Tuesday, November 27, 2012
အေးရိပ်ကို ဘယ်လိုရှာပါ့မယ်
မင်္ဂလာပါ။
မေမေ့ရဲ့ ဝတ္ထုရှည်တစ်ပုဒ်ပါ။ ရသစာဖတ်အားတွေနည်းလာလိုက်တာ "မေမေ့ရဲ့ အေးရိပ်ကို ဘယ်လိုရှာပါ့မယ်" ဝတ္ထုတိုဖိုင်လေး ပို့ထားတာဖြင့်ကြာလှပြီ။ အခုထိ အကုန်မဖတ်နိုင်သေးဘူး။ အကုန်မဖတ်ဖြစ်သေးဘူး။ ဘလောဂ့်ပေါ်မှာ ခွဲတင်ဖြစ်ရင် ကျွန်မလည်း ဖတ်နိုင်ကောင်းရဲ့။ ဝတ္ထုတိုဖတ်ချင်တဲ့ မိတ်ဆွေတွေလည်း ဖတ်ရအောင်လို့ အပိုင်းလေးတွေ ခွဲပြီး တင်ပေးချင်ပါတယ်။
မေမေ့ပို့ပေးတဲ့အတိုင်း မေမေ့စာရိုက်ထားတဲ့အတိုင်းပဲမို့ စာလုံးပေါင်းမှားတာလေးတွေရှိရင် နားလည်ပေးစေချင်ပါတယ်။ ကျွန်မကိုယ်တိုင်လည်း စာရေးရင်စာလုံးပေါင်းဂရုစိုက်ပေမယ့် စာလုံးပေါင်းမှားတာတွေရှိတုန်းပဲ။ မေမေ့စာတွေကများတော့ ကျွန်မကလည်းမအားနိုင်တော့ စာတွေပြန်မစစ်နိုင်ပါဘူး။ ဒီအတိုင်းပဲ တင်ပေးလိုက်နိုင်တာကြောင့်ပါ။ 
မိတ်ဆွေအားလုံးကို ချစ်ခင်လေးစားစွာဖြင့်
ဖြိုးဖြိုး
(၁)
ရွှေဘုံပျော်ညောင်း၊ဗိမာန်ပြောင်းလည်း ၊
ဇတ်ပေါင်းပြီးချုပ် ၊ စာကိုးအုပ်ဖြင့်၊
ထုပ်ထုပ်ပိုက်ပိုက်၊သဂြိုလ်လိုက်၏၊
တိုက်ရိုက်နတ်နား၊ ကြားပါလေ၍၊
နာစေခ လို ၊တောင့်တဆိုသည်၊
ကုသိုလ်ဝေငှဆင့်လောင်းတည်း။       ။
ဟူ၍ သူ၏မွေးဖပမာ ကိုးစားခဲ့သော ဘုရင်မင်းခေါင်အား ကန်တော့ခဲ့သည် တဲ့။ ရှင်မဟာရဌသာရနှင့် မနှိုင်းအပ်သော်လည်း အရှင့်နည်းတူ မိဘနှစ်ပါးနှင့် အစ်ကို များအား ဤစာအုပ်ဖြင့် လှိုက်လှဲစွာ ကန်တာ့လိုက်ပါသည် ဟုဆိုပါရစေ။     ။
(ခင်မေသစ်)
စာပြီးနှစ် ၂၀၀၅ခုနှစ် ဇန်န၀ါရီလ ၁၅ရက် ။
                                 ×××××××××××××××××
(၂)
အေးဘယ်မှာဖန်မယ်၊
ကြံနယ်ကဝေး၊
သမုဒ်ပင်လယ်သို့ ၊
လောင်းလှေငယ်
ဟိုဘက်ကမ်းကို ၊
လှမ်းနိုင်ဖို့ လေး။
(နွေချိန်လုပြန်တော့တယ် ပတ်ပျိုးကလေး)
ဘ၀စာမျက်နှာအဖွင့်။
