Thursday, September 1, 2011

ဂဒါဖီဘယ်မှာပုန်းနေသလဲ

ဗိုလ်မှူးကြီးမိုမာဂဒါဖီိကို အမဲလိုက်သလို လိုက်လံရှာဖွေနေကြတဲ့ နေတိုးတပ်ဖွဲ့အပါအ၀င် လစ်ဗျား သူပုန်တွေဟာ အချိန်တွေ အကြာကြီး စောင့်ဆိုင်းမနေရဖို့ မျှော်လင့်နေကြပါတယ်။ အချိန်မယူရပဲနဲ့ ဂဒါဖီကိုဖမ်းမိနိုင်အောင် အထူးတပ်ဖွဲ့တွေဖြန့်ကျက်ချထားလိုက်မယ်လို့ ယူကေ ကာကွယ်ရေး အတွင်းရေးမှူး လီယန်ဖောက်က်စ်က အတည်ပြု ပြောကြားခဲ့တယ်။ မြေပြင်ပေါ်မှာ လွှတ်ထားတဲ့ အေးဂျင့်တွေက နောက်ဆုံးရ သတင်းပေးပို့ချက်၊ ကောလဟာလတွေပါမကျန် အားလုံးကို နားစွင့် နေကြတယ်။ ဂြိုဟ်တုတွေကနေလည်း သဲကန္တာရထဲမှာ ပုံမှန်မဟုတ်နိုင်တဲ့လှုပ်ရှားသွားလာတဲ့ အစုအဖွဲ့တွေကို စောင့်ကြည့်နေပါတယ်။ ဂဒါဖီကို ထောက်ပံ့သူတွေနဲ့ ဂဒါဖီဆက်သွယ်မှု ရှိလာခဲ့ရင် သိနိုင်အောင် ဆက်သွယ်ပြောဆိုမှုတွေကိုလည်း ကြားဖြတ် စာင့်ကြပ်ကြည့်ရှုနေကြတယ်။ ယူကေက စေလွှတ်ထားတဲ့ ဗြိတိသျှစစ်တပ်ရဲ့ Special Air Service (SAS) က မြေပြင်ပေါ်ရှာဖွေမှုအကူအညီအတွက် အမိန့်ပေးထားပြီးပြီဆိုတဲ့ သတင်းတွေကိုတော့ မစ္စတာဖောက်က်စ်က ငြင်းဆန်ခဲ့ပါတယ်။

သဲလွန်စတွေက ဂဒါဖီကိုရှာတွေနိုင်ဖို့ အကောင်းဆုံးမျှော်လင့်ချက်ဖြစ်နေပါတယ်။ ပြီးခဲ့တဲ့ရက်သတ္တပတ်အစောပိုင်းကထွက်ပေါ်လာတဲ့ ကာနယ်ဂဒါဖီပေးပို့လိုက်တဲ့သတင်းကနေရနိုင်မယ့် သဲလွန်စမှန်သမျှဆွဲထုတ်ယူဖို့ ကြိုးစားနေကြတယ်။ ဂဒါဖီက ထရီပိုလီရဲ့လမ်းတွေပေါ် လှို့ဝှက်စွာ ပေါ်ထွက်လာနိုင်တယ်လို့ ပြောပါတယ်။ အဲဒါအမှန်ပဲလို့ တပ်အပ်မပြောနိုင်ကြပါဘူး။ ဂဒါဖီဟာ ထရီပိုလီ အနီးတစ်ဝိုက်မှာ ဒါမှမဟုတ် ထရီပိုလီထဲမှာပဲ ရှိနိုင်တယ် လို့ တော်လှန်သူတွေက ပြောဆိုနေကြတယ်။ သူရဲ့နောက်ဆုံး ရပ်တည်မှုအတွက် မွေးရပ်ဇာတိ စာတီ (Sirte) ကို ရွေးလိမ့်မယ်လို့လည်း မှန်းဆနေကြတာတွေရှိပါတယ်။ တစ်ချို့က ထရီပိုလီမြို့တော်ထဲက တိတ်တဆိတ် ထွက်ခွာနိုင်ဖို့အတွက် မြေအောက်ဥမင်လိုဏ်ခေါင်းတွေ အသုံးပြုလိမ့်မယ်လို့လည်း ဆိုကြတယ်။ တစ်ချို့ယုံကြည်ကြတာက လစ်ဗျားတောင်ပိုင်းက ဂဒါဖီကိုစာနာသနားနေကြတဲ့ လူမျိုးစုတွေရှိရာဆီကို ဦးတည် ထွက်ပြေးနိုင်သေးတယ်တဲ့။ အခုတော့ အာဏာရှင်ဂဒါဖီရဲ့ မြေအောက်ဥမင် လိုဏ်ခေါင်းတွေ အကြောင်း လစ်ဗျားအပြင်ဘက်ကမ္ဘာက ပထမဆုံးသိလိုက်ရပါပြီ။

