Tuesday, November 27, 2012
အေးရိပ်ကို ဘယ်လိုရှာပါ့မယ်
ခင်မေသစ် အပိုင်း(၁)
(၁)
ရွှေဘုံပျော်ညောင်း၊ဗိမာန်ပြောင်းလည်း ၊
ဇတ်ပေါင်းပြီးချုပ် ၊ စာကိုးအုပ်ဖြင့်၊
ထုပ်ထုပ်ပိုက်ပိုက်၊သဂြိုလ်လိုက်၏၊
တိုက်ရိုက်နတ်နား၊ ကြားပါလေ၍၊
နာစေခ လို ၊တောင့်တဆိုသည်၊
ကုသိုလ်ဝေငှဆင့်လောင်းတည်း။       ။
ဟူ၍ သူ၏မွေးဖပမာ ကိုးစားခဲ့သော ဘုရင်မင်းခေါင်အား ကံတော့ခဲ့သည်။တဲ့။
ရှင်မဟာရဌသာရနှင့် မနှိုင်းအပ်သော်လည်း အရှင့်နည်းတူ မိဘနှစ်ပါးနှင့် အကို များအား
ဤစာအုပ်ဖြင့် လှိုက်လှဲစွာ ကံတော့လိုက်ပါသည် ဟုဆိုပါရစေ။     ။
ခင်မေသစ်
စာပြီးနှစ် ၂၀၀၅ခုနှစ် ဇန်န၀ါရီလ ၁၅ရက် ။
                                 -×××××××××××××××××
(၂)
အေးဘယ်မှာဖန်မယ်၊
ကြံနယ်ကဝေး၊
သမုဒ်ပင်လယ်သို့ ၊
လောင်းလှေငယ်
ဟိုဘက်ကမ်းကို ၊
လှမ်းနိုင်ဖို့ လေး။
(နွေချိန်လုပြန်တော့တယ် ပတ်ပျိုးကလေး)
ဘ၀စာမျက်နှာအဖွင့်။
၁၉၄၀ခုနှစ် သြဂုတ်လ (၈)ရက်နေ့ ကြာသပတေးနေ့ ။
မိုးနှင်းမြူတို့ ဖြင့် ထူထပ်သိပ်သည်းနေသော မိုင်းလုံ၏ ညသည် မလှပချေ။သည်ညမှာမှ မိန်းခလေးသည် ဆင်းရဲပင်ပန်းစွာ မီးဖွားသန့်စင်ခဲ့ရ၏။ အရပ်လက်သည်ပြုစုပေးသမျှ ခံယူရင်း အားငယ်စွာ မိန်းမောရီဝေနေပေပြီ။
မွေးကင်းစ ခလေးငယ်ကို ဖြူစင်သန့် ရှင်းညက်ညောသော ပိတ်စဖြင့် နွေးထွေးစွာ ပိုက်ပွေ့ ထားသည့်  ဒေါ်နန်းဖေါင် သည်  မီးနေသည်၏ ဆံစလေးများကိုမကြာခဏ လှမ်း၍ သပ်ပေးနေရင်း မျက်ရည် မိုးနှယ် စွေလေပြီ။သွေးတို့ ဖြင့် စိုရွှဲနေသည့် မိန်းခလေး၏ ခန္ဓာကိုယ်အောက်ပိုင်းကိုကား မကြည့်ရက်တော့ပြီ။
ခရီးလမ်းပမ်းဆက်သွယ်မှု ပြေပြစ်ချောမွေ့ ခဲ့လျှင် ရာသီဥတု သာယာခဲ့လျှင် အနီးဆုံးဆေးရုံတခုသို့  အရောက် ပို့ ပေးနိုင်မည် ဖြစ်သော်လည်း..
ယခုတော့….နန်းမြင့်မေရယ်……။
 (၃)
ဦးမြင့်ထွန်းသည် သူ့ နှုတ်ဖျားဝယ် စုစည်းတစ်ဆို့ လာသည့် စကားလုံးများကို ထုတ်ယူရန်ခက်နေ၏။
အညာနွေက ပူလောင်ရသည့်အထဲ ရင်တွင်းဝေဒနာက ထပ်ဆင့်နေသည်။
အကင်းပါးသူ ဇနီးသည်က ဒါကို ရိပ်စားမိသည်။
“ကို မြင့်ထွန်း ရှင်ဘာဖြစ်နေတာလဲ  ဘာပြောချင်လို့ လဲ ပြောလေ “
ဦးမြင့်ထွန်း ခေါင်းကုတ်လျက် ၊
“ ဘာရယ် မထားကြည် ငါဘာပြောရမှာလဲ “
အော်..ရှင့်မှာ ပြောစရာစကား တခုခု ရှိသလားလို့ ပါ။ “
“အေး..အဲ ..ဟိုကွာ .ဘယ်လိုပြောရမလဲ ။ဒုက္ခဘဲ “
ခေါင်းတွင်တွင်ကုတ်ထစ်ငေါ့ရင်း  ဟိုလျှောက် ဒီလျှောက်လုပ်ပြီး.ရုတ်တရက် ..
ဦးမြင့်ထွန်းသည် ဒေါ်ထားကြည်၏ ပခုံးနှစ်ဘက်ကို ဆုတ်ကိုင်လိုက်၏။..မျက်နှာကိုလည်း စေ့စေ့ကြည့်ကာ.. နူးညံတိုးတိတ်စွာ ..စကားဆိုတော့၏။
“မထားကြည် ငါ့ကို ခွင့်လွှတ်နိုင်ပါ့မလား ဟင်.. ဒါကို ငါ အရင် သိမှဖြစ်မယ် “
“အော်  ခက်တယ် ရှင်ဘာဖြစ်နေလို့  ကျွန်မက ဘာကို ခွင့်လွှတ်ရမှာတဲ့လဲ ပြောအုံးမှပေါ့။ ကဲပါ.. .
ရှင် ဘာဖြစ်ဖြစ် ကျွန်မ ခွင့်လွှတ်ခဲ့တာချည်းဘဲ  ရှင်သိရက်နဲ့  “
“ မထားကြည်ရယ် ..ငါမှားခဲ့ပါတယ်။ ငါ..ငါ..ကွာ ရှမ်းမလေးတယောက်နဲ့  ခလေးတစ်ယောက်ရထားတယ်။ရှမ်းမကတော့ ခလေးမီးဖွားပြီးပြီးချင်း ဆုံးသွားတာ ကြာပါပြီ။ ခု အဖွားလုပ်သူကပါ ဆုံးသွားလို့  လောလောဆယ် ခလေးက ခိုကိုးရာမဲ့ ဖြစ်နေတယ်။ အနီးဆုံးလူက ငါပဲ။ ခလေးရဲ့  ကျန်းမာရေး စားဝတ်နေရေး ပညာရေး အားလုံး ငါ့ခေါင်းပေါ်ကျနေပြီ။ ငါ့ကြောင့် အပြစ်မဲ့တဲ့ ခလေးတယောက် ဖရိုဖရဲ ဖြစ်သွားမှာစိုးတယ်။ မင်းအနေနဲ့  သူ့ အတွက်  ကွန်းခိုရာ အေးရိပ်ကလေး တရိပ် ဖန်တီးပေးနိုင်မယ် လို့  ငါမျှော်လင့်ပါရစေ။”
အံ့သြငြိမ်သက်စွာ နားထောင်နေရာမှ စကားအဆုံးတွင် စိတ်ဆိုးရမှာလား ဒေါသဖြစ် ရန်စွာလိုက်ရမလား မသိနိုင်ခင် ကျိုး ကျိုးကြောင်းခိုင်လုံနေသည့် ဦးမြင့်ထွန်း အဆိုကို ဆန့် ကျင်ရန် ဒေါ်ထားကြည် အင်အားမရှိ။ သူမ သဘောထားကြီးစွာ တည်တည်ငြိမ်ငြိမ် တုံ့ ပြန်လိုက်နိုင်သည်။
“ခလေးက ဘာလေးလဲ ဟင် ။ဘယ်အရွယ်ရှိပလဲ  “
“အင်းလေ..သားတွေကတော့  နှမလေးတယောက် ကောက်ရတယ်ဆိုပြီး ပျော်နေကြမှာပါ..  “
ဟု တွေးတွေးငေးငေး လေးလေးပင်ပင် စကားဆိုလျှက်။
( ၄ )
မသွယ်မ၀ိုင်း ဖြူနုနုမျက်နှာဝယ် မျက်ခွန်မို့ မို့ အစ်အစ် ပါးဖေါင်းဖေါင်း နီရဲရဲနှင့် လက်ခါနေသည့် မျက်ဝန်းတစုံတို့ ကို  ဖြည့်စွက် ပိုင်ဆိုင်ထားသည့် နန်းမို့ မှာ နှာတံကမူ ပေါ်လွင်ထင်ရှားခြင်းမရှိ။ခပ်ပြေပြေ။
မမျှော်လင့်ပါဘဲ တမာရနံ့ ကို ရှူရှိုက်ရသည်တွင် ချယ်ရီပန်းတို့ ၏ သင်းပျံ့ ချိုအီသည့်ရနံ့ ကို လွမ်းတနေရှာသည်။”ဖေဖေ” ဆိုသည့်လူကို မြင်တွေ့ ခဲ့ဖူးသော်လည်း ရင်းနှီးကျွမ်းဝင်မှု မရှိ။ယခု ဖေဖေဆိုသည့်လူနောက်ကို လိုက်ခဲ့ရသည်။
ဆုံးစမရှိ ကျယ်ဝန်းပြန့် ပြောလှသည့် ခရမ်းပြာကောင်းကင် အောက်ဝယ် ပြေးရင်း လွှားရင်း ခူးဆွတ်စားသုံးနိုင်သည့် စထရော်ဘယ်ရီသီးနီနီအခင်းကလေးများ ခု ဘယ်မှာလဲ မေးရတော့မည်။
နန်းမို့ ကျွမ်းဝင်ခဲ့သည့် အရာခပ်သိမ်း ဘယ်မှာပျောက်ဆုံးကုန်ပါလိမ့်။
ကောက်ခါ ငင်ကာ ရလာသည့် နှမကလေးကိုမူကိုကိုကျော်ရော  ကိုကိုဇော်ပါ ချစ်ကြပါ၏။ကျောင်းနေရတော့ သူငယ်ချင်းတွေ ရလာသဖြင့် ပျော်ရသည်။တခါတရံတော့လည်း အရပ်ထဲက ခလေးတွေအချင်းချင်း  လှည်းလမ်းကြောင်းက ကောက်ရလာတာ ဟု ပြောဆိုတာ ခံရသည်။ တခါတရံ ခေါက်ဆွဲရောင်းတဲ့ တရုပ်အရှင်းမကြီးသမီးသနားလို့  လို့ ယူမွေးစားထားတာ ဟုလည်း အပြောခံရသည်။
 သည်လိုနှင့် စည်းစံနစ်ကြီးလွန်းသောမိဘအကိုများကြားဝယ် နန်းမို့  မှသည် အင်နီမြင့်ထွန်း ။ ၄င်းမှ မြကေခိုင် အဖြစ် အဆင့်ဆင့် ပြောင်းလဲလှုပ်ရှားရင်း တဖြည်းဖြည်း ရှင်သန်ဖွံ့ ဖြိုးလာရာမှ သတ္တမတန်းကျောင်းသူ တဦးဘ၀ကို ဆက်စပ်ကောက်ယူ ကြည့်လိုက်လျှင်…
(၅)
လွန်မင်းသြ၀ါ၊မကြည်သာအောင်၊စာနာမချင့်၊
အာဏာဆင့်က၊မသင့်မတရား၊ယွင်းဖေါက်ပြားလျှက်၊
နှစ်ပါးမိဘ၊ကျေးဇူးပသား၊ဘ၀ရှောင်ဖဲ၊ကွဲကြီးကွဲလိမ့်၊
အမြဲ စောင့်လျင်း၊ထန်မပြင်းသည်၊ ဖြည်းညှင်းသာပျောင်း၊ နူးညံ့ကြောင်း။
(ဓီတာရောဝါဒပျို့ ..ဆရာတော်ဦးလှဲ့ )
၁၉၅၄ခုနှစ် ဒီဇင်္ဘာလ ၂၄ရက်
ညသည် နှင်းမှုံအောက်ဝယ် ရီဝေေ၀ အေးစိမ့်စိမ့်ရှိလှသည်။ကျွန်မတို့ အားလုံး ချမ်းတုန်နေသော်လည်း ဆောင်းဒါဏ်ကို ကြံ့ ကြံ့ခံနေနိုင်ကြသည်။ carol song အဆိုမပျက်ခဲ့။
“ ဒီအိမ်ပေါ်မှာ ..ကောင်းချီးမင်္ဂလာ ..ရောက်ပါစေ..ရောက်ပါစေ.. ဒီအိမ်ပေါ်မှာ  ကောင်းခြင်းမင်္ဂလာ ရောက်ပါစေ  ရောက်ပါစေ…ဒီအိမ်ပေါ်မှာ  ကောင်းခြင်းမင်္ဂလာ  ဒီအိမ်ပေါ်မှာ ကောင်းခြင်း .မင်္ဂလာ  ရောက်ပါစေ..ရောက်ပါစေ. “
ကျွန်မတို့ သံပြိုင်ညီညာ သီဆိုလိုက်သည့် ဓမ္မတေးသံများသည် တိတ်ဆိတ်သော ညာဥ့်ဦးယံကိုထွင်းဖေါက်၍ ဟို မိုးကောင်းကင်အထက်သို့  ပျံ့ လွင့်တက်ရောက်သွားပေလိမ့်မည်။
ကိုကိုကျော်သည် ရန်ကုန်တက္ကသိုလ်မှ BA ဘွဲ့ ယူအပြီး အစိုးရ အထက်တန်းကျောင်း တခုတွင် အထက်တန်းပြဆရာဖြစ်လာသည်။ကိုကိုဇော်ကမူ ထိုကျောင်းမှာပင် မက်ထရစ်စာမေးပွဲဖြေဆိုရန်ကျောင်းတက်နေဆဲဖြစ်သည်။
ကျွန်မကမူ Wesley  ခရစ်ယာန်သာသနာပြုကျောင်းတွင် သတ္တမတန်းကျောင်းသူအဖြစ် ရှိနေဆဲဖြစ်ပါသည်။ပျော်ရွှင်ဖွယ် ခရစ္စမတ်ညများကို ဆရာမများ သူငယ်ချင်းများနှင့်အတူ ဖြတ်သန်းခဲ့ရသည်မှာ မမေ့ရက်နိုင်စရာပါဘဲ။
ယခုလည်း မိတ်ဆွေတဦး၏အိမ်တွင် “Xmas”ဟု သံပြိုင်အော်လိုက်ကြသည်။ ထိုစဉ် ..ကျွန်မလက်ကို တစုံတယောက်က ဆောင့်ဆွဲလိုက်သည်နှင့်ကြုံရသည်။ကြည့်လိုက်တော့..ကိုကိုကျော်..
မီးဝင်းဝင်းတောက်နေသည့် မျက်လုံးများဖြင့် ကျွနိမကို စိုက်ကြည့်နေသည်။
“လာခဲ့ ပြန်မယ် “
တုံးတိတိ ဘောက်ဆပ်ဆပ် သူပြောသည်။
ကျွန်မကို ဆွဲခေါ်သွားတော့  အပြစ်ပြုမိသူပမာ ကျွန်မရှက်ရှက်နှင့် သူ့ နောက်မှ ပါသွားခဲ့သည်။
ငယ်ငယ်က ကျွန်မကို ချစ်ခဲ့ ပါလျက်  အရွယ်ကလေးရလာသည်နှင့် ဆက်ဆံရေးပြောင်းလဲ သွားသည်။ ခြင်္သေ့တကောင်လို တွေ့ သည်နှင့် ဟိန်းဟောက်တော့တာဘဲ။ မုန်းစရာကြီး။
“ ဖေဖေ့သမီးကို ဖေဖေချစ်ရင် ဒီကျောင်းမှာ မထားပါနဲ့ ၊ ကျွန်တော် နည်းနည်းမှ ကြည့်မရဘူး “တဲ့။ အကိုကြီး အဘအရာမို့  အငယ်များကအလေးထား အရိုအသေပေးရတာ ကြောက်ရွံ့ ကြရတာ မှန်ပါသည်။ ဘာဘဲဖြစ်ဖြစ်  ကျွန်မကတော့ အနိုင်ကျင့်သည်လို့ ဘဲ မြင်သည်။
ကြီးနိုင်ငယ်ညှင်းဝါဒ လွှမ်းမိုးလာလျှင် လောက၏ အလှသစ္စာတရား ဆိတ်သုဉ်းပျောက်ကွယ်သွားနိုင်သည်။ထိုအရာကို တားဆီးပေးပါလို့  ကျွန်မ ခရစ်တော်ထံ အသေအချာ ဆုတောင်းပါမည်။
ကျွန်မအိပ်ပျော်သွားစဉ် အိမ်မက်ဆိုးများက ခြောက်လှန့် လာသည်။ဖေဖေဆိုသည့် လူကြီးက လိုက်ဖမ်းသဖြင့် အူယားဖါးယား ထွက်ပြေးသည်တွင် ထင်းရူးရွက်ခြောက်များပေါ် ချော်လဲသည် တဲ့။
“ဟင့်အင်း  ဟင့်အင်း  မလိုက်ဘူး “  ညင်းရင်း ရုံးရင်း ဖေဖေဆွဲခေါ်ရာ တရွတ်တိုက် ပါသွားရင်း
အဖွားနန်းဖေါင်ရေ..လို့  တစာစာ အော်မိသည်။
၆။
၁၉၅၅ခုနှစ် မေလ ၅ရက်နေ့ 
“မီးသတ်ကျင့်ဝတ် အင်္ဂါ ဆယ်ပါး ထင်ရှား ပြခဲ့ မည်… စည်းကမ်းသေ၀ပ်ခြင်း အရင်းပြုမည် …။ ကြောက်စိတ်လဲ ကင်းရမည် ..ရဲရင့်ခြင်း ..ဧကန်လိုပါသည်..။ အများအမှုမှာ..တရားရှုခါ  သနားဂရုဏာ ပိုပါမည်..ယဉ်ယဉ် ကျေးကျေး  လွန် သိမ်မွေ့ ရမည်..တည်ကြည် ရိုးသားရမည် .
လျင်မြန် ဖြတ်လတ်ရ မည်  ၀တ္တရားကျေပြွန် မှန်ရာ ကိုတည်  သစ္စာတရားနှင့် ညီညွှတ်ခြင်.း.ကျန်းမာခြင်း နှင့် အတည်…။  “
တူညီဝတ်စုံများဖြင့် အင်အားပြ ချီတက်လာသော မီးသတ်ရဲဘေါ်များက သွက်လက် မြူးကြွလို့  နေသည်။ သံပြိုင်ကျူးရင့် သီဆိုလိုက်သည့် တေးသံနှင့်အတူ ဘင်ခရာ တီးဝိုင်းကပါ လက်စွမ်းပြ တီးခတ်လာသဖြင့် ပိုမို စိုပြေနေတော့သည်။နှစ်ယောက်တတွဲ စီတန်းလှည့်လည်လာပုံညီညာလှသမို့  စစ်ရေးပြ အခန်းအနားတခုလို ရှုမညီးနိုင်စရာပါ။
သူတို့ တတွေ ခေတ္တ တန်းဖြုတ်အနားယူသည်။ လမ်းဘေးနီးရာအိမ်အတွင်းဝင်ရောက်ခိုနားကြစဉ် အိမ်ရှင်များကလည်း အဖျော်ယမကာ များတိုက်ကြွေးဧည့်ခံကြသည်။ကျွန်မတို့ မိသားစုမှလည်း လိမ္မော်ချိုချဉ်ကလေးများနှင့်အတူ ငွေရေဖလားနှင့် ရေကြည်ချမ်းမြ ကမ်းပေးကြပါ၏။
“ ကျေးဇူးတင်ပါတယ် ညီမလေးရယ် .ရင်ထဲကို  အေးသွားတာဘဲ  “ တဲ့။
 ကျွန်မ ကမ်းပေးသည့် ရေကို သောက်သုံးခဲ့သည့် ရဲဘော်တဦးက ထူးထူးခြားခြား စကားဆိုသည်။
အပြုံးကလေး ဖေါဖေါသီသီနှင့် တည်တည်ကြည်ကြည် စကားဆိုသူကို  ကျွန်မ မော့ကြည့်မိ၏။ သူ့ အကြည့်စူးစူးက ကျွန်မတကိုယ်လုံးကို ပူထူရှိန်းမြသွားစေသည်။ယဉ်ကျေးသိမ်မွေ့ စွာ ပြန်လည်ကမ်းပေးလာသော ငွေဖလားကို ယူရင်း ကျွန်မဆီက လှစ်ကနဲ ကြွေကျသွားသည့် အပြုံးပန်းတပွင့်ကို သူရသွားသည်။
သူ့ မျက်နှာကို ကျွန်မမကြည့်ရဲတော့ပါ။ခေါင်းကလေးအမြန်ငုံ့  ပစ်လိုက်သည်။
ကြည်သာရွှင်ပျဟန်ရှိသည့် သူ့ မျက်လုံးများက လည်း ကျွန်မအား အသေအချာ ဖမ်းစားခဲ့ပြီထင့်။
“ မြင်မြင်ချင်းပင် ဘာ့ကြောင့်များ ချစ်ချင်တယ် ဘ၀ဟောင်းက ပျို့  ဆုတောင်းကြောင့်ထင်တယ်  “  လို့  တင်တင်အေးက ဆိုသည်။ ကျွန်မ သူ့ ကို မြင်မြင်ချင်း ချစ်ခဲ့မိပြီလား။
ဒီည ကျွန်မရင်ထဲက နေ ကဗျာ အပိုင်းအစကလေးတခု ခုန်ထွက်သွားတယ်။
ပီတိ
 ချစ်သူ့ မျက်နှာ ပြုံးကြည်သာကို ၊
မြင်လာခဏ  သောကာလ၀ယ်၊
ရင်မှအသိ ဂွမ်းဆီထိသို့  ၊
ပီတိလှိုင်းကလေး ဖြာသွားတယ်။
သတ္တမတန်းကို ဖြေဆိုအောင်မြင်ပြီးနောက် ကျွန်မအား ကျောင်းနှုတ်လိုက်တော့သည်။မိန်းခလေးမို့  တော်သင့်ပြီ  တဲ့။
ကိုကိုကျော်က ကျောင်းနာမည် “အင်နီမြင့်ထွန်း” အစား” မြကေခိုင် “ဟု နာမည်သစ်မှည့်ခေါ်လိုက်၏။ဗုဒ္မဘာသာ မြန်မာမိန်းကလေးပြီပြီ ပြုမူနေထိုင်ရန် ညွှန်ပြ သွန်သင်ပါသည်။
ဆရာဇုံ အမည်ရှိ စောင်းဆရာကြီးတဦးနှင့်လည်း ပင့်ဖိတ်၍ မြန်မာ့ရိုးရာ တေးသီချင်းပတ်ပျိုးများ ကို စောင်းဖြင့် တွဲဘက်သီဆိုတီးခတ်နိုင်ဖို့  သင်ယူ လေ့ကျင့်စေပါသည်။
စောင်းတီးခတ်ရာတွင် လက်အပြေးလှဖို့  လိုသည်။ လက်အနေအထားမှန်ဖို့  လိုသည်။ တဲ့။ ဆရာကြီးက ကျကျနနသင်သည်။လက်ချောင်းကလေးများသည် လိပ်ပြာလေးတကောင်ဝဲပျံသလို ထက်အောက်စုန်ချီ ဆန်ချီ ကူးသန်းပြေးလွှားနေရမည် တဲ့။
လက်ညိုး လက်မထိပ်ဖျားလေးနှင့်သာ အသာအယာ တို့ ခတ် ကစားသွားတတ်ဖို့ လည်းလိုသည်။
ပထမတွင် ကိုးယိုကားယားနိုင်လှသော ကျွန်မ၏ လက်ချောင်းများကိုကြည့်ပြီးစိတ်ပျက်မိ၏။ရယ်လည်း ရယ်ချင်သည်။ သို့ ရာတွင် စောင်းကြိုးကို ဘယ်လိုဘဲ ထိထိ  ထိသည်နှင့် ထွက်ပေါ်လာသော အသံ သာမှုတွင် ကျွန်မစိတ်ဝင်စားသည်။စိတ်ရှည် သည်းခံပြီးခက်ခက်ခဲခဲ လေ့ကျင့်သည့်အခါလက်မရော လက်ညှိုးရော အထိမခံနိုင်တော့ချေ။တခြားလက်ချောင်း အစားထိုးပြောင်းသုံး ပြောင်းသောလက် နာပြန်တော့ လက်မလက်ညှိုး ပြန်သုံး ဒီလိုနှင့် လက်တွေ ကျင့်သားရ ပြီး နောက်ပိုင့်း  မနာတော့။လက်အပြေးလည်းမှန်လာသည်။ ဒီတော့မှ တံတျာ၊ သီတာ၊ သာယာ၊ ဝေဘာ စသည် တဆင့်ပြီးတဆင့် တက်စေသည်။
ကျန်အားလပ်ချိန်များတွင် အိမ်တွင်းပိဋကတ်တိုက် (စာအုပ်ဗီရို) မှ ဗုဒ္မဘာသာကျမ်းစာအုပ်များ လယ်တီ ဒီပနီများ။ ဇတ်ကြီးဆယ်ဘွဲ့ များ၊လယ်တီ ပဏ္ဍိတ ဦးမောင်ကြီးစာအုပ်များ၊ဓမ္မပဒနှင့် မိလိဥ္ဒအမေးအဖြေများစသည် ဘာသာရေးစာအုပ် တော်တော်များများ လေ့လာဖတ်ရှုနိုင်ပါသည်။
ကိုကိုကျော်ကလည်း တိုင်းပြည်ပြု စာကြည့်တိုက်ထူထောင်မည်ဟု စာအုပ်များစုဆောင်းနေရာ ဒဂုန်မဂ္ဂဇင်းများ။နဂါးနီတိုက်ထုတ်နိုင်ငံရေး စာအုပ်များ  သွေးသောက် ရှုမ၀ ဗြိတိသျှဘားမားနှင့် အေ၀မ်းထုတ် ရုပ်ရှင်စာစောင်များ။ တိုးတက်ရေး ကြီးပွားရေးနှင့် အခြားသတင်းစာ တော်တော်များများ ဖတ်ရှုရပါသည်။
ထိုခေတ်ဝတ္ထုစာအုပ်များဖြစ်သည့် ပန်းသာမစာအု၊ အမေလေး၊ ဒေါက်တာရေချမ်း၊ ရူပနန္ဒီ၊ ရူပကလျာဏီ၊  စာဆိုတော် ၊စစ်ထွက်သူ  ပွန်ပေမြို့၏ နောက်ဆုံးနေ့ ။ သူရဲကောင်းသုံးယောက်၊ ခါးကုန်းကြီး စသည် စစ်ကြိုခေတ် စစ်ပြီးခေတ် ဘာသာပြန်  ၀တ္ထုစာအုပ်များ အတော်ကို စုံလင်လှပါသည်။
ဖေဖေက ကျွန်မကို ရွှေဆိုင်ထိုင်ခိုင်းသော်လည်း ကျွန်မကမူ ခြင်္သေ့လေးကောင်ခံ နဂါးနှစ်ကောင် ၀န်းရံသော ကျောက်ဖြူသား ဗုဒ္မရုပ်ပွားတော်မြတ် ကိန်းဝပ်ရာ စာအုပ်ဗီရို ကလေးကိုသာ သဲကြီး မဲ ကြီး မွှေနှောက် နေမိတော့သည်။
“နိစ္စကမ္မ၊ သဗ္ဗဒနှင့် ကိစ္စပြီးပြေ၊ ရှိတုံချေမူ၊
စာပေကျမ်းဂန်၊အတန်တန်ကို ၊ ဖန်ဖန်ဖွေရှာ၊
သင့်လျော်ရာသာ၊ဓမ္မာရဿ၊
 သောက်သုံးမှတည့်၊  “..ဟု ရှေးက စာ ရှိသည်မဟုတ်ပါလား။
ထိုဘာသာရေးစာအုပ်တို့ ၏အနှောင့်တွင် ကျွန်မတို့ မိသားစု၏နာမည်များကို ရွှေစာလုံးဖြင့် ထွင်းထု ရိုက်နှပ်ထားသဖြင့် ကြက်သရေရှိသည်ဟု ၀မ်းသာပီတိဖြစ်မိသည်။ ထိုစာအုပ်များကို ကိုင်တွယ်ထိတွေ ခွင့်ရသဖြင့် မိဘများကို ကျေးဇူးတင်ရပါ၏။
“မှတ်ဖွယ်မှတ်ရာ ၊ ထိုထိုစာကို၊ ရှုကာမပြတ်၊ အိမ်တွင်ဖတ်..”ဆိုသည့်အတိုင်း ကျွန်မသည် စာဆို န၀ဒေး၊ နတ်သျှင်နောင်ဆို ရတုများအစ..ရှင်မဟာရဌသာရနှင့် ဦးပုည မမြကလေး၊ လှိုင်မင်းသမီး အဆုံး ပျို့ ကဗျာ လင်္ကာ အားလုံး လက်လှမ်းမှီသရွေ့ ဖတ်သည် မှတ်သည် ဆိုပါစို့ ။ အလယ်တန်းကျောင်းသူဘ၀မှာလည်း သပြေညိုနှင့် အခြားကဗျာများ။ ကဗျာ့ပန်းကုံး စသည် သင်ကြားခဲ့ရပြီးမဟုတ်လား။
ပြင်ပလောကနှင့် ထိတွေ့ ဆက်စပ်မှုမရှိ သိုသိပ်စွာ နေခဲ့ရပါသော်လည်း
“ စာပေ၀တ္ထု၊ ရတုကဗျာ၊ သာသည့် သီချင်း၊
 အဲစောင်းညှင်း၍။မကင်းမပြတ်၊
 ရွတ်ဖတ်လျက်သာ၊ နေကောင်းစွာ …”တဲ့။ ကင်းဝန်မင်းကြီးဆိုသည့်အတိုင်း စာပေဂီတနှင့် ကျွန်မ ပျော်ပျော်ကြီးကို နေခဲ့ရပါသည်။လို့  ဆိုရမှာပါ။
ဒါပေမဲ့  တခါတရံ ကျောင်းနေဖေါ်နေဖက် သူငယ်ချင်း များနှင့် ပျော်ပျော်ရွှင်ရွှင် ကျောင်းသွားချင်သည့်စိတ်ကိုလည်းမဖျောက်ဖျက်နိုင်ခဲ့ပါ ရှင်။
၇။
ဆောင်းနှင်းပွင့်လေးများပျက်ပြယ်လွင့်ပါးခြင်းမရှိသေးမီ  တနေ့ ။
အအေးဓါတ်ကလေး လွှမ်းပတ်ခြုံသိုင်းထားစဉ်ကာလ။ နေခြည်ဖြာနု နွေးထွေးဆဲ နံနက်ခင်းကလေးတခုတွင် ကျွန်မ စိတ်လိုလက်ရ သနပ်ခါးပါးကွက်ကြားနှင့် ဆောင်းသဇင်တွေ တခေါင်းလုံးဝေနေအောင်ပန်မိသည်။
ကျွန်မတယောက်တည်း ဖေဖေ့ရွှေဆိုင်တွင် ထိုင်နေစဉ်
“ကိုကျော် ရှိလား ခင်ဗျ “တဲ့။ မေးမေးပြောပြော ၀င်ချလာသူက..” သူ “ ။
အော်..ဟင့်အင်း၊ ဟုတ်ကဲ့  မရှိပါဘူးရှင့် “
“ဒီမှာ..ညီမလေးဖတ်ဖို့ စာတစောင်ထားခဲ့ပီ သွားမယ်နော်။ “တဲ့။ 
ပြောပြောဆိုဆို တချိုးတည်း လစ်ပြေးသူက မီးသတ်အခန်းအနားပွဲနေ့ က စစ်ရေးပြ လှုပ်ရှားခဲ့သူ။
ကျွန်မကမ်းပေးတဲ့ ငွေရေဖလားလေးထဲက ရေကို တ၀ကြီးသောက်ခဲ့သူ။မီးသတ်ရဲဘော်လေးပါဘဲ။
အော် ..ကျွန်မအံ့သြမိပါရဲ့ ။ရှက်ပြုံးလေးလဲ ပြုံးမိပါရဲ့ ။ဘယ်သူမှ မမြင်နိုင်ခင် စားပွဲပေါ်ချပြစ်ထားခဲ့သည့် စာကလေးကို ကောက်ယူသိုဝှက်လိုက်တယ်။
ညဖေဖေတို့ ဘုရားဝတ်ပြု အပြီးအိပ်ယာဝင်သွားမှ တိတ်တခိုးဖွင့်ဖတ်ရသည်။
ကျွန်မရင်တွေ ခုန်နေတယ်..။
“ချစ်ညီမလေး..”
မိဘအကိုတွေကြားက ယက္ခုကုမ္ဘာန် ၀န်းရံ စောင့်ကြပ်ထားတဲ့ နတ်ပန်းမဉ္ဇူလေလားကွယ်။
ကိုကိုလေ ခိုင့်ကို တန်ဘိုးထား မြတ်နိုးစွာ ချစ်မိနေပြီ။ ဒါပေမဲ့  ခိုင်ငယ်သေးတယ်။
စာဆို န၀ဒေးဟာ ရှင်နှောင်းကလေးကို ချစ်စကားမဆိုရက်ရှာဘူး။ချစ်ပန်းဖူးပွင့်လာမဲ့ရက်ကိုစောင့်ခဲ့ရတာ အမော တဲ့။
ကိုကိုလဲ န၀ဒေးလိုများဖြစ်နေမလား။အင်းလေ ..ကိုကို့ မှာတော့..ချစ်မေတ္တာကို၊ ရင်မှာသိုဝှက် ၊ အသိမ်းခက်ပြီး ၊ဖျောက်ဖျက်လို့ လဲ မရနိုင်တော့ပါ ညီမလေးရယ်..။
မြှော်လင့်ကြီးစွာဖြင့်…
ချစ်တဲ့ကိုကို
“ခိုင် “်တဲ့။
“ချစ်တဲ့ကိုကို”. တဲ့
ကိုကိုရယ် …ဒီည ခိုင့်ရင်ထဲမှာလဲ 
ကဗျာလေးတပုဒ် တိတ်တခိုး သီကုံးနေမိတယ်။
မဆန်းလား။ ကဗျာလေးက..
ရင်ခုန်အကြည့်
“မျက်လုံးချင်းဆုံ ၊ရင်ခုန်တဲ့ ဒီအကြည့်၊
ချစ်ခွန်းချွေ ဖွဲ့ သီကျူးသည်သို့ ၊
ထူးလှပါဘိ။  “  တဲ့။
၈။
“အလိုလေး လေ..သမီး ဘယ်လိုလုပ်လိုက်တာလဲကွယ်။ချုပ်တာမှ မကြာသေးဘူး။ ခက်တာဘဲ”
ခိုင်ကလဲ ခိုင်ဘဲ။ အင်္ကျီအသစ်စက်စက်ကိုမှ ဖြတ်တောက်ကိုက်ညှပ်ပြီလက်တိုလုပ်ပစ် ၀တ်ကြည့်နေတာလေ။
မေမေတို့ က လက်တိုမှ  ပေးမ၀တ်တာကို။ အိမ်စေတွေမှဝတ်ရသတဲ့။အိမ်မှုကိစ္စလုပ်နေရသူဖြစ်လို့  လက်တိုဝတ်မှ အဆင်ပြေတယ် တဲ့။
ဒါပေမဲ့ သူမျုားဝတ်သလို မိခိုင်လဲ ၀တ်ချင်ပါသည်။
မေမေကလေ ဗြစ်တောက် ဗြစ်တောက်နှင့် မြည်တွန်တောက်တီးနေတာ မပြီးဘူး။
“ဂုဏ်သရေရှိ မိကောင်းဘခင်သမီးဆိုတာ အ၀တ်အစားဝတ်ရင်  လော်လီ ဆန်းပြားမှု မရှိရဘူး “ လို့  တချက်လွှတ် အမိန့် ပေးသွားတယ်လေ။
ကျွန်မခါးက အင်္ကျီလေးကိုပါ ချွတ်ခိုင်းပြီး ယူသွားတော့တယ်။
ဒိကိစ္စ ဒီမှာတင်မပြီး ညရောက်တော့ ဖေဖေက ကြမ်းပေါ်မှာ ထိုင်ခိုင်းပြီး သြ၀ါဒတွေ တသီကြီးပေးတော့တယ်။
“မြန်မာဆန်ဆန်ဝတ်ဖို့  ဖါးဖါးထူထူဝတ်ဖို့  ပါးလျားကြပ်ထုပ်မနေဖို့ နဲ့  ထမီဘယ်ဖုံး မ၀တ်ဖို့ ကအစ ကျစ်ဆံမြီးမကျစ်ရ ဆိုတာရော  ဆံပင်မဖြတ်မတောက်ရ  ဆိုတာရော ထမီဝတ်ရင် ပေါင်ကို လုံအောင်ဖုံးဖို့  ဆိုတာရော ပြောတော့တယ်။
“ကြားလားသမီး  ကြားလားသမီး “ဖေဖေဆိုတိုင်း  “ဟုတ်ကဲ့ ဖေဖေ  ဟုတ်ကဲ့ ဖေဖေ  “ နှင့် မိခိုင် ခေါင်းငြိမ့်လို့ မပီးနိုင်ဘူး။လူကြီးတွေဟာ ကိုယ့်သားသမီးကို
နားဝင်အောင်မပြောဘဲ ဟိုဟာ မလုပ်ရ ဒီဟာ မလုပ်ရ တချက်လွှတ်အမိန့် ထုတ် ဥပဒေတွေထုတ်နေတဲ့  ပဒေသရာဇ် ဧကရစ်တွေလို့  ဆိုချင်တော့တယ်။ဒါမှမဟုတ် ကျေးကျွန်နှင့်သခင်အနေအထားအလား။
သမိုင်းဘာသာရပ်မှာ revolution  ဆိုတာ  သင်ရသည်။
အားကြီးသူက အားနည်းသူကို ဖိနှိပ်ချုပ်ချယ်လွန်းရင် အုံကြွရုန်းကန် ပုန်ကန်ခြင်း တဲ့။
ဖေဖေတို့ က သေဆိုသေ  ရှင်ဆိုရှင်  တသွေးတသံ တမိန့် တည်း သက်ဦးဆံပိုင် autocracy  ၀ါဒကို ကျင့်သုံးနေသည့်နှယ်။
မိဘနှင့် သားသမီး  ကြီးသူကို ငယ်သူက နှိမ့်ချရိုသေစွာ မှားမှားမှန်မှန် ဆိုးဆိုးကောင်းကောင်း ခေါင်းငြိမ့်နာခံရသည်တဲ့။ မှန်ပါသည်။ ဖြစ်သင့်ပါသည်။ ဒါပေမဲ့  ကျွန်မ မကျေနပ်။
ကျွန်မအသက်ကလေးရလာသည်နှင့် အကိုတွေကအစ အားလုံး အချိုးပြောင်းသွားသည်။ ကျွန်မကို တင်းတင်းကြပ်ကြပ် ထိန်းချုပ် စိုးမိုးလာသည်။ အို ..မိခိုင် စိတ်ညစ်လိုက်တာ။  ဘာ့ကြောင့်လဲ။
ငှက်အသွင် တောင်ပန်တပ်လို့  တောအထပ်ထပ် တောင်အလျို လျို ပြေးသွား ခိုဝင် ၀ဲပျံ လိုက်ချင်တယ်။ တောမြိုင်စိုစို  တောင်ညိုညိုမှာ အေးရိပ်ခိုနားလိုပေမဲ့ ဘယ်မှာလဲ အေးရိပ် ကလေးရယ် လို့ သာ အော်ဟစ် ညီးတွားလိုက်ချင်ရဲ့ ။
ခိုင် အရွယ်ကလေးရလာတယ်ဆိုရင်ဘဲ အကိုတွေက
မျက်နှာသာမပေးတော့။မိန်းကလေးဖြစ်ရသည်မှာ နိမ့်ကျသလို ခံစားလာရသည်။
ကိုကိုကျော်မို့  မတွေ့ လိုက်နှင့်  တွေ့ လိုက်သည်နှင့် မျက်ကြောက အလိုလို တင်းသွားသည်။ စကားပြောလည်း ဘုကျကျ၊ရုပ်က မှုံတေတေ၊ ခွေးလေး ကြောင်လေးလို အော်ငေါက် ကန်ကျောက်ချင်သည်။ တသက်လုံးမှ သုံးခါသာ ပြုံးသည့် သီလ၀ကပင် အရှုံးပေးရအံ့ ထင်သည်။
တခါက ကိုကျော့် သူငယ်ချင်းတယောက် အိမ်လာလယ်စဉ် ကျွန်မကို သွားချည်ပြန်လှည့်လုပ်သည် ပြစားပြစားလုပ်သည်ဟု ဧည့်သည်လည်းပြန်ရော နောက်မှနေ ခြေဖြင့် ပိတ်ကန်သည်။ ကျိုးကြောင်းပြ ဆုံးမသည်မရှိ ဘုမသိဘမသိ ခြေလက်ပါသည်ကို ရှက်စိတ်နာရသည်။ကြေကွဲ ၀မ်းနည်းရသည်။
မိသားစု အချင်းချင်းလည်း  ၀ိုင်းဖွဲ့  စကားပြောကြတာမျိုး လည်းမရှိ။တည်တည်ကြီးနှင့်
သီဲးခြားစီနေကြသည်။
“နှမနှင့်မောင် ၊တကွဆောင်သော်၊
ပြောင်လှောင်ပျက်ချော်၊
မလျော်လေချက်၊
နှုတ်မမြွက်နှင့် ။ “  ဆိုသည့် ဆရာတော်ဦးလှဲ့  ၏ ဓီတာရောဝါဒပျို့ ကို လက်ကိုင်ပြု ကိုးကားသူ။
ကိုဇော်ကရော။ ကြည့်ပါဦး။ သူလဲ ဘာထူးလဲ။ အတူတူဘဲ။ သူက လူကို ရှိသည်ပင်မထင်။ မျက်လုံးတချက်တောင် ဝေ့မကြည့်။
 ငယ်ငယ်က တူတူကျောက်ကုန်သည်လုပ်တမ်းကစားခဲ့ပါလျက် ၊ ပိတ်ကားတွေထောင် ရုပ်ရှင်ပြတမ်းကစားခဲ့ကြပါလျက် ..။
သူဖျားလျှင် ကျွန်မအနားကမခွာ “Captain Marvel “  ကာတွန်းတွေ ဖတ်ပြခဲ့ပါလျက်..။
ခုတော့ ကျွန်မကို နှမလေးတယောက်ရယ်လို့  အရေးမလုပ်။ဖါသိဖါသာနေသည်။ခေါ်ခေါ်ပြောပြောမရှိ တုံဏှိဘာဝေ ဆိတ်ဆိတ်နေသည့် တေမိ။တနေကုန် ကျောင်းသွား။ကျောင်းကနေ ပင်ပေါင်ရိုက်၊ ပြန်လာရေချိုး၊ ထမင်းစား၊ စာကျက်၊ ဂဏန်းတွက်၊ ဒါဘဲ သူ့ အလုပ်၊ပုလွေမှုတ်ဖို့ တော့ သိသည်။ “ဟမ်မလင်မြို့ က ပုလွေဆရာ”ကို အားကျသလားမသိ။
အို  နေပါစေ။
 ခိုင့်ကို ချစ်မဲ့သူ “ကိုကို “တယောက်ရှိနေပြီဘဲ။
၉။
“ ခိုင် အချစ် “
ကိုကို ကျောင်းပြန်ရမယ် ခိုင်ရေ..။ခိုင်လဲ ကျောင်းပြန်တက်ပါလားကွယ်။ ခိုင်တွေးကြည့်စမ်း။
တက္ကသိုလ်ဘွဲ့ နှင်းသဘင် ခန်းမကြီးကလေ..မားမားရပ်လို့  ခိုင့်ကို ကြိုနေတယ်။ ကိုကိုလဲ ကံ့ကော်ပေါတဲ့ တောကနေ ခိုင့်ကို ကြိုနေမှာပါ။
ကိုကိုတို့  ငှက်ခါးလေးကနေ တဆင့် ပုံမှန် ဆက်သွယ်ကြရအောင်။
ခိုင်ဖတ်ဖို့  University Annual Magazine ပေးခဲ့တယ်။ အားကျစမ်းပါကွယ်။
 ခိုင်အငယ်လေးရယ်။
ကျောင်းပြန်တက်ပါ။ စာတတ်တော့ စာပေဗိမာန် လို နေရာမျိုးမှာ သုခမိန်ကြီးတွေ တူတူလုပ်ကြမယ်ကွာ။
ဂျာနယ်တွေ ၊မဂ္ဂဇင်းတွေ သတင်းစာတွေ ထုတ်ကြမယ်။ နိုင်ငံတကာစာတွေ ဘာသာပြန်ကြမယ်။မကောင်းလား။ ပျော်စရာကြီးကွာ။
တို့ များ “ပန်တော်ဦး”လက်ရေးမဂ္ဂဇင်း ထုတ်ခဲ့ဖူးတာ ခိုင်သိမှာပါ။
ကိုကိုနဲ့  ခိုင် နဲ့  စိတ်တူ ကိုယ်တူ ချစ်နန်းဗိမာန်လေးတခု တည်ဆောက်နိုင်ဖို့  မျှော်လင့်ထားတယ်။
ခိုင်ရေ.. Love is a many splendid things . တဲ့ ကွ။ အချစ်ဆိုတာ ရတနာဘဲ။
စာကြိုးစားနော်။ ကိုကိုပြောတာ နားထောင်။
အချစ်များစွာဖြင့်
“ကိုကို “
ကို ကို့ စာက ကျွန်မကို မျက်စိပွင့် နားပွင့်စေတယ်။
ကျွန်မ ဖေဖေ့ကို တိုက်ရိုက် အရေးဆိုခဲ့တယ်။
ကျွန်မကို စာနာသနားတဲ့ ဖေဖေဟာ ကျောင်းပြန်ထားခဲ့ပေမဲ့ ထုံးစံအတိုင်း သြ၀ါဒတွေ တလှေကြီး တညလုံး ထိုင်ပေးတော့တယ်။
နောက်နေ့ မှာတော့ ကျွန်မ အဋ္ဌမတန်းကျောင်းသူကြီးဖြစ်လာပါတယ်။
ကျွန်မကို စိတ်မချနိုင်လွန်းတဲ့ မိဘတွေက ကျောင်းသွားဖေါ်အဖြစ် အိမ်နီးချင်း အတန်းကြီး အမတယောက်ထံ အပ်ပြီး စက်ဘီးတစီးစီနှင့် ကျောင်းအတူ သွားစေခဲ့တယ်။
တတိုက်တည်း အတူနေ မေမေ့ညီမရဲ့ သား ကျွန်မအကို ၀မ်းကွဲ တယောက်ရှိနေတာတောင် အတူ ပေးမသွားပါဘူး။ဖေဖေ့အမရဲ့ သားနှင့်လည်း ရင်းရင်းနှီး မနေအပ်ဘူးလို့  ဆိုပါတယ်။
ဘယ်လိုလဲ။
ထားတော့။ ကျွန်မမစဉ်းစားချင်ဘူး။
ကျွန်မရဲ့  ကိုကို့ ထံ ငှက်ကျေးတမာကလေးကို စေလွှတ်ပြီး အကျိုးအကြောင်းပြောရပါဦးမည်။
ကျေးစေတမန်
“လေနှင့်ရော ၊ တိမ်ကြောကိုတဲ့ ပျံလေပါ၊
ကျေးရွှေတမာ ။
 ဒဂုန်မြို့  ဥက္ကလာမှာ  မာလာရို့ သက်ထား၊
ချန်မချွင်းပါနှင့် ၊
မှန်သတင်းစုံ တင်ချေတော့ရယ်လို့  ၊
ခွန်းနော့ပန်ကြား။     ။”
“ကိုကိုရေ….”
ခိုင်ကျောင်းပြန်တက်နေပါပြီ။ ပြဋ္ဌာန်းစာအုပ်တွေက ခိုင့်အကြိုက်ဘဲ။
Golden Gate,
Ivanhoe,
Thirty Burmese Tales
ရေသည်ပြဇတ် ဇနက္က
လူပေါ်လူဇော်လုပ်နည်း၊
အမလေး များမှများ။ခိုင်လေ..The Brook ဆိုတဲ့ ကဗျာလေးကို အရမ်းကြိုက်တာဘဲ။ ကဗျာဆရာဟာ စကားလုံးဖွဲ့ သီရာမှာ ကျွမ်းကျင် နိုင်နင်းတယ်။လှပသိမ်မွေ့ တယ်၊ ကျစ်လစ် သိပ်သည်းတယ် လို့  ဆရာ “ဦးမောင်မောင်လေး”က ပြောတယ်။
ကိုကို သင်ဖူးလား။  
I chatter,chatter,as I flow,
To join the brimming River,
For men may come and men may go,
But I go on forever.
ကဗျာဆရာဟာ ဒီအပိုဒ်ကို အလေးထားပုံဘဲ။ထပ်ခါ ထပ်ခါ သုံးထားတယ်။ ခိုင့်မျက်စိရှေ့ မှာ ချောင်းကလေးရဲ့  ခရီးစဉ်တလျှောက် သူ တိုက်စားခဲ့သမျှ  တွေ့ တွေ့ သမျှ အရာအားလုံးကို  ကွင်းကနဲ့ ကွက်ကနဲ မြင် မြင်လာတဲ့အပြင် သူနဲ့အတူ စီးမျော လိုက်ပါနေရတာ အရသာတမျိုးဘဲ။
အော် ကိုကိုရေ..
ခိုင်တို့  ၀ါတွင်းသားငါးမစားဘူး ကိုကို။ Vegetables are best source . ဆိုမဟုတ်လား။ကိုကိုရော ..အသားတွေ စားသလား။
ခိုင် ထမင်းလဲ မချက်တတ်ဘူးကိုကို သင်ထားရမလား။
ဓမ္မစကြာ အလွတ်ပြန်နိုင်ရင် ဖေဖေက ဆုချမယ်တဲ့။ ဆုငွေရရင် ကိုကို့ အတွက်လက်ဆောင်ဝယ်ပို့  ပါမယ်။ အဟဲ..။
ခုတော့ ဒီလထုတ် တိုင်းရင်းမေဂျာနယ်က ခိုင့်ကဗျာလေးကို ဖတ်ပြီး comment ပေးပါအုံး။
“နှောင်ကြိုး မယ့်ကိုငင်”
တသုတ်သုတ်နှင့်၊ဖြုတ်ဖြုတ်ကြွေကျ ၊
မြေသို့ ခသည့်။ရွက်လှ ရော်ဝါ၊
 ပွင့်မာလာကို၊ ကြည့်ကာရင်တွင်း၊
ထိတ်လန့် ခြင်းဖြင့်၊ အော်.အင်း ဒုက္ခော ၊
မရဏောဟု ၊တွေးတောစိတ်တွင်၊
နိမိတ်ထင်သော်၊ နက်မင်မြဆံ၊
ပိတုံးပျံသို့ ၊ တလံမျှရှည်၊
မယ့်ကေသီကို ၊ပြီပြီရိပ်ဖြတ်၊
 တောမြိုင်ရပ်သို့ ၊ ခိုကပ်မှီအောင်း၊
 များကိုရှောင်းလျက်၊ပျော်ကြောင်းကိုမှန်၊
စိတ်မှာကြံလည်:၊မွန်းမံရစ်ပတ်၊
ဖွဲ့ နွဲ့ အပ်သည့်၊ထပ်ထပ်နှောင်ကြိုး၊
 မယ့်ကိုစိုးသည်၊ပြေနိုးဖြေဖွယ်ကင်းတကား။
“ချစ်တဲ့ခိုင် “
၁၀။
တနေ့  ကျွန်မ ကျောင်းပြန်နောက်ကျ၍ မေမေဆူတော့သည်။စက်ဘီးပေါ်က ဆင်းဆင်းချင်း မေမေနှင့် တဲ့တဲ့ကို တိုးနေတာ။
“ဟဲ့ သမီး  ၅နာရီတောင်ထိုးနေပြီ စည်းပျက်လာပြီနော် ဖအေကြီးသိရင် ဆူတော့မယ် “ 
“ခုလဲ မေမေဆူနေပြီဟာကို “
“အေး ..အဆူခံရအောင် ဘယ်သဝေထိုးနေတာလဲ”
‘ မေမေကလဲ ..ဘယ်မှ သဝေမထိုးဘူး  ဆရာမကြီး ဒေါ်အငွတ်နဲ့  ကြက်တောင်ရိုက်နေတာ  “
“အမလေးလေ ..မိန်းခလေးတန်မဲ့ ..ကြက်တောင်ရိုက်ရတယ်လို့ အေ ၊ ဖအေကြီး သိလို့ ကတော့ နာပြီမှတ် ကြပ်ကြပ်သတိထား။ နောက်ဒါမျိုး မကြားချင်ဘူး။”
“ ဟုတ်ကဲ့ပါ မေမေ”
ကျွန်မက ထုံးစံအတိုင်း လွယ်လွယ် ခေါင်းငြိမ့်ခဲ့ပြီ့း နောက်နေ့ မှာလည်း အိမ်အပြန်နောက်ကျမြဲ နောက်ကျလျက်ပါဘဲ။
ကျွန်မ ကြက်တောင်ရိုက်ချင်သည်။ ဟိုသည် လူးလာ တုံ့ ခေါက် သွားချည် ပြန်လှည့် လုပ်တတ်တဲ့ ကြက်တောင်ဖြူဖြူလေးကို အမိဖမ်းယူ လိုရာ အရောက် ပို့ ပေးရသည်မှာ စိတ်ဝင်စားဖို့  ကောင်းသည်။ကိုယ့်ဝါသနာအရ ကိုယ်လုပ်ချင်တာ လုပ်ပိုင်ခွင့်ရှိရမည်ဟု ယုံကြည်သည်။
၅နာရီမိနစ်၂၀တွင် ကျွန်မ အိမ်ပြန်ရောက်သည်။
 ဟောတော့ …
ဖေဖေကိုယ်တိုင် ကျွန်မကို ထွက်စောင့်နေသည်။ကျွန်မ ဟဲကနဲ ..မျက်နှာချို သွေးလိုက်ရင်း
“ဘယ်မှ မသွားဘူးနော် ဖေဖေကျောင်းမှာဘဲ ရှိနေတာ “
“ကျောင်းမှာ “  “ဒီအချိန်ကြီး ကျောင်းမှာဘာလုပ်စရာရှိလဲ”
“ ဒီနေ့ က ကျောင်းမှာ ငှက်ပြာမယ် Girl Guide အသင်းဖွဲ့ တယ်..ဖေဖေ။ သမီးကို အစည်းအဝေးဖိတ်လို့ ”
ကျွန်မက ကြီးကြီးကျယ်ကျယ် ပြောလိုက်ပေမဲ့ လက်မခံပါဘူး။
“အပိုတွေ မလုပ်နဲ့ ”
“အပိုမှ မဟုတ်ဘဲ၊ ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်ကိုယ်တိုင် တနိုင်ငံလုံးအတိုင်းအတာနဲ့ လိုအပ်လို့ 
ဖွဲ့  စည်းလိုက်တာ ဖေဖေရဲ့ “
 “ခွေးမလေး ..မိဘကို မိချောင်းမင်း ရေကင်းပြမနေနဲ့ ကျောင်းသွားတာ စာသင်ဖို့ ကလွဲရင် ဘာအကြောင်းမှမရှိဘူး။”
ဖေဖေစိတ်ဆိုးရင် ခွေးမဆိုတာပါလာပြီ။
“ဖေဖေကလဲ ကျောင်းသူကျောင်းသားတွေကို First aids ခေါ်တဲ့ ရှေးဦးသူနာပြုစုနည်းတွေတောင် သင်ပေးနေပြီဟာ။”
“တော် .တော် ။ကိုယ်နဲ့မဆိုင်တာ ၀င်မပါနဲ့ ။ငါမကြိုက်ဘူး၊ ကြားလား။ တယ် ငါလုပ်လိုက်ရ .“
မဟုတ်ရင် ဘာဖြစ်မှာမို့ လို့ လဲ ဘဲ ။
မေမေ့ညီမ ဒေါ်ကဲ ဒေါ်သဲတို့ ကပါ မဲ့ရွဲ့ ပြီး ရင်ဘတ်ကိုဖြန်းကနဲ ပုတ်ရင်း
 “အံ့ပါ့တော် ..သူနာပြုမလို့ တဲ့ အော့နှလုံးနာစရာ “လို့  ။ ပြောသည်။
ကျွန်မအလွန်စိတ်ပျက်မိသည်။
“ငါမကြိုက်ဘူး”တဲ့ ။ ကျွန်မကြိုက်လို့ ကျွန်မလုပ်သည်ကို လုပ်ပိုင်ခွင့် မရှိဘူးတဲ့လား။မေးချင်သည်။
ကျောင်းနှင့်အိမ်။ အိမ်နှင့်ကျောင်း။ သည်လမ်းနှင့် သည်စခန်း။၁၀မိနစ်ခရီး ဘာဖြစ်မှာမို့ လဲ မေးချင်သည်။
၁၁။
“မမြကေခိုင် ရှိလားခင်ဗျ “
“ဟယ်တော့ ..ကိုခင်မောင်သန်း .၊ ဟာ ကိုစိုးအောင် ..ကိုတင်အောင်ထွန်းရော  ဘာကိစ္စရှိလဲ..ဟင်။”
ဆန်းဒေးတရက်မှာ ကျောင်းသားသမဂ္ဂအမှုဆောင် သူငယ်ချင်းအချို့  အိမ်ကို မပြောမဆို ရောက်လာကြတယ်။ ကျွန်မကြောက်ဒူးတုန်နေပြီလေ။ဖေဖေက ယောက်ျားးလေး သူငယ်ချင်းမထားရဘူး အိမ်မလာရဘူးဆိုတော့  ။
ဖေဖေဘာပြောမလဲ လန့် နေတယ်။
ကိုတင်အောင်ထွန်းက စာအုပ်တအုပ်လှမ်းပေးရင်း..
“ကျွန်တော်တို့ ဒီနေ့ ကစလို့  သစ်လွင်စာစောင်တွေဖြန့် ချီကြတော့မယ်။အသင်းဆုံးဖြတ်ချက်အရ ကလောင်ရှင်တွေ ရံပုံငွေရှာ အရောင်းထွက်ရမယ်လေ။မကေခိုင်လဲ လိုက်ခဲ့ပါ။ ညိုလေးရယ် ခင်လေးတင့်ရယ် ဇင်ဝင်းရယ် လိုက်ကြမယ်။ပျော်ပျော်ပါးပါးပေါ့ဗျာ။” တဲ့။
“ဟုတ်ပါတယ်ဗျာ အားပေးပါအုံး။ “
တဲ့။ ကိုစိုးအောင်က ဆိုနေပြန်သည်။ကျွန်မ ဖေဖေ့ကို လှမ်းကြည့်လိုက်တော့ ..သူတို့ ကပါ လိုက်ကြည့်သည်။ ဖေဖေ့မျက်လုံးတွေက အခိုးအငွေ့ တွေ ထွက် ပျံတက်နေလားထင်ရသည်။ဒေါသကို မျိုချထားဟန်ရှိ၏။ ကျွန်မ နားလည်ပါတယ်။ သူငယ်ချင်းတွေလဲ နားလည်ကြမယ်ထင်ပါတယ်။
“ဟင့်အင်း  ကေခိုင် မလိုက်တော့ပါဘူးရှင်။ အားတော့နာပါတယ် .”.
သူတို့  အချေအနေ နားလည်သဘောပေါက်ခါ တပ်ခေါက်ပြန်ကြတော့သည်။
“ထိုင်ပါအုံး” လို့  တောင် လောက၀တ်ကလေးစကားမဆိုလိုက်ရပါ။ဘယ်တတ်နိုင်ပါ့မလဲ။
သူတို့ လည်းပြန်ရော ဖေဖေကျွန်မကို မဲတော့သည်။ဒေါသပုန်ထလိုက်သည်မှာ ပြောရင် ယုံနိုင်စရာမရှိ။ ဖေဖေကြိမ်းမောင်းဆူပွက်သမျှခေါင်းငုံ့ ခံရုံမှတပါး အခြားမရှိပါ။
ခက်သည်ုဟိုဟာမကြိုက် ဒီဟာမကြိုက်၊ဟိုဟာ မလုပ်ရ၊ဒီဟာမလုပ်ရ။ဟိုလူမလာရ ၊ဒီလူမလာရ။တားမြစ်ပိတ်ပင်ချက်တွေက အနန္ဒ။
သူငယ်ချင်း မမြစမ်းတယောက် ကျွန်မထံ စာအုပ်လာငှားစဉ်ကလည်း မျက်စိကစားလွန်းသည်။တည်ငြိမ်မှုမရှိ၊အပေါင်းအသင်းမလုပ်ထိုက်။အိမ်မလာစေနှင့်၊တဲ့။ဒီမျှ ချုပ်ချယ်ဖို့  လိုအပ်ပါသလား။တဘက်သပ်ကျလွန်းမနေလား။ ပဒေသရာဇ်ဧကရာဇ်စံနစ်လား။သခင်နှင့် ကျေးကျွန်ဆက်ဆံရေးလား။ဒါကို ကျွန်မ မလိုလားပါဘူး။ ကျွန်မသည် အဖိနှိပ်ခံ အအုပ်ချုပ်ခံ လူတန်းစားလား။စဉ်းစားရတော့မည်။
ငှက်သွင်ပျံကြွ မတတ်လို့ သာ နေရသည်။ ဤနေရာ ဤအိမ်မှာ မပျော်။စက္ကန့် မဆိုင်း မိနစ်မဆိုင်း ပျံသန်းလွတ်မြောက်ချင်တော့သည်။
ကျွန်မ မျက်ရည်တွေစို့ ရင်း “သစ်လွင်စာစောင်”ကလေးကို ပိုက်ပြီးအိမ်ပေါ်ထပ် အခန်းကိုပြေးတက်၊ ကုတင်ပေါ်ကန့် လန့်ဖြတ်လှဲချပြီး ရှိုက်ခါ ရှိုက်ခါ ငိုမိတော့ ..မျက်ရည် မိုးသို့  စွေတော့တယ်။
သစ်လွင်စာစောင်ကလေးထဲမှာက ကျွန်မရဲ့  ကဗျာ ခေါင်းစဉ်က  “လာလုလုငေး “  ပါတဲ့။
“လာလုလုငေး”
တူနှစ်ဖြာ မေတ္တာသလို့  ၊ ချစ်ရှာကြ မောင်မယ်ခမြာ၊
တပင်ပေါ်နှစ်ပင်ယှက်ခါ ကျေးငှက်မြူးရှာ။
ချစ်ဦးကမလာ ၊မေ့မှာဖြင့် မျှော်သေး။
ဘယ်အခါကျောင်းတော်ပိတ်မှ လာလိမ့်မယ်လေး။
ချစ်တဲ့သူ တူနွဲစို့  ၊ ကူချွဲတဲ့ ရွှေချိုးဖြူ၊
ကိုင်းထက်ကကူ၊ သို့ တမူ ..ချစ်သူကလာဘူး။
သစ်ပင်နွယ် ပန်းခြုံအောက်မှာ ချစ်ကြောင့် မေရူး။     ။
ကျောင်းသားလူငယ်တစု၏ အားထုတ်မှုကို ဖေဖေတို့  မြို့ မျက်နှာဖုံးလူကြီးတွေက အားပေးကူညီရမယ် မြေတောင်မြှောက် ပေးသင့်တယ်လို့  ကျွန်မထင်တယ်။့ ကျောင်းသားဟာ ကျောင်းစာမှအပ ဘာမျှလုပ်ပိုင်ခွင့်မရှိ ဆိုသည့် ဖေဖေတို့  မူဝါဒကို ကျွန်မ အကြွင်းမဲ့ ကန့် ကွက်ချင်တယ်။
နောက်နေ့ ကျွန်မကျောင်းကအပြန်မှာတော့ စာကြည့်စားပွဲ ပေါ်က သစ်လွင်မဂ္ဂဇင်း ပျောက်ချင်းမလှ ပျောက်သွားပြီး..ကျွန်မကဗျာ ပါသည့် စာရွက်ကလေးကတော့  စာအုပ်မှဆုတ်ဖြဲ  ပြုတ်ထွက် ကြေမွခါ  စာကြည့်စားပွဲ အောက်မှာ ပြန့်ကြဲလျက် ။ကိုကျော့်လက်ချက်ဘဲဆိုတာ ကျွန်မသိတယ်။
“ဆုတ်လေ တမြို့ လုံးဖြန့်ထားတဲ့ စာအုပ်တွေ အကုန်လိုက်ဆုတ်။” လို့  ကျွန်မအော်ပစ်ချင်တာ။
ဒီအကြောင်း ညဘက် ဖေဖေတို့  အိပ်မောကျချိန်ရောက်မှ အိမ်စာလုပ်ရင်း  ကိုကို့ ထံ စုံစုံလင်လင် ရေးဖွဲ့  တိုင်တန်းလိုက်တယ်။
ခိုင့်ကို ငှက်ကလေးတကောင်လို မွှန်းကြပ်နေအောင် ချုပ်ချယ်လွန်းလို့  ဒီအိမ်ကြီးနဲ့  ဝေးရာ ပြေးထွက်သွားမယ်လို့  လဲ ခြိမ်းခြောက်လိုက်သေးမိရဲ့ ။
၁၂။
“ယမုံ..နာ× × ….သီ.×.တာ..သောင်ခြေ ..ဦး×××မှာ ×လ..လေ×…….။သနား..ဖွယ်   လူ့ နှယ် . ခေါ်သံ ..ထူး× +  ပါလို့ ..လေး….။”
ကျွန်မ ယမုံနာ ပတ်ပျိုး ကို ဖွဖွတီးရင်း တိုးတိုးညင်သာ ဆိုမိသည်။ယမုံနာသီချင်းသည် ဆိုမိရင် ရင်မှာထိရှစေနိုင်ပြီး မျက်ရည်က အလိုလို ဝေ့၀ဲချင်သည်။ဝေ့၀ဲနေသည့်မျက်ရည်များကိုလည်း ထိုသီချင်းက ပိုးကနဲ ပေါက်ကနဲ  ကြွေကျစေနိုင်သည်။
စနေညနေခင်းလေးတခုတွင်  ကျောင်းအားလပ်ရက့်မို့  ကျွန်မသူငယ်ချင်း ခင်ခင်ဦး အိမ်ရောက်လာသည်။ သူငယ်ချင်းအိမ်လာလည်လျှင်လည်း ကြည်ကြည်ဖြူဖြူ လက်ခံလိုစိတ်မရှိသည့် မေမေက
ကျွန်မတို့ မနီးမဝေးက မယောင်မလည်လည်း ရစ်ဝဲနေတတ်သည်။
ဧည့်သည်ဆိုလျှင် ဧည့်ခန်းမှာသာ ဧည့်ခံရမည် အိမ်ခန်းထဲ  ခေါ်မသွားရ ဆိုသည့် ပညတ်ချက်ကလည်းရှိသေးတာပါ။ စကားမို့ ပြောကြရင် ဆူဆူညံညံ အာကျယ်ကျယ်မပြောရ။ တဲ့။ တိုးတိုးပြောရင်လဲ ငါမကြားအောင်တွတ်ထိုးနေသလားမေးသည်။
“ဟဲ့ မိခိုင် ..အမလေးဟယ် ..နင်ကလဲ ၊ငါ့အနားထားပြီး ဘာစဉ်းစားနေတာလဲ၊”
ခင်ဦးတပ်လှန့် လိုက်မှ ကျွန်မ သတိရသည်။
“ အော် ..ခင်ဦး..”