၁၉၄၀ခုနှစ် သြဂုတ်လ (၈)ရက်နေ့ ကြာသပတေးနေ့ ။
မိုးနှင်းမြူတို့ ဖြင့် ထူထပ်သိပ်သည်းနေသော မိုင်းလုံ၏ ညသည် မလှပချေ။သည်ညမှာမှ မိန်းခလေးသည် ဆင်းရဲပင်ပန်းစွာ မီးဖွားသန့်စင်ခဲ့ရ၏။ အရပ်လက်သည်ပြုစုပေးသမျှ ခံယူရင်း အားငယ်စွာ မိန်းမောရီဝေနေပေပြီ။
မွေးကင်းစ ခလေးငယ်ကို ဖြူစင်သန့် ရှင်းညက်ညောသော ပိတ်စဖြင့် နွေးထွေးစွာ ပိုက်ပွေ့ ထားသည့်  ဒေါ်နန်းဖေါင် သည်  မီးနေသည်၏ ဆံစလေးများကိုမကြာခဏ လှမ်း၍ သပ်ပေးနေရင်း မျက်ရည် မိုးနှယ် စွေလေပြီ။သွေးတို့ ဖြင့် စိုရွှဲနေသည့် မိန်းခလေး၏ ခန္ဓာကိုယ်အောက်ပိုင်းကိုကား မကြည့်ရက်တော့ပြီ။
ခရီးလမ်းပမ်းဆက်သွယ်မှု ပြေပြစ်ချောမွေ့ ခဲ့လျှင် ရာသီဥတု သာယာခဲ့လျှင် အနီးဆုံးဆေးရုံတခုသို့  အရောက် ပို့ ပေးနိုင်မည် ဖြစ်သော်လည်း..
ယခုတော့….နန်းမြင့်မေရယ်……။
(၃)
ဦးမြင့်ထွန်းသည် သူ့ နှုတ်ဖျားဝယ် စုစည်းတစ်ဆို့ လာသည့် စကားလုံးများကို ထုတ်ယူရန်ခက်နေ၏။
အညာနွေက ပူလောင်ရသည့်အထဲ ရင်တွင်းဝေဒနာက ထပ်ဆင့်နေသည်။
အကင်းပါးသူ ဇနီးသည်က ဒါကို ရိပ်စားမိသည်။
“ကို မြင့်ထွန်း ရှင်ဘာဖြစ်နေတာလဲ  ဘာပြောချင်လို့ လဲ ပြောလေ “
ဦးမြင့်ထွန်း ခေါင်းကုတ်လျက် ၊
“ ဘာရယ် မထားကြည် ငါဘာပြောရမှာလဲ “
အော်..ရှင့်မှာ ပြောစရာစကား တခုခု ရှိသလားလို့ ပါ။ “
“အေး..အဲ ..ဟိုကွာ .ဘယ်လိုပြောရမလဲ ။ဒုက္ခဘဲ “
ခေါင်းတွင်တွင်ကုတ်ထစ်ငေါ့ရင်း  ဟိုလျှောက် ဒီလျှောက်လုပ်ပြီး.ရုတ်တရက် ..
ဦးမြင့်ထွန်းသည် ဒေါ်ထားကြည်၏ ပခုံးနှစ်ဘက်ကို ဆုတ်ကိုင်လိုက်၏။..မျက်နှာကိုလည်း စေ့စေ့ကြည့်ကာ.. နူးညံတိုးတိတ်စွာ ..စကားဆိုတော့၏။
“မထားကြည် ငါ့ကို ခွင့်လွှတ်နိုင်ပါ့မလား ဟင်.. ဒါကို ငါ အရင် သိမှဖြစ်မယ် “
“အော်  ခက်တယ် ရှင်ဘာဖြစ်နေလို့  ကျွန်မက ဘာကို ခွင့်လွှတ်ရမှာတဲ့လဲ ပြောအုံးမှပေါ့။ ကဲပါ.. .
