Saturday, July 30, 2011

မိုးခေါင်ခြင်း၊ ငတ်မွတ်ခေါင်းပါးခြင်းကနေ သေဆုံးခြင်းဆီသို့

မိုးခေါင်နေဆဲ ဆိုမာလီယာ
အာဖရိကတိုက်ဦးချိုဒေသ ဆိုမာလီယာနိုင်ငံရဲ့ငတ်မွတ်ခေါင်းပါးခြင်းဘေးအန္တရာယ်ကြောင့် ယူအန်ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)က အထောက်အပံ့ပစ္စည်းတွေကို လေကြောင်းကနေစတင်ပို့ဆောင်နေပါပြီ။ အရေးပေါ်အစားအစာအထောက်အပံ့ပစ္စည်းတွေကို မြို့တော်မိုဂါတစ်ရှုးကို ပို့ဆောင်ခဲ့ပါတယ်။ ကလေးငယ်တွေအတွက် ပထမဆုံးလေယာဉ်နဲ့ အဟာရဖြည့်စွက်အစာ တန် ၁၀ သယ်ဆောင်လာခဲ့ကြတယ်။ ဆယ်စုနှစ်တွေအတွင်း အဆိုးဆုံးဒေသတွင်းမိုးခေါင်မှုကြီးဖြစ်ပွားခဲ့ပြီး ဆိုမာလီယာမှာရှိနေတဲ့ လူသန်းပေါင်းများစွာနဲ့အာဖရိကဦးချိုဒေသ၀န်းကျင်မှာလည်းကြောက်မက်ဖွယ်ရာ အစားအစာပြတ်လပ်မှုရင်ဆိုင်နေကြရပါတယ်။ ဆိုမာလီယာအစိုးရကို ဆန့်ကျင်ဖြုတ်ချလိုတဲ့ အစ္စလာမ်မစ်လူငယ်လှုပ်ရှားမှုအဖွဲ့ အယ်လ်ရှာဘက်(မူဂျာဟီဒင်)ဟာ ဆိုမာလီယာဒေသတော်တော်များများကို ထိန်းချုပ်ထားကြတယ်။ WFP ရဲ့ထောက်ပံ့မှုတွေ ဘေးဒုက္ခရောက်နေတဲ့ ဒေသတွေဆီ မပို့ဆောင်နိုင်အောင်လည်း တားမြစ်မှုတွေလုပ်နေခဲ့ကြတယ်။ ဇူလိုင် ၂၆ မှာ လေကြောင်းကရောက်ရှိလာတဲ့ပစ္စည်းတွေ စတင်ဖြန့်ဝေရမှာဖြစ်ပေမဲ့ အရာရှိအရာခံအတားအဆီးစစ်ဆေးမှုတွေကြောင့် ကန်ညာကထွက်ခွာဖို့ကိုပဲ နောက်ကျခဲ့ပါတယ်။

