..
    ဖတ်တယ်...
    အခုမှ ဘလော့လစ်စ် ပြန်ထည့်မှ လာလည်ဖြစ်တော့မယ်..။

    ReplyDelete
  3. ဘယ်တိုင်းပြည်မှာမဆို အာဏာရှင်တွေရဲ့ အတ္တတွေကြောင့်စတေးခံရသူတွေက ပြည်သူတွေပဲနော်။ သူတို့ရဲ့ အဆုံးသတ်နိဂုံးတွေကလည်း အမြဲတမ်း အကျည်းတန်လှပါတယ်။

    ReplyDelete
  4. ချော(အစိမ်းရောင်လွင်ပြင်)September 15, 2011 at 7:16 AM

    ဂဒါဖီရဲ့ ဘော်ဒီဂတ်တွေ မိုက်တယ်နော်
    မြန်မာပြည်က လူကြီးတွေ အတုခိုးဦးမလာားမသိဘူးး)
    နောက်ဆုံးတော့ အာဏာရှင်စနစ်အဆုံးသတ်ပြီပေါ့
    တစ်ဦးတည်းက ချုပ်ကိုင်ထားတဲ့ အာဏာရှင်စနစ်တွေ
    အတုအယောင်စနစ်တွေ ချုပ်ငြိမ်းသင့်ပါပြီ

    ReplyDelete
  5. မဖြိုး

    ကြိုက်တယ် ဒီပို့စ်မျိုးတအာြးိကိုက်လို့ပြောဖူးတယ်နော်
    တစ်အားကြိုက် ဘာသာပြန်ကိုဖတ်ရတာ သက်သာတယ်း)
    ကျေးဇူးနော်

    ကြည်ကြည့် ဘလော့ကို ဒိုမိန်းပြောင်းထားလို့ ဖွင့်မရဖြစ်နေသေးအုန်းမယ်း)


    ကြည်ကြည်

    ReplyDelete
  6. ဒီလိုပို့စ်မျိုး ကြိုက်တယ်။ ဘာသာပြန်တာ အရမ်းကောင်းတယ်။ ပေါ့ပေါ့ပါးပါး ဖြစ်သွားတယ်။

    ReplyDelete