ရှင် ဘာဖြစ်ဖြစ် ကျွန်မ ခွင့်လွှတ်ခဲ့တာချည်းဘဲ  ရှင်သိရက်နဲ့ “
“မထားကြည်ရယ် ..ငါမှားခဲ့ပါတယ်။ ငါ..ငါ..ကွာ ရှမ်းမလေးတယောက်နဲ့  ခလေးတစ်ယောက်ရထားတယ်။ရှမ်းမကတော့ ခလေးမီးဖွားပြီးပြီးချင်း ဆုံးသွားတာ ကြာပါပြီ။ ခု အဖွားလုပ်သူကပါ ဆုံးသွားလို့  လောလောဆယ် ခလေးက ခိုကိုးရာမဲ့ ဖြစ်နေတယ်။ အနီးဆုံးလူက ငါပဲ။ ခလေးရဲ့  ကျန်းမာရေး စားဝတ်နေရေး ပညာရေး အားလုံး ငါ့ခေါင်းပေါ်ကျနေပြီ။ ငါ့ကြောင့် အပြစ်မဲ့တဲ့ ခလေးတယောက် ဖရိုဖရဲ ဖြစ်သွားမှာစိုးတယ်။ မင်းအနေနဲ့  သူ့ အတွက်  ကွန်းခိုရာ အေးရိပ်ကလေး တရိပ် ဖန်တီးပေးနိုင်မယ် လို့  ငါမျှော်လင့်ပါရစေ။”
အံ့သြငြိမ်သက်စွာ နားထောင်နေရာမှ စကားအဆုံးတွင် စိတ်ဆိုးရမှာလား ဒေါသဖြစ် ရန်စွာလိုက်ရမလား မသိနိုင်ခင် ကျိုး ကျိုးကြောင်းခိုင်လုံနေသည့် ဦးမြင့်ထွန်း အဆိုကို ဆန့် ကျင်ရန် ဒေါ်ထားကြည် အင်အားမရှိ။ သူမ သဘောထားကြီးစွာ တည်တည်ငြိမ်ငြိမ် တုံ့ ပြန်လိုက်နိုင်သည်။
“ခလေးက ဘာလေးလဲ ဟင် ။ဘယ်အရွယ်ရှိပလဲ"
“အင်းလေ..သားတွေကတော့  နှမလေးတယောက် ကောက်ရတယ်ဆိုပြီး ပျော်နေကြမှာပါ..  “
ဟု တွေးတွေးငေးငေး လေးလေးပင်ပင် စကားဆိုလျှက်။
(၄)
မသွယ်မ၀ိုင်း ဖြူနုနုမျက်နှာဝယ် မျက်ခွန်မို့ မို့ အစ်အစ် ပါးဖေါင်းဖေါင်း နီရဲရဲနှင့် လက်ခါနေသည့် မျက်ဝန်းတစုံတို့ ကို  ဖြည့်စွက် ပိုင်ဆိုင်ထားသည့် နန်းမို့ မှာ နှာတံကမူ ပေါ်လွင်ထင်ရှားခြင်းမရှိ။ခပ်ပြေပြေ။ မမျှော်လင့်ပါပဲ  တမာရနံ့ ကို ရှူရှိုက်ရသည်တွင် ချယ်ရီပန်းတို့ ၏ သင်းပျံ့ ချိုအီသည့်ရနံ့ ကို လွမ်းတနေရှာသည်။ ”ဖေဖေ” ဆိုသည့်လူကို မြင်တွေ့ ခဲ့ဖူးသော်လည်း ရင်းနှီးကျွမ်းဝင်မှု မရှိ။ ယခု ဖေဖေဆိုသည့်လူနောက်ကို လိုက်ခဲ့ရသည်။
ဆုံးစမရှိ ကျယ်ဝန်းပြန့်ပြောလှသည့် ခရမ်းပြာကောင်းကင် အောက်ဝယ် ပြေးရင်း လွှားရင်း ခူးဆွတ်စားသုံးနိုင်သည့် စထရော်ဘယ်ရီသီးနီနီအခင်းကလေးများ ခု ဘယ်မှာလဲ မေးရတော့မည်။
နန်းမို့ ကျွမ်းဝင်ခဲ့သည့် အရာခပ်သိမ်း ဘယ်မှာပျောက်ဆုံးကုန်ပါလိမ့်။