WFP ရဲ့ပြောရေးဆိုခွင့်ရှိသူ ချဲလစ်မက်ဒွန်နားက “ဖြည့်စွက်အစာ Plumpy’nut ၁၀တန် ဟာ မြေပဲကနေ အခြေခံထုတ်လုပ်ထားတဲ့ ပရိုတင်းနဲ့ ခွန်အားဖြည့်ယိုတစ်မျိုးဖြစ်ပြီး အဟာရမလုံမလောက်ဖြစ်နေတဲ့ ကလေးငယ်ပေါင်း ၃၅၀၀ကို တစ်လတာ စောင့်ရှောက်ပေးနိုင်တယ်”လို့ ဆိုတယ်။ အရင်က ဆိုမာလီယာမှာ လိုအပ်နေတဲ့အစားအစာအထောက်အပံ့ပစ္စည်းတွေဖြန့်ဝေတဲ့အခါ ပင်လယ်ထဲကိုပဲ ချပေးနိုင်ကြတယ် လို့ ကင်ညာ၊ နိုင်ရိုဘီမြို့က သတင်းတောက် ၀ီလ်ရောစ့်က ပြောပါတယ်။ ပြင်သစ်နိုင်ငံထုတ် Plumpy’nut အဟာရဖြည့်စွက်အစာတွေကို ပြင်သစ်နိုင်ငံကနေကင်ညာကို တနင်္လာနေ့ကပထမဆုံးလေယာဉ်နဲ့ ပို့ခဲ့ကြတယ်။ လာမယ့် ရက်သတ္တပတ်တွေမှာ နောက်ထပ်လေကြောင်းနဲ့ထပ်ပြီးဖြန့်ဝေပေးမယ့် အစီအစဉ်တွေလည်းရှိနေပါတယ်။ ယူအန်က ဆိုမာလီယာရဲ့ တောင်ပိုင်းဒေသနှစ်ခုမှာ အစားအစာအင်မတန်ရှားပါးနေတယ်လို့ ပြီးခဲ့တဲ့ရက်သတ္တပတ်က ကြေညာခဲ့ပြီးတဲ့နောက် ဒီလေယာဉ်ဟာ ပထမဆုံးလေကြောင်းအထောက်အပံ့ဖြစ်ပါတယ်။ အလားတူလေကြောင်းတွေကလည်း ဒိုလိုအာဒို အီသီယိုးပီးယားကျေးရွာတွေကို ပို့ဆောင်ပေးကြပါမယ်။ အဲဒီကမှ နယ်စပ်ကိုဖြတ်ပြီး ဆိုမာလီယာအစိုးရထောက်ခံတဲ့တပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ငွေရောင်ဒေသ “ဂျူးဘာလန်း”ဆီကိုပါ ရွှေ့ပြောင်းပေးကြပါလိမ့်မယ်။ ငတ်မွတ်ခေါင်းပါးခြင်းဘေးအန္တရာယ်ရိုက်ခတ်ခံနေရတဲ့ ဂျူးဘာလန်း၊ ဘကူးလ်ဒေသအနောက်ပိုင်းကိုသာ ပေးပို့နိုင်ကြပါမယ်။ အထောက်အပံ့ပစ္စည်းတွေကို လှေနဲ့သာပို့ရရင် လပေါင်းများစွာကြာနိုင်လို့ လေယာဉ်နဲ့ပဲ သယ်ဆောင်ရပါတယ် လို့ မစ်မက်ဒွန်နားက ပြောပါတယ်။

အယ်လ်ရှာဘက် ထိန်းချုပ်ထားတဲ့ဧရိယာအတွင်းက ဆိုမာလီယာဒေသခံသောင်းကျော်ဟာ အထောက်အပံ့တစ်စုံတစ်ရာရှာဖွေဖို့ မိုဂါတစ်ရှုးနဲ့အိမ်နီးချင်း ကင်ညာနဲ့ အီသီယိုးပီးယားကို တိမ်းရှောင်ထွက်ပြေးခဲ့ကြတယ်။ အာဖရိကစုပေါင်းတပ်ဖွဲ့(AU) ကျောထောက်နောက်ခံပြုထားတဲ့ အားနည်းလှတဲ့ဆိုမာလီယာအစိုးရဟာ မိုဂါတစ်ရှုးဒေသတွေကိုပဲ ထိန်းချုပ်နိုင်ပါတယ်။ “ကယ်ဆယ်ရေးဖြည့်စွက်အစားအစာတွေ သယ်ဆောင်လာတဲ့ ဘိုရင်း ၇၃၇ လေယာဉ်ဟာ မိုဂါတစ်ရှုးလေဆိပ်ကို ဆင်းသက်ခဲ့ပါတယ်”လို့ AU တပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ လက်ထောက်ဗိုလ်မှုးကြီး ပက်ဒီအန်ကွန်းဒါ က သတင်းဌာနကို ပြောခဲ့တယ်။ AU တပ်ဖွဲ့ရဲ့ ငြိမ်းချမ်းရေးတပ်သား ၉၂၀၀ မိုဂါတစ်ရှုးမှာရှိနေကြပြီး လေဆိပ်လုံခြုံရေးနဲ့ မြို့တော်ထဲက အစိုးရထိန်းချုပ်ထားတဲ့ပိုင်နက်ဒေသတွေကို ကာကွယ်စောင့်ရှောက်ကြပါတယ်။