“ဖီလင်တွေ ..ဖီလင်တွေ ..ဖြစ်ရမယ် ဖြစ်ရမယ် ..၊နေပါအုံး..ခုန..နင် ဆိုနေတာ..ဘာတဲ့ ..”
“ယမုံနာ ..”
“အေး..အဲဒါက ပျင်းစရာကြီးဟယ် ..။ငါ့ကို မြူးမြူးကြွကြွ လေး ဆိုပြ  .”
“အေးပါ..ဝေဘာဂီရိ  ဆိုပြမယ်” ..
“ဟင့်အင်းဟာ  ဗွေးတုတ် ဆိုပြ  ဟား..ဟား..။
ကျွန်မတို့  နှစ်ယောက် လွတ်လပ် ပွင့်လင်းစွာ ပြိုင်တူ ရယ်မောလိုက်ကြသည်။
ထိုစဉ် ကျွန်မတို့ အနား ၀န်းကျင်မှ အရိပ်တခု လွင့် သွားတာ ရိပ်ကနဲ မြင်လိုက်သည်။ အော်..မေမေ။
မေမေကြားမှာလဲ စိုးရသေး။မဟုတ်ရင် မိန်းခလေးတန်မဲ့အိနြေ္ဒမရ..ဟားတိုက်သည်လို့  ပြောအုံးမှာ။
“ ဟဲ့ မိခိုင် ..ငါ နေ့ ခင်းက ဆရာဦးမောင်မောင်လေးအိမ်ရောက်လို့  ချက်ကင်လုပ်ပြီးသား အက်ဆေးစာအုပ်တွေ ယူလာတယ်ဟ။ နင်က 4 -  ငါက 4+ ငါ ဘယ်လောက်တော်လဲ ..အဟိ”
“ပြစမ်း ပြစမ်း ..၊အမလေးဟယ် ..တို့ ဆရာကလဲ ခြစ်ချလိုက်တာ ရဲနေတာဘဲ “..
“ယူ မနာလို မဖြစ်ပါဘူးနော် ..”
“အမယ် ..လာသေးတယ်  ၊ ဒီတခါလေး သာတာများ..စကားလုပ်လို့  “..
ကျွန်မတို့  ရယ်လိုက်ကြပြန်သည်။
မေမေ့အလစ် ခင်ဦးမျက်ရိပ်ပြသည်။ ခေါင်းမသိမသာငြိမ့်သည်။ပြုံးစိစိနှင့်။ကျွန်မ နားလည်လိုက်ပြီ။
အက်ဆေးစာအုပ်အဖုံးကြားဝယ် ကိုကို့ ထံမှ စာကို သူမ ၀ှက်ယူလာလိမ့်မည်။  ခင်ဦးဟာ တကယ်တော့ ပို့ စ်မင်းလေးပါဘဲ။ သို့ မဟုတ်  ကိုကိုပြောတဲ့ ငှက်ခါးလေးပေါ့။ ( ၁၅ပြားတန် တံဆိပ်ခေါင်း)
ည၏တိတ်ဆိတ်ငြိမ်သက်မှု အောက်ဝယ် ကိုကို့ ထံမှ ချစ်အက်ဆေး စာစီစာကုံးကို ကြည်နူးရင်ခုန်စွာ ငြိမ့်ငြိမ့်လေး ကျွန်မ ဖတ်ခွင့်ရတော့မည်။ 
အခန်း(……)
တကောင်းကျောင်းဆောင်
“ခိုင် အချစ် “
     လာလုလုငေး တဲ့လားဗျာ ..၊ မငေးစေရပါဘူး။ကျောင်းပိတ်ပိတ်ချင်း အပြေးကလေး ရောက်လာမှာပါ။ ဒါပေမဲ့  ခိုင်ဘယ်လို တွေ့ ခွင့်ပေးမှာလဲကွယ်။
ခိုင်ရေ….။အခြေအနေမပေးလို့  တွေ့  ခွင့် မရခဲ့ရင်  .ကိုကိုတို့ တဦးပေါ်တဦး မယုံမကြည် မဖြစ်စတမ်း။သိက္ခာရှိရှိ သစ္စာမြဲမြဲ ထားကြမယ် ..နော်ကွယ်။ တို့များလျှောက်ရမဲ့ လမ်းက အဝေးကြီး.။စိတ်ဓါတ်ခိုင်မာဖို့ ဘဲ လိုတယ်။ ခိုင် နားလည်တယ်နော်။
ခိုင်ပြောတဲ့ Golden Gate မှာ Arthur Hugh ရေးတဲ့  Say not the struggle Availeth ကို
တွေ့ တယ်နော် ။လူ့ ဘ၀ဆိုတာ ကိုယ်ထင်သလို အကောင်းချည်းဖြစ်ချင်မှ ဖြစ်တာ။ကိုယ်လိုတာ
ရဖို့ က ကိုယ်ကိုယ်တိုင်  ရုန်းကန်လှုပ်ရှား ရမယ်။စိတ်ဆန္ဒပြင်းထန်ဖို့ သာ လိုရင်းဘဲ။ တဲ့။
နောက်ဆုံး stanza ကိုကြည့်။ breaking, making,  gain, main,  only, slowly,  light,  bright
စတဲ့ အချိတ်အဆက်ကလေးတွေ ကဗျာဖွဲ့ သီလိုတဲ့ ခိုင် နမူနာလေးတွေ သေချာကြည့်။
ကိုကိုတို့ ကျောင်းမှာလည်း ခု သင်နေရတာက ဘလ္လာတိယပျို့  တဲ့ ကွ။
“ဖိုးခေါင်ကျော်စွာ ၊ မ ကိုရှာလျက်၊
သည်မှာ ပျောင်းချည့်၊ မယ်ရှိ၏ဟု၊
သိသည့်နည်းတူ၊ရင့်ရူတွန်ကျော်၊
ဆော်လာညှင်းညှင်း ၊လွမ်းရေးခင်းလျက်၊
မိုးပြင်းကစွေ၊လေချိုကဆမ်း၊
ဆွတ်ကာဖြန်းသော်၊ နောင့်ဝမ်းပူဆွေး၊
ကြိုးနှယ်ထွေးရှင့်၊တိမ်းညွတ်ခွေကာ၊
မယ့်နေရာသို့ ၊ ရောက်ပါခလို၊
လွမ်းတင်းဆိုလျက်၊ပြာညိုညက်စင်၊
ဆွေမမြင်၍၊ လွမ်းပင်ခေါက်ချိုး၊
 မရွှင်နိုးသည်၊ လွမ်းမိုးတထောင်ပြည့်ခဲ့ ပြီ။  “ တဲ့.. ခိုင်။
တွင်းသင်းမင်းကြီးရဲ့  အဖွဲ့ အနွဲ့ တွေနဲ့အတူ ကိုကို့ ရဲ့  “ပြာညိုညက်စင် ခိုင်သဇင်” ကိုလွမ်းပင်ပျိုးလို့  လွမ်းမိုးစွေစွေ လွမ်းရက်တွေ ရှည်ကြာလှပါပကောကွယ်။
“အလွမ်းတထောင်၊ ကုန်အောင်ဆိုမည်၊ ငိုကြသည်ကား၊ နှစ်ရှည်မြင့်ကြာ၊ ခုနှစ်ရာ “ …တဲ့။ဗျ ။ငို ငိုနိုင်လွန်းလို့  ဆိုချင်ပေမဲ့ ကိုယ်တွေ့ ခံစားချက်ရှိနေတော့ မဆိုရက်တော့ပါဘူးဗျာ။
အော် ..ညီမလေးရေ..။အိမ်နဲ့ အဆင်မပြေဘူးလား။ ဖြစ်ရလေကွယ်။မိဘဆိုတာ ဒီလိုပါဘဲ။ခိုင့်ကိုချစ်
လို့  စိုးရိမ်လို့  ဆိုတာ နားလည်ပါ။မိဘ အကိုတွေရဲ့  အရိပ်လောက်အေးမြတာဘယ်မှာရှိမလဲကွယ်။ခိုင်
အတွေးမမှားလိုက်ပါနဲ့ ။ မနူးမနပ် စိမ်းဆတ်ဆတ်နဲ့  ခိုင့်အရွယ် အငယ်လေးမို့  ကိုကိုလဲ တွေးပူနေတယ်။ စိတ်အလိုမလိုက်နဲ့ ။ ဆန္ဒမစောနဲ့ ။ခိုင့်သဘောနဲ့ ခိုင် ဘာကိုမှ မဆုံးဖြတ်နဲ့ ။ ထွက်ပြေးချင်တယ်ဆိုတဲ့စကား နောက်မပြောနဲ့ ။မိန်းခလေးဆိုတာ စောင့်စည်းထိန်းသိမ်းရမဲ့  အိနြေ္ဒသိက္ခာတွေ အပြည့်ရှိတယ်။
ခိုင့်ကို  ကိုကို တန်ဘိုးထား မြတ်နိုးတာပါကွယ်။ ကိုကို မချူရက်တဲ့ပန်း။ ကိုကို မနမ်းရက်တဲ့ပန်း၊လန်းလန်းဆန်းဆန်း အမြဲ ရှိစေချင်တယ်။
Everything comes to him who waits .တဲ့ကွ။  သည်းခံပြီး နေပါအုံး။ ကိုကို့ မှာ  plan တခု ရှိတယ်။
ထမင်းဟင်းချက်သင်ထားရမလားတဲ့ ။အော် နုနယ်တဲ့ အတွေးနဲ့ မေးလိုက်တဲ့ ကလေးရယ်။ ခိုင့်ဘ၀ကို မီးဖိုချောင်မှာ မြုပ်နှံ သဂြိုလ်ပစ်ခိုင်းမဲ့ သူလို့  ထင်သလား။ ဒီလို မရည်ရွယ်ပါဘူး။ Live not to eat but eat to live. ဆိုတော့  လိုအပ်သလောက်တော့ စားရမှာပေါ့ကွာ။
 ဒါပေမဲ့  လူဆိုတာ စားဖို့  အသက်ရှင်နေတာမဟုတ်ဘူး။ အစားအတွက် အချိန်တွေ မကုန်စေချင်ဘူး။ Times is flies.အချိန်ဆိုတာ ကုန်လွယ်တယ်။ အစားပြန်မရဘူး။အချိန်ကို အကျိုးရှိရှို အသုံးချရမယ်။ ခိုင်သိထားရမှာက အချိန်မဖြုံးနဲ့ ။ စိတ်ကို အနားမပေးနဲ့ ။ စာထဲမှာ နှစ်ထား။ စာကြိုးစား။ စာကျက်။ ဒါ ခိုင့်အလုပ်။ ကျောင်းစာသာ ခုအခါ ခိုင့်အတွက် အသေအလဲ အရေးအကြီးဆုံးလို့ မှတ်ထားလိုက်။ မပေါ့နဲ့ ။
ဒီစာနဲ့ အတူ postcard လေးတွေ ထည့်ပေးလိုက်တယ်။
အော်  ..ခိုင်ရေ…သင်္ကြန်ကျရင် ခိုင့်ကို သပြေတခက်နဲ့  ရေပက်ချင်တယ် ။ စောင့်နေနော်။
အိမ်မက်လှလှ မက်ပါစေ။
“ချစ်တဲ့ကိုကို “
ကိုကိုက အက်ဆေး အရေးကောင်းသည်။ခိုင်သာ ဆရာမဆိုရင် အမှတ်ပြည့်ပေးလိုက်မည်။
ပို့ စ်ကဒ်လေးတွေက အဓိပ္ပါယ်ြဲပည့်ပြည့်၀၀ရှိသည်။
ဘွဲ့ နှင်းသဘင် ခန်းမကြီးနှင့် ယင်းသို့  ဦးတည်ရာ လူသွားလမ်းကြောင်းတခု ။
 အကောက်အကွေ့  မရှိ ဖြောင့်ဖြူးသောလူသွားလမ်းကို စိမ်းစိုသော မြက်ခင်းကလေးက လှပစွာ   တဘက်တချက် ၀န်းရံ ထားသည်။
နောက်တခုက သစ်ကိုင်းဖျားမှာ နားခိုနေသောကတ္တ၀ါ ငှက်ကလေးတကောင် အောက်မှာရေးထိုးထားတဲ့ စာမှာတော့ “ငှက်ကလေးကတ္တ၀ါ အစာရှာ၊ ညီမလေးလှကညာ ပညာရှာ”  ပါတဲ့။
အော်..ကိုကိုရယ် ..။ကိုကို့ စေတနာကို ခိုင်နားလည် သဘောပေါက်ပါတယ်။ကောင်းကောင်းတန်ဘိုးထားပါမယ်။
ဒါပေမဲ့  ဒီကဗျာလေးကို ကိုကို ဖတ်ကြည့်နှင့်ပါဦး။
ရှိစေဦး
ရှီပါစေတော့၊စိတ်ကိုချော့၍၊လျော့ခွေတန့် နား။
ချိန်စောင့်စားမည်၊လွမ်းအားအစု၊ မျက်ရည်ဥဖြင့်၊
ပြေမှုပြေရာ၊ ပြေကြောင်းရှာလည်း။ဗျာပါလှိုင်းပုတ်၊
စိတ်ရှုပ်ပွေနှော၊ လွမ်းရေကြောဝယ်၊ နစ်မျောတွေဝေ၊
မိန်းမောနေမိ၊ တမြေနယ်စံ ၊မယ့်သက်နှံရယ်၊
တိမ်ယံဘွေလမ်း၊၀တိန်နန်းမှ၊ စခန်းငှက်သွင်၊
 ကွန့် လာချင်ဟု၊ စိတ်တွင်ထွေကူး၊မကြည်နူးရှင့်၊
 ချစ်ဦးသက်ဝေ၊လွမ်းစိတ်ပွေသည်။တမေကြော့ခိုင်၊
 ဖြေမနိုင်ဘူး၊ရှိစေဦးတော့၊ စိတ်ကိုချော့၍၊
လျော့ခွေတန့် နား၊ ချိန်စောင့်စားမည်၊
 အမှားမဖက်နိုင်သည်တကား။       ။
၁၃။
ကျွန်မသည် မြေစမ်းခရမ်းပျိုး ကဗျာအတိုအစလေးများ ကို မရေးရ မနေနိုင် ရေးနေမိရာ ဆရာကြီးမင်းသုဝဏ်၏ သပြေညိုနှင့် အခြားကဗျာများ။ ပြဋ္ဌာန်းစာအုပ်မှ ကြိုက်ရာ လေးချိုးများ ကို နမူနာယူ ခုလို ကိုယ့်စာသားပြောင်းထည့် ရေးကြည့်သည်။ ကာရန်တွေညှိ စာသားတွေရှာ အချိန်က ကုန်မှန်းမသိ ကုန်သွားသည်။တနေ့ မှာတော့ ကျွန်မ “ရွှေညာသူ “အမည်ပေးလိုက်သော လေးချိုး  ကဗျာတပုဒ် ကျွန်မလက်ဝယ် ပိုင်ပိုင်  ရလိုက်ပြီ။
“ရွှေညာသူ”
နိုင်လွန်ဖန် အမှန်ချွတ်ပါလို့ ၊
အညာဟန် သဏ္ဍာန်ညွှတ်ရင်ဖြင့်၊
ခွင့်လွှတ်မှာလား မေ့ချစ်ကြင်၊။
အမြင်ကြမ်းတယ်လို့ ၊
ပျိုဖြန်းခင် မေ့ ကို ငြိုးသော်လဲ၊
ဇွတ်တိုးကာ မဖြုံဘူးသာပ၊
ကမ္ဘာမှာ စံပြတဦးရယ်၊  
ထူးလိမ့်မယ်ရှင်၊     ။
သရက်ထည် ဂျော်ဂျက် မုန်းပါဘိ၊
စက်ယက်ချည် ပေါ်လျက်မသုံးလိုဘု၊
လုံးလုံးကြီးစိတ်မ၀င် ၊
 အတိတ်ဆင်ပါလို့  ထင်တရေး၊
ပျို့ သက်လယ်၊ကျွန်ဝတ်ကို မခင်တွယ်နှင့်၊
ခန့် ထယ်ထယ် ဗမာဖြစ်ရယ်နှင့် ၊
ကမ္ဘာမှာ ဗမာစစ်ဖို့ ရယ်၊
အားသစ်စို့ လေး။      ။
ဒီကဗျာ ကျွန်မ သင့်ဘ၀ မဂ္ဂဇင်းကို ပေးပို့ မှာ ဖြစ်ပါတယ်။
၁၄။
နွေသင်္ကြန်နှင့်အတူ ပိတောက်တို့  ဖူးပွင့်တတ်သလို  ကျွန်မ ရင်တွင်းမှာလဲ ပိတောက်နှင့်အတူ “ရာသီတော်ဦး “ ကဗျာလေးတပုဒ် ဖူးပွင့်ခဲ့တယ်။
“ရာသီတော်ဦး “
ပုရစ်ဖူး၊
သစ်မှူးဟန်ချီချီနှင့်၊
မာန်ပလီ အလှပျိုးပါပေါ့၊
မြဆံထိုးရယ်သို့  တပုံထွင်။ 
အသွင်မြတ်ပါဘိ၊
ရင်ကပ်ကယ်ရွှေမာလာတို့ ၊
ထွေရာရာစုံအနှံ့ မှာဖြင့်၊
အံ့ မကုန် ဖူးငုံပျံ့ ပါလို့  ၊
 ဆင်းဖန့် ဖန့်  လူခဲ့သရှင်။
မိဿစန်းရယ်နှင့် ၊
စီတြကြယ်တကြိမ်ဆန်းပြန်တော့၊
လျှမ်းဝေပ စန်းငွေလ သာတဲ့ပုံ ၊
စာဖွဲ့ မကုန်နိုင်ပြီဘု၊
ရာသီတော်ဦး။
ထွန်းတင့်ဝေေ၀၊
ရွှန်းသစ်အထွေထွေမို့ ၊
ဖြေမပြေ သေစေညွှန်းရော့လာ့း ၊
(စန္ဒာရေ) လွမ်းစဖေါ်ကျူး။      ။
“ကျန်စစ်သား “ရေပက်ခံအဖွဲ့  ဆိုပြီး ဂျစ်ကားတစင်းနဲ့     လှည့်လည့်ရေပက်ခံထွက်ဖို့  ပြင်ဆင်နေကြပါပြီ။
ဟော နားထောင်စမ်း။ သူတို့ သံချပ်ထိုးနေတယ်။
“မောင်ကျန်ကလေး လှံကိုကိုင်   ဒီစတိုင်ဟာ အဖြောင့်ဆုံးဘဲ”။
“သံပုရာသီး ချဉ်ကချို    မောင်ကျန်လူပျို မိန်းမရဖို့ ။ “
လွတ်လပ်စွာ ပျော်ရွှင်နေကြသူများကို ကျွန်မ မနာလိုချင်။ အပြင်ကိုလည်းထွက်ကြည့်ခွင့်မပေး။ကိုယ်တိုင်လည်းပါဝင်ရေကစားခွင့်မရှိ။
ရေပက်ခံကားတွေက ပါးစပ်သရမ်းတယ်တဲ့။ ကျွန်မကို တံခါးပိတ် အခန်းအောင်းခိုင်းပြီး ဓမ္မစကြာကျက်ခိုင်းထားသည်။ အလွတ်ပြန်နိုင်ရင် ဖေဖေက ဆုငွေအဖြစ် ငွေ၁၀ကျပ် ပေးမှာဖြစ်သည်။
ရေပက်ခံ ကားတွေပေါ်က လူတွေကလဲ  ဟုတ်လဲဟုတ်ပါရဲ့ ။ ပြတင်းတံခါးလေးတချပ် လှပ်မိရင် ဘဲ “ တိုက်ကြီးပေါ်က အပျိုတွေ ..အိမ်တွင်းပုန်းတဲ့အပျိုတွေ ဘာဖြစ်ပါစေ၊ညာဖြစ်ပါစေနှင့် ပါးစပ်သရမ်းကြတော့လဲ ပြောစရာဖြစ်ရပြန်တယ်။
 ဒါပေမဲ့လဲလေ ကျွန်မသူငယ်ချင်းတွေ တချို့ က ရွှေစင်မေ မဏ္ဍပ်မှာ ၊ တချို့က ပိတောက်ရွှေဝါ မဏ္ဍပ်မှာ၊ တချို့ က နှင်းဆီမေ မဏ္ဍပ်မှာ  နှစ်စဉ်ရေကစားကြသည်။
မီးရောင်စုံထွန်းထားတဲ့ အလှပြကားတွေပေါ်မှာလဲ လှည့်လည် လိုက်ပါခွင့်ရကြသည်။ ကျွန်မတယောက်ထဲ သာ အိမ်တွင်းပုန်းနေရတာပါ။
ဘယ်သူတွေ ဘာဘဲပြောပြော ဇွန်ပန်းကုံးတွေ စပယ်ပန်းကုံးတွေ လည်မှာဆွဲပြီး ဘယ်ပြောင်းညာလှည့်  နွဲ့ နွဲ့ ကလေး က ပလိုက်ချင်တယ်။ သပြေခက်နဲ့ ကိုကို ရေလာပက်ရင် တော့ ရှက်ရှက်နှင့် ခေါင်းကလေးငုံ့ လို့  လက်ကလေးနှစ်ဘက် ရင်မှာယှက်လို့  ပြုံးပြုံးကလေး ငြိမ်နေမိမှာ။
ညဘက် အလှပြကားတွေလှည့်တော့ ပိတောက်ရွှေဝါမယ်ကလေးများက ရွှေရောင်နတ်သမီးကလေးများ မိုးပေါ်က ၀ဲပျံ ဆင်းသက်လာသလိုတေးဆိုကခုန် လိုက်ပါလာကြတာ ရှုမညီးနိုင်အောင်ပါဘဲ။ အဆင့်မြင့် မွန်းမံ ပြင်ဆင်မှုတွေနှင့် အလှပြကားတွေဟာလည်း နတ်ဘုံနတ်နန်းက ဆင်းသက်လာတဲ့ နတ်ရထားများပမာ တင့်တယ်လှပလို့ နေတယ်။
နှင်းဆီမယ်ကလေးများကတော့ အဖြူခံအနီစင်းမှာ နှင်းဆီနီရဲရဲ အပွင့် ကြီးကြီးတွေ ကြိုကြား ကြိုကြား
အလှဆင်ထားတဲ့ တူညီဝတ်စုံတွေနဲ့  လှချင်တိုင်းလှလို့ နေတယ်လေ။              
နားထောင်စမ်း။
“ပက်လိုလျင် ပက်ပ်ါရှင် တမေပျိုခင်ရဲ့   သပြေညိုရှင် …
ရှေးယဉ်ကျေးမှု အစုစု..တခုအပါအ၀င် ..မြန်မာ့ ရိုးရာဓလေ့ ..မပျက်ပြားကြစေချင်
ရေပက်ကစားမဲ့  သက်ထားအလှ ရွှေစင်မေပျိုခင်..
၊ငွေဖလား ရေကစား သနပ်ခါးမွှေးမွှေး အေးအေးပေါ့ရှင် ..။အမေများ အဖေများ  ထွေပြား လားလား စိုးစိတ်မ၀င် ..၊မောင်ရင်းနှမလို
မနောမြမြ သဘောကထားပါသရှင် ..ပျိုပျိုများလဲ ပြုံးပန်းဝေေ၀ တေးနုယဉ်ယဉ် ..ကိုကိုများလဲ ပြုံးပန်းဝေေ၀ တေးနုယဉ်ယဉ်..။
နှစ်ဟောင်း စံနစ်မကောင်း အမြစ်ပါ ပြောင်းလိုက်ကြစို့  ..အတာရေအေးနဲ့  နံသာရေမွှေး နဲ့   ..ဆေးကြောသုတ်သင် ။။နှစ်သစ်ကို တူတူ ကြိုမယ်ကြိုမယ်  ကြိုမယ်ရှင် .
.ဘေးအပေါင်း ဝေးကြောင်း အေးအေးလေးလောင်းလို့  ဆုတောင်းပါရစေရှင် ..ခင်ဖုန်းရွှင်ပြုံး သူဇာ မူရာ သွယ်နွဲ့ ယဉ် ..ပိတောက်တခက်  နှင်းဆက် လိုက်မယ် ရှင် ..။”
သီချင်းစာသားရဲ့  သိမ်မွေ့ နက်နဲမှု ဂီတသံစဉ်ရဲ့  ချိုမြညက်ညောမှု တို့ က လူကို မြူကြွ သွားစေတယ်။ထူးပို့  ထူးပို့  သံကလဲ ဆူညံဝေစီလို့ လာပါပီ။  သပြေတခက်နဲ့ ရေပက်မဲ့ ကိုကိုက ဘယ်ဆီဘယ်ဝယ် ရောက်လို့ နေသလဲကွယ်။ မှန်းဆလို့ လွမ်းရပါတော့တယ်။
ကျွန်မမှာတော့ တိုက်တံခါးအလုံပိတ် ..သော့ချိတ်ထားတဲ့ အိမ်ခန်းကျယ်ကြီးထဲမှာ ။
မိန်းခလေးမို့  ရေစို အ၀တ်နဲ့  လူရှေ့  သူရှေ့  မနေအပ် ဆိုပြီး ရေကစားခွင့် မပေးပါဘူး။
ကျွန်မ စိတ်တွေ စုစည်းမရ ။နေရာအနှံ့ ပျံ့ လွင့်လို့ ..။ တခါတရံ..ရွှေစင်မေများထံ..၊ တခါတရံ ..နှင်းဆီမေများထံ ..၊ တခါတရံ ပိတောက်ရွှေဝါဖူးလေး တို့ ထံ သို့ ။စသည် စသည် လှည့်လို့  နေသည်။
 စိတ်ကူးကလေးကလည်း ယဉ်မှယဉ်။
စပယ်ကုံးတွေ ဇွန်ကုံးတွေ ဝေလို့ ..ကျွန်မလည်မှာ ဆွဲထားလိုက်သည်။နွဲ့ နွဲ့ ယိမ်းယိမ်းလေး ဟိုသည် ပျောင်းလှည့် ကခုန်နေသည်။ကျွန်မကို ၀န်းပတ်ကြည့်ရှု အားပေးနေတဲ့  လူအုပ်ထဲက ဗြုံးဆို ကိုကို ပေါ့ ၊ငွေဖလားလေးကိုင်ပြီးထွက်လာတယ် ။ ဟော ငွေဖလားထဲက
 နံ့ သာရေထဲမှာ သပြေခက်တွေနှစ်လို့  ကျွန်မပခုံးပေါ် ဖြန်းပုတ်နေတယ်။ပြီးတော့ ဖလားထဲက ရေကိုပါ ဖြည်းဖြည်းညင်သာ လောင်းလိုက်တယ်
 အို …အေးလိုက်တဲ့ရေ ။မွှေးလိုက်တဲ့ရေ..။
ခိုင် ခေါင်းကလေး ငုံ့ လို့  ဖိုနေတဲ့ ရင်ကို လက်ကလေးနှစ်ဘက် ယှက်အုပ်လို့ ..ရှက်တယ် ကိုကို။ ရှက်ပါတယ်။
ဒါပေမဲ့  ခိုင်ပျော်လိုက်တာ..။
ပျော်ချင်လိုက်တာ။ သူများတွေ ပျော်သလို   ခဏကလေး ပျော်ခွင့်ပေးပါ  ဖေဖေရယ် .။
စိတ်ကူးယဉ် ကမ္ဘာကလေးထဲမှာတောင် ခိုင်ဘယ်လောက်ပျော်မိသလဲ။  ခဏ ။ ခဏလေး..။ပျော်ပါရစေလားမေမေ။
သင်္ကြန်အတက်နေ့ ရောက်သည့်တိုင် ကိုကိုဆိုတာ ဘယ်လိုရုပ်လဲမသိ၊အရိပ်အရောင်မမြင်ရ သူဘယ်လို ကျွန်မကို ဆက်သွယ်မလဲ။ ကျွန်မကရောသူ့ ကို ဘယ်လို မျိုး စတင် ဆက်သွယ်ရမလဲ။ကျွန်မရင်ဖို စောင့်စားနေခိုက်….။
ကျွန်မတကိုယ်လုံး ရေတွေရွဲရွဲစိုအောင် ပခုံးကနေ လောင်းချလိုက်သူက  သူငယ်ချင်းကိုဇေယျာမြင့်၊ ကိုယ်ပေါ်ကနေ လျောကျလာတဲ့ ရေတွေက  တိုက်အောက်ထပ် နောက်ခန်းသမံတလင်းတခုလုံး သို့ ပြန့် နှံ့ သွားတော့တယ်။
 “ခွေးတိရိစ္ဆာန် ..လာစမ်း  လာစမ်း. မိ မဆုံးမ  ဘ မဆုံးမ  နေနှင့်အုံး။  “ ဗြစ်တောက် ဗြစ်တောက်နှင့် မေမေ တယောက် ပြောပြောဆိုဆို
မီးဖိုထဲမှ ထွက်ချလာသည်။သူငယ်ချင်းလဲ ဖလားချပြီး ကစဉ့် ကရဲ ပြေးလေရာ မေမေက ဖိနပ်ချွတ်ပြီး အားနှင့်မန်နှင့် အတင်းကိုလိုက်ပေါက်တော့တာ။
“ငါ့သမီး လမ်းမထွက်ကမြင်းနေတာမဟုတ်ဘူးဟေ့..မိနဲ့  ဘနဲ့  ဒီမှာ လူကြီးရှိတယ်။ ခွင့်တောင်းရတယ် ..နားလည်လားဟဲ့။  “
အမှန်တော့ ကျွန်မဦးလေးကပညာအုပ်။သူ့ ရုံးမှာ  ကိုဇေယျာက ဆယ်တန်းအောင်ပြီး အလုပ်ဝင်လုပ်နေတာပါ။ သင်္ကြန်အတက်နေ့ မို့  သူ့ ဆရာကြီးကို လာကံတော့တာ တဲ့။ ဒီလိုမျိုး မဖွယ်မရာ ကြုံကြိုက်သွားရတော့ ကျွန်မစိတ်မကောင်းပါဘူး။ ကိုဇေယျာ့ကို အားလဲနာ ရှက်လဲရှက် ။ကျွန်မ တကယ်ဘဲ အခက်တွေ့ ရပါတယ်။
မေမေ့ရဲ့ အပြုအမူဟာ ကျွန်မအနေနဲ့  ရိုင်းတယ်လို့  ယူဆပြီး ဘယ်လိုမှ ဖြေမရဘူး။
အော်.. ကိုကိုသာဆိုရင်
 ..ကိုကိုက ဘယ်မှာလဲ ကွယ်..။
ကိုကိုကျော်နဲ့ က  သူငယ်ချင်းဆိုတော့..အကြောင်းသိမို့  ပေါ်မလာတာ ထင်ပါရဲ့ ။
ခိုင့်အချစ် ကိုကိုရာ၊ ဘယ်မှာလဲမေး။
မုန်းမေ့ကာ ရှောင်ခွာတိမ်း စိမ်းပြီလားလေး။
ခင်ဦးလဲ တောပြန်နေသည်။အဆက်အသွယ်မရ။
ကိုကိုကလေ..စာရေးရင် ရွှန်းရွှန်းကိုဝေလို့  ..။တွေ့ ဆုံဖို့ ကို မကြိုးစား။မိန်းကလေးက စရမှာလားကိုကို။ အချစ်မီးကို ရင်မှာမွှေးမိတဲ့ ခိုင် သောကတွေ ဗျာပါဒတွေ တလှေကြီး ရင်မှာပိုက်မိနေပြီ ကိုကို။
ခိုင့်ရင်ထဲက ဝေဒနာကို  သေအချာ ပြောပြောမပြနိုင်လို့  ကြေငြာရုံ သဘောဘဲ ထားလိုက်ကြပါစို့ ။
မယ်ဟေမာလို ..သမုဒ္ဒရာကြီးကို လက်ပြစ်ကူးလို့  ရူးရူးမိုက်မိုက် ချစ်သူကို လိုက်ရှာရမတဲ့လား။ဒါပေမဲ့  မိန်းခလေးဆိုတာ စောင့်စည်းထိန်းသိမ်းရမဲ့ ကျင့်ဝတ်သိက္ခာတွေ အပြည့်ရှိတယ်ဆို..။
ကိုကိုဘဲ ပြောတယ်။
“ချစ်သူကို လွမ်းပါရ၊ နွမ်းနွမ်းလှပြီရှင်၊
တမ်းတ၍ ကဗျာဆင်သည်၊ထာဝစဉ် ပူဆွေး။
စိတ်သောက ဖြေမနိုင်သည် ၊ ပွေမှိုင် ငိုင် ဘုန်းသူ့ ကြောင့်လေး။ “  ။
ကိုကို့ ကို မြင်ရနိုး စောင့်စားရသည်မှာ ပင်ပန်းလှပါဘိ။တဘက်က မေမေတို့ ကလည်းရှိသေး။ မေမေတို့ ရိပ်မိမှာ ကြောက်ရသေးသည်။
ဟိုတုံးကများလေ..ညည အိမ်ရှေ့ လမ်းမကနေ သူငယ်ချင်းတွေနှင့်၊ ရှောက်ပြန်သံပေး။သီချင်းတွေ ဆိုလားဆိုရဲ့။သူဆိုလေ့ရှိတဲ့ သီချင်းလေးကို အမြဲ ကြားယောင်နေတယ်။
“ရွှေမှုံ့ ကိုစား..ဖွားသလား ..ခင်ရယ် ..၊ မောင်မေးချင်စမ်းတော့တယ် ..။ နှုတ်ခမ်းပါးနဲ့   လည်တိုင်သေးသွယ် ..မြင်သူငေး..ထွေးပိုက်ချင်လှတယ် “။  တဲ့။
တခါတလေကျတော့ စက်ဘီးအပြေးစီးလာရင်း ကလင်  ကလင် နဲ့ လဲ နှုတ်ဆက်တတ်သေးတယ်။ဒီတုံးကများခိုင့်ရင်တွေ တဒိန်းဒိန်းခုန်ရင်း ပြတင်းပေါက်မှာ မေးလေးထောက် မျှော်ကြည့် ပြုံးပြ .နဲ့ ။ ခိုးကြာင်ခိုးဝှက် နှုတ်ဆက်ကြည်နူးရတဲ့ ညတွေ သိပ်များများမရှိလှပေမဲ့ တနေ့ တာ အပျော်လေးတွေ ဖူဖူလုံလူံ စီးမျောသွားခဲ့ပါရဲ့ ။ခုတော့…။
တိုကိကြီးပေါ်ကနေ..ပြတင်းပေါက် မေးထောက်လို့  ငေးနေတတ်တဲ့ ခိုင့်ကို ..ကိုကိုမေ့ပြီလား။စိန်ခြူးကြာညောင်လဲ မဆိုချင်ပါဘူး။မယ်ခုမျှော်လဲ မဆိုချင်ပါဘူး။ ခုတလော ခိုင်မို့  ပြတင်းဝမှာရပ်မိရင် ..
“ ဂေဟာဋ္ဌာန၊တွင်းအပဟု။ခန်းမခန်းသာ၊တည်နေရာနှိုက်၊ဥပစာတွင်း၊ ရှောင်ဖယ်ကွင်းလော့။ခေါင်းရင်းဒေသ၊တထေ၀တည့်၊ဒွါရရှေ့ မှာ ၊ မရပ်ရာ..။”
ဆိုပြီး။ ဓီတာရောဝါဒပျို့ ကြီးနဲ့  ကိုင်ပေါက်ကြအုံးမှာ ။ဖြတ်သွားဖြတ်လာ လူတွေကြည့်မှာစိုးတယ်။ပြတင်းကိုလဲ မဖွင့်ရဘူးတဲ့။
 ခိုင် ဘယ်လို ကိုကို့ ကို မြင်ရမလဲကွယ်..။
ကိုကိုကရော ဘယ်မှာလဲ..။
“ကို ဘာ့ကြောင့်မလာ”
“နှမမေးမယ် ပျို့မောင်ရယ်၊မှန်အောင်ဖြေပါကွယ်၊
နေ့ လည်အဆုံး တနေ့ လုံး၊ မောင်ဘယ်နားမှာပုန်း၊
ချစ်ဆုံးမောင့်ကို၊ စောင့်ကာကြို ၊ တေးသံ လွင်လွင်ချို ၊
အလို ..အို..တော့..လာနိုင်ဘူး၊ မောင်ဘယ်နားမှာမြူး။
ချစ်ဦးမှာဖြင့် ၊ တွေးဆကာ၊ မျှော်တလင့်လင့်ပါ။
စောင့်ကာနေလဲ ၊ပေါ်လာဘဲ၊ မောင်ဘယ်နားမှာလဲ။
နှမမေးပေါ့.ပျို့ မောင်ရယ် .၊မှန်အောင်ဖြေပါကွယ်။
မမှန်ရင်ဖြင့် သည်မေလေး၊စိတ်ဆိုးမယ်ရှင့်လေး။  “  ။
သည်ကဗျာလေးကို ကျွန်မ တိုင်းရင်းမေ ကဗျာ့ဥယျာဉ်မှူးကြီး ဦးသော်ဇင်ထံ အမြန် ပို့ မှာဖြစ်ပါတယ်။
၁၅။
နေ့ ရက် အချိန်တို့ သည် တခါတရံ ကုန်ခဲသည်ထင်ရသော်လဲ အမှန်တော့ ကုန်လွယ်လွန်းပါတယ်။ကျွန်မသည်ပင် ၉တန်းလို့  အလွယ်ခေါ်နိုင်တဲ့ အကြိုတက္ကသိုလ်ဝင်သင်တန်း (Pre metric) ကို ရောက်ခဲ့ပါပြီ။
ကျောင်းစတက်သည်နှင့် မိုးကစွေသွန်းဖြာဝေတော့သည်။
မိုးဦးကျလာခဲ့ပြီလေ။
စာရေးလိုသူအဖို့  မိုးရွာတာလဲ စာတပုဒ်ဖြစ်သွားနိုင်သည်။တိမ်တွေ ရွေ့ ရှားသွားလာနေတာ လျှပ်ပန်းလျှပ်နွယ် တွေ ပြိုးပျက် ၀င်းလက်နေတာ  မိုးခြိမ်းတာဟာလဲ ရေးတတ်ရင် စာတပုဒ်ဖြစ်လာတော့တာပါဘဲ။ ကျွန်မက လှိုင်မင်းသမီးကို အားကျပြီး ကဗျာ ရေးလိုသူဆိုတော့..ဟော..ကြည့်။ “လွမ်းဝဿန် “တဲ့။ ကဗျာတပုဒ်ဖြစ်လာပါပြီ။
“လွမ်းဝဿန်”
အော်..မုရိုးစည်တော်၊ ဟီးရိုက်ဆော်လို့ ၊
ဆွေတော်ဒေ၀ါ ၊ မိုးအိန္ဒြာလဲ၊ညိုပြာသင်တိုင်း၊
တိမ်ပန်းဆိုင်းနှင့် ၊အုံ့ မှိုင်းငယ်ရီ ၊ရှစ်ဋ္ဌာနီဝယ်၊
ဇာချည်မိုးပန်း၊သွယ်သွယ်ငယ်တန်းသည်၊
စခန်းနယ်လုံး ဖုံးတော့တယ်။      ။
စက်ချည်ငယ်လျှံဝေ၊ကျူးရင့်ချွေလျက်၊
မိုးမြေထိမျှ၊ တိမ်အိပြိုယောင်၊ မဲညိုရောင်နှင့် ၊
အာဘောင်သန်ရင်း၊ရှင်နတ်မင်းတို့ ၊
စစ်ချင်းနိုင်ရှုံး ပြိုင်သည့်နှယ်။
လျှပ်ခိုင်အနွယ်၊ အာကာလယ်မှာ၊
သွယ်သွယ်ယက္ကန်း၊ယှက်ခါသန်းသမို့ 
 အလွမ်းရယ်ပို၊ ငိုမလိုမဲ့ ၊
မပြေခဲ့နိုင်ဘူး မောင်ရယ်။    ။၊
သည်ကဗျာလေးကို   မြ၀တီမဂ္ဂဇင်းတိုက် ပို့ မှာဖြစ်လို့  ကိုကို စောင့်ဖတ်ပါဦး။
၁၆။
“ကေခိုင်ရေ..။ မမတင့်ကို ကူပါအုံးကွာ..။ကျောင်းဆုနှင်းသဘင်မှာ မမတင့် ပီယာနိုးတီးမလို့ ။ကေခိုင် သီချင်းဆိုပေး။ .”
“လုပ်ပီ ..ကိုကိုကျော်သိရင် သတ်မယ် “
“ဆရာကျော်ကို မမတင့်ပြောပေးမယ်။”
“ဟင့်အင်း ..မပြောနဲ့ ။ မရဘူး”
“ဒါ ကျောင်း concert ဘဲ။ကေခိုင်လဲ စောင်းတီး။သီချင်းဆို ..”၊
“မရပါဘူးဆို။”
“ဒါဖြင့် သူဘာလို့  စောင်းတီးသင်ခိုင်းရသလဲ “
‘ ဒါက ကိုယ့်အိမ်မှာ ကိုယ်တီးတာလေ။ အနုပညာဆိုတာ လူတစုအတွက် ဖျော်ဖြေဖို့  မဟုတ်ဘူးတဲ့။ရိုးရာယဉ်ကျေးမှုကို မြတ်နိုးထိန်းသိမ်းဖို့   ဆင့်ပွားစောင့်ရှောက်ဖို့  “တဲ့ ။ “စိတ်ရှုပ်လိုက်တာဟာ။ဘာတွေမှန်းလဲမသိဘူး။ ထားတော့၊ ငါတို့  လစ်ရအောင် သီချင်းဆိုမယ်။။ ပီယာနိုးတီးမယ်။မအေးလက္ဘက်သုတ်စားမယ်။ သွားပြီဟေ့..။”
ပြောပြောဆိုဆို မမတင့် ကျွန်မစက်ဘီးကို ဆွဲယူစီးပြေးသွားတော့ ကျွန်မမနေသာ၊အပြေးလိုက် ကယ်ရီယာပေါ် ခုန်တက်ရတော့သည်။
မအေးလက္ဘက်သုတ်က နာမည်ကြီးသည်။ရန်ကုန်သုတ်လို့  ပြောဝယ်ရသည်။ တမတ်ဖိုး ဆို (၂၅ပြား) ပုဂံတချပ် အပြည့်။ စားပေရော့။ ပုဇွန်ခြောက်နိုင်းချင်း။ ကြက်သွန်ကြော် နိုင်းချင်း၊ အပြင် အုန်းဆံကြော်၊ ပဲခြမ်းကြော်၊မြေပဲကြော်၊နှမ်းလှော်မွှေးမွှေး အစုံပါသည်။ ခရမ်းချဉ်သီး ပါးပါးလှီး ကလားအော်သီး ပါးပါးလှီးထည့်ပေးသည်။ငံပြာရည်ပါသည်။သံပုရာသီးစိတ်ထည့်ပေးသည်။ကြက်သွန်ဖြူ အစိပ်ကလေးတွေ ထည့်ပေးသည်။ချဉ်ချဉ်စပ်စပ်ကလေး။
ကျွန်မတို့ နှစ်ယောက် အတိုင်အဖေါက်ညီနေရုံနှင့်မပြီးပါ။၎နာရီထိုးလို့  ကျောင်းဆင်းတာနှင့် အိမ်အရောက် ပြေးပေရော့။ မဟုတ်ရင် ..Why are you late ?
ဆိုတဲ့ မေးခွန်းကို ဖြေတတ်ဖို့  အကြောင်းပြချက် ရှာနေရဦးမည်။
ကျွန်မကလည်း ကျွန်မပါဘဲ။မမတင့် အဆွယ်ကောင်းလို့   ကျောင်းဆုပေးပွဲ မှာ သီချင်းဆိုဖြစ်သည်။ပထမ ဆရာများရှေ့ မှာတော့ ကိုအံ့ကြီးရဲ့  ယဉ်တကိုယ်မယ် ပါဘဲ။ ပွဲသိမ်းအပြီး လူစုမကွဲခင် ကျောင်းသားတစု request လုပ်တဲ့ မေရှင့်သီချင်း ချစ်ပွဲဝင် ကိုလည်း ဆိုဖြစ်လိုက်တယ်။
“မောင်နှင့်လဲ ကျောင်းနေစဉ်..လွန်စွာဘဲ  စိတ်ပျော်ရွှင် ..အတူတူဘဲ ကစားလို့ နေ့ စဉ် ..ပျိုမမေ့ပေါင် ရှင် ..။” 
 ကံဆိုးချင်တော့ ..ကိုကိုကျော် အပါအ၀င် ကျောင်းဆရာအချို့  စင်မြင့်ရှေ့ ခုံတန်းမှာ နေရာယူမပျက် ပြူးပြူးကြီး ရှိနေကြသေးသည်။သူ့ မျက်နှာကြီးကို  ရှစ်ခေါက်  ကိုးခေါက် ချိုး စူပုပ်ထားသည်။ ကျွန်မကို ကြည့်နေပုံက စားတော့ ၀ါးတော့ မတတ်။ကြောက်စ၇ာကြီး။
ဘာဘဲဖြစ်ဖြစ်  ဖြစ်ပစေလေ။  ကျွန်မကတော့  အားရပါးရ ကျေကျေနပ်နပ် ဆိုပစ်လိုက်သည်။
“ မေတ္တာတွေ  သက်ဝင် ..ကရုဏာတွေ သက်ဝင် ..ချစ်သူမောင် နဲ့ ..ဆုပန်ချွေလို့ ပင် ..ငယ်ငယ်တုံးက..ချစ်ရေစင် ..အသဲထဲ မှာပင်.. ။စွဲ မိပြီနော်…ပျို မေရှင် …မောင်ယုံစေချင် ..  “
သူငယ်ချင်းတွေနှင့် ရယ်မောပျော်ရွှင်ခဲ့တဲ့ ကျွန်မ။ အိမ်လည်းပြန်ရောက်ရော..မေမေက ဗိုက်ခေါက်တွေ ပေါင်းတွင်းကြောတွေ ဆွဲလိမ်တာ ခံရသည်။ ကိုကိုကျော်က သူ့ ကို အရှက်ခွဲသည် ဆိုပြီး နရင်းအုပ်သည်။ မေမေ့ညီမ တွေက “ဆိုစရာရှားလို့ တော် .ဒီသီချင်းမှ  “လို့  ကဲ့ ရဲ့ သည်။ ငဖယ်တေ မခံရတာပဲ ကံကောင်းသည် မှတ်ရတော့မယ်။
၁၇။
“ကေခိုင်ရေ..။ ငါတို့  Ivanhoe သွားကြည့်ရအောင်”
တနေ့ တန်းခွဲ (D)မှ ၀င်းဝင်းတင့် နှင့် ခင်မြတ်စုက ရုပ်ရှင်ကြည့်ဖို့ ခေါ်သည်။
“ဘာလဲ ကျောင်းလစ်ရမယ်ပေါ့လေ။ အဲလို ကြပ်ကြပ်လုပ် စာမေးပွဲ အောင်မယ် ..အားကြီး။ “
ဝင်းဝင်းတင့်နှင့် ခင်မြတ်စုမှာ တွဲဘက်ညီသည်။ ဘယ်သူမှ့ ဂရုမစိုက်. ။မကြာခဏ အထူးသဖြင့် ကုလားကားကောင်းတိုင်း နေ့ ခင်းပိုင်း ကျောင်းလစ် ကြည့်တတ်သည်။ စာမေးပွဲလဲ နှစ်ကြိမ်ကျပြီးမို့  သူတို့ နှစ်ယောက်က တန်းခွဲ  D မှာနေရသည်။ ကျွန်မနှင့် သိပ်တွဲလေ့ မရှိပါ။ ဒါပေမဲ့  ဒီတခါတော့
အိုင်ဗင်ဟိုး  က အင်္ဂလိပ်စာ ပြဋ္ဌာန်းစာအုပ်မို့  ပြီးတော့ ကျွန်မအကြိုက် Robert Taylor နှင့် Liz Taylor တို့  သရုပ်ဆောင်ထားတာမို့  ကျွန်မ ကြည့်ဖြစ်အောင် ကြည့်လိုက်ပါသည်။
ကျွန်မတို့  မဟာဝန် ရုပ်ရှင်ရုံ ရောက်လို့  အထဲဝင်တော့ Trailer ပြနေပါပြီ။ အံ့သြစရာက ကျွန်တို့ ရဲ့  ခုံတန်းအနောက်မှာ အိုင်ဗင်ဟိုး ကို သင်ပေးနေတဲ့ ကျွန်မတို့ ရဲ့ ဆရာ ဦးမောင်မောင်လေးကို တွေ့  မြင်လိုက်ရလို့ ပါဘဲ။ နေ့ ပွဲ ဆိုတော့ ၂နာရီမှာ စပြတာပါ။ ဆရာ့ရဲ့  ဂျူတီချိန် အော့ဖ် ဖြစ်ရင် ဖြစ်နေနိုင်ပါတယ်။
Once a thief, always a thief. စကားပုံရှိသည်။ အစရှိ အနောင်နောင်။
 ကျွန်မ မကြာခဏ ကျောင်းလစ်တတ်လာသည်။ အရွယ်မရောက်ခင်ကမူ အကိုတွေက ရုပ်ရှင်ကြည့် ခေါ်သွားတတ်သဖြင့်  ချိန်တန်ပြီ။ ချစ်အမျှ။ မြဟေ၀န်။သည်ဆောင်းဟေမန်၊ ချစ်မုန်းမာန် စသည် အေ၀မ်းထွက် မြန်မာရုပ်ရှင်ကားများ ကြည့်ခဲ့ရသည်။အကိုတွေက  အင်္ဂလိပ်ကားမကြည့်။နောက်ပိုင်း ကျွန်မကြီးလာတော့ ရုပ်ရှင် ကြည့်မခေါ်တော့။ ဖေဖေ မေမေတို့ ကလည်း ရုပ်ရှင် ကြည်လေ့ မရှိ. ။
ဒါ့ကြောင့် ကျွန်မနေ့ ခင်းပိုင်းကျောင်းပြန်တက်ချိန်များတွင် roll call ခေါ်ချိန်များမှာ  present sir ထူးပြီး ကျောင်းလစ်  ရုပ်ရှင်ရုံ ပြေးတော့သည်။
မုံရွာမြို့ တွင် မဟာဝန် နှင့်  မြဟေ၀န် ရုပ်ရှင်ရုံ နှစ်ရုံရှိရာ မဟာဝန်က အင်္ဂလိပ်ကားများပြပါသည်။
Knights of the Round Table, The Sword and the Rose, Romeo and Juliet , Prisoner of Zinder, Robin Hood တို့ သာမက  အက၊အလှ ဝေဆာထုံမွှန်းနေသည့် စိတ်ကူးယဉ် တေးသံသာကုလားကားများလည်း ကြည့်တတ်လာသည်။
အမြဲ ကျောင်းပြေးလေု့ရှိသည့် ၀င်းဝင်းတင့်တို့ နှင့် တွဲ မိသွားတာပါ။
တနေ့ တွင် Anna kali  ကုလားကားကြည့်အပြီး  အတူလာသူ ခင်မြစု က ..
“ဟေ့.. ခိုင် ..ယူ့ အတန်းက မြမြစန်းအမ မြမြသန်းကို သိလား ။
သိသားဘဲ။ ဘာဖြစ်လဲ။”
“သူပြောတာပြန်ပြောမလို့ ။ ယူ့  တက္ကသိုလ်ကျောင်းတော်ာသားကြီး က ခင်မြကြည်နဲ့ အတွဲ များနေသတဲ့ “
“ဘယ်သူလဲ ခင်မြကြည် ဆိုတာ”
“မနှစ်က စတိတ် တူး ကနေ အောင်သွားတဲ့ fresher  လေ ကွာ ။”
“ဟင့်အင်း ဟုတ်နိုင်ပါဘူး “
“မြင်တဲ့ သူတိုင်းကတော့ နေနှင့်လ ရွှေနှင့်မြ တဲ့ကွ။ လိုက်ဘက်ညီ သတဲ့။ ကျောင်းမှာ သိပ်နာမည်ကြီတာဆိုဘဲ။ “
ကျွန်မ သူများပြောတိုင်း မယုံချင်ပါ ။ ဒါပေမဲ့  စာမလာတာကြာပီဆိုတော့.. ။
ဟို..မိုးကောင်းကင်မှာ ထိန်ထိန်သာနေတဲ့  ဖိုးလမင်းကြီးဆီ ကျွန်မရဲ့  စာလွှာကလေးကို ပါးလိုက်ပါရစေအုံး။
“လွှာသ၀ဏ်”
ဝေးရပ်မြေ တနယ်ခြားဆီက  ၊
ရောက်လာငြား မောင့်သ၀ဏ် ၊
မျှော်မိတယ်ရှင်။
 လမင်းကိုပင် ၊ စေချင်ရဲ့  ပျိုတပါး။
သော်တာဆွေ ဖြူငွေ လဲ့ ရယ် ၊
ခွန်းဖွဲ့ မှာလား။      ။
နှမပျို လက်ကို တွက်ပါလို့  ၊
ရက်ဆက်ပ မောင့်စာမျှော်၊
လွမ်းလှလို့ နော်၊
မျှော်သာမျှော် .၊
အို ..ပေါ်လာဘု သွေရှောင်ထင့်၊
မောင့်သက်ဝေ အနေကြုံ့ သူလို့  ၊
 ခွန်းတုံ့ ကြူဆင့်။     ။
ဒီကဗျာလေးကိုလည်း မြ၀တီ မဂ္ဂဇင်းမှာဘဲ ကိုကို ဖတ်ရှု နိုင်ပါလိမ့်မယ်။
၁၈။
ကျွန်မနှင့် အိမ်က လူကြီးတွေ တခုပြီး တခု အဆင်မပြေ ဖြစ်လာပုံက များများလာသည်။
ကျောင်းသားသမဂ္ဂတွင် ကျွန်မတနှစ် ဘဏ္ဍာရေးမှူးတာဝန်ယူထားစဉ် DSO ကျောင်းသားများနှင့် ပဋိပက္ခ ဖြစ်ခဲ့သည်။ှဆန္ဒပြ လှည့်လည်ရာတွင် ကျွန်မက ခွပ်ဒေါင်းအလံ ကိုင် ပြီး ရှေ့ ဆုံးမှ ချီတက်ခဲ့သဖြင့် အကိုကျော်နှင့် ထိပ်တိုက်တိုးခဲ့ရပြီး ကျောင်းထုတ်မည် လုပ်သည်။ ဟိုစပ်စပ် ဒီစပ်စပ် နေရာတကာပါသည်ဟု သူက စွပ်စွဲ သည်။အမြင်ချင်း မတူသည်ကို ၀န်မခံ။ကျွန်မကိုဘဲ အပြစ်ပုံချနေတာလို့  ထင်သည်။
တခါ ကျောင်းသားသမဂ္ဂမှ ကြီးမှူးကျင်းပသည့် တန်းမြင့်မောင်မယ်ရွေးပွဲ နှင့် ပဒေသာကပွဲ တင်ဆက်ကြသည်။အတန်းပိုင်ဆရာမက ကျွန်မကို တပင်တိုင်အကနှင့် ပဏာမ ကံတော့ခန်းတင်ဆက်ပေးရန် တာဝန်ပေးသည်။
ကျွန်မတာဝန်မယူနိုင်လျှင်လည်း တာဝန်ယူ ကချင်တဲ့သူတွေ တပုံကြီး ရှိသည်။
ဒါပေမဲ့  ကျွန်မက ကချင်သည်။  ဆရာမကလည်း အိမ်တိုင်ယာရောက် ခွင့်တောင်းပေးမည်ဟု ကိုကျော်နှင့် ကျောင်းနေဘက် သူငယ်ချင်းဘဲ သူပြောရင် ရမည်လို့  ယူဆကာ အိမ်လာပြောတော့ တော့သည်။တကယ်တန်း ဆရာမ ရောက်လာချိန်၌ ကိုကိုကျော်က သူပြီးရင် ပြီးသည်ကို ထမင်းရေပူ လျှာလွဲသည်။
“ဆရာမရယ် ..။ ကျွန်တော်က ဆိုင်သာဆိုင် မပိုင်ဘူး ခင်ဗျာ့ ။မေမေ့ကို ခေါ်ပေးပါရစေ”တဲ့ ။ စကားကိုလှအောင်သုံးပြီးပေါ်မလာတော့။
မေမေထွက်လာပြောပုံက ..
“ကျွန်မတို့ မျိုးရိုးထဲမှာ သဘင်သည်ဖက်ခွက်စားမရှိပါဘူး။ ၀ါသနာပါရင် ဆရာမကိုယ်တိုင် ကလိုက်ပါလား။”တဲ့ ။
မျက်နှာရဲတွတ်လာပြီး ထပြန်သွားရတဲ့  ဆရာမကို မိခိုင် မျက်နှာချင်း မဆိုင်ရဲ ခဲ့ပါ။
“ကိုယ်တော်မြတ်မွန်၊ မယ့်ဖြစ်ဟန်ကို ၊ ရွှေဥာဏ်တော်စက်၊ မဖြန့်ကျက်၍၊နေ့ရက်ရှည်လျှင်၊မြင်လည်းမသိ၊
ထွန်းညှိဥာဏ်စက်၊ ဖြန့်ပေလျက်တည့်။ဝိပက်ဝါသနာ၊
 ကြမ္မာအလျောက်၊ ခါထောက်ချိန်သင့်၊ လင့်လည်းမသိ၊
ယခုပြီ့ဝယ်၊ မယ်ရှိလေရာ၊ ရွှေနန်းသာသို့ ၊
စကြာဖြန့် ယူ။ဘုရားဟူသည်။ ရောင်ဖြူပရွှန်း၊
 လပြည့်ဝန်းသို့ ၊ ပေါ်ထွန်းစိစိ၊လင်းပါလှည့်.။ “
“ကိုကိုရယ် ..”
မလ္လိကာဒေ၀ီ ဘုရားတသလို တလိုက်ချင်ပါရဲ့  ။
သပြေတခက်နဲ့ေ၇ပက်ပါရစေဆို၊ ခိုင်မမြင်မိပါလားကွယ်။
ကိုကို ပြောပြဖူးတဲ့  ချစ်နန်းဗိမာန်လေးက ဘယ်မှာတဲ့လဲ..။
ကိုကို ကို ယုံချင်ပေမဲ့ ကံကြမ္မာကို ခိုင်မယုံဘူး။့နှောင့်နှေးကြန့့်ကြာ နေခြင်းဟာ အန္တရာယ်ကို ဖိတ်ခေါ်နေတာဆိုဘဲ။ Delays are dangerous ဆို ကိုကိုရဲ့ ။။အချိန်အခါဆိုတာ စောင့်တိုင်းကောင်းတာမဟုတ်ဘူး။ခုဆို သူငယ်ချင်းတွေက ခိုင့်ကို လှောင်ချင်နေပြီ။
ကိုကိုနဲ့  မမမြမြကြည် သိပ်လိုက်တယ်တဲ့။သူတို့ ကပြောကြတယ်။
 ဘယ်လိုလဲ ကွယ်၊ခိုင့်ကို ပြောပါအုံး။ခုတလော ခိုင်စိတ်လေနေတယ်။စာကို ဟန်ဆောင်ကြည့်နေတာ။
ခိုင်မို့  ဘာလုပ်လုပ် အိမ်က အကောင်းမမြင်ဘူး။
ဟိုဟာလုပ် လုပ်ပြန်ပြီ။ ဒီဟာလုပ် လုပ်ပြန်ပြီနဲ့  ဘာမှလုပ်ပိုင်ခွင့် မရှိဘူး။
စာ စာ နဲ့ တချိန်လုံးစာဘဲ ပြောနေကြတာ။ နားခါးလာပြီ။
ခိုင်လေ စိတ်ညစ်လာရင် ရုပ်ရှင်ရုံဘက်  ရောက်သွားတော့တာဘဲ။
အော်..ညက အိမ်မက် မက်တယ်ကိုကိုရဲ့ ။ပြောပြအုံးမယ်။ အိမ်မက်ထဲမှာ ကိုကိုနဲ့ ခိုင် မြေညီလမ်းလေးတခုမှာ လမ်းလျှောက်နေတုံး ဗြုံးဆို ဘာမပြော ညာမပြော ကိုကိုက ခိုင့်လက်ကို ဖြုတ်ချပြီးထွက်သွားခဲ့တယ် တဲ့။ကိုကိုရေ..လို့  တစာစာခေါ်ပေမဲ့  ကိုကိုက လှည့်မကြည့်ခဲ့ဘူး။ဒီမှာတင် ..လူကြီးတယောက်ပေါ်လာပြီး ခိုင်လက်ကို မလွှတ်တမ်းဆွဲခေါ်သွားလိုက်တာ.အမလေး လေ့...ဟို အဝေး..အဝေးကြီးကို ရောက်ကရော တဲ့။ ငယ်ငယ်တုံးက တခါ ဒီလိုဘဲ အိမ်မက်ထဲမှာ ဆွဲခေါ်သွားတာ ခံရဖူးတယ်။ အဲဒီလူက ဖေဖေလေခု လူကြီးက တော့..
ကိုကိုရယ် ..ခိုင့်ကို ဒီအိမ်ြကီးနဲ့ ဝေးရာ ခေါ်သွားပါလားဟင်၊ ရတနာတွေ စိန်ကျောက်တွေ မလိုပါဘူး ကိုကို။ပိုးဖဲကတ္တီပါတွေမလိုပါဘူး။အိမ်ကလေး တလုံးရယ် တောအုပ်စိမ်းစိမ်းလေးရယ်။စမ်းချောင်းလေးတခုရယ်။တောပန်း တောင်ပန်းလေးတွေရယ်၊ပြီးတော့  ..စာအုပ်တွေကတော့ မရှိမဖြစ်ပေါ့နော်။အို..ခိုင်သိပ်ပျော်မှာဘဲ ကွယ်။ပျော်ချင်လိုက်တာ။ ခိုင်လေ..သီချင်းတွေ အော်ဆိုပလိုက်မယ်။.ကိုကိုကပဲ့တင်ပြန်လာတဲ့ အသံကို နားထောင်ကြည့်ပေါ့။
ပြီးရင် တူတူ ရယ်မောကြမယ်။
ညရောက်ရင် မီးပုံဘေးမှာ ၀န်းပတ်ကခုန်ကြမယ်။ လူရိုင်းတွေလိုလေ..လွတ်လွတ်လပ်လပ်ပေါ့။
ပျော်တယ်နော်.။
ချစ်တဲ့ခိုင်
“ကိုကိုရေ..”
