Wednesday, November 7, 2012

ဖျော့တော့အသွေး အေးချမ်းတယ်ဆို အိမ်လေးကို

ခပ်ဖျော့ဖျော့အရောင်၊ ကြားရောင်လေးတွေ(Neutral Colour) လေးတွေဟာ အိမ်ခန်းအလှဆင်သူတွေ၊ အိမ်ပိုင်ရှင်တွေရဲ့ အကောင်းဆုံးသူငယ်ချင်းဖြစ်မှာပါပဲ။ ဟင်းလင်းပြင်နေရာတစ်ခုမှာ Neutral အရောင်လေးတွေကို ခြယ်မှုန်းအလှဆင်ရတာလောက် အေးဆေးငြိမ်သက်ပြီး ဟန်ချက်ညီလှတာ တခြားအရောင်တွေမှာ မတွေ့နိုင်ပါဘူးတဲ့။ ဒါပေမဲ့ အလှဆင်လိုသူတွေက Neutral ရောင်စဉ်ထဲမှာ ပါဝင်တဲ့အရောင်ဖျော့လေးတွေ အသုံးပြုလွန်းရင် သိမ်မွေ့နူးညံ့လွန်းပြီး စွမ်းအားမရှိတဲ့ အိမ်ခန်လေးဖြစ်သွားမှာကိုတော့ ကြောက်ရွံ့ကြသေးတယ်။ အဲဒါဟာ Neutral ရောင်လေးတွေနဲ့ ဖန်တီးအလှဆင်လိုက်ရင် ပျင်းရိစရာကောင်းသွားမယ်ဆိုတဲ့ အဓိပ္ပါယ်တော့ မဟုတ်ပါဘူး။ Neutral အရောင်တွေဟာ အခန်းကို ပိုပြီးကျယ်ပြန့်သယောင်ခံစားမိအောင် ဖန်ဆင်းပေးနိုင်သလို သဘာဝဆန်တဲ့အလှအပမျိုးကိုလည်း ရနိုင်ပါသတဲ့။
အဲဒီ ဖျော့တော့တော့အသွေးအရောင်လေးတွေနဲ့ ကစားတော့မယ်ဆိုရင် texture အဆင်ဒီဇိုင်းကို စဉ်းစားပါတဲ့။ Neutral အရောင်အသွေးတွေဟာ အဆင်အကွက်ဒီဇိုင်းကို မူတည်ပြီး ပြောင်းလဲသွားနိုင်တယ်။ သင့်ရဲ့ မျက်စိထဲမှာ ထိခတ်လှုပ်ရှားသွားစေနိုင်တဲ့ဒီဇိုင်းမျိုး ပေါ်ထွက်လာနိုင်ပါတယ်။ 

နောက်ကွဲပြားမှုကိုယှဉ်ပြီးစဉ်းစားကြည့်နိုင်ပါတယ်။ နွေးတဲ့အရောင်နဲ့ အေးတဲ့အရောင် ဒါမှမဟုတ် အဆင်အကွက်ဒီဇိုင်း နဲ့ ပြောင်လက်အောင်ဆေးတင်ထားတဲ့ ယှဉ်တွဲမှုမျိုးပေါ့။ ဥပမာ- ချည်သားကြမ်းကြမ်းယက်လုပ်ထားတဲ့ ထိုင်ခုံမျိုးနဲ့ စတီးလ်ရောင်ပြောင်လက်နေတဲ့ စားပွဲခုံတွဲဖက်မှုတဲ့။ တလက်လက်တောက်နေတဲ့ပစ္စည်း၊ သစ်သားအရောင်နက်နက်၊ မှန်၊ ဖန်သား နဲ့ တခြား တောက်ပတဲ့ မျက်နှာပြင်တွေဟာ Neutral အရောင်တွေရဲ့ သဘာဝရောင်စဉ်တွေနဲ့ အတွဲညီလှပါတယ်။

အလွှာအထပ်ထပ်ခြယ်မှုန်းမှုလည်း ဖန်တီးနိုင်တယ်။ Neutral အရောင်ကို အိမ်ခန်းလေးရဲ့ အဓိကအရောင်အဖြစ် ရွေးချယ်ထားပြီးပြီ ဆိုရင် အဲဒီ အောက်ခံပေါ်မှာ အရောင်လွှာတွေကို ထင်ရှားတဲ့အရောင်၊ ပိုပြီးမှောင်တဲ့ရောင်စဉ်လေးတွေသုံးပြီး အရိပ်ပုံစံ ဖောင်းကြွလာအောင်လည်း ဒီဇိုင်းဖော်နိုင်ပါတယ်တဲ့။