သူပုန်တွေက ဂဒါဖီရဲ့အခိုင်အခံ့ဆောက်ထားတဲ့ အဆောက်အဦးအောက်က ဥမင်ကွန်ယက်အတွင်း ၀င်ရောက်နိုင်ခဲ့ကြပါတယ်။ မြို့တော်ရဲ့ နေရာအနှံ့အပြားကို သွားလာနိုင်တဲ့ ဥမင်လိုက်ခေါင်းတွေဟာ ကြီးမားလှတဲ့ ၀င်္ကပါကြီးတစ်ခုလို တည်ရှိ နေတာကို တွေ့ရှိခဲ့ကြတယ်။ သတင်းထောက် အချို့လည်း ၀င်ရောက်နိုင်ခဲ့ကြတယ်။ သတင်းထောက်တစ်ဦးက “ဘက်ဘ်-အယ်လ်-အဇီဇီးရား အိမ်တော်အောက်ခြေကဥမင်လိုဏ်တစ်ခုထဲကို ကျွန်တော်တို့သတိနဲ့ ဆင်းလိုက်ကြပါတယ်။ မှောင်မဲနေတဲ့ မြေအောက်ကမ္ဘာကြီးထဲကို ရောက်သွားပြီးတဲ့အခါ ကွန်ယက် လိုဏ်ခေါင်းတွေ အများကြီးရှိတဲ့ ၀င်္ကပါတစ်ခုကို ကျွန်တော်တို့ ရှာဖွေ တွေ့ခဲ့ကြတယ်”လို့ ပြောပါတယ်။  ဥမင်တွေထဲမှာ ယဉ်ငယ်လေးတွေ သွားလာနိုင်လောက်အောင် ကျယ်ပြီး ဂေါဖ့်ကွင်းသုံး ဗာဂီရထားမျိုးတွေလည်း စွန့်ပစ် ထားတာ တွေ့ခဲ့ကြတယ်။ တစ်ချို့ကော်ရစ်ဒါတွေမှာ ဗုံးဒဏ်ခံနိုင်တဲ့ အကာအရံတွေထပ်ဆင်ထားပြီး ဘဏ်ဆက်သွယ်ရေး တယ်လီဖုန်းအပါအ၀င် အဆင့်မြင့်ဆက်သွယ်ရေး ပစ္စည်းတွေလည်း ပြည့်သိပ်နေတယ်လို့ဆိုတယ်။ တစ်ချို့အခန်းတွေမှာ ဖိုင်နဲ့ မှတ်တမ်းအချက်အလက် စာရွက်စာတမ်းတွေ အဆင့်ဆင့်ထားရှိပြီး အစားအသောက်နဲ့ရေ ထောက်ပံ့သိုလှောင်တဲ့ အခန်းတွေလည်း တွေ့ခဲ့ကြတယ်။ သူပုန်တွေက အာဏာရှင်ကြီးဂဒါဖီကို စမ်းတ၀ါးဝါးရှာဖွေနေစဉ်မှာ ဂဒါဖီနဲ့သစ္စာတော်ခံ အသေခံတပ်သားတွေက ဒီဥမင်လိုဏ်ခေါင်းတွေမှာ ရက်သတ္တအတော်ကြာ ပုန်းအောင်နေနိုင်ခဲ့ဟန်တူပါတယ်။ ဂဒါဖီရဲ့ ခြေရာလက်ရာမတွေ့ရပေမဲ့ ရန်သူတွေလက်က အစီအစဉ်တကျ ရှောင်တိမ်းနိုင်အောင် ကြိုတင်စီစဉ်ထားပုံကို သိရှိခဲ့ကြတယ်။ နျူကလီးယား ဒါမှမဟုတ် ဓါတုလက်နက်တွေနဲ့တိုက်ခိုက်လာတဲ့အခါ ကာကွယ်နိုင်မယ့် အရံအတားတွေလည်းပြုလုပ်ထားတယ်။