ခိုင့်စာရပြီလား။ခု ကိုကို့ ကို ပြောစရာရှိလို့  ။ပြီးခဲ့တဲ့  ဆန်းဒေး က state 2 နဲ့ state1 ချစ်ကြည်ရေး မိတ်ဆက် debate ပွဲကလေးတခု ကျင်းပဖြစ်တယ်။ အရှုံးအနိုင်မရှိ ဆရာကြီး ဦးမောင်မောင်စိုးတင့်က ဆုချီးမြင့်တယ်။သူ့ ကျောင်းမှာကိုး ။ခိုင်ရတဲ့ စာအုပ်တွေက ခုံတော်မောင်ကျဘမ်း။သခင်ကိုယ်တော်မှိုင်းရဲ့  လေးချိုးပေါင်းချုပ်။Gorkeရေးတဲ့  Articles and Pamphlets ဆိုတဲ့ စာအုပ်တွေပေါ့။ခိုင်တော့ ဖတ်စရာ ကောင်းကောင်းရပြီ။
လာမဲ့ စာဆိုတော်နေ့ မှာလဲ “အမျိုးသမီးများသည် အမျိုးသားများထက် တိုင်းပြည်ထူထောင်ရာ၌ သာလွန်စွမ်းဆောင်နိုင်သည်”ဆိုတဲ့ ခေါင်းစဉ်နဲ့  စကားရည်လုပွဲ တခုမှာ ခိုင်ကစလို့  အဆိုတင်သွင်းရမယ် ။မြဟေ၀န်ရုပ်ရှင်ရုံမှာာ ကျင်းပဖြစ်မယ်။ကိုကိုပြန်လာ နားထောင်ရင် ကောင်းမှာဘဲ ကွယ်။
ကိုကိုရေ..ဒီနေ့ လေ..ကျောင်းမှာ ဆရာကြီး ဦးသာဒင်ရယ် .အရမ်းရယ်ရတာဘဲ။ သိလား ကိုကို။
သူက ပြဋ္ဌာန်းစာအုပ်” She Stood to Conquer “ပြဇတ်မှာပါတဲ့ ..ဇတ်လိုက် Marlow ရှက်နေပုံ သရုပ်ဖေါ်ပြတာ ကိုကိုရာ တခန်းလုံး ဝေါကနဲ ပွဲ ကျသွားတယ်။ ဟိုတနေ့ ကလဲ Revenge ကဗျာထဲက နပိုလီယဲန်စတိုင် လက်နှစ်ဘက်နောက်ပစ် ခြေနှစ်ချောင်းကားရပ် ခေါင်းကြီးရှေ့ ထွက်လို့  ခြေမြန်တော်လေး လာမဲ့လမ်းကို ရင်တထိတ်ထိတ်မျှော်လင့်စောင့်စားနေဟန် သရုပ်ဖေါ်ပြခဲ့သေးတာ ကိုကိုရဲ့ ။ခိုင်တို့ ဆရာကြီးကတော့ စံပါဘဲ ကိုကို။တကယ်စေတနာပါတယ်။ကျောင်းသားတွေရော ဆရာတွေအားလုံးကပါ ချစ်ကြတယ်။
အော် ကိုကိုေ၇..ခိုင် ကဗျာတပုဒ် အကြိုက်တွေ့ ထားတယ်။ သေခြင်းရဲ့ အခြားတဘက်မှာ ဘာတွေ ရှိနေမလဲ ခိုင်သိချင်လိုက်တာ..။
အဲဒီ Song ကဗျာလေးကို ခိုင် မြန်မာမှုပြုထားတာ ကိုကို ဖတ်ကြည့်ပါဦး။
“ငါသေသောခါ “
ငါသေသောခါ၊သက်မြညှာရယ်၊
သဲဘွှာနုတွင်း၊လွမ်းတေးချင်းကို၊
ပူပြင်းလျက်သာ၊ မဆိုပါနှင့်။
ငါသေသောခါ၊ လွန်စွာပျံ့ လှိုင်၊
ရနံ့ ကြိုင်သည့်၊ပန်းခိုင်နှင်းဆီ ၊
ပွင့်နီနီကို၊ ဤသည်ခေါင်းဘက် ၊
မြေပုံထက်၌၊နှစ်ချိုက်ဖွယ်ရာ၊
 မစိုက်လာနှင့်။
ရိပ်ခိုစရာ၊အေးရိပ်သာမည့် ၊
ဘဇာပင်မျှ၊မစိုက်ချနှင့်၊
သဘာဝအလျင်း၊မြက်ခင်းစိမ်းစိမ်း၊
နှင်းဖြင့်လိမ်းကာ၊မိုးဖွဲရွာစေ၊
ဘာသာဓလေ့ ရှိစေမည်။
သည်ကတလီ၊ပြီတီတီနှင့်၊
သာသည်တေးချင်း၊နိုက်တင်းဂေးလ်ခေါ်၊
ညငှက်တော်၏၊သာပျော်ချိုအေး၊
လွမ်းသံတေးလဲ။ ခင်လေးမကြားနိုင်တော့ပါ။
ဆည်းဆာနေခြည်၊အိမ်မက်ပြည်၌၊
အတည်မကျ၊ ငါ့ဘ၀ကို၊
နိုးထနိုင်စွမ်းမရှိပါ။      ။
“ချစ်တဲ့ ခိုင်”
၁၉။
ဒီကနေ့  ကျွန်မအိမ်ပြန်နောက်ကျသည်ကို ဘယ်လို ဆင်ခြေပေးရမလဲ စဉ်းစားရသည်။ လိမ်ညာမပြောချင်ပါ။ အမှန်အတိုင်းသာပြောမည်ဟု ဆုံးဖြတ်လိုက်မှ လူသည်ပေါ့ပါးသွားတော့သည်။လေးနာရီ သံချောင်းခေါက်အပြီးမှာ အိမ်ကို တန်းပြန်ဖို့  ပါဘဲ။သန်းထွန်းနှင့် မောင်မောင် တို့ က ကြက်တောင်ရိုက်ဖို့  ခေါ်သည်။
ကစားကွင်းဆီ လှမ်းကြည့်တော့ ရက်ကက်လေးတမမနှင့် ပြုံးပြုံးကြီး ဟန်ရေးပြနေသည့် ပြိုင်ဘက် အုံးအုံး ကို မြင်ရသည်။ သူမက ခေါင်းငြိမ့်ခေါ်နေသည်။
ကျွန်မဘယ်လို ရှောင်ပြေးနိုင်မလဲ။ကျွန်မအပေါ် အမြဲ အနိုင်ယူ အကြွားပိုသော အုံးအုံးကို အရှုံးမပေးချင်။သူမ တကယ်တော်ပါသည်။ ကျွန်မထက် အလေ့အကျင့်များပါသည်။ကြိုကြားကြိုကြားသာ ကစားနိုင်သည့် ကျွန်မအပေါ် အုံးအုံးခြေဖျားထောက်သည်ကို မကျေနပ်စရာ မရှိပါ။သို့ သော်….
ကြက်တောင်ဖြူဖြူလေး ပျံတက်လာသည်ကိုမြင်ရရင် ကျွန်မမနေနိုင်။ ကစားကွင်းဆီ တည်တည်ငြိမ်ငြိမ်လေး လျှောက်ခဲ့သည်။
ကျွန်မတို့  နှစ်ယောက်တတွဲ ကစားကြသည်။ ရေကုန် ရေခန်းကစားကြသည် လို့ ပင် ပြောရလိမ့်မည်။ လက်ရည်က တူနေသည်။ အဖြေကမပေါ်နိုင်။နောက်ဆုံးတွင်  ရိုက်ချက်ညီနေရာမှ ကျေနပ်အားရစွာ .ပွဲသိမ်းလိုက်ကြသည်။
နောက်ပိုင်းမအေးတဲ့ ကျွန်မက ခပ်သုတ်သုတ်ပြန်ရပါလိမ့်မယ်။စက်ဘီးကို ဆွဲယူ နင်းမယ်ပြင်တော့ စက်ဘီးလက်ကိုင်မှာ ဆင်ထားတဲ့  ဂလိုင်ကလေး  အပေါ်ခြမ်းမရှိတော့။
“ ဟဲ့  သန်းထွန်း ဘဲလ် တခြမ်း နင်ယူထားလား။မြန်မြန်ပြန်တပ် ငါ အရမ်းနောက်ကျနေပီ..”
ရယ်ကြဲကြဲနှင့် သန်းထွန်းက.
” ငါမယူပါဘူးဟာ  “  တဲ့ ။ကောင်းရော..။
“နေ့ လည်က နင် ငါတို့ အခန်းရှေ့ မှာ ကလင်ကလင် လုပ်နေတာ ငါမြင်ပါတယ်  “
“အဲဗျ ..သွားရင်းလာရင်း လက်ကစားမိတာပါဟာ တကယ် ငါမယူပါဘူး။”
“ တကယ် .နင့်ဘုရားစူး “
“ စူးစေ့ “
“ငါသေသာာသေချင်တော့တယ်။ ဖေဖေဆူမှာဟ။ ပြဿနာဘဲ။”
“ဟေုကောင် သန်းထွန်း မနောက်နဲ့ကွာ ပြန်တပ်ပေးလိုက်။သူ့ ဖါးသားကြီးသိရင် မီးတောက်သွားမယ် “ တဲ့ ။ မောင်မောင်က။
အုံးအုံးကတော့ “ကဲဟေ့..နင်တို့ ယူထားရင် ပေးလိုက်ကြ။ မိခိုင်  နင်ကလဲ ရွှေထည်ပစ္စည်းမဟုတ်ဘူး  ။အဖြစ်သဲမနေနဲ့  “တဲ့။
ကျွန်မ ဘာမှ မပြောချင်တော့ပါ။
အိမ်ရောက်တော့ ကျွန်မမြှော်လင့်ထားပြီးဖြစ်တဲ့အတိုင်းမေမေက မေးခွန်းတွေ တသီကြီး ဒလစပ်မေးပါတော့သည်။
ကျွန်မတခွန်းမှ မဟဖြစ်။ဖေဖေလဲ ပြန်ရောက်အလာကြုံကာ .  “ဘာဖြစ်နေကြတာလဲကွာ။ရောက်မယ်မကြံသေးဘူး။ “
“ရှင့်“သမီး အလိမ္မာကလေးလဲ ခုမှ အိမ်ပြန်ရောက်တာလေတော့။ “
“တော်ပါပေ့ကွာ ငါ့နှယ်။ အမောတောင်မဖြေရသေးဘူး။ ကြားရပီ။ ကောင်မလေး..သွား သွား စက်ဘီးကို ပွတ်တိုက် သန့် ရှင်း ပြီး အထဲသွင်း “ဟဲ့  ကယ်ရီယာကြီး စောင်းနေပါလား။ လူတင်လာပြန်ပီထင်တယ် ။ စာအုပ်ဘဲတင်ပါဆိုတာ ဘယ်နှစ်ခါ ပြောရမလဲ မသိဘူး။ ခွေးမ”
ကြည့်စမ်း ..ဂလိုင်တခြမ်း ပါမလာဘူး။ပြုတ်ကျရင် ကျတဲ့ နေရာ ဆင်းကောက်ပါလား။”
“ဟုတ်ဘူးဖေဖေ ..မနက်ဖြန်ပြန်ရမှာ။ သူငယ်ချင်းတယောက် နောက်ထားလို့ ။”
“ဗျာ..နောက်ရအောင် နင်က ကောင်လေးတွေနဲ့  အရောဝင်နေတာကိုး။ “
ခိုင် အပြောမှားသွားပီ။
“နေပါအုံး။ ငါ မေးစရာရှိတယ်။ နင် ကောင်လေးတယောက်နဲ့ ရုပ်ရှင် ကြည့်တယ်ဆို၊ငါကြားပါတယ်။ “
“ကြား လဲ ကြားကြားဘဲ ဖေဖေရယ်။ ဖေဖေမြင်တာမှ မဟုတ်ဘဲ။ ဘယ်အမှန်သိမလဲ။ “
ကျွန်မငြိမ်မနေချင်တော့။ပြန်ခွပ်ချင်သည့် စိတ်ရိုင်းတွေ ၀င်လာသည်။ တကိုယ်လုံးလည်း တုန်လာသည်။မေမေကပါ ၀င်ပြောပြန်သည်။
“ပျံတံတံ နန့် တန့် တန့် လုပ်နေရင် စကြ နောက်ကြ မှာပေါ့ရှင့်။မိန်းခလေးဆိုတာ အိနြေ္ဒနဲ့  သိက္ခာနဲ့ နေတတ်မှ။”
“အမလေး မေမေရယ် ဘယ်သူမှ ပျံနန့်  မနေအားဘူး။ပုံမှန်ဘဲ။ အပေါင်းအသင်းဆိုတာ ရှိရမှာဘဲ။ကျောင်းသားရယ် ကျောင်းသူရယ် မခွဲ ခြားဘူး။ဘဲလ်လေး တခြမ်းနဲ့များ ရွှေထည်ပစ္စည်းကျနေတာဘဲ။”
“အေး ။ ဘဲလ်ကို နှမြောလို့  မဟုတ်ဘူး။ ဘဲလ်တခြမ်းတောင် မထိန်းသိမ်းတတ်ရင် နင့်ကိုယ်နင် ဘယ်လို ထိန်းမလဲ။ ငါပြောချင်တာက အဲဒါဘဲ..ငါရှက်တယ်ကွာ ၊ ငါ့သမီးလို့ တောင် ပြောရမှာ ရှက်တယ်။ “ တဲ့။ “ဒီအရွယ်လေး က မိဘကို အာခံလာပီ။ စက်ဘီးတစင်းနဲ့  ဟိုနေရာရောက် ဒီနေရာရောက် အနှံ့ ဘဲ။” တဲ့ ။”မြင်တဲ့သူတွေအများကြီး၊ သူများတွေပြောတာ နားမဆန့် ဘူး။” တဲ့  ။
“ပြောတဲ့သူက ချဲ့ ကားပြောတာ ဖြစ်မှာပေါ့ ၊ မေမေတို့ က သူများပြောတိုင်းယုံနေတာ”။
“ခွေးမလေး ပြန်မပက်နဲ့ ။မိဘက ဆုံးမနေရင် ဟုတ်ကဲ့ လို့  ငြိမ်နေ
“ဖေဖေတို့ က လွန်တယ်..။   “
“ ဘာ..ဗိုင်းတာမ နရင်းအုပ်လိုက်လို့  သေသွားမယ် “
 ဖေဖေတို့  စကားတွေက ကျွံ လာနေပြီ ထင်သည်။ကျွန်မတကိုယ်လုံး တုန်နေရာမှ တမုဟုတ်ချင်းကြွတက်လာသည်။ဒေါသက အမြင့်ဆုံးသို့  ရောက်လာသည်။ကျွန်မ၏ မာနမီးခဲကို လေပင့်ပေးနေသလား။
“မိဘကွယ်ရာမှာ နေချင်သလို နေ သွားချင်သလို သွား ငါ့မျက်နှာ အိုးမဲ သုတ်နေတာလား ဟေ။”
“ငါ စိတ်ကုန်တယ်” တဲ့
အဲဒါပေါ့ မိန်းခလေးဆိုတာ ဗိုင်းကောင်းကျောက်ဖိ နေတတ်မှ “
“သမီးလဲ ဗိုင်းကောင်းကျောက်ဖိ ပိပိကလေး နေလာတာဘဲ ။ခု ဘာဖြစ်နေလို့ လဲ။”
“တိရိစ္ဆာန်မ ပြောလေ ကဲလေ။ဘာဖြစ်နေနေတယ်ဆိုတာ နင်သိမှာပေါ့။”
 မေမေ့ညီမတွေက ကြားဝင်ပြီး “ဗီဇ ဆိုတာ ဖျောက်လို့ ဘယ်ရမလဲ” လို့ ပြောသည်။ဒါ ဘာကိုရည်ညွှန်းချင်တာလဲ။
စိတ်ရှုပ်စရာပါဘဲ။ “
“သွားစမ်း။ သွား ငါ့ရှေ့ ကထွက် သွားစမ်း။ ငါသတ်မိလိမ့်မယ် “
“သတ်ပစ် ဖေဖေ သတ်ပစ်”     ကျွန်မတအားကြုံးအော်ဟစ်ကာ ပြေးထွက်ခဲ့သည်။အိပ်ယာပေါ် လူးလိမ့် ငိုပစ်လိုက်မှ ပေါ့ပါးသွားသလို ထင်မိပေမဲ့  တကယ်တော့ လူက ပြော့ခွေ ညွှတ်ကျသွားတာဖြစ်သည်။မျက်ရည်တွေ အဆီးအတားမရှိ သွန်ကျလာ၏။
ရက်စက်လိုက်တာ ၊ခွေးမတဲ့။တိရိစ ၦန္မ တဲ့။ ဗိုင်းတာမတဲ့။ ဖေဖေက လေ။ထွက်သွားတဲ့။ ငါ့ရှေ့ က ထွက်သွားတဲ့ ။ သတ်မိလိမ့်မယ် တဲ့။ ဒါ ကျွန်မကို ဒီအိမ်ကနေ မောင်းထုတ်နေတာဘဲ။ မနေဘူး။ပျံတယ် နန့် တယ် ငါရှက်တယ် တဲ့။ဗိုင်းကောင်းကျောက်ဖိ မနေဘူး တဲ့။ စိတ်ကုန်တယ် တဲ့။ဒီလို အချိုးမျိုးနှင့် ကျွန်မ ဒီအိမ်မှာ ဘယ်လို ဆက်ရှင်သန် နေထိုင်ရပါ့မလဲ။ လူကြီးတွေ့ ကျွန်မကို ဒီအိမ်မှာ ဆက်မနေနိုင်အောင် ဒီအိမ်ကြီးနှင့် ဝေးရာ ထွက်သွားချင်အောင် တွန်းအားပေးနေတာဘဲ ထင်သည်။အရွဲ့ တိုက်ချင်စိတ်  အုံကြွလာသည်။ကိုယ်ခန္ဒာထဲက သွေးတွေ ဆူဝေပွက်ထနေသည့်အလား။ အခိုးအငွေ့ တွေ များ လျှံထွက်နေသည့်အလား။
အမှောင်ပျိုးစ ၀ိုးတ၀ါး မှုံတရီကလေးမှာ ကျွန်မ အိမ်က ထွက်ချလာသည်။ သို့ သော် ဦးတည်ချက်က မရှီ။ ဘယ်သွားမှာလဲ၊ဘာလုပ်မှာလဲ ကျွန်မကိုယ်ကျွန်မ မသိ။ လျှောက်ရင်း လှမ်းရင်း ကျွန်မမျက်စိထဲတွင် သူငယ်ချင်း မြမြစန်းကို မြင်လာသည်။ ဟုတ်ပီ။ သူ့ အိမ် မဝေးတော့ဘူး။
ရှေ နည်းနည်းသွားရင် ရောက်ပီ။
“ဟဲ့  ကေခိုင် ..ညကြီးမိုးချုပ်  ဘာဖြစ်လို့ လဲ ..လာ  လာ” 
ကျွန်မလက်ကို ဆွဲယူရင်း  “မျက်နှာလဲ မကောင်းပါလား။ “
သူမ မေးလေ ကျွန်မ ငိုချင်လေ။
“လာ လာ အထဲဝင် ။လူမြင်တယ်။ ဖြည်းဖြည်းပြော ..။အဲ ငါတို့  အပေါ်သွားရအောင် ။ဒီမှာ ဧည့်များတယ်။” တဲ့။
 ကျွန်မတို့  အိမ်ပေါ်ထပ် ရောက်တော့  သူ့ အခန်း သူ့ အိပ်ယာမှာ ကျွန်မလှဲ အိပ်လိုက်တယ်။
ချက်ခြင်းကုန်းထမိပြီး “ ဟဲ့ ..မြစန်း .ဒီမှာ ငါအိပ်လို့ ဖြစ်ပမလား။ ဒီကုတင်ပေါ်။
 လူကြီးတွေက ဘာပြောမလဲ မသိ ။”
“အမလေး ဘာပြောရမှာလဲ  ဘာမှ မပြောဘူး။ သူ့အမေလိုများမှတ်နေလားမသိဘူး လူဘဲ ဘယ်သူအိပ်အိပ် ဘယ်သူထိုင်ထိုင် ရတယ်။”
“ယူ ထမင်းစားပီးပလား။ စားမလား။ “
“ဟင့်အင်း “
“ဒါဖြင့်.. ကော်ဖီခါးခါးလေး တခွက်သောက် “
ကောဖီသောက်ရင်း အကျိုးအကြောင်း ပြောပြတော့ သူမ စိတ်မကောင်းရှာပါ။ ဖြစ်ရလေဟယ် ။ “ဘာမဟုတ်တဲ့ ကိစ္စလေးနဲ့များ ..ယူ့ မိဘတွေက တမျိုးဘဲ ။ ချစ်ပုံကြီးက။ ကြောက်စရာကြီး။ ချစ်တော့ချစ်တာပါ။ရှေးလူကြီးတွေဆိုတော့ ..။”
“ရှေးလူကြီးတွေဆိုပြီး ရှေးဟောင်းကမ္ဘာထဲမှာဘဲ မနေရစ်ခဲ့ရဘူးလေ..။ခေတ်နဲ့ အညီ လိုက်နိုင်ရမှာ ပေါ့ လို့  ။။”
“အေးပေါ့ဟဲ့  ..ဒါတော့ ဒါပေါ့..။ဒါပေမဲ့  ..။ယူကလဲ ယူဘဲလေ။ ဟိုစပ်စပ် ဒီစပ်စပ် လုပ်နေတာကိုး။ ငါ ထုလိုက်မယ်။ “
မြစန်းကျွန်မခေါင်းကို ထုဖို့ ရွယ်သည်။
ပြီးမှ သူမဆက်ပြောသည်။ “ငါကတော့ ငါ့အိမ်မှာ ဗိုလ်ဘဲ။ငါ့ကို ဘသူမှ မငေါက်ရဲပေါင်။ “ “ငါ့သဘော။ငါ့အကြိုက်နေလို့ ရတယ်။ ဖွားဖွားကရော ဖိုးဖိုးကရော  အားလုံးဘဲ ၀ိုင်းအလိုလိုက်တာဟ။”
ဟုတ်ပါတယ်။ သူမဘ၀က ပြည့်စုံလှသည်။မိသားစု ပွင့်လင်းပြီး စိုစိုပြည်ပြည် သိုက်သိုက်ဝန်းဝန်းရှိသည်။ စည်းစည်းလုံးလုံး ရှိကြသည်။
“ဒို့ အိမ်မှာ ယူကြိုက်သလောက်နေ ..စားဖို့  သောက်ဖို့  မပူနဲ့ ။အိပ်ချင်အိပ်..ထိုင်ချင်ထိုင်..။ ပြဿနာမရှိ..။ဟုတ်ပြီနော် ..။”
ဒါပေမဲ့ ..ကျွန်မအိပ်ချိန်ပင် မရလိုက်။ ဖေဖေ ကိုကျော်နှင့် အခြားလူကြီးတယောက် ကျွန်မကို လာခေါ်သွားသည်။ မျက်နှာ စူပုပ်ပုပ်နှင့် ခပ်ကုပ်ကုပ်ကလေး ကျွန်မ ပြန်ပါသွားသည်။ ထွက်သွားဆို လို့  ထွက်သွားသည်ဘဲ။ လွှတ်ထားလိုက်စမ်းပါ။ ဘာ့ကြောင့်များ ပြန်လာခေါ်နေရသလဲ။ ပျ့သန်းလွတ်မြောက်ချင်သူကို ဘာ့ကြောင့်များ ပြန်လည် ထိန်းချုပ် ချီနှောင်ထားချင်ပါသလဲ။ ကမ္ဘာ ဟိုအဝေး အဝေးကို   စကြာဝဠာဟိုဘက် .တံတိုင်းတခုကို ခဏမဆိုင်း ပျံသန်း ကျော်လွှားသွားချင်သည်။ မုန်တိုင်း ဘယ်လောက်ထန်ထန် ၊ ဆီးနှင်းဘယ်လောက်ကျကျ မိုးတိမ် ဘယ်လောက်ထူထူ ၊ မမှု။
လူဆိုသည်မှာ မယုတ်မလွန် သင့်တင့်မျှတတဲ့ လွတ်လပ်ခွင့် ကို ရပိုင်ခွင့်ရှိသည်ဟု ကျွန်မယုံကြည်သည်။ အလွန်အကျွံ ဘောင်ခပ်လာလျှင် ဖေါက်ထွင်းရုန်းထွက်သွားမည်မှာ သေချာသည်။
ပြင်သစ် တွေးခေါ်ပညာရှင် “Resole “က ငါ့အား လွတ်လပ်ခွင့်ကို ပေးလော့။သို့ မဟုတ်လျှင် သေခြင်းကိုသာ ပေးပါ့လော့ ..ဟု ရဲရဲတောက် မိန့် ခွန်းချွေခဲ့ဖူးသည်။
ကျွန်မ ဘာ့ကြောင့် ခြေသုတ်ပုဆိုး မြွေစွယ်ကျိုးလို ..၀ပ်လျိုး ငုံ့ စင်း နေနိုင်ဖို့  ဘာ့ကြောင့်များ မကြိုးစားမိပါလိမ့် ။
ဖေဖေတို့ ကရော…ငါ အဖေ။ ငါအမေ  ငါ့သြဇာခံ ငါခိုင်းတာလုပ်။ ငါဖြူရင်ဖြူ ငါမဲရင်မဲ  ဘာ့ကြောင့်များ ကြပ်မတ် ထိန်းချုပ်ချင်ကြပါလိမ့်။ မတူကွဲ ပြား ခြားနားချက်တွေ  ရှိနေကြပီ ဖြစ်သည်။
ကျွန်မကဘဲ သမိုင်းထဲက Revolution တွေကို အားကျပြီး အနီးရှိလူတွေကို မကျေမနပ် အာခံချင် တော်လှန်ချင်  ပုန်ကန်ချင်ရော့သလား။ မသိနိုင်ပြီ။
ဖေဖေတို့ ပြောစကားတွေက.. ကျွန်မကို ဘယ်လိုမှ  နားဝင်မချို စေနိုင်တော့ပါ။ ပြောသ၍စကားလုံးများက အားလုံးကျွန်မကိုယ်ပေါ် ပစ်ပေါက်နေသည့် ခဲလုံးကလေးများပမာ။ဒါဏ်ရာ ဒါဏ်ချက်တွေသာ ဖြစ်စေပြီ။ ကျွန်မ တကယ်ဘဲ တနုံ့ နုံ့  တမြုံ့ မြုံ့  ခံစားနေရပါ၏။
ကျွန်မကို တိုက်ကြီး၏ အပေါ်ထပ် ဧည့်ခန်းဆီ ခေါ်လာကြသည်။ ရှုသိုးသိုး ပုံဆိုးဆိုး ကိုကျော်က ခွေးခြေတလုံးဆွဲယူလာပြီး ကျွန်မရှေ့ တည့်တည့်မှာ လာထိုင်သည်။
စစ်သုံ့ ပန်းတယောက်ကို မညှာမတာ စစ်ဆေးမေးမြန်းတော့မည့်ဟန် ပေါက်နေသည်။
“ပြောစမ်း ကောင်မလေး ဒါ ဘာအချိုး ချိုးတာလဲ ဘာလုပ်တာလဲ။ “
ကျွန်မပြောရန် စကားမရှိပါ။ ပြောလည်းမပြောချင်ပါ။ သို့သော် ကျွန်မ သူ့ ကို ကြောက်ပါသည်။ သူက နရင်းကိုလည်း အုပ်တတ်သည်။ ခြေဖြင့်လည်းကန်ကျောက်တတ်သည်။ ခေါင်းကိုလည်း ဒေါင်ကနဲ ဒေါင်ကနဲ လက်သံပြောင်ပြောင် ခေါက်တတ်သည်။
“ကောင်မလေး ငါမေးနေတယ်”
ကျွန်မ မလှုပ်။
တုပ်တုပ်ကလေးမျှ မလှုပ်
ကိုယ့်လက်ချောင်းတွေကိုကိုယ် သဲကြီး မဲကြီး ဆုတ်ချေ နေမိသည်။ ဒီတော့ ဖေဖေက “နားကန်းမလေး။ မကြားဖူးလား မေးနေတာ” တဲ့ ။”
ငါ တယ်လေ ..လုပ်လိုက်ရ  သေရော့မယ် ။”
 အံတကြိတ်ကြိတ် ဆိုသည်။  ကျွန်မ မဖြုံပါ။ကိုကျော်က လက်ကြမ်းကြီးဖြင့် ကျွန်မမေးစေ့ကို  ဆွဲမသည်။
 “ကောင်မလေး ငါ့မျက်နှာကို သေသေချာချာ ကြည့်စမ်”း။
ကျွန်မကြည့်ဆို၍ ကြည့်လိုက်သည်။”
“ ငါမေးတာ ကောင်းကောင်းဖြေ.။ပြောစမ်း။ ဘာဖြစ်လို့  ညကြီးမင်းကြီး အိမ်ကထွက်သွားရတာလဲ။ဘာကြံနေတာလဲ ပြော “
ကျွန်မကလည်း အလွန်ပေသည်။ သူက ထပ်ခါ ထပ်ခါ မေးလေ။ ကျွန်မက ထပ်ခါ ထပ်ခါ ရေငုံလေ။ နှမလေးတယောက်ကို တရားခံစစ် စစ်သင့်သလား သူမို့  မစဉ်းစား။
ကျွန်မကြည့်ဆို၍ ကြည့်၏။ ခပ်စိမ်းစိမ်းကြည့်၏။   ဟင်း ..ဘာကောင်ကြီးလဲ ဘီလူးသဘက်ကြီး။ လူကို ခြိမ်းလိုက် ခြောက်လိုက် ။စိတ်ထဲကပြောနေတာ။  လူကို ကြီးနိုင်ငယ်ညှင်း ပြုတော့မဲ့ဟန်။ အမဲဖျက်မဲ့ဟန်။စားတော့ ၀ါးတော့မဲ့ဟန်။
ကြည့်နေရင်းက ကျွန်မ ရယ်ချင်လာသည် ။ ဘာ့ကြောင့်များ ဒီမျှ ဟိန်းဟောက်နေချင်ရသလဲ။ လိုအပ်ပါရဲ့ လား။ သူ့ ကို ကြည့်ရင်း ကြည့်ရင်းက .
ကျွန်မဘယ်လို ဖြစ်တယ် မသိ ၊ ခွီးကနဲ ရယ်မိသွားသည်။ အူထဲကကို အလိပ်လိပ်တက် တက်လာသည့် ရယ်ချင်စိတ်ကို ထိန်းမရ။ အားရ ပါးရ တ၀ကြီး   ရယ်ချလိုက်သည်။
မိခိုင် ရူးသွားပီ နေမှာ..။
ဒါပေမဲ့  သည်မှာတင် ဒေါ်သဲ ဒေါ်ကဲ တို့  ညီအမ နှစ်ဖေါ် ဘာတွေ တွတ်ထိုးနေသလဲ မသိ ။ကို ကျော့်နားထဲလည်း  စကားသွားထည့်သည်။ နားစွန် နားဖျားကြားလိုက်ရသည်က “ အမှားအယွင်း  “ ဆိုသည့်စကားနှင့် .”.အပမှီ “ ဆိုသည့်စကား ပါဘဲ
အား ဟုတ်ပီ။ အကြံရပီ။ ကျွန်မ၏ ဦးနှောက်တွင်း ၀င်းကနဲလျှပ်တပြက် အရောင်လက်သွားခဲ့၏။ သူတို့ မေးသော မေးခွန်းကို သူတို့ ကျေနပ်အောင်ပေးဖို့ ကျွန်မတွင် အဆင်သင့်ရှိနေပါပြီ။ ကျွန်မအရွယ် ကျွန်မအသိ ဖြင့် အကောင်းဆုံး ဇတ်ကွက်ဇတ်လမ်းတပုဒ် ကျွန်မ ဖန်တီးတင်ဆက်နိုင်တော့မည်။ ဒါသည် စွန့် စားခန်းတမျိုးလည်း ဖြစ်ပေလိမ့်မည်။
“ဟေ..့ ဟေ့ ဘာအပမှီရမလဲ ဟင်း..ငါ့ကို မရိုမသေ။  နင်တို့  ဘာထင်နေသလဲ ဟေ.။ဟား ဟား “
ကျွန်မ အော်၍  အော်၍ ရယ်သည်။ ရယ်ရင်းမောလာသဖြင့် ကိုယ်ကို ရှေ့ ထိုးနောက်ငင် ယိမ်းလိုက်။ ဘေးတိုက်အသာအယာ ယိမ်းလိုက် နှင့် ဟီ ဟီ ..ဟီဟီ နှင့်သာ နတ်ဝင်သည်လို ဟန်လုပ်နေသည်။
သည်တွင် ကိုကျော် ၀ုန်းကနဲ ခုန်ထလိုက်ရင်း “အောင်မာ..ဘာလဲဟ။ ဒါ ။ နင် ဘယ်သူလဲ ပြော။ ငါ ဖိုးမင်းခေါင်တပည့်  မေးနေတယ်  ကောင်းကောင်းဖြေ။ ငါအမိန့် ပေးနေတယ် နော်  “
ဟုတ်ကဲ့။
ကျွန်မသိပါသည်။သူပြောတာမှန်ပါတယ်.။ သူ မကြာခဏ ဓါတ်စီးသည်။ ဖိုးမင်းခေါင်ဖြစ်လိုက်။ မြင်းဖြူရှင်ဖြစ်လိုက်၊ ကျွန်မက အဲဒါတွေ စိတ်မ၀င်စား။ယုံသင့် မယုံသင့် မတွေး။ ဒေါ်သဲ ဒေါ်ကဲ တို့  ကတော့ မြင်းဖြူရှင်များဝင်လျှင် မြင်းခွာသံတောင်  တခွပ်ခွပ် ကြားသတဲ့။ 
သူက..
“ကြည့်စမ်း။ ပြောလေ..၊ နင်ဘသူလဲ ဘာ့ကြောင့်  နှောင့်ယှက်ရတာလဲ မှန်မှန်ပြော..။ “
ကျွန်မက..
“မသိဘူးလားဟဲ့။ မယ်တော်ကြီးကို  ..နင်တို့ တော့နော် ..။ငါ့ကို ဘသူ အမိန့် ပေးဝံ့သတုံး ဟဲ့ “
ကျွနိမ နေရာမှ ခုန်ထရင်း အော်လိုက်သည်။ပြီးတော့ ကျွန်မ ဦးခေါင်းကို လက်နှင့်ဖိကာ ယိမ်းယိုင်သလို ဟန်ပြင်မိတော့ ..ဖေဖေနှင့် မေမေ က ၀ိုင်းချုပ်ပြီး မေမေက ဘုရားစင်က သောက်တော်ရေကို ပါးစပ်အတွင်းလောင်းထည့်ခြင်း စိတ်ပုတီးတကုံးလည်မှာဆွဲပေးခြင်း။ ဘုရားဂုဏ်တော်များ ရွတ်ဆိုခြင်းဖြင့် ကျွန်မကို ငြိမ်သက်စေပါသည်။ ဒီတော့မှ ကျွန်မလည်း ရီဝေရီဝေဖြင့် အလိုက်သင့် ငြိမ်သက်အေးဆေးဟန်ပြုရတော့သည်။
သူတို့ အားလုံး ကျွန်မကို ဆံပင်များ ဖြန့်ချ ပေးခြင်း။ ယပ်ခပ်ပေးခြင်း။ချွေးစေးများပွတ်တိုက် သန့်  စင်ပေးခြင်း။ ပြုလုပ်ပေးကြသည်။ ရှူဆေးလည်း နှာဝတွင် ကပ်ပေးကြသည်။ ဒီတော့လဲ ကျွန်မငိုချင်လာသည်။တကယ်တော့ကျွန်မ စိတ်ရော လူရော အလွန်ပင်ပန်းနေခဲ့ပါပြီ။ လူမှာလည်း ပျော့ခွေ နွမ်းလျလာသည်။ သူတို့ ကျွန်မကို ၀ိုင်းတွဲ ချီမကာ အိပ်ယာထက်သို့  ပို့ ပေးသည်တွင် ကျွန်မလည်းမျက်လုံးအမှေးသားနှင့် အိပ်ချင်ဟန်ဆောင်နေခဲ့သည်။
ဒီလို  အခြေအနေမျိုးမှာပင် ကိုကျော်က မလျော့သေး။မေးမြန်းချင်နေသေး၏။
”  မိခိုင် သတိရပလား။ ရရင် ငါ့ကိုပြောပါဦး”တဲ့။
ဖေဖေနှင့် မေမေတို့ ကတော့
“နားပါစေကွာ အေးအေးသက်သာ နောက်မှမေးပါ “တဲ့။
ဒါပေမဲ့  ကျွန်မ ဖြေချင်ပါသည်။ ဇတ်ကွက်ကို ဇတ်ရည်လည်အောင် အဆုံးသတ်ချင်ပါသေးသည်။
“ကျွန်မ ..ကျွန်မ ..အင်း..အင်း….ဟို…အသံတခုက .လေ..ခေါ်တယ်..။”
“ဘယ်လိုခေါ်လဲ”
“လာ  လာ  လိုက်ခဲ့ ။ လိုက်ခဲ့ ”တဲ့။
ကျွန်မနားလိုက်သည်။ အားလုံး စိတ်ဝင်တစားငြိမ်သက်နေကြသည်။သူတို့ အားလုံ ကျွန်မထွင်ခဲ့တဲ့ ဇတ်အိမ်ထဲမှာ နစ်မြုပ်နေကြတယ်။ ကျွန်မ ခန္ဒာကိုယ်ကို ..အနွမ်းနယ်ဆုံး အပျော့ခွေဆုံး လျော့ချလိုက်ပြီး  မျက်ခွန်တွေ လေးလံစေကာ ဖွဖွပိတ်လိုက်ရင်းက  အိပ်ပျော်စေပါသည်။
“ဒီမှာ ဟိုအိမ်က ဘာတွေ ကြွေးသေးသလဲ ။မှတ်မိလား မိခိုင် “
“လက္ဘက်   “ (တကယ်တော့ လက္ဘက်မကြွေးပါ)
ကျွန်မ လုံးဝအိပ်ပျော်ခြင်းသို့  မရောက်မှီ ကြားလိုက်ရသည်က “ လက္ဘက်ထဲ ဆေးခပ်ထားမှာပေါ့ ”တဲ့။
တယောက်က ရွာသူ နှောင့်ယှက်တာ တဲ့။ “ငါစောစောကသိတယ်။  ကောင်မမျက်စိတွေက အကြည့်ရဲပေမဲ့  ငါတို့ ကြည့်ရင် မျက်နှာလွဲ သွားတယ်။ အကြည့် မခံရဲဘူးအေ့။ မျက်ထောင့်ကနီတယ် ဖနောင့်ကလဲ တိုတယ်။ စုံးပါအေ။ နေ၀င်မိုးချုပ်ဆို သူတို က့ တောက်စားတယ်။ မြူးတယ် ။
ဟုတ်ပတော်။ ငါက အိမ်လာတာမကြိုက်မှန်းသိလို့   မကျေနပ်လို့  ပြုစားတာနေမှာ။”
ဟောတော့။ သွားပါပြီ။ ကျွန်မ သရုပ်ဆောင်ကောင်းလိုက်ပုံများ သူငယ်ချင်း မြစန်း စုံးမလုံးလုံး ဖြစ်ရှာပါပကော။ သူတို့ ကပြောသေးသည်။ ရွာသူ တဲ့ ။ လူတွေနှင့်ရော နေတာတဲ့။ အော်…
“ဟိနော ယုတ်သော၊ ဂါမ္ဘော ရွာသူတို့ ၏ ဓလေ့ဖြစ်သော၊ ပေါထုဇ္ဇနိကော ပုထုဇဉ်တို့ ၏ အလေ့အကျက်ဖြစ်သော၊အနရိယော အရိယာတို့  ဥစ္စာမဟုတ်သော၊ အနတ္တသံဟိတော စီးပွားချမ်းသာကြောင်းနှင့် မစပ်သော၊ သူတထူးလည်း အကျိုးမရှိ မိမိလည်း အကျို;မရှိ သော စကားပေါ့ စကားဖျင်း တွေကို ဘာ့ကြောင့်များ မြိန်ရေ ယှက်ရေ ပြောချင်ကြပါလိမ့်။”
အော်..ကျွန်မတို့  လူသားများသည် တကယ်တမ်းပြောကြရင် လူ့ ဘ၀ဇတ်ခုံကြီးပေါ်တွင် တယောက်တမျိုး မရိုးနိုင်အောင် အဆင်ပြေသလို ဇတ်ကွက်ဇတ်လမ်းများ ကိုယ်တိုင် ဖန်တီး ထုတ်လုပ်တင်ဆက် နေကြရသည့် ဇတ်သူ ဇတ်သားတွေဘဲ မဟုတ်ပါလား။
All the World’s a stage,
And the Men and Women merely players:
They have their exits and  their entrances;
And one man in his time plays many parts,
His acts being seven ages.
                William Shakespeare
၂၀။
အဇ္ဇအဒိံကတွာ ယနေ့ မှစ၍ ၊အဟံ အကျွန်ုပ်သည် ၊အတ္တာနံ မိမိကိုယ်ကို ၊ဗုဒ္မဿ မြတ်စွာဘုရားအား၊နိယျာဒေးမိ လှူဒါန်းပါ၏။
ဇီဝိတပရိယန္တိကံ  အသက်ထက်ဆုံး၊ ဗုဒ္မာနံ မြတ်စွာဘုရားအား၊သရဏံ ကိုးကွယ်ရာဟု ၊ဂစ္ဆာမိ ဆည်းကပ်ပါ၏။
ကျွန်မကံနိမ့်သဖြင့် မကောင်းဆိုးဝါး စွဲကပ်သည်ဟု လူကြီးတွေက သရဏံဂုဏ်ထပ်မံတည်စေခဲ့ပြီးနောက် ကျွန်မလည်း အချိန်မှန်မှန် စာကျက်၊ ကျောင်းမှန်မှန်တက်ရင်း လွတ်လပ်ရေးနေ့ ၊ပြည်ထောင်စုနေ့  ။အာဇာနည်နေ့  စသည်တို့ တွင် ကျဘမ်းစကားပြောပွဲ စကားရည်လုပွဲ ၀တ္ထုတိုပြိုင်ပွဲ တို့ မှာ ပါဝင်ဆင်နွဲဖို့  အချက်အလက်ဖွေရှာခြင်း နေရသည်နှင့် မအားလပ်နိုင်တော့ပါ။
ကျွန်မ၏ကိုကို ကလည်း ငြိမ်ချက်သားကောင်းနေပါသည်။ မိန်းခလေးဖြစ်သူ မိခိုင်မှာတော့ ကဗျာတွေ စာတွေ ရေးပြီး တော့သာ လွမ်းနေရုံဘဲ တတ်နိုင်တော့သည်လေ။
“မြင်ပါလှည့်”
ငှက်ဇင်ယော် ဖေါ်နှစ်ဦးရယ်က၊
ယှက်တင်ပျော် ကျော်တကျူးပေမို့ ၊
မေရူးချင်ပေါ့ မိုးနတ်ရှင်။
ဟိုတောင်တန်းရယ်က ၊
မှောင်သန်းကာ ပြာရီလဲ့ပါလို့ ၊
ဖြည်းလေပြေ ဆော်တငြိမ့်ရယ်နှင့်
ချမ်းစိမ့်လှအင်။
ရွှေညာသူ မောင့်ကို လွမ်းပါဘိ ၊
ငွေလွှာဖြူ စောင့်ကြို မှန်းသော်လဲ ၊
စခန်းက ဝေးသရှင် ၊
ပြေးမြင်လှဲ့ ပါတော့ မေ့ချစ်ဦး။
ညနေဆီ ရွှေမိုးမှုံတရီမို့  ၊
မရွှင်ကြည် မောင့်ကိုလွမ်းပါလို့  ၊
ခင်မဒီ သဲတွေကျွမ်းရချည့်၊
မှန်းဆရည်စူး။     ။
မြ၀တီမဂ္ဂဇင်း မှာ ကိုကိုဖတ်ဖို့  ဖေါ်ပြပေးပါလိမ့်မယ်။
“ကိုကိုရယ်…”
.ခိုင့်ကို ကိုကိုချစ်တာ သေချာရဲ့လား။ ကိုကိုဟာလေ၊  နှစ်ရှည် စီမံကိန်းကြီးတွေချ။ မက်လုံးတွေပေးပြီး ကြိုးရှည်ရှည် လှန်ထားတာပေါ့လေ။ မက်ထရစ်တန်းချာတိတ်မလေးက အင်းယားသူ မမကို ဘယ်မှာ ယှဉ်နိုင်ပါ့မလဲ။ ကဲပါ ကိုကို ရယ် ..။ကိုကို့ အချစ်ဟာ ခိုင်လား။ အမ မြကြည်လား၊  ခိုင်ဆိုတာ သေချာရင် ..ခိုင့်ကို ဒီအိမ်ကြီးနဲ့ ဝေးရာ ခေါ်သွားပေးပါ။ ခိုင့်ကို နားလည်ပေးပါကိုကိုရယ် ။ ခိုင့်ကို ဒီအိမ်ကြီးထဲကနေ ကယ်ထုတ်ပေးပါ။
မောင့်အပြုံးကို၊ မဆုံးရှုမြင်၊ ကြည့်နေချင်၏။
မောင့်အကျိုးကို၊ သည်ပိုးရွက်ဆင် ၊နေလိုက်ချင်၏၊
အော်ဘယ်တွင် ဆန္ဒ ပြည့်ပါလိမ့်။     ။
မျှော်လင့် စောင့်စားလျှက်  ..
ချစ်တဲ့ ခိုင် ..
ဆောင်းမပီ မိုးမမည်သည့် ကာလသည် အိုက်စပ်ပူလောင်နေတတ်သည်။ အလုံပိတ်ထားသော ပြတင်းတံခါးများကြောင့်လည်း လတ်ဆတ်သောလေစိမ်းက ဆော်သွင်းဝင်ရောက်နိုင်ခြင်းမရှိပေ။ သန်းခေါင်ယံညလေပြေရနံ့ ကို ရှူရှိုက်ဖို့   ကျွန်မ စာကြည့်ခန်းမှ ၀ရံတာဘက် ထွက်လိုက်သည်။အေးမြသော လေပြေလေညှင်းကလေးနှင့် ထိတွေ့ သွားသည်။
အပါး..။ကြည်နူးစရာ ကောင်းလိုက်တာ။ ချစ်စရာကောင်းသော ၀ရံတာလေး ရှိပေ၍သာ တော်တော့သည်။မဟုတ်ရင် ကျွန်မ မွန်းကြပ်တာနှင့် သေလိမ့်မည်ထင်သည်။
တိတ်ဆိတ်သောည၏အလှသည် ရင်ခုန်စရာများလား။ဟို အဝေးကောင်းကင်ပြင်မှာ ငွေကြယ်ပွင့်တွေ ခြံရံထားတဲ့ လမင်းကြီးက ရွှန်းလဲ့ တောက်ပလို့ နေသည်။ခိုင့်ကို လွမ်းစေ ကျွမ်းစေအောင် ညှို့  ယူဖမ်းစားနေရော့လား။ “ ခင်နှင်းယု “ ၏ “မွှေး‘ ကတော့ ကံကောင်းလှသည်။ လရောင်အောက်မှာ ချစ်တဲ့သူနှင့် ဆုံဆည်းခွင့်ရ သတဲ့။ ခိုင့်မှာဖြင့် မျက်နှာချင်း လမင်းမှာ ဆုံဖို့ ပင် မလွယ်ပါလားကွယ်။  
“အဇဋ္ဌာ ကောင်း ..ကင်.. မှိုင်း မှိုင်း ရီမှောင် ..ညိုရောင် မြူမင် .. နီလာ ရောင် လွှမ်း တိမ်နန်း ..ရစ်သန်းယှက်ခွေ..သာယာနိုင် အား..ရက်ပေ..၊ညမှောင် ချွေ ..လရောင်..ဖြာဝေ..သော်တာ မောင်ရေ…ကြယ်တွေ ရွေပေါင်း ရံခနေ..ဘယ် အတွက်ကယ် ရှောင် .သွေ ..နေနိုင် အားရက်ပေ..မယ့်မှာ တကိုယ်ရေ...တွေးလေ..ဆွေးမပြေ  ပုဏ္ဏမာ ..ယုန် ငွေပွင့်ရေ..ဖေါ် မဲ့ သူအား…ကူညီပါလား…ဆွေ….”
“ ဒေါက် “
ကျွန်မ၏ အတွေးမျှင်များကို ဘယ်အရာက ဖြတ်တောက်ပြစ်လိုက်သနည်း။
ကျွန်မခြေထောက်နားကျလာသည့် အရာဝတ္ထု တခု။
ကျွန်မ ကောက်ယူကြည့်လိုက်သည်။ ကျောက်ခဲတလုံးထည့်သွင်းပြစ်တင်လိုက်သည့် စာတစောင်။
ဘယ်သူပါလိမ့်။
ကျွန်မ၀ရံတာအောက် ငုံ့ ကြည့်လိုက်စဉ်  မီးရောင်မှိန်ပျပျကိုပင်  မှောင်ရိပ်ခိုပုန်းနေသူ တဦး 
ရိုးတိုးရိတ်မြင်နေရသည်။
စည်းရိုးတခုသာ ခြားထားသော တောင်ဘက် ခေါင်းရင်းအိမ်မှ ၀န်ထောက်ကတော်ကြီး၏ သားဆိုသူ ဖြစ်နိုင်ပေသည်။  မကြာခဏ သူ့ သားဆရာဝန် မိန်းမတွေနှင့် ပွေလွန်း၍ စိတ်မချနိုင်ကြောင်း မိမိတို့  နှင့်အဆင့်တူ ၀န်ထောက်တဦးသမီးနှင့် ပေးစားရန်ကမ်းလှမ်းထားကြောင်း တိုက်ဖွိုက်ဖြစ် ပြီး စ အနားယူရန်ရောက်လာကြောင်းစသည်  အာကျယ်စွာကျယ် ပြောတတ်ပြန်  အိမ်ချင်းကလည်းကပ်နေပြန် ဆိုတော့  မကြားချင်အဆုံးပါ။  ခြေစုတ်လက်ပြတ်ခံပြီး သူတို့ မောင်နှမ ငါးယောက်ကို ကြွေးမွေးခဲ့ရသည်ဆိုတာက လက်သုံးစကားပါ။ သား သားနှင့် ပြောနေပေမဲ့လဲ သားအရင်းတော့မဟုတ်နိုင်တာ သေချာသည်။
လူက ရှိုးတော့အများသား။ပုလိပ်လိုလို ဘောင်းဘီတို ၀တ် လမ်းသလားပြတတ်သည်။ သူ့ အိမ်ကနေ  Pearl Bar ကစားပြ ကင်းမြီးကောက်ထောင်ပြ နှင့်  မကြည့်ချင် မြင်ရက်သား။မိန်းမသံနှင့် ကနွဲ့ ကရ သီချင်းဆိုလားဆိုရဲ့။ ဆရာကလဲ လုပ်တတ်သေးရဲ့ ။ကျွန်မတို့ အိမ်ကို အကြောင်းမရှိ အကြောင်းရှာကာ စက်ဘီးလေထိုးတံ လာငှားလိုငှား လုပ်တတ်ရဲ့ ။
 တခါက ကျွန်မ ခုလို စာကျက်အပြီး ၀ရံတာဘက် ထွက်လေညှင်းအခံ  သူက စကားလှမ်းပြောသည်။eye sore ဆိုတာ မျက်စိစပါးမွှေးစူးတာမဟုတ်ဘူး တဲ့ ။ အမြင်ကပ်တာတဲ့။ ရှာလာရှည်သည်။
ဘာမဆိုင် ညာမဆိုင် ဆရာလာလုပ်နေသူကမှ အမြင်ကပ်စရာကောင်းနေတာ ။
ဘာဘဲဖြစ်ဖြစ် ကျောက်ခဲနှင့်တောင်ပြစ်ပေါက်ပေးရအောင် ဘာအကြောင်းများလဲ ဆိုတာ ကျွန်မသိပါသည်။
စာထဲမှာတော့ .. ထုံးစံအတိုင်းဘဲ။ လာပြန်ပြီ။
 ညီမလေးတယောက်လို မြင်မြင်ချင်း ခင်မင်သွားသတဲ့။ ကိုကိုကလည်း ညီမလေး ညီမလေးနှင့် စခဲ့တာပါဘဲ။ ရယ်စရာတော့ အကောင်းသား။ အကို အရင်းခေါက်ခေါက်တွေက ချစ်ရ ခင်ရမှန်းမသိ။ သူတို့ ဘဲ မြင်မြင်ချင်း ချစ်တတ်နေသည်။ရှာအရိုးမရှိတဲ့ ငဖြီးတွေ။
နောက်တပတ်လောက်အကြာမှာတော့ ကျွန်မ တောင်ဘက်ခြံစည်းရိုးနားကပ်စိုက်ထားတဲ့  ဇွန်ပန်းရုံက ပန်းတွေ ခူးနေစဉ် တောင်ဘက်အိမ်မှ ၁၂နှစ်သားတယောက် စာတစောင်လှမ်းပေးသည်။
ဘယ်သူမှ မမြင်၍ တော်ပါသေး၏။
စာမှာ  တွေ့ ဆုံကြုံကွဲ ဆိုတာ ဓမ္မတာမို့  ခုလို သံယောဇဉ်တွယ်ပြီးမှ ခွဲခွာသွားရတာ သူစိတ်မကောင်းဘူးတဲ့။ သင်္ဘောစီးပြီး တယောက်ထဲ ပြန်သွားရတော့ ညီမလေးကို လွမ်းဆွတ်တသမိတယ် တဲ့။ လှပတဲ့ ရှုခင်းတွေလဲ  ညီမလေးကို ပြချင်မိတယ် တဲ့။
ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ သင်္ဘော ဆိုတာနှင့် ကျွန်မစိတ်ဝင်စားသွားသည်။သင်္ဘောခုတ်မောင်းနေခိုက် နောက်ယက်များက ရေလွှာကိုခွဲ လိုက်စဉ် ဖြာထွက်သွားသည့် ရေမှုံ ရေမွှားလေးတွေ ကိုမြင်ရတာ ပျော်ဖို့ ကောင်းသည်။အရမ်းကြည်နူးစရာပါ။
ကျွန်မသူငယ်ချင်းများနှင့် တခါက ကမ်းနားလမ်း ကို  သွားလည်ဖူးသည်။ဆိုက်ကပ်ထားသော သင်္ဘောများပေါ် တက်ဆော့ရင်း သင်္ဘောခိုးစီးရအောင် ဟု နောက်ခဲ့ကြဖူးသည်။
ပထမ စာက ကျွန်မကို ဘယ်လိုမှ သွေးဆောင်ဖြားယောင်းနိုင်ခြင်းမရှိ လို့  ဆိုနိုင်ပေမဲ့ ခု ဒုတိယစာမှာတော့ သင်္ဘောဆိုတာက..ကျွန်မကိုစိတ်ဝင်စားအောင် ညှို့ယူခဲ့သည်လို့  ထင်မိတယ်။။
ကျွန်မ သူ့ ကို နည်းနည်း အထင်ကြီးလာမိသည် ဆိုရပါမည်။
ကိုကို့ ထံမှ စာကို လည်ပင်းကိုးတောင်ပြည့် မျှော်ပါသော်လဲ .”.သံယောဇဉ်ဖြစ်ပြီးမှ ခွဲခွာသွားရတော့ စိတ်မကောင်ဘူး ညီမလေးကို လွမ်းဆွတ်တသမိတယ် “ဆိုသည့် စကားကြောင့် သူ့ အပေါ် ကြွေ သွားသည်ကိုမူ ကျွန်မ ရှက်ရှက်နှင့်ံ ၀န်ခံချင်ပါသည်။
ထို့ ပြင် ..ကျွန်မ သူ့ထံ မယုတ်မလွန် စာတစောင်ပြန်ကြားခဲ့သည်ကိုလည်း ၀န်ခံရပါအုံးမည်။
စာလွှာဖွေးဖွေး သ၀ဏ်လေး၊မနှေးရရှိရာ၊
ဘာများပါလိမ့် သဲထိတ်ထိတ် ရှုစိမ့်သောအခါ။
တမိတည်းဖွား။နှမအလား၊မခြားချစ်လို့ ပါ။
မိတ်ဆက်စာလွှာ တုံ့ ပြန်ပါ၊ စိတ်မှာ သန့် ရှင်းစွာ၊
ကြောင်းကျိုးစုံလင် ၊သိပြီရှင်၊ မေ့တွင် ပီတိဖြာ၊
တုံ့ ပြန်ချစ်ရေး၊ ကျွန်မပေး ။မနှေးခင်မင်စွာ။  လို့ မှတ်တမ်းတခုအနေနဲ့  ဒီကဗျာလေးကို ရေးလိုက်တယ်။
တနေ့  ကျွန်မကျောင်းမှ အပြန် ကျွန်မစာကြည့်စားပွဲ မှာ ခြေရာ လက်ရာ တွေ ပျက်နေသည်။ ဧကန္တ
ကိုကျော်တယောက်ဝင်မွှေပြန်ပြီထင်၏။ သေချုာပါတယ်။ ကျွန်မ ဖေးဖရိတ်အဖြစ်ဆုံး အော်တို ဂရပ်ဖ် စာအုပ်ကလေး စုတ်ပြဲလို့ နေသည်။ စာရေးသားထားသည့် စာမျက်နှာအားလုံးကို ဆုတ်ဖြဲ ချေမွ ထားတာပါ။ ကျွန်မတို့ သူငယ်ချင်း ကျောင်းသူကျောင်းသားတွေ နောင်တနေ့  ခွဲခွာသွားကြရင် အမှတ်တရ ရှိစေဖို့  စိတ်ကူးရသလိုရေးသီချယ်မှုံးပေးတဲ့စာတွေပါ။
ဘာသဘောလဲ ဘာ့ကြောင့်လဲ မေးရန်မလို။ ဒါ ကျွန်မကို သက်သက် အနိုင်ကျင့် ဗိုလ်ကျတာဘဲ ဖြစ်သည်။မုန်းတယ် သိပ်ကို မှ မုန်းတာဘဲ ။ ဖေဖေ မေမေကိုတိုင်ရင်လည်းကျွန်မကိုဘဲ ငေါက်မှာ။  သူတို့ ယောက်ျာားလေးများမှာတော့ ပန်တော်ဦးလက်ရေးမဂ္ဂဇင်းဆိုပြီး အချစ်အကြောင်းတွေတအုပ်လုံး အမျိုးမျိုး အသားပေးထုံမွှန်းရေးသားခွင့် ရကြသည်။ကျွန်မ က အော်တို စာအုပ်ကလေးတောင် ထားခွင့် မရှိဘူးတဲ့လား။
 ဒီကိစ္စ ကျွန်မ မှာ အပြစ်ရှိတာ သေချာရဲ့လား ရှိရင် ဘယ်ခုံရုံးမှာ စွဲချက်တင်မလဲ ။ကျွန်မမေးချင်သည်။
ပန်းချီ ၀ါသနာရှင်တွေက ဆေးအကုန်ခံ အချိန်ကုန်ခံ လက်အညောင်းခံ ရေးချယ်ပေးထားသည့် နှင်းဆီရောင်စုံပုံများ။ ငှက်ပုံ ကလေးများ၊ ရှုခင်းအလှ ပုံကလေးများ။ နွဲ့နောင်း သွဲ့ ပျောင်း ဖွဲ့ နွဲ့  ရေးသီကြသည့် စာပန်းချီများ။  တချို့ က ဘ၀နေထိုင်နည်းတွေ ဆရာလုပ် ပေးထားးကြသည်။ သွားပြီ။အားလုံးကုန်ပြီ။သစ်လွင်စာစောင်တုံးက အစားပြန်ရပေမဲ့  ခုကျွန်မ အော်တို စာအုပ်ကလေးက  ဘယ်လို အစားပြန်ရနိုင်မလဲ။  ကဗျာတို စကလေးတွေ လဲ ရေးဖွဲ့ ပြီး အလွမ်းသယ်သူကသယ်ထားသည်။ ဒါတွေဟာ ကျွန်မကျူးလွန်တဲ့ ပြစ်မှုတွေလား။ မေးချင်သည်။ရောင်စုံ စက္ကူကလေးများအစိပ်စိပ်အမွှာမွှာ ကြေမွသွားသလို ကျွန်မအသည်းတွေပါ ကြေမွကုန်ပြီဟု ခံစားလိုက်ရပါသည်။
ချစ်တဲ့ခိုင်ရေ…
ခိုင့်စာတွေ ကိုကို ရပါတယ်ကွယ်။ ကိုကို့ စာ ခိုင်မရဘူးတဲ့လား ။ ဟုတ်မှာပေါ့ဗျာ။ ခိုင့်သူငယ်ချင်းခင်ဦးက တောပြန်သွားတယ်ဆို။ကျောင်းလိပ်စာလဲ သုံးမရ အိမ်လိပ်စာဆို ဝေးလာဝေး။ခု.စာတောင် ကိုကို့ သူငယ်ချင်းကတဆင့် ပါးရတာပါဗျာ။ကိုကို ပြောပကောကွယ် ။ဘာအကြောင်းနဲ့ မှ  ကိုကိုတို့ ကို မဖျက်နိုင်ပါဘူး။ လို့ ။အနေဝေးချင်ဝေးမယ်။ စာဝေးရင်ဝေးမယ်။ အချစ်က မဝေးနိုင်ပါဘူးကွယ်။
ခိုင် အိမ်နဲ့ စိတ်ကောက်ပြီး မြမြစန်းတို့ အိမ် ထွက်ပြေးလာတယ်ဆို။သူ့ အမ ပြောတယ်။
မိုက်ပါဘိ ကလေးရယ်။မိဘရင်ခွင်လောက် အေးမြတဲ့နေရာရှာမတွေ့ နိုင်ဘူးဆိုတာ ကိုကိုပြောထားရက်နဲ့ ။
 ခိုင့်စိတ်ကို လျောချလိုက်။စာတခုတည်း အာရုံထား။ခိုင်တနေ့  တက္ကသိုလ်ကျောင်းသူကြိးဖြစ်ရမယ်လေ။ မဝေးတော့ပါဘူး ကလေးရယ်။အားတင်းစမ်းပါ။
အော် ကိုကိုက ကလေး ကလေး ခေါ်နေလို့  ကလေးဆန်ပြတာထင်တယ်။ လူကြီးစိတ်မွေးတော့ ခိုင်ရယ်။
ကိုကိုကလေ..ညီမလေးကို တန်ဘိုးထားမြတ်နိုးတယ်ဆိုတာ ထပ်လောင်းပြောပါရစေ။ကိုကို မနမ်းရက်တဲ့ပန်း ကိုကို မချွေရက်တဲ့ပန်း။ကိုကိုမထိရက်တဲ့ပန်း အမြဲ လန်းဆန်းနေစေချင်ပါတယ်။
အချိန်မတန်ခင် မနွမ်းစေချင်ပါဘူး။  ခိုင်သဘောပေါက်ပါတယ်နော်။
Every things come   to him who waits.တဲ့ကွ။ ဘယ်အရာမဆို အချိန်အခါနဲ့ အခြေအနေကို စောင့်နိုင်လေ ကောင်းလေဘဲ။
ခိုင်တက္ကသိုလ်ရောက်တဲ့နေ့ ဟာ ခိုင်လွတ်လပ်ရေးရတဲ့နေ့ အချုပ်အနှောင်ကလွတ်ကင်းတဲ့နေ့ဆိုတာ စွဲစွဲမြဲမြဲ မှတ်ထားလိုက်။ ဟုတ်ပြီနော်။
တခြားဘာတွေမှ မစဉ်းစားနဲ့ ။
မြမြကြည်နဲ့ ပတ်သက်လို့  တက္ကသိုလ်နှစ်လည်မဂ္ဂဇင်းအတွက် တာဝန်ရှီတဲ့   အမှုဆောင်တွေ ပူးတွဲ လှုပ်ရှားကြတယ်ဆိုတာကလွဲလို့  ကိုကို့  မှာ ပြောစရာ စကားမရှိပါ။
မြကျွန်းညိုညို တက္ကသိုလ်မှာ ကွန်းခိုနားနေရမဲ့နေ့ ကို မျှော်တွေးစဉ်းစားရင်း လာမဲ့  တက္ကသိုလ်ဝင်စာမေးပွဲ မှာ အကောင်းဆုံးဖြေဆိုနိုင်အောင် ကြိုးစားပါလို့  ကိုကိုပြောချင်တယ်။ ခိုင်စာမေးပွဲ အောင်တဲ့နေ့ ဟာ ကိုကိုနဲ့  တူတူဆုံတွေ့ ရမဲ့ နေ့ လို့  မှတ်ထားလိုက်။
စိန်ပန်းနီနီ လမ်းနီနီ ကလေးမှာ တူတူလျှောက်လှမ်းရမဲ့ နေ့ လို့  ယုံကြည်ထားလိုက်။
ဟုတ်ပြီနော်။
အချစ်များစွာဖြင့် ..
ချစ်တဲ့ ကိုကို
ချွေးသိပ်လိုက်တာလား ကိုကိုရယ်။ ကိုကိုကပါ ခိုင့်ကို မိုက်တယ် တဲ့လား။ ခိုင့်ကို စာကျက်ပါ လိမ္မာပါနဲ့  မုန်းစရာ။တကယ်တော့ ကိုကို သတ္တိမရှိတာ။ ဒီအကြပ်အတည်းထဲက ခိုင့်ကို ဆွဲ မထုတ်ရဲဘူး။မစွန့်  စားရဲဘူး။ကောက်ညှင်းကမစီး ဆန်ကြမ်းကစီးပြနေတယ်။ မုန်းတယ် ..ကိုကိုကိုလည်း မုန်းတယ် ။
ကျွန်မ စိတ်တိုတိုနှင့် အမှတ်မထင် .လက်ချောင်းကလေးများက စောင်းကြိုးများနှင့် ထိတွေ့ ကစားမိတော့ ပေါ်လာတဲ့  သံစဉ်က  ..