ဆိုမာလီယာဟာ စားနပ်ရိက္ခာအကျပ်အတည်း အပြင်းထန်ဆုံးရိုက်ခတ်ခံရတဲ့ဒေသလို့ ယူဆကြပေမဲ့ အီသီယိုးပီးယား၊ ကင်ညာနဲ့ ဂျီဘူတီဒေသတွေမှာလည်း ထိခိုက်မှုတွေရှိနေကြပါတယ်။ အဲဒီဒေသတွေက လူပေါင်း ၁၀သန်းကျော်ဟာ ဘေးဥပါဒ်အန္တရာယ်နဲ့ စွန့်စွန့်စားစားရင်ဆိုင်နေကြရတယ်။ ဆိုမာလီနိုင်ငံခြားရေးဝန်ကြီး မိုဟာမက်အီဘရာဟင်မ်က သူ့ရဲ့ တိုင်းပြည်မှာ “လူပေါင်း ၃.၅သန်းကျော်ဟာ ငတ်မွတ်ခေါင်ပါးခြင်းကနေ သေဆုံးခြင်းကို ဘ၀ကူးပြောင်းကုန်ကြလိမ့်မယ်” လို့ သတိပေးလိုက်ပါတယ်။ ယူအန်က အစားအစာဖြန့်ဝေမှု အင်မတန်နောက်ကျတယ်လို့ ၀န်ကြီးချုပ် အက်ဘ်ဒီဝီးလီမိုဟာမက်အလီ က ပြစ်တင်တိုင်တန်းခဲ့တယ်။ ကူညီ ကယ်ဆယ်တဲ့အဖွဲ့အစည်းတိုင်း ရင်ဆိုင်ရတဲ့စိန်ခေါ်မှုကလည်း အင်မတန်ခက်ခဲနေပါတယ်။ “တစ်ချို့လေ့လာဆန်းစစ်သူတွေကလည်း မေးခွန်းထုတ်ကြတယ်။ ဘာကြောင့်များ ဒီလိုအရေးပေါ်အခြေအနေအတွက် ကြိုတင်ကာကွယ်မှုတွေမပြုလုပ်ခဲ့ကြတာလဲ။ ဆိုးဆိုးဝါးဝါးမိုးခေါင်မယ်၊ အစားအစာရိက္ခာပြတ်လပ်ကုန်ကြမယ်ဆိုတာ ပြီးခဲ့တဲ့နှစ်ကတည်းက ကြိုတင်ခန့်မှန်းခဲ့ကြတာပဲ” လို့ အရှေ့အာဖရိကဒေသ သတင်းထောက်တစ်ဦးက ဆိုတယ်။

ကြွယ်ဝချမ်းသာတဲ့အာရပ်ပြည်နယ်တွေကလည်း အကျပ်အတည်းအတွက်ကူညီကယ်ဆယ်ဖို့ လုံလောက်အောင်မလှုပ်ရှားကြဘူးဆိုတဲ့ ဝေဘန်မှုတွေပေါ်ထွက်လာခဲ့ပြီးနောက် ဆော်ဒီအာရေဗျက စားနပ်ရိက္ခာဝယ်ယူရေးအတွက် WFP ကို ဒေါ်လာ သန်း ၅၀(ပေါင် သန်း ၃၀) လှူဒါန်းမယ်လို့ ကတိပေးခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ ဥရောပယူနီယံကလည်း ဒေါ်လာ သန်း ၄၀ လှူဒါန်းမယ်လို့ ကြေညာခဲ့တယ်။ ပြီးခဲ့တဲ့နှစ်ကလည်း ဥရောပယူနီယံက မိုးခေါင်ခြင်းဒဏ်ရိုက်ခတ်ခံခဲ့ရတဲ့ အာဖရိကအရှေ့ပိုင်းကို ဒေါ်လာ ၆၁ သန်းလှူဒါန်းခဲ့ကြပါတယ်။

ယူအန်က ဆိုမာလီယာအစိတ်အပိုင်းတွေရဲ့ ငတ်မွတ်ခေါင်းပါးခြင်းဘေးအန္တရာယ်အကြောင်းကို ကြေညာခဲ့ပါတယ်။ ၂ နှစ်ဆက်တိုက် မိုးခေါင်ခြင်းကြောင့် ဆိုမာလီယာ လူဦးရေ ၂၅ ရာခိုင်နှုန်းခန့် အိုးအိမ်ပြောင်းရွှေ့ခဲ့ကြရတယ်။ အာဖရိက အရှေ့ဘက်ပိုင်း တခြားနိုင်ငံတွေ မှာလည်း မိုးခေါင်ခြင်းနဲ့အတူ ဘေးအန္တရာယ်ဆိုးဆိုးဝါးဝါးရိုက်ခတ်ခံခဲ့ရပါတယ်။
အရှေ့အာဖရိက ငတ်မွတ်ခေါင်းပါးမှုအကျပ်အတည်းနဲ့ ပတ်သတ်တဲ့အမေးအဖြေကိုဖတ်ကြည့်ရရင် ပြဿနာတစ်ခုရဲ့အရင်းအမြစ်ကို ခန့်မှန်းနိုင်ကြမှာပါပဲ။ အဲဒီအမေးအဖြေမှာ …