ဓါတ်ငွေ့ကာမျက်နှာဖုံးတွေနဲ့လက်နက်တွေသိုလှောင်ထားတဲ့အခန်းတွေကိုလည်း တွေ့ခဲ့ကြပါသေးတယ်။ ဥမင်လိုဏ်ခေါင်းတွေကို ဘယ်လောက်ဆန့်ထွက်တည်ဆောက်ထားသလဲဆိုတာကိုတော့ ခုထိ မသိနိုင်ကြသေးပါဘူး။ ပလူပျံနေတဲ့ ကောလဟာလတွေထဲမှာ အဲဒီလိုဏ်ခေါင်းတွေဟာ ကမ်းရိုးတန်းအထိ ဦးတည်ထားတယ်။ လေဆိပ်အထိရောက်နိုင်တယ်လို့ ပြောနေကြပါတယ်။ ဥမင်တွေထဲကတစ်ခုဆိုရင် အိမ်တော်ကနေ အစောပိုင်းဂဒါဖီတပ်ဖွဲ့တွေခေါင်းမာမာနဲ့ ခုခံနေခဲ့ကြတဲ့နေရာအနီးက ရီဇော့စ်ဟိုတယ် (Rixos Hotel) အထိ တိုက်ရိုက်သွားနိုင်တယ်လို့ ဆိုတယ်။ ကော်ရစ်ဒါတွေမှာမြေမျက်နှာပြင်ပေါ်တက်နိုင်တဲ့ ရိုးရိုးလှေကား ဒါမှမဟုတ် ကြောင်လိမ်လှေကားတွေ ရှိနေကြတယ်။ ဂဒါဖီက သူအုပ်ချုပ်တဲ့ သက်တမ်းတစ်လျှောက် ထရီပိုလီမြို့တော်တစ်ဝိုက် မကြေညာပဲ ရုတ်တရက်ထွက်ပေါ်ပြီး မိန့်ခွန်းတွေ ပြောကြားရာမှာ အဲဒီဥမင်လှေကားတွေအသုံးပြုခဲ့ပါတယ်။