“ချစ်သူငယ်… သူကား…ဝေးပါပေါ့ ..ဘုရား….ထွေ ပြား သစ္စာ ဆိုသူ …မေတ္တာ ..ညှို့ .သူ ရှိပြီ  ထင့်လေး “ …
အောက်တိုဘာ စာမေးပွဲ  မတိုင်မှီ သီတင်းနှစ်ပတ်အလိုတွင် ..သူ၏ ၀မ်းကွဲ အမတော်သည်ဆိုပြီး ကျွန်မကျောင်းကို မိတ်ဆက် ရောက်ရှိလာသည်။ စာတစောင်ပေးသည်။ မိခိုင် တကယ်ဘဲ အံ့သြမဆုံးတော့ပါ။ သူ က ယခု “အင် -ဂျန်းယန်” ဆိုသည့် ကချင်ကျေးရွာလေးတခုတွင် ကျန်းမာရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေကြောင်း၊ ရေတံခွန်စိမ့်စမ်း လျိုမြောင် တွေ ပေါကြောင်း။ တောပန်း တောင်ပန်းတွေ ဝေဆာလွန်းကြောင်း။ဧရာဝတီ စတင်မွေးဖွားရာ မေခ မလိခမြစ်နှစ်သွယ် ပေါင်းဆုံရာ မြစ်ဆုံ သို့   ကျွန်မကို အလွန်ခေါ်သွားချင်ကြောင်း၊  နာနတ် လိမ္မော် သစ်ကြား သစ်အယ် ပေါကြောင်း  အထူးမှာ သူလာခေါ်ရင် လိုက်မှာလား။ တဲ့။ မေးထားသည်။ တရားရုံးတခုမှာ လက်ထပ်ယူမည်လို့ လည်းပြောသည်။ ဘုရားရေ..။ခိုင်ချစ်တဲ့သူက လက်ထပ်ယူမည် မပြော။တစိမ်းလူတယောက်က အတင့်ရဲစွာ လက်ထပ်ယူမည်တဲ့။ ခိုးရာ လိုက်ရမတဲ့။ ဘုရားကယ်ပါ။
သူ့ဝမ်းကွဲ အမကပါ …
 “လူကြီးတွေ ဖွင့်ပြောလဲ  နှစ်ဘက်စလုံးက လွယ်လွယ်ခွင့်ပေးမှာ မဟုတ်ဘူးလေ။ သီတင်းကျွတ် သူလာခေါ်ရင် လိုက်သွား။မိန်းခလေးတယောက်အဖို့  အိမ်ထောင်ရက်သားကောင်းကောင်းကျဖို့ က အဓိက တဲ့။မျိုးရိုးကောင်းတယ်၊ အလုပ်အကိုင်ရှိတယ်။မိန်းမတယောက်ကို တင့်တင့်တယ်တယ် ထားနိုင်တယ်။ ဒါဆို ကျေနပ်ရမယ် “ တဲ့။
အလွန့် ကို အံ့သြရပါသည်။ .သူတို့ နှစ်ဦးကိုလည်း အလိုလို နှိုင်းယှဉ်ကြည့်မိရက်သားဖြစ်သွားသည်။
ကိုကိုက…
မြန်မာဆန်ဆန် ပုဆိုးနှင့် ပင်နီတိုက်ပုံကိုသာ မြတ်မြတ်နိုးနိုး ၀တ်ဆင်တတ်သည့် တက္ကသိုလ် ကျောင်းတော်သားဖြစ်သည်။
စာပေ၀ါသနာပါသူ သူ့ ဘ၀ကိုသူ ကောင်းစွာ ပုံဖေါ် တည်ဆောက်နေသူလည်းဖြစ်သည်။
ခလေးဆန်သောခိုင့်ကို အလိုမလိုက်နိုင်သေးဘဲ လူကြီး လူကောင်းပြီသနေသူ
စိတ်ရှည် သည်းခံတတ်သူ။တည်ကြည်ခန့် ညားသူ
ကျန်တယောက်က..
ဘောင်းဘီအတို လည်းဝတ် အရှည်လည်းဝတ် ပြီတ်ီတီရှိုးပေးတတ်သူ  
ဘုမသိ ဘမသိ မိုးပေါ်က ကျလာသလို ဘွားကနဲ ပေါ်လာသော်လည်း အလုပ်.လက်ကိုင်ရှိသူ။
သူ၏လက်ရှိအနေအထားမှာ ကျွန်မစိတ်ကြိုက်ဖန်တီးပေးထားပြီးသူ
ကြည့်ပါဦး။ မြစ်တွေ ချောင်းတွေကို ချစ်တတ်သည့် မိခိုင်ကို မေခ မလိခ မြစ်နှစ်သွယ် ပေါင်းဆုံရာ သို့  ခေါ်သွားမလို့ တဲ့။
တောပန်းတောင်ပန်းတွေ တပွေ့ တပိုက် ခူးနိုင်သည်။ဖူးစာနှစ်ခိုင် ရုပ်ရှင်ထဲမှာ..မင်းသမီး မေသစ် ကဆိုသည်။
“ရေတံခွန်..နန်း…စမ်းကလေး သွယ်တန်းနေ…ကမ်းဘေး အမြင့်မလေ ....လမ်းကလေး ..ဆင့်နေ ..ပန်းကလေးတွေ  ပွင့်ကာ  ပွင့်ကာ လေသင့်ရာကို ..လွင့် ကြွေ…ချူ ငင်ကားချွေ  လက်လှမ်းနေ…မယ်နမ်းလို့ …ပန်မယ်လေ….”
တဲ့။
 ကျွန်မလဲဘဲ အဲလိုရေတံခွန်နံဘေးမှာ..တေးဆိုချင်ပါသည်..။
ဒီလို သီဆိုနိုင်ဖို့ အခွင့်အရေးကို သူ က ခု ပေးနေသည်မို့  ..သူဘယ်လိုလူစားလဲ သူ ဘာကို ၀ါသနာပါသလဲ။ ဘယ်လို ပြုမူနေထိုင်တတ်သလဲ ဆိုသည်တို့ ကို စူးစမ်းလေ့လာဖို့  စိတ်တခုက အဆိုတင်သွင်းနေသည်ကို အခြားစိတ်တခုက ချက်ခြင်းပယ်ချလိုက်သည်။
ထားတော့။ ကျွန်မ သိပ်ရှည်ရှည် ဝေးဝေး မတွေးချင်။ ငယ်စိတ်ဖြင့် ပြုမိပြုရာ ပြုမူသည် ဆိုချင်ဆိုကြပါစေတော့ ။ကျွန်မမှာ လက်ရှိအနေအထားကိုလည်း တစက်ကလေးမှ သည်းခံ စောင့်ဆိုင်း မနေနိုင်ရကား အသစ် အသစ်သော ပတ်ဝန်းကျင်နှင့်သာထိတွေ့  ဆက်ဆံလိုနေသည့်စိတ်က လွှမ်းမိုးနေတော့သည်။
ကျွန်မ နှစ်စက ရန်ကုန် စိန့် ဖီလော်မီနာ မှာ ကျောင်းထားပေးပါ။ အင်္ဂလိပ်စာလည်းတော်မည် ပတ်ဝန်းကျင်အသစ်နှင့်လည်းထိတွေ့ နိုင်သည်။ ဖေဖေတို့ နှင့် ခပ်ကင်းကင်းနေရမှ  ကျွန်မ မိဘတန်ဘိုးကို သိချင်သိလာနိုင်ပါသည်စိတ်လည်း ချမ်းသာလာနိုင်မည်ဟု ယူဆပြီး အဆိုတင်သွင်းခဲ့ပေမဲ့ ..”သမီးမိန်းခလေးများဟာ အိမ်ထောင်မပြုခင် အိမ်နှင့် ကင်းကွာ မနေကောင်းဘူး”တဲ့။ အားလုံးက ချက်ခြင်း ပယ်ချခဲ့သည်။ဒါဆို ကျွန်မ အိမ်ထောင်ပြုရမတဲ့လား။ ကျွန်မကို သူ့ နောက်လိုက်သွားဖို့ တွန်းအားပေးနေရော့သလား။
“သမီးခေါ်တွင် ၊လှမျိုးသွင်ကို ၊ ဘယ်တွင်ကာလ၊ဘယ်ခဏမှ၊
 မုခရှေ့ ဝယ်၊ပျောက်မပြယ်နှင့်၊ ပျက်ကွယ်တစေ၊
ရှိတုံချေမူ။ကြာနေသင့်မျိုး၊မဖွံ့ ဖြိုးသည်၊ ညှိုးလိမ့်မိဘ..၊” တဲ့။ ဆိုကြပေရော့မည်။မျက်စိအောက်က အပျောက်ခံမှာ မဟုတ်သည်မှာ သေချာသည်။
ဒါ့ကြောင့်လည်း ကျွန်မ ခေါ်သူရှိခိုက် လိုက်မှထင်ရဲ့။။ ကျွန်မက  လွတ်လပ်ပေါ့ပါးစွာ ပြေးကာ လွှားကာ လူးကာ လိမ့်ကာ  တောတောင်စိမ့်စမ်းထဲမှာ ပျော်ပျော်နေချင်တာလေ။
ကိုကိုက အချိန်မတန်သေးဘူး ပြောသော်လဲ ကျွန်မ နားမ၀င်ပါ။ကိုကို ပြောတဲ့ စကား အားလုံးလိုလို ကျွန်မ နားမ၀င်တာဘဲ ဖြစ်ပါလိမ့်မည်။ မတော်တဆ ကျွန်မ သူ့ နောက် ပါသွားခဲ့ လျှင် ငါးစိမ်းမြင် ငါးကင်ပြစ်တယ် လို့  ကိုကို ဆိုလေမလား။
ကို ကို့ ထံမှ မေတ္တာကို ကျွန်မက ခလေးဆန်ဆန် မျှော်လင့်ပါသော်လည်း.. ကိုကိုကမူ လူကြီးဆန်နေသည်။ 
“ပျော်သလိုနေ..မယ့်တကိုယ်ရေ..အဖြစ်ကို တွေး..ချစ်ဖို့ အရေး  တဖြေးဖြေး မျှော်မိသလေ...နှေးကွေး ကြာနေတာတွေ..ဆင့်ကဲတဲ့ မေတ္တာ..မချင့်မရဲနဲ့  ဖြစ်ကာနေ..အနှစ်မပါ သလေ..မေတ္တာရေ…သူ့ မှာ  ခန်းလှတာတွေ ..ရှော်သလား  ဖေ…..နှမရဲ့  တော်ဘုရား ရေ…။” လို့ သာ ကိုကို့ ..ကို  ပြောလိုက်ချင်တော့ မည်..။
အို..ကိုကို ရယ် .. ကိုကို့ ကိုဘဲ ချစ်တာ  အမှန်ပါ.. ဒီလို မလုပ်ရက်ပါဘူး။
ခိုင် ကို ကို့ ဆီ ပြေးလာမယ်ဆိုရင် ကော ကိုကို ဘာပြောမလဲ။ ကိုကို့ ရင်ခွင်မှာ နားခိုရင်း ခိုင်ရင်ထဲ က ဝေဒနာတွေ သွန်ချချင်ပါတယ်ကိုကို။ ခိုင့်ကို ကိုကို လက်ခံကြည်ဖြူမှာ လား ။မိန်းခလေးတန်မဲ့  သိက္ခာမရှိဘူးရယ်လို့   မခင် မကြင်  စိမ်းရက်လေမလား။
ကျွန်မ ကျောင်းကို အချိန်မှန် သွားနေသော်လည်း လူက ဗျာများနေသည်ကိုမူ ကျွန်မသာ သိနိုင်ပါသည်။
သူ့ အမကလည်း ကျောင်းသို့  မကြာခဏလာခါ ကျွန်မကို သီတင်းဝါလကျွတ်လျှင်ကျွတ်ခြင်း လာရောက်ခေါ်ဆောင်လိမ့်မည် ဆိုတာ အမြဲ သိမ်းသွင်းပြောဆိုနေတော့တယ်။သိုသိပ်စွာနေဖို့ နဲ့  လိုအပ်သည့် အ၀တ်အထည်ပစ္စည်းပစ္စယများသူမထံ ပို့ ထားဖို့ လည်း ပြောနေသည်။”အသင့်ပြင် ထား“တဲ့ ။ အချိန်မရှိတော့ ။ လို့  ပြောသည်။
“ကိုကိုက တော့ အချိန်စောင့်ပါအုံး “တဲ့  ။ခိုင်ဘာလုပ်ရမလဲ ကိုကို ရယ်။ သူလာခေါ်ရင် လိုက်သင့်။ မသင့် ။ခိုင်ဘယ်သူ့ ကို ဆုံးဖြတ်စေရမလဲ။ လိုက်မယ် ..မလိုက်ဘူး..။လိုက်မယ် ..။
 ဟင့်အင်းကွယ် ..။
ခိုင် ဒီလို မလုပ်ပါရစေနဲ့ ။
၂၁။ လွတ်မြောက်ရာနယ်မြေသို့  (အပိုင်း၂)
အချို့ သည် မိဘအိမ်တွင် နေရသည်ကို စိတ်ညစ်၍ ၄င်း
၊စာသင်ရသည်ကို ငြီးငွေ့  ၍၄င်း၊ မိသားစုရင်ခွင်တွင်
မပျော်ရွှင်၍သော်၎င်း၊ ယင်းတို့ မှ လွတ်မြောက်စေရန်အလို့ ငှာ
မည်သူ့ ကိုဖြစ်ဖြစ် လက်ထပ်မည်ဟု ဆုံးဖြတ်ခြင်းပြုတတ်၏။
ကျားကြောက်၍ ရှင်ကြီးကိုး။ ရှင်ကြီးကျားထက်ဆိုး
ဆိုသကဲ့သို့  ဘ၀အခက်အခဲများမှ ကိုယ်လွတ်ရုံးလို၍
အိမ်ထောင်ပြုသူများသည် ရှုပ်ထွေးခက်ခဲလှသော
အိမ်ထောင်ရေးပြဿနာများဖြင့် ရင်ဆိုင်ရကာ
စိတ်ပျက်ခြင်း။ ပူပန်သောကရောက်ခြင်း။တို့ ဖြင့်သာ
စခန်းသိမ်းရလေ့ရှိသည်။
                                           ဒေါက်တာကျော်စိန် MA.phD,Columbia
                                              စိတ်ပညာဋ္ဌာန၊ရန်ကုန်တက္ကသိုလ်
တနေ့ ဖေဖေဈေးမှပြန်လာကာ ရေမိုးချိုး ထမင်းစားသောက်ပြီးချိန်တွင် အေးအေးဆေးဆေးရှိပြီဟု ကျွန်မစိတ် ဒုံးဒုံးချကာ ၀င်တွေ့ သည်။
ကျွန်မအိမ်ထောင်ပြုဖို့  ရည်ရွယ်ချက်ရှိကြောင်း ဘယ်သူဘယ်ဝါဆိုသည်ကိုပါ ဖွင့်ပြောပြလိုက်တော့သည်။ဖေဖေက အလွန်အမင်းအံ့သြကာ. “ဟေ” လို့  တခွန်းသာ ဆိုနိုင်ပြီး
လက်ရမ်းပြလိုက်သည်။ဖေဖေက နှုတ်မှ မပြော။ သွားတော့ဟုခိုင်းတာလေ။
ကျွန်မလှည့်ထွက်မည်အလုပ်တွင်မူ
“ဖေဖေခေါင်းမူးနေတယ်။ ဘာမှ လာမပြောနှင့် စာမေးပွဲ နီးပြီ ။ စာကျက် “
တဲ့ ။
သို့ နှင့် ၁၉၅၆ခုနှစ် နိုဝင်္ဘာလ ၂၂ရက်နေ့  တွင် မိဘအကိုများနှင့်” ချစ်ဦးသူ”ကိုပါ  စွန့်  ခွာပစ်ထား၍ သို့ မဟုတ်  အရွဲ့ တိုက်၍ လာခေါ်သူနောက် သို့  ကောက်ကောက်ပါ လိုက်သွားမိတော့သည်။
ဟုတ်ပါတယ်။ သီတင်းကျွတ်ပြီဆိုတာနှင့် ခေါ်ချင်သူက ကချင်တောင်ပေါ်ရွာ “အင်ဂျန်း-ယန်”မှသည် ကားတတန် ရထားတတန်  လားတတန် အခေါ်ရောက်မှတော့ ကျွန်မဘာကို ထပ်မံစဉ်းစားနေရ အုံးမတဲ့လဲ။ တုံးတိုက်တိုက် ကျားကိုက်ကိုက် (ကမ်းကုန်အောင် )မိုက်စမ်းချင်တော့သည်။
ဒါမှ သူတို့  နောင်တရပေလိမ့်မည်။
ခွင့်လွှတ်ပေဦးတော့ ကိုကိုရယ် ..။ကိုကို့ အချစ်ကို တန်ဘိုးမထားရာ ရောက်ပြီလား. …။
၂၂။
ကျွန်မကို သူက ရွှေမိ အမည်ရှိ ဂျစ်ကားတစင်းငှားကာ တင်ခေါ်လာသည်။ အ၀တ်တထည် ကိုယ်တခုနှင့် လို့ သာပြောရတော့မည်။ ချီတုံ ချတုံနှင့် ကျွန်မ ဘာမှ ကြိုတင် ပြင်ဆင်တာတွေ မလုပ်ခဲ့။
ကားပေါ်တွင်  ကျွန်မတို့ ချင်း နီးကပ်စွာ အတူထိုင်ခဲ့သော်လည်း စကားတခွန်းမှ မပြောဖြစ်ကြ။ သူ့  အကြောင်းကို ကိုယ် မသိသလို ကိုယ့်အကြောင်းကိုရော သူဘာသိလို့ လဲ။တွေ့ တာမှ ရက်ပိုင်းကလေး။
 ဘာ့ကြောင့်များကျွန်မ ဒီမျှ အတင့်ရဲ့ ရပါလိမ့်။ စဉ်းစားမရပြီ။
ကျွန်မ ကားပေါ်မှ ဆင်းပြေးဖို့  တချက် တချက်  ကြံစီမိသေး၏။
သူရော  သူ့ သူငယ်ချင်းရော ကားမောင်းသူရော ဆို ယောက်ျားးချည်း သုံးယောက် ။ 
ကျွန်မ ခုမှ တကယ်ကြောက်လာတော့တာ။ အရေးကြုံလျှင် ဘာလုပ်နိုင်မလဲ စဉ်းစားထားရ၏။
သည်လိုနှင့် ကျွန်မတို့  မကြာခင် မြင်းမူမြို့ူ သို့ ရောက်လာသည်။မြင်းမူသူကြီးအိမ်မှာ တည်းခိုမည့်အကြောင်း ပြောသည်။
ရေချိုးကြဖို့  အိမ်ရှင်ကပြောပြီး  ကျွန်မတို့ ကို ရေချိုးမည့်နေရာကို လမ်းညွှန်တော့မှ ကျွန်မမှာ မျက်လုံးပြူးရပါတော့သည်။ ကျွန်မ အခက်တွေ့ ပြီ။
သူက ဆပ်ပြာခွက်နှင့် ဖလားကို ကျွန်မအားလှမ်းပေးပြီး သူ့ သူယ်ချင်းနှင့်အတူ ရှေ့ မှ ထွက်သွားနှင့်သည်။ကျွန်မက ဆပ်ပြာခွက်နှင့်ဖလားကိုင်ပြီး  နောက်မှ လိုက်ရသည်.။ဘာပုံစံကြီးလဲ။ စိတ်တွင် ပြောမပြတတ်သော ခံစားမှု အသစ်တမျိုး စတင် ခံစားလိုက်ရသည်။
ပမာဆိုရသော် သခင့်နောက်မှ ကျွန်မလေးတယောက်နှယ်။သို့ မဟုတ် ခွေးတကောင်နှင့် တူလိမ့်မည်ဟု ဆိုသော် လွန်မည်မထင်ပါ။
ချစ်သူစုံတွဲ အသစ်စက်စက်ကလေးနှင့် နည်းနည်းမှ မတူ။ချစ်သူစုံတွဲများမှာ တူတူညီညီ ရီရီပြုံးပြုံး လက်ချင်းတွဲ လို့  လျှောက်လှမ်းကြမည်ဟု ကျွန်မနားလည်သည်။
သူငယ်ချင်းဆိုသူကလည်း အနားမှာ မခွဲအတူပါနေပြန်သည်။ သူ့ သူငယ်ချင်းက မန္တလေးအိမ်ကို ခေါ်သွားမည်။ အနောက်ဘက်
ရာဇ၀တ်အုပ်ရုံးမှာကျွန်မတို့ကို လက်ထပ်ပေးမည်။သူက သက်သေလုပ်မည်ပြောသည်။ ကျွန်မဘာမှ နားမလည်ပါ။
အော်..ကျွန်မတို့ ချင်းက သမီးရည်းစားလဲ မဖြစ်ခဲ့ကြပါဘဲနှင့်၊ လူချင်းလည်း မဆုံတွေ့ ခဲ့ကြပါဘဲနှင့်  ဆိုတော့လေ..။ကျွန်မအိမ်မှ ထွက်လာခဲ့လို့  နာရီပိုင်းမျှသာ ရှိသေးပေမဲ့ အခက်အခဲတွေက တလှေကြီး တသီချည်း တွေ့ နေရပါပြီ။
ကြည့်ဦးလေ..။ ရေကလေးတပေါက်နှစ်ပေါက်ချိုးရဖို့ အရေး ဖုံတထောင်းထောင်းနှင့် မြစ်ဆိပ်ကို အတော်ကြီးလျှောက်ရမည်။ဖေါင်ပေါ်မှာဘဲ  ရေချိုးရမည် ဖေါင်ပေါ်မှာဘဲ အ၀တ်လဲရမည်။
ဖေဖေတို့ အိမ်မှာဆို.. လူမြင်သူမြင်ရေမချိုးစေရ။ ရေချိုးခန်းနှင့် အလုံပိတ်ရေချိုးစေသည်။ ခုတော့ ကျွန်မ အိမ်က ရေချိုးခန်းကလေးကို စတင် လွမ်းနေရပြီဖြစ်သည်။
ရေချိုးပြီး အိမ်ရှင်အဒေါ်ကြီးက ထမင်းကြွေးရာတွင်လည်း ကျွန်မ ဘယ်လို မျိုရမည်မသိ။ ကြွေးသူကတော့ ဟင်းကောင်းတွေကြွေးတာပါဘဲ။ ဟင်းကောင်းမစားတတ်တဲ့ ကျွန်မအတွက် အခက်အခဲတွေ ကြုံနေရတာပါ။ သားငါးဟင်း က ဘယ်လိုဘဲ အမွှေးအကြိုင်တွေနှင့် ချက်ချက် ကျွန်မအတွက် အော်ဂလီဆန်စေသော အစားအစာများသာဖြစ်ပါသည်။ စားသောက်ပြီး အတန်ကြာလျှင် အဒေါ်ကြီးက..” လာ..လာ  အိပ်တော့  မိန်းခလေး ခရီးပန်းလာတယ် “  ဟု ပြောတော့လည်း ကျွန်မသူပြသောနေရာတွင် ၀င်လှဲလိုက်သည်။ 
ကျွန်မတို့ချင်း သမီးရည်းစားလဲ မဟုတ်ခဲ့ကြတော့ ပြောစရာ တီတီတာတာ စကားလဲ မရှိ။ သူကလည်း ထူးထူးထွေထွေ စကားမပြော။သူလိုရာအရယူပြီး တဘက်သားအတွက် နားလည်စဉ်းစားပေးခြင်းမရှိတခေါခေါအိပ်တော့သည်။
ကျွန်မမှာသာ အိပ်မပျော်နိုင်ဘဲ သူ့ အနားမှာ အိပ်နေရသည်ကို အလွန်အမင်းစိတ်ပင်ပန်း မွှန်းကြပ်ကာ ပထမဦးဆုံးအကြိမ် သူ့ ကို  စတင် စက်ဆုတ် ရွံရှာခြင်းဖြစ်ခဲ့ပါသည်။ ဒါ့အပြင် စင်စစ် ကျွန်မမှာ ရမက်၏သားကောင်သဖွယ် ပန်းကောင်းအညွန့် ချိုး ခံရခြင်းသာဖြစ်သည်ဟု ချက်ခြင်း နားလည်သဘောပေါက်ခဲ့ရသည်။ သို့ သော် ဒါသည် ကျွန်မရွေးချယ်ခဲ့သော လမ်းသာဖြစ်သည်။ အိနြေ္ဒရှင်မိန်းခလေးများ တန်ဘိုးထားထိန်းသိမ်းအပ်သော အပျိုစင်ဘ၀ကို ကျွန်မကိုယ်တိုင်  အရှက်မဲ့စွာ သိက္ခာမရှိ ခ၀ါချမိခဲ့ချေပြီတည်း။  တသက်တခါ ဂုဏ်ယူရမည့် မင်္ဂလာဦးည ဆိုသည်ကို လည်း ကျွန်မကိုယ်တိုင် အပေါစား ဆန်ဆန် ကုန်ဆုံးစေခဲ့ပေပြီတကား။
ကိုကိုကလေ..”ခိုင်သဇင်”တဲ့။” ခိုင်မဉ္ဇူ “တဲ့။ ခိုင့်ကို တန်ဘိုးထားပြီး မြတ်မြတ်နိုးနိုး ချစ်တာပါတဲ့။ ခုတော့ ..ကိုကိုရယ် ..ခိုင်ကိုယ်တိုင် ဟင်းရွက် ကန်ဇွန်းလို အချိန်မတန်ခင် နွမ်းကြွေစေခဲ့မိပါပြီကောကွယ်..။
မှားပြီ ကိုကိုရေ…။
၂၃။
နောက်နေ့ မနက်မှာတော့ ထိုကားနှင့်ပင် မန္တလေးသို့  ခရီးဆက်ကြပြီး အနောက်ပိုင်း ရာဇ၀တ်တရားသူကြီးရှေ့ မှောက်တွင် ၁၈နှစ်ပြည့်ပြီဟု ကျမ်းသစ္စာ ကျိန်ဆိုလျက် နှစ်ဦးသဘောတူ လက်မှတ်ရေးထိုးကြရပါသည်။
မန္တလေးမှပင် ဖေဖေ မေမေတို့ ထံ သို့ အကျိုးအကြောင်း စာေ၇းပေးပို့ လိုက်သည်။ဤနည်းဖြင့် ဒုတိယအကြိမ် အိမ်နှင့်လွတ်ရာကျွတ်ရာသို့  ကျွန်မသွားရောက်တော့မည် ဖြစ်ပါသည်။
ကမ္ဘာအဝေး  အဝေး  တနေရာသို့ ….။
အလွန်ဝေးသီခေါင်ဖျားလှသည့် မြန်မာပြည်အရှေ့ မြောက်စွန်း တနေရာ တောင်ပေါ်ဒေသ သို့ ..။
ဖေဖေတို့ လိုက်လံ ရှာဖွေ ခေါ်ဆောင်နိုင်ပါဦးမည်လား။ မေးချင်သည်။ 
နောက်နေ့ မနက်စောစောမှာတော့ ကျွန်မတို့  မန္တလေး မြစ်ကြီးနားသွားမီးရထားပေါ်တွင် အသင့်နေရာယူ ရောက်ရှိခဲ့ပြီ။
မီးရထားသည် ဧရ၀တီမြစ်ကို စစ်ကိုင်းတံတားမှ ဖြတ်ကျော်နေစဉ်စစ်ကိုင်းတောင်ရိုးတလျှောက် ထုံးဖွေးဖွေးနှင့် ဘုရားစေတီ ဂူပထိုးများကိုကြည်နူးစဖွယ် ဖူးတွေ့ ရပါ၏။
“သမိုင်း ပြောင် မညိုး…စစ်ကိုင်း ..တောင်တော် ရိုး  မှာလေ..မြူခိုး ယှက်..သိုင်း …အုံ့ မှိုင်း  ပြာရီဝေ… စေတီ ပုထိုး ..မိုးဖျားမြင့်  သီခေါင်ဝေ  ..”
ကျွန်မ အတွက်တော့ တေျာီ့းကန်းလိုပါဘဲ။မြင်မြင်သမျှ အရာခပ်သိမ်း ရှုခင်းသစ် မြင်ကွင်းသစ်များနှင့်ချည်းပြည်လျှံနေသဖြင့် တနည်းအားဖြင့်ပြောရလျှင် တော့ ကျေနပ်ရမည်ဖြစ်ပါတော့သည်။ သို့သော်…
ဖေဖေ မေမေဘယ်လိုနေမလဲ။ ကိုကိုဘယ်လိုမြင်မလဲ။စသည် တွေးမိလေလေ ဆွေးမိလေလေပါဘဲ ကွယ်။
သူတို့  မိုးမြေအနှံ့ လိုက်လို့  ရှာဖွေ နေပြီလား။
ဒါ့အပြင် ကျွန်မကြောင့် ကျောင်းကြီး၏ဂုဏ်သိက္ခာတွေထိခိုက် ကျဆင်းစေခဲ့ပြီဟု အတွေးဝင်ရောက်လာချိန်မှာတော့..ကျွန်မ ခြေဖျား လက်ဖျားအေးစက်ကြင်ခဲသွားကာ ဘယ်လိုမှ ပြုပြင်မရနိုင်သည့် အမှားတခုကို ကျွန်မကျူးလွန်မိပြီဟု ပထမ ဦးဆုံးအကြိမ် နောင်တအကြီးအကျယ်  ရလိုက်မိတော့သည်။
မီးရထားသည် စစ်ကိုင်းမှ ရွှေဘို။ ကောလင်း။ ၀န်းသို။အင်းတော်။မဲဇာ စသည် ကျော်ဖြတ်၍ နဘားတွင် တညအိပ်ကာ  မော်လူး။မိုးညှင်း။မြိုးသစ်၊ဟိုပင်။ဆားမှော်။မိုးကောင်း။နမ္မတီး။စသည် မြို့ ရွာ အစဉ်တစိုက်  ဖြတ်သန်းကျော်လွှားအပြီး နောက်ဆုံးမှာတော့ မြစ်ကြီးနားမြို့ သို့  ဆိုက်ရောက်ခဲ့ပြီ ဖြစ်သည်။
ကျွန်မတို့  မြစ်ကြီးနားဘူတာေ၇ာက်တော့ ငွေကြယ်ပွင့်ကလေးများလက်လက်ဖိတ်စင်ကြဲဖြန့်ထားသလို လျှပ်စစ်မီးများ ထိန်ညီးနေသည်ကို တွေ့မြင်ရသဖြင့် ပျော်သွားပါသည်။မီးရောင်အောက်က မြစ်ကြီးနားမြို့ ၏အလှကို ဦးစွာ တွေ့ မြင် လိုက်ရသောကြောင့်ပါ။
မကြာမှီ ခြံဝန်းသီးခြားမရှိ တအိမ်နှင့် တအိမ် ခေါင်မိုးချင်း ထိစပ်မတတ် နီးကပ်လွန်းသော ခြေတံရှည် ၀ါးကပ်မိုး ထရံကာ လေးပင်သုံးပင်အိမ်တလုံးသို့  သူ ကျွန်မကို ခေါ်သွားသည်။ သူငှားရမ်းနေထိုင်ရာအိမ်ဟု ပြောသော်လည်း တအိမ်လုံးဟုတ်မည်မထင်ပါ။ အိမ်ရှင်နှင့်တွဲဘက် နေထိုင်ဟန်တူပါသည်။သူက အိုးခွက်ပုဂံ အပြည့်အစုံနှင့် မီးဖိုချောင်တခုကို ပြသ အပ်နှံနေတော့ ကျွန်မ လက်ဖျားခြေဖျားတွေ အေးစက်ထုံကျင်လာသည်။
ဘုရား..ဘုရား.. ဒါတွေ ငါ ဘာလုပ်ရမှာလဲ။ ငါနှင့် ဘာဆိုင်သလဲ။
ဒိုင်းဆို  ခေါင်းထဲမှာ အတွေးတွေ ဖြတ်ကနဲ ၀င်လာသည်။ အမလေး ..လေ။ကျွန်မကို သူ ထမင်းချက်ခိုင်းနေတာလား။ ကျွန်မ ထမင်းချက်လုပ်ရမှာလား။ ဟင့်အင်း ချက်ပ်ါဘူး။
 ကျွန်မကို မေမေတောင် ထမင်းအချက်မခိုင်းဖူးဘူး။ ကျွန်မ အေးစက်တုန်ချိစွာ ထိုနေရာမှ ခွာခဲ့သည်။ကျွန်မ ကိုကို့ ကို သတိရလိုက်သည်။ ကိုကိုကလေ .ခိုင် ထမင်းဟင်း မချက်တတ်ဘူး သင်ထားရမလားမေးတော့ .ခိုင့်ဘ၀ကို  မီးဖိုချောင်ထဲမှာ မြုပ်နှံခိုင်းမဲ့ သူမဟုတ်ပါဘူး တဲ့။ဒီလူကတော့ ..ချက်ခိုင်းတော့မဲ့ပုံပါဘဲ။
“ ကိုကြီးက ထမင်းချက်တတ်တယ် ။ကိုယ်တိုင် ချက်စားတာ “ တဲ့။ သူက ပြောသည်။
“ချက်ပေါ့ “ ကျွန်မက အငေါ်တူးတူး ဆိုလိုက်သည်။
အော် ကျွန်မ ဒီမီးဖိုချောင်အလုပ်ကို ဘယ်အချိန်ထိ မချက်ဘဲ ရှောင်နေနိုင်မလဲ။
ကျွန်မ သက်ပြင်းတွေ အကြိမ်ကြိမ်ချနေမိတော့သည်။
“ဒါဟာ မင်းရွေးချယ်ခဲ့တဲ့ လမ်းဘဲလေ.”.။ တဲ့ ။ ကျွန်မ၀ိညာဉ်ကဆိုသည်။ ဒါပေမဲ့  ကျွန်မကလည်း “မင်းဘဲ ငါ့ကို လမ်းမှားပို့ ပြီးတော့  “ဟု ကျွန်မကိုယ်တွင်းမှ ၀ိညာဉ်ကို ပြန် ကျိန်ဆဲလိုက်မိ၏။
ညစာကို အိမ်ရှင်က ကြွေးသည်။  မုန်ညင်းစော နှင့် ကြက်သားဆီပြန် ဘာလချောင်ကြော်၊ တဲ့။
ကျွန်မပုဂံထဲ သူက ကြက်သားဟင်းဖတ်လာထည့်တော့ ကျွန်မက ငြင်းလိုက်သည်။ သူက ဇီဇာမကြောင်ပါနဲ့ ။ ရောက်တဲ့နေရာမှာ တွေ့ တာ အကုန်စားတဲ့။ ခက်တဲ့သူ။
မစားပါဘူး ပြောတာကို စားရမယ်လို့ ။ စိတ်ပျက်စရာကောင်းသည်။ ကျွန်မက ဇွတ်ငြင်းတော့လည်း မစားထိုက်လို့ ဟု ပြောပြန်သည်။
အမှန်တော့ ကျွန်မ ပါရမီ ရင့်ကျက်နေတာကောမဖြစ်နိုင်ဘူးလား။
 တိတ်ဆိတ်တဲ့ ညများမှာဆို ကျွန်မအိပ်မပျော်နိုင် ၊ ကျွန်မလုပ်ရပ်တွေ မှန်ကန်မှု ရှိရဲ့လား ဆိုတာ အခါမဟုတ် ပြန်လှန်သုံးသပ်နေမိသည်။ မတွေးသင့် မတွေးအပ်တော့ပါဘဲ နှင့် တွေးနေမိသည်။ စိတ်ကို ချုပ်တီး၍မရ။ စိတ်သည် လျင်မြန်စွာ ဖေဖေမေမေ ဆီ တခေါက် ၊ ကိုကိုထံ သို့ တခေါက်၊ အကိုတွေဆီ တခေါက် ကျောင်းကိုလည်း ရောက်သေးတယ်။ စာသင်ခန်းတွေ ကစားကွင်းတွေ ကိုလဲ ရောက်သေးတယ်။
ဘယ်နေရာကိုရောက်ရောက် ကိုကိုပုံရိပ် ပန်းချီကားက နေရာတိုင်းမှာ  အပီပြင်ဆုံး ဖြစ်လို့ နေတယ်။
ဟိုသည် ကူးသန်း ၀ဲလယ်လှည့်တော့သည်။
ကိုယ်တော်ကမူ ခေါင်းချလိုက်လျှင် တန်းပျော်သည်။
 နောက်နေ့  မြစ်ကြီးနားဆေးရုံသို့  report ပေးရန် ဆိုပြီး သူထွက်သွားသည်။ကျွန်မလည်း အိမ်ရှင် သမီးက ဈေးလိုက်မလားမေးသည်နှင့် လိုက်သွားသည်။ ပိုက်ဆံရယ် လို့  များများစားစား မပါ။
မြစ်ကြီးနားဈေးသည် တိုင်းရင်းသားပေါင်းစုံ ဆုံတွေ့ ကြသည့်နေရာထင်၏။ ငါးရက်တဈေး ပစ္စည်းစုံရောင်ချလာသူ ဈေးသည်လေးတွေ ပလိုင်းကိုယ်စီနှင့်။ ရောင်စုံပုတီးကုံးကလေးတွေ လည်မှာ ဆွဲထားသည့် လီဆူး။ ယောယင်။မရူး စသည့်  ပါးအို့ နီနီ မလေးများ ပျားပန်းခပ် လှုပ်ရှားသွားလာနေကြသည်။
ဟော ..ရှေ့ မှာ စာအုပ်ဆိုင် အခင်းအကျင်းကလေးတခု တွေ့ ရတော့ ကျွန်မပျော်လိုက်တာ။ မွှေနှောက်ရှာကြည့်တော့  King and I ရုပ်ရှင်ကားမှ Yubrna နှင့်  Ava Gardna တို့ ကို မျက်နှာဖုံးတင်ထားသည့် movie spotlight  မဂ္ဂဇင်းစာအုပ် ကလေးကို တွေ့ သည်။ ဟောလီဝုဒ်ကားဆို မလွှတ်တမ်း ကြည့်တတ်သူ ရုပ်ရှင် ၀ါသနာအိုး အကို့ ဇော့်ကို ပြေးသတိရကာ ၀ယ်လိုက်သည်။အကိုဖော့်ထံ ပို့ ပေးရမည်။ပြီးတော့ ကျွန်မအတွက် လိုအပ်နေသည့် လက်ကိုင်အိပ်တခုလည်းအဖိုးချိုသည်နှင့် ၀ယ်လိုက်သည်။
အိမ်ကို ပြန်ရောက်တော့ ကိုယ်တော်က လမ်းမထွက်ပြီးကျွန်မတို့ ကို ကြာလို့ တဲ့။မျက်နှာကြီးမှုံကုတ်ပြီး မျှော်နေသည်။
လက်ကိုင်အိပ်ကို မြင်တော့ မှုံနေသည့်မျက်နှာက ပို မှုံသုန် သွားပြီး ..သူ့တပည့် အောင်မြင့်ကို
“ မင်းလိုက်သွား  အိတ် ပြန်ပေးချီ”  တဲ့။   “မင်း လဲ လိုက်သွား ၊ ဘယ်ဆိုင်က ၀ယ်တယ်ဆိုတာ ပြပေးလိုက် “ တဲ့။ဒုက္ခဘဲ။ သူ့ သဘောကို ကျွန်မနားမလည်။ ကျွန်မကြောက်ကြောက်နှင့် အောင်မြင့် ဆိုသူ နင်းသော စက်ဘီးနောက်ဝယ် ထိုင်လိုက်သွားရသည်။ သူက ဘယ်လိုပြောပြီးဘယ်လိုပုံစံနှင့်ပြန်ပေးခဲ့သည်ကိုမူ ကျွန်မမသိပါ။ ကျွန်မသဘောနှင့်ကျွန်မ ဘာတခုမှ လုပ်ပိုင်ခွင့် မရှိလို့  ဆိုလိုသလား။
ကျွန်မအကိုတွေဆို  သူတို့ နှမလေးကို ဘယ်ကောင်လေးနှင့်မှ စက်ဘီးအတူစီးခွင့်မပေးပါ။နှမကလေးတယောက် ဆို  ဆိုသလောက် တန်ဘိုးထားချစ်ခဲ့ကြသည်. ခု သူက ကျွန်မကို နှမ်းစေ့တလုံးလောက်မျှပင် တန်ဘိုးမထား ။အောင်မြင့် ဆိုသူနှင့် ထည့်လွှတ်သည်။ကျွန်မ အကိုတွေရဲ့  မေတ္တာ စေတနာကို ခုမှ နှိုင်းယှဉ် သိတတ်စပြုလာသည်။
 Marry in haste, repent at leisure.ဆိုတာမှန်သည်။ စောစောလက်ထပ်ခြင်းဟာ နောင်တကို ချက်ခြင်းရစေခဲ့ပြီ။
၂၄။
အင် ဂျန်းယန်မှ မှ လောခေါင်းနယ်ခြားမြို့ တော်သို့  သူ့ ကို ပြောင်းရွှေ့  တာဝန်ချထားလိုက်သော်လည်း အမိန့် စာမရောက်သေး၍မြစ်ကြီးနားမှာပင် ကျွန်မတို့  ရက်အတန်ကြာ စောင့်ဆိုင်းနေကြရသည်။ ထိုစဉ်တနေ့  ကျွန်မ တယောက်တည်းရှိနေခိုက် ရုံးစာတစောင် ကျွန်မလက်သို့  ရောက်လာသဖြင့် လက်မှတ်ထိုးယူလိုက်ရသည်။စာတိုက်မှလာသော်လည်း စာအိပ်မပါ။စာရွက်ကို လေးခေါက် ခေါက် တံဆိပ်ခေါင်းကပ်ပိတ်ထားရုံမို့ ကျွန်မဖြန့်  ကြည့်လိုက်ရာ ကချင်သားဖွားဆရာမတဦးက သူ့ ကို ခလေးစရိတ်ရလိုမှုဖြင့် တရားစွဲဆိုထားခြင်းကို  ထုခြေရန် ရုံးမှ ဆင့်ခေါ်သောစာဖြစ်နေသည်။
ကျွန်မရှက်လှချီရဲ့။ ဘာမှလည်းမပြောလို။ “တည်မိတဲ့  ဘုရား ဠင်းတဘဲ နားနား “ ဆိုရတော့မှာပါ။
 အတဲ့သူ ခံရတာဘဲဖြစ်သည်။ သူ့ အကြောင်းသေချာစွာ မသိဘဲ စိတ်ထင်ရာ ပြုမိမှားပြီမို့  မိမိအပြစ်နှင့် မိမိသာ ဖြစ်တော့သည်။
သူကတော့ ဟန်မပျက်။ဆင့်ခေါ်ရာသို့  သွားရာက်ရှင်းလင်းခဲ့ပြီဟု နောက်နေ့ တွင် ကျွနိမကို ပြောသည်။ လူလယ် ပါလား။ ကျွန်မက လူအ။တကယ်ဆို..သူ့ အမေ သူ့ အိမ်ကနေ အော်ကြီးဟစ်ကျယ် ပြောပြောနေသော ကိစ္စတွေ ကျွဲတကောင်မောင်းတလုံး” ဖဂါ” နှစ်ကြိမ်ပေးခဲ့ရသည့်အဖြစ်တွေ ကျွန်မကြားဖူးနေပါလျက် မမေးမမြန်း မသိကျိုးကျွံဖြင့် သူ့ နောက် ဇွတ်တိုးလိုက်လာခဲ့ခြင်းသည် မိုက်မိုက်ကန်းကန်းစွန့် စားလွန်းရာကျသည်ဟု ယခုမှ မိမိကိုယ်ကို အပြစ်တင်မိတော့သည်။
“ဖေဖေရယ် သူက ဒီလိုလူဘဲ “ ဆိုပြီး အိမ်ပြန်သွားဖို့ ကျွန်မ မှာ စိတ်ကူးမရှိပါ။မိဘရင်ကို ခြေစုံကန်ထွက်သွားပြီးမှ ပြန်လည်ခိုဝင်ဖို့ ဆိုတာ မဖြစ်နိုင်တော့ပါ။
တရှိုက်မက်မက် ၊ တသက်သက်နှင့်၊
စက်လက်မျက်ရည်၊ဆည်လည်းမတတ်၊
မိန်းသေပြတ်မျှ၊ကြင်ဆွတ်လေလေ၊
အောက်မေ့ချေသော်၊မပြေတို့ နိုင်၊
ကမ်းနှယ်ယိုင်လျက်…။
                              ( ဘူရိဒတ်ဇတ်ပေါင်းပျို့ )
၂၅။
နှင်းမှုံဝေစီသော ဒီဇင်္ဘာလ၏ပထမအပတ်တွင် ကျွန်မတို့  “ မြေပြန့် မှ တောင်ပေါ်သို့  “ မြန်မာပြည်အရှေ့ မြောက်ပိုင်းခရီးကို စတင်လိုက်ကြပါတော့သည်။
ရိက္ခာပစ္စည်းများတင်ဆောင်၍ ခရီးထွက်နိုင်ရန် သူက ဂျစ်ကားတစင်းကို ကျပ်ငွေ (၈၀ ) ဖြင့် စင်းလုံး ငှားရမ်းလာပါသည်။ “လောခေါင်မြို့နယ် ကျန်မားရေးမှုး “ ရာထူးကို ကျွန်မ၏ “ရွှေကိုယ်တော်“က
လက်ခံရယူပြီး နောက် “ မြစ်ကြီးနားမြို့ မှ ချီဖွေမြို့ ”သို့ စတင် ထွက်ခွာလာကြခြင်းဖြစ်သည်။
သည်တကြိမ် ဧရာဝတီမြစ်ကို ဖြတ်ကျော်ရာမှာတော့ “ခတ်ချိုရွာ “ကူးတို့ ဆိပ်မှ ဇက် ခေါ်သည့် ဖေါင်ကြီးဖြင့် တဘက်ကမ်းသို့ ဂျစ်ကားပါတင်ပြီး  ကူးကြရသည်။
သည်တွင် ကျွန်မတို့ မိသားစု တခါက မုံရွာ အနောက်ဘက်ကမ်း ရွှေတောင်ဦးဘုရားဖူးသွားရန် ချင်းတွင်မြစ်ကို ဖေါင်ဖြင့်ကူးဖြတ့်ကြသည်ကို သတိရကာရင်မှာလှိုက်ကနဲ နာကြင်ခံခက်ရတော့သည် ။  
ဧရာဝတီမြစ်ကို ဖြတ်ကူးပြီးနောက်
ကျွန်မတို “့ဝိုင်းမော်”ကျေးရွာသို့ ခေတ္တ စခန်းချနားနေသည်။မြစ်ကမ်းနဖူးရှိလက္ဘက်ရည်ဆိုင်ကလေးတွင် ကော်ဖီ၊လက္ဘက်ရည် နှင့် ခေါပုတ်စသည်မှာယူ စားသောက်ကြသည်။ ၀ိုင်းမော် လိမ္မော်သီးနှင့် နာနတ်သီးမှာ အလုံးလှပြီး အသီးချိုသည်ဟု နာမည်ကြီးသည်။
“၀ိုင်းမော် မှ ၀ါးရှောင်”  ခရီးသည် ညီညာသော မြေမျက်နှာပြင်ဟု မဆိုနိုင်သလို ကြမ်းတမ်းသောခရီး အကွေ့ အကောက်များလွန်းသည့်ခရီးလည်းမဟုတ်ပါဘဲ ကျွန်မမှာ မူးဝေအော့အံနေသဖြင့် ပတ်ဝန်းကျင်ကို အမှု မထားနိုင်တော့ပါ။ သို့ သော် လတ်ဆတ်အေးမြသည့် လေကိုပြည့်ပြည့်၀၀ရှူရှိုက်ရသဖြင့် ပြန်လည်လန်းဆန်းသွားပါသည်။
ည မှောင်ရီပျိုးသည်နှင့် ရာပေါင်းများစွာသော ပိုးစုန်းးကြူးကလေးများသည် မှိတ်တုတ်မှိတ်တုတ်နှင့် ၀င်းလက်တောက်ပစွာ ဂျစ်ကားအနောက်မှ၊ အရှေ့ မှ ၊ နဘေးမှ စုပြုံ ၀ိုင်းအုံ ပျံ့သန်းလိုက်ပါလာကြသည်။ 
သည်တွင်ကျွန်မ ငယ်ငယ်က  အကိုကျော် နှင့် ကြည့်ခဲ့သည့် အေ၀မ်းရုပ်ရှင် “ချိန်တန်ပြီ” အသံထွက်ကားကို ပြန်ပြောင်းအောက်မေ့ကာ ပူဆွေးဝမ်းနည်းမိပြန်သည်။
“အော်..တလက်လက်ကယ် နဲ့   အချက်ပြ ငွေရောင်တွေ ကချယ် …လှပေတယ် ..ပိုးစုန်းကြူးတွေ …မြူးပျံသည့်နှယ် ..အို ချစ်ရောင်ဖြန်း…မြန်းခဲ့ပါ ..ပျို့ သက်လှယ် ..”
“လင်းရောင် ..၀င်းပြောင်  စိန်ရောင်ခြည်ချယ် …အချက်ပေး..ချစ်သွေးမြှူလို့ ရယ် ..မောင့် ပါရမီ ကူညီဖြည့် လို့  ..ရွာတွေ  ဘယာမသွေ ..သာယာစေဖို့  တကယ် ..တူယှဉ်တွဲ …နွဲ စို့  မောင်မယ် ..ချိန်တန်ပြီ..မောင့်လယ်ဆွဲ  ပုလဲသွယ် …”  တဲ့။
ဇတ်လိုက် မောင်တင်မောင်က ဇတ်လိုက်မင်းသမီး မေရှင့်ကို ပါရမီ ကူညီဖြည့်ပါ လို့  ဆိုနေသည်။ကျွန်မရဲ့ နဘေးရှိ “ရွှေကိုယ်တော် “်ကမူ  ဘာမှ ဆိုချင်ပုံမပေါ်။ အိပ်ပျော်နေသည်။
ကချင်ပြည်နယ်၏ အထင်ကရ ၀ါးရှောင်ဆည်ကြီးမှာ ရွာထိပ်တွင် ထယ်ထယ်ဝါ၀ါ တည်တည်ငြိမ်ငြိမ် စီးဆင်းနေသည်။ ထိုဆည်ကို  “နမ့်ပွန်တီ “ ချောင်းပေါ်တွင် ဆောက်လုပ်ထားကြောင်း ကားဒရိုင်ဘာက ပြောသည်။
   ညအချိန်မီးရောင်ပျပျဝယ် ဆည်ကြီးသည် ၀င့်ကြွားလှပစွာ ရေများ ဒလဟော အော်မည် သွန်ချ ပြေးလွှားနေသည်။ကျွန်မ ဆည်မြောင်းချောင်းကန် စသည် ထူးထူးဆန်းဆန်းမမြင်ဘူးပါ။ ရထားဖြင့်အလာတုံးက လမ်းဘေးတွင် မြင့်ရသော ၀ါးပင်တွေကို ကြံပင်ဟု ပြောမိသဖြင့် ရွှေကိုယ်တော် က  ဟားတိုက် ရယ်မောခဲ့သည်။
ဆည်ကြီး၏အလှတွင် ကျွန်မ ညွှတ်နူးတိမ်းမူးခဲ့မိသည်။ ဆည်ထိပ် ကုန်းမြင့်တွင် လက်လက်ခါနေသော ငွေကြယ်ပွင့်တို့ အောက်၌ ချစ်စဖွယ် သိမ်မွေ့ တိတ်ဆိတ်စွာ တည်ရှိနေသည့် bungalowခေါ် ဗိုလ်တဲးတခုကို ရင်ခုန်လှုပ်ရှားဖွယ် တွေ့ မြင်လိုက်ရသည်။ 
ထိုဝါးရှောင်ဗိုလ်တဲတွင် ကချင်ပြည်နယ်၏ အထင်ကရ ပုဂ္ဂိုလ် “်ဒူးဝါးလ၀မ်လီ”နှင့် အဖွဲ့ ကို ကျွန်မတို့  မိတ်ဆွေ ဖွဲ့ ခွင့် ရရှိခဲ့သည်။
ဗိုလ်တဲတွင် မိမိတို့  စိတ်ကြိုက် ချက်ပြုတ်စားသောက်နိုင်ရန် အိုးခွက်ပုဂံ ထားရှီပေးသည်။မြေအိုးပင်ဖြစ်သော်လည်း ပြည်မက အိုးများနှင့်မတူ အ၀ကျယ် အောက်ရှူးကာရှည်မျောမျောလေးမို့   ပန်းအိုးလေးများသဖွယ် ချစ်ဖို့ ကောင်းနေသည်။
သူတို့ သည် အေးမြသော ဆောင်းကို အကြောင်းပြကာ ပြည်တွင်းဖြစ် ခေါင်ရည်ကို တကျိုက်စ နှစ်ကျိုက်စ မော့နေကြသည်။ကျွန်မကမူ လှစ်ကနဲပြေးထွက်ခဲ့ကာ တံခါးကိုဖွင့်အပြင်ထွက်မိ၏။ဆောင်းလေအေးနှင့်အတူ နှင်းမှုံများသည် အဦးဆုံး ကျွန်မ၏ မျက်နှာနှင့် တကိုယ်လုံးကို ဗြုံးဗြုံးဒိုင်းဒိုင်း ဆီးပက်လွှမ်းခြုံလိုက်သဖြင့် ကျွန်မ အေးစက်ကြင်ခဲသွားခါ ရုတ်တရက် မို့   နောက်သို့  တွန့်ဆုတ်သွားသည်။လူကလည်း  အမြန်အထဲ ပြန်ဝင်ပြီးသားဖြစ်နေသည်။တံခါးပွင့်စဉ်က ဆည်ရေဆင်းသံများသည် ဝေါဝေါဒိုင်းဒိုင်း နှင့်ပိုလို့ ကျယ်ကျယ်လောင်လောင် ဆူဆူညံညံ ကြားလိုက်မိရာ ကျွန်မကိုများ ညှို့ ယူ ဖမ်းစား ဆွဲချမလား စိုးရွံ့ နေမိ၏။
ကျွန်မ၏ ၀ိညာဉ်သည် ကျွန်မကိုယ်ကို ခေတ္တခဏ  စွန့် ခွာ ထားရစ်ခဲ့ကာကျောင်းစာသင်ခန်းဆီသို့  ကျော့ကျော့ကလေး ပြေးဝင်သွားသည်။
အလို..ကျွန်၏်ဆရာ ဦးမောင်မောင်လေးက “The  Brook  “ ဆိုသည့် ချောင်းကလေး အကြောင်း ရှင်းလင်း သင်ကြားနေပါလား။
I chatter chatter as I flow,
To join the brimming river,
For men may come and men may go,
But I go on for ever.
“နမ့်ပွန်တီ” ချောင်းကလေးက ဘယ်လို ဘာသာဗေဒနှင့်များ ရွတ်ဆိုပြေးလွှားနေသည်မသိ။ ကျွန်မကတော့ ၀ုန်းဒိုင်းကြဲ ပြေးဆင်းနေသော ရေသံကြောင့်အိပ်မပျော်နိုင်ဘဲ ချမ်းချမ်းနှင့် မီးလင်းဖိုကြီးဘေး ကွေးရင်း ရီချင်သလို ငိုချင်သလို။ ပျော်သလို  မပျော်သလို။
နောက်နေ့ မှာတော့ ကားဆရာသည် အအေးလွန်ကဲပြီး အအိပ်ကြီးနေသော သူ့ ကားကလေးကို ခက်ခက်ခဲခဲ ချော့မြှူ နှိုးနေရရှာသည်။        
 “၀ါးရှောင် “မှ ထွက်ခွာလာရာတွင်  လမ်းသည် တဖြည်းဖြည်းကွေ့ ကောက်လာသည်နှင့်အမျှ မြင့်တက်သွားသည်။ တောသည်လည်းပိုမို နက်ရှိုင်းလာသည်။ကားလမ်းသည် ပို၍ ပို၍ ကျဉ်းမြောင်းလာလေ  တောင်ကမ္ဘားယံ တောင်နံရံများနှင့် ပို၍ပို၍ နီးကပ်လေ။
ထိုမှ  “မန်ဝင်း”ရွာကြီးအရောက်တွင် (မြေပုံတွင် “ မန်မင်း “ဟု ရေးထားသော်လည်းဒေသခံများအသံထွက်လျှင် “မန်ဝင်း”ထွက်သည်ဟု ကျွန်မထင်ပါသည်)
“ဆဒုံး”ရွာ သွားကားလမ်းနှင့် “ချီဖွေ “ရွာ သွားကားလမ်း ဟူ၍ ကားလမ်းနှစ်ခုကွဲထွက်သွားသည်။
ဒရိုင်ဘာက “ချီဖွေရွာ”သွားကားလမ်းကို ဆက်လက်မောင်းနှင်လာခဲ့ရာ လမ်းဘေးဝဲယာတွင် ချောင်းငယ်မြောင်းငယ်ကလေးများ ရေတံခွန်စိမ့်စန်းငယ်ကလေးများ လှေခါးထစ်စိုက်ခင်းကလေးများ လက်ဝါးကပ်တိုင်စိုက်ထူထားသည့်ဘုရားရှိခိုးကျောင်းများ လူနေ
တဲအိမ်များ စာသင်ကျောင်းကလေးများ စသည် တခုပြီးတခု ကြိုးတိုကျဲတဲ  တွေ့ မြင်ရသည်။
“ခ ဖိုင်ရန်ကျေးရွာ “အလွန်တွင် ကျွန်မ တွေ့ ချင် မြင်ချင်လွန်းသည့် “ အင်မိုင်ခ” ခေါ် “မေခမြစ် “ကို လက်ဝဲဘက်တွင် ဘွားကနဲ တွေ့ မြင်လိုက်ရပါတော့သည်။၎င်းသည် “အီမောဘွန်း“ တောင်တန်း ဒေသမှ မြစ်ဖျားခံ စီးဆင်းလာခြင်းဖြစ်သည်ဟု ကျွန်မဆရာ ဦးတင်မောင်က သင်ခဲ့ဖူးသည်။မေခမြစ်သည် တခါတရံ ကားလမ်းနှင့်အပြိုင် နီးချီတခါ ဝေးချီ တလှဲ့ ဖြင့် ကလူသလို မြှူသလို လူကို ပြုစားနေရော့လား။
“ရှငေါ် ကျေးရွာ “အထွက် “ရှငေါ်ချောင်း “ကို ကျော်ဖြတ်ပြီးနောက်ကားလမ်းသည် တဖြည်းဖြည်းဦးမော့တက်သွားရာ တောင်ကမ္ဘားယံများမှာ ကျွန်မတို့ ၏ညာဘက်မှ နေ၍ အလွန်နီးကပ်မို့ မောက်စွာ မြင့်တက်တည်ရှိနေတော့သည်။ ကားလမ်းသည်လည်းတစတစနှင့် တတောင်ဆစ်ချိုးအကွေ့ များထူပြောလာပြီး မြွေလိမ်မြွေကောက်လမ်းများကို တရစ်ပြီးတရစ်ရှေ့  တူရူတွင်  ကြို မြင်နေရသည်။ကျွန်မအဖို့  တကြိမ်တခါမှ မြင်ဖူးခြင်းမရှိ
 မြင်ကွင်းအသစ် ရှုခင်းအသစ်များသာမို့  ထူးထွေသည့် အံ့ရာဟုသာဆိုရချေတော့မည်။
တခါတရံ ထိုတောင်ကမ္ဘားယံများကြားမှ ဦးချိုကားကားနှင့် ကျွဲ၀၀ဖီးဖီးကြီးများပေါ်လာတတ်ရာ ကျွန်မမှာ လန့်ဖြန့်ပြီး  “ အမေ “့ ဟု ယောင်ရမ်းအော်မိပါသေးသည်။ ဂျစ်ကားရှိရာသို့  များ ချော်ကျလာမလား စိတ်ဝယ် ပူပန်မိသည်။
တခါတရံ တောင်ကြားလမ်းအတိုင်း ဆင်းလာသည့် ပလိုင်းကြိုးနဖူးမှာ ချိတ်သိုင်းရင်း လက်မှ ၀ါဖန့်  လာသူ မရူးမများကိုသော်၎င်း။ခလေးငယ်များကို ကျောတွင် စောင်နှင့်ပတ်ရစ်ထုပ်ပိုးလာသည့် သားသည်အမေ လီဆူးမများကိုသော်၎င်း ရှမ်းဘောင်းဘီလို ရှမ်းတိုက်ပုံလို အနက်ရောင်ဝတ်စုံ ၀တ်ဆင်ထားပြီး အနက်ရောင် ခေါင်းပေါင်းနှင့် ပလိုင်း ဓါးလွယ် နှင့် လီဆူး ယောယင်စသည် တိုင်းရင်းသားများကိုလည်း တွေ့မြင်နိုင်ပါသေးသည်။
လမ်းသည် နှင်းများစိုစွတ်မှုကြောင့် ဖြစ်ဟန်တူ၏။နီကြန်စေးပြစ်နေတော့၏။
တဘက်တွင် အသူတရာ နက်မည့် ချောက်ကမ္ဘားကြီးက ခြိမ်းခြောက်လို့ နေသည်။တဘက်မှလည်း အလွန်တရာ မတ်စောက်လှသည့် တောင်ကမ္ဘားယံကြီးကာဆီး ပိတ်ဆို့ လို့ နေသည်။မေခမြစ်သည် ရိုင်းရ်ုင်းကြမ်းကြုတ်သည်ဟု စာရှိသော်လည်း ယခု မြင်နေရသည်မှာချောက်ကမ္ဘားကြီး၏ ခြေရင်းဝယ် ကျိုးနွံဝပ်စင်း တည်ငြိမ်စွာ စီးဆင်းနေသည်။အဝေးကမြင်ရသည်ပင် အေးဆေးငြိမ်သက်စွာ လဲလျောင်းနေသယောင်။
သူမသည် ဝေးသီခေါင်လွန်းသောမြောက်အရပ်ဒေသမှ လာရာလမ်းတလျှောက် တွေ့ သမျှ ကျောက်တုံးကျောက်ခဲများကို ပွတ်တိုက် သည်ယူပြေးလွှားစီးဆင်းနေရသဖြင့် သော်၎င်း၊အလွန်မြင့်မားသော ရေခဲတောင်ကြီးများမှ အရှိန်အဟုန်ပြင်းစွာ အမောတကော လှိမ့်ဆင်းလာရသည်ကြောင့်သော်၎င်း ရေစီးသန်ပြီးကြမ်းတမ်းသည်ဟု ဆိုကြသည်။ထို့ ပြင်
သူမသည် ကျောက်တုံးကျောက်ခဲ ပေါများကာ ကျဉ်းမြောင်းသဖြင့် လှေ၊ သင်္ဘောများ သွားလာခြင်း မပြုနိုင်၍ အသုံးမ၀င်ဟု ဆိုပြန်သည်။ဒါ့ကြောင့်ပင် သူမကို “ဆိုးသောမြစ်  “ “အင်မိုင်ခ“စသည် ခေါ်ဝေါ်ခြင်းဖြစ်ပေမည်။
သူမသည် တခါတရံ ပျောက်ကွယ်သွားလိုက် တခါတရံ ဘွားကနဲ ပေါ်လာလိုက်၊တခါတရံ တောင်စွယ် တောင်စောင်း အကြားမှ လျောကနဲ ပြေးဆင်းလာလိုက် လူကို ပြစားပြစား အလွန်လုပ်သည်။သူမသည် “မေလိခမြစ် “ နှင့် ပေါင်းဆုံရန် စိတ်စောနေခြင်းလည်း ဖြစ်နိုင်သည်။
ကားဆရာကတော့ ဘေးဘီကိုမကြည့်အား။တည်ငြိမ်အေးဆေးစွာ မရပ်မနား မောင်းနှင်လျက်။ကျွန်မမှာသာ ဘယ်အချိန် ချောက်ထိုးကျမလဲ တွေးပူနေသည်။မျက်စိမှိတ်ဘုရားတနေရသည်မှာ အမောပါပေ။ချောက်ကြီးကို အဝေးမှ ကြည့်ရသည်မှာ မူးဝေရစ်သီချင်စရာပေ။အကွေ့ တခုရောက်တိုင်း ကားဆရာက မနေမနား ဟွန်းတီးအချက်ပေးရှာသည်။ ဟွန်းသံသည် တောင်ကမ္ဘားယံကို ရိုက်ခတ်ကာ ပဲ့တင်သံအဖြစ် အဆက်မပြတ်ပေါ်ထွက်နေသည်မှာ မစဲနိုင် ။
မျက်နှာချင်းဆိုင်မှ မောင်းနှင်လာမည့် ကားကို ရှောင်လိုလျှင် တတောင်ဆစ်အချိုးကွေ့ မြေကျယ်ကျယ်ရောက်မှသာ တစင်းက ဘေးကပ်ရပ်ပေးပြီး   တစင်းက ရှောင်ထွက် သွားရသည်။
သည်လိုနှင့် ကျွန်မတို့ သည် မွန်းလွဲပိုင်းတွင် မေခမြစ်၏ကမ်းနဖူးဝယ် သေသပ်လှပစွာ ဆောက်လုပ်ထားသည့် “ချီဖွေရွာဗိုလ်တဲသို့ ” ဆိုက်ရောက်ခဲ့ကြပြီ။
“မြစ်ကြီးနား”မှ “ချီဖွေရွာ သို့ “ ၉၇မိုင် ကားလမ်းခရီးကို ချောမောစွာ အဆုံးသတ်နိုင်ခဲ့သော်လည်း “လောခေါင်နယ်ခြားမြို့တော်“ သို့  ခရီးဆက်ရန် ကျန်နေသေး၍ “ချီဖွေရွာ”တွင် ညအိပ်နားနေခါ အားမွေးပြီး ခရီးဆက်ကြရပါမည်။
စိမ်းသောတော၊ ပြာသောမြစ်၊နှင့် ဗိုလ်တဲ ဖြူဖြူကလေ့း သည် လိုက်ဖက်တင့်စွာ တည်ရှိနေသည့်အပြင် ကျွန်မတို့ ကို လှိုက်လှဲသောအပြုံးဖြင့် ကြိုဆိုဖို့ ကိုလည်း အသင့် ရှိနေပါလိမ့်မည်။
(နောင်အခါ လက်နက်ကိုင်သောင်းကျန်းသူတစုက ဗိုလ်တဲကို မီးတင်ရှို့ ခဲ့ကြသည်ဟု အစိုးရမှ ကြေငြာသည်)
ဗိုလ်တဲတွင် စုပြုံ ၀ိုင်းအုံ ရောက်ရှိလာသော ရွာသားများကို ကျန်းမာရေး တရားဟောရင်း ရွာလူကြီးမှတဆင့် ပါလာသောဆားများနှင့်  ဆေးများကို သူကအခမဲ့ ဝေငှပါသည်။ ရွာသားများမှာ ဆားများရသဖြင့် အားရရွင်မြူးနေကြသည်။တောင်ပေါ်ဒေသတွင် ဆားမှာ ရှားပါးပစ္စည်းဖြစ်နေသည်။
ဘာဘဲဖြစ်ဖြစ် ကျွန်မကတော့ မေခမြစ်ကလေးကို အနီးကပ် နှုတ်ဆက်ချင်ပါသေးသည်။
I chatter chatter  ,as I blow;
To join the brimming river;
For men may be come and men may be go,
But I go on for ever.
