Thursday, September 8, 2011

ဟိုသတင်း ဒီသတင်း

တစ်ခုခုလုပ်နိုင်ခဲ့သူ ဒေးဗစ်ဘက်ခမ်း
ကယ်လီဖိုးနီးယားပြည်နယ်၊ လောစ့်အိန်ဂျယ်လိစ်မှာ သြဂုတ် ၁၄ရက်နေ့ကပြုလုပ်ခဲ့တဲ့ Do Something ဆုတံဆိပ်ပေးပွဲညမှာ ဒေးဗစ်ဘက်ခမ်းကို မြင်တွေ့လိုက်ရပါတယ်။ ပရိသတ်တွေပြည့်နေတဲ့ မီးရောင်စုံညတစ်ညမှာ ဘောလုံးသွေးကြွယ်ဝလှတဲ့ ဘက်ခမ်းက သားကြီး ဘရွတ်ကလင်းနဲ့အတူ ဟောလိဝုဒ်ပယ်လာဒီယမ်ခန်းမကို တက်ရောက်လာခဲ့တယ်။
ဘရွတ်ကလင်းဟာ ဖခင်ရဲ့ Do Something အားကစားသမားဆုတံဆိပ်ကြီး အိမ်ကိုသယ်ယူသွားရမှာကို စိတ်လှုပ်ရှားနေခဲ့တယ်။ VH1 (Dosomething.org) က ကမကထပြုပြီး “အကောင်းဆုံးကမ္ဘာကြီးကိုပြောင်းလဲနိုင်သူများ” ဆိုတဲ့ ဂုဏ်ပြုဆုတွေ ပေးနေပါတယ်။ Do Something Award ဟာ နယ်ပယ်အသီးသီးက လူမှုရေးလုပ်ရှားမှုတွေမှာ အရေးပါလှတဲ့သူတွေကို ရွေးချယ်ပေးတဲ့ဆုပါ။ မကြာသေးခင်ကမှ သမီးအငယ်လေး ဟာပါးဆဲဗန်းကို ပိုင်ဆိုင်ခဲ့တဲ့ဘက်ခမ်းက “ကျွန်တော်တို့ အမြဲတမ်းပြောနေခဲ့သလိုပဲ ကလေးငယ်တွေအများကြီးနဲ့ မိသားစုဘ၀မျိုးကို ကျွန်တော်တို့ကသဘောကျတယ်။ ကျွန်တော်တို့ရည်မှန်းထားတဲ့အရေအတွက်က ငါးယောက်ပါ။ ကျွန်တော်တို့ကံကောင်းနေဦးမယ်ဆိုရင် ကလေးလေး နောက်ထပ်တစ်ယောက်မျှော်လင့်နိုင်ဦးမှာပဲ” လို့ပြောပါတယ်။ ဇနီးဗစ်တိုးရီးယားက ဇူလိုင်လ ၁၀ရက်နေ့မှာ သမီးလေး ဟာပါးဆဲဗန်းကိုမွေးဖွားခဲ့ပြီး ဘရွတ်ကလင်း၊ ခရုဇ်နဲ့ ရိုမီယို သားသုံးယောက်ရှိနှင့်နေပြီးပါပြီ။ ကလေးတွေများများပိုင်ဆိုင်ရတာကို ဂုဏ်ယူနေတဲ့ ဘက်ခမ်းဟာ သားတွေနဲ့ ကယ်လီဖိုးနီးယား မာလီဘူးကမ်းခြေရေနွေးနွေးမှာ သြဂုတ်လ ၇ရက်နေ့က အနားယူ အပမ်းဖြေခဲ့ကြတယ်။
Twilight Saga မင်းသမီးလေးကြိုက်တဲ့ မင်္ဂလာဝတ်စုံ
Twilight: Breaking Dawn အပိုင်း၁ ရဲ့ မင်္ဂလာပွဲဇာတ်ဝင်ခန်းမှာ ခရစ်စတန်းစတီးဝါဒ့်ဝတ်ဆင်ထားတဲ့ သွေးစုတ်ဖုတ်ကောင်မင်္ဂလာပွဲ ၀တ်စုံကို နှစ်သက်သူတွေ ၀ယ်ယူနိုင်တော့မယ်လို့ဆိုပါတယ်။ မင်္ဂလာဝတ်စုံတွေ ထုတ်လုပ်ရောင်းချသူ အဲလ်ဖရက်ဒ်အိန်ဂျယ်လိုက Twilight: Breaking Dawnမှာ စတီးဝါဒ့်ဝတ်ဆင်ရိုက်ကူးခဲ့တဲ့ဝတ်စုံကိုမှ ၀တ်ဆင်ချင်သူတွေအတွက် လာမယ့်နိုဝင်္ဘာလမှာ ရုပ်ရှင်ရုံတင်ပြသမယ့်အချိန်မှာ အချိန်ကိုက် ထုတ်လုပ်ရောင်းချမယ်လို့ ဆိုပါတယ်။ Bella Swanအဖြစ် သရုပ်ဆောင်ထားတဲ့ ခရစ်စတန်းစတီးဝါဒ့်ဟာ အဲဒီဇာတ်ကားထဲမှာ သွေးစုတ်ဖုတ်ကောင်အက်ဒ်ဝါဒ့်နဲ့ လက်ထပ်ခဲ့တယ်။ မင်္ဂလာပွဲမှာဝတ်ဆင်ခဲ့တဲ့ ၀တ်စုံနဲ့ပတ်သက်ပြီး ခရစ်စတန်းစတီးဝါဒ့်က “Twilight: Breaking Dawn မင်္ဂလာပွဲက ထိတ်လန့်စိုးရွံ့စရာကြီးပါ။ ဒါဟာကျွန်မရဲ့ ပထမဆုံးမင်္ဂလာပွဲပေါ့၊ ထူးထူးဆန်းဆန်းမင်္ဂလာပွဲမျိုး၊ အဲဒီဇာတ်ဝင်ခန်း မင်္ဂလာဝတ်စုံရတော့ စမ်းဝတ်ကြည့်တယ်။ ကျွန်မကိုယ်က တွန့်လိန်ကောက်ကွေးနေရော၊ နောက် ပြင်တယ်၊ စမ်းဝတ်တယ်။ တစ်လှည့်စီပြင်လိုက် ၀တ်လိုက်နဲ့ နောက်ဆုံးမှ အဲဒီဝတ်စုံဒီဇိုင်း လက်စသတ်နိုင်ခဲ့တာ။ တကယ့်ကြီးကျယ်ခမ်းနားတဲ့ ၀တ်စုံပေါ့ရှင်”လို့ပြောပါတယ်။ Twilight ရဲ့ကျော်ကြားမှုက သူမကို ကသိကအောက် ဖြစ်စေပေမယ့် ပရိသတ်တွေက သူမကို သွေးစုတ်ဖုတ်ကောင်တစ်ယောက်လိုချစ်ခင်နေကြလည်း သဘောကျပါတယ်လို့ ဆိုတယ်။ Twilight Saga ဇာတ်လမ်းတွဲတွေရဲ့ Breaking Dawn အပိုင်း ၁ ကို ၂၀၁၁ နိုဝင်္ဘာ ၁၈ မှာရုံတင်မှာ ဖြစ်ပြီး အပိုင်း ၂ ကိုတော့ ၂၀၁၂ နိုဝင်္ဘာ ၁၆ မှာ ပြသပါလိမ့်မယ်။
ဒေးဗစ်ကော့ပါးဖီးလ်ဒ်ရဲ့ လတ်တလောလှို့ဝှက်ချက်
ကမ္ဘာကျော် မျက်လှည့်ဆရာကြီး ဒေးဗစ်ကော့ပါးဖီးလ်ဒ်ရဲ့ လတ်တလောပြသခဲ့တဲ့ လှို့ဝှက်ချက်ကတော့ ထင်ယောင်ထင်မှား ဖြစ်စရာပြကွက်မျိုး မဟုတ်တော့ပါဘူး။ အဲဒီ လှို့ဝှက်ချက်အသစ်ကတော့ အသက် ၅၄နှစ်အရွယ် ကော့ပါးဖီးလ်ဒ်ရဲ့ လက်ရှိချစ်သူရည်းစား အသက် ၂၆နှစ်သာရှိသေးတဲ့ပြင်သစ်မော်ဒယ် ကလိုးရီဂေါ်စဲလင်မှာ ၁၆လအရွယ် သမီးငယ် “Sky” ရှိနေပြီဆိုတာပါပဲ။ သမီလေးမွေးဖွားမှုကို အရင်က ထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိပါဘူး။ အခုတော့နယူးယောက်ပိုစ့်ကို ပြောလိုက်ပါတယ်။ ဒေးဗစ်ကော့ပါးဖီးလ်ဒ်က  “လေဘာတီရုပ်တုကြီး ဖျောက်တဲ့ကိစ္စကို မေ့လိုက်ပါပြီ၊ နောက်ထပ်လှည့်စားမယ့် ပြကွက်ကတော့ ညစ်ပေနေတဲ့ ကလေးအနှီးတွေဖျောက်ပစ်ဖို့ပဲ ဖြစ်ပါလိမ့်မယ်” လို့ ဟာသနှောကာ ပြောသွားပါတယ်။ ကော့ပါးဖီးလ်နဲ့ ဂေါ်စဲလင်တို့ ၂၀၁၀ ခုနှစ်မှာ စတင်တွေ့ဆုံခဲ့ကြတယ်။ မျက်လှည့်ဆရာမှာ အရင်ကလည်း ကျော်ကြားတဲ့မော်ဒယ်တွေနဲ့ ဇာတ်လမ်းတွေရှိခဲ့ဖူးပါတယ်။