ကောက်ခါ ငင်ကာ ရလာသည့် နှမကလေးကိုမူကိုကိုကျော်ရော  ကိုကိုဇော်ပါ ချစ်ကြပါ၏။ကျောင်းနေရတော့ သူငယ်ချင်းတွေ ရလာသဖြင့် ပျော်ရသည်။တခါတရံတော့လည်း အရပ်ထဲက ခလေးတွေအချင်းချင်း  လှည်းလမ်းကြောင်းက ကောက်ရလာတာ ဟု ပြောဆိုတာ ခံရသည်။ တခါတရံ ခေါက်ဆွဲရောင်းတဲ့ တရုပ်အရှင်းမကြီးသမီးသနားလို့  လို့ ယူမွေးစားထားတာ ဟုလည်း အပြောခံရသည်။
 သည်လိုနှင့် စည်းစံနစ်ကြီးလွန်းသောမိဘအကိုများကြားဝယ် နန်းမို့  မှသည် အင်နီမြင့်ထွန်း ။ ၄င်းမှ မြကေခိုင် အဖြစ် အဆင့်ဆင့် ပြောင်းလဲလှုပ်ရှားရင်း တဖြည်းဖြည်း ရှင်သန်ဖွံ့ ဖြိုးလာရာမှ သတ္တမတန်းကျောင်းသူ တဦးဘ၀ကို ဆက်စပ်ကောက်ယူ ကြည့်လိုက်လျှင်…
(၅)
လွန်မင်းသြ၀ါ၊မကြည်သာအောင်၊စာနာမချင့်၊
အာဏာဆင့်က၊မသင့်မတရား၊ယွင်းဖေါက်ပြားလျှက်၊
နှစ်ပါးမိဘ၊ကျေးဇူးပသား၊ဘ၀ရှောင်ဖဲ၊ကွဲကြီးကွဲလိမ့်၊
အမြဲ စောင့်လျင်း၊ထန်မပြင်းသည်၊ ဖြည်းညှင်းသာပျောင်း၊ နူးညံ့ကြောင်း။
(ဓီတာရောဝါဒပျို့ ..ဆရာတော်ဦးလှဲ့ )
၁၉၅၄ခုနှစ် ဒီဇင်္ဘာလ ၂၄ရက်
ညသည် နှင်းမှုံအောက်ဝယ် ရီဝေေ၀ အေးစိမ့်စိမ့်ရှိလှသည်။ကျွန်မတို့ အားလုံး ချမ်းတုန်နေသော်လည်း ဆောင်းဒါဏ်ကို ကြံ့ ကြံ့ခံနေနိုင်ကြသည်။ carol song အဆိုမပျက်ခဲ့။
“ဒီအိမ်ပေါ်မှာ ..ကောင်းချီးမင်္ဂလာ ..ရောက်ပါစေ..ရောက်ပါစေ.. ဒီအိမ်ပေါ်မှာ  ကောင်းခြင်းမင်္ဂလာ ရောက်ပါစေ  ရောက်ပါစေ…ဒီအိမ်ပေါ်မှာ  ကောင်းခြင်းမင်္ဂလာ  ဒီအိမ်ပေါ်မှာ ကောင်းခြင်း .မင်္ဂလာ  ရောက်ပါစေ..ရောက်ပါစေ. “
ကျွန်မတို့ သံပြိုင်ညီညာ သီဆိုလိုက်သည့် ဓမ္မတေးသံများသည် တိတ်ဆိတ်သော ညာဥ့်ဦးယံကိုထွင်းဖေါက်၍ ဟို မိုးကောင်းကင်အထက်သို့  ပျံ့ လွင့်တက်ရောက်သွားပေလိမ့်မည်။
ကိုကိုကျော်သည် ရန်ကုန်တက္ကသိုလ်မှ BA ဘွဲ့ ယူအပြီး အစိုးရ အထက်တန်းကျောင်း တခုတွင် အထက်တန်းပြဆရာဖြစ်လာသည်။ကိုကိုဇော်ကမူ ထိုကျောင်းမှာပင် မက်ထရစ်စာမေးပွဲဖြေဆိုရန်ကျောင်းတက်နေဆဲဖြစ်သည်။ ကျွန်မကမူ Wesley  ခရစ်ယာန်သာသနာပြုကျောင်းတွင် သတ္တမတန်းကျောင်းသူအဖြစ် ရှိနေဆဲဖြစ်ပါသည်။ပျော်ရွှင်ဖွယ် ခရစ္စမတ်ညများကို ဆရာမများ သူငယ်ချင်းများနှင့်အတူ ဖြတ်သန်းခဲ့ရသည်မှာ မမေ့ရက်နိုင်စရာပါဘဲ။ ယခုလည်း မိတ်ဆွေတဦး၏အိမ်တွင် “Xmas”ဟု သံပြိုင်အော်လိုက်ကြသည်။ ထိုစဉ် ..ကျွန်မလက်ကို တစုံတယောက်က ဆောင့်ဆွဲလိုက်သည်နှင့်ကြုံရသည်။ကြည့်လိုက်တော့..ကိုကိုကျော်..