ဘယ်လောက်တောင်အခြေအနေဆိုးနေလဲ။
မိုးခေါင်ခြင်းအတွေ့အကြုံရှိထားတဲ့ အရှေ့အာဖရိကမှာတောင် နှစ်ပေါင်း၆၀အတွင်း အဆိုးဝါးဆုံးမိုးခေါင်ခြင်းပဲလို့ ယူအန်ကပြောတယ်။ ဆိုမာလီယာ၊ အီသီယိုးပီးယား၊ ကင်ညာနဲ့ ဂျီဘူတီတိုင်းပြည်လေးခုမှာ လူပေါင်း ၁၀သန်းကျော် ငတ်မွတ်ခေါင်းပါးမှုဒဏ်ခံနေကြတယ်။ ဖြစ်ရတဲ့အကြောင်းက မိုးရေပြတ်လပ်တာရယ်၊ စိုက်ပျိုးရေးနဲ့ ဆည်မြောင်းစီမံကိန်းတွေအတွက် သင့်တော်တဲ့ငွေကြေးဘဏ္ဍာသုံးစွဲဖို့ အစိုးရကပျက်ကွက်ခဲ့တာရယ်ကြောင့်ပါ။ ဆိုမာလီယာက အဆိုးဝါးဆုံးဒဏ်ခံရတယ်။ ယူအန်ကြေညာတဲ့အထဲမှာ ဘကူးလ်နဲ့ ရှဘဲလ်အောက်ပိုင်းဒေသတွေမှာလည်းသက်ရောက်မှုရှိတယ်။ ကလေးငယ်ပေါင်းတစ်သောင်းကျော်မှာ ၆ယောက်အနည်းဆုံး နေ့စဉ်သေဆုံးနေပါတယ်လို့ ယူအန်က ပြောပါတယ်။

ဘာကြောင့်ဆိုမာလီယာက အဆိုးဆုံးဒဏ်ခံရတာလဲ။
၁၉၉၁ ခုနှစ်က အမျိုးသားအစိုးရနောက်ဆုံးပြိုကွဲခဲ့ပြီးနောက် ဆိုမာလီယာက စံထားရတဲ့ပြည်နယ်လိုဖြစ်လာခဲ့တယ်။ အယ်ကေးဒါးနဲ့အဆက်အသွယ်တွေရှိနေတယ်ဆိုတဲ့ တိုက်ခိုက်ရေးအဖွဲ့အယ်လ်ရှာဘက်ဟာ ငတ်မွတ်ခေါင်းပါးခြင်းဘေးဖြစ်နေတယ်လို့ ကြေညာခံရတဲ့ဒေသတွေပါဝင်တဲ့ တောင်ပိုင်းနဲ့အလယ်ပိုင်းဒေသအတော်များများကို ထိန်းချုပ်ထားတယ်။ ယူအန်အထောက်အပံ့ ပေးထားတဲ့အစိုးရက မြို့တော်မိုဂါတစ်ရှုးဒေသအစိတ်အပိုင်းတွေလောက်သာ တာဝန်ယူထားနိုင်တယ်။ ဆယ်စုနှစ် ၂ ခု ကြာ အဆက်မပြတ်တိုက်ခိုက်နေခဲ့ကြပြီးတဲ့နောက် ဆိုမာလီယာပြည်သူတွေဟာ အစွန်းတစ်ဘက်မှာရှင်သန်နေထိုင်ခဲ့ကြရတယ်။ အခြေအနေတွေကိုပိုပြီးဆိုးဝါးအောင် အယ်လ်ရှာဘက်က သူတို့ထိန်းချုပ်ထားနိုင်တဲ့၂၀၀၉ နောက်ပိုင်းကနေစပြီး အနောက်နိုင်ငံကူညီ ကယ်ဆယ်ရေးအဖွဲ့တွေကို ဖိအားပေးနေခဲ့တယ်။ ဆိုမာလီယာဒေသအများစုမှာ ကယ်ဆယ်ရေးကြိုးပမ်းမှုတွေကို တားဆီးနှောင့်ယှက်နေခဲ့ပါတယ်။