Neutral အရောင်ခြယ်မှုန်းထားတဲ့အခန်းမှာ ရာသီစာအရောင်လေးတွေပြောင်းလဲသုံးဖို့ အသင့်တော်ဆုံးပါပဲ။ ခရစ်စမတ်မှာဆို ဆိုဖာ၊ ခေါင်းအုံးပစ္စည်းတွေကို အနီ အစိမ်း ပါ ခရစ်စမတ်ဒီဇိုင်းမျိုးလေးတွေပြောင်းလဲ သုံးစွဲတာ။ Halloween နေ့ ရှိတဲ့ အောက်တိုဘာလမှာ တစ်လလုံး အနက်ရောင်၊ ဖရုံသီးရွှေဝါရောင်တွေသုံးစွဲတာမျိုး၊ ရာသီအလိုက်ပြောင်းလဲသုံးစွဲတာဟာ စိတ်ကြည်လင် လန်းဆန်းမှုကိုဖြစ်စေပါတယ်။

အရောင်ရင့်တွေနဲ့ တွဲဖက်သုံးစွဲကြည့်ဖို့လည်း စဉ်းစားနိုင်သေးတယ်။ မြေကြီးရောင် Neutral ရောင်စဉ်တွေနဲ့ဆိုရင် အနက်ရောင်၊ ချောကလက်အရောင်ရင့်၊ အနီသွေးကြွယ်ဝတဲ့အရောင်၊ အပြာအသွေးကျကျအရောင်တွေနဲ့ လိုက်ဖက်လှပါတယ်။ Neutral ထဲက အသုံးများတဲ့ အရောင် တွင်းထွက်ပစ္စည်းသတ္ထုရောင်ဟာ နွေးတဲ့ မီးခိုးစိမ်းရောင် ဒါမှမဟုတ် အေးတဲ့ မီးခိုးရောင်(ကျောက်သားပေါ်က မီးခိုးရောင်)မျိုးကို ကြိုက်နှစ်သက်တယ်။ နွားနို့ရောင်သမ်းနေတဲ့ ခပ်နွေးနွေးအဖြူရောင်နဲ့ ကရင်မ်ရောင်တွေဟာ လူကြိုက်များတဲ့အရောင်တွေပါ။

Neutral အရောင်သုံးရတာ ငြီးငွေ့မှုဖြစ်လာမယ်ဆိုရင်တော့ အရောင်ပြင်းပြင်းပါရှိတဲ့ ပရိဘောဂ၊ ပစ္စည်းပစ္စယလေးတွေ ပေါင်းထည့်ပေးနိုင်ပါတယ်။ တံခါးဘောင်ကို ထင်ရှားပေါ်လွင်တဲ့ အရောင်နဲ့ ခြယ်သပေးတာ၊ ထင်ရှားပေါ်လွင်တဲ့အရောင်ကို နံရံမှာ ခြယ်မှုန်းလိုက်တာနဲ့ Neutral အိမ်ခန်းလေးရဲ့ ထူးခြားမှုက သင့်ကို အံ့အားသင့်စေပါလိမ့်မယ်။

ပုံမှာ Neutral အရောင်ဖျော့တွေရဲ့ အရောင်အစပ်အဟပ်နဲ့ ဖန်တီးထားတဲ့ အိမ်ခန်းလေးတွေကို တွေ့မြင်နိုင်ပါလိမ့်မယ်။ Neutral အရောင်လေးတွေနဲ့ အလှဆင်တာဟာ သင့်ရဲ့ အိမ်ကို ရောင်းထွက်အောင် ကူညီပေးတယ်လို့လည်း ဆိုကြသေးတယ်။  ဂန္တ၀င်ဆန်ဆန်လှပတဲ့ ငြိမ်းချမ်းမှုကို ရရှိစေတဲ့ နူးညံ့တဲ့ Neutral အရောင်အိမ်ခန်းအပြင်အဆင်လေးတွေ ကြည့်ပြီး စွဲမက်သွားခဲ့ပြီဆိုရင်တော့ ကိုယ့်ရဲ့ အိမ်လေးကိုလည်း ပြောင်းလဲ ဖန်တီးကြည့်နိုင်ပါတယ်။ တစ်ခါတစ်ရံ Neutral အရောင်တွေက ပျင်းရိသွားတတ်တယ်လို့ ဆိုကြသေးတော့ ပျင်းရိငြီးငွေ့မသွားနိုင်အောင် အလှဆင်ကြည့်ဖို့က ကိုယ့်အတွက် စိန်ခေါ်မှုတစ်ရပ်ပါပဲ။ စိန်ခေါ်မှုထဲတိုးဝင်ပြီး ခပ်ဖျော့ဖျော့အသွေးအရောင်နဲ့ နူးညံ့လှပတဲ့အိမ်လေးတစ်လုံး ခြယ်မှုန်းနိုင်ခဲ့မယ်ဆိုရင်။
Living Fashion Magazine, November, 2012
မဉ္ဇူရီ

0 comments:

Post a Comment