ဟယ်လီဘယ်ရီရဲ့ တုန်လှုပ်စရာကိုယ်ခန္ဓာ
အသက်၄၅နှစ်မြောက်မွေးနေ့ပွဲမှာ တွေ့လိုက်ရတဲ့ ဘီကီနီအောက်က ဟယ်လီဘယ်ရီရဲ့ ခန္ဓာကိုယ်ဟာ တုန်လှုပ်စရာကောင်းလောက်အောင် ဆွဲဆောင်မှုရှိနေဆဲပါပဲ။ ဘယ်ရီရဲ့ မွေးနေ့ပွဲကို ရင်းနှီးတဲ့သူငယ်ချင်းတွေနဲ့ မာဘီဘူးကမ်းခြေမှာ ကျင်းပခဲ့ပါတယ်။ မင်းသမီးဟာ သူမရဲ့ ၄၅နှစ်မြောက်မှတ်တိုင်တစ်ခုအတွက် ပျော်ရွှင်ကြည်နှုးနေခဲ့ပါတယ်။ ကမ်းခြေနေပူပူမှာ ကျင်းပခဲ့တဲ့ မွေးနေ့ပွဲမှာ ယောက်ျားလေးမိတ်ဆွေ အိုလီဗီယာမာတီနက်ဇ်နဲ့ အသက်သုံးနှစ်အရွယ် သမီးလေး “နားလာ” တို့ အတူရှိခဲ့ကြတယ်။ အသက်၄၅နှစ်အရွယ် တဆစ်ချိုး အပြောင်းအလဲဟာ သူမရဲ့ ခန္ဓာကိုယ်ကိုတော့ ပြောင်းလဲမှုမရှိစေဘူးဆိုတာကို ကျွန်းသူကျွန်းသားတွေရဲ့ဝတ်စုံလို အရောင်စုံဘီကီနီလေး ၀တ်ဆင်ကာပြသလိုက်ပါတယ်။ သန္တာရောင်ဘီကီနီနဲ့ အရောင်အသွေးစုံ အလွှာပါးအောက်က ခန္ဓာကိုယ်ဟာ ကျစ်လစ်နေခဲ့ပြီး ကျန်မာသန်းစွမ်းဟန်ရှိနေခဲ့ပါတယ်။ အကယ်ဒမီဆုပိုင်ရှင် မင်းသမီးဟာ အရင်ရည်းစားဟောင်း ဂေဘရီရဲလ်အော်ဘရီနဲ့ သမီးလေး နားလာကိုရရှိခဲ့တယ်။ အသက် ၃၅နှစ်အရွယ် ကနေဒီးယန်းမော်ဒယ်လ် ဂါဘရီရဲလ်နဲ့ ကလေးအုပ်ထိန်းခွင့် တရားဆိုင်နေရဆဲပါ။ ပြင်သစ်မင်းသားမာတီနက်ဇ်နဲ့ ဟယ်လီဘယ်ရီတို့ ဒီနှစ်ဆောင်းဦးပေါက်မှာ တွေ့ဆုံခဲ့ကြပါတယ်။
မှတ်ချက် - သတင်းတွေကသြဂုတ်လလယ်လောက်ကသတင်းတွေ၊ နည်းနည်းတောင်ကြာသွားပါတယ်။ ပေါ့ပ်သတင်းတွေတင်မယ် မတင်ဘူးနဲ့၊
ရေးထားပြီးတော့လည်း နှမြောတာနဲ့ပဲ။

