Friday, May 4, 2012

ပန်းသွေးရောင်လှလှ အချစ်အိမ်လေးထဲမှာ

နီပြာပြာခရမ်းရောင်နဲ့ အနီရောင်ကြားကရောင်စဉ်တွေကို ပန်းရောင်လို့ခေါ်လိုက်ကြတယ်။ ပန်းရောင်လေးတွေကိုအသုံးများကြတာက ချစ်သူများနေ့နဲ့ Easter နေ့ တွေမှာပေါ့။ ပန်းရောင်ကို အချစ်ရဲ့ အရောင်လို့တင်စားကြထားကြတယ်လေ။ ဟိုးအရင်ခေတ် ၁၈၆၈ခုနှစ်တွေဆီနောက်ပြန်ဆုတ်ကြည့်ရရင် “Little Women” ၀တ္ထုနဲ့ နာမည်ကျော်ခဲ့တဲ့  အမေရိကန်စာရေးဆရာမ လူဝီဆာမေအားလ်ကော့ထ်(Louisa May Alcott) ဟာ သူ့ရဲ့ဝတ္ထုမှာရေးထားပါတယ်။ ဇာတ်ကောင်ညီအစ်မသုံးဦးရဲ့အိမ်နီးချင်း လော်ရီက ကလေးအမွှာလေးတွေကို မြင်လိုက်တဲ့အခန်းမှာ “ဘယ်သူကဘာလေးလဲကွယ်”လို့ မေးလိုက်ပါတယ်။ အငယ်ဆုံးမလေး အေမီက ပန်းရောင်ဖဲကြိုးလေးကို မိန်ကလေးမှာချည်နှောင်ပေးလိုက်ပြီး၊ ဖဲကြိုးပြာလေးကိုတော့ ယောက်ျားလေးမှာချည်ပြီး လော်ရီရဲ့အမေးကိုဖြေလိုက်ပါတယ်တဲ့။ အဲဒီသတ်မှတ်ချက်လေးက ၁၈ရာစုကစလို့ပြင်သစ်နိုင်ငံမှာ တွင်ကျယ်ခဲ့ကြတယ်။ ပန်းရောင်က နူးညံ့တဲ့မိန်းကလေးတွေကို ကိုယ်စားပြုတဲ့ ချစ်စရာကောင်းတဲ့အရောင်လေးအဖြစ်နဲ့ပေါ့။ ရင်သားကင်ဆာ သတိပေးအပြည်ပြည်ဆိုင်ရာသင်္ကေတတစ်ခုလည်း ဖြစ်နေပါသေးတယ်။

အာဂျင်တီးနားနိုင်ငံရဲ့ အကြီးဆုံးမြို့တော် ဘွီနိုစ်အဲရီးစ်မှာရှိနေတဲ့ The Pink House ဟာ baby pink အရောင်ရှိပြီး သိပ်ကိုလှပါတယ်။ အမျိုးသားသမိုင်းဆိုင်ရာအထိမ်းအမှတ် အဆောက်အဦးအဖြစ်သတ်မှတ်ထားသတဲ့။ ၁၈၈၂ ခုနှစ်ထဲကစတင်ဆောက်လုပ်ခဲ့ပြီး အခုဆို ၁၂၉နှစ်သက်တမ်းရှိတဲ့အဆောက်အဦးကြီးပါ။ ပြတိုက်အဖြစ်လည်း ဖွင့်လှစ်ပြသထားပါတယ်။ လှပနူးညံ့တဲ့ ပန်းရောင်ကို ကလေးငယ်လေးတွေနဲ့ အမျိုးသမီးတွေမှာ မြင်တွေ့နိုင်ရုံသာမကပဲ အဲဒီလို သမိုင်းဝင်အဆောက်အဦးတွေမှာလည်းတွေ့မြင်နိုင်သေးတာပဲနော်။


 ပန်းရောင်ကို လိမ္မော်ရောင်၊ တောက်ပတဲ့စိမ်းပြာပြာအရောင် စပ်ထားတဲ့ တွေ့မြင်ရခဲတဲ့ ဒီဇိုင်းအပြင်အဆင်လေးပါ။

အခု ချစ်စရာ ပန်းရောင် အိပ်ခန်းလေးတွေဆီ ကြည့်ကြဦးမယ်လေ…
ကျေးလက်သစ်သားအိမ်လေးက အိပ်ခန်းလေး
 ဘေဘီလေးတွေရဲ့ အိပ်ခန်းတွေမှာ ဘေဘီတို့စိတ်ကြိုက်ဖြစ်နိုင်မယ့်အရောင်လေးတွေ၊ ကာတွန်းဒီဇိုင်းလေးတွေရေးဆွဲပြီး အိပ်ခန်းဖွဲ့စည်းနိုင်ပါတယ်။

အနီရောင်အသွေးနဲ့ ရုပ်ပုံတွေကို စားသောက်ဆိုင်နံရံတွေမှာ ရေးဆွဲထားကြတယ်၊ အနီရောင့်ရင့်ရင့်ကို ဆေးခြယ်ကြတာကို သတိထားမိကြပါလိမ့်မယ်။ အနီရောင်ဟာ သွေးလည်ပတ်မှုများစေပြီး ခံတွင်းလိုက်စေတယ်လို့ ယူဆကြလို့ပါပဲ။ ခံတွင်းလိုက်စရာမလိုတဲ့ ၀ိတ်လျှော့ချင်နေတဲ့ မေမေတို့အတွက်တော့ တစ်ခြားအရောင်တွေနဲ့ ပြင်ဆင်ထားတဲ့ ထမင်းစားခန်းလေးတွေကို ပိုပြီးအလိုရှိကြမယ်ထင်ပါရဲ့နော်။ ပန်းသွေးနုနုအခန်းလေးတွေက ဘယ်နေရာမှာမဆို စိတ်ကိုကြည်လင်လန်းဆန်းစေပါတယ်။ ဒီလို ထမင်းစားခန်းအပြင်အဆင်လေးတွေက စိတ်ကြည်နူးစရာကောင်းလှတယ်။

မေမေတို့အတွက် ချစ်စရာပန်းရောင် မီးဖိုခန်းလေးတွေပါ။

ပန်းရောင်အဆင်အသွေးလေးတွေနဲ့ ရေချိုးခန်းလေးတွေ
ပန်းသွေးရောင်အိမ်ခန်းလေးတွေထဲ လျှောက်ကြည့်ပြီးကြပြီနော်။ အချစ်ရဲ့အရောင်လို့ တင်စားကြတဲ့ ပန်းရောင်နဲ့ ရက်ဖွဲ့ထားတဲ့အိမ်လေးထဲမှာ မိသားစုလေးတွေ ချစ်ခင်စွာ ပျော်ရွှင်ကြည်နူးနိုင်ကြပါစေရှင်။       ။
Living Fashion Magazine, May 2012

0 comments:

Post a Comment