အခြေအနေတိုးတက်ကောင်းမွန်စေခဲ့ပြီလား။
ဆိုမာလီယာ၊ ကင်ညာနဲ့ အီသီယိုးပီးယားက ပြည်သူတွေအများစုဟာ မွေးမြူရေးလုပ်သူတွေနဲ့ အိမ်ခြေအတည်တကျမရှိ ဟိုဒီ သွားလာ နေထိုင်ကြသူတွေဖြစ်ကြတယ်။ ကျွဲ၊ နွား၊ မြင်းမွေးမြူရေးဟာ သူတို့ရဲ့ အသက်မွေးဝမ်းကျောင်းပါ။ ဒါပေမဲ့ မိုးခေါင်ခြင်းကို ခံနိုင်ရည်ရှိတဲ့ ကုလားအုပ်အပါအ၀င် သူတို့ရဲ့တိရစ္ဆာန်အားလုံး သေကြေကုန်ကြတယ်။ အဲဒါကို ပြန်လည်နလံထူဖို့ မိုးကောင်းကောင်းရွာတဲ့ နှစ်တွေအများကြီး သူတို့လိုအပ်ပါတယ်။ ဘေးဒဏ်ခံခဲ့ရတဲ့ဆိုမာလီယာဒေသတွေမှာ မိုးဟာ နိုဝင်္ဘာလမှာပဲရွာလေ့ရှိတယ်။ ငတ်မွတ်ခေါင်းပါးတဲ့ဒဏ်ကို ရှောင်တိမ်းခဲ့ကြတဲ့သူတွေကလည်း နေရပ်ကိုပြန်လာပြီး ကောက်ပဲသီးနှံပြန်စိုက်နိုင်ကြမှာမဟုတ်ပါဘူး။ ငတ်မွတ်ခေါင်းပါးမှု ကြိုတင်သတိပေးစနစ်ကွန်ယက်တွေက နောက်လ ဒါမှမဟုတ် နှစ်လလုံးမှာ ဆိုမာလီယာတောင်ပိုင်းတစ်ခုလုံး ဘေးအန္တရာယ်ကျရောက်နိုင်တယ်လို့ ကြိုတင်ခန့်မှန်းကြတယ်။ ဘေးဒဏ်ခံရတဲ့ရှဘဲလ်အောက်ပိုင်းဒေသဟာ ဆိုမာလီယာရဲ့ ကောက်ပဲသီးနှံအများဆုံးထောက်ပံ့နိုင်တဲ့ လယ်ယာစိုက်ပျိုးတဲ့ဧရိယာဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ဒေသတွင်းတိုက်ခိုက်မှုတွေက လယ်သမားတွေနဲ့ စီးပွားရေးသမားတွေကို တိုင်းပြည်ကနေစွန့်ခွာစေခဲ့တယ်။

ငတ်မွတ်ခေါင်းပါးတဲ့ ဘေးအန္တရာယ်မျိုးတွေ ဒီဒေသမှာ အရင်ကဖြစ်ခဲ့ဖူးလား။
၁၉၉၂-၁၉၉၃ ခုနှစ်မှာ ဆိုမာလီယာမှာ မိုးခေါင်ခဲ့ဖူးတယ်။ ဆီယက်ဘားရ်အာဏာဖြုတ်ချခံရပြီးနောက် မင်းမဲ့တိုင်းပြည်ဖြစ်သွားခဲ့ပြီး ယူအက်စ်ကြားဝင်ဖျန်ဖြေတဲ့တပ်တွေဦးဆောင်စေခဲ့တယ်။ ဒါပေမဲ့ ဆိုမာလီယာစစ်သားတွေရဲ့ အနီးကပ်သတ်ဖြတ်မှုကြောင့် ယူအက်စ်တပ်သား ၁၈ ဦး သေဆုံးခဲ့တဲ့ “Black Hawk Down” အဖြစ်အပျက်ဖြစ်ပွားခဲ့တဲ့အခါ တပ်သားတွေပြန်လည်ရုတ်သိမ်းခဲ့တယ်။
အီသီယိုးပီးယားက ၁၉၇၃မှာ ငတ်မွတ်ခေါင်းပါးမှုဖြစ်ခဲ့တယ်။ ဧကရာဇ်ဟေးလ်ဆဲလာစီကိုဆန့်ကျင်တဲ့ တိတ်တဆိတ်အာဏာသိမ်းမှုတွေနောက်ပိုင်းမှာ ဖြစ်နေခဲ့တယ်။ ၁၉၈၄ မှာတစ်ကြိမ် ဖြစ်ပွားခဲ့သေးတယ်။ အဲဒီအချိန်က ဗိုလ်မှုကြီးမန်ဂီစတူဟေးလ်မေရီယန်ရဲ့အစိုးရအဖွဲ့နဲ့ တီဂရာယမ်သူပုန်တွေအကြားဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအရှိန် အမြင့်ဆုံးအချိန်ဖြစ်ခဲ့ပါတယ်။ အခြေခံအားဖြင့်ဆိုရရင်တော့ ပြည်တွင်းမှာဖြစ်ပွားတဲ့ပစ်ခတ်တိုက်ခိုက်မှုတွေဟာ မိုးခေါင်မှုကို ငတ်မွတ်ခေါင်းပါးမှုအဖြစ် ပြောင်းလဲသွားစေခဲ့တယ်ဆိုတာပါပဲ။ ရာသီဥတုအပြောင်းအလဲဟာ ဒီဒေသမှာ သမရိုးကျဖြစ်စဉ်လိုဖြစ်နေပါပြီလို့ တစ်ချို့ကဆိုကြတယ်။