6 comments:

  1. သတင်းလေးတွေ စိတ်ဝင်စားဖို့ကောင်းတယ်..း))... အွန်လိုင်းဝတ္ထုတိုပြိုင်ပွဲမှာ ဆုရတဲ့အတွက် ဂုဏ်ယူပါတယ်ဗျာ...း))

    ခင်မင်လျက်
    နေ၀သန်

    ReplyDelete
  2. ကျေးဇူးပါ ဖြိုးဖြိုးရေ သတင်းတွေဖတ်သွားတယ်နော်။ စိတ်ဝင်စားစရာကြီးပါပဲ။
    စိတ်ဓါတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  3. ဟိုသတင်းဒီသတင်းတွေကို ဟိုကြည့်ဒီကြည့်လာကြည့်တာ
    ဒေးဗစ်ကော်ပါးဖီးပြောသွားတဲ့ စကားတွေ သဘောကျတယ်
    ကလေးအနှီးကို ဘယ်လိုဖျောက်မလဲ စိတ်ဝင်စားစရာ
    ဒီလိုသတင်းလေးတွေလည်းတင်သင့်တယ်
    ဒါမှ သတင်းမဖတ်အားတဲ့ကိုယ်တွေ ဖြိုးဆီကနေ သိရတယ်လေ
    တစ်ချက်ခုတ် ၂ချက်ပြုတ်
    အဲလေ ၂ချက်ပြတ်း)

    ReplyDelete
  4. ဟိုတစ်ဖက်က နေ့ ဒီဘက်လှည့်လာရင်း ဟိုသတင်း ဒီသတင်းတွေ ဖတ်သွားပါတယ်။

    ReplyDelete
  5. ဟိုသတင်း ဒီသတင်း သြဂုတ်လကထဲက ဆိုပေမဲ့ မဖတ်ရသေးတဲ့ ကျနော့်အဖို့တော့ အသစ်ဖတ်လိုက်ရသလိုပါဘဲ။

    ခင်မင်လျှက်

    ReplyDelete
  6. ဟိုသတင်း ဒီသတင်းတွေ ဖတ်သွားပါတယ်ဗျို့။

    ReplyDelete