မီးဝင်းဝင်းတောက်နေသည့် မျက်လုံးများဖြင့် ကျွနိမကို စိုက်ကြည့်နေသည်။
“လာခဲ့ ပြန်မယ် “
တုံးတိတိ ဘောက်ဆပ်ဆပ် သူပြောသည်။
ကျွန်မကို ဆွဲခေါ်သွားတော့  အပြစ်ပြုမိသူပမာ ကျွန်မရှက်ရှက်နှင့် သူ့ နောက်မှ ပါသွားခဲ့သည်။
ငယ်ငယ်က ကျွန်မကို ချစ်ခဲ့ပါလျက်  အရွယ်ကလေးရလာသည်နှင့် ဆက်ဆံရေးပြောင်းလဲ သွားသည်။ ခြင်္သေ့တကောင်လို တွေ့ သည်နှင့် ဟိန်းဟောက်တော့တာပဲ။ မုန်းစရာကြီး။
“ဖေဖေ့သမီးကို ဖေဖေချစ်ရင် ဒီကျောင်းမှာ မထားပါနဲ့၊ ကျွန်တော် နည်းနည်းမှ ကြည့်မရဘူး"တဲ့။ အကိုကြီး အဘအရာမို့ အငယ်များကအလေးထား အရိုအသေပေးရတာ ကြောက်ရွံ့ ကြရတာ မှန်ပါသည်။ ဘာဘဲဖြစ်ဖြစ်  ကျွန်မကတော့ အနိုင်ကျင့်သည်လို့ ဘဲ မြင်သည်။
ကြီးနိုင်ငယ်ညှင်းဝါဒ လွှမ်းမိုးလာလျှင် လောက၏ အလှသစ္စာတရား ဆိတ်သုဉ်းပျောက်ကွယ်သွားနိုင်သည်။ထိုအရာကို တားဆီးပေးပါလို့  ကျွန်မ ခရစ်တော်ထံ အသေအချာ ဆုတောင်းပါမည်။ ကျွန်မအိပ်ပျော်သွားစဉ် အိမ်မက်ဆိုးများက ခြောက်လှန့် လာသည်။ ဖေဖေဆိုသည့် လူကြီးက လိုက်ဖမ်းသဖြင့် အူယားဖါးယား ထွက်ပြေးသည်တွင် ထင်းရူးရွက်ခြောက်များပေါ် ချော်လဲသည် တဲ့။
“ဟင့်အင်း  ဟင့်အင်း  မလိုက်ဘူး “  ညင်းရင်း ရုံးရင်း ဖေဖေဆွဲခေါ်ရာ တရွတ်တိုက် ပါသွားရင်း
အဖွားနန်းဖေါင်ရေ..လို့  တစာစာ အော်မိသည်။
(၆)
၁၉၅၅ခုနှစ် မေလ ၅ရက်နေ့ 
“မီးသတ်ကျင့်ဝတ် အင်္ဂါ ဆယ်ပါး ထင်ရှား ပြခဲ့ မည်… စည်းကမ်းသေ၀ပ်ခြင်း အရင်းပြုမည် …။ ကြောက်စိတ်လဲ ကင်းရမည် ..ရဲရင့်ခြင်း ..ဧကန်လိုပါသည်..။ အများအမှုမှာ..တရားရှုခါ  သနားဂရုဏာ ပိုပါမည်..ယဉ်ယဉ် ကျေးကျေး  လွန် သိမ်မွေ့ ရမည်..တည်ကြည် ရိုးသားရမည် .