ဆိုမာလီယာမှာ ငြိမ်းချမ်းရေးပြန်လည်တည်ဆောက်နိုင်မလား။
အဲဒါ ရေရှည်အချိန်ယူရမယ်။ ဆာလောင်မွတ်သိပ်မှုအကျပ်အတည်းကို ဖြေရှင်းရမယ်။ ဒါပေမဲ့ မလွယ်ကူလှဘူး။ အဲဒီမှာ ဘ၀ရှင်သန်နေထိုင်ရမယ့်နည်းလမ်းတွေမရှိဘူး၊ နောက်ပြီး ဥပဒေတွေသာအတင်းအကျပ်အတည်ပြုနေတဲ့ အစိုးရရဲ့ပျက်ကွက်မှုတွေက များပြားလှတဲ့ဆိုမာလီလူငယ်လေးတွေ ဘာကြောင့်အိန္ဒိယသမုဒ္ဒရာထဲက ပင်လယ်ဓါးပြတွေဖြစ်ကုန်ကြသလဲဆိုတာ ရှင်းပြနေတာပါပဲ။ တိုင်းပြည်က ကြေမွနေပြီ။ ဘာသာရေးဆန့်ကျင်တိုက်ခိုက်မှုတင်မကဘူး၊ လူမျိုးစုတွေအချင်းချင်းလည်း စိတ်ဝမ်းကွဲပြားနေကြတယ်။ ဆိုမာလီယာမင်းမဲ့တိုင်းပြည်ဖြစ်သွားပြီးကတည်းက ငြိမ်းချမ်းရေးအတွက်စကားတွေတော့ အများကြီးပြောခဲ့ကြပါတယ်။ ဒါပေမဲ့ တကယ့်ငြိမ်းချမ်းရေး နည်းနည်းပါးပါးပဲရကြတယ်။ AU၊ ယူအန်နဲ့ ဒေသခံတိုင်းပြည်တွေဦးဆောင်တဲ့တပ်ဦးတွေ တစ်ဒါဇင်ကျော်လောက် ပြိုကွဲနေကြတယ်။ နိုင်ငံရပ်ခြားတိုင်းပြည်တွေရဲ့ စစ်ရေးအရကြားဝင်ဖျန်ဖြေမှုတွေတောင် ရှုံးနိမ့်ခဲ့ကြပါတယ်။ ယူအက်စ်ရဲ့ အတွေ့အကြုံဆိုးကြီးပြီးတဲ့နောက်ပိုင်း အနောက်နိုင်ငံတွေက သတိကြီးကြီးထားလာကြတယ်။ ဆယ်စုနှစ်တစ်ခုအကြာ အီသီယိုးပီးယားက ယူအက်စ်နဲ့မဟာမိတ်ဖွဲ့လိုက်တယ်။ ယူအက်စ်တပ်သားတွေလွှတ်ပေးကြတယ်။ ဘာကြောင့်လည်းဆိုတော့ အစ္စလာမ်မစ်လှုပ်ရှားမှုတွေပေါ်ထွက်လာတော့ စိုးရိမ်ပူပန်မှုတွေရှိခဲ့တာကြောင့်ပါ။ ဒါပေမဲ့ တပ်တွေပြန်ပြီးရုတ်သိမ်းဖို့ ဖိအားပေးခံရတယ်။ သူပုန်တွေရဲ့ ပုံမှန်တိုက်ခိုက်မှုတွေရင်ဆိုင်ရတယ်။ နယ်မြေဧရိယာတွေအများကြီးထိန်းချုပ်ထားတဲ့အယ်လ်ရှာဘက်လို လူမျိုးစုအစုအဖွဲ့တွေကလည်း ပိုပြီးများလာတယ်။ တိုက်ခိုက်နေကြတယ်။ အခု ဆိုမာလီယာမှာ အာဖရိကစုပေါင်းငြိမ်းချမ်းရေးတပ်သားတွေရှိနေတယ်။ ဒါပေမယ့် တပ်သား ၂၀၀၀၀ လွှတ်ပေးမယ်လို့ ကတိက၀တ်ပြုထားတဲ့အထဲကမှ တပ်သား ၉၀၀၀ သာ စေလွှတ်ပေးခဲ့ကြတယ်။ တပ်သားတွေက မိုဂါတစ်ရှုးဒေသကျဉ်းကျဉ်းမှာပဲ ဖြန့်ကျက်နေနိုင်ကြတယ်။ အယ်လ်ရှာဘက်က ကျန်တဲ့မြို့တော်အစိတ်အပိုင်းအားလုံးနဲ့ တောင်ပိုင်း၊ အလယ်ပိုင်းဒေသတွေ ထိန်းချုပ်ထားတယ်။