ဥမင်လိုဏ်ခေါင်းဆောက်လုပ်မှုကို အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေးမပြေလည်ခဲ့ပဲ တသီးတခြားဖြစ်လာခဲ့တဲ့အချိန် ၁၉၈၀ခုနှစ်မှာ စတင်ခဲ့တယ်။ အနောက်ဘာလင်မှာ ဖြစ်ပွားခဲ့တဲ့ နိုက်ကလပ်အကြမ်းဖက် တိုက်ခိုက်မှုမှာ လစ်ဗျား ပါဝင်ပတ်သက်မှု ရှိခဲ့တာကို လက်တုံပြန်တဲ့သဘောနဲ့ ဂဒါဖီရဲ့ ဘက်ဘ်-အယ်လ်-အဇီဇီးရားအိမ်တော်ကို ၁၉၈၆မှာ ယူအက်စ်က လေကြောင်းနဲ့ဗုံးကျဲတိုက်ခိုက်ခဲ့ဖူးပါတယ်။ တိုက်ခိုက်မှုပြီးတဲ့နောက် အနာဂါတ်မှာ ကြုံတွေ့လာနိုင်တဲ့ တိုက်ခိုက်မှုတွေကနေ မိသားစုလိုက် ရှောင်တိမ်းနိုင်အောင် မြေအောက်ဥမင်လိုဏ် ကွန်ယက်အကြီးစားတည်ဆောက်ဖို့ ဂဒါဖီက အမိန့်ပေးခဲ့တယ်လို့ ယူဆနေကြတယ်။ ဂဒါဖီကြိုတင် စီစဉ်ထားခဲ့သလို ဥမင်လိုဏ်ခေါင်းတွေကနေ ရှောင်တိမ်းလွတ်မြောက်သွားခဲ့ပြီဆိုရင်တော့ လစ်ဗျား အာဏာရှင်ကြီးရဲ့ အောင်မြင်မှုကို ဖျက်စီးဖို့ ပိုပြီးခက်ခဲသွားပါလိမ့်မယ်။ နောက်တက်လာမယ့် အစိုးရသစ်က ဂဒါဖီကိုရှာဖွေရတဲ့အလုပ်ကို ခက်ခက်ခဲခဲလုပ်ကိုင်ရပါဦးမယ်။ သူ့ရဲ့ ရှင်သန်လွတ်မြောက်မှုဟာ ကြီးမားတဲ့လူထုစုရုံးမှုကြီးကို အာခံနိုင်တယ်ဆိုတာ သက်သေပြနိုင်မယ့်ကိစ္စရပ်ဖြစ်သွားပါလိမ့်မယ်။ အလားတူဖြစ်ရပ်မျိုး အီရတ်မှာလည်းတွေ့ကြုံခဲ့ကြပြီးပါပြီ။ ဆက်ဒန်ဟူစိန်ဟာ ရှစ်လကျော် ပုန်းအောင်းနေနိုင်ခဲ့တယ်။ သူ့ရဲ့သစ္စာခံတပ်သားတွေက စုရုံးပြီး အယ်ကေးဒါးလို လူမျိုးစု အဖွဲ့အစည်းတွေနဲ့ မြန်မြန်ဆန်ဆန်ဆက်သွယ်နိုင်ခဲ့ကြတယ်။ ဆက်ဒန်ကိုဖမ်းဆီးမိဖို့ ရှုံးနိမ့်ခဲ့တဲ့ အချိန်တွေဟာ ယူအက်စ်အတွက် ဟောင်းလောင်းပေါက် အနာတစ်ခုလိုပဲ။ ဆက်ဒမ်ကို ရှာဖွေနေတဲ့ချိန်တွေမှာ အကြမ်းဖက်မှုတွေဟာ အဆုံးသတ်သွားတယ်လို့မရှိတော့ဘူး။ ပုန်းလျှိုး နေတာကလည်း အချိန်ကာလကြာရှည်နိုင်တယ်။ ဒါကိုလည်း အိုစမာဘင်လာဒင်က သက်သေပြ သွားခဲ့ပါပြီ။ 9/11 အပြီး အမေရိကရဲ့အလိုချင်ဆုံးလူဖြစ်ခဲ့တဲ့ ဘင်လာဒင်ဟာဆယ်စုနှစ်တစ်ခုစာ ပုန်းအောင်းခဲ့ပါတယ်။ အဲဒီလိုထိထိရောက်ရောက် ပုန်းကွယ်တိုးလျှိုးနေနိုင်ဖို့အတွက်က အထောက်အပံ့ ပေးနိုင်မယ့် ကွန်ယက်တစ်မျိုးနဲ့ ချစ်ခင်လေးစားနေကြတဲ့ လူမျိုးစုတွေရှိမှပဲ ဖြစ်နိုင်ပါလိမ့်မယ်။ ပုန်းကွယ်နေတဲ့သူတစ်ယောက်ဟာ တစ်ယောက်ယောက်နဲ့ ဆက်သွယ်ဖို့ ဒါမှမဟုတ် တစ်ခုခုပြုလုပ်ဖို့ကြိုးစားလာလေလေ၊ သူ့ကိုရှာနေတဲ့သူတွေရဲ့ လက်ထဲကို ကျရောက်မယ့်အန္တရာယ်နဲ့ နီးလာလေလေပါပဲ။ ဖျတ်လတ်သွက်လက်ပြီး ကြိုတင်ခန့်မှန်းလို့မရတဲ့ လူစားမျိုးဖြစ်တဲ့ ကာနယ်ဂဒါဖီဟာ သူ့ရဲ့ကိုယ်ပိုင်အာဏာစွမ်းအားနဲ့ ရှင်သန်ရပ်တည်မှုအတွက် အမြဲအာရုံစူးစိုက်နေသူသာဖြစ်ပါတယ်။ သူဘယ်မှာလဲ။ သူ နောက်ထပ် ဘာလုပ်မလဲ၊ ဘာတွေရည်ရွယ်ထားလဲ အခုထိတော့ ဘာကိုမှ ရှင်းရှင်းလင်းလင်းမသိနိုင်သေးပါဘူး။        ။
http://www.bbc.co.uk/news/world-africa-14613674

0 comments:

Post a Comment