လျင်မြန် ဖြတ်လတ်ရ မည်  ၀တ္တရားကျေပြွန် မှန်ရာ ကိုတည်  သစ္စာတရားနှင့် ညီညွှတ်ခြင်.း.ကျန်းမာခြင်း နှင့် အတည်…။  “
တူညီဝတ်စုံများဖြင့် အင်အားပြ ချီတက်လာသော မီးသတ်ရဲဘေါ်များက သွက်လက် မြူးကြွလို့  နေသည်။ သံပြိုင်ကျူးရင့် သီဆိုလိုက်သည့် တေးသံနှင့်အတူ ဘင်ခရာ တီးဝိုင်းကပါ လက်စွမ်းပြ တီးခတ်လာသဖြင့် ပိုမို စိုပြေနေတော့သည်။နှစ်ယောက်တတွဲ စီတန်းလှည့်လည်လာပုံညီညာလှသမို့  စစ်ရေးပြ အခန်းအနားတခုလို ရှုမညီးနိုင်စရာပါ။
သူတို့ တတွေ ခေတ္တ တန်းဖြုတ်အနားယူသည်။ လမ်းဘေးနီးရာအိမ်အတွင်းဝင်ရောက်ခိုနားကြစဉ် အိမ်ရှင်များကလည်း အဖျော်ယမကာ များတိုက်ကြွေးဧည့်ခံကြသည်။ကျွန်မတို့ မိသားစုမှလည်း လိမ္မော်ချိုချဉ်ကလေးများနှင့်အတူ ငွေရေဖလားနှင့် ရေကြည်ချမ်းမြ ကမ်းပေးကြပါ၏။
“ ကျေးဇူးတင်ပါတယ် ညီမလေးရယ် .ရင်ထဲကို  အေးသွားတာပဲ“ တဲ့။
 ကျွန်မ ကမ်းပေးသည့် ရေကို သောက်သုံးခဲ့သည့် ရဲဘော်တဦးက ထူးထူးခြားခြား စကားဆိုသည်။
အပြုံးကလေး ဖေါဖေါသီသီနှင့် တည်တည်ကြည်ကြည် စကားဆိုသူကို  ကျွန်မ မော့ကြည့်မိ၏။ သူ့ အကြည့်စူးစူးက ကျွန်မတကိုယ်လုံးကို ပူထူရှိန်းမြသွားစေသည်။ယဉ်ကျေးသိမ်မွေ့ စွာ ပြန်လည်ကမ်းပေးလာသော ငွေဖလားကို ယူရင်း ကျွန်မဆီက လှစ်ကနဲ ကြွေကျသွားသည့် အပြုံးပန်းတပွင့်ကို သူရသွားသည်။
သူ့ မျက်နှာကို ကျွန်မမကြည့်ရဲတော့ပါ။ခေါင်းကလေးအမြန်ငုံ့  ပစ်လိုက်သည်။
ကြည်သာရွှင်ပျဟန်ရှိသည့် သူ့ မျက်လုံးများက လည်း ကျွန်မအား အသေအချာ ဖမ်းစားခဲ့ပြီထင့်။
“ မြင်မြင်ချင်းပင် ဘာ့ကြောင့်များ ချစ်ချင်တယ် ဘ၀ဟောင်းက ပျို့  ဆုတောင်းကြောင့်ထင်တယ်  “  လို့  တင်တင်အေးက ဆိုသည်။ ကျွန်မ သူ့ ကို မြင်မြင်ချင်း ချစ်ခဲ့မိပြီလား။
ဒီည ကျွန်မရင်ထဲက နေ ကဗျာ အပိုင်းအစကလေးတခု ခုန်ထွက်သွားသည်။
ပီတိ
 ချစ်သူ့ မျက်နှာ ပြုံးကြည်သာကို ၊
မြင်လာခဏ  သောကာလ၀ယ်၊
ရင်မှအသိ ဂွမ်းဆီထိသို့  ၊
ပီတိလှိုင်းကလေး ဖြာသွားတယ်။
သတ္တမတန်းကို ဖြေဆိုအောင်မြင်ပြီးနောက် ကျွန်မအား ကျောင်းနှုတ်လိုက်တော့သည်။မိန်းခလေးမို့  တော်သင့်ပြီ  တဲ့။
ကိုကိုကျော