 လူတွေ  လူတွေမှာတော့  မွေးဖွားလာလိုက်ကြ သေလိုက်ကြ ။
ဆိုပါလား။ဟုတ်ပါတယ်။သူမကတော့  မပီဝိုးဝါးစကားတွေတွတ်ထိုးရင်း အနိုင်မခံ အရှုံးမပေး ပြေးရင်းလွှားရင်းနဲ့  ဘဲ ရှင်သန်နေဆဲ။တဲ့။
ဘာဘဲဖြစ်ဖြစ်
ကျွန်မ ဖွေးဖွေးလွလွ သဲသောင်ပြင်ပေါ်ဖြည်းဖြည်းကလေး လမ်းလျှောက်ရင်းက ခုလို သီချင်းကလေးတပုဒ် ငြီးလိုက်မိတယ်။
“သဲငွေ.. သောင်ကျွန်း .. ထွန်း .. တဲ့မြစ်ပြင်ကျယ်  ..ရေနဒီ မြသားရောင်လေး ချယ် …စိမ်း လို့  ကြည်တယ် စီးဆင်းရှာတယ် ..ပျိုချစ်သူကို .တမ်း တလို့ သာ  မယ် လွမ်းတယ်…”
ဆည်းဆာညနေ  မှုံပြေပြေကလေးမှာ ဘော်ငွေရောင် တောက်နေတဲ့ သဲသောင်ပြင်ပေါ် ဖြည်းဖြည်းလျှောက်ရင်း ကျွန်မ ဒီသီချင်းကလေးကို အားပါးတရ  သီဆိုလိုက်မိတယ် ။ပျော်လို့ လား ဆိုတော့ မဟုတ်ပါ။ အမှန်က ကျွန်မ အသဲ ကွဲ နေတာမို့  ကယောင်ကတမ်း အော်နေတာဖြစ်မှာ။
အလို ..နေရောင်ပျောက်နေပြီဘဲ ။ဗိုလ်တဲကိုပြန်မှဖြစ်တော့မည်။ကျွန်မငေးငေးတွေးတွေးနှင့်မြင်မြင်သမျှ လက်လှမ်းမှီရာ တောပန်း တောင်ပန်းတွေ တပွေ့ တပိုက်ခူးရင်း လမ်းပျောက်သွားသည်။လာရာလမ်းကို မမှတ်မိတော့။မြစ်ရိုးအောက်ကို လျှောက်သွားရင်းနှင့် ကံအားလျှော်စွာ ကားလမ်းပေါ်ကျွန်မရောက်လာသည်။ကားလမ်းအတိုင်းလိုက်လာရာ စေါစေါက ကျွန်မတို့  ဂျစ်ကားနှင့်အလာတွင် ဂျစ်ကားစတင်ဝင်ရောက်ရာ ဗိုလ်တဲ့အ၀ကို ရောက်လာမှဘဲ ကျွန်မ စိတ်အေးသွားတော့သည်.။အလာတုံးကတော့ ဗိုလ်တဲအောက်ချေကလမ်းကလေးအတိုင်းမြစ်ထဲ ဆင်းသွားတာဖြစ်သည်။အပြန်မှာ ထိုလမ်းကို ရှာ မတွေ့ တော့တာပါ။ဗိုလ်တဲအရောက်မှာတော့ ရွှေကိုယ်တော်က ဆီးဆူတော့သည်။
“မင်းကွာ..မပြောမဆို ဘယ်သွားတာလဲ ..၅နာရီ ထိုးပြီ   “
ဟုတ်ပါရဲ့ ။ကျွန်မကလည်း ကျွန်မ ထင်ရာ စွတ်လုပ်သည်။စိတ်ပူမည်ဆိုလျှင်ပူစရာပါ။ ဒါပေမဲ့ ..
“’ဒီအချိန်ဆို တောကောင်တွေ ထွက်ပီကွ မင်းသိလား။  ကျားကိုက်လို့ သေသွားမယ် ..ဘာမှတ်လဲ  “ တဲ့။ 
ပြောပုံက ။ ဆူလည်းဆူ  ငေါက်လည်းငေါက်။ ကျွန်မမကြောက်ပေမဲ့ စိတ်ညစ်သည်။ချိုသာပြေပြစ်စွာ ပြောလို့  မရပေဘူးလား။ပြောတော့လည်း မျက်နှာက စူပုတ်ပုတ်။ဒီအပြောမျိုးကျွန်မ မကြားချင်။ မကြားချင်ပေမဲ့ လည်း ကြားရပြန်ပြီ။ “၅နာရီ ထိုးပြီ ဘယ်သွားနေလဲ” ဆိုတာက ပါလာပြန်ပြီ။
လေသံကိုက။ အိမ်နှင့်ဝေးပြီမို့  ဆူသံ ပူသဲ မကြားရတော့လို့ ထင်ခဲ့ပေမဲ့ လာပြန်ချေပြီ။ မလွယ်ပါလား။လွတ်လပ်စွာ သွားလာခွင့် ကျွန်မ မရနိုင်ဘူးတဲ့လား။ဘယ်သူ့ဆီက တောင်းခံနေရဦးမှာတဲ့လဲ။
ဒါပေမဲ့ ။ဟုတ်ကဲ့ပါ။သွားမယ်ဆိုလည်း အသိပေးပြောဆိုရဦးမှာပေါ့လေ။ ကျွန်မ နည်းနည်းလိုသွားတယ်နော်။
ကျွန်မ ဘာ့ကြောင့် သူ့ နောက် လိုက်လာခဲ့ပါလိမ့်။သူနှင့် နှစ်ယောက်တည်း နေလိုသည့် ဆျန္ဒကြောင့်လား။မဟုတ်ပါ။
“မျက်စိ နား နှာခေါင်း၊လျှာ၊ကိုယ်၊ကာယတို့ ၏ အဆင်း အသံ အနံ့ အရသာ ၊အထိအတွေ့ တို့ နှင့် ပေါင်းဆုံခြင်းကြောင့် ဖြစ်ပေါ်လာသော သုခကို အာရုံတို့ ၏ အဆိပ်ချို ဟု ငါဆို၏ “ ဟု ဗုဒ္မမြွက်၏။ထိုအဆိပ်ချိုကို ကျွန်မ မက်မောစွာ သောက်သုံးလိုခဲ့ပါသလား။မဟုတ်ပါ လုံးဝမဟုတ်ပါ။
အချစ်၏ချိုမြိန်မှုကိုကျွန်မတွယ်တာကပ်ညှိမူးရစ်ခဲ့ပါသလား။ဒါကပိုလို့ပင် မဟုတ်နိုင်ပါ။အချစ်၏ချိုမြိန်မှုဆိုသည်ကို ဘာယ်လိုနားလည်ရမည်ပင်မသိခဲ။့
“အိပ်ယာထဲရောက်မှ ဒါဏ်ရာကို ဆနွင်းသိပ်ရတယ်” ဟု “ခင်နှင်းယု “က ဆိုသည်။ကျွန်မသည်လည်း ကျွန်မ၏အက်ကွဲစပြုနေသော အနာကို ညအခါ ရောက်မှ ဆေးထည့်ရပါသည်။  ရွှေကိုယ်တော်ကမူ ထုံးစံအတိုင် အိပ်မောကျလို့ နေသည်။သူ့  အနားတွင် ကျွန်မငုတ်တုတ်ထိုင် ပြီး  ကိုယ့်လုပ်ရပ်ကို ကိုယ် အခါခါ ပြန်လည်သုံးသပ်နေမိတယ်။ 
“ကောင်းကြီး ခုသည်ချိန်ခါ” ဖြင့် မစခဲ့ရသော ကျွန်မ။
မိမိကိုယ်ကို ဟင်းရွက် ကန်ဇွန်းသဖွယ် တန်ဘိုးချခဲ့သော ကျွန်မ။
သူသည် ကျွန်မကို လူသားတယောက်အနေဖြင့် လေးစားမှုမရှိ  စာနာမှုမရှိ၊ငါပိုင်ငါဆိုင်ပြီဆိုပြီး တဘက်လူသဘောဆန္ဒမကြည့် မိမိရလိုသည်ကိုသာ အရယူဖို့  အားထုတ်တတ်သူဖြစ်ကြောင်း ကျွန်မသိမြင်လိုက်ရတော့ ကျွန်မ သူ့ ကို ဒုတိယအကြိမ် စက်ဆုတ်ရွံရှာခဲ့တော့သည်။
၂၆။
လောခေါင်မြို့ တော်အရောက် ကားလမ်းဖေါက်လုပ်မည်ဖြစ်သော်လည်း ပြီးစီးခြင်းမရှိသေးသဖြင့်
ကျွန်မတို့ု့လားကိုယ်စီဖြင့် တောင်တက်ကြရပါမည်။
ချီဖွေဗိုလ်တဲရှိ မိတ်ဆွေ အချို့ကို ကျွန်မတို့  ချစ်ကြည်ရင်းနှီးစွာ လက်ဆွဲနှုတ်ဆက်ခဲ့ကြသည်။ကချင်ကျေးရွာ လူမျိုးစုများမှာ များသောအားဖြင့် ခရစ်ယန်ဘာသာကို ကိုးကွယ်ကြသော်လည်း နတ်ကိုးကွယ်မှုမှာလည်း ပပျောက်ခြင်းမရှိသေးပါ။
ငှားရမ်းထားသော လားသုံးကောင်တွင် တကောင်မှာ စားနပ်ရိက္ခာများတင်ဆောင်ခြင်းပြုရသည်။ လားမောင်းသမားမှာ ခြေလျှင်လမ်းလျှောက်လိုက်ပါမည်ဖြစ်ပြီး တကိုယ်လုံးမျက်စိနှစ်လုံးသာချန်၍ အ၀တ်မဲကြီးခြုံထားသည်။ခြုံစောင်ကြီးအောက်မှ ဘောင်းဘီပွပွကြီးမှာလည်း အနက်ရောင်ဖြစ်သည်။ ကျွန်မတို့ လည်း ဆွယ်တာထူထူ ဘောင်းဘီပွပွ နှင့် မာဖလာ့ လက်အိပ် ခြေစွပ်အစုံအလင် နွေးနွေးထွေးထွေး ၀တ်ကြရသည်။
ခွေးခြေလေးတခုကို နင်းကာ မမှီ့တမှီ ခြေနင်းကွင်းအတွင်းခြေကိုလျိုပြီး လားပေါ်ကုန်းတက်ရသည်။လားပေါ်အရောက်မှာတော့ ကျွန်မကြည့်ခဲ့ဖူးသော ဟောလီဝုဒ် ရုပ်ရှင်ကားထဲမှ မင်းသမီးလေးများလို ရုပ်ရှင်ရိုက်နေသလား ဟု စိတ်ကြီးဝင် ထင်မှတ်မှားလိုက်သေး၏။
လွမ်းစရာ့ နှင်းမှုံကြားဝယ် ကျွန်မတို့ လားများဖြင့် ခရီးစတင်ထွက်ခွာခဲ့ကြပြီ။ လားသည် ခြေကုပ်မြဲ၍တောင်တက်ကျွမ်းသည် မြင်းတွေလို တံတားကိုလည်းမကြောက်ပါတဲ့။ သူ့ သခင်က ကောင်းကောင်းလေ့ကျင့်ပေးထားသည်ဟု ပြောသည်။လားနှင့် အသားကျရင်းနှီးအောင် လည်ဆံမွေးများပွတ်သပ်ချော့မြှူရသည်ဟု ဆိုသည်။လားကလည်း ကျွန်မ၏ ချော့မြှူမှုတွင် နားလည်သဘောပေါက် အသိအမှတ်ပြု သည့်အလားခေါင်းလှုပ်လှုပ် ခြေလှုပ်လှုပ် တုံ့ ပြန်နေပါသည်။လားသမားပြပေးသလို ကျွန်မ ဇက်ကြိုးကို တချောင်းစီဟိုဘက် သည်ဘက် ဆွဲကြည့် လိုက် စုံဆွဲကြည့်လိုက် လုပ်ရသည်။အလျောအတင်းပြု အမျိုးမျိုးစမ်းသပ်ရသေး၏။ထို့ နောက် ကျွန်မတို့ လားကိုယ်စီဖြင့် တရွေ့ ရွေ့ လှမ်းထွက်ခဲ့ကြပြီ။
လားများက ဘယ်လိုဘဲ ယဉ်ကျေးပါသည်ဆိုဆို သူတို့  ပါးစပ်ပေါက်ကို  ခြင်းကြားစွပ်မထားသဖြင့် မကြာခဏ လူသွားလမ်းကို ဖဲ့ဆင်းကာချောက်ကမ္ဘားအစပ်ထိ ဦးခေါင်းစိုက်ငုံ့  မြက်စားတတ်သဖြင့် ကျွန်မမှာ လားပေါ်မှ ဦးခေါင်းဇောက်ထိုး ဂျွမ်းစိုက်ကျသွားမလား ထိတ်လန့် တကြား စူးကနဲ အော်မိလျှင် လားဆရာ အေးအေးဆေးဆေးပြုံးနေတတ်သည်။တခါတရံ ကျွန်မ၏ အကြောက်ကြီးပုံကို မြင်ရလျှင် ရယ်တောင် ရယ်နေတတ်ပြန်သည်။မကြောက်ဖို့  လက်ဟန် ခြေဟန်ဖြင့် ပြောသည်။
ကျွန်မက ဇက်ကြိုးကို တင်းတင်းဆွဲ ခေါ်ပေမင့် သူက မဖြုံချင်။ ပေတေတေကပ်တပ်တပ်။ ကြာတော့ ကျွန်မက အရှုံးပေး ပြီး ဇက်ကြိုးကို အလိုက်သင့်ထိန်းရင်း ပေါ့ပေါ့ပါးပါးသာ လိုက်ပါခဲ့ရသည်။
တခါက ကျွန်မအမ ၀မ်းကွဲ တယောက်ကို “မမရယ် ညီမလေး ဘယ်မှလဲ မရောက်ဖူးဘူး။ သူငယ်ချင်းတွေ ကျိုက်ထီးရိုးဘုရားဖူးသွာကြတယ်။  တချို့ ဆို ဖေါင်တော်ဦးတို့  အင်းလေးတို့ သွားကြတယ်။ ညီမလေး သွားချင်လိုက်တာ  “  လို့  ပြောခဲ့ ဖူးတာ ပြေးသတိရသည်။ကဲ ခု ရောက်မဲ့ရောက်တော့လဲ စွန့် စားခန်းတွေ တလှေကြီးနှင့်ပါကလား။ မြန်မာပြည် အခေါင်အဖျား နယ်ခြားဒေသ ကချင်ပြည်နယ်ဒေသမြို့ တော်သို့ ။
အဲဒါကိုတော့ ကျွန်မအလွန် ကျေနပ်သည်။ပျော်လည်းပျော်မိသည်။
တောင်တောသည် သာယာလှ၏။တောင်တော၏ သာယာပုံကို ကာဠုဋ္ဌာရီ အမတ်သည် ဘုရားရှင်အား ဂါထာ၆၀ပျို့ ဖြင့် ပင့်လျှောက်ခဲ့သည်။တဲ့။
ကျွန်မခု ရောက်နေသော နေရာတွင် ရေတံခွန်တို့ သည် ဟိုမှသည်မှ ဖြာကျနေကြသည်။ချယ်ရီပန်း ကလေးများသည် လူတို့  ချိုးယူနိုင်ခြင်းမရှိသဖြင့် ပကတိအတိုင်းပြန့် ကြဲဝေဆာစွာ နေရာအနှံ့ဖူးပွင့်နေကြသည်။အမျိုးအမည်မသိသစ်ခွနှင့်အခြားတောပန်းတောင်ပန်းများမှာ အသက်ရှူမှားလောက်အောင်ပင်လှပဝေဆာစွာ ပင်မြင့်ဝယ်အံ့မခန်းတွယ်ကပ်ရှင်သန်နေကြသည်။
ငှက်ရောင်စုံကလေးများကဟိုဟိုဒီဒီပျံသန်းရင်း  သနားစဖွယ် တွတ်တီးတွတ်တာအော်မည်နေကြသည်။
ကျွန်မတို့  ချီဖွေရွာ မှ မော့ကြည့်ခဲ့ရသည့် တောင်ကုန်းမြင့်မြင့်အချို့ သည် ယခုအခါ ကျွန်မတို့  ခြေဖ၀ါးအောက်ဝယ် ပြားပြားဝပ်နေကြရှာပြီကော။ တဖြည်းဖြည်းနှင့် ဝေး၍ ဝေး၍ နောက်မှာ ကျန်ရစ်ခဲ့ပြီတကား။
သည်လိုနှင့် အတော်အတန် ခရီးပေါက်ခဲ့ကြပြီး ကျွန်မတို့  အားလုံး လူရော လားရော စခန်းချအပန်းဖြေကြရန်      တောင်ကျရေတံခွန်တခုအနီးရှိ ၀ါးတဲလေးတခုကို ရွေးချယ်လိုက်ကြသည်။ ၀ါးတဲလေးမှာ SAE ဌာနမှလမ်းလုပ်သားများနားနေရန်ယာယီဆောက်လုပ်ထားတာဖြစ်သည်။တဲလေးမှာ ခိုင်ခန့် ရုံသာမက ကျယ်ဝန်းပြီး အိပ်စင်ကလေးပါရှိသည်။
ကျွန်မတို့ သည် ပါလာသော ငါးသေတ္တာဗူးနှင့် ပေါင်မုံ့ ကို အဟာရ အဖြစ် ဖြည့်တင်းလိုက်ကြပြီး စစ်သုံးရေဗူးအတွင်းမှ ရေနှင့် ဂလူးကို့ စ်ကို သံပုရာရည်ရော၍လည်း အားဖြည့်ကြသည်။
လားသမားကမူ ကျွန်မတို့ ကြွေးသည်ကို မစားဘဲ  သူ့ တွင် ပါလာသော ထမင်းထုပ်ကိုဖြည်ကာ ရေတံခွန်လေးအနား သွားစားပြီး ရေတံခွန်မှ ရေကို တောင်စွန်ရွက်လေးဖြင့် ကံတော့လုပ်ယူလာသည်။
သူပေးသော ရေကို ကျွန်မ ကျေးဇူးတင်စွာဖြင့် စိတ်ချလက်ချသောက်ပလိုက်တယ်။လားပေါ်မှ ဆင်းစဉ်က အထိုင်များပြီး ပေါင်တွေကွတကွတ ဖြစ်နေသဖြင့် ခြေလျှင် တလှည့် လျှောက်ကြပါသည်။လားဆရာက  လားများကို ကြိုးဖြင့် ဆွဲခေါ်လာသည်။
ဖေါက်လုပ်ဆဲ လမ်းသည် တောင်နံရံများကို ထွင်းဖဲ့ပြီး လမ်းဖေါ်ထားခြင်းဖြစ်ရာ အကွေ့  အကောက်များတာ မဆန်းပါ။ ကားနှစ်စင်းရှောင်သာအောင် ဖေါက်လုပ်ထားခြင်းဖြစ်၍ လမ်းမှာ များစွာကျယ်ဝန်းနေသည်။
နှစ်မိုင်လောက် လမ်းလျှောက်အပြီး မှာတော့ ကျွန်မ ခြေတွေနာလာသဖြင့်  လား ပေါ် ပြန်ထိုင်လိုက်ရတော့တယ်။
ကျွန်မတို့ လာရာ လမ်းတလျှောက်မှာ တောင်ကျရေကို ၀ါးရေတံလျှောက်ဖြင့် ခံယူပြီး ရေမောင်းများက အလိုအလျှောက် မောင်းထောင်းဆံဖွတ်ပေးတဲ့မောင်းဆုံများ မကြာခဏ တွေ့ ရသည်။
ရေတခွန်မှ ကျလာသည့်ရေကို  ၀ါးရေတံလျှောက်ဖြင့် ခံယူပြီး ကျည်ပွေ့ ပါသောမောင်းတံထဲ ရေဖြည့်ကာ ရေဖိအားများလာတော့ မောင်းတံက အောက်စိုက်သွားပြီး မောင်းဆုံအတွင်းက စပါးကို ထောင်းတော့ ဖွတ်တော့သည်။ရေများဖွေးကနဲ လွင့်စင်သွားချိန်တွင် မောင်းတံက အပေါ်မြောက်တက်သွားပြီး တဖန်မောင်းတံအတွင်းသို့  ရေများပြည့်လျှံလာပြန်သည်။ပြည့်လျှံလာသောရေအားဖြင့် မောင်းဆုံက စိုက်ကျသွားကါ စပါးကို တဖန် ထောင်းတော့သည်။ ဒီနည်းနှင့် ထောင်းနေသော ရေမောင်းကို ထားခဲ့ပြီး တောင်ယာလယ်တောသွား စိုက်ပျိုးထွန်ယက် ညနေ မိုးချုပ်မှာ ပြန်လာသိမ်းယူကြသည် ဆိုဘဲ။ သူခိုးသူဝှက်မရှိခြင်းက လူသားတို့  ကို လုံခြုံ စိတ်ချစေသည်ထင့်။
ဒေသခံ တိုင်းရင်းသားများမှာ တောင်ယာခုတ်ခြင်း၊ စိုက်ပျိုးခြင်း။ အမဲလိုက်ခြင်း။ကြက်မွေးခြင်း။ထင်းခွေခြင်းစသည် တို့ နှင့် အသက်မွေးကြသည်တဲ့။
“တောမျောက်က ကြိုးခွေ ၊
စိမ့်ကြီးမြှောင် ချောင်က ၊
ရွှေဖိုးခေါင် သံချို ညောင်း၊
ဒေါင်းကအိုးဝေ ။
တောင်တံပြက် ကျောက်စက်ကျစမ်းရေ၊
ထွေထွေစိမ့်ကြည်အေး။
အို နောင့်တည်းဟာမို ၊့
ရွှေသဲမှာ ကြွေ့ ကြွေ့ ဆူလှတယ်၊
နန်းသူကြောင့်လေး။   “    ။တဲ့။ ဦးကြင်ဥ က ဆိုသည်။
ကျွန်မအသဲတွေ ကြွေ့ ကြွေ့ ဆူနေတာက ဘယ်သူမပြု မိမိမှု ဘဲ ဖြစ်ပါလိမ့်မည်။
လမ်းတွင် ဒေသခံတိုင်းရင်းသူကလေးများကို နှစ်ယောက်တတွဲ သုံးယောက်တတွဲ သွားလာနေတာ
တွေ့ မြင်နေရတယ်။မြို့ ကြီးသူတွေလို လိမ်းချယ်မထားပါဘဲနှင့် ပါးကလေးတွေ နီရဲနေသည်မှာ အလွန်ချစ်စရာကောင်းသည်။အသားအရည်လည်း ၀င်းမွတ်နေသည်။ ဖိနပ်မစီး။ သန္တာပုတီးကုံးများ အထပ်ထပ်လည်မှာ ဆွဲသည်။ငွေနှင့်လုပ်သော  လက်ကောက် လည်ဆွဲ စသည် ဆင်ယင်ကြသည်။ခေါင်းတွင်မူ တဘက် ထူထူကြီးကိုသာ ပတ်ရစ် ထားသည်။ တချို့ က ခါးမှာ 
အစင်းရောင်စုံပါသော သင်တိုင်းကို ပတ်၍ ခါးစည်းကြိုးနှင့်ချည် ၀တ်သည်။အချို့ က မူ အနက် ခရမ်း အစင်းပြားကြီးများပါသော လုံခြည်ကို ကွင်းလိုက်စွပ်ပီး ခြေသလုံးသားတုတ်တုတ်ခဲခဲ ပေါ်ပေါ်ကြိုးချည် ၀တ်သည်။
အမျိုးသားများက တော့ အနက်ရောင် ဘဲ ၀တ်ဆင်ကြသည်။လွယ်အိပ် ၊၀ါးဗူး နှင့် ဓါးရှည်က မပါမဖြစ် အမြဲ ဆောင်ကြသည်။
တခါတရံ လျိုမြောင် ချောက်ကမ္ဘားဆီကလား၊ တောင်ယာစိုက်ခင်းဆီကလားမသိနိုင်သော အဝေးတနေရာမှ.လေနှင့်အတူပျံ့ လွင့်လာာသည့် ပုလွေသံ တချက်တချက် ကြားရသည်။ပုလွေသံကို ကြားပြန်တော့ ကို ဇော့်ကို အမှတ်ရလိုက်တာ။ ကိုဇော်က ပုလွေမှုတ်တော်သည်။ပုလွေပေါက်တွင် ကပ်ရန် ပင့်ကူမရှိသော ပင့်ကူမြှေးများအိမ်နံရံတွင် လိုက်ရှာခွာကြတာ အမှတ်ရလိုက်တာ။
သူမို့  ပုလွေမှုတ်ရင် လွမ်းဖို့ သာ ပြင်ပေရော့။
“ပိတုံး..ရောင် ..ကေ…သာ…..ဖြန့် လိုက်ရင် ..တကိုယ်လုံး….ဝေေ၀ဆာဆာ လွင် လွင် ..မင်းဂံဘုတ်ရွာသူများ…အသားတော်..၀င်း….၀င်းးလို့  ၀ါဝါ ရီရွှင် …ကြည်ကြည်  လင်လင် …”
အဖွဲ့ အနွဲ့  အလှည့်အပြောင်း တွေနှင့်ခက်ခဲသော သံစဉ်များကို နားဝင်ပီယံဖြစ်အောင် ပေါ့ပေါ့ပါးပါး လေးမှုတ်သွားတတ်သည်။
ကျွန်မအိမ်မှ ထွက်ခွာလာစဉ် သူ ရန်ကုန် တက္ကသိုလ် တတိယနှစ် ရောက်နေပြီဖြစ်သည်။
တောအထပ်ထပ် တောင်အသွယ်သွယ် ပွေဝိုင်းနေသော တောကြီးမျက်မည်းတွင် ကျွန်မတို့ အဖွဲ့  ခရီး၏ သုံးပုံ နှစ်ပုံ ကျော်ခဲ့ပြီဟု        လားသမားကပြောသည်။(သူက ကချင်စကားပြောတတ်သူမို့  လားဆရာနှင့်ပါတီကျလှသည်။)
ကျွန်မတို့ လာလမ်းကို ပြန်ကြည့်လျှင် တောင်စဉ် တောင်လွှာ တွေ အထပ်ထပ် ၀န်းပတ်ကာရံနေခဲ့ပြီ။ရှေ့ ကို မျှော်ကြည့်ရင် လည်းတောင်စောင်း တောင်နှာမောင်း တောင်စွယ်တို့  အထပ်ထပ် ကန့်လန့် ခံ ပိတ်ဆီးထားလေပြီ။
 မြေနီရွှံ့ စေးတို့ ဖြင့် စေးကပ်နေသည့် ပြောစိစိ မြေနီလမ်းသည်ပင် အဝေးကကြည့်ပါက ချစ်စရာ့ မြေနီလမ်းကလေးပေါ့။
လူနေအိမ်ခြေ ငါးဆယ်လောက်သာရှိမည့် ရွာကလေးတရွာသို့  ကျွန်မတို့  ဆိုက်ရောက်ခဲ့ပြီး ဈေးဆိုင်နှင့်တွဲထားသည့်အိမ်လေးတလုံးတွင် ကျွန်မမမြင်ဖူးသော ချိန်ခွင်ခွက် တခုတည်းပါသည့် မောင်းတံက  ပစ္စည်းတခုကိုချင်တွယ်နေတာ ထူးထူးဆန်းဆန်းမြင်ခဲ့ရသည်။
ညနေစောင်းလာပြီဆိုရင်တော့ အအေးဓါတ်က လွန်ကဲလာပေပြီ။ လေကလေးဝှေ့ တယ်ဆိုရင်ဘဲ ချမ်းစိမ့်ကြင်ခဲ လာသည်။
မကြာမီ မှာပင် ခရီးအဆုံးသို့ ရောက်ရှိတော့မှာဖြစ်ကြောင်း လားဆရာက ဆိုသဖြင့် ကျွန်မမှာ ၀န်းကျင်အသစ်နှင့်ထိတွေ့ ဆက်ဆံရတော့မည်ဖြစ်၍ စိတ်လှုပ်ရှားရင်ခုန်စွာ စောင့်စားနေမိသည်။ နောက်ထပ် နှစ်နာရီနီးပါး ဦးမော့ တက်ခဲ့ပြီးချိန်မှာတော့ ကျွန်မတို့  မျှော်လင့်နေသည့်” ချီဖွေရွာ “ ကနေ လှမ်းမျှော်ကြည့်ရှု နေရသည့် “လောခေါင်နယ်ခြားမြို့တော်ကလေး “သို့   ပိုင်ပိုင်ကြီး ဆိုက်ရောက်ခဲ့ကြပြီဖြစ်သတည်း။
တောင်ကြီးဖ၀ါးအောက် ဆိုသလို  မြင့်မား မတ်စောက်လှသည့် တောင်ပတ်လမ်း များစွာ ကျော်လွှားဖြတ်သန်း ပြီး တထပ်ချင်း တထပ်ချင်း တလွှာချင်းတလွှာချင်း  တဆင့်ချင်းတဆင့်ချင်း တက်ရောက်ချေချ နိုင်ခဲ့ပြီမို့  ကျွန်မ အားရ ကျေနပ် ခဲ့ပါသည်။ဝမ်းသာကြည်နူးမှုလည်း ဖြစ်ခဲ့ရသည်။ ရွာထဲမှ ခလေးလူကြီး ပြေးထွက်လာခါ ကျွန်မတို့ ကို စူးစမ်းကြသည်။ဝိုင်းဝန်းကြည့်ရှုကြသည်။ သူတို့  ချင်း လည်း တီးတိုးတီးတိုး ပြောကြ ဆိုကြ သည်။ကျွန်မကမူ လားပေါ်မှနေ၍ ရွှင်ရွှင်မြူးမြူး ကြည်ကြည်နူးနူး အားလုံးကို ဝေ့၀ဲ  လက်ပြ နှုတ်ဆက် နေမိသည်။
ကျွန်မလားပေါ်မှ ခုန်ဆင်းလိုက်ပြီး ခရီးလမ်းတလျှောက် ချောမောစွာ မရပ်မနား သယ်ဆောင် ခေါ်တင်ခဲ့ရှာသည့် ကျွန်မ၏ မိတ်ဆွေ လားလိမ္မာကလေးကို လည်ဆံမွေးများသပ်ပေးရင်း တချက်ကလေးဖွဖွ နမ်းမိသည်။ “ကျေးဇူးကမ္ဘာပါ “
လို့    ကျွန်မဆိုတော့ သူက နားလည်သလိုလို မျက်စိ ပေကလပ်နှင့် သနားကမားလုပ်ပြနေသည်။
 ခွဲခွာဖို့   တောင် စိတ်မကောင်းဖြစ်ရတယ်။
ချက်ခြင်းဆိုသလို Compounder ခေါ် ဆေးစပ်မှူး က မိသားစုနှင့်အတူ လာရောက်တွေ့ ဆုံနှုတ်ဆက်သည်။ ကျွန်မတို့ နေရန် အခန်းကို သူက စီစဉ်ပေးသည်။လက်ရှိသူနေထိုင်သည့် MO (Medical officer )အိမ်မှာပင် တယောက်တခန်းစီ ခွဲဝေ ပေးခြင်းဖြစ်သည်။
သူတို့ က ကျွန်မကို “ဆရာဂျန် “တဲ့။ ဗမာလို “ဆရာကတော်” ခေါ်သည်။ ကျွန်မ၏ ရွှေကိုယ်တော်ကိုမူ “ဆရာဝန်“လို့  သုံးနှုံးခေါ်ဝေါ်သည်။(နောင်တွင် ကျွန်မကလည်း ဆရာ ဟု သုံးစွဲ ပါမည်။)
ကျွန်မတို့ တွင် ပါလာသော ဆားနှင့် ပုဇွန်ခြောက်အချို့  ဆရာ က ခွဲဝေပေးတော့  အလွန်ကျေးဇူးတင်တယ် ဆိုတာ အကြိမ်ပေါင်းများစွာ ပြောကြားကြတယ်။
“လောခေါင်  “် တွင်MO ခေါ် တာဝန်ခံမြို့ နယ် ဆရာဝန် တဦး ခန့် ထားသော်လည်း ကြာရှည်မနေ။ ဆေးစပ်မှူးနှင့် Midwife ခေါ် သားဖွားဆရာမတဦး၊ road sweeper ခေါ် သန့် ရှင်းရေးအလုပ်သမားတဦးသာ ခန့်ထားသည်။ဒါ့ကြောင့် တိုက်နယ် ဆေးရုံတွင် ကျန်းမာရေးမှူးဋ္ဌာနမှ အမြဲတမ်းနေထိုင်ရမည့် လက်ထောက်ကျန်မာရေးမှူးတဦးကို ခန့် ထားစေလွှတ်လိုက်ခြင်းဖြစ်သည်။ MO ကမူ လေးငါးလမှ တကြိမ်လောက် တညအိပ်နှစ်ညအိပ်လောက်နေ ပြန်သွားသည်ဟု ဆိုသည်။ နောက်ဆုံးတာဝန်ထမ်းဆောင်ခဲ့သူမှာ ပန်ချာပီလူမျိုး တဦးဖြစ်သည်ဟုဆိုသည်။
ကွန်ပေါင်ဒါမိသားစုမှာ အလွန်ဖေါ်ရွေကြပါသည်။
အိမ်ကလေးကလည်း ချစ်စရာ။ မှန်ပြတင်းနှင့်။လှေခါးငါးထစ်ရှိသည်။ခြေတံရှည် အုတ်ကျွတ်မိုးသည်။လောခေါင်တောင်တန်းကြီး၏ အလယ်ခေါင် မြေနိမ့်ပိုင်းတွင် တည်ရှီပြီး လိမ္မော်၊ချယ်ရီ၊ စသည် အပင်ကြီးများအုပ်မိုး ၀န်းရံထားသည်။ ဆေးရုံနှင့်လည်းမဝေးလှပါ။ အိမ့်အနောက်တံခါးမှ ထွက်လိုက်သည်နှင့် ဆေးရုံကိုရောက်တော့သည်။ ဆေးရုံနှင့်အိမ်အပြင် တော်တော်များများ အဆောက်အဦတွေက အင်္ဂလိပ်ခေတ်အကြွင်းအကျန်များဟုဆိုသည်။ အကောင်းပကတိရှိပါသေးသည်။
ချီဖွေမှ ကြည့်လျှင် ရေးရေးမြင်နိုင်သော ပူးယှက်နေသည့် ကျောက်တုံးနှစ်တုံးမှာ ဆေးရုံအနီးတွင်ရှိပြီး ဤအိမ်ကလေး၏အနောက်ဘက် တောင်တက်လမ်းထိပ်ဝမှာ တည်ရှိနေသည်။ဆေးရုံနှင့်အိမ်အကြားဟု ဆိုနိုင်သည်။ ထိုတောင်တက်လမ်းမှာ  ကျွန်မတို့  လားဖြင့် တက်ခဲ့သည့် လမ်းလည်းဖြစ်သည်။
ကျောက်တုံးကိုရှောင်၍ တောင်နှာမောင်းလေးတခုပေါ်  ဖဲ့ဆင်းသွားလျှင် တော့ အိမ်သာတလုံး ကောင်းကောင်းကို တွေ့ ရမှာဖြစ်သည်။
ကွန်ပေါင်တာကတော်က ကျွန်မချိုးဖို့ ရေကို ရေနွေးစပ်ပေးသည်။ မီးလင်းဖိုကြီးတွင် ထင်းအပြည့်ဖြင့် အိပ်ခန်းကို အနွေးဓါတ်ပေးထားရာ  တခန်းလုံး နွေးထွေးနေသည်။
ရေကို ချွေတာဖို့ မလိုကြောင်းနှင့် တောင်ကျရေကို သံပိုက်လုံးရော   ၀ါးပိုက်များရောသုံးပြီး အုတ်ကန်ကြီးတွင် သိုလှောင်ကာ တမြို့ လုံးကို ပေးဝေနေကြောင်း ပြောပါသည်။ ထမင်းကို ကျွန်ပေါင်ဒါကတော်ကပင် ချက်ပြုတ်ကျွေးမွေးရာ အိမ်မွေးကြက်တကောင် လျော့ပါးသွားကြောင်း ကျွန်မသိလိုက်ရသည်။ ကျွန်မအဖို့ တော့ မုံညင်းဖူးသည် အကောင်းဆုံးဟင်းတခွက် ဖြစ်ပါတော့သည်။
ညတွင် ခရီးပန်းခဲ့သဖြင့်  တုံးကနဲ အိပ်ပျော်သွားခဲ့သည်။  မနက်  အိပ်ယာမှ နိုးလျှင် နိုးချင်းကျွန်မ အင်္ကျီထူထူ တထည် ကောက်စွပ်ကာ အိမ့်ပြင်ဘက် ရှောက်ကြည့်သည်။ ရေခဲမှုံများနှင့် ဆီးပက်သလို တမျက်နှာလုံး ကြင်ခဲသွားပြန်သည်။ 
ချီဖွေတွင် နှစ်ရက်တာနေခဲ့စဉ်အတွင်း ဘယ်လိုများရောက်အောင်တက်ရမလဲဟု ပူပန်ခဲ့ ရသော လောခေါင်တောင်တန်း  ကြီးသည် ယခုတော့ဖြင့် ကျွန်မ၏ခြေထောက်အောက်ဝယ် ၀ပ်စင်းနေလေပြီ။ သူ့ ထက်ပိုမိုမြင့်မားသည့် တောင်များသည်လည်း ဆင့်ကဲ ဆင့်ကဲ ၀န်းရံ တည်ရှိနေသေးသည်။ ဘယ်ကိုကြည့်ကြည့် ဖြူဖြူဖွေးဖွေး ရေခဲနှင်းမှုံများ ထူပြိန်းဖုံးအုပ်နေသော တောင်စဉ်တောင်တန်းများသာ နေရာအနှံ့ မင်းမူနေသည်ဘဲ။
ဆေးရုံ၏ ဟိုမှာဘက်တွင်  ဘောလုံးကွင်းတခုက တမျှော်တခေါ် နေရာယူထားသည်။
ကျွန်မမညာချင်ပါ။ ဒီအိမ်ကြီးနှင့်ဝေးရာ တခြားကမ္ဘာတခုကို ခေါ်သွားပေးပါ စိန်ကျောက်တွေ မလိုပါ။တောပန်းတောင်ပန်းလေးတွေ နဲ့ သစ်လုံးအိမ်ကလေးနဲ့  နေချင်ပါတယ်လို့ ကိုကို့ ကို  ပူဆာခဲ့ဖူးသည်။ဒါပေမဲ့ ခု ဒါတွေ ဖန်တီးပေးသူက ကိုကို မဟုတ်ဘူးလေ။ အော် မိကေခိုင် ခလေးနှမကို မုန်းရစ်ပါလေဦး။ကိုကိုရယ်။
 “နက်ရှိုင်းလှစွာ ၊ မြစ်တကာလည်း။ ဖြောင့်တာမရှိ၊ ကွေ့ ကောက်ဘိသို့ ၊ “ လို့ များ ကိုကို ဆိုလေမလား။
“ မိန်းမဆိုတာ ဆောင်းလေပမာညီ.. အတွင်းသဘော ဘယ် မတည် ပြောင်းလဲ တတ်သည်   “ လို့ များ ကိုကိုဆိုမလား။
၂၆။
“လောခေါင်မြို့ တော်” နယ်ခြားဒေသသည် ပထ၀ီအနေအထားအရ မြန်မာပြည်၏အရှေ့ မြောက်ဘက် တောင်ကုန်းတောင်တန်းတွင် ပါဝင်၍အမြင့်ပေ ၄၀၀၀ မှ ၅၀၀၀ အထိ ရှိသည်။နှစ်စဉ် ပျမ်းမျှ မိုးရေချိန်လက်မ ၁၀၀မှ ၁၂၀အထိ ရွသွန်းလေ့ရှိပြီး အမြဲစိမ်းလန်းစိုစွတ်သော ရာသီဥတုရှိသည်။  ထင်းရှူး၊ သစ်အယ်၊သစ်ချ စသည် ထူထပ်စွာ ပေါက်ရောက်သည်ဆီးနှင်းဖုံးလွှမ်းသော ဥတုရှိသည်။ တဲ့။
တိုငိးရင်းသားများမှာ အများအားဖြင့် မရူး။ လီဆူး။ ယောယင်၊ ခန္တီးရှမ်း စသည် မှီတင်းနေထိုင်ကြပြီး အမဲလိုက်ခြင်း တောင်ယာလုပ်ခြင်း။ ဂျပ်ခုတ်ခြင်း။ဥယျာဉ်စိုက်ခြင်း။ကြက်မွေးခြင်းဖြင့် အသက်မွေးကြသည်။အခြားရွာများနှင့်စာလျှင် လောခေါင်မြို့ သည် အစိုးရ ရုံးစိုက်သဖြင့် လူနေအိမ်ခြေ ထူထပ်သည်။
( နောင်အခါ ချီဖွေ သို့  ပြောင်းရွှေ့ ရုံးစိုက်ခဲ့သည်)လောခေါင်မှ ထောဂေါ့၊ ဆော့လော်၊ ဖီမော် ၊ဂေါ့လန်၊ ကန်ဖန် တို့ သို့  သွားရောက်နိုင်သည်။
( နောင်တွင် ထိုရွာကြီး သုံးရွာမှာ တရုပ်လက် ပေးအပ်လိုက်ရသည်။ ကျွန်မတို့ နေသော အိမ်ကလေးအနောက်ဘက် တောင်တက်လမ်းမှ နေ၍ စစ်သေနာပတိ ဗိုလ်ချုပ်ကြီး နေ၀င်း ဦးဆောင်သော အဖွဲ့ သည် တရုပ်နှင့်အငြင်းပွားခဲ့သော ဖီမော် ဂေါ့လန် ကန်ဖန် ရွာများသို့  သွားရောက်ခဲ့သည်။)
ဆီးနှင်းခဲများ အမြဲ ထူထပ် သိပ်သည်းနေသည့် ပေ ၁၃၀၀၀အထက် မြင့်သော တောင်များကို ကျွန်မမျက်စိဖြင့် ထင်ထင်ရှားရှား မြင်တွေ့ နေရပါလား။ အနီးကလေးထင်ရပေမင့် အမြင်နီးခရီးဝေးသည့်တောင်ပါ။
 နွေအခါ ထိုရေခဲဖုံးတောင်တန်းများပေါ်သို့ မချစ်ဆေးဥ  တူးဖေါ်သူများ ၊ သားမင်း ကတိုး နှင့် တောင်ဆိတ်ရှာသူများ တက်ရောက်လေ့ရှိသည်တဲ့။ မြေငလျင် မကြာခဏ လှုပ်တတ်    ပြီး မိုးရာသီတွင် မိုးကြိုးမုန်တိုင်း နှင်းမုန်တိုင်းများ ကျရောက်တတ်သည်ဟု သိရှိရပါသည်။
ကွန်ပေါင်ဒါကတော်မှာ  အသားညိုသော်လည်း ပါးချိုင့်လေးနှင့် ချစ်စရာကောင်းသည်။ကျွန်မထက် ၆နှစ်ကြီးပြီး ၆လအရွယ် သမီးကလေးတယောက်ရှီသည်။ ခလေးကလည်းပါးချိုင့်ကလေးနှင့်ပင်။
သူမသည် ခလေးကို ကျောတွင် စောင်ဖြင့် ပတ်ရစ်ထုပ်ပိုးကာ အလုပ်လုပ်တတ်သည်။ မရူးမလေးဖြစ်သဖြင့် မရူးသီချင်းလေးတအေးအေးဆိုရင်း အလုပ်လုပ်နေတတ်၏။ ပျော်ပျော်လည်းနေတတ်သည်။ကခြင်း၊သီခြင်းကို ရှက်ရွံ့ တတ်သူမဟုတ်ပါ။ပွင့်လင်းရဲတင်းစွာလုပ်သည်။မနောက ထောင်ကာအက များကျွန်မကို သင်ပေးသည်။ကျွန်မက ရှက်နေသည်။ မခက်လား။
တောင်ပေါ်ရောက်စတွင် ကွန်ပေါင်ဒါကတော် ချက်ကြွေးသမျှ ဧည့်သည်လို မှိန်းစားနေ၍မဖြစ်တော့ပါ။ကျွန်မ ထမင်းချက်ရတော့မည်ထင်သည်။အင်းလေ ..ကိုယ့်ထမင်းကိုယ် ချက်စားရတော့မှာပါ။ သူမပေးလာသည့် ရွှေပဲသီးစိမ်းစိမ်းစိုစိုကလေးများ ခရမ်းချဉ်သီးနီနီရဲရဲ လုံးလုံးငယ်ငယ်ကလေးများ ရှိထားသည်။သန့် ရှင်းရေးသမား” ရေ ဗွန်(မ်) “ က ရေခပ်ထားပေးသည်။ထင်းခွေထားပေးသည်။ ထမင်းအိုးတလုံး။ ရေနွေးအိုးတလုံးနှင့် ဆွမ်ထန်ခြောက် မျှစ်သိုခြောက် ဆားငရုပ်သီးတောင့်တို့ ဖြင့် ဟင်းချို တခွက် ချက်ပေးသည်။ ကျွန်မတို့ က အာဂျီနိုမိုတို ခေါ် ဂျပန် ဟင်းခတ်မှု့ တမျိုးဖြင့် ဖြည့်စွက်ခပ်သောက်ကြရသည်။ ချဉ်ပြုံးပြုံးလေး အရသာ တော်တော်ကောင်းသည်။ မီးဖိုမှာ အိမ်၏အနောက်တွင် သီးခြား နှစ်ခန်းတွဲရှိသည်။ လှေခါးထစ် ၅ထစ်ဆင်းရသည်။
နောက်နေ့ တွင် ဆရာဝန်က  ကွန်ပေါင်ဒါနှင့် သားဖွားဆရာမတို့ ကိုခေါ်ပြီးဆေးရုံဘက်သွားကြသည်။ ကျွန်မက ဘာလုပ်ရမည်မသိဘဲ ရောင်ပေပေ ဖြစ် ကျန်ရစ်သည်။
ရေဗွန် (မ်) က ထမင်းအိုးတလုံးတည်ပေးပြီး ရေနွေးအိုးရေဖြည့် တည်ထားခဲ့သည်။ သူက ဗမာစကားအနည်းငယ်ပြောတတ်သည်။ခြေဟန်လက်ဟန်နှင့်လည်းပြောတတ်သည်။
သိပ်မကြာခင် မှာ ဆရာဝန် ပြန်လာသည်။ ဆေးရုံမှာ လူနာမရှိ။ လူနာထံ အရောက်သွားရမည် တဲ့။ နတ်ကိုးကွယ်လေ့ရှိသော တိုင်းရင်းသားများအား ခေတ်မီ အနောက်တိုင်းဆေးဝါးများလက်ခံလာအောင် အတော်လေး အချိန်ယူ ကြိုးပမ်းရလိမ့်မည်ဟု သူကပြောသည်။ ပညာပေးဟောပြောမှုများ ပြုလုပ်၍ လူထုလှုံ့ဆော်မှု များပြုလုပ်ရန် လိုသည်တဲ့။ ဒီလိုစိတ်မျိုးရှိသည်ကိုတော့ ကျွန်မချီ့းကြူးရမှာဖြစ်သည်။
“တခုခု စားရအောင် “တဲ့။ သူက မီးဖိုထဲ ၀င်သွားသည်။မီးဖိုထဲမှာ “ ရေဗွန် (မ်) ချိတ်သွားသော ခရမ်းချဉ်သီး နီနီရဲရဲ သေးသေးအတွဲလေးများကို ကြိုးတန်းမှာ လှပ စွာ တွေ့ မြင်ရသည်။ သူက ခရမ်းချဉ်သီး ရွှေပဲသီး ကြက်ဥတို့ ဖြင့် ထမင်းကြော်မည်တဲ့။ လှီးဖြတ်နေသည်။ မကြာပါ ။ကြော်ပြီးထမင်းများကို ပုဂံပြားပေါ် မှောက်ချပြီး ကျွန်မရှေ့ ယူလာပြီး ကြွေးတော့သည်။ လက်စွမ်းပြထားသော သူ့ ထမင်းကြော်ကို စားစေချင်ဟန်တူပါ၏။ ကျွန်မက မစားဆိုတော့ သူစိတ်ဆိုးသည်။
“ကောင်းတယ်ကွ။ မွှေးနေတာဘဲ စား စား ပူပူလေး ”
“စားပါဘူး ကြက်ဥတွေနဲ့  “
“ကြက်ဥစား  အားရှိတာပေါ့ကွ  နည်းနည်းစားကြည့်”
“စားပါဘူး ဆို”
“နည်းနည်းမြည်း နည်းနည်းမြည်း “ ကျွန်မပါးစပ်နား ပုဂံကြီး ထိုးကပ်လာသည်။ကျွန်မ မီးဖို အပြင်ဘက် ပြေးထွက်လိုက်၏။ သူက ထမင်းပုဂံကြီးကိုင်ခါ လိုက်လာပြန်၏။
“ကွာ  မင်း..ကိုကြီးက စားစေချင်လို့  အပင်ပန်းခံ ကြော်လာတာ နည်းနည်းလေးဘဲ ဖြစ်ဖြစ် ကျေနပ်အောင်စားပြ မကောင်းရင် မစားနဲ “့
“မစားဘူး  မစားဘူး။ မကြိုက်ဘူး “
“ကိုကြီးကို ချစ်ရင် စား  “
“မချစ်ဘူး ..မစားဘူး  ..မုန်းတယ်..”
ကျွန်မစိတ်တိုလာသည်။ သူကလည်းစိတ်တိုသည်။
“ကဲ ...မုန်းအုံးကွာ..မစားနဲ့ ကွာ  သွားကွာ”  ဂွမ်း ..
ရုတ်တရက် ပုဂံပြားကို မြေတွင် ပေါက်ခွဲ ပြစ်ချလိုက်၏။ ထမင်းပုဂံမှာ နှစ်ခြမ်းကွဲခါ အလယ်အက်ကြောင်းမှ  အငွေ့ တွေ ထောင်းထောင်းထ ထွက်လာသည်။ ကျွန်မကြောက်၍ တိုင်လုံးကြီးကို ဖက်ငိုနေရတယ်။  မကြိုက်ပါဘူးဆိုတာကို အတင်းအဓမ္မသူကဘဲ လိုက်ကြွေးသည်။ သူကဘဲ စိတ်ဆိုးရသေးသည်။စားစေချင်၍စေတနာနှင့်ကြွေးလျှင် စားရမတဲ့။ဒါက သူ့ အမြင် ။
ကျွန်မက စေတနာထားသည်မထင်။ အနိုင်ကျင့်
့ စားခိုင်းသည်လို့ ဘဲ မြင်သည်။
သူ ခလေးဆန်လွန်းသည် ။   သဘောထားသေးသိမ်သည်ဟုလဲ ကျွန်မမြင်သည်။
စိတ်ညစ်လှသည်။
စားစေချင်၍ အပင်ပန်းခံ ကြော်သည်ဆိုတိုင်း
  (စားရင် ပျို့ မဲ့ ဟာကြီးကို ) ကျွန်မက အားနာ ပါးနာ
 ပေတေစားပြနေရမည်တဲ့လား။မဖြစ်နိုင်တာ။
အဓိပ္ပါယ်မရှိ။
အော်  ကျွန်မတို့  ဘယ်လိုလုပ် ပေါင်းဆုံခဲ့ ကြပါလိမ့်။
အမြင်မတူ။ အယူဝါဒတွေက တောင်နှင့်မြောက်ပမာ ကွာခြားနေသည်။ဖေဖေ မေမေတို့    လိုပါဘဲ။ငါခိုင်းတာ လုပ်ရမည်။ စားဆိုစား သွားဆိုသွား။
မိဘတွေနှင့် နေရသည်ကို မအေးချမ်းဟု ပုန်ကန်ထွက်လာသူ ကျွန်မမှာ အေးရိပ်ဆိုတာ ဘယ်မှာလဲ သိပြီလားဟု အငေါ်တူးတူးမေးလိုက်ချင်တော့သည်။
နောက်နေ့ မနက်မှာတော့ တောင်တန်းဝန်ထောက်ထံသတင်းသွားပို့ မည်ဟု ကျွန်မကို လိုက်ခဲ့ရန် ခေါ်သဖြင့် ကျွန်မလိုက်သွားရသည်။ မျက်နှာက မနေ့ ကလူ မဟုတ်သလိုဘဲ အမှတ်မရှိ ။ကောက်ရိုးမီး။ဒါပေမဲ့ ကျွန်မအလျော့ပေးမည်မဟုတ်ပါ။ ကျွန်မ မကြိုက်တာ ကျွန်မ မလုပ်သလို ကျွန်မကြိုက်မှ ကွန်မလုပ်မည်သာ။ ဒါမှသာညီမျှချင်း အချိုးချရနိုင်ပါလိမ့်မည်။ကျွန်မတို့ ချင်း စကားမပြောမိကြဘဲ
တမျှော်တခေါ် ကျယ်ပြန့်လွန်းသည့် ဘောလုံးကွင်းကြီးကို ဖြတ်လျှောက်လာကြသည်။  ထိုမှ ဆက်သွယ်ရေး ကြေးနန်းရုံး ၊ သမ၀ါယမရုံး တို့ ကို ကျော်လွန်၍  လောခေါင် တောင်တန်း၏ တဘက်စွန်းရှိ တောင်တန်းဝန်ထောက်အိမ်သို့  ရောက်ခဲ့ကြတော့သည်။ ဒူးဝါးနှင့်ဒူးဂျန် တို့ က ယဉ်ကျေးစွာ လက်ဆွဲ နှုတ်ဆက်ပြီး အရေးတယူ နေရာထိုင်ခင်းပေး ဧည့်ဝတ်ပြုကြသည်။
အသားဖြူဖြူ အရပ်မြင့်မြင့် မျက်လုံးမျက်ဖန်ကောင်းကောင်း နှင့် ပြတ်သားတင်းမာမှုရှိသော နှုတ်ခမ်းများ က ဒူးဝါးကြီးကို ပိုမို ခန့် ညားစေသည်။
အိမ်နံရံကို ချိတ်ဆွဲထားသော ကျွဲချို ဆတ်ချို သမင်ချို ကျားသစ်ရေ များကြောင့် ဧည့်ခန်းကြီးမှာ ထယ်ဝါလှပလို့ နေသည်။ သူတို့  နှစ်ဦးလုံး မြန်မာလို ၀တ်ဆင်ထားပြီး မြန်မာစကားပြောပြီး ကိုကြီးကိုတော့ “ဆရာဝန်”လို့ ဘဲ ခေါ်ဝေါ်သုံးစွဲ ကြတယ်။
လောခေါင်သို့  အမြဲတမ်း ဆရာဝန်တဦး ခန့် ထားမည်ဆို၍ ၀မ်းသာအားရ မျှော်နေမိကြောင်း ဒေသခံ တိုင်းရင်းသားများသည် အလွန်ရိုးစင်းလွန်းပြီး ရိုးရာနတ်ကိုသာ အားကိုးလေ့ ရှိကြောင်း ပညာပေးတရား များများ ဟောဖို့ လိုကြောင်း။ အကူအညီ လိုအပ်ပါက အချိန်မရွေး ကူညီဖို့  အဆင်သင့် ရှိကြောင်း လှိုက်လှဲစွာ ပြောပါသည်။
ထိုမှ ရေ ဗွန်(မ်) အကြောင်းရောက်သွားခါ  ရေဗွန်(မ်) က “ဒူးဝါးက ငါ့ကို လစာ ပေးတယ် ။ဒူးဝါးအလုပ် ငါလုပ်မယ် ဆရာဝန် လစာမပေး ။ငါအလုပ်မလုပ်ပေးဘူး လို့  ငြင်းဆန်နေကြောင်း  “
တိုင်ကြားရာ ဒူးဝါးကြီးက ဟက်ဟက်ပက်ပက်ရယ်မောရင်း “ သူ အားကြီးရိုးတယ် ကျွန်တော်က လစာထုတ်ပေးရသူဆိုတော့ ကျွန်တော့အလုပ် သူလုပ်မယ် ပြောတာ သဘာဝကျပါတယ်။“ဟုပြောရင်းသူနားလည်အောင် ရှင်းပြပေးပါမည်ဟု တာဝန်ယူလိုက်သည်။ဒူးဝါးကတော် တည်ခင်းလာသော ခေါင်ရေ အနည်းငယ်ကို မိတ်ဖြစ် ဆွေဖြစ် မြီးရင်း ပြန်လာကြပါသည်။ခေါင်ရေသည် ရှတတနှင့် ချိုမြပြီး ခါးသက်သက်နေသည်။
လောခေါင်မြို့ ကို တောင်တန်းဝန်ထောက်က အုပ်ချုပ်ရသည်။ စာတိုက်နှင့် ဆက်သွယ်ရေးဋ္ဌာန ပြန်ကြားရေးဋ္ဌာန ကြေးနန်ရုံးနှင့်  မိုးလေ၀သဋ္ဌာန၊ငွေတိုက် ၊လမ်းဋ္ဌာန UMP စစ်တပ် စသည်ရှိသည်။(ယခုအခါ ချီဇွေ မြို့ ကို ပြောင်းရွေ့ ရုံးစိုက်ပါသည်။)
နေ့ ခင်း နေသာချိန်များမှာ ကွန်ပေါင်ဒါကတော် ထုတ်ပေးသော ကချင် အမျိုးသမီးဝတ်စုံကို ၀တ်ခါ အမှတ်တရ ဓါတ်ပုံရိုက်ကြသည်။
ပညာပေးဟောပြောပွဲ ကိစ္စ ဆေးရုံကိစ္စတွေနှင့် ကျန်းမာရေး ၀န်ထမ်းများ မအားမလပ်ရှိနေစဉ် ကျွန်မက အိမ်မှုကိစ္စ တိုတိုထွာထွာ လုပ်ရင်း  “ရေဗွန်(မ်)  “နှင့် မီးဖိုချောင်မှာ အချိန်ကုန်ရသည်။ ထင်းကို မီးစွဲအောင်ညှိနည်း ။ထမင်းရည် ငှဲ့ နည်း။(မပြော့မမာအောင်)ကအစ သင်ယူနေရသည်။စာဖတ်စရာ စာအုပ် တအုပ်တလေတောင်မမြင်ရ။ ဆေးစာအုပ်တောင်မရှိ။ စာအုပ်နှင့်တူသည်ုအရာ ဘာဆို ဘာမှ မရှိ။
တခါတတရံ သူငယ်ချင်းဖြစ်လာသည့် မရူးမကလေးများဖြင့် စကားပြောသင်ရင်း မရူးအက ကရင်း တေးချင်းများလဲ ဆိုရင်း ပျော်နေရသည်။
ကျွန်မအဖို့  ဒါ အိမ်မက်များလား တကယ့်ဖြစ်ရပ် ဟုတ်ရဲ့လား မကြာမကြာ မေးခွန်းထုတ်နေမိသည်။
တောင်ပြာတန်းကြီးက ဟို အဝေးမှာ။အထပ်အထပ် အလွှာအလွှာ နှင့်။တောင်ထိပ်တွေမှာတော့ ရေခဲထု အပြင်လိုက်ကြီးလား၊ ဆီးနှင်းခဲအချပ်ကြီးတွေလား လွှမ်းပတ်နေသည်။အမြဲတစေ ကြည့်လိုက်တိုင်း ဝေေ၀၀ါးဝါး မှုံမှုံရီရီ ။လွမ်းဖို့ ကောင်းတာ အမှန်ဘဲ။ ဘယ်နေရာကို ကြည့်ကြည့် လွမ်းစရာတွေ အပြည့်။
ရှိုမြောင် စိမ့်စမ်း၊တောင်ပြာတန်းနှင့် ၊
 ဖုံးလွှမ်းဆီးနှင်း၊ဆော်လာညှင်းသည်၊
လေပြင်းမုန်တိုင်း၊ မဆိုင်းတိုက်ခတ်၊
အသဲလှပ်အောင်၊ပြုစားတတ်ကြပါပေသည်။ လို့ စာဖွဲ့ ရမလား။ 
တအိမ်နှင့်တအိမ် မဝေးပါဘဲ မမြင်ရ၊ထူထပ်သိပ်သည်းသော မြူတွေက ကြာားခံနေသည်ပြတင်းကိုပင် မဖွင့်ရဲ။ ဆီးနှင်းတောကို ဖြတ်သန်းတိုက်ခတ်လာသည့် လတ်ဆတ်သောလေက ကျွန်မကို အသဲခိုက်အောင် ကြင်စက်သွားစေခဲ့သည်။
၂၇။မီးလင်းဖို အဖုံးတွင် အခွန်ခွာကင်ထားသော သစ်ကြားသီးက မွှေးမွှေး သင်သင်းလေး အနံ ထွက်လာပြီ။ သစ်ကြားသီးကို လှော်စားကင်စားလျှင် အဆိပ်အတောက်ပြေ၍ ပိုပြီးကျွတ်ကျွတ်ရွရွလေး စားကောင်းလှသည်။ ကျန်တစိတ် ကောက်ယူဝါးလိုက်ရင်း မှန်ပြတင်းကို အသာလေးဟချေုာင်းကြည့်လိုက်တော့ ရုတ်ချည်းတိုးဝင်လာတဲ့ ပြင်ပလေက ကျွန်မ၏ဆံနွယ်စများကို ကလူကြည်ဆယ် လိုက်သည်။ကျွန်မ နဖူးပြင်မှ ဆံစများကို သိမ်းလိုက်ရင်းအသက်ပြင်းပြင်း၀၀ရှူရှိုက် လိုက်၏။ အား .. ကောင်းလိုက်တဲ့လေ။ အားတွေ ပြည့်လာသလိုဘဲ။ လူ ကို လန်းဆန်းသစ်လွင်စေခဲ့တယ်။
အလို ..နားထောင်စမ်းပါ..။ လတ်ဆတ်အေးကြင်စေတဲ့ ဆောင်းလေနဲ့  ကပ်ပ်ါလာတဲ့ အသံက  ဘာတဲ့လဲ။
တိတ်ဆိတ်ည။ သန့် ရှင်းည၊
 တလောကလုံးကို ၀မ်းမြောက်ဖွယ် သတင်းစကား ယူဆောင်လာတဲ့ည။
သိုးထိန်းတို့ အားလမ်းပြတော်မူတဲ့ည။တဲ့။
ဒီညသည် ကျွန်မအချစ်ဆုံးညပါဘဲ။
ငယ်ဘ၀က ခရစ်္စမတ်ညများကို လွမ်းမိသည်။ဗုဒ္မမှတပါးအခြားကိုးကွယ်ရာမရှိဆိုသည့် မူဝါဒကျွန်မမှာ စွဲမြဲခဲ့သော်လည်း နားဝင်ချိုသည့်ဓမ္မတေးသီချင်းများနှင့်လည်းကျွန်မက ကျွမ်းဝင်ခဲ့သည်။
Base, rhythm, drum, guitar အသံတို့ ကိုကြားရလျှင် ကျွန်မမိန်းမောပျော်ဝင်ခဲ့သည်ချည်း။
“Merry Christmas”
မကြာမီ carol sing  အဖွဲ့ သားများကျွန်မတို့  အိမ်ရှေ့ရောက်လာကြသည်။ ကျွန်မ၏၀ိညာဉ်က ကျွန်မကိုယ်မှ စွန့် ခွာ ပြေးထွက်သွားချေပြီ။
ငယ်သူငယ်ချင်းများနှင့် ဓမ္နတေးသီချင်းတွေ သံပြိုင် အော်ဟစ်သီကြွေးနေတော့သည်တကား။
Ring out the old, ring in the new,
Ring happy bells, across the snow
The year is going, let him go ,
Ring out the false, ring in the true.
                                   (Alfred Lord Tennyson)
၂၇။လောခေါင်တွင် ဗမာဆို၍ ကျွန်မတို့ ရယ် ကြေးနန်းဆက်သွယ်ရေးအရာရှိ ဦးခင်မောင်ကြည် ဇနီး ဒေါ်ခင်မေကြည်နှင့် သူတို့ မေမေရယ်။ငွေတိုက်စာရေးကြီးရယ် ဘဲ ရှိကြသည်။ငွေတိုက်စာရေးကြီးမှာ အသက်အားဖြင့် ၄၀ကျော်လောက်သာရှိမည်။ မဲမဲ လုံးလုံး ပုပုတိုက်တိုက်နှင့်မီု့  သဘောကောင်းသော်လည်းအရုပ်ဆိုးလှသည်။အေးလွန်းသည်ဟု အကြောင်းပြကာ ညနေတိုင်း သောက်တတ်သည်။(မူးသည် တဲ့)
 သူ့ ဇနီးမှာ ငယ်ရွယ်နုပျိုပြီးဖြူဖြူဖွေးဖွေး ရှမ်းမကလေးတဦးဖြစ်နေသည်။သူတို့ တွင် သားတယောက် သမီး၂ယောက်တောင်ရှိပြီး အကြီးမကလေးမှာ မဲမဲပုပု၀၀ ကလေးဖြစ်၍ သားလတ်မှာ အမေတူလူချောလေးဖြစ်သည်။
ဗမာစကားပြော တတ်သည်။မိခင်က ပိန်ပိန်ပါးပါးသွက်သွက်လက်လက်။မျက်ခုံးမွှေးသေးသေးကလေးနှင့် ပါးကလေးကနီရဲပြီးပါးချိုင့်ကလေးရှိသည်။ အလုပ်နှင့်လက်မပြတ် ခလေးကျောပိုးကာအိမ်အလုပ်တွေလုပ်သည်။ ထမင်းချက်။ကြက်စာကြွေး။။ရေခပ်။ဘာဘဲလုပ်လုပ် လသားကလေးကို ကျောမှာ စောင်နှင့်ပတ် သိုင်းပြီးပိုးထားသည်။ခလေးက သူ့ အမေ့ကျောပေါ်မှာ မှောက်ရက် ကားယားလေး။သနားစရာ။လက်မစုတ်ပြီးအိပ်နေသည်။နို့ ဆာလျှင် သူ့ အမေက ခလေးကို သူမရင်ခွင်ရှေ့ စောင်ပုံကြားက ဆွဲယူနို့ တိုက်သည်။အိပ်မောကျလျင်တော့ အိပ်ယာပေါ် ချသိပ်လိုက်သည်။ တခုထူးခြားသည်မှာမိခင်ရော သမီးနှစ်ယောက်ပါ ပါးချိုင့်ကလေးတွေ ကိုယ်စီရှိကြသည်။
ကျွန်မ ဒီလို ကလေးမျိုး တခါမှ နီးနီးကပ်ကပ် မတွေ့ ဖူး မမြင်ဖူးပါ။ထူးဆန်းသော အတွေ့ အကြုံ က ကျွန်မကို  စိတ်လှုပ်ရှားရင်ခုန်စေသည်အမှန်ပါဘဲ။ ဒီလသားအရွယ် ခလေးကလေးက ဘာ့ကြောင့်များကျွန်မကိုစိတ်လှုပ်ရှားရင်ခုန်စေခဲ့သည်လဲ။
ကျွန်မ နားမလည်။
သေချာတာတခုက ခြေကားယား လက်ကားယားနှင့်  လက်မစုပ်အိပ်ပျော်နေသည့် ကလေးကို ကျွန်မ အပိုင်လိုချင်နေတယ် ဆိုတာဘဲ။
တနေ့ တွင် ကချင်အမျိုးသမီးသားဖွားဆရာမကို ခေါ်ပြီးသူ ချီဖွေ သို့  ခရီးထွက်သွားသည်။ “ညဘက် မအိပ်ရဲရင် စာရေးကြီးတို့ အိမ်သွားအိပ်နော် “တဲ့။
ကျွန်မဒေါပွကျန်ရစ်ခဲ့တယ်။
ကျွန်မကို လိုက်ခဲ့ဖို့ သူမခေါ်။ဘာ့ကြောင့် မခေါ်သည်ကို အပိုင်မပြောနိုင်သော်လဲ ကျွန်မသူ့  ကိုမယုံ။မယုံပေမဲ့  ကျွန်မဘာမှမပြော။ မခေါ်ရင် မလိုက်ရုံသာ။ဒါက ပြသနာမဖြစ်။ပြသနာက
“စာရေးကြီးတို့ အိမ် သွားအိပ်“ ဆိုတာပါ။ သူမို့  မစဉ်းစားတတ်လေခြင်း။ ညညလည်း မူးတတ်သေးသည်။
ကျွန်မအကိုတွေဆို ဒီလိုမျိုးပြောမည်မထင်။ မပြောသင့်ဘူး ထင်သည်။ ဒီမှာ ကွန်ပေါင်ဒါ နှင့် သူဇနီးလဲ နီးနီးနားနားရှိနေတာကို ဟို အဝေးကလူကို အားကိုးနေဖို့ မလို။ ကိုယ့်အခန်းမှာကိုယ် သော့ခပ်အိပ်ရင် လုံတာဘဲဟာ။ရှည်ရှည်ဝေးဝေး ။ကျွန်မတကယ်ဘဲ “ တောက်” တချက် ခေါက်မိသေးရဲ့ ။
နှမလေးတယောက်လို စောင့်ရှောက်ဖို့ သူစိတ်မကူး။ သူသွားချင်ရာသွားသည်။ဘာမဆို ပေါ့ပေါ့တန်တန်သူနေတတ်သည်။ကျွန်မကို သူ အလေးအနက်မထားတာ သိပ်ကို ၀မ်းနည်းမိတယ်။
ကျွန်မတနုံ့ နုံ့ တွေးရင်း မျက်ရည်တွေက ကျလာသည်။
တောင်တန်းဝန်ထောက်က လစာပေးသဖြင့် တောင်တန်းဝန်ထောက်အိမ်မှာသာ သူ့ အလုပ်ရှိသည်ဟု ရဲရဲဝံ့ဝံ့ဆိုခဲ့သူ “ရေဗွန် (မ်) “တယောက် ခုတလော ကျွန်မအိမ်မှာမြဲ နေသည်။လစာက (၈၂ကျပ်  ) မိသားစု လေးယောက်ရှိသည်တဲ့။ရေဗွန် မ် က ကျွန်မအတွက် မျှစ်သိုခြောက်နှင့် မုန်ညင်းချဉ်အခြောက် ငရုပ်သီးအခြောက်ခပ်ထားသော ဟင်းချို တခွက် နှင့် ခေါပုတ်၂ချပ် ကင်ပေးသည်။ကျွန်မက ငါးသေတ္တာသေးသေးတလုံးပြုတ်စေပြီး တ၀က်ပေးသော်လည်း သူက မကြိုက်။မစားပါ။ အတင်းငြင်းနေတော့တာ။
ညနေ ၅နာရီလောက်တွင် စာရေးကြီးသမီးအကြီးမလေး ရောက်လာသည်။ကျွန်မအား သူ့မိဘများက ထမင်းစားလာဖို့  အခေါ်လွှတ်တာလေ။ဆရာဝန် မှာထားခဲ့သည် တဲ့။
ထမင်းပွဲမှာ တော်တော်စုံသည်။ ကြက်သားဟင်း ကြက်ဥကြော် မုန်ညင်းစော ကျွန်မတို့  လက်ဆောင်ပေးထားသောရွှေပုဇွန်ခြောက်ကို ငရုပ်သီးခြောက်နှင့်ထောင်းကြော်သည့်ဟင်းတခွက် နှင့် ဋရင်ကောက်အရွက် ကို လည်း ပြုတ်ထားပေးသည်။
ကျွန်မက ကြက်သား ကြက်ဥ မစားကြောင်းအတော်ပြောယူရသည်။
စားပြီးကျွန်မပြန်မည်ဆိုတော့ သူတို က့ မပြန်ပါနှင့် ဆရာဝန် ကမှာသွားတယ်။ ဒီမှာအိပ်ပါတဲ့ ။ ကျွန်မစိတ်တိုလိုက်သည့်ဖြစ်ခြင်း။ ပြန်မှာဘဲ ဟုကျွန်မပြန်ချလာခဲ့သည်။ ဘယ်သူဘယ်ဝါ ဘယ်လိုမှာမှာ ကျွန်မသဘော။ကျွန်မဘာသာ လုပ်သင့်လုပ်ထိုက်တာ ကို လုပ်မည်။ဒါတောင် သူတို့ က မှောင်နေပြီ။ အေးလာပြီ ပြောနေသေး၏။မှောင်တာ အေးတာလောက်တော့ ကျွန်မ မကြောက်။ ကျွန်မတယောက်တည်း နှင်းတောကို ဖြတ်ပြန်လာခဲ့သည်။ နှင်းမှုံထဲမှာ တယောက်တည်း လမ်းလျှောက်ရတာ ပျော့်လိုက်တာ။ကျေနပ်လိုက်တာ ။ လူ့ ကို လန်းဆန်းသစ်လွင် သွားတာဘဲ။
ကျွန်မသည် အမြဲ တယောက်တည်းနေဖို့ ကိုဘဲ မျှော်လင့်နေမိတာ မဆန်းလား။
ဘောလုံးကွင်းကြီးကို ဖြတ်ကျော်ရင်း  ကျွန်မလက်တွေ ဆန့် တန်းပီး ကောင်းကင်ကြီးကို မော့ကြည့် ထွက်ပြူစ ဖိုးလမင်းကြီးကို အားပါးတရ နှုတ်ဆက်  အား..ပျော်လိုက်တာ ။ စိတ်ချမ်းသာလိုက်တာ။
ဟိဟိ ဟားဟား လို့ တောင် ရယ်လိုက်ချင်တာ။
မကြာပါဘူး။ စာရေးကြီးသမီးက ဓါတ်မီးတလက်လက်နဲ့  လိုက်လာတယ်။ သူ့ မိဘတွေက ကျွန်မနဲ့  အတူအိပ်ဖို့ လွှတ်လိုက်သတဲ့။ကျွန်မ ဘာမှ မပြောလိုတော့ပါ။
ဒါလဲ ဆရာဝန်က မှာတာလား။ဘာ့ကြောင့်လူကို ဟိုလိုနေ ဒီလိုနေ စီမံနေကြတာလဲ။ စိတ်ရှုပ်သည်။ ကျွန်မဘယ်လိုနေရမည်ဆိုတာ ကျွန်မခေါင်းနှင့် စဉ်းစား မည်။သို့ သော် ကျွန်စိတ်လျော့လိုက်ပါ၏။
“အေး ကောင်းတာပေါ့”
ကျွန်မက သူ့ ပုခုံးကို ဖက်လိုက်တော့ သူကလည်းကျွန်မခါးကို ပြန်ဖက်လိုက်သည်။
မိုးလင်းတော့ ကျွန်မကို ခလေးမလေးက သူ့ အိမ်လိုက်ခဲ့ဖို့ ခေါ်နေသေးသော်လည်း ကျွန်မ မလိုက်တော့ပါူ ကျွန်မအတွက် ထမင်းသည် အရေးမကြီးပါ။
ကျွန်မထက် ၁၀နှစ်ကြီးသည်ဆိုတဲ့ သူက စဉ်းစားဥာဏ်မရှိ။အရက်မူးတတ်သည့်လူရှိရာအိမ်ကို ကျွန်မအားအပ်ခဲ့သည် တဲ့။ 
ရာသီဥတုလေးကြည်ကြည်လင်လင်ရှိသည်နှင့်  ရေဗွန် မ်  ချက်ပေးသည့်ထမင်းကိုစားပြီး ကျွန်မ လမ်းလျှောက်ထွက်လာသည်။ ဂါဝန်ပေါ် ဆွယ်တာထပ်ဝတ်ပြီး ကင်းဘတ်ရှူးစီးလိုက်သဖြင့် လူမှာပေါ့ပါးလွတ်လပ်ပြီး  ကြွကြွ လေး အိမ်က ထွက်လာခဲ့တယ်။
တောင်ဆင်းလမ်းကလေးအတိုင်း ကျွန်မ အေးအေးလူလူ လျှောက်လာခဲ့တယ်။ လမ်းဘေးက ကြိမ်လုံးလေးတချောင်းကောက်ယူ ဟိုရမ်းဒီရမ်း အမယ်။ကိုယ့် ကိုကိုယ် ဇတ်လိုက်မင်းသမီးကေ လး လား ထင်မှတ်နေတယ်။
ကားလမ်းအဖြစ် ဖေါက်လုပ်ဆဲမို့  မိုးရွာလျင် မြေက ပြိုတတ်ရာ ခဏခဏ ပြုပြင်နေရသည် တဲ့။အို..ကြည့်စမ်း။ တောင်နံရံတကြောမှာ ပေါလိုက်တဲ့ ပန်းတွေ ဘာမျိုး ဘာနွယ်ရယ်မသိရ။ ပြာပြာလေးတွေက နွယ်ကျနေသည်။ ၀ါဝါလေးတွေက ထိုးထိုးထောင်ထောင်ပွင့်လို့ ။ခရမ်းရောင်ပန်းတွေက အဆုပ်လိုက် အခိုင်လိုက် တွဲလွဲဖြာကျလို့ ။သစ်ပင်ကြီးကြီးမြင့်မြင့် ပင်စည်တွေမှာ ညိုညိုအပွင့်တချို့ တွယ်ကပ်လို ။့ ဗေဒါရောင် ဖျော့ဖျော့လေးတွေက မြေမှာ ၀ပ်စင်း
ပြန့် ကြဲ လို့ ။ကျွန်မက ပန်းတွေကို မြင်ရင် လက်မနှေး။အမြန်ပင် လူသွားလမ်းကို ဖဲ့ဆင်း ပြီးခြုံထဲ တိုးတော့တာဘဲ။ အတွင်းထဲ ရောက်လေလေ ပန်းတွေက ဆန်းလေလေ။ ကျောက်တုံးတွေမှာ တွယ်ကပ်နေသည့် ကျောက်ခက် ကျောက်ရွက်တွေမျိုးဆို ပြည်မမှာ အလွန်အဖိုးထိုက်တန်ပါလိမ့်မည်။အုံလိုက်ခွာပြီး ဖန်ချိုင့် ထဲမှာထိုးရရင် သိပ်လှမှာဘဲ။ ကြက်သရေ ရှိလိုက်မဲ့ ဖြစ်ခြင်း။အော် ..ဒီမှာ ဒီပန်းတွေ အရေးလုပ်မဲ့သူ မရှိပါလား။
ကျွန်မ လောဘတကြီး ချိုးယူ ဆွဲနှုတ် ခြူံထဲကကထွက် …
” အမလေး  “
ဦးထုပ်နီ ဆောင်းထားသူ လူငယ်တယောက်နှင့်တဲ့တဲ့တိုးက လန့် သွားသည်။
“အိုး  မိုင် ဂေါ့ ထ် “တဲ့ .
သူလည်းလန့် သွားပုံရသည်။
“ဆောရီး..”ကျွန်မ ကဆိုသည်။
“ဂနန်းဆာနာအီး “သူကလက်ကမ်းပေးပြီး မေးသည်။
“တိုးရဲ့ ဆာ့နာ..” ကျွန်မက မှန်လားမှားလားမသိ ဖြေသည်။
ကျွန်မတို့ ကျောခိုင်းထွက်ခွာလာကြပြီး အမှတ်မထင် ကျွန်မပြန်လှည့်အကြည့်.သူကလည်းလှည့်အကြည့် ပြိုင်တူ ဆုံနေသည်။သူ့ ကို ဘယ်မှာမြင်ဖူးပါလိမ့် ။
ကျွန်မတို့ပြိုင်တူ လက်ပြ နှုတ်ဆက်မိပြန်သည်။ကျွန်မရယ်လိုက်မိ၏။သူလည်းရယ်သည်။
သူ့ မျက်လုံးများက ရိုးသားမှု သဘောကို ဆောင်နေသည်။
ကျွန်မမှတ်မိလာတယ်။ သူ့ ဦးထုပ်နီကလေးကြောင့်ပါ။ သူက UMP စစ်တပ်က ပါ။ကျွန်မတို့  အိမ်ခေါင်းရင်း လမ်းပေါ်မှ ဖြတ်သွားဖြတ်လာ တွေ့ ဖူးနေတာပါ။
တောင်အောက်သို့ ဆင်းရာ လမ်းတလျှောက် တွေ့ တွေ့ သမျှလူတွေကို ကျွန်မ လက်ကြီးအတင်းထိုးပေးနှုတ်ဆက်သည်။ “ဂဂျာအီး” နေကောင်းလားမေးသည်။သူတို့ အားလုံး ဖေါ်ရွေကြပါသည်။တလေးတစားခါးလေးညွှတ်၍ တုံ့ ပြန် နှုတ်ဆက်သည်။ မရူးမကလေးများဆို ကွမ်းသွေးတွေ ပေကြံနေတဲ့  နှုတ်ခမ်းလေးများနှင့် ပြုံးပြုံးရီရီနှုတ်ဆက်တတ်ကြသည်။
ရိုးသားပွင့်လင်း၍ လောဘ ဒေါသမောဟကင်းစင်ဟန်ရှိသည်။တောင်ယာဓါးမခုတ် ရိုးရာ
အလုပ်ကို တစိုက်မတ်မတ်လုင်ရင်းခပ်အေးအေးနေထိုင်ကြသည်။
တောင်အောက်ဈေးဆိုင်တွင် ဖီမော်ဒေသမှ ၀င်ရောက်လာသည့် ကြက်သွန်ဖြူ ၊ မှိုခြောက် ပန်းခြောက် ၊သစ်ကြား၊သစ်အယ်နှင့် တိုင်းရင်းဆေးဘက်ဝင် သစ်မြစ်၊ သစ်ဥ သစ်ဖုများဝယ်ယူရှိနိုင်သည်။တောင်ဆင်းခရီးမှာက အပြေးကလေးဆင်းချနိုင်ခဲ့သော ကျွန်မမှာ တောင်အတက်မှာ ခါးကုန်းနေအောင် အားစိုက် တက်ခဲ့ရပါသည်။ရေဆာလျင်တော့ အထူးရှာနေဖို့ မလိုဘဲ တောင်ကျရေလေးတကျိုက်လောက် လက်ခုပ်ကလေးနှင့်ခံ သောက်လိုက်ရုံပေါ့။
အိမ်သို့  ချောချောမောမော ပြန်ရောက်ခဲ့ပြီး ဖလားတလုံးတွင် ခူးလာသောပန်းတွေကို ဝေေ၀ဆာဆာထည့် စားပွဲမှာ တင်ထားလိုက်သည်။
သိပ်လှတာဘဲ။ ကြည့်လို့ ကောင်းလိုက်တာ။
၂၈။ကျွန်မ လောခေါင် ရောက်အပြီး တလကြာမှ ဖေဖေ မေမေ အကိုတွေနှင့် မမထံမှ(၀မ်းကွဲ အမ)  စာတွေ ရသည်။စာတစောင်ရောက်ဖို့  တလ ကြာသည်ဟု ပို့ စ်မဲင်းကဆိုသည်။
စာဖတ်လိုဇောနဲ့ ဖွင့်ဖေါက်ဖတ်လိုက်ပြန်တော့ မျက်ရည် မိုးသို့  စွေပြန်တော့တယ်။
“ဖေဖေမှားသွားတယ်သမီးရယ် “်တဲ့။
စာကို ” ဖေဖေချစ်တဲ့ သမီးမိုက်ကလေး “ လို့  အစချီထားသည်။ “ဆွေမျိုးတွေက ၀ိုင်းအပြစ်တင်ကြတယ်။ တကယ်ဆို သမီး ဖေဖေ့ဆီ ခွင့်တောင်းခဲ့တာဘဲ။ ဖေဖေတို့  လိုက်လျောပေးရမှာ။ ခုမှ နောင်တရတယ်။ခုလဲ ဖေဖေတို့  မင်္ဂလာပွဲ ကျင်းပပေးပါမယ်။စာမေးပွဲလဲဖြေဖို့ နီးပြီမို့  ပြန်လာခဲ့ကြပါသမီး။” တဲ့။ အကိုတွေရော မမကပါ စာမေးပွဲ လာဖြေရန် လက်ထပ်မင်္ဂလာပွဲ ကျင်းပရန်ုပြန်လာဖို့ ခေါ်သည် ။ တင့်တင့်တယ်တယ်ဖြစ်စေရမည်။တဲ့။မမကတော့ သူ့ ကို ဘာမှ မတိုင်ပင်၍ စိတ်ဆိုးနေသေးသည်။ “ချုပ်ထားတဲ့ အင်္ကျီလေးတွေလဲ မပေးလိုက်ရဘူး” လို့  ညည်းသည်။ အကိုကျော်က စာမေးပွဲ ကို ဖြေဖြစ်အောင်လာဖြေဖို့   အထူးတိုက်တွန်းသည်။အကိုဇော်ကမူ
“မင်းရွေးချယ်ခဲ့တဲ့ အိမ်ထောင်ရေးကိစ္စတွေ ငါတော့ စိတ်မ၀င်စားသေးဘူး။ဘာ့ကြောင့်လဲဆိုတော့ ငါ့မှာရည်မှန်းချက်ရှိတယ်။ ပန်းတိုင်မရောက်ခင် ငါက ဘယ်လို ကိစ္စတွေကိုမှ လက်ခံမှာမဟုတ်ဘူး “ တဲ့။တောင်းပါတယ် အကိုဇော် ရေ..စောစောကများညီမလေးကို အရေးတယူ လမ်းပြ သွန်သင်ခဲ့ပါတော့လား။လို့  ကျွန်မအော်ပြောပလိုက်ချင်ပါရဲ့ ။
 ကိုကြီးသဘော တီးခေါက်ကြည့်တော့” အိမ်ထောင်ဘဲ ကျနေပီ စာမေးပွဲက ဘာအရေးကြီးလို့ လဲ။ ကိုယ့်အိမ်ထောင် သာယာဖို့ ဘဲ အဓိက ထားရမယ်။ ခရီးကဝေးပါဘိနဲ့ ” ။တဲ့။ အော် အကိုတွေရဲ့  မေတ္တာ စေတနာ နဲ့ တမူခြား နားနေတဲ့ သူ့ ၏စေတနာ မေတ္တာကို ကျွန်မထွင်းဖေါက် မြင်သာခဲ့ပါပြီ။ အကိုဇော်ကလေ  ခုမှ ပြောတတ်နေလိုက်တာ
 ကိုအောင်လွင်ရေ…တဲ့
“ခင်ဗျားတို့  ဘာဘဲလုပ်လုပ် နှစ်ဦးသာ ချစ်ချစ်ခင်ခင်နဲ့  တိုင်တိုင်ပင်ပင်လုပ်ကြပါ။ကျွန်တော့ညီမလေးက ငယ်သေးတယ် စိတ်လဲ ထက်တယ်။
တကယ်လို့  ခွင့်လွတ်လို့ မရတဲ့ အကြောင်းကိစ္စများရှိခဲ့ရင် ကျွန်တော့ညိမလေးကို ကျွန်တော့ထံ ပြန်အပ်ပါ “တဲ့။စာရေးသည်။
ဖေဖေကလေ” ငါ့သမီးလေး နုနုငယ်ငယ်မို့  အစိုးရိမ်ပိုခဲ့တာပါ ခုတော့ တလွဲတွေ ဖြစ်ကုန်ပီ “တဲ့။ အကိုကျော်က  “နှမတယောက်ရယ်လို့   ထမြောက် အောင်မြင်စေဖို့  ဆောင်ရဝေ ပလ္လင်စံတဲ့  ဘဂ၀ါဘုရားကိုမှ ၊ နောင်အရှည်အစဉ်မကွာသာယာပါစေသာ့းရယ်လို့  ၊အောင်သပြေသဇင် တမာ အမှာပါးချင်တော့ ညီမလေးရေ..မင့်လွမ်းတာဖြေပေမဲ့ ဘ၀င်တကယ်မအေး။ ဆိုပါလား။ လေးချိုးရှည်ကြီးနှင့် ချွဲပြသည်။ အနားမှာရှီစဉ်က ချစ်ရမှန်းမသိ။အဝေးရောက်မှ ချစ်ပြရသတဲ့လား။ကွယ်။
ကျွန်မကဘဲ သူတို့ ချစ်တာ မြင်အောင်မကြည့်တတ်ခဲ့လေသလား။ ပိုးဖလံမျိုး မီးကိုတိုးခဲ့သည့်ကျွန်မ ဖေဖေမေမေနှင့် အကို အမ တွေ ကို ဘယ်လို ပုံစံနှင့် မျက်နှာချင်းဆိုင်ရမှန်းမသိ။
ကြောင်းမဆုံ၊
သောင်းဘုံ မျှော်စိုက်လို့  ၊
အော်မိုက်ပုံထူး။
ဖြေခွင့်ရယ်ကွာ ၊
မေချင့်ကာ နေပေါ့ကွဲ့ ။
ဖြေတော့ခါ ဖြေပါလှဲ့ မယ်
 ။အားနွဲ့ ပါဘူး ။
နောက်တပတ်အကြာမှာ “မင်္ဂလာပွဲ ကျင်းပရန်နှင့် စာမေးပွဲဖြေရန် အမြန်လာ “ဟု ဖေဖေက သံကြိုးစာတစောင်ရိုက်ပို့ ပြန်သည်။သူက ဖေဖေတို့ ကို မယုံကြည် “ညာခေါ်တာ” ဟု စွပ်စွဲပြီး ပယ်ချသည်။တရားဝင်လက်မှတ်ထိုးပြီးဖြစ်၍ မင်္ဂလာအခန်းအနားမလိုဟုလည်းဆိုသည်။မိန်းခလေးရှင်၏ဆန္ဒကို ထည့်သွင်းစဉ်းစားမှုမပြု အလေးအနက်မထားချေ။မိနှင့် ဘနှင့်။ဆွေနှင့်မျိုးနှင့် အသိုင်းနှင့် အ၀ိုင်းနှင့်မို့  လူငယ်များက ဂရုမထားသည့်တိုင် ယောက်ျားလေးရှင်ဘက်က သိတတ်မှု ရှိသင့်ပါလျက် ရေငုံနှုတ်ပိတ်နေကြသည်။တုတ်တုတ်မှမလှုပ်ကြ။တလသာကျော်လာသည်။ယောက်ျားလေးရှင်ဘက်က မသိကျိုးကျွံပြုနေသဖြင့် မိန်းခလေးရှင်ဘက်က မင်္ဂလာပွဲပြုလုပ်ပေးမည်ဆိုသည်ကိုလည်း လက်မခံ။ခါးခါးသီးနေပြန်ချေသေးသည်။ ကျွန်မကလည်းကျွန်မလေ။ ရော့ အင့် ပေးခဲ့မိပြီကိုး။သူပိုင် သူဆိုင်နေပြီဆိုတော့ သူ့ သဘောတခုသာ ဖြစ်တော့သည်။
အော် ကိုကိုသာဆိုရင် .” MA ဒေါ်အုံးလိုထူးချွန်အောင်စာကြိုးစားခိုင်းမှာ ။ဒါကို သိရက်နဲ့  ၀ိပက်ကြမ္မာငင်ခဲ့သည်လေ။
ကျွန်မဟာအဲဒီလို အခါလွန်မှ “ကိုကိုသာဆိုရင် “ လို့  အမြဲ နှိုင်းယှဉ်ကြညြ့်ပိး နောင်တ တဖန် ရနေတော့တယ်။
၂၉။
တနေ့  သူ ရုံးဆင်းလာတော့ Casual leave ယူခဲ့တယ် မြစ်ကြီးနားဆင်းပြီး ဈေးဝယ်မယ်  တဲ့။ပြောရာ ကျွန်မ ပြင်ရ ဆင်ရတော့သည်။
လောခေါင်မှ ချီဖွေ သို့  ၆မိုင်ခွဲ ခရီးကို ချုံ့ ၍၃မိုင်နှင့် အရောက်သွားနိုင်မည့် ဖြတ်လမ်းတလမ်းတွေ့  ထားသည်ဟု ပြောသည်။မရူးဈေးသည်ကလေးများတကိုယ်စာသွားတတ်တဲ့ လမ်းကြောင်းကို သုံးပြီးဆင်းမည်ဟု ဆိုသည်.။ညီညာချောမွေ့ ခြင်းရှိမည်မဟုတ်လို့ လဲ သူဆိုသည်။တိုတိုနှင့် နွေးထွေးပေါ့ပါးသောအ၀တ်ကို ၀တ်ဖို့  သူပြောသည်။ညကလည်း နှင်းမုန်တိုင်းများတိုက်ခတ်ထားသဖြင့် မြေပြိုနိုင်သည်ဟု ပြောသံကြားနေရသည်။ခေါင်းမာသော ဆရာဝန် က အဲဒီလမ်းကို ဘဲ သူရွေးချယ်ထားပြီးပြီ တဲ့။ သူလည်းလူ ကျွန်မလည်းလူ ဘဲ။သူသွားလျှင် ကျွန်မသွားရမည်သာ။ လားများငှားရမ်းစရာမလိုဘဲ ကုန်ကျစရိတ်သက်သာစေရန် ရည်ရွယ်ပါလိမ့်မည်။
မနက် ၉နာရီလောက်မှာ ရာသီဥတုက သာယာလာသည်။ ကျွန်မတို့ သည်လည်း တောင်ဆင်းရန် အသင့်ရှိနေကြပြီး ပလိုင်းကိုယ်စီဲဖြင့် ဈေးရောင်းထွက်မည့် မရူးမကလေးများနောက်မှ တပျော်တပါးလိုက်ပါသွားကြသည်။
ဆင်းကာစ တမိုင်ခရီးအတွင်း မှာတော့ လမ်းသည် ပြေပြစ်ညီညာဟန်အသွင်ကို ဆောင်ပေမင့် တစတစ မတ်စောက်လာသည်။ ချောက်ထဲ ထိုးကျသွားမလားရင်တထိတ်ထိတ်။ အမျှော်အမြင်ရှိရှိ သူယူလာသည့် ၀ါးတောင်ဝှေးကို အကူအညီ ယူကြရသည်။ငိုပြစ်ချင်လောက်အောင် အဆင်းခက်သည်။အရှုံးမပေးလိုသော စိတ်က ဦးဆောင်သွား၍သာ တော်တော့သည်။ရှေ့ ကသွားနှင့်သော မရူးမကလေးများကိုလည်းအားကျသည်။ရေဆာလျှင် သူက ဂလူးကို့စ်နှင့် သံပုရာကိုတော့ တိုက်တတ်သည်။သံပရာရည် သောက်လိုက် ။လမ်းဆက်လျှောက်လိုက်၊ ဖခတ္တနားလိုက် ။
ချီဖွေဗိုလ်တဲသို့  ညနေ ၄နာရီမှာ ရောက်သည်။မြစ်ကြီးနားမှ တက်လာသည့်ကားမရှိသေး၍ ကျွန်မတို့  ၂ရက်လုံးလုံး စောဆိုင်းနေရသည်ထိုရက်များအတွင်းကျွန်မ မေခမြစ်နှင့် စကားတီးတိုးပြောဖို့  အချိန်များစွာရသည်။
ချီဖွေဗိုလ်တဲအောက်ခြေတွင် လဲလျောင်းစီးဆင်းနေသည့် မေခမြစ်ရေသည် တိမ်လွန်းနေသည်။အနက်ဆုံးနေရာမှာပင် ခါးလည်လောက်ဘဲရှိသည်။ မြစ်လယ်တွင် ထီးထီးကြီးထိုးထွက်နေသော ကျောက်တုံးကြီးတခုတွင်ထိုင်နေသော ကျွန်မကို သူက ဓါတ်ပုံရိုက်ယူသည်။
ကျွန်မ ခြေထောက်အကြား တိုးဝှေ့ ကူးခတ်သွားသည့်ငါးကလေးတအုပ်ကို ကြည်လင်သော ရေတွင် အထင်းသား မြင်နေရသည်။ အလွန်လျင်မြန်စွာ ပြေးလွှားသွားသမို့  ကျွန်မ လက်ခုပ်နှင့် ဖမ်းယူလို့ မရ ပါ။ မေခမြစ်က ဒီနေရာမှာ တော့ဒေါသမရှိ။မာန်ဟုန်လည်းမပြင်း။အေးချမ်းစွာ စီးဆင်းလို့ နေသည်။ ဘယ်သူတွေက ဘာကိုကြည့်ပြီး “ ရိုင်းစိုင်းသောမြစ် “လို့  အမည်ပေးခဲ့ရတာပါလိမ့်။  
ကျွန်မတို့  အချင်းချင်း ပြန်လည်တွေ့ ဆုံ ကြနိုင်ကြပါသေးသည် မဟုတ်လား။ နောက်နေ့  မနက်စောစောမှာပင် ညဥိးက တက်လာသောကားပြန်ဆင်းမည်ဖြစ်သဖြင့် ကျွန်မတို့  မြစ်ကြီနားသို့  လိုက်ပါခွင့် ရခဲ့ကြသည်။
ရာသီဥတုက အေးလွန်းသဖြင့် ကားဒရိုင်ဘာမှာ သူ့ ကားကို နာရီဝက်ကြာအောင် နှိုးယူရသည်။ဆောင်းတွင်းကြီး အမိုးမပါသောကားကိုစီးရသည်မှာ အဆင်မပြေ။လူမှာ တုန်ခိုက်နေသည်။ကားပ်ါတွင် အတူပါလာသည့် ယောယင် အဖိုးအဖွားနှစ်ယောက်မှာ တဘက်တွေ စောင်တွေ ခြုံကာ ကုပ်ကုပ်ကလေးလိုက်ပါလာကြသည်။ ခေါင်းကိုမဖေါ်နိုင်။ကားဆရာမှာ အေးသည် ချမ်းသည် မမှုအား။ ချောပြီးစီးပိုင်နေသည့်မြေနီလမ်းကို သတိကြီးစွာထားမောင်းနှင်နေသည်။မြစ်ကြီးနားအဆင်းမှာတော့ လှပသော မေခသည် ကျွန်မ၏ ညာဘက်မှာ တည်ရှိနေသည်.
ပြာနှမ်းသော မြစ်ရေနှင့် စိမ်းညို့သော တောအုပ်တို့ သည် လိုက်ဖက်တင့်နေပေမင့် သူမကို မိုးထားသည့် ချောက်ကမ္ဘားနံရံတံတိုင်းကြီးမှာမူ အကျည်းတန် မတ်စောက်စွာ မကောင်းဆိုးဝါးသဖွယ် တည်ရှိနေသည်။ကားသာချောက်ထဲ ထိုးကျပါက အရိုးအသားရှာတွေ နိုင့်အံ့မထင်။
မေခနှင့်အပြိုင် ကွေ့ ကောက်ဖေါက်လုပ်ထားသည့် ကားလမ်းမှာ မိုးလွန်ကဲစွာ ရွာသွန်းမှုကြောင့် ပျောအိ စေးကပ်နေသည်။
မကြာမီ ချစ်စရာဘုရားကျောင်းကလေးတခု လွမ်းမောဖွယ်တွေ့ မြင်လိုက်ရသည်။ ကားဆရာက “မဂျန်းယန်ရွာ “လို့ ပြောသည်။
ထိုမှ မန်ဝင်း။ဝါးရှောင်၊ သ၀ိုင်းမော် ၊ခတ်ချို ..
ခတ်ချို ကူးတို့ ကိုမှီရန် ကားဆရာက သူ့ ကားကို အပြင်းမောင်းနေသည်။လမ်းက ညီညာလာနေပြီဖြစ်ပေမင့် အဆင်းမို့  အလွန်သတိထားရမည်။
တတောင်ဆစ်ချိုး အကွေ့ တခုရောက်တိုင်း ကားဆရာသည် တဘက်မှလာမည့် ကားကို သတိပေးသည့်အနေဖြင့် ကားဟွန်းသံကို အဆက်မပြတ်နှိပ်ထားတတ်သည်။တောင်နံရံကို ရိုက်ခတ်ဖြစ်ပေါ်လာသည့် ပဲ့ တင်သံကား ရှည်ကြာလွန်းသည်။
ဝါးရှောင်ဗိုလ်တဲအောက်ခြေမှ နမ့်ပွန်တီချောင်းကို  ကျော်ဖြတ်ချိန်မှာတော့ သူမအားကျွန်မရိုးတိုးရိပ်တိပ် ဘဲမြင်ရတော့သည်။
ခတ်ချိုကူးတို့ ကို ကူးလိုက်သည်နှင့်  မြစ်ကြီးမြေပေါ် ရောက်တော့သည်။လောခေါင်မှ မြစ်ကြီးနားသို့  ၉၇မိုင်ခွဲ ခရီးကို ကျွန်မတို့  အဆုံးသတ်နိုင်ခဲ့ပြီ။
ဒီတခါတော့ သူက ကျွန်မကို ရုံးကြီးလမ်းရှိ အိမ်တအိမ်သို့ ခေါ်လာသည်။ မိတ်ဆွေ အိမ်လဲ ပြောသေး ။ အဲဒီအိမ်က ကောင်မလေးက သူ့ ကို အသေ ကြိုက်နေတာတဲ့ ပြုံးဖြီးဖြီး အသားယူပြောပေမဲ့ ကျွန်မစိတ်မှာ အင်း အဲကောင်မလေးနဲ့  ရသွားနှင့်အကောင်းသားဟုသာ တွေးနေမိသည်။
မြစ်ကြီးနားတွင် ရှိစဉ် တောင်ပေါ်ရိက္ခာအတွက် သူကိုယ်တိုင်သာ ၀ယ်ချမ်းပါသည်။ကျွန်မ၀တ်ဖို့  အ၀တ်အစားကိုပင် သူဘဲ ကြည့်ဝယ်သည်။ ကျွန်မကို ဘာဝယ် ညာဝယ်မခိုင်းပိုက်ဆံ မအပ်။ကျွန်မလဲ ဘာသိဘာသာနေလိုက်သည်။သူစီစဉ်သလိုဘဲပေါ့။ ဖေဖေတို့ အိမ်မှာလဲ မေမေတို့  မမတို့ ကသာ ၀ယ်ချမ်းချုပ်လုပ်ပေးကြတာလေ။
ကျွန်မကြိုက်တဲ့ ခေါက်ဆွဲထုပ်တွေတော့ သေတ္တာလိုက်ဝယ်ပေးပါသည်။ကြက်ဥလဲ မကြွေးတော့ပါ။
ညဘက် ရုပ်ရှင်ကြည့်ရအောင်ဟု ကျွန်မကိုခေါ်ရာမှာတော့ကျွန်မ၀တ်ရမည့် အင်္ကျီနှင့် ပတ်သက်ပြီး သဘောထားကွဲလွဲကာ အချင်းများကြရတော့သည်။့  
ကျွန်မက ရိုးရိုး ကုတ်ပုံ ဖလန်နယ်အင်္ကျီကိုဝတ်ချင်သည်။ သူက ကော်လံမပါ တုံးတိတိစိန်ကတ္တီပါ ပြောင်ပြောင်လက်လက်ကြီးကို ၀တ်စေချင်သည်။ပန်းပွင့်ကြီးတွေက အင်္ကျီရှေ့ ခြမ်းမှာ ဟိုဘက် ဒီဘက်မှာပါနေသေးသည်။ ကျွန်မ နည်းနည်းမှမကြိုက် ။သူ့ ဘာသာ လှတယ်ဆိုပြီးဇွတ်ဝယ်သည်။ ခု သူက ဒါကို ဇွတ်ဝတ်ခိုင်းနေသည်။ခက်ပြီ။ သူခိုင်းတာ မလုပ်ရင် ဒေါပွတတ်သည်။ ၀ုန်းဒိုင်းလဲ ကြဲတတ်သည်။ ပေါက်ကွဲလွယ်သည့် ဒေါသအိုး။ခလေးဆိုးကြီးလို ကောက်ရိုးမီးလိုလဲ ပြီးသွားတတ်သေးသည်။ အငြိုးအတေးမထားတတ်။
ခုကိစ္စမှာလည်း သူက အလျော့မပေးသေး။”ဘယ်သူမှ ၀ယ်မ၀တ်နိုင်ဘူး ငါူမို့ ဝယ်ပေးတာ။” လို့လဲ ကြွားက ကြွားသေး။စိန်ကတ္တီပါက ပွဲတိုးပြီးဖလန်နယ်က အပေါစားဆန်သည် တဲ့။ “စေတနာနဲ့  ၀ယ်ပေးတာ ၀တ် “တဲ့ ။ငေါက်သည်။
“၀တ်ဘူး “လို့ ကျွန်မအော်သည်။သူလဲ ဖေဖေတို့ လိုပါဘဲ။ ဟိုဟာဝတ် ဒီဟာဝတ်တော်တော်အမိန့်  ပေးချင်သည်။
သူ့ အကြိုက်ကိုလိုက်လျောရမှာ ၀န်လေးသလို ကျွန်မအကြိုက် ကို လိုက်လျောရန်လည်းသူ ၀န်လေးနေပုံရသည်။
 ရုပ်ရှင်ကလည်း “ဘ၀သံသရာ “ တဲ့။ကြည့်ချင်လှပြီ။
ကျွန်မကလည်းအလွန်ပေ။ နောက်ဆုံးတော့ သူက တထစ်လျော့သွားသည်။ ဖလန်နယ်ကိုဝတ်ပြီး ကတ္တီပါကို လက်မောင်းမှာတင် ရှိုးလုပ်ရမတဲ့။ သူ့ လက်မောင်းပေါ် တင်တောင်ပြလိုက်သေး။
သူက အဲလို လူ။
ဒါပေမဲ့ သူပြသလို ကျွန်မလုပ် ဒီအတိုင်းလက်မှာ ဆုပ်ကိုင်လာသည်။
နှစ်ဦးသားစကားမဆိုကြ။ မျက်နှာကြီးတွေ စူစူပုပ်ပုပ်နှင့် ရုပ်ရှင်ရုံထဲ ရောက်လာသည်။ရုပ်ရှင်က စနေပြီ။
“ဘ၀ သံသရာ… ရှည်လျား…ထွေပြား…မနေမနား…တသွားထဲ  သွားကြတာ ..  “
သီချင်းရေးဆရာသည် စိတ်ကူးကောင်းလှ၏။စကားလုံးရိုးရိုးလေးနှင့် ရှင်းရှင်းကလေး သံစဉ်လှလှပပ ရေးဖွဲ့ တတ်သည်။။
ဒါရိုက်တာသည် မညံ့။ ရိုက်ကူးပြသပုံ ရိုးစင်းသော်လည်း အဓိပ္ပါယ်ကျယ်ဝန်းလှသည်။ရထားတစင်းခုတ်မောင်းလာတာပထမပြသည်။ လူတွေ အတက်အဆင်းကိုပြသည်။ဆင်းသူဆင်း တက်သူတက် ရထားက ဆက်လက် ထွက်ခွာနေဆဲ။
“ခရီးပန်းတိုင် ..မရောက်မချင်း ..တယောက်ဆင်း..တယောက်တက် …ဆက်လက် ထွက်ခွာ လာ  “
“ လောဘရယ်  ဒေါသရယ် မောဟရယ်  အ၀ိဇ္ဇာ ..ပဉ္စယာ ..သင်္ခါရာ…တဲ့..၊ပျော်လိုက်  ..ရွှင်လိုက် …ရယ် ခါ  ငိုခါ…ဘယ်ဟာ မတည်မြဲ ..ဖေါက်လွဲ  ဖေါက်ပြန် ..အကြောင်းခံ  ကံမဿက္ကာ ..”
တွေ့ ကြုံ  ဆုံ   ကွဲ …ခရီး  ထဲ ၀မ်းနည်း   ၀မ်းသာ… အကြောင်း ကံ ပါ…ဖြစ်ချင်တာလဲ ..မဖြစ်ရပါ…မဖြစ်ချင်တာလဲ  ဖြစ်ရမှာ…သုံးဆယ့် တဘုံ ၀ဋ်  အတွင်း လျှောက်လို့  ကညွှတ်ကွင်း   လျှောက်တဲ့ တေးဘုမ္မာ… အဲဒါ  အဲဒါ    အဲဒါ   ဘ၀သံသရာ..။”
အော် ..သံသရာ ခြားရဟတ်တွင် မပြတ်လည်ပတ်ခဲ့ကြသော ကျွန်မတို့  ပုထုဇဉ်လူသားတွေမှာ  ဗုဒ္မမြတ်စွာ ဟောကြားတော်မူတဲ့ အတိုင်း ပဋိစ္စသမုပ္ပါဒ် တရားတော်များကို နေ့ စဉ်ရှုမှတ် လေ့လာ အားထုတ် ပွားများသင့်ကြပေသည်။
မသိသော အသိဇ္ဇာ က ဖုံးလွှမ်းသဖြင့် တဏှာအရင်းခံ ဥပါဒါန်ကံကြောင့် ရုပ်နာမ် ခန္ဒာဖြစ်။ သုခ ဒုက္ခ။ဝေဒနာဖြစ်။တွေ့ ဆုံ ကြုံကွဲ ခြင်း၊ ဆင်းရဲ ချမ်းသာခြင်း ။စသည် တလှည့်စီဖြစ် ။ဒါသည်ပင် လူ့ ဘ၀၏ ဖြစ်စဉ်များဘဲ မဟုတ်ပါလား။ ကျွန်မတို့  သိပင်သိသော်လည်း နှလုံးသွင်းမမှန်ခဲ့ကြ။  သံသရာ ကြင်လည်ခဲ့ရပေါင်း များလှချေပြီတကား။ အေးညိမ်းရာအမှန် သည် အဘယ်မှာနည်း။
ရုပ်ရှင်မှာက  ဇေယျသည် ဆရာဝန်။
သုခ က ကျောင်းဆရာ။
မေသစ်က သုခနှမ။
ကျောင်းဆရာက နှမကို ဆူသည်။
နှမက ဆရာဝန်နောက်ကို လိုက်သွားသည်။
ဇေယျနှင့် မေသစ် လားကိုယ်စီ ဖြင့် တောင်ပေါ် တောင်အောက် ခရီးလှည့်လည် ဆေးကုသည်။
ငါတို့ အဖြစ်နဲ့  တူလိုက်တာကွာ လို့  သူ ကပြောသည်။
ဇေယျနှင့်မေသစ်လို ဘဲ ကျွန်မတို့ မှာလည်းတတောင်ကျော် တတောဆင်း၊တရွာဝင် တရွာထွက်။ တအိမ်တက် တအိမ်ဆင်း။
ကြိုးတံတားများ။ချောက်ကမ္ဘားများ။လျိုမြောင် စိမ့်စမ်းများ။ကျော်လွှားခဲ့ရသည်။ နတ်ကိုးကွယ်သူများကြား ခက်ခဲစွာ ဆေးဝါးကုသပေးကြသည်။ ကုသမှု ခံယူချင်အောင် မနည်းကြီး အာပေါက်အောင်  ဟောပြောစည်းရုံးရသည်။ဖြစ်စဉ်ကလည်း ထပ်တူလို့ များ ဆိုရမလားမသိ။
မြစ်ကြီးနားမှအပြန် ချီဖွေဗိုလ်တဲတွင်  ခေတ္တနားနေကြစဉ် ဗိုလ်တဲစောင့်ကြီးနှင့် ဒရမ်ဝမ်ကြီးက ဝေယျာဝစ္စလုပ်ပေးကြသည်။
ကြင်ခဲနေသည့် မေခမြစ်ထဲတွင် ရေချိုးဆင်းသည်။ဗိုလ်တဲရှေ့  နှင်းဆီရုံဘေးတွင် မရူးမလေးများဖြင့် ဓါတ်ပုံအတူ ရိုက်သည်။ဗိုလ်တဲ အတွင်းမြက်စားနေသော လားတကောင်အနီး တိုးကပ်ခါ ဓါတ်ပုံရိုက်ဖို့ ပြောတော့ သူက သေအောင်အော်ငေါက်သဖြင့် မရိုက်လိုက်ရ။ လားက” နောက်ခြေ နှစ်ချောင်းနဲ့ ပေါက်လိုက်လို့  သေသွားမယ် ဘာမှတ်သလဲ “တဲ့။
“ အို …ပြေပြေပြစ်ပြစ်မရှိလိုက်တာ။နားဝင်ချိုအောင် မပြော။ ငေါက်ဘဲငေါက်ချင်နေတယ်။ ဗိုလ်တဲစောင့်ကြီးကမူ ကျွန်မအား သနားနေဟန်တူသည်။  “ ကောမာဇွန်းဇွန်း  မရှာ ကဘာ ဇွန်းဇွန်း ..  “  တဲ့။ ခလေးလိုလို လူကြီးလိုလို ပါလား။ တဲ့။
ဗိုလ်တဲ ထမင်းစားခန်းတွင် နောင်အခါ ကျွန်မ ပါပါကြီးလို့ ချစ်ကြည်ရင်းနှီးစွာ  ခေါ်ရမည့် ဟိန္ဒူလူမျိုး လမ်းအင်ဂျင်နီယာကြီးနှင့် မမျှော်လင့်ဘဲ မိတ်ဆွေ ဖြစ်ကြရသည်.။ဗမာစကားတတ်ပေမင့် သိပ်မပီ။အင်္ဂလိပ်စကားပြောသာ ကျွမ်းကျင်သည်။ သူက ကျွန်မကို တွေ့ တွေ့  ချင်းသိဟောင်းကျွမ်းဟောင်းပမာ ရင်းရင်နှီးနှီး လက်ဆွဲ နှုတ်ဆက်ပြီး စကားတွေ ဖေါင်နေအောင်ပြောသည်။ ကျွန်မကို ဇနီး လို့  ပြောတော့ သူ က သူ့ နဖူးကို သူ   လက်ဝါးနှင့် ဖြန်းကနဲ ရိုက်ပြီး “အိုး  မိုင်ဂေါ့ ထ် “လို့  အာမေဋိတ်ပြုသည်။သူက ကျွန်မကို ဆရာဝန့့် သမီးထင်နေသည် ။
“ချွန်ဒေါ်က အိမ်ရှင်ဘဲ ညစာ ကြွေးပါမယ် “ တဲ့။ သူက ပြောပြောဆိုဆို သူ့ လူတွေကို ချာပါတီနှင့် ပဲဟင်း ကြက်သားဟင်း တ၀ကြီး ချကြွေးစေသည်။
အရက်နည်းနည်းသောက်ထားသဖြင့် သူ့ ကို ခွင့်လွှတ်ပါဟုလည်းသူက တောင်းပန်သည်။လမ်းဗိုလ်ကြီးမှာ  ပိန်၍သွယ်လျသောကိုယ်ရှိသဖြင့် ရှည်မျောမျော ဖြစ်နေသည်။လက်ပြင်လည်းကုန်းနေသည်။အသက်က ၆၀ကျော် တဲ့။ ဆံပင်။နှုတ်ခမ်းမွှေး။မျက်ခုံးမွှေး အားလုံးဖြူ နေပြီ။
ပါပါကြီးက သူ တိုင်းပြည်အတွက် အလုပ်လုပ်နေတာပါတဲ့။ မိသားစုကို ထားပြီး ခွဲလာရသဖြင့် ကျွန်မကို မြင်တော့ သူ့ သမီးကို သတိရသည် လွမ်းသည်ဟု ပြောသည်။ကျွန်မကိုလည်းသမီးကလေးလို ချစ်ခင်မိကြောင်း ပြောသည်။ ကျွန်မက” မီးမီး”ဖြစ်သွားပြီး သူက “ပါပါကြီး   “ဖြစ်သွားတော့သည်။ပါပါကြီးက ကျွန်မတို့ ကို လုံခြုံရေးအကြောင်းပြကါ ရိုင်ဖယ်တလက်စီပေးထားမည်ဟု ပြောသည်။ကျွန်မက သူမူးပြီးပြောတာဟု ထင်သော်လည်း မနက် မိုးလင်းချိန်မှာ တော့ သူ့တပည့် လမ်းလုပ်သား တယောက်လာပေးသော ရိုင်ဖယ် သေနတ်များကို မြင်မှ အံ့သြရတော့သည်။
သည်တော သည်တောင် သည်အချိန်သည်ကာလမှာတော့ သည်လိုလက်နက်မျိုးကဘာမှ ဟုတ်ဟန်မတူချေ။ ကိုကြီးမေမေ မြို့ အုပ်ကတော်တောင် ပစ္စတိုသေနတ်လိုင်စင်ရထားသည် တဲံ့။
(နောင်အခါ စစ်ဘက်အရာရှိများမှတပါး  သာမန်လူများ လက်နက်ကိုင်ဆောင်ခွင့်မရှိပါ။
ပြန်လည်အပ်နှံကြရသည်။)
ကျွန်မတို့  ရိုင်ဖယ် သေနတ်တွေ ဟန်ကြီး ပန်ကြီး ထမ်းပြီး ချီဖွေချောင်းတလျှောက် ငါးရှာထွက်ကြသည်။ပြစ်ရဲ တာလဲမဟုတ်ဘဲနှင့်။
ငှက်တွေ အုပ်လိုက် ပျံနေတာ သူချိန်ပြီး သေသေချာချာ  လှမ်းပြစ်သည်။မထိ။ရေထဲက ငါးအုပ်စုလိုက်ပြေးသည်ကို တည့်တည်ချိန်ပြစ်သည် မထိ။ နောက်ဆုံး နို့ ဆီခွက် ထောင်ပြစ်သည် မထိ။ ဗိုလ်တဲရှေ့ က နှင်းဆီရုံကြီးကို တလစပ်ပြစ်သည်။နှင်းဆီတွေက အဆုတ်လိုက် အခိုင်လိုက် ပြွတ်ခဲနေသည်မို့  ကျည်ထွက်သည်နှင့် တပြိုင်တည်း ပွင့်ဖတ်တွေ ဖွာကနဲ ဝေ့၀ဲ လွင့်စင်ကုန်သည်။ပန်းရောင် တောရိုင်းနှင်းဆီဖတ်ကလေးတွေ မြေမှာ ပြန့် ကြဲ သွားတော့သည်။ ကျွန်မစိတ်မကောင်း။ သူ ပန်းပွင့်ကလေးတွေ ဘယ်လောက်များများခြွေပြစ်ခဲ့ဖူးပြီလဲ မတွေးတတ်နိုင်ပြီ။ သူဘယ်လိုလူစားလဲ ကျွန်မ အပိုင်မသိပါ။
ကျွန်မသိတာက ကျွန်မရှေ့ မှာတောင် မိန်းမချောချောမြင်ရင် (မချောလဲ ကြည့်တာပါဘဲ) မျက်စိကျွတ်ကျမတတ် ကြည့်တတ်တာမျိုးပေါ့။နောက်ပြန်တောင် လှည့်ကြည့်နေသေးတာ။ အိနြေ္ဒကိုမရ။ ဒါကိုကျွန်မအလွန်ရှက်သည်။ ဒါ ကျွန်မကို မလေးမစားလုပ်တာဘဲ ဟု စိတ်ဆိုးမိတာအမှန်။ကျွန်မလေးစားအောင် တည်တည်တန့် တန့် မနေသင့်ဘူးလား။ ကျွန်မ၏လေးစားမှုကို ခံယူထိုက်သူမဖြစ်သင့်ဘူးလား။
 ပဲ့တင်ထပ်လာသည့် သေနတ်သံများကို အဆက်မပြတ် ကြားနေရသည်။
၃၀။
ဒီတခေါက် ကျွန်မတို့  တောင်တက်ကြရာဝယ်  ပစ္စည်းသယ်ဖို့  မရူးမကလေးများကို ငှားရသည်။အထမ်းသမားဆိုပါတော့။လမ်းပြဆိုလဲ မမှားဘူးပေါ့။သူတို့ လေးတွေက တောင်တက်ကျွမ်းသည်။မြန်လည်းမြန်သည်။ ကျွန်မတို့ နှင့် အလှမ်းကွာကွာသွားသည်။ထို့ ကြောင့် ကျွန်မတို့ က အဆက်ပြတ်သွားမှာစိုးသဖြင့် မနည်း စောင့်ခိုင်းရသည်။
တကုန်းဆင်းသက်၊တကုန်းတက်၍၊
မြိုင်နက်မြိုင်ကြော၊ တတောထွက်ဝင်၊
တတောမြင်က၊တပင်ရိပ်နား၊
တပင်သွား၍၊တောဖျားမြိုင်နက်၊
 ခရီးထွက်ခဲ့။
                (  ရွှေစက်တောသွား တောလား။ရှင်မဟာရဋ္ဌသာရ )
အော် ရှင်မဟာရဋ္ဌသာရကဗျာလေးကို သတိရမိတော့ တဆက်တည်း ကိုကို့ ကို ပြေးလို့  အမှတ်ရပြန်တယ်။ ကိုကိုတယောက် ကျွန်မတို့ အိမ်ရှေ့ ကနေ လျှောက်ပြန်သံပေး သီချင်းဆိုသွားတတ်တဲ့ အချိန်လေးတွေကိုပေါ့။သူဆိုနေကျ တေးသီချင်းလေးက …
(ရှင်မဟာ ရဋ္ဌသာရလို ..ကဗျာ့ ပါရဂူ အဆူဆူများ ..ရှိခဲ့ ရင် ..ကြိုက်ရာ အမည်ပေး..ကဗျာ့တေးကိုသာ ပင် ရေးဖွဲ့ တော် မူစမ်းပါလို့ .   ..သူတို့  ..ထံပါး…လျှောက်ထား..ချင်… ရွှေစင်  ရွှေစင်  ရွှေစင်လို့ ဘဲ  အမြဲ ခေါ်နေချင်…မောင့် သက်ထား တပါးခင် ..ရွှေ သားနဲ့  မခြားလို့ ပင်  )
လမ်းသည် တခါတရံ ပြေပြစ်၏။တခါတရံ မတ်စောက်၏။တခါတရံ ကွေ့ ကောက်၏။တခါတရံ အဖုအထစ် ကျင်း ချိုင့်တွေ နှင့် ပြည့်သိပ်နေ၏။
လျိုမြောင် စိမ့်စမ်းနှင့် ရေတံခွန်ပေါက်စကလေးများလည်းအမောပြေ တွေ့ ရတတ်ပါသည်။
တခါတရံမှာတော့ လမ်းသည် ကျဉ်းသွားလိုက်  ကျယ်သွားလိုက် ။ကျွန်မတို့  လူ့ ဘ၀ဆိုသည်မှာ လည်း ဒီအတိုင်းဖြစ်မှာဘဲ လို့  နားလည် ခံစားမိလိုက်သည်။ 
နားလိုက် သွားလိုက် ကနေ တခါမှာ တောင်နံရံ တံတိုင်းတခုကိုပတ်၍ ပြေပြေပြစ်ပြစ် လျှောက်လာရာမှ  ရုတ်တရက် ဖြစ်ချင်တော့ လူသွားလမ်းသည် ပဲ့ ရွဲကြွေကျ့ နေပြီး နှစ်ပေ သုံးပေလောက် မြေသားပြတ်ထွက်နေသည်။ခြေဖ၀ါးသုံးပြား လေးပြားစာလောက်သာ ခြေချစရာရှိသော မြေပြင်အနေအထားဖြစ်နေ၏်။ ကျွန်မ ဘုရားတမိတော့သည်။
ညဦးက မြေပြို ခဲ့ပြီထင့် ။မရူးအထမ်းသမားများကို မှီအောင် မလိုက်နိုင်ခဲ့ ဘဲ့ မျက်ခြေပြတ်သွားခဲ့ပြီဖြစ်သည်။ သူတို့  ဘယ်လို ကူးဖြတ်သွားပါလိမ့်။
တဘက်မှာလည်း ချေက်ကမ္ဘားကြီးက စိန်ခေါ်နေသည်။တဘက်မှာတော့ တမျှော်တခေါ် မြင့်မားမတ်စောက်လွန်းသည့် တောင်နံရံတောင်တံတိုင်းကြီး ကာဆီး နေပြီ။ကျွန်မတို့ ကို အသဲယားအောင် ပြုစားနေရော့လား။
ကျွန်မသည် တယောက်သွားသာရုံလမ်းဖြင့် တောသို့ ဝင်၏။ ဆိုတဲ့ ဇနက္ကဇတ်ကို အမှတ်ရလိုက်၏။တကယ်ပါဘဲ လမ်းသည် တယောက်ထဲတောင်မှ တည့်တည့်လျှောက်
လို့ မရနိုင်။ဘေးစောင်း ခြေတဘက်စီ သွားမှ ဖြစ်လိမ့်မည်။ 
အလို ..ဘုရားရေ ..ပုလွေသံကလေးကြားနေရသည်။
ဟမ်မလင်မြို့ က ပုလွေဆရာတော့ ဟုတ်ဟန်မတူ။အကိုဇော်လဲ မဟုတ်နိုင်။
“ဟိတ် ..ညီမလေး.. ငေးမနေနဲ့ ။လာ လာ ကိုကြီးလုပ်သလို လုပ် ။ဟောဒီလို  လုပ် နော်။ကျောက်နံရံကြီးကို ကျောကပ်မှီလိုက်။”
 ကျွန်မလဲ မဆိုင်းမတွ လိုက်လုပ်သည်။
“ဟုတ်ပီနော်…ပြီးရင် ခြေဖ၀ါးတွေ နဲနဲချင်းရွှေ့ သွား အောက်ကို မကြည့်နဲ့ လေ..။ရတယ် နော် “
“ဟုတ်…ဟုတ်…”
မဆိုးပါ။သူပြသလို လုပ်ကြည့်တော့ အဟုတ်သား။ ကျောက်နံရံကြီးသာ ၉၀ဒီကရီ တည့်မတ်နေရင်တော့ ပြီးပါလေရော..။မှောက်ရက် ကားယား ချောက်ထဲ ထိုးကျမှာ အသေအချာ။အောက်မကြည့်နဲ့ ဆိုပေမဲ့ မကြည့်ချင် မြင်ရက်သား။
အပေါ်စီးကဆိုတော့ တည့်တည့် ရှင်းရှင်းကြီး ခေါင်းတွေ မူးဝေရစ်သီလာသဖြင့် မျက်စိမှိတ် ခဏ ငြိမ်နေပြီး လူက ယိမ်းထိုးမသွားအောင် တည်တည်ငြိမ်ငြိမ် တည့်မတ်နေရသည်။
 တဖြည်းတဖြည်း မျက်လုံးပြန်အဖွင့် မျက်စိတူရူမှာက စိမ်းမှောင်နေသော ၀ါးရုံတောကြီးနှင့် သစ်နွယ်ပင်ကြီ်းများက ကျွန်မအား တို့ ထိ ငုံ့ နမ်းနေကြသလား။
 ပြာလဲလဲ့ ကောင်းကင်နှင့် နှင်းဖုံးသော တောင်စဉ်တောင်တန်း..တောင်ကုန်းများက ကျွန်မအား ညှာတာစွာ ငုံ့ ကြည့် အားပေးနေရော့သလား။
ဘယ်အချိန် ဘယ်လို ရွှေ့ လို့  ဘယ်လို ရောက်သွားမှန်းမသိနိုင်ခင် ကျွန်မလက်ကို ကိုကြီးက ဆွဲယူလိုက်သည်။
အော်  သူက ဟိုဘက် မြေသားတခြမ်းပေါ် အရင်ရောက်နေသူဘဲလေ။
ကျွန်မ မင်းသမီး မေသစ် လို ..
“ဘ၀သံသရာ.ရေလှိုင်း ကြီးရဲ့  ၀ဲ မှာပင်  မယ့်ကို နစ်မွန်း..ဆုံးစေ ..အပြစ်မမြင် .. လိုက်မှာဘဲ  မေဖြင့် တယောက်ထဲ ..ခွဲ မနေချင် …သက်ဆုံး တိုင်  မမုန်းတမ်း  အားကိုး ချင်”
                                 လို့  ဆိုလိုက်ရမလား။
၃၁။
Dear mie mie ,
  Today I shall be very happy to see you at my home.
Please you all must come to see me.
I will give you a dinner. That’s all
  Your sincerely papagyi
ပါပါကြီးက လမ်းလုပ်သားလီဆူးကြီးနှင့် ပါးလိုက်သော စာကျွန်မရသဖြင့် ချက်ခြင်း လီဆူးကြီးနှင့်ပင် စာပြန်လိုက်ပါသည်။ 
“ dear papagyi,
So many thanks for your dinner.We shall come to you at 5pm.
Your truly
Mie Mie
ကိုကြီး ဆေးရုံမှပြန်အလာ စာကို ဖတိပြီး ချာပါတီနှင့် ကြက်သားဟင်းစားရတော့မည်ဟု  ပျော်နေသည်။
ကျွန်မတို့ အိမ်မှ ၄နာရီခွဲတွင် ထွက်ခဲ့သော်လည်းမိုးမှောင်နေသည်။ အအေးဓါတ်က လွန်ကဲနေဆဲ။ ဖေဖေါ်ဝါရီ လကုန်တော့မည် ဖြစ်သော်လဲ ဒီဒေသမှာ ရာသီဥတုက ပုံမှန် တွက်ဆလို့ မရ။ အချိန် မရွေး မိုးရွာနိုင်သည်။ မိုးကြိုးမုန်တိုင်း နှင်းမုန်တိုင်းတွေ ကျရောက်နိုင်သည်။မိုးသီးများကြွေနိုင်သည်။ နှင်းမိုးရွာနိုင်သည်။ငလျင် လှုပ်ခြင်း တော်လဲခြင်းနှင့်အတူ မြေပြိုခြင်း လဲ ဖြစ်နိုင်သေးပါသည်။ တဲ့။ ကျွန်မတို့  ထွက်လာစဉ် မိုးသား မိုးတိမ်တို့ က အပြေးအလွှားလိုက်လာပြီး ကျွန်မတို့ ကိုယ်ကို ဖုံးအုပ် ပြစ်လိုက်သည်။မိုးတိမ်တွေထဲ နစ်မြုပ်သွားတာနေမှာ။ မိုးနှင်းတွေထဲ လမ်းလျှောက်ရတာ ပျော်ရွှင် ကြည်နူးစရာပါဘဲ။ လူမှာ လန်းဆန်းသစ်လွင်လာသည်။ဟိုအယင် ကျွန်မတို့  ငယ်ငယ် ကောင်းကင်ကို မော့၍ မော့၍ ကြည့်ခဲ့ ရသည့် မိုးတိမ်တို့သည့်  ယခုကျွန်မတို့  ခန္မာကိုယ်ကို တွန်းထိုးပွတ်တိုက် ကြည်ဆယ် သွားသည်။အံ့စရာပါဘဲ။လက်ဖြင့်ဖမ်းဆုတ်ကိုင်တွယ်မရ။ ထိတွေ့ ဝှေ့ ရမ်းကစားကြည့် မရ။ ပိုင်ပိုင် နိုင်နိင် မရှိ။မမိ။
အိန္ဒယ ရုပ်ရှင်ထဲက မင်းသားမင်းသမီး တိမ်ကြို တိမ်ကြား ပြေးလွှားရင်းတေးချင်းဆိုကြ ပျော်ကြတာ မြင်ဖူးသည်။နှင်းစက်မြူမှုံ ဖြူလွလွ ကြားဝယ် လူးလာတုံ့ ခေါက် ပျော်ပါးကခုန်ကြသည်။
ကျွန်မအပါးက ရွှေမင်းသားကြီးမှာမူ ချာပါတီနှင့် ကြက်သားဟင်း မြန်မြန်စားရဖို့  ရှေ့ က အတွင် လျှောက်နှင့်သည်။
ပါပါကြီးအိမ်မှာ တောင်လက်မောင်းတခုတွင် မေးတင် ဆောက်လုပ်ထားသည်။ခြေတံရှည် ပျဉ်ထောင်အိမ်တွင် ပျဉ်ကာ ပျဉ်ခင်း ထားသည်။မှန်ပြတင်းနှင့် အုတ်ကြွတ်နီနီတို့ မိုးထားပုံမှာ နေချင့်စဖွယ်ပါ။အင်္ဂလိပ်ခေတ်အကြွင်းအကျန် အဆောက်အဦမှန်းသိသာနေသည်။ ရှေးက အင်္ဂလိပ်အရာရှိတွေ နေသွားသည့်အိမ်ဟု ဆိုသည်။ အစိုးရ ရုံးစိုက်ရာ  နယ်ခြားမြို့တော်လည်းဖြစ်၍ မှန်ပြတင်းနှင့် အုတ်ကျွတ်မိုး အစိုးရအိမ် အများအပြားရှိသည်။
“ဟဲလို  ပါပါကြီး  ဂွတ်အီးဗင်းနိင်း၈်”
“ဟဲလို ဘရာသာ  ဟဲလို မီမီ  နိုက်စ် တူဆီးယူ  ..”
နှုတ်ဆက်သံတွေ စီစီညံသွားတော့သည်။
“ဒါ  ချွန်ဒေါ့ ဇနီး။သူတို့ သားအမိ လိုက်လာကြတယ် “ တဲ့။ပါပါကြီးက “မာမာ”နှင့် မိတ်ဆက်ပေးသည်။ “မာမာ”က ကျွန်မကို အခန်းထဲ ခေါ်သွင်းသွားသည်။ သူတို့ ယောက်ျားတွေ စားပစေ သောက်ပစေ တဲ့။
ပြီးတော့ နသံသီးတရမ်းရမ်းနှင့် ချစ်စရာ့ ကုလားမလေး   “ကမလာ “နှင့် မိတ်ဆက်ပေးသည်။ “၀မ်းသာလိုက်တာ “မီမီ “ရယ်  ကျွန်မလေ ပါပါပြောလို့ ”  မီမီ့ “အကြောင်း သိပီးပီ  အရမ်းတွေ့ ချင် နေတာလေ.”  တဲ့။ ကမလာ နှင့် သူမ မေမေက ဗမာစကားပီသအောင်ပြောနိုင်ကြသည်။ကျွန်မကို “မီမီ “ ဟု ခေါ်သည် ။ ထိုနေ့ ကစပြီး ကျွန်မနာမည်” မီမီ “တွင်သွားသည်။”မီးမီး” မဟုတ်တော့ပြန်ပါ။
မာမာက စားကာနီးမှ စပါယ်ရှယ် ချာပါတီ ပူပူနွေးနွေးလုပ်ကြွေးသည်။ကျွန်မကို မုံ့ နဲပုံ မုံ့ လုပ်ပုံ ပြပေးသည်။အပြင် ဧည့်ခန်းမှ ပါပါကြီးတို့  တဟားဟား ဆူညံစွာ စကားပြောကြးစားကြ သောက်ကြသည်။ ကျွန်မတို့ က မီးဖိုချောင်တွင်ဘဲ စားလိုက်ကြသည်။ကျွန်မအတွက် သီးစုံဟင်းတခွက်နှင့် ပဲဟင်း မကျည်းမဲ့အနှစ်ချက် တို့ နှင့် ချာပါတီက စားမြိန်နေသည်။ 
“ကမလာ ဒီမှာ ကြာအုံးမလား “မေးတော့  “ ပါပါနဲ့  ၂လလောက်နေမယ်။ ပြီးရင် မြစ်ကြီးနားပြန် မင်္ဂလာ ဆောင်ရမယ်”တဲ့။
“အို ..ဟုတ်လား သိပ်ကြက်သရေ ရှိမှာဘဲ ။ကောင်းလိုက်တာ။ “
လို့ ကျွန်မပြောတော့…
“ဒါပေမဲ့ မီမီရယ် . ကျွန်မတို့ ချင်း  မမြင်ဘူးကြဘူးလေ ၊ပါပါက ပိုက်ဆံအကုန်ခံပြီးသမက်လောင်း ရှာရတာ။ ကမလာက အိမ်တွင်းပုန်း ခေါင်းမြီးခြုံ ကုလားမ ..ယောင်္ကျားယူဖို့  အချက်အပြုတ်သင်ရင်း ပါပါပေးစားမဲ့လူကို စောင့်နေရတယ်။”
ဟယ်တော့.. ဟုတ်လား။
အံ့စရာပါဘဲ။ ကျွန်မမကြားဖူးသေး။ လူ့ အခွင့်အရေးတွေ ဘလောက်များကျရှုံးနေလိုက်ပါသလဲ။ သူမကိုယ်တိုင် ဒီဘ၀က ရုန်းထွက်ဖို့  မကြိုးစားဖူးလား ကျွန်မအတွေးခေါင်နေသည်။
မာမာက ပါပါကြီးတို့ ဝိုင်းကို လိုတာဖြည့်စွက် လုပ်ကိုင်းပေးနေစဉ် ကျွန်မတို့ ကတော့ စကားတွေ ဖေါင်ဖွဲ့ လို့  မကုန်ကြ။ ပါပါကြီးက နောက်တကြိမ် သမီးမပြန်ခင် ဆိတ်သားဟင်းနဲ့ကြွေးအုံးမည်ဟု ဆိုနေသည်။ ဆိတ်တကောင်တော့ သေလိမ့်ဦးမည်ထင်သည်။ ဆိတ်ဆိုတော့ ယောယင်တယောက် ဆေးဘိုးဝါးက ကံတော့လာသည့် ဆိတ်ကလေး ကျွန်မမွေးထားတာ သတိရမိသည်။ ဆိတ်ကလေးးက ကျွန်မနှင့် ရင်းနှီးနေပြီး လက်ဝါးပေါ် ဆားတင်ကြွေးရင် လာစားတတ်နေပြီ.။
“ မီမီရေ…တို့ များ နောက်ဘက်က ကမူလေးမှာ သွားထိုင်ရအောင် “ တဲ့။
“သွားမယ်လေ။ “
အိမ်နောက်ဘက်ကုန်းကလေးပေါ် ကျွန်မတို့ ရောက်အလာ ကမလာက ရင်ဖွင့်တော့သည်။ ” ကမလာ သိပ်ဝမ်းနည်းတာဘဲကွယ်..။မီမီ စဉ်းစားကြည့် ငိုချင်စရာ ဘလောက်ကောင်းလဲနော်။ကမလာ သီချင်းဆိုပြမယ် ။မီမီ နားထောင်မလား။ “
နားထောင်မှာပေါ့။
သူမက “အနာကာလီ”သီချင်းကို ဆိုပြနေသည်။အလွမ်းဓါတ်ခံများရှိနေရော့လားမသိ “မီနာကူမာရီ “ လိုဘဲ သူမ မျက်ရည်တွေ ဖြုတ်ကနဲ ကြွေကျလာသည်။
“ကမလာရေ…ချစ်ရတဲ့ သူများ ရှိနေသလားကွယ်  ပါပါပေးစားမဲ့လူအပြင် “
“အို ..မရှိပါဘူး  မရှိပါဘူး  အိမ်တွင်းပုန်းနေရတာပါ မီမီရယ် ဘယ်လိုလုပ်ရှိမလဲ။  ကဲပါ မီမီ့ အလှည့် သီချင်းဆိုပြ ..”
“ကောင်းပါပြီ  ကမလာရယ်”..၊
ကျွန်မဆိုပြမိတဲ့သီချင်းက ရော ဘယ်လိုမျိုးဖြစ်မလဲ မေးရန်မလိုပါ။  အလွမ်း အဆွေးအပြင် ဘာများရှိနိုင်အုံးမတဲ့လဲ။
“မြိုင် တန်း မှောင် ဝေ ..ဘွေမဟီ…ဂနိုင် တော ဖျား..က  နားစွဲ လို့   အလွန်သာယာသည်။  ဟေမ၀ါ သေလာ ထဲ မှာ  ၀ဲကာပျံသည်..ဖေါ်မစုံ  သိုက်မြုံနန်း မှာ  လွမ်းကာ နေသည်…မာဂဓါ ဘာသာ နှော လို့  ပြော ၍ နေရှာ ပြီ.. တကယ့်ကို  သနားလောက်ဖွယ်  မနား  မနေ ရှာသည်  တော နဲ့  တောင် မဟီ  တကောင်ထဲ  ဖေါ်ကွဲ ခဲ့ လို့  လွမ်း ပြန်သည်  အော် တကောင် ထဲ  ဖေါ်ကွဲ ခဲ့ လို့   လွမ်း ပြန်သည်  ငှက်ကလေး ကို မျှော်တွေးလို့ သာ   ကျုပ်လဲ  ဆွေးပါသည်  ..ဂနိုင် ဆီး   မြိုင် ကြီး ထဲက  မျှော်မှန်း လို့ သာ ရီ…  လွမ်း ပို တဲ့ ရာသီ  မှိုင်း မှုံ ငယ်  ပြာ ရီ ....မြိုင် နန်း ဘုံ သာ ဦးဝယ် .ခိုင်ပန်းစုံညှာ ဖူး  တယ်  အလွန်ပင်ကြည်နူးဖွယ်  ထူးတဲ့  သေလာ မဟီ ..။
ဟေ၀န် နန်း..ေ၇တခွန် စမ်း….ဟေ၀န်နန်း….လွမ်းဖွယ် စုံ ညီ….”
ကျွန်မတို့ သည် ခုတလော အလယ်လွန်တတ်ကြသည်။ ပိန်းပိတ်အောင်မှောင်မိုက်နေသည့်ညမျိုးတွင်ပင် အချိန်မရှိ အချိန်ရှိ ဓါတ်မီးတလက်နှင့် သွားလိုက်ပြန်လိုက် ဖြစ်နေသည်။ ပါပါကြီးအိမ် သွားလယ်တာမျိုး ၊ ကြေးနန်းရုံးမှ အရာရှိကတော် မီးဖွားသည့်ကိစ္စ မျိုး စာရေးကြီးအိမ် စကားစမြည် သွားပြောတာမျိုး ဖြင့်အလယ်ကျူးတတ်နေရာ ကွန်ပေါင်ဒါကတော်က သတိပေးရသည်အထိ ဖြစ်လာသည်။
ညည ကျားဟိန်းသံ တွေကြားရကြောင်း။မနက်မိုးလင်းလျင် အိမ်နားတ၀ိုက် တောကောင်ခြေရာများတွေ့ နေရကြောင်းနှင့် ခေါန်ဂျာ အိမ်မှ နွားပေါက်ကလေးတကောင် ဆွဲသွားသည် တဲ့။ ပြောပြကြသည်။
ကျွန်မအိမ်က ဆိတ်ကလေးကိုလည်း လုံအောင် သိမ်းမှ။  ညအခါ မီးဖိုခန်းထဲ  ဆိတ်ကို  ပိတ်လှောင် ထားလိုက်သည်။  အိမ်တံခါးများကိုလည်း စောစီးစွာ တင်ကြို ပိတ်ဆို့  ထားလိုက်သည်။ ကျားဆိုတော့ ကျောင်းမှာသင်ရသည့်  Burmese Folk Tales မှ မောင်ပိုနှင့် ကျားပုံပြင်ကို သတိရလာသည်။
ကျားသည် ခွန်အားကြီးသော်လည်းဥာဏ်ပညာ မရှိ တဲ့။ လူတွေ လှဲ့ စားတာ ခံရသည်။ ရွှေယုံ ကောက်ကျစ်တာခံရသည်။
ဒါက ပုံပြင်ထဲမှာလေ ။ အပြင်မှာ ဘယ်လိုဆိုတာ မသိနိုင်ချေ။နှစ်ညလောက် ကျွန်မတို့  အိမ်မလယ်ဘဲ ခြေငြိမ်နေကြသည်။ နောက်ညမှာတော့ သန်းခေါင်ကျော်ဇတ်လမ်းစလေပြီ။နာရီပြန်၂ချက်ခန့် တွင် ရုတ်တရက် အနီးကပ်ကြားလိုက်ရသော သေနတ်သံနှင့် ကျားဟိန်းသံကို ကြားလိုက်ရခြင်းကြောင့် ကျွန်မတို့ အိပ်ယာတွင် ငုတ်တုတ်ထထိုင်မိကြသည်။ သေနတ်သံက ဆက်တိုက်ဆိုသလို ၃ ချက် ကြားလိုက်ရပြီး ဝေါင်း ဆိုသော အသံကပါ ကပ်ပါလာသည်။ နာနာကျင်ကျင်ခံစားလိုက်ရသည့် ဝေဒနာတွင် ဒေါသစွက်သဖြင့် ထွက်ပေါ်လာသော ကျားဟိန်းသံမှာ   ကြောက်ဖို့ လဲကောင်းသလို သနးစရာလဲ ကောင်းသော အသံဖြစ်နေသည်။ ထိုအသံတို့ သည် ကျွန်မတို့ အိမ်ရှေ့ မြေကွက်လပ်ကြီးမှ ပေါ်ထွက်လာရာ .တဖက်ခန်းမှ ကွန်ပေါင်ဒါက “ဆရာရေ.တောကောင်ထိသွားပြီထင်တယ်.့ ကျားက ဒါဏ်ရာရှိရင်  ပိုပြီး အန္တရယ်ပေးနိုင်ပါတယ် ။အပြင်ထွက်မကြည့်ပါနှင့် “ ဟု သတိပေးလာသည်။
မကြာပါ ။လူတွေ စီကနဲ အသံထွက်လာသည်။ ဟိုမှ သည်မှ ညာသံပေးထွက်လာကြသည်။ကျွန်မတို့  လည်း ငြိမ်ကုတ်မနေနိုင် တော့။ပြတင်းတံခါးမှ ခေါင်းထွက် ပြူကြည့်ကြရာ UMP စစ်တပ်မှ လူတွေ ပြိုဆင်းလာကြတာာတွေ့ ရသည်.။တောကောင်မလှုပ်နိုင့်မှန်းသိသဖြင့် ကျွန်မတို့ ရော ကွန်ပေါင်ဒါမိသားစုပါ အထဲ အောင်းမနေနိုင် အိမ်ပြင်ထွက်ကြည့်ကြတော့ ကျားသည်ကျွန်မတို့ အိမ်ရှေ အိမ်ခြံစည်းရိုးနှင့် ၃ကိုက်အကွာလောက်မှာ စောင်းစောင်းလေး  လဲကျနေသည်။လူအုပ်ကြီးက ၀ိုင်းအုံကြည့်ရှုနေကြသည်။ကျွန်မတို့ လည်း တိုးဝှေ့ ကြည့်ကြရာ ကျားမှာ ၀ဲဘက်ရင်အုံတွင် တချက် ၀မ်းဗိုက် တည့်တည့်တွင် ဒါဏ်ရာ နှစ်ချက်ဆင့်ကာ ထိမှန်ခဲ့သဖြင့် သွေးပင်လယ်ဝေကာ သေဆုံးနေပေပြီ။
UMP (Union military police)စစ်ရဲတပ်ရင်းမှာ လေါခေါင်းတောင်တန်ူးကြီး၏အစွန်းတဘက်ရှိကုန်းမြင့်မှာ တည်ရှိသဖြင့် ညကင်းစောင့်သည် အပေါ်စီး မှချက်ကောင်းစောင့်၍ အေးအေးဆေးဆေး အချိန်ယူ ပစ်ခတ်နိုင်ခဲ့သည်တဲ့။မှုံမွှားမွှား လရောင်အောက်တွင် ကျားသည်  ပစ်ကွင်းတည့်တည်ကိုမှ တလှမ်းချင်း တည့်တည့် တိုးဝင်လာသည်။ တဲ့။ “ဝေါင်း “ ဟု တချက်တည်းသာ အော်နိုင်ပြီး လေတွင် ဂျွမ်းပစ်ကာ ပွဲချင်းပြီးသေဆုံးခဲ့ ပြီ။
သွေးတို့ ဖြင့် အိုင်ထွန်းနေသော ကျားသစ်မကြီးကို ကျွန်မ မကြည့်ရဲ။မကြည့်ရက်။တောထဲမှာ မနေဘဲ ဘာ့ကြောင့်များ ကိုယ့်နေရာမဟုတ်သည်ကို ကျူးကျော်လာရသလဲ မသိနိုင်ပြီ။ ခုတော့ တခန်းရပ်ဇတ်သိမ်းရရှာပြီ။တောထဲမှာ သားသမီးများကျန်ခဲ့ မှာဘဲဟု ကရုဏာဒေါသော ပြစ်တင်နေမိသည်။
တောင်တန်းဝန်ထောက်နှင့် ရွာလူကြီးများက တော့ ညကင်းစောင့်ကလေးကိုလက်ဖြောင့်တပ်သားဟု ချီးကြူးဂုဏ်ယူ မဆုံးကြတော့။
မကြာမီ ရွာသားများ တယောက်တခွန်း ဆူညံအော်ဟစ်ခါ ထပ်မံ စုရုံးရောက်ရှိလာကြ၏။ကျာသစ်မကြီးအားလည်းခြေ ခြေချင်း လက်လက်ချင်းပူးချည်ကာ ၀ါးလုံးတွင် လျို၍ ရှေ့ တယောက် နောက်တယောက် တမ်းသယ်သွားသဖြင့် ကျားသစ်မကြီးသည် လျိုထားသော ၀ါးလုံးတွင် ပက်လက်ဇက်လန်ကျိုးကျကာသွေးစက်တန်းလန်းဖြင့် ပါသွားရှာသည်။ထိုအခိုက် ..လူအုပ်ထဲမှ ဦးထုပ်နီတလုံးဆောင်းထားသူ စစ်သားလေးက မောင်းတလုံးကို မြှောက်၍ တဒူဒူထုရင်း စည်းချက်နှင့်အညီ ကလျက်ထွက်လာသည်။သူက ဦးဆောင်ကာတောင်ဆင်းလမ်းအတိုင်းစတင်ထွက်ခွာသွားရာ ကျားသေထမ်းသူများရော လူအုပ်ကြီးကပါညာသံပေး  ဆူညံအော်ဟစ်ရင်း ပျော်ပျော်ပါးပါး တသီတတန်း လိုက်ပါသွားကြတော့သည်။
ဒါသည် သူတို့ ၏ အောင်ပွဲ ဖြစ်ပါသတဲ့။ ရန်သူကို အောင်နိုင်ခဲ့ခြင်းအပေါ် ဂုဏ်ယူဝင့်ကြွားစွာ ဖြင့်
တောင်ပေါ် တောင်အောက် နေရာအနှံ့  လှည့်လည်ပြသကြခြင်းဖြစ်ကြောင်း ကွန်ပေါင်ဒါက ရှင်းပြပါသည်။ညအခါ ကျားသေသောနေရာကိုဗဟိုပြုကာ  မီးပုံပွဲ တခု  ကျင်းပကခုန်ကြလိမ့်မည်ဟု သူက ဖြည့်စွက် ပြောကြားလိုက်တယ်။
ဒူ..ဒူ..ဒူ..ဒူ…နှင့်ဦးထုပ်နီလေးက မောင်းကို မြှောက်ကါ မြှောက်ကါ ဟန်ပါပါ မန်ပါပါ ထုနှက် လှည့်ပတ်ကခုန်ရင်း တဖြည်းဖြည်း တောင်အောက်သို့  ရောက်သွားကြတော့သည်။မြူးကြွသွက်လက်သော တေင်ပေါ်သားတို့ ကို ကြည့်ရတာ ကျွန်မရင်ထဲ လှိုက်ကနဲ ဖြစ် မျက်ရည်စို့ သည်အထိ ၀မ်းသာကြည်နူးမိသည်။ပျော်စရာလည်းကောင်းနေသည်။တကယ့်အောင်ပွဲ အခန်းအနားတခုအသွင် ဆောင်လို့ နေသည်။
မှောင်လာသည်နှင့် မီးပုံကြီးက မီးညွန့် တွေ ဖြာထွက်ကာမီးခိုးတန်းကြီးးမိုးပေါ် ထိုးတကသွားသည်။ကောင်းကင်သို့  တလူလူ လွင့်ပျံ ယိမ်းထိုးနေပုံက အသဲ ယားစရာ။စိတ်လှုပ်ရှားရင်ခုန်ရပါလားကွယ်။ကျွန်မကို ဖမ်းစားညှို့ ယူ ဆွဲခေါ်နေတယ်။
ကျွန်မတို့ အိမ်နှင့် မျက်စောင်းထိုးတွင် ရေပိုက်များဆင်ထားသော သွတ်မိုးအုတ်တိုက်ကြီးတခုရှိရာ အုတ်ရေကန်ကြီးတခုလည်းပါရှီနေသဖြင့် ရွာသားများရေချိုး အ၀တ်လျှော်စသည် လိုသလို သုံးစွဲနိုင်ရာ ကျားသေကြီးကို အဲဒီမှာ သူတို့ ဝိုင်းဖျက်ကြသည်နှင့်တူပါရဲ့ ။ဆေးကြ ကြောကြ  ထုကြ ထောင်းကြ အသံတွေဆူညံဝေစီ ကြားနေရသည်။အရေဆုတ်သူက ဆုတ်။ ဖျက်သူကဖျုက် ချက်သူကချက်သဖြင့် ညှီစို့ စို့  အန့ံကြီးက အော်ဂလီဆန်စရာပါ။ အရပ်လေးမျက်နှာကို လှိုင်ထွက်နေတော့သည်။သည်အနံ့ က ဘယ်မှာမှ ရှောင်မလွတ်။
အော် သူတို့ တရွာလုံး  သည်အကောင်ကြီးအသား မြိန်ရေ ယှက်ရေ စားကြပေတော့မည်။ကျွန်မကြက်သီး ထလိုက်တာ ကြောချမ်းလိုက်တာ။
မကြာခင်မှာ မောင်းသံ လင်းကွင်းသံ ဗုံသံ စသည် ကြားရသည်နှင့် တပြိုင်နက် ကပွဲက စတော့သည်။ လူတိုင်းပါဝင်ဆင်နွဲခွင့်ရှိသည်။ ကျွန်မမသိသူများ သိသူများအားလုံး ကြီးသူ ငယ်သူ အားလုံး ၀ိုင်းပတ်ကခုန်နေတာ တပျော်တပါးပါဘဲ။
သူတို့  လွတ်လပ်ပေါ့ပါးစွာ ကခုန်နေကြသည်။ ဘယ်သူ့ ကိုမှရှက်ရွံ့ နေရန်မလို။
ကိုကြီးက ဒါမျိုးဆိုခြေမနှေး။ ရောက်နေပြီ။ကပွဲ ထဲမှာ။
ကျွန်မလည်း ရှေ့ကလူကိုကြည့် သူ  ခါးနွဲ့ ရင် နွဲ့  ခြေလှုပ်ရင် လှု့ပ် ။လိုက်လုပ်သည်.။ပျော်စရာ တော်တော်ကောင်းတာဘဲ ။ ဒါပေမဲ့  ကျွန်မအဖို့ ဒီလိုပွဲမျိုးက အလွန်စိမ်းနေသည်။ကရမှာ ရှက်ရွံ့  နေ၏
။ကျွန်မအပြင်ထွက် လိုက်သည်။ သူတကာ ကတာကို ဘေးကနေ အားပေးကြည့်ရှု နေလိုက်သည်။ကပွဲ အတွင်းစိတ်လိုက်မန်ပါကနေသော ကျွန်ပေါင်ဒါ ကတော်လေးမှာ လက်က သူ့ ကျောပေါ်က ခလေးကို သိုင်းယှက်ထားရသဖြင့် ခြေကသာ လှုပ်နိုင်သည်။သူ့ ကလေးက ကျောပေါ်ကနေ ခေါင်းလှုပ်လှုပ် ခြေလှုပ်လှုပ် နှင့်။ ။ပြုတ်များကျမှ အခက်။
ထိုစဉ် ဦးးထုပ်နီလေး ကျွန်မအနားရောက်လာသည်။သူ့  လက်ထဲမှာ ၀ါးဆစ်ဗူးကလေးတခု ။
“ကောင်းသောညပါခင်ဗျား ဧည့်ဝတ်ပြုပါရစေ”..တဲ့။ ၀ါးဆစ်ဗူးလေးကို ခါးလေးညွှတ်၍ လက်နှစ်ယှက်ပူးပြီး တလေးတစား ကမ်းပေးသည်။
“ကျေးဇူးကမ္ဘာပါရှင် “
သူကမ်းလိုက်သော ၀ါးဆစ်ဗူးတွင် ၀ါးနံ့ သင်းသော ခေါင်ရည်နံ့က သင်းသင်းလေး မွှေးနေသည်။
“ကျွန်တော်က ဇော်လွန်းပါ “
“အော် ဇော်လွန်းတဲ့လား။ ဒူးဝါးကြီးပေါ့။တွေ့ ဖူးတယ်နော် ဦးးထုပ်နီလေး အမြဲ ဆောင်းထားတော့  မှတ်မိနေတယ် “
သူက ရယ်ကြဲကြဲ နှင့် ..” ဟုတ်ကဲ့ပါ သွားလိုက်ပါအုံးမယ်  ဒီည ကျွန်တော် ကင်းစောင့်ရမှာ  “
 “အို  ..ဟုတ်လား  တညလုံး ကကြ မယ် ထင်နေတာ။ “
“ နေလို့ မရဘူးခင်ဗျာ့ ..။အခုဘဲ သွားရမှာ .။ဆရာဂျန်က ကျွန်တော့ အမနဲ့ တူတယ်”
ပြောပြောဆိုဆိုဦးညွှတ်လက်ဆွဲ နှုတ်ဆက် ထွက်ခွာသွားပုံ တဆင့်ပီးတဆင့်  မြန်လွန်းတယ်။ 
ကျွန်မ ဘာတခုမှ ပြန်မပြောလိုက်နိုင်ခင် သူက လူအုပ်အကြားမှာ ၀င်ရောက် ပျောက်ကွယ်သွားခဲ့ပြီ။ဝါးဆစ်ဗူးကလေးပြန်မပေးလိုက်ရသေးပါ။ ၀ါးနံ့ လေးသင်းနေသော ခေါင်ရည်မှာ မများလှပါ။ လက်နှစ်လုံးလောက်ရှိမည်ထင်သည်။ ကျွန်မခေါင်ရည်နည်းနည်း မြည်းကြည့်တော့ တောင်တန်းဝန်ထောက်အိမ်မှ ခေါင်ရည်အရသာအတိုင်းပင် ။ချိုမြမြ ရှတတ။
စစ်အတွင်းက ဂျပန်စစ်ဗိုလ်လေး ကာဝါဇူရှီ လိုပါဘဲ။ကျွန်မကို သူ့ သမီးလေးနှင့်တူသည်ဟု သူရသော ရာရှင်နို့ ဆီ သကြား ချော့ကလက် တို့ ကို ကျွန်မအတွက် ဆိုပြီးလာပေးသည်။ ပါပါကြီးက သူ့  သမီးနှင့်တူသည်ဟုချာပါတီတွေ ခေါ်ခေါ်ကြွေးသည်။ဟောဒီတယောက်က တော့ အမနှင့် တူပြန်သတဲ့။ ခေါင်ရည် လာတိုက်သည်။ ကျေးဇူးပါဘဲ ဦးထုပ်နီကလေးရယ်။
၃၂။
တနေ့ မှာ ကွန်ပေါင်ဒါကတော်က ကျွန်မအား အမှတ်တရ ဓါတ်ပုံရီုက်ထားပါ့ဆိုပြီး ကချင်အမျိုးသမီးဝတ်စုံထုတ်ဆင်သည်။ငွေမောင်းလေးတွေ တချွင်ချွင်မြည်နေသည့် ကချင်ရိုးရာ
အင်္ကျီ  လေးက ချစ်စရာ။သင်တိုင်းကို ခါးမှာကြိုးချည်ပတ်တော့ ရွဲ့ စောင်းစောင်း။ ကြိမ်ခွေတွေက ခါးမှာ ရော့ရဲရဲ ချေသလုံးမှာလည်း  ဂျပ်ခုတ်အစွပ်စွပ်ရသည်။တမျိုးလေးဆန်းသစ်နေသည်။
လောခေါင် တောင်တန်း အစွန်ရှိ ကျောက်စားပွဲ ကျောက်ကုလားထိုင်တို့ မှာ ကျောက်တုံးကြီးတွေပေါ်မှာ .နေရာ အနှံ့  ရိုက်ကြသည်။ ၊
ကျွန်မတို့ ကွန်ပေါင်ဒါမိသားစုနှင့် အတူ မှတ်တမ်းတင် ဓါတ်ပုံရိုက်ကြတော့ခလေးက ဘုမသိ ဘမသိ ပျော်နေသည်။အသားညိုသော်လည်း မျက်စိမှေးမှေး ပါးဖေါင်းဖေါင်းကလေးနှင့် ဖိညှစ်ပြစ်ချင်စရာ ကောင်းလိုက်တာ။
ကျွန်မအိပ်ယာထဲတွင်ဒီည အိပ်မပျော်။ဘယ်လူး ညာလှိမ့် နှင့်။ တဟင့် ဟင့် နှင့်
ကျွန်မ ညသန်းခေါင်ကျော်ကြီး ငုတ်တုတ်ထထိုင်ကာ ငိုသည်။
“ဘာလဲကွာ .မင်းအိမ်ပြန်ချင်တာလား။မင်းအဖေအမေ လွမ်းလို့ လား။ စာမေးပွဲ ဖြေချင်တာလား။ပြော ဂျီမတိုက်နဲ့ ။”
“မဟုတ်ဘူး ခိုင် .. ခိုင်  menstruation လာနေလို့  “
“ကောင်းတာပေါ့ကွ”
“ဟင့်အင်း ကောင်းဘူး  ခိုင်ကလေ  ခိုင်ကလေ ..:
“ဘာဖြစ်လဲ ခိုင်က” 
“ကလေးလေးလိုချင်လို့  ..”
“အမလေးဗျာ..ဒါလား  .  ရမှာပေါ့ဗျ. ဟား…ဟား..။”
ကျွန်မရှက်ရှက်နှင့် ခေါင်းအုံးတွင် မျက်နှာဖွက်လိုက်သည်။
၃၃။
ဒီကနေ့  ကျွန်မတို့   ချိတ်လွယ်ရွာ မှ ဒူးဝါးကြီး  လဘန်ရှန်ရှောင်(န်)  တို့  ဇနီးမောင်နှံ ကဖိတ်ကြားထားသည့် အိမ်သစ်တက်ပွဲ သို့  သွားဖို့ ရှိသည်ဟု ဆိုသဖြင့်  ဘောင်းဘီ ဂျာကင် ဦးထုပ် ကင်းဘတ်စ် ဖိနပ် စသည် အမြန်ပြင်ဆင်လိုက်ရသည်။ မကြာမီ လားများ ရောက်ရှိလာသဖြင့် ကျွန်မတို့   ခရီးစတင်ထွက်ခွာခဲ့ကြသည်။
ဒီတခေါက် လားမှာ အယင်လားတွေထက် ပိုမို ထွားကျိုင်းသော်လည်း ကျွန်မဇက်ကြိုးကို ကောင်းကောင်းထိန်းကျောင်းနိုင်နေပြီဖြစ်၍ သူ့ ခေါင်းကြီး ချောက်ကမ္ဘားအောက်  ငုံ့  မြက်ဆင်းစားမယ်ဆိုလဲ မကြောက်တော့ပါ။ သူ့ လားများကို အကောင်းဆုံးနှင့်အယဉ်ကျေးဆုံးဖြစ်အောင် ထရိန်နင် ပေးထားသည်ဟု အင်္ဂလိပ်လိုပင် လားသမားက စကားညှပ် ပြောသည်
လားသည် လောခေါင်တောင်ပတ်လမ်းအတိုင်းတအိအိ ဆင်းလာခဲ့သည်သာမက မတ်စောက်သော နေရာများကိုလည်း အေးဆေးစွာ မသိမသာပင် ကျော်လွှားခဲ့ လေသည်။
လားဆရာက ကျွန်မကို ကြည့်ပြီးရယ်သည်။
ချီဖွေ ၊လောခေါင်ဒေသသည် ကျွန်မတွေ့ ရသလောက် အိမ်တိုင်းလိုလို အ၀တွင် ကျွဲခေါင်း နွားခေါင်းများ တိရိစ္ဆာန်ခေါင်းများ အလှအပချိတ်ဆွဲထားတတ်ကြသည်။ တမျိုးပြောရလျှင်  သူတို့  အမဲလိုက် ရရှိထားသော  တောကောင်များ၏ ခေါင်းကို ဂုဏ်ယူဝင့်ကြွားစွာ ချိတ်ဆွဲ ထားခြင်းဖြစ်သည်တဲ့။
ထိုမှ ရှေ့ဆက်ခဲ့သည်တွင် လျိုတခုနှင့် ချောင်းတခုကို ဖြတ်သန်းခဲ့ ရပြီး ချိတ်လွယ်ရွာသို့  နေ့  မွန်း တည့်  လောက်တွင် ရောက်ရှိခဲ့ကြသည်။သမိုင်းဝင် ပန်းဝါတောင်ကြားသည် ဤချိတ်လွယ်ရွာအနီးမှ ဖြတ်သန်းသွားကြောင်း ကျွန်မစာတွင် ဖတ်ခဲ့ဖူးပါ၏။
ဒူးဝါးကြီး၏အိမ်ရောက်ရှိစဉ်မှာ သားဖွားဆရာမလေးက ခရီးဦးကြို နှုတ်ဆက်သည်။ဒူးဝါးမောင်နှံကလည်းအသင့် ကြို ဆို နှုတ်ဆက်ကြသည်။
အိမ်ပေါက်ဝတွင် ရိုးရာဓလေ့ထုံးစံနှင့်အညီ နတ်ဆရာကြီးတဦး ဆောင်ကြောင့်ထိုင် ကာ အသံနေအသံထားအတက်အကျ အနိမ့်အမြင့် အဆွဲ အငင်အလှဲ့ အနွဲ့  စုံလင်သော  စာပိုဒ် တခုကို ဒါမှမဟုတ် မန္တန်တပုဒ်ကို ရွတ်ဖတ်သီဆိုနေသည်။လက်တဘက်မှာတောင်စွန်ရွက် တဘက်တွင် လှံတံ ကို ကိုင်ထားသည်။နတ်ဆရာ၏ဦးခေါင်းမှာတော့ လှပသော ရောင်စုံ ငှက်မွေးးကြီးတချောင်း ထိုးစိုက်ထားသည်။
သားဖွားဆရာမ နေရာချပေးသည့်အတိုင်း ကျွန်မတို့ နေရာယူ ထိုင်လိုက်ကြသည်။
အိမ်မှာဝါးဖြင့် ဆောက်လုပ်ထားပြီး သံတချောင်းမှ မပါဟု ဆိုသည်။သံမပါသော်လည်း နှစ်များစွာ တာရှည် ခိုင်ခန့် သည်ဟု ဆိုသည်။အခန်းများစွာပါရှိသည့်အပြင်  ဧည့်ခန်းမှာ ကျယ်ပြန့် နေသည်။ အလယ်တွင် သုံးချောင်းထောက်သံမီးဖိုတလုံးပါရှိပြီး ကျွန်မတို့ အိမ်မှာကဲ့သို့ ပင် ထင်းအသုံးပြုသည်။။ မီးဖိုပေါ်တွင်တော့ ကြိုးနှင့် ဆိုင်းထားသည့် ကြပ်ခိုးစင်ခေါ်မလား၊ စကောဝိုင်းတခုရှိပြီး တိုလီမိုလီ ပစ္စည်းများတင်ထားသည်။ညအခါ ဧည့်သည်များ  ထိုမီးဖိုဘေးတွင်ပင် ၀န်းပတ်အိပ်စက် နားနေကြရသည် ဆိုဘဲ။
ဧည့်သည်များကို့ ကျယ်ပြန့် သော ဧည့်ခန်းကြီးအတွင်း အတန်းလိုက်နေရာယူ ထိုင်စေပြီး တောင်စွန်ရွက်တွင် ထမင်း ၀က်သားဟင်း ပါပုံကြွေးပါသည်။အ၀ကြွေးသည်။ လားသမားလည်း အားပါးတရ စားသည်။ ခေါင်ရည်လည်းအ၀တိုက်သည် တဲ့။ ကျွန်မအသားမစားမှန်းသိသော သားဖွားဆရာမ က ခေါပုတ်ကင်နှင့် သံဗူးထဲမှ ငါးကို  တွဲဖက် ကြွေးမွေးပေသည်။
အိမ်သစ်တက်ပွဲနှင့်အတူ မနောပွဲငယ်ကိုလည်း စီစဉ်ထားရာ ကျွန်မတို့  အားလုံး သွေးရင်း သားရင်းများပမာ တပျော်တပါး မီးပုံကို ၀န်းပတ် ကခုန်ကြပါသည်။ ကျွန်မမှာလည်း ကခုန်ဖို့ ကို မရှက်မကြောက်တော့ဘဲ အသားကျသွားပြီး အလိုက်အထိုက် နေတတ် စားတတ်သွာပြီဖြစ်ပါသည်။
ညအိပ်ချိန်တွင်တော့ ကျွန်မတို့ အိပ်ရေးပျက်မခံဘဲ မီးဖိုနဘေးဝယ် ကွေးကွေးလေး တညတာ ခိုနားအိပ်စက်ခဲ့ကြသည်။ အအေးဓါတ်က လွန်ကဲ နေသော်လည်း ကသူတွေက ကကြတုန်းပါ။ မီးပုံကြီးကလည်း သန်းခေါင်ကျော်သည်အထိ မီးအရှိန်မသေသေးပါ။ ဘာသာဘာဝ လွတ်လပ်စွာ ပျော်ကြပါးကြတာဘဲ ဖြစ်ပါတယ်။
ဒူးဝါးနှင့် ဒူးဝါးကတော်မှာ မြစ်ကြီးနားကျောင်းဆင်းဟု ဆိုသည်။ ဗမာစကားတတ်၏။
အပြန်တွင် ဒူးဝါးကြီးက   “အန်းထယ် အအင်းတားဒင် ရှော(န်) ထဲ့ မနောင်ပွဲ  တဆာဒူဒုံ လိမ်းအိုင်  မတူ ဆရာဝန်ထဲ့ ဆရာဂျန်ဖဲ့ ကျေးဇူး ဒွန်းအိုင်“စသည် ကချင်ဘာသာဖြင့်ပြော၍ လက်ဆွဲ  နှုတ်ဆက်ကြသည်။ကိုကြီးက ကချင်လူမျိုးထုံးစံအတိုင်း  ပြန်လှန်နှုတ်ဆက်ပြီး
ကျွန်မမှာ လည်း အလားတူ နှုတ်ဆက်ရပါသည်။
အပြန်လမ်း တနေရာမှာတော့ ခြေဖ၀ါးညှောင့်စူးထားသည့် လီဆူးတယောက်ကို သနားစဖွယ် တွေ့ မြင်လိုက်ရတော့ ကျွန်မတို့  မနေနိုင် လားပေါ်မှ ဆင်းကာ လားဆရာ၏ အကူအညီဖြင့်ု  ကိုကြီးက ဆေးဝါးကုသပြုစု ပေးခဲ့သည်။
ညှောင့်ကြီးမှာ ခြေဖ၀ါးတွင် တော်တော်လေးစိုက်ဝင်နေ၏။ သတ္တိကြောင်သောကျွန်မက နည်းနည်းမှ မကြည့်ရဲ။
ခြေဘလာဖြင့် သွားလေ့ရှိသော တောင်ပေါ်သားတို့ ကို ဖိနပ်စီးတတ်ဖို့ အကျင့် လုပ်ပေးရပေလိမ့်မည်။ ဒါ အစိုးရ၏ တာဝန်ဖြစ်မယ်ထင်တယ်။ ပညာပေးတရားဟောရမှာဘဲ ဖြစ်သည်ဟု ကျွန်မက လူကြီးတယောက်လို တွေးခေါ်နေမိတယ်။
ကိုကြီးက အနာမရင်းအောင် အပ်ကို အရက်ပြန်နှင့်ဆေးကာ ဆေးတလုံးထိုးပေးသည်။
(ကျန်းမာရေးမှူးများဆေးထိုးအပ် ကိုင်ခွင့်မရှိဟု သိရသော်လည်း ကျန်းမာရေးမှူးတိုင်း ဆေးကုစားနေတာဟု ကိုကြီးက ကြွားလုံးထုတ်နေသေးသည်။)
ဆေးထိုးခံဖို့  မနည်းချော့ပြောရပါသည်။ ဆေးကြွေးသည်ကိုလည်း မစားချင် အဆိပ်မှတ်နေသလားမသိ။ညင်းဆန်နေ၍  အတော်ချော့ပြောရသည်။ လမ်းမရှောက်နိုင်သဖြင့် သူနေသော တောင်ယာတဲအထိ လားပေါ်တင်ပြီး  ကွေ့ ပတ် လိုက်ပို့ ခဲ့ရသည်။
ဖေဖေတို့ ထံမှ “ လူကြီးစုံရာနှင့် တင့်တင့်တယ်တယ် လက်ထပ်မင်္ဂလာပွဲကျင်းပရန်အဆင်သင့်ပြင်ထားပြီး။ အမြန်လာ)” ဟု ခေါ်သည့် ကြေးနန်းစာများ
“တက္ကသိုလ်ဝင်စာမေးပွဲဖြေဖို့ အမြန်လာ “ဆိုသည့် အကိုကျော့်ထံမှ ကြေးနန်စာများ။တစောင်ပြီးတစောင် စဉ်ဆက်မပြတ် ရောက်ရှိနေသော်လည်း ကျွန်မတို့  ဘာမှ မလိုက်လျောနိုင်ခဲ့သည့်အတွက် စိတ်မကောင်း ဖြစ်ရပါ၏။ သို့ သော်..
၁၉၅၇ခုနှစ် မေလ ဒုတိယအပတ်တွင် ဖေဖေ့ထံမှ  “..မုံရွာ တမြို့ လုံးပြာကျ။ လူအန္တရာယ်မရှိ “ ဆိုသည့် ကြေးနန်းတစောင်ထပ်ရောက်ရာမှာတော့   ကျွန်မ ချုံးပွဲချ ငိုကြွေးမိရတယ်။ သနားလိုက်တာ။ အားလုံး အားလုံးကိုပါဘဲ။ ကျွန်မရဲု့  သူငယ်ချင်းတွေ ကျွန်မရဲ့ ဆရာ ဆရာမတွေ ..ကျောင်းကြီးရော ..ဘာတွေ ပါလို့  ဘာတွေ လွတ်သလဲ။ တမြို့ လုံးဟု ဆိုသည်။
ဒီတခါ 
ကိုကြီးမနေနိုင်တော့ပါ။ ကဲ ..မမ   ကျလိုက်ရတဲ့ မျက်ရည်  ၀ါးရှောင်ဆည်ကြီးဖြစ်တော့မယ်။ အိမ်ပြန်ချင်ရင် လိုက်ပို့ ပေးမယ် တဲ့။
ဒါနှင့်ဘဲ ကျွန်မတို့   မြစ်ကြီးနား မန္တလေးသွား မီးရထားကြီးပေါ် ရောက်ရှိခဲ့ကြရပြန်ပါပြီ။ အော်
ကျွန်မတို့  ဘ၀သံသရာ သီချင်းကို သီဆို ကြရ အုံးမှာပါလား။
“ဘ၀သံသရာ… ရှည်လျား…ထွေ ပြား.. မနေမနား..တသွားထဲ  သွားကြတာ..”။
 အမှန်အတိုင်းဆိုရပါလျှင်  မလွှဲသာ၍ ခွဲခွာခဲ့ရသော်လည်း ဒီတော ဒီတောင်က ကျွန်မ မခွာချင်။
ဘာ့ကြောင့်များ ခုမှ သူက လူမှုရေးက ရှိသေးတယ် မသွားလို့ မဖြစ်  တဲ့။ ခါတိုင်းလို ခရီးဝေးသည် လာဖို့ မလွယ် ဟု အကြောင်းပြလိုက်လျှင် ရတာကို။
ခုတော့းရထားပေါ်မှာ…
 “ ခရီးပန်းတိုင်  မရောက် မချင်း  တယောက်ဆင်း  တယောက်တက်  ဆက်လက် ထွက်ခွာ  လာ.. “
၃၄။
တမာနံ့ သင်းသော မုံရွာ ဘူတာရုံကလေးသည် သွေ့ သွေ့ ခြောက်ခြောက်နိုင်လှသည်။ရထားဆိုက်ပြီ ဆိုကတည်းက ဖေဖေနှင့် ကိုကိုကျော့် ကို  ကွင်းကွင်း ထင်းထင်းကြီး လှမ်းမြင်နေရသည်။ ကျွန်မ အမှန်တော့ ဖေဖေ့ ကို မတွေ့ ရဲ ။မျက်နှာချင်းမဆိုင်ရဲ ။ ထွက်သာပြေးလိုက်ချင်ပြန်တယ်။ ကျွန်မတို့  ရောက်မည့်နေ့ နှင့် ရောက်မည့်အချိန် ကို သူ က ကြေးနန်းပို့ ထားသည်။
ကျွန်မ ရထားပေါ်က ဆင်းလိုက်တော့ ထွက်ပြေးဖို့  နေနေသာသာ ဖေဖေ့ရင်ခွင်ထဲ အတင်းပြေးဝင် ငိုရှိုက်မိတော့တယ်။
“အရူးမလေး မငိုနဲ့ လေ တိတ်..တိတ် လာ လာ အမေစောင့်နေတယ် သွားကြမယ်။”
ဖေဖေ့အသံတွေ တုန်ခါနေသည်။ ကျွန်မနှင့် ပြန်လည် ဆုံတွေ့ ရသည်ကို ကျွန်မလိုဘဲ ၀မ်းသာ ၀မ်းနည်း ဖြစ်နေပေလိမ့်မည်။
ကျွန်မတို့ မြင်းလှည်းတစင်းငှားစီးလာာကြသည်။
ဖေဖေနှင့် မျက်နှာချင်းဆိုင် စီးလာရသည်တွင် ကျွန်မ မျက်နှာပူလှ၏။ စိတ်တွင် ကျဥင်္းကြပ်နေသည်။
သို့သော် ဖေဖေရောကိုကိုကျော်ပါ မျက်နှာ က ပြုံးချိုနေသည်။အယင်လို စူပုပ်ပုပ် ရှုသိုးသိုး မဟုတ်။ ဘယ်အရာက ပြုပြင်လိုက်သည်တဲ့လဲ။
ကိုကိုကျော်က စက်ဘီးနှင့် နောက်မှ လိုက်လာသည်။
ကမ်းနားလမ်းက ရွှေပုတိမ်ဆရာကတော် ဒေါ်အေး အိမ်မှာ ဖေဖေတို့ ခေတ္တ နေထိုင်ကြရသည်တဲ့။ ကမ်းနားလမ်းက မီးလွတ်တာကြေင့်ဖြစ်ဟန်တူသည်။
ခြူသံတလွင်လွင်နှင့် မြင်းလှည်းလေးသည် ကမ်းနားလမ်း ဒေါ်အေးတို့ အိမ်ရောက်လာသည်။
မေမေက အယင် ပြေးထွက်လာတယ်။
 အမိုက်မ ပြန်လာသေးသကိုး  တဲ့။
ဟုတ်ကဲ့ပါ မေမေ။ ကျွန်မမိုက်မိပါတယ်။ ကျွန်မမိုက်အောင် ဘယ်သူတွေက ဘယ်လို တွန်းပို့ ခဲ့သလဲ ခုအချိန်မှာ ဒါတွေ ပြန်မပြောချင်တော့ပါ။
ကျွန်မရောက်ပြီဆိုတာနဲ့ သူငယ်ချင်း အချို့  လာလည်ကြသည်။
မိခိုင်ရယ် .. အံ့ ရော ။ငါတို့ ကို ဘာမှ မပြောဘူး။ စာကလေးဘာကလေးမရေးဘူး။ နေနိုင်လိုက်တာဟယ် တဲ့။ တယောက်ကဆိုသည်။
နင်လဲ ထွက်သွားရော တကျောင်းလုံး နင့်အကြောင်းဘဲ ပြောနေကြတယ်။ ရွှေမိဂျစ်ကားငှားသွားတာဆို။ ပြေးလိုက်ကြတာ တရုပ်ပြည်ရောက်ကရောဆို ..
တယောက်ကမေးသည်။
မီးဘေးအကြောင်းမပြော ကျွန်မအကြောင်းသာ ရွန်းရွန်းဝေ မေးနေကြသည်။ ဘယါက ဘယ်လို တွေ့ ပြီး ဘယ်လို လိုက်သွားသလဲ သူတို့ အဖို့  အဖြေမရှိခက်ခဲလှသည့် ပဟေဠိပုစ္ဆာသာဖြစ်နေသည်။ ဆိုဘဲ။
အိမ်က လူကြီးတွေ ပွစိ ပွစိ ပြောကြလွန်းလို့  အရွဲ့ တိုက် လိုက်သွားတာဟေ့  သိပလား ဟု အငေါ်တူးတူး ဖြေမိတော့သည်။
နင့်လူက ဆရာဝန်ဆို..
ကျေးရွာကျန်းမာရေးမှူးပါကွယ် အထင်မကြီးပါနဲ့ 
အခု ဘာလုပ်မှာလဲ။ ဘာလုပ်နေလဲ။
အိမ်ရှင်မကြီး လုပ်နေတာပေါ့ဟ ။ထမင်းချက်တယ်။အ၀တ်လျှော်တယ်။မီးပူတိုက်တယ်လေ။ သူက စာမေးပွဲ ဖြေစရာမလိုဘူးတဲ့။ အလုပ်လဲ လုပ်စရာ မလိုဘူး တဲ့။အိမ်ထောင် ထိမ်းသိမ်းတတ်ရင် တော်ပြီ တဲ့ ။
ဟင် ဒါဆို မနိတ်ပါဘူးဟယ်.. ခုခေတ်မိန်းကလေးတွေ မီးဖိုချောင်  မနေတော့ဘူးကွဲ့  
ဒါပေမဲ့  တို့ အဖို့ တော့ Home is the Girl’s prison and the woman work house. ဆိုတာ သေချာသွားပီ..။
“အေး ဖြစ်ရမယ်။ သူတို့ ယောက်ျားတွေက ပိုက်ဆံ ရှာပေးမယ် မိန်းမတွေက ကျွန်လို ပြုစုပေးရမယ် ဒါဘဲ။ “ဒါ မြန်မာ့ယဉ်ကျေးမှုလေ..”
“မိခိုင် နင် နောင်တမရဘူးလား။ ပျော်နေတာလား။ “
“နောင်တ ? အင်း ..ရတဲ့အခါရတယ်။ ပျော်လားဆိုတော့ ပျော်တဲ့အခါလဲ ပျော်တာပေါ့ဟယ်။
နင် သူ့ကို ချစ်လား။ “
“ဟင် အဲဒါ ငါကိုယ်တိုင်လဲ မသိဘူး ငါ့ကိုယ်ငါ ပြန်မေးရအုံးမယ် ။ “
“ကောင်းရော။”
“နင့် ကိုကို ဆိုတာ ဘယ်လိုပြောသလဲ သိချင်လား ။”
“အယ် ..ပြောစမ်း ပြောစမ်း  “
“အမလေး သူက နင့်ကို သနားသတဲ့။ ခူးရဲသူ ခူးရက်သူ က ဦးသွားတာကိုးဗျာတဲ့  မိခိုင် ဆုံးဖြတ်ချက် ကျေနပ်ပါ တယ်တဲ့ ဟယ်။”
နောက်ဆုံးမှာတော့ “မိန်းခလေးဆိုတာ အိမ်ထောင်စောစောစီးစီးကျတာလဲ ကောင်းတယ်လို့ 
တို့ အ ဖွားကပြောတယ် အိမ်ရှင်မပီသအောင်နေ “စသည် ဆုံးမသြ၀ါဒတွေပေး ကာ သူငယ်ချင်းတွေ ပြန်သွားကြသည်။
သူငယ်ချင်းတွေပြန်သွားသည့်တိုင် သူက သူအမအိမ်ကပြန်မလာသေး။
ညနေစောင်းနေကလေးအေးချိန်မှာကျွန်မတို့  စက်ဘီးတယောက်တစီးစီဖြင့် လျှောက်ကြည့်ကြသည်။ ကမ်းနားလမ်းကို ပထမ ထွက်ခဲ့ကြသည်။ကျွန်မတို့  မိသားစု တခါက ဖေါင်ဖြင့် ချင်းတွင်းမြစ်ကို ကူးခါ ရွှေတောင်ဦးသို့  ပျော်ပျော်ပါးပါး ဘုရားဖူး သွားကြသည်ကို  မြင်ယောင်လာသည်။
ဒီလို မိသားစု ပျော်ခဲ့ဖူးသည့် နေ့ ရက်များကို ချန်လှပ်ပြီး နာကျည်းဖွယ် ဖြစ်ရပ်တွေကို တမင် မွေးထုတ် ရှေ့တန်းတင် ခဲ့မိသလား ဆိုတာ ခုစဉ်းစားမနေချင်တော့ပါ။
ကျောက်ဆောင်ဆိပ်ကို ရောက်လာသည်။သမီးရည်းစား စုံတွဲတွေ ချိန်းတွေ့ ကြသည့်နေရာ တဲ့။ကြားဖူးနေသည်။ကျွန်မအဖို့ မှာက သမီးရည်းစားချိန်းတွေ့ ဖို့ နေနေသာသာ အိမ်မက်ပင်မက်ချိန်မရလိုက်ပါ။ အချစ်ဆိုတာကို အက္ခရာ စာလုံးတွေနှင့် ကုံးသီပုံဖေါ်ပြခဲ့ဖူးပေမဲ့  တသက်နှင့်တကိုယ် ချစ်သူ ရည်းစားဆိုတာနှင့် ချစ်စကားကြိုက်စကား တလုံးမျှ ပြောခဲ့ဖူးသည်မရှိ။
ထိုမှ ခရစ်ယန်ဘုရားကျောင်းရောက်လာသည်။ ကျောင်းအ၀င်တွင် အပွင့်တွေ ဝေနေသည့် ခေါင်ရမ်းပန်းအနီပင် ကိုမြင်မှ သိပ္ပံဆရာ ဦးစိန်လင်းကို မျက်နှာလုပ်ဖို့  ခေါင်ရမ်းပန်းခူးခဲ့သည်ကို အမှတ်ရပြီး ပြုံးမိသေးသည်။ ဆရာက နောက်တနေ့  ခေါင်ရမ်းပန်း  အကြောင်းသင်မည် ပန်းခူးလာခဲ့ကြ ဆိုတော့ ပန်းခူးလာသူက ကျွန်မတယောက်တည်း။
ထိုမှ ပြန်ကြားရေးစာကြည့်တိုက်ရောက်သည်။ ကျွန်မစာဖတ်ဖို့ စာအုပ်ငှားဖို့  ခဏ ခဏ ရောက်လာတတ်သည်မို့  ကျွန်မကို စက်ဘီးတစီးဖြင့် နေရာအနှံ့ ရောက်သည် ဟိုဟိုဒီဒီ သွားသည် လို့  ဖေဖေ့နား ပေါက်ကြားတာနေမှာ။ 
ပြီးရင်တော့ ပြည်သူ့ ဆေးရုံကြီးနားရောက်ခဲ့သည်။ ဆေးရုံအနီး မှာ အားကစားကွင်းရှိသည်။ သူငယ်ချင်းခင်မြမြ  လွတ်လပ်ရေးနေ့  စက်ဘီးစီးပြိုင်ပွဲ ၀င်ရန် အားကစားကွင်းအတွင်း ကြိုတင် လေ့ကျင့်ရာသို့  အဖေါ်အဖြစ် ကျွန်မတနေ့ လိုက်သွားမိသည်။  ကံမကောင်းချင်တော့ လေ့ကျင့်သူအချင်းချင်း ချိတ်မိကြပြီး ခင်မြမြမှာ ခြေထောက်ဒါဏ်ရာရသွားသည်။ ကျွန်မက ခဏဆိုပြီး လိုက်လာမိရာ ၄နာရီ ထိုးရင်တော့ မဖြစ်မနေ အိမ်အရောက်ပြန်ရဖို့ ရှိသည်။ ဆေးရုံသို့  လိုက်ပို့ ပေးသင့်ပါလျက် တခြားကျေုာင်းသားတွေနှင့် ထားပစ်ခဲ့မိသည်ကို ယခုထိစိတ်မကောင်းဖြစ်နေဆဲ။ သူငယ်ချင်းရယ် ခွင့်လွှတ်ပါလို့  တောင်းပန်ရတော့သည်။နောက်တနေ့ တွင်မူ  ခင်မြမြ ဆေးရုံတက်နေတယ်တဲ့ မေမေ  သွားကြည့်ချင်တယ် ဆိုတော့ မေမေက လိုက်ပို့ သဖြင့်  ယခုမှ သတင်းကြားသည့်ဟန် ဆေးရုံသို့ လူနာ သွားမေးရသည်။
ရှေ့ ဆက်သွားရင် အကျဉ်းထောင်သို့ ရောက်မှာမို့  သံကြိုးတန်းလန်းနှင့် အဖြူရောင်ဝတ်စုံ ၀တ် အကျဉ်းကျတွေကို မကြည့်ရဲမကြည့်ရက်  တဲ့ ကျွန်မက အမြန်ဆုံးထိုနေရာမှ စက်ဘီးအပြေးနင်းထွက်ခွာခဲ့တော့သည်။
သုံးရက်အကြာမှာတော့ သူက တောင်ပေါ်မပြန်သေးဘဲ ရန်ကုန်ရှိ သူ့ မာမီထံ ကံတော့သွားမည်ဟုဆိုပါလေတော့သည်။
ဖေဖေက သမီးပစ္စည်းလေးတွေ ယူသွားဟု ပေးသော်လည်း ကျွန်မမယူခဲ့ပါ။ ဖေဖေ့မှာ အားလုံးမီးဝါးသဖြင့် ဆုံးရှုံးသွားရာမှာ အတွင်းပစ္စည်း ရွှေထည် ကလေးများသာ ကျန်တော့တာမို့  ရွှေဆိုင်ဆိုပေမဲ့လဲ ကြီးကြီးမားမားမဟုတ်တဲ့အတွက် ဖေဖေ့ကို ငဲ့ညှာပြီး ကျွန်မဘာတခုမှ ယူဖို့  စိတ်ဆန္ဒမရှိ။ ဒါကို ပြောပြတော့ ကိုကြီးက မယူကောင်းလားပြစ်တင်သည်။ ယူလိုက်ဟုပင်
အမိန့်  ပေးသယောင် ဆိုသည်။ ကျွန်မသူ့ ကို လိုချင်မျက်စိရှိတယ် မိန်းမဆန်တယ် လို့  ထပ်မံ  စိတ်ပျက်လက်ပျက်ဖြစ်မိခဲ့တယ်။
ခရီးက မဆုံးနှိုင်။ ရထားဖြင့် ဆက်ရပေအုံးမည်။ မုံရွာဘူတာတွင် ဆရာကြီးဦးသိန်းလှနှင့် တွေ့  နေသည်။ကျွန်မ ခြေဖျားလက်ဖျားအေးစက်လာကါ ထွက်သာပြေးချင်တော့၏။ ကျောင်းကြီး၏ ဂုဏ်သိက္ခာကို ဖျက်ဆီးမိသည့်ကျွန်မက ဘယ်လိုမျကနှာ်နှင့် ဆရာကြီးကို ရင်ဆိုင်ရပါ့မလဲ။
ကိုကိုကျော်က အတင်းခေါ်သွားပြီး ဆရာကြီးကို ကံတော့ခိုင်းသည်။ ဆရာကြီးကမူ ဘာမှ မသိသလို အိနြေ္ဒသိက္ခာအပြည့်နှင့်ပင် ဆုတွေ တသီချည်းပေးလိုက်ပါ၏။
အော်  ကျောင်းကြီး၏ဂုဏ်သိက္ခာကို ဘာတခုမှ မြှင့်တင်နိုင်ခြင်းမရှိသည့်အပြင် ဂုဏ်သိက္ခာ ညှိုးနွမ်းအောင်သာပြုမိမှားသည်ဟုကျွန်မနားလည်ထားရာ ထိုအပြစ်တို့ ၏  ဖိစီးလောင်မြိုက်မှုက  ကျွန်မတကိုယ်လုံးကိုလောင်ကျွမ်းစေတော့သည်။စိတ်ထဲက  အခါခါ တောင်းပန်ပါ၏်။
အော် ကျွန်မကတော့  တမြို့လုံးမှာရှိတဲ့ မိတ်ဆွေ သူငယ်ချင်းများနှင့်  ဆရာ ဆရာမများကို မျက်နှာချင်းဆိုင်ရန် သတ္တိမရှိပါဘဲ ဒဂုန်မြို့ ဥက္ကလာသို့  ပြေးရပါဦးတော့မည်။
“ဥက္ကလာ ..တိုင်း ဋ္ဌာနီရဂုံ ...ညီနောင် တပုဿနဲ့ ..ဖလိက တို့ ..တူယှဉ် နွဲ ကာစုံ ....ဋ္ဌာနီ ရွှေ ဂုံ..ပြန်ရောက်မှ ကြုံ ..
ဗိုလ်ခြေ များစွာ  ဖူးမျှော်ကြပုံ ..ကျွန်းဇမ္ဗူမှာ.. အံ့ချီး..၍ မကုန် …”
လေးဆူဓါတ်ပုံ ရွှေတိဂုံသို့  အဝေးမှ ဖူးမျှော်ရသည်ကိုပင် ရင်ဝယ် သိမ့်သိမ့် ကြည်နူးရပါသည်။ ဒါပေမဲ့   ရန်ကုန်မြေကို နင်းမိတာနှင့် တပြိုင်တည်း  ကံ့ကေါ်တောကနေ ကြိုနေမယ်ဆိုတဲ့  ကိုကို့ ကို မိခိုင် ဆွေးဆွေးမြေ့ မြေ့  ကြီး လွမ်းမိတော့တယ်။ ခိုင် ဘယ်လို ပုံစံနဲ့  ရန်ကုန်မြေကို နင်းနေသလဲ
”ကိုကို ကြည့်လှည့် ပါအုံး “ လို့  အော်ပလိုက်ချင်တယ်။
ကျွန်မသာ လိမ္မာပါးနပ်ခဲ့ ရင် မိဘစကား နားထောင်ခဲ့ ရင် ကိုကိုပြောတာ နားထောင်ခဲ့ရင်  ကျောင်းစာတခုတည်း အာရုံစိုက် နေခဲ့ရင်  အချိန်အခါ အခွင့်အခါကောင်းကို စိတ်ရှည် သည်းခံ စောင့်နိုင်ခဲ့ ရင် ဒီလို မျက်စိသူငယ် နားသူငယ် နှင့် အိမ်ထောင်ရေး နွံ
အတွင်း ဘယ်မှာ ကျရောက်နေပါ့မလဲကွယ်။
ခုတော့ ..ယောက္ခမတဲ့။ ယောက်မတဲ့ ။မတ် တဲ့။တသက်လုံး နားမယဉ်ခဲ့သော မနီးစပ်ခဲ့သော ကြားဖူးနားဝမရှိသော လူတွေနှင့် နဖူးတွေ့ ဒူးတွေ့ ဆုံရချေတော့မည်။
ဘယ်ပုံရင်ဆိုင်ရပါမည်နည်း။ အင်းစိန် ကြို့ ကုန်းအိမ်ကြီးသို့ ကျွန်မမျက်နှာ ဇီးစေ့လောက်နှင့် ရောက်လာရာ ကျွန်မတို့  အား လက်ခံ ကြိုဆို နှုတ်ဆက်မည့်သူမရှိ။ ဤအိမ်ကြီးက စိမ်းကားရက်စက်စွာ တုံဏှိဘာဝေ ငြိမ်သက် တိတ်ဆိတ်လှချေတကား။
ဒယ်ဒီ မာမီခေါ်သော သူများက မိဘအရင်းမဟုတ်ပါတဲ့။ ကိုကြီးကပြောသည်။သူ၁၂နှစ်သားမှာ မိဘတွေ ရှေ့ဆင့် နောက်ဆင့် ကွယ်လွန်သွားရာ ထိုစဉ်က ဘုရားထူးခံ ဦးလေးမြို့ အုပ်မင်းနှင့် မင်းကတော်က ပစ္စည်းရောသိမ်း လူရောသိမ်း မောင်နှမ ငါးယောက်စလုံးကို  ကောက်ယူ မွေးစားခဲ့သည်။ တဲ့။ 
ယခု ကျွန်မစတင်တွေဆုံ့ရသည့်  မာမီ  သည် ကျွန်မအား..