အထောက်အပံ့ပစ္စည်းတွေ လုံလုံလောက်လောက်ရပြီလား။
မရသေးပါဘူး။ ဆိုမာလီယာကိုပစ္စည်းတွေရောက်ဖို့က အင်မတန်ခက်ခဲတယ်။ အယ်လ်ရှာဘက်က ကယ်ဆယ်ရေးအဖွဲ့အစည်းတွေကို တားမြစ်ခဲ့တယ်။ ဖြန့်ဝေပေးလိုက်တဲ့အစားအစာတစ်ချို့ကို သေနတ်သမားတွေကတိုက်ခိုက်လုယက်ထားလိုက်တယ်။ ပင်လယ်ဓါးပြတွေကပြန်ပေးငွေအတွက် ထိန်းသိမ်းထားလိုက်ကြတယ်။ တစ်ချို့ကယ်ဆယ်ရေးအဖွဲ့အစည်းတွေက လတွေတော်တော်ကြာပြီ။ အကျပ်အတည်းအကြောင်း သတိပေးနေကြတယ်။ ဒါပေမယ့် အားထုတ်မှုကလတ်တလောမှ လှုပ်လှုပ်ရှားရှားဖြစ်လာကြတာ။ တီဗီဖန်သားပြင်က ကလေးငယ်တွေရဲ့ရုပ်ပုံတွေဟာ လူတွေ၊ အစိုးရတွေကို၊ သူတို့ရဲ့လက်တွေ သူတို့အိပ်ကပ်ထဲကိုနှိုက်ပြီး အမြန်ဆုံးလှူဒါန်းကြဖို့ စေ့ဆော်လိုက်တာပဲ။ စီးပွားရေအကျပ်အတည်းကြောင့် အလှူရှင်တွေလည်း သူတို့ပုံမှန်လှူဒါန်းနိုင်သလောက် မရက်ရောနိုင်ကြတော့ဘူး။ တခြားမေးစရာတွေလည်းရှိနေတယ်။ သူတို့ရဲ့အထောက်အပံ့ပစ္စည်းတွေက တကယ်တမ်း လိုအပ်နေတဲ့နေရာတွေကိုမရောက်ပဲ အယ်လ်ရှာဘက်နဲ့ သေနတ်သမားတွေဆီကို ရောက်ကုန်ကြမလား မေးခွန်းထုတ်နေကြတယ်။ အဲဒါက ၁၉၉၂-၁၉၉၃ မိုးခေါင်မှုမှာဖြစ်ခဲ့တဲ့ အဓိကပြဿနာကြီးပဲ။