“ပျူပျူငှာငှာ ၊ လူတကာကို၊
 သာသာချိုချို ၊ ချစ်ဖွယ်ဆို၍၊
 စိုစိုပြည်ပြည်၊ကျင့်မူနည်ဖြင့်၊
လည်လည်ပတ်ပတ်၊
လောက၀တ်..”    ကို ဆိုမလား။
သို့ မဟုတ်
“ဒေါသအမျက်၊စောင်မန်တက်၍၊
အဘက်မတန် “  ရန်လုပ်မလား..ဆိုတာ စောင့်ကြည့်ရပေမည်။
မာမီသည် အရပ်မမြင့် ၀ဖိုင့်သော ခန္မာကိုယ် အထက်ပိုင်းရှိ  ဖြူနုဝင်းအိသော မျက်နှာပြားကြီးတွင် ဆေးကူထားသည့်မဲမဲသေးသေး မျက်ခုံးမွှေးကထင်းနေသည်။ထိုမျက်ခုံးမွှေးကို အတွန့် ချိုးကာ မှုံကုပ်ကုပ်နှင့် လက်တဘက် ခါးမှာထောက်ထား၏။ကျဉ်းသောမျက်ပေါက်မှ မျက်လုံးတို့ ကမူ စူးရှခက်ထန်နေသည်။ ပေါ်လွင်မှု မရှိသော နှာတံအောက်က နှုတ်ခမ်းများကို တင်းတင်းစိထားပြိး ဂငယ်ပုံစံ ဖေါ်ထား၏။
ကျွန်မ တို့  နှစ်ယောက် သူ့ ခြေရင်းဝယ် ၀ပ်စင်းကံတော့နေသည်ကို ကိုလည်းမကြည့်.မျက်နှာလွှဲထားသည်။ဦးခေါင်းမှသည်ခြေဖျားအထိ အတ္တတည်းဟူသော မာန်မာနတွေ တကိုယ်လုံး ဖုံးလွှမ်းနေဟန်။ ထိုအတ္တသည်သာ အခေါင်အဖျားထိတိုင် ဆိုက်ရောက်နေကြောင်းသိသာနေသည်။
ထောင်လွှားမာန တက်လွန်းကလည်း လျောကျနောက်ဆုံး ရှိချေသည် တဲ့။ပညာရှိ က၀ိတို့ ဆို၏။
ဘာ့ကြောင့် ကျွန်မအား သည်မျှ မျက်ကြောတင်းနေရပါသလဲ။ လူချင်းအတူတူ ဘာ့ကြောင့်မတူသလို မတန်သလို အဘက်မလုပ်ချင်ဟန်ပြသနေရပါသလဲ။
ဒယ်ဒီဆိုသူကမူ ဆုတွေ တသီချည်းပေးနေသည်။
“ဒယ်ဒီက မာမီ့ကို ချစ်လဲချစ် ကြောက်လဲ ကြောက်တယ်။ဒယ်ဒီရေ ဘောလုံးပွဲ သွားမယ်ဆို နောက်လိုက်ရတယ်။ မြင်းပွဲ ဆိုလဲ နောက်လိုက်ရတယ်။ “လို့ ကိုကြီးပြောပြဖူးသည်။
စာရေးဆရာပကြီး ဒေါ်ခင်နှင်းယုကို ယောက်ျားတို့ အကြောင်း အမှတ်စဉ်တိုးကာ ဖြည့်စွက် ရေးသားပါလို့  ပန်ကြားတောင်းဆိုရလျင် ကောင်းပေမည်။
သူ့ နှမတယောက်က
 “တကယ်တော့ မာမီက သနားစရာကောင်းပါတယ်။ကျွန်မတို့  မောင်နှမ၅ယောက်နဲ့  သူ့မွေးတဲ့ ခလေး ၄ယောက်ကို  ခြေစုတ်လက်ပြတ်ခံထမင်းရောင်းကြွေးခဲ့တာ။ (လာပြန်ပြီ ခြေစုတ်လက်ပြတ်) အဲဒါ အကိုလွင်က ခါတိုင်း ကျွန်မတို့ ကို စရိတ် တလ၂၀၀ပေးနေကျ။ ခုမရလို့  စိတ်တိုနေတာ။  “ တဲ့။
ကျွန်မ အံ့သြလိုက်တာ။ ဘာစရိတ်လဲ။ ဘာ ၂၀၀လဲ။ ပိုက်ဆံစကားလာမပြောနှင့် ။လာပြောရင် ကျွန်မကလည်း ပိုက်ဆံဆိုတာ ဖြူသလား မဲသလားမသိ၊ ဟု ပြောလိုက်ချင်သည်။ ကျွန်မကဘဲ သူ့ အကို့  ပိုက်ဆံကို လက်ဝါးကြီးအုပ်ထားသလိုလို။အော်.. ဟောဒီ လောကီ လို့ ဘဲ အော်ပလိုက်ချင်ရဲ့ ။
ရောက် ရောက်ချင်း သူတို့  ကျွန်မကို ဇောက်နှင့်ထွင်းသည်။ မိခိုင် ခလေးနှမ ဘယ်မှာ ခံနိုင်ရည် ရှိမလဲ။
   သူတို့  အိမ်ရှိလူကုန် အလုပ်နှင့်လက်မပြတ်ကြ။ ငပိသိပ်သူသိပ် ငဖယ်ထောင်းသူထောင်း၊ ပုဇွန်ခွာသူခွာ ၊ထမင်းချက်သူချက် ၊ဈေးပြေးသူပြေး။ ရှုပ်ရှက်ခတ်လို့ နေသည်။ကျွန်မ ဒီလို အသိုင်းအ၀ိုင်းမှာ မကျင်လည်ဘူးပါ။မနေဘူးပါ။
အရေးထဲ သူကတမှောင့် ကျွန်မကို မီးဖိုချောင်ပညာ သင်ရမတဲ့။ ခက်ပြီ။ သူ့ နောက်လိုက်လာမိကတည်းက စာဖတ်ချင်သည့်ကျွန်မ စာအုပ်ဆိုတာ ဘယ်လိုရယ်တောင် ပုံသဏ္ဍာန် မဖမ်းမိတော့။ မမှတိမိတော့။ ဘာမဂ္ဂဇင်း ဘာဝတ္ထုစာအုပ်မှ သူ မဖတ်။မရှိ။ ၀ယ်ရန်လည်း ကျွန်မမှာ ပိုက်ဆံမရှိ။
ကိုကိုကတော့ ကျောင်းနေ စာမေးပွဲဖြေ စာဖတ်။စာကျက်။  ပညာရှိကြီးတွေ လုပ်ကြမယ်တဲ့။ သတင်းစာ ဂျာနယ်တွေ ထုတ်ကြမယ် တဲ့။
စားရေးသောက်ရေးနဲ့ ဘဲ အချိန်တွေ အကုန်မခံရ တဲ့။
မီးဖိုချောင်နှင့် ကျွန်မ အံ ၀င် ဂွင်ကျ မဖြစ်ပါ။ အိမ်သန့် ရှင်းရေးမှာလည်း ယောင်နန၊ တအိမ်လုံးရှုပ်ပွနေတဲ့ ဟာကြီးကို  ဘယ်ကစ ရှင်းရမှန်းပင် မသိနိုင်။ ထိုင်နေလဲအခက် ထနေလဲ အခက်။ အိပ်နေလဲအခက်။ ဘာလုပ်၍ ဘာကိုင်ရမည်မသိ။တောင်ပေါ်အိမ်ကလေးကို ပြန်ကြပါစို့  ကိုကြီးရယ် ဆိုတော့လဲ မလှုပ် ။ကျွန်မကိုမီးဖိုချောင်မှာ ထားရစ်ကာ သူ့ ဒယ်ဒီ မာမီ ဆိုသူများနှင့် မြို့ ထဲ လိုက်လိုက်သွားသည်။ဘာတွေ ခြေများနေမှန်းမသိရ။ မေးတော့လဲ
သေချာမပြော။ တိုင်တိုင်ပင်ပင်မရှိ။ဘာတွေလုပ်နေမှန်းမသိ။သွားလိုက် ပြန်လိုက်။ သူတို့ ချင်းတော့ စကားတွေပြောလိုက်။
ဖေဖေ့အိမ်မှာတုံးကဆို ကျွန်မ အိပ်ချင်အိပ် ၊မှောက်ချင်မှောက်။လှန်ချင်လှန် ။စားချင်းစား။စာဖတ်ချင်ဖတ်။ဖတ်ဖို့   စာအုပ်တွေက ပေါ မှပေါ။အော်လံ ကြီးနှင့် သံပတ်ပေးရသည့် ဓါတ်စက်ကြီးကို ဖွင့်အုံးမလား။ခွေးတံဆိပ်ဓါတ်ပြားသီချင်း ဇတ်ထုပ်တွေရှိသည်။  မေရှင့် သီချင်းတွေ အများကြီးရှိသည်။နန်းတော်ရှေ့ ဆရာတင့်သီချင်းတွေ ဓါတ်ဆီ ဓါတ်ဆံ ပျက်လုံးတွေ ရှိသည်။ ကြိုက်တာဖွင့် မေမေက အောက်ထပ်ကညီမတွေနှင့်သာ အနေများသည်။ ဖေဖေက ဈေးမှာ ရွှေဆိုင်သွားဖွင့်သည်။ ကျွန်မတယောက်တည်းအပေါ်ထပ်တခုလုံး စိတ်တိုင်းကျ နေနိုင်သည်။
ဒါနဲ့များ ဖေဖေ့အိမ်မှာ မပျော်ဘူးတဲ့။စိတ်ကျဉ်းကြပ်သတဲ့။ကျွန်မရူးတာပါနော်။ ခုမှ သိပြီ။
 အိမ်ရှိလူကုန် မျက်နှာတွေ လိုက်ကြည့်နေရ၏။ ဟိုလူ့ မြင် ပြုံးပြ၊ ဒီလူ့ မြင် ပြုံးပြ အနေခက်လှသည်။ မာမီ့ သမီးအကြီးမလေးက မာမီ့ကို ဖါးပေးရမတဲ့။ လက်ချာလာပေးသည်။မာမီငဖယ်ခြစ်နေတာသွားကူ ပေးတဲ့။ ပုဇွန်အခွန်ခွာပေးရမတဲ့။
ငဖယ်အရေ ဆုတ်နေသောမာမီ ကျွန်မအရေ ကိုပင် ဆုတ်ချင်လားမသိ။မျက်ကြောက တင်းလှ၏။ ပါးစပ်ကိုလည်းအငြိမ်မထား။
“ယောက်ျားကိုတော့ ယူတတ်ပြီး ထမင်းကျ မချက်တတ်ဘူး”။ တဲ့။ ဟော ..ကြည့် ဒါ ကျွန်မကို စောင်းပြောနေတာ။ကျွန်မကို ကဲ့ရဲ့ နေတာ။ဟင့်အင်း မဟုတ်ဘူး တဲ့တိုးကိုပြောနေတာလေ။
မကြားဝံ့မနာသာ။ပက်ပက်စက်စက်ကပြောသေးတယ်။ နှုတ်ကြမ်း လျှာကြမ်း။တင်တင်စီးစီး ၊အရှက်မရှိ။ ထွက်ရဲလိုက်တာ။သူ ထွက်ရဲပေမဲ့ ကျွန်မပါးစပ်က သူပြောတဲ့စကားပြန်ထွက်မပြရဲပါ။ ကျွန်မမိဘတွေက ရွှေလိုဥထားပါလျှက် ကျွန်မ အသိခေါက်ခက် အ၀င်နက်ခဲ့လေသည်တကား။ ကိုယ့်မိဘအိမ်လောက် လုံခြုံမှု မရှိပါလားဆိုတာ ခုမှ သဘောပေါက်တော့သည်။
ကျွန်မလက်တွေ ပဲကြီးပွ ရေစိမ်ဖြစ်ကုန်သည်။ ပုဇွန်ခေါင်းစူးသဖြင့်လက်ထိပ်တွေ ပေါက်ကုန်သည်။အိမ်မှာ တခါမှ မလုပ်ဖူးသည့် အလုပ်များ။ ခုလုပ်နေရသည်။အော် ..ဒါသည် ကျွန်မရွေးချယ်ခဲ့သော လမ်းသာတကား။
အာကိုးရမလား ကိုကြီးဆီ မျှော်ကြည့်ပြန်တော့ အလိုလေး သူလည်း ခြေသုတ်ပုဆိုး မြွေစွယ်ကျိုးလို  ကျိုးကျိုးနွံ နွံ နှင့် ခြစ်ပြီးသားငဖယ်တွေ မောင်းဆုံကြီးနှင့် ထောင်းနေသည်။
ငှက်သိုက် အချိုမှုံ့ ငဖယ် အမွှေးအကြိုင် အားလုံးစုထည့်ထောင်း။ အတောင့်လုပ်။ ပေါင်းချောင်နှင့်ပေါင်း။ အချပ်လှီး။နေလှမ်း။ မအားရပါဘူး။ခြောက်ပြန်တော့ ကြော်။ပလပ်စတစ်အိပ်ထဲ သွင်း။တ့ဆိပ်ကပ် ။ကျောင်းဈေး သွားမရောင်းရရုံတမယ်။
ကျွန်မတို့ တောင်ပေါ်ပြန်ရအောင်ပါပြောလဲ သူက မပြန်ချင်။Leprosy campaign အသစ်မှာ အလုပ်လျှောက်လိုက်ပြီ တဲ့။ တောင်ပေါ်မှာ အနေဆင်းရဲ အစားဆင်းရဲသည်။ ပျော်စရာလည်းဘာမှ မရှိတဲ့။ အယ် ..ကောင်းပါလေရော။ တောင်ပေါ်အိမ်လေးကို မြင်ယောင်ကာ လွမ်းနေသူက လွမ်းနေဆဲ။ဒါပေမဲ့ကျွန်မ စာမေးပွဲ ဖြေဖို့   အခွင့်ရရှိနိုင်သည်ဟု သာ စိတ်ဖြေလိုက်ရသည်။ကျွန်မ ကျောင်းပြန်တက်မည်။ စာမေးပွဲ ဖြေမည်။အလုပ်လုပ်မည်။ကိုယ်ပိုင်ပိုက်ဆံရအောင် ရှာမည်။ကိုယ့်ခြေထောက်ပေါ် ကိုယ် ရပ်တည်နိုင်အောင် ကြိုးစားရမည်။ စောင်းကောက်လေးတလုံးလည်းပြန်ဝယ်မည်ဟု ကျွန်မစိတ်ကူးဖဲရိုက်ကာ ကိုကြီးကို ပြောလိုက်သည်။ 
အံ့ စရာကောင်းသည်က ညဦးက ကျွန်မ ကိုကြီးကို ပြောခဲ့သော စကားများသည် မနက် ထမင်းဝိုင်းတွင် မာမီ့နှုတ်ဖျားက ထွက်ကျလာသည်။
“ဒယ်ဒီရဲ့  သူက သူ့မယားကို ဖူးဖူးမှုတ်ထားတာ။ ကျောင်းပြန်ထားမတဲ့။ ယောက်ျားဘဲရနေပြီ ကောင်မက ကျောင်းနေအုံးမတဲ့။ ဒယ်ဒီ”
“ ငယ်သေးတာကိုးကွယ် နေပါစေ “
“ဒယ်ဒီက အားပေးအားမြှောက်လုပ်နေတာလား။ ဒယ်ဒီရဲ့  မိန်းမဆိုတာ အိမ်ထောင်ထိန်းသိမ်းတတ်၇မှာလေ။ယောက်ျားတော့ ယူထားပြီး မဟုတ်ဘူးလား ဒယ်ဒီ ကျွန်မပြောတာ။ အကိုရဲ့  မောင်ရဲ့  ဒါလေးစားပါ ဟိုဟာလေးစားပါ ဖွယ်ဖွယ်ရာရာလုပ်ကြွေးပြုစုရမှာ မို့ လား ။ဒယ်ဒီရဲ့ ..။”
ဒယ်ဒီရဲ့  ဒယ်ဒီရဲ့ နဲ့  အမှန်တော့ ကျွန်မကို ပြောနေတာ။ဒယ်ဒီက ဘာမှမပြော။
သားကို သခင် (×) ကို ဘုရား ဆိုတာက ပါသေးသည်။ ဒီလို အပြောမျိုးမကြိုက် အောက်တန်းကျသည် ရိုင်းသည်ဟုမှတ်ယူထားသည်။
ဒီခေတ်ကြီးထဲမှာယောက်ျားကို  ဘုရားလို ကိုးကွယ်ဖို့ မဖြစ်နိုင်။ဘုရားလို ကိုးကွယ်ခံချင်ရင် ဘုရား၏ကျင့်စဉ်များကို လိုက်နာကျင့်ကြံနေထိုင်ရလိမ့်မည်။လူသာမန်အကျင့်စရိုက်နှင့် လူတွေထဲ ရောမနေသင့်။
အိမ်ထောင်သည်ဆိုတာ သူ့ ကို ကိုယ်က လေးစား ။သူက ကိုယ့်ကိုလေးစား ဆိုးတိုင်ပင် ကောင်းတိုင်ပင် ပွင့်လင်းမြင်သာရမည် ။ကျွန်းကိုင်းမှီ ကိုင်းကျွန်မှီ တဦးကို တဦးက ကူညီ ကြရုံသာ။ တဘက်သတ် ကျွန်တယောက်လို ပြုစုနေရန်မလို။ ဟု ယုံကြည်သည်။
ကျွန်မအဖို့  ကြာလေ ကြာလေ ဤ ၀င်္ဂဘာလို ရှုပ်ထွေးပွေလီလှသော အိမ်ကြီးထဲက  လွတ်မြောက်ချင်လေ။
ဘယ်လိုလူတွေလဲမသိ။ ခဲအို တဲ့။ မတ်တဲ့။ ယောက်မ တဲ့။ စကားတွေက ရှုပ်ထွေးပွေလီလှသည်။ဟိုစကားဒီပို့ ။ ဒီစကားဟိုပို့ ယောက်ယက်ကို ခတ်လို့  ။ကျွန်မမနေချင်တော့။ ကျွန်မမှာ ယောက်ခမ မရှိလို့  မရှိဘူးပြောတာမာမီက  နာသတဲ့။ဟုတ်တယ်လေ။သူက မေမေမဟုတ်ဘူးလေ။မာမီဟာ မာမီဘဲ မို့ လား။ ပြီးတော့ ကျွန်မတို့ ချင်း ပြောတဲ့စကား မာမီ့နား ဘယ်သို့  ရောက်သွားပါလိမ့်။နောက်နေ့ မနက် မာမီ့ပါးစပ်က ထွက်ကျပြန်သည်။ ဒီအိမ်ကြီးမှာ ကျွန်မတို့ အချင်းချင်းစကားပြောဖို့ ရန်လည်း လုံခြုံမှုမရှိ။ အထောက်တော်တွေ သူလျိုတွေ ပေါလှသည်။ရှုပ်ရှက်ကိုခတ်လို့။လူတွေ ရှုပ်ရှက်ခတ်သလို စကားတွေကလည်းရှုပ်ရှက်ခတ်သည်. ကျွန်မမကြုံဖူးတော့ ရူးအောင် ခံစားနေရပါသည်။ဤနေရဤအိမ်သည် ကျွန်မအတွက် တစုံတရာ စိတ်အေးချမ်းသာမှုကို မပေးနိုင်ပါ။  ကျွန်မခိုနားရမည့် အေးရိပ်သည် အဘယ်မှာနည်း။
တောင်ခိုးဝေေ၀ မြူခြေဆိုင်းဆိုင်း မှိုင်းမှိုင်းမှုံမှုံ  တောရိပ်မြုံ ကို ခိုလှုံပျော်ပိုက်ဖို့  လည်းအခွင့် မရှိတော့။ ကျွန်မ၏ စိတ်ကူးယဉ်ကမ္ဘာကလေး ပျက်သုဉ်းသွားခဲ့ပြီတကား။
ကျွန်မအားဘာတခုမှ မတိုင်ပင် ကျွန်မဆန္ဒကို မေးမြန်းစူးစမ်းခြင်းမရှိသူ့ သဘော သူ့ ဆန္ဒအတိုင်း
သို့ မဟုတ် မာမီ့ ဆန္ဒ အတိုင်း ဆုံးဖြတ်လိုက်ပုံရသည်။ကျွန်မကို ထားရစ်ကာ တောင်ပေါ်ပြန်ပြီး သူက ပစ္စည်းသိမ်း မည်။ ကချင်ပြည်နယ်က ထွက်စာတင်မည်လျော်ကြေးပေးရမည် ဟုလည်း သူပြောသည်။
ဒီလိုနှင့် ကျွန်မချစ်သည့် ရေတံခွန်လေးတွေ မြစ်တွေ တောတွေ တောင်တွေနှင့် အဆုံးစွန် ကွဲကွာ ခဲ့  ရပါတော့သည်။
ကျွန်မပါပြန်လိုက်ခဲ့မည်ပြောတော့ မာမီက မလိုက်စေချင် ခရီးပန်းလိမ့်မည်ဟု ပြောသတဲ့။ ကျွန်မ မယုံပါ။ ငဖယ်ခြစ်ဖို့  ပုဇွန်အခွန်ခွာဖို့  သူက လူလိုနေတာလေ။
 ကြို့ကုန်းအိမ်တွင် ကျွန်မ သောင်တင်နေစဉ် တနေ့ အကိုဇော်တယောက် ရောက်ချလာသည်။ကျွန်မ၀မ်းသာလုံးဆို့ သွားတာဘဲ။ အကိုဇော်က ရန်ကင်းအိမ်ယာမှာ သူငယ်ချင်းတွေနှင့် စုပေါင်းငှားရမ်းနေထိုင်သည်။ဆယ်တန်းအောင်ပြီးကတည်းက မိဘဆီမှ အထောက်အပံ့မယူ ရန်ကုန်မှာ တဦးတည်း ရုန်းကန်နေသည်။ စာပေဗိမာန်တွင် စာရေးလုပ်ပြီး သက်ကြီးတက္ကသိုလ်တွင် ကျောင်းတက်နေသတဲ့။
ဒါရိုက်တာ ရွှေညာမောင့်ထံတွင်လည်း ရုပ်ရှင်သင်တန်းတက်နေသတဲ့။ အိမ်မှာ လေးလုံးကွဲ အောင်စကားမပြောခဲ့ဖူးသူက ခုတော့လဲ ရွှန်းရွှန်းကို ဝေလို့ ။ စကားတွေ ဖေါင်ဖွဲ့ ကြတာ ပျော်စရာပါဘဲ။
“ငါ့ညီမ မြို့ ထဲ ဘယ်တွေရောက်ပြီးပလဲ “..မေးတော့ ကျွန်မဆွေးဆွေးလေး ငေးနေမိတယ်။
(တခါက မာမီနှင့် ဈေးကို ဆွဲခြင်းကိုင် လိုက်သွားရသည်။တခါမှမကိုင်ခဲ့ဖူးတဲ့ ဆွဲခြင်း ကိုင်ပြိး ကျွန်မရှက်ရှက်နှင့်မျက်ရည်ဝဲကာ နောက်မှ လိုက်သွားခဲ့ရသည်။ ဈေးထဲမှာလဲ ငါးသည်က အလေးခိုးလို့ ဆိုပြီး ခုနှစ်သံချီ အော်ဆဲသည်။ ရှက်လိုက်တာကမ်းကုန်ရောဘဲ။ ကျွန်မ လဲသာ သေပလိုက်ချင်တယ်”
သူက ပစ္စည်းတွေ တခုပြီးတခု ၀ယ်ထည့်။ကျွန်မက ဆွဲ။
ပြန်တော့ ဘတ်စ်ကားနှင့် ။
လူတိုးမခံဘူးပါ။ ဘတ်စ်ကားမစီးဘူးပါ။ ကိုယ့်အသားကို လူတွေ လာထိမှာ အသေကြောက်။ စိတ်ညစ်လိုက်တာ။)
“ဟင့်အင်း ဘယ်မှ မရောက်ဘူးလေ။ ရွှေတိဂုံဘုရားကိုတောင် အလာတုံးက ကားပေါ်ကနေ လှမ်းဖူးခဲ့ရတာ”
“ဒါဖြင့် ငါလိုက်ပို့ မယ် ၃၂လမ်းမှာ ဖေဖေ့အမ၀မ်းကွဲ ရှိတယ်။ ကြီးကြီး ဒေါ်လှတင်လေ။သူက ရန်ကုန်
မုံ့ ဟင်းခါးချက်ကြွေးမယ်တဲ့ဟ။နင့်ကို ခေါ်ခဲ့ဖို့ ပြောနေတယ်။”
“ဟင် သူတို့ ဘယ်လိုသိလဲ”
“မသိပါဘူး။ကျောင်းက ဆရာမတွေနဲ့  ဘုရားဖူးလာတယ်လို့  ငါပြောထားလို့ ပါ။”
“အော် ..ဒါဖြင့် လိုက်မယ်လေ ..”
“အဲ ..ပြောမလို့  ..ဦးသော်ဇဉ်က ငါတို့ ရန်ကင်းမှာနေတာ။နင့်ကဗျာလေးတွေ အသံသာလို့  ကြိုက်သတဲ့။ ရေးပို့ ပါအုံးလို့ ပြောတယ် လစဉ်ပုံမှန် ပါနိုင်အောင် ကြိုးစားပါ တဲ့ဟ။”
“ဟုတ်လား။”
“ကဲ ..့မြန်မြန်လုပ် ဘုရားအယင်ဖူးမယ် ။ဦးသော်ဇဉ်နဲ့လဲတွေ့ ရမယ်။ ရုပ်ရှင်လဲပြမယ်။ “
ဒီလိုတော့လဲ အကိုဇော် ကျွန်မကို အချစ်သား။ အရေ;ကြီးသွေးနီး။ စောစောကသာ ဒီလို ပုံမျိုး ဆက်ဆံခဲ့ရင် အိမ်က ထွက်ပြေးချင်မှ ပြေးမှာ။ခုတော့..
ကျွန်မတကယ် ကြေကွဲမိပါတယ်။ အကိုဇော်က ဘုရားဖူးခေါ်သွားမည့်အကြောင်း မာမီ့ထံ ခွင့်ပန်တော့ “ကောင်းတာပေါ့ ကောင်းတာပေါ့ ခေါ်သွား “တဲ့ ပြောပုံ။ ။လေသံက ငေါ့တော့တော့ ။
အကိုဇော်က အ၀ါရောင် သုံးဘီးစင်းလုံးငှားသည်။ ရွှေတိဂုံ ဘုရားကို ပထမ ကြည်ညို ဦးခိုက်ကြသည်။
“မြတ်ဘုရား…ရွှေတိဂုံ လေးဆူဓါတ်ပုံ ခိုလှုံ  ရည်စူးလို့ သာ ဖူးမျှော် ပါကုန် ..ခြောက်သွယ် မီးရေ  ပြည့်စုံ ..ကျွန်းဇမ္ဗူမှာ ..အံ့ချီး..၍ မကုန်….”
နံနက်ခင်းနေခြည်နုနုထွေးထွေးအောက်ဝယ် ရွှေတိဂုံဘုရားကို ဖူးမျှော်ရသည်မှာ အလွန်ကြည်နူးစရာကောင်းလှသည်။ကုသိုလ်ထူးပါသည်။ ဘုရားဖူးလိုက်ပို့ ပေးသည့် အကိုဇော်ကိုလည်း အခါခါ ကျေးဇူးတင်ရပါသည်။ဘုရားမှနေ ကြီးကြီးဒေါ်လှတင်တို့ အိမ်ကိုသွား မုံ့ ဟင်းခါးစားကြသည်။ စကားစမြည်ပြော မုံ့ တွေလဲ အ၀စား ပျော်စရာကောင်းလိုက်တာ။
လွတ်လပ်ပွင့်လင်းစွာ နေလို့ ရသည်။
အဲဒီကမှ  Globe ရုံမှာ Never Say Good Bye  ရုပ်ရှင်ကား သွားကြည့်သည်။မိခိုင် ပျော်လိုက်သည် ဖြစ်ခြင်း။
ရန်ကုန်ရောက်ကတည်းက အမြီးကုပ်ပြီး သခင့်အရိပ်အကဲ ကြည့်နေရသည့်ခွေးလို အောက်ကျ နောက်ကျနေခဲ့ရာမှ ခုမှဘဲ စိတ်ချမ်းသာရာရတော့သည်။
ဒါပေမဲ့ အကို့ ကိုတော့ စိတ်မကောင်းမှာ စိုးသဖြင့် ဘာမှ  ပြန်ပြောမနေတော့ပါ။
ရုပ်ရှင်ရုံကနေ  အိုရီးယင့်ကို ခေါ်သွားကာ  အအေးနှင့် အသီးအရွက် များများပါ ပုဇွန်ခေါက်ဆွဲ ကြော်ကြွေးသည်။
“မိခိုင် ခေါက်ဆွဲကြိုက်တာ အကိုသိတယ်” လို့ ကျွန်မက တအံ့တသြမေးတော့ အကိုက့ ကျွန်မခေါင်းကို ပုတ်ပြီး ..
“စားမှာစားစမ်း “လို့  ပြုံးပြုံးကြီးပြောနေတယ်။
ဘာရမလဲ။ကျွန်မကလဲ မဟားဒရားကို စားပလိုက်တယ်။
ဦးသော်ဇဉ် နှင့် ရန်ကင်းအိမ်မှာ တွေ့ ဆုံနှုတ်ဆက်ကြပြီး ကျွန်မကို ပြန်အပို့  ..
“ငါ ခု အိမ်ခန်းရှာနေတယ် ဟ။ဖေဖေတို့  မေမေတို့ ကို ရန်ကုန်ခေါ်ထားမယ်.။ “တဲ့။
“ဟုတ်လား ကောင်းလိုက်တာ “
အော် သားတွေက သိတတ်ပြီး သမီးဖြစ်သူကတော့ လူကြီးတွေကို စိတ်ဒုက္ခဘဲ ပေးနေမိတာ။
ကျွန်မတို့  ကြို့ ကုန်းအိမ်ပြန်ရောက်တော့ မှောင်ရီပျိုးစ မိုးချုပ်စ လမ်းမီးများစတင်ထွန်းလင်းလာစ
 မပီဝိုးတ၀ါး အချိန်။
ကျွန်မကို အိမ်အထိလိုက်အပို့ ပြီး ကိုဇော်ပြန်လည်ထွက်ခွာသွားစဉ် မာမီ ငှက်ဆိုးထိုးတော့သည်။
“ညည်း(×) က ခရီးသွားနေတာနော် .အိမ်က ကျန်ရစ်တဲ့ မိန်းမက အောင်သပြေနဲ့  ညောင်ရေနဲ့  ဘေးရန်ကင်းဖို့ ဆုတောင်းနေရမယ်ဆိုတာ ညည်းမသိဘူးလား။ ညည်အမေက ဒီလိုလည်ပတ်နေရမယ်လို့  သင်ထားသလား ။ “
“ဒယ်ဒီရဲ့  သူ့ မယားစားဖို့  သူ့မယားကျောင်းထားဖို့  သူက ခြင်ကိုက် မက်ကိုက်ခံ တောထဲသွား ပိုက်ဆံရှာနေတာ ဒယ်ဒီ.သူ့ညီတွေ ညီမတွေအတွက် မဟုတ်ဘူး ။”
ဒယ်ဒီရဲ့  ဒယ်ဒီရဲ့ နဲ့  တကယ်တော့ ကျွန်မကို ပြောနေတာပါလား။
“အေးပါကွာ ..သွား သွား သမီး ထမင်းသွားစား။”
ကျွန်မ သူတို့ ရှေ့ မှ လှည့်ထွက်မယ်အလုပ် ..မာမီပြောလိုက်သောစကားတခွန်းအတွက် ကျွန်မအလွန် တုန်လှုပ် ခြောက်ခြားသွားခဲ့ရတယ်။
“ဒါ မိန်းမကောင်းတွေ ပြန်တဲ့ အချိန်လား “တဲ့။မာမီမေးလိုက်ပုံ ။ ကျွန်မဘယ်လို ဖြေရပါ့။သူ့  မေးခွန်းဘယ်အထိ ခရီးရောက်နေပြီဆိုတာ သူမစဉ်းစားလေရော့သလား။ 
ကောင်းပြီ မာမီ။တသက်ဒီစကား ကျွန်မ မမေ့နိုင်ပြီ။
မိခိုင့်ရင်မှာ မှတ်တမ်းတင် သိမ်းဆည်းထားလိုက်ပါတယ်။
“သူတပါးကို နှုတ်အားဖြင့် ကျူးးလွန်ခြင်းသည် လည်း မကောင်းမှုကို ကျူးလွန်ခြင်းသာမည်၏။”ဟု ဗုဒ္မမြွက်ဆိုခဲ့၏။ေုဒ္မ၏အဆုံးအမနှင့် အညီ ကျင့်ကြံနေထိုင်ခြင်းမရှိသော ဤဘရုတ်သုက္ခ အိမ်ကြီးမှ လွတ်ရာသို့  ကျွန်မသာလျှင် မိနစ်မဆိုင်း ပြေးရပေဦးတော့မည်။
ဒါပေမဲ့ ဖေဖေတို့  ခန့်မှန်ထားသည်ထက်စော၍ရန်ကုန်သို့ ရောက်လာကြသည်။ တဲ့။ အကျိုးအကြောင်း အကိုဇော်လာပြောတော့ ကျွန်မ ဤ် အိမ်ကြီးက ထွက်ချင်နေသည်နှင့် အံကိုက်ဖြစ်နေသည်။
သူ့ ညီမတယောက်ကို အကျိုးအကြောင်းမှာကြားပြောဆိုကာ ကျွန်မ အကိုဇော်နှင့်လိုက်ခဲ့ရာမှာေ၇ာက်မယ်မကြံသေးဘူး။ သူ့ ညီလိုက်လာခေါ်တော့သည်။အကိုလွင် ပြန်ရောက်လာပြီ။ ပေါင်မှာငုတ်စူးသဖြင့်ဖျားလာသည်ဟု ဆိုသည်။ ကျွန်မဘယ်လိုလုပ်ရမလဲ။ကိုယ့်စိတ်နှင့် ကိုယ့်ကိုယ် နေလို့ မရပါကလား။
အိမ်ထောင်ပြုခြင်းရဲ့  သဘောသဘာဝကိုခုမှ ကျွန်မရေရေလည်လည် သဘောပေါက်ခဲ့ရတော့တယ်။
ကြို့ကုန်းအိမ်လဲ ရောက်ရော ငှက်ဆိုးက ဆီးထိုးနေပြီ။။မာမီကျွန်မကို ကလော်တုတ်နေတာ။
“ငါမပြောလား မိန်းမလုပ်သူက အိမ်လည်နေတာကိုး။ မိမဆုံးမ ဘမဆုံးမဆိုတော့ ဘုရားပန်းကပ်ဖို့  ဘယ်သိမလဲ။ဖြစ်တာနည်းတောင်နည်းသေး။ စစ်သားဆို ရှေ့ တန်းမှာ သေတာကြာပြီ “
တဲ့။
သူ့ ဒါဏ်ရာကြည့်လိုက်တော့ ငုတ်စူးတယ်ဆိုတာက သမန်ကာ ရှန်ကာ ခြစ်မိရုံ။ ပျောက်ဘဲပျောက်နေပြီ။ ရေးကြီးခွင်ကျယ်လုပ်နေသည်။သူ့ ဘာသူ မတော်တဆဖြစ်တာဘဲ။ ကျွန်မနှင့် ဘာဆိုင်လဲ။ကျွန်မကိုဘဲ မဲပြီး အပြစ်ပုံချချင်သည်။ မဟုတ်ဘူး။ အပြစ်ပုံချနေတာ။
လူကြီးဖြစ်ပါလျက် အထက်တန်းစားမင်းကတော်ဘွဲ့ ခံယူထားပါလျက် ဘာ့ကြောင့်ဒီမျှ အောက်တန်းကျနေရသနည်း။ဘာ့ကြောင့် ဒီမျှ သဘောထားသေးသိမ်နေရပါသနည်း။ သူ့ သားမျက်နှာ တကမ္ဘာထင်ပြီးလိုက်လာခဲ့သူကို သမီးချင်းမစာနာ ပြောရက်ပေသည်။
ရှေ့ ဆက်လို့  ဘယ်လို သတ္တိမျိုးနှင့် ကြံ့ ကြံ့ ခံနေနိုင်ပါ့မလဲ။မသိတော့ပြီ။
ကျွန်မ လူရွေးမှားခဲ့ပြီ။ဒီအိမ်မှာ ဒီလူတွေနှင့် ကျွန်မမနေပျော်နိုင်။ မိသားစုများသလောက် စကားတွေက ဖေါင်းပွရှုပ်ထွေးလွန်းသည်။ဖြေရှင်းဖို့ မလွယ်။
ငါးမုံ့ ၊ငပိ ငပိရည်ချို ငံပြာရည် လုပ်ငန်း။ထမင်းဆိုင် စသည် ကျွန်မကြွမ်းဝင်မှု မရှိသည့်
သို့ မဟုတ် ကျွမ်းဝင်ရန် စိတ်ကူးမရှိသည့် လုပ်ငန်းများကြောင့် ကျွန်မ စိတ်ရှုပ်လှသည်။
ကျွန်မချစ်သည့် စာအုပ်တွေနှင့်လည်း ဝေးခဲ့ရပြီတည်း။
လူဆိုသည်မှာမွေးဖွားပြီးသေရမည်။မာနထောင်းလွှားနေစရာ အချိန်များများမရှိ။ သူက ဘာမင်းကတော်မို့  ဒီမျှ မန်ဝင်နေရသည်လဲ။ ကျွန်မမိဘများမီးဘေးသင့်ရသည်ကို တခွန်းမမေး။ ဆန်းကဖေးတွင် မင်္ဂလာဧည့်ခံပွဲ လုပ်ပေးမည် ဟု ပြောခဲ့သော ဒယ်ဒီစကားအောင်မြင်ပုံမရ။လူမှုကျင့်ဝတ်ကို မစောင့်ထိန်း။ယဉ်ကျေးမှု မရှိ။
ယောက်ျားလေးများသည် အသက်ပြည့်ပြီဟု မိဘကို မလေးမစား သူတပါးသမီး ခိုးယူ ခြင်းမပြုသင့်။တရာားရုံးတွင် လက်ထပ်သည်ဘဲပြောပြော မိဘကို အယင် အသိမပေးပါက  မလေးစားရာရောက်ပေသည်။
မိန်းခလေးများကလည်း အသက်ဘယ်လိုဘဲပြည့်ပြည့်  ခိုးကြောင်ခိုးဝှက် မလုပ်အပ်။မိဘကို အသိမပေးဘဲ ယောက်ျားလေးနောက် မလိုက်အပ်ဟု ကျွန်မမြင်လာသည်။ ဆွေမျိုးအသိုင်းအ၀န်းကို ငဲ့ညှာဖို့ လိုကြောင်း ကျွန်မကောင်းကောင်းသိပြီ။ မိဂုဏ်ဘဂုဏ် ဆွေဂုဏ်မျိုးဂုဏ်အပြင် မိမိဂုဏ်သိက္ခာကိုပါ မိမိလေးစားရပေမည်။ခ၀ါချမပြစ်သင့်ဟု နားလည်လာရသည်။ကျွန်မ၏ သိက္ခာမဲ့မှုကြောင့်သာ မာမီတို့  ပြစ်ပြစ်ခါခါ လုပ်သည်ဟု သိမြင်လာပြီး မိမိကိုယ်ကိုသာ အခါအခါ အပြစ်ဖို့ နေမိတော့၏။
လူငယ်တွေ လမ်းမှားနေသည်တိုင် အများအမြင် တင့်တယ်ဖို့ လူကြီးတွေအချင်းချင်း ညှိနှိုင်းတိုင်ပင်ရန် မလိုပေဘူးလား။ ယခုတော့ မသိကျိုးကျွန် မထေမဲ့မြင် လုပ်နေသည်။တာဝန်ပျက်ကွက်လှ၏။ အဲဒါကြောင့်လည်းကျွန်မက ယောက္ခမ မရှိ ဟု ပြောတာဖြစ်သည်။
ကျွန်မတို့ ချင်း ပြောခဲ့သည့် စကားသည် မာမီ့နားရောက်ပြီးဒီကိစ္စနှင့်ပတ်သက်၍ အဲဒီနေ့ မှာပင် မာမီနှင့် အဆုံးစွန် ပြဿနာတက်ခဲ့ကြတော့သည်။
ပါစပ်သရမ်းသည့် မာမီက မီးကုန်ရမ်းကုန်သောင်းကျန်းသည်။သားနှင့်အမိ မောင်နှင်နှမ ကြား၍မျှ မသင့်တော်သောစကားများဖြင့် သူကျွန်မကို တိုက်ခိုက်သည်။ပက်စက်ရင့်သီးလွန်းသော အသုံးအနှုံးမျိုး ကျွန်မတသက် ကျွန်မအသိုင်းအ၀န်းတွင် တခါမျှ မကြားခဲ့မိဘူးချေ။
အခေါင်အဖျားရောက်လာသည့် ကျွန်မဒေါသကို ကျွန်မချိုးနှိမ်းနေရသည်မှာ အလွန်ပင်ပန်းလှပါပြီ။ ကျွန်မနားတွင်း လှိမ့်လှိမ့်ဝင်လာသည့် မတရားယုတ်ညံ့သိမ်ဖျင်းညစ်ဘမ်းသော ဖရုဿဝါစာ များက ကျွန်မ၏ သည်းခံလိုစိတ်နှင့် လူငယ်တယောက်၏မာနကို ထိပ်ဆုံးအထိ နိုးဆွ တွန်းပို့  နေသည်။တကိုယ်လုံး ထူပူရှိန်းဖိန်းလာ၏။သည်းခံလိုစိတ် အလျင်းမရှိတော့။ ခန္ဒာကိုယ်ရှိ သွေးတို့ သည် ပွက်ပွက်ဆူကာ လှည့်ပတ်နေရော့သလား။
မိမဆုံးမ ဘမဆုံးမ ။ ရေငံသောက်မြက်ခြောက်စား။  အောက်တန်းစား၊ ဆိုသည့် အသုံးအနှုံး များသည် ကျွန်မ ချရေးပြနိုင်သည့် စကားလုံးများဖြစ်သည်။သူ ကျွန်မမိဘတွေကိုတောင်  ဘာမဆိုင် ညာမဆိုင် ကျူးကျော် စော်ကားနေတာ။
သည်မျှ ဆိုးဝါးနေသည့် အာဠာဝကမကြီးကို ကျွန်မ ချွတ်မှ ဖြစ်တော့မည်။
ကျွန်မ သူမရှေ့  တည့်တည်ရပ်သည်။လက်တဘက် ခါးထောက်လိုက်သည်။ သူမမျက်နှာကို အကြည့်စူးစူးကြည့်သည်။ စိုက်၍ကြည့်သည်။ ပြီးမှ မခိုးမခန့် ရယ်သွမ်းသွေးလျက် ….
“အော.ကျွန်မကအောက်တန်းစားလား မင်းကတော်က အောက်တန်းစားလား ဘယ်ဟာနဲ့ တိုင်းတာပါလိမ့်။ဒီလို ယုတ်ညံ့သိမ်ဖျင်းတဲ့ စကားတွေကို အရှက်မရှိ ထွက်ရဲ ပြောရဲ တဲ့သူက အထက်တန်းစားပေါ့ ။ဒီလိုလား။ လူတယောက်ရဲ့ အပြုအမူ အပြောအဆို ကို ကြည့်တာနဲ့  အောက်တန်းစားလား အထက်တန်းစားလား ဆိုတာ လူတိုင်းသိနေတာဘဲဟာ။အားလုံးမြင်နေတယ်လေ . ဘာပြောချင်သေးလဲ ။”
ကျွန်မအ၇မ်းစွာပြစ်လိုက်တယ်လေ.။နာနာကျည်းကျည်းတလစပ်ကို ပြောချလိုက်တာ။ အနိုင်ကျင့်နေသော ၀ံပုလွေကို ခုခံကာကွယ်ဖို့  သိုးငယ်မှာလည်း အခွင့်ရှိပါသည်။
အ ကြင်သူသည် လောဘ  ဒေါသ  မောဟကင်း၏။မေတ္တာတရားကိုပွားများ၏။ အကျင့်သိက္ခာကို ထိန်း၏။ ပညာဗဟုသုတရှိ၏။နှုတ်ကို စောင့်စည်း၏။ သူ့ အသက်သတ်ခြင်း၊ သူ့ ဥစ္စာခိုးခြင်း ၊မုသားပြောဆိုခြင်း၊ ဂုံးချောခြင်း၊ ကြမ်းတမ်းသော စကားကို ဆိုခြင်း၊ စသည်တို့ မှ ရှောင်ကျဉ်၏။ထိုသူကို ဗြဟ္မဏဟု ငါခေါ်သည်။ “တဲ့။ ဗုဒ္မ မြွက်ဟ၏။
ကျွန်မ၏ တုံ ပြန်မှုကို မထင်မှတ်ဘဲ ခံလိုက်ရလို့ ဘဲလားမဆိုနိုင် သူမ ဆွေ့ ဆွေ့ ခုန်ပါလေတော့သည်။
“ဟဲ့  အကောင် အောင်လွင်  မင်းမိန်းမ ငါ့ကို ခံပြောနေတာ ကြားလား။ မင်းဆုံးမ မလား ငါဆုံးမရမလား ပြော။”
“ဟဲ့သေနာကောင်မ ..ငါ့ကို ဘာမှတ်သလဲ။ “ဟု ပြောပြောဆိုဆို သူမလက်ညှိုး တုတ်တုတ်ကြီးတွေက ကျွန်မ နဖူးကို ထိုးချလိုက်သည်။သေနာမက မိုးမွန်အောင်ဆဲသေး။ကျွန်မ ဘာတခုမှ ချင့်ချိန်စဉ်းစားဖို့  အချိန်မရ စိတ်မှာပေါ်လာသည့်အတိုင်း ရုပ်က လိုက်လုပ်တော့သည်။ဘယ်သူ့ မှလည်းဂရုမစိုက်အား။အကြောက်အလန့် နည်းနည်းမှမရှိ။ မိမိလက်ဖ၀ါးသေးသေးလေးကို  ကျစ်
ကျစ်ပါအောင်ဆုပ် သူမ ပုခုံး ဖေါင်းဖေါင်းအိအိကြီးထဲ ပြစ်သွင်းထုရိုက် ဆက်ခါ ဆက်ခါ အကြိမ်များစွာ။
ဒီနောက်မှာတော့ ကျွန်မက အောက်က သူကအပေါ်က ။
ကြမ်းပေါ် ထွေးလုံးရစ်ပတ်ကျသွားသည်။
မာမီ ကျွန်မကို ၀င်လုံးတာလေ။
၀၀ဖိုင့်ဖိုင့် ခန္ဓာကိုယ်အတ္တဘောကြီးက ကျွန်မကို ဖိထားသည်။
သူမမျက်နှာပြားပြားကြီး
ကျွန်မမျက်နှာပေါ်မှာမိုးနေသည်။ကျွန်မ အညံ့မခံ။
လက်သဲတွေနှင့် ကုတ်ခြစ်ပြစ်သည်။အချိန်တိုအတွင်း လျှပ်တပြက် ဖြစ်လာသည့်ရန်ပွဲကို အိမ်ရှိလူကုန် အံ့သြနေကြဟန်တူသည်။
မာမီဆိုရင် လူတိုင်းက အသံကြားရုံနှင့် ဖိန့် ဖိန့် တုန်အောင် ကြောက် ရတာလေ။
ကျွန်မက လူစွမ်းကောင်းလုပ် ဆော်ပလိုက်တာဖြစ်နေပြီ။
“ဟဲ့  ..ဟဲ့   မာမီ  နင် ဒီလို မလုပ်နဲ့လေ..လွှတ်လိုက်  လွှတ်လိုက် “ ပြောပြောဆိုဆို ဒယ်ဒီနှင့် သူ့ သားတွေ ၀ိုင်းဆွဲကြ ခွာကြသည်။ဒယ်ဒီနှင့် သူ့ သားတွေ တဘက်တယောက်ချုပ်ထားသည့် ကြားက မာမီ့ ခန္မာကိုယ်ကြီးသည် လေထဲတွင် ကိုယို ကားကာယား ခုန်နေ၏။
မြောက်မြောက်ပြီးလည်း  တက်သွားလိုက်သေး။
“ ဒေါသပြင်းတန်၊ ရှိခဲ့ပြန်လည်း၊ရုပ်ဟန်တုန်ကြွ ၊
မလှုပ်ရအောင်၊ ရှောင်ကြလေရာ၊
ကင်းသင့်စွာ “ဟု ဆရာတော် ဦးလှဲ့  ကဆိုသည်။
မာမီကမူ နှုတ်ကလည်း  အယုတ္တ အနတ္တတွေ ပြောမပြီး။ “
ဟဲ့ အကောင်  အောင်လွင်  မင်းမိန်းမ ငါ့အိမ်ပေါ်က နှင်ချလိုက် ..ဒင်းမျက်နှာငါမကြည့်ချင်ဘူး။  ငါ့အိမ်ပေါ်က ခုဆင်း။ ပြောလိုက်ပါပေရဲ့  မင်းကိုတော့ ရွှေရည် ငွေရည်လောင်းဆေးမယ် ၀န်ထောက်သမီးနဲ့ ပေးစားမယ်  ဟဲ့  ကြားလား အောင်လွင်  ခုနှင်ချလိုက် ..။
 အမလေး ဒယ်ဒီရဲ့  ..ကျွန်မရင်ထဲ မီးလို ပူနေတယ်။ ဒင်းကို မြန်မြန်ဆင်းခိုင်း  မမြင်ချင်ဘူး..။”
“အေးပါကွာ ..ဟေ့ အောင်လွင် ..မင်းတို့  ခဏ ရှောင်နေလိုက် ။မင်းမာမီ သိပ်စိတ်ဆိုးနေတယ်”။
“ဟေ့ ဟေ့ အပြီးဆင်းခိုင်းတာကွ ..ဘယ်တော့မှ ငါ့အိမ်ရိပ်လာမခိုနဲ့ ။ ကြားလားက”ွ တဲ့။ မာမီ့သားအကြီးဆုံး ဒေါသ ကုမ္မာရ ကလေ.။
ကိုကြီးသေတ္တာဆွဲ ထွက်လာတော့ .”ဟဲ့ ဟဲ့ ။အဲဒီသေတ္တာ ငါဝယ်ပေးထားတာ ပြန်ယူထားလိုက်စမ်း  “ တဲ့ မာမီကလေ။
 သူ့ညီမက လာဆွဲ လုသွားသည်။
“မင်းမိန်းမ ငါ့ကို စော်ကားနေတာ မင်း မဆုံးမဘူးလား။ “တဲ့။ (သူမ ဘယ်လို ဆုံးမစေချင်သတဲ့လဲ။)
ဒေါသကြီးလွန်းလို့  စကားပြောရင်းက  တက်သွားလို့ တဲ့ အိမ်ရှိလူတွေ ပြေးလာပြီးဝိုင်းပြုစုကြတယ်။ ဒီအချိန်မှာဘဲ ကျွန်မ အဲဒီ ဘရုတ်သုက္ခအိမ်ပေါ်က အပြီး ဆင်းလာခဲ့တယ်။ အ၀တ်တထည်ကိုယ်တခု။ ကျွန်မနောက်က ကိုကြီးလိုက်လာသည်။ ကျွန်မ သူ့  ကို လိုက်ခဲ့ဖို့  မခေါ် ။ဖေဖေတို့ ကို ၀န်ချတောင်းပန်မည် ။ကျောင်းပြန်တက်မည်။ ကျွန်မ ကားငှားသွားမည်.ဖေဖေတို့ကို သားရေရုံအတွင်း မှာ အကိုဇော် အိမ်ငှားပေးထားတာ ရှိသည်။ ချက်ခြင်း တမုဟုတ်ချင်း အစီအစဉ်ချထားလိုက်သည်။
ကိုကြီးက ဖိနပ် ပါပုံမရ သူ့ ညီကို လှမ်းတောင်းသည်။မပေးတဲ့အပြင် ငှက်ကြီးတောင်ဒါးကို ဆွဲလိုက်သည် တဲ့။ ခွေးမောင်းသလို သွားကွာ  သွားကွာ နှင့်မောင်းချသည်။တဲ့။ ဘုရားဘုရား။ တသက်နှင့်တကိုယ် မကြားဖူး မကြုံဘူးတာတွေ  ကြားရ ကြုံရတော့ ကျွန်မ အသဲတုန် အူတုန်လှ၏။့
ဒီလိုအိမ်မျိုးက ဆင်းရလို့  ၀မ်းမနည်း။ မြန်မြန်ဝဋ်ကျွတ်တာဘဲ ။ကျွန်မ ပျော်ပျော်ကြီး ဆင်းလာသည်။လူမှာ လွတ်လပ်ပေါ့ပါးစွာ ရှင်းသန့် သွားသည်။
တရားကျစရာတွေ  ဖြစ်စဉ်များသည် ရုပ်ရှင်ပြကွက်သဖွယ် ဖြတ်ကနဲ ဖြတ်ကနဲ ပြောင်းလဲ နေသည်။
“ကိုကြီး လိုက်မလာနဲ့  ။မာမီ့ ဆီ ပြန်သွား။ မိခိုင် ဒီလို ဆွေမျိုးတွေ ကြားထဲ မျက်နှာငယ်ခံပြီး မနေနိုင်ဘူး။
ဒီအသိုင်းအ၀န်းထဲ လူမလုပ်ဘူး။ မှတ်ထား။မိခိုင် မိန်းမထဲက မိန်းမ မဟုတ်ဘူး သိလား “
ကျွန်မပြောလဲပြော လျှောက်လဲ လျှောက် ရှေ့ ကနေ တတောက်တောက်နှင့် စိတ်လိုက်မန်ပါ အတွင်သွားသည်။
သူတို့ အိမ်နှင့် တအိမ်ကျော်က အမျိုးသမီးကြီးတဦး ထွက်လာသည်။
“လာ..လာ ခလေးမလေး ညကြီးမိုးချု့ပ်ဘယ်မှ သွားဖို့  စိတ်မကူးနဲ့  ကားတွေ မရှိတော့ဘူး။မနက်မှ ကြည့်စီစဉ်ကြ။ ဒီည ဒီမှာ အိပ် “ဆိုပြီး ထွက်ခေါ်သည်။
“ ခလေးမလေးကို သနားနေတာ။အဒေါ်တို့ အကုန်ကြားတယ်။ပြောတဲ့သူက ခုနှစ်သံချီ ပြောနေတော့ နေ့ တိုင်း မကြားချင်လဲ ကြားနေရတာ”  တဲ့။သူတော်ကောင်း နတ်ကောင်း စောင်မ တာဘဲ။ ကိုကြီးကပါ ၀င်လိုက်လာသည်။
“ပြန်ပါဆို ဘာလို့ လိုက်လာရတာလဲ ။”
ကိုကြီးက ဘာမှ မပြော။ယောက်ျားတန်မဲ့ အရေးထဲ မျက်ရည် ကျပြနေရသေးသည်။ ကျွန်မကတော့ ကျွန်မကိုယ် ကျွန်မ သူရဲ ကောင်းတဦးနှယ် ကျေနပ် အားရနေလို့  မျက်ရည် တစက်မထွက်ဘူး။
“ကိုကြီး မင်းကို တချက်လောက်ရိုက်ပြလိုက်ရင် မာမီကျေနပ်သွားမှာ ။ မရိုက်ရက်လို့ ။”တဲ့ ။
 ချွဲနွဲ့   နေသလား။ ယောက်ျားတန်မဲ့  သူမရှက်။
“ရိုက်ကြည့်လိုက်လေ…ရိုက်လို့ ကတော့ တသက် အကွဲ” ဘဲ။ လို့ စွာပလိုက်တယ်။
သည်ကနေ့  မာမီ့ အတ္တကို ကျွန်မ ရိုက်ချိုး ပစ်ခဲ့သည်လေ။
ရှေးလူကြီးများစကားလက်ခံသင့်သည်။ ၃နှစ် ၃မိုးစောင့်ဆိုင်း တဦးအကဲ တဦးခပ် ကျေနပ်မှ လက်ထပ်ရမည်။တဲ့။
အိမ်ထောင်ရေးကိစ္စကို ကျွန်မ ဘာမှတ်လို့  ဒီလောက် ပြီးစလွယ် ဆင်ကန်းတော
တိုးပြုမူခဲ့ ရသည်လဲ။
ကျွန်မမှားခဲ့တယ်။
မနက်မိုးအလင်းမှာတော့ အိမ်ရှင်ကြွေးသော ပြဲုပုတ် နံပြား ကော်ဖီ ကို စားသောက်ပြီး
 ကြို့ ကုန်းလမ်းဆုံ သို့ ထွက်ခဲ့ကြသည်။ သူတော်ကောင်းအိမ်ရှင်က ဖိနပ်တရံ ကိုကြီးကို ပေးလိုက်သေးသည်။ ကားမှတ်တိုင်မှာ ကျွန်မတို့  ကားတွေ တစင်းပြီးတစင်း စောင့်သည်။သုံးဘီးကားလေးငှားပါပြောတော့ သူ မငှား။ကားအချောင် စောင့်နေသည် တဲ့။ ကျွန်မအကိုတွေဆို သူ့ ညီမ လူတိုးမှာစိုးလို့  သုံးဘီးငှားပေးမှာ သေချာသည်။
အကို တွေရဲ့ မေတ္တာ စေတနာ သူ့ မေတ္တာ စေတနာ ကျွန်မ နှိုင်းယှဉ်ပြီး ၀မ်းနည်းမိသည်။
အင်းစိန်ဘက်မှလာသော ကားတစီးပေါ် ကျွန်မတို့  အတက်  ဗုဒ္ဓေါ  ..တိုက်တိုက် ဆိုင်ဆိုင် မာမီ ဒယ်ဒီ တို့ နှင့် တည့်တည့် တိုးနေပါလား။ ကျွန်မ ကြောက်လို့ မဟုတ်ပါ။ လူကြား သူကြားမရှောင် ပေါက်ကရ ပြောမှာ ရှက်သည်။ ယခုလည်းကျွန်မတို့ ကို မြင်ရော..ဘေးက လူတွေ အားမနာ အဆဲပေါင်းစုံ ဆဲနေပြီ။  ကျွန်မက ဟန်မပျက် ကိုယ့်ပြောတာမဟုတ်သယောင် တည်တည်ငြိမ်ငြိမ်နေပြလိုက်သည်။ ကျွန်မသူနှင့် ဘက်ပြိုင် မမိုက်လိုပါ။
ဘတ်စ် သည် ကားမှတ်တိုင်တခုတွင် ထိုးရပ်လိုက်စဉ်   ကျွန်မ ထိုင်နေရာမှ ဗြုံးဆို ထပြီး ကားပေါ်မှ လျင်လျင်မြန်မြန်ဆင်းချလိုက်သည်။ဘယ်ကိုမှမကြည့်။ ဘယ်သူ့ ကိုမှ စကားမပြော။
ကျွန်မစီးလာသော ဘတ်စ်ကား ရှေ့ကို ဆက်မောင်းသွားပြီ။ ကိုကြီးလဲ ပါသွားပြီ ဆိုတော့ ကျွန်မ စိတ်အေးသွားသည်။အမှန်က ပျော်သွားတာ။ သူ့ သားကို သူ ပြန်လည် သိမ်းပိုက်ခွင့် ရပေမည်။
နောက်ကားတစင်း ထိုးအရပ် ကျွန်မ တက်လိုက်သွား၏။ဘတ်ကားပေါ်မှ ဆင်းပြန်တော့
ဖေဖေတို့  ငှားနေသော သားရေရုံဝင်းအတွင်း အိမ်သို့ ကွန်မလျှောက်လာရာ သူက လက္ဘက်ရည်ဆိုင်မှ စောင့်နေသည်။ကျွန်မ စိတ်မှာ အမှန်အတိုင်းပြောရရင် အလွန်စိတ်ပျက်သွားခဲ့တာ။ ဒီပုတ်ထဲက ဒီပဲ ဒီလို လူမျိုးနေမှာပါဘဲ။ကျွန်မတို့ နှစ်ဦးပေါင်းစည်းနေထိုင်ဖို့  တာရှည် ဖြစ်နိုင်ပါ့မလား..။အမူအကျင့် စရိုက် လက္ခဏာ တွေက ခြားနားမှုတွေ ရှိနေသည်။သူက မာမီ့ ကို မေွးသည့်အမေထက် ရိုသေသည်။
ကျွန်မ ဘာတခွန်းမှ မပြော သူလဲ မပြော။ ကျွန်မ ဘောက်ဆပ်ဘောက်ဆပ်နှင့် လျှောက်သွားရာသို့ သူ အမှီလိုက်လာသည်။ ဖေဖေတို့ အိမ်ရောက်တော့  သူက စပြောသည်။ကျွန်မကို ရုပ်ရှင် မင်းသမီးစတိုင်ဖမ်းသတဲ့။ ခါးထောက်ပြီး လူကြီးကို စကားပြောသတဲ့။အကိုဇော် က “အံ့ရောဟာ “တဲ့။ “မာမီက တကယ်တော့ စိတ်ရင်းကောင်းပါတယ်။ပါးစပ်ကသာ အပေါက်ဆိုးတာ” တဲ့။ “သူဖြူရင် ဖြူလိုက် သူမဲရင် မဲလိုက် ပြီးတော့လဲ ပြီးသွားတာဘဲ “ တဲ့။ သူ့ အမေဘက်က ဖါထေးနေသည်။
ကြည့်စမ်း။ အဖြူကို အမဲပြောလည်း ငြိမ်နေရမတဲ့။ ကျွန်မကိုဘဲ အပြစ်ဖို့ နေသယောင်။ ခုဟာ က အဖြူကို အမဲ ပြောနေတာမှ မဟုတ်တာ။ ကျွန်မတို့ မောင်နှမရဲ့  သိက္ခာကို သူစော်ကားနေတာ မဟုတ်လား။  ဒါ မိန်းမကောင်းတွေ ပြန်တဲ့ အချိန်လား ဆိုတာ ဘာစကားလဲ။
အကိုတွေက သူတော်ကောင်း မိဘတွေကလည်းခံ န္တီသမားတွေ ဆိုတော့ မိခိုင် ကိုဘဲ လူကြီးဆန်ဖို့  ပြောသည်။ သူ့အိမ်မှာနေ သူ့ထမင်းစား အလိုက်အထိုက်နေ တဲ့။
(အိမ်ထောင်မှု ဘုရားတည်၊ ဆေးမင်ရည် စုတ်ထိုး။ ၍သုံးခုချက်မပိုင်လျှင် နောင်ပြင်နိုင် ခဲခက်သည့်မျိုး)
အော်  မိခိုင် ဘာလုပ်လုပ် အလွဲတွေချည်းပါလား။ တချက်ကလေး လွဲသည်နှင့် တသက်လုံး အလွဲမခံချင်။ကျွန်မဘာဆက်လုပ်ရပါမလဲ။ ကျွန်မက အေးအေးချမ်းချမ်း နေချင်တာပါ။ ကျွန်မခိုနားဖို့  ၀ါသနာပါတာကလေးတွေ လုပ်ဖို့  အေးရိပ်ကလေးတခု ဘယ်မှာ ရှာလို့  ရနိုင်ပါမည်လဲ။အစမကောင်း အနှောင်းမသေချာ ..ခဲ့တဲ့ ကျွန်မ
 မသေမချာ မရေမရာနှင့် မိမိဘ၀ကို မိမိ ဒီပုံဒီနည်း ရေစုန်မျောပစ်တော့မလား။ ကျွန်မတကယ်မသိနိုင်တော့ပြီ။တည်း။
“ မရုန်းမကန်၊အရှုံးခံလျက်၊
ဇွဲမာန်ချိုးနှိမ်၊ဘ၀အိမ်ဝယ်၊
ရေတိမ်နစ်ခြင်းခံရသူ။” (ဥက္ကလာနုချော။)
ခင်မေသစ်
ဒုတိယပိုင်းဆက်ရန်
0 comments:
Post a Comment