အယ်လ်ရှာဘက်နဲ့ ဆွေးနွေးနေကြလား။
ငတ်မွတ်ခေါင်းပါးမှုဒဏ်ခံနေရတဲ့ဒုက္ခသည်တွေဆီကို အထောက်အပံ့ပစ္စည်းတွေပေးဖို့ ယူအန်က အယ်လ်ရှာဘက်နဲ့ဆွေးနွေးခဲ့ပါတယ်။ ပြဿနာက အယ်လ်ရှာဘက်ကအဲဒီမှာငတ်မွတ်ခေါင်းပါးမှုမရှိဘူးလို့ ငြင်းတယ်။ အနောက်နိုင်ငံတွေကစေလွှတ်တဲ့ ကယ်ဆယ်ရေးလုပ်သားတွေက ထောက်လှမ်းရေးအဖွဲ့အစည်းတွေနဲ့ချိတ်ဆက်ထားမှာကို ကြောက်နေကြတာလည်းပါတယ်။ သူတို့ရဲ့သံသယတွေအတိုင်း နာမည်တပ်နေကြတာပဲ။ ယူအန်ကလည်း အယ်လ်ရှာဘက်ထိန်းချုပ်ထားတဲ့ ဒေသတွေမှာသွားလာနေရတဲ့ ၀န်ထမ်းတွေလုံခြုံစိတ်ချရစေဖို့ အာမခံချက်လိုချင်တယ်။ သဘောတူညီချက်တွေမရကြတော့ ဆိုမာလီဒေသခံတွေ ကင်ညာနဲ့ အီသီယိုးပီးယားကိုထွက်ပြေးနေကြဦးမှာပါပဲ။ အဲဒီတိုင်းပြည်တွေကလည်း သူတို့ရဲ့အစားအစာအကျပ်အတည်းအတွက် ရုန်းကန်နေကြရတာ၊ ဆိုမာလီတွေစိမ့်ဝင်လာကြတာကို သူတို့ စိုးရိမ်နေကြတယ်။ ဒုက္ခသည်တွေအယောင်ဆောင်ပြီး အယ်လ်ရှာဘက်ရဲ့ လူတွေပါ ၀င်လာကြမယ်။ အဲဒီလူတွေက သူတို့ရဲ့တည်ငြိမ်မှုကို ခြိမ်းခြောက်မှာကြောက်လန့်နေကြပါတယ်။
အရှေ့အာဖရိကငတ်မွတ်ခေါင်းပါးမှုအကျပ်အတည်းအကြောင်း အမေးအဖြေဖတ်လိုက်ရတဲ့အခါ မဆုံးနိုင်တဲ့ ရန်လိုတိုက်ခိုက်မှုတွေကြောင့် ရင်ကို ပူလောင်လာစေတယ်။ ဆိုမာလီဒေသခံတွေရဲ့ဆာလောင်မွတ်သိပ်မှုတွေလည်း ကူးစက်ခံစားမိခဲ့ပါတယ်။
နေ့စဉ်နေ့တိုင်း ကလေးငယ်တွေ၊ လူကြီးတွေ တဖြုတ်ဖြုတ်သေကြေပျက်စီးနေကြတာကို ကြားသိနေလျှက်က လက်လျှော့နေရတဲ့ ကူကယ်ရာမယ့်အဖြစ်အပျက်တွေဟာ ရင်နာစရာကောင်းလှတယ်။
ကလေးငယ်တွေ ၀မ်းဝပါစေ။
လူကြီးလူငယ်တွေအတွက်လည်း အစာရေစာပေါများကြွယ်ဝပါစေ။
အားလုံးငြိမ်းချမ်းပါစေ ဆုတောင်းလိုက်ပါတယ်။          ။
Source : http://www.bbc.co.uk/news/world-africa-14249733
             http://www.bbc.co.uk/news/world-africa-14314060
             all photos from here

3 comments:

  1. စိတ်မကောင်းစရာပဲအစ်မဖြိုးရေ....။ ငတ်မွတ်ခြင်းရဲ့ နောက်မှာ ရောဂါဘယတွေ လိုက်လာမယ်။ အဲ့ဒီနောက်မှာ လူ့ ယက် ခိုးဆိုးခြင်းတွေ ဆက်လာတော့မယ်။ နောက် သတ်ကြ ဖြတ်ကြတော့မယ်။

    စုံလင်နေအောင်ဖတ်လိုက်ရတာ..... ခုနှစ်တွေတောင် မေ့သွားတယ်။

    မြန်မာပြည်ကော ဧရာဝတီကို လျစ်လျူရှုလိုက်ရင် တစ်ချိန်ချိန် ဒါမျိုး မကြုံရဘူးလို့  မဆိုနိုင်ဘူးနော်.....သိပ်ကြောက်ဖို့  ကောင်းပါလားဗျာ။

    ReplyDelete
  2. ပြည်သူတွေက သနားစရာပါ။
    အယ်လ်ရှာဘက် အကြောင်းဖတ်ရင်း နာဂစ်ကိုတောင် သတိရသွားသေးတယ်။
    အထောက်အပံ့တွေ ပြည်သူတွေဆီကို ရောက်ရှိပါစေ။

    ReplyDelete
  3. သတ္တဝါတွေ ချမ်းသာ၊ကျန်းမာကြပါစေ။။။
    ငတ်မွတ်ခြင်းဘေးဒုက္ခတွေကနေ ကင်းဝေးကြပါစေ။။။
    လူကိုလူချင်း စာနာတတ်နိုင်ကြပါစေလို့ပဲ။။။။။

    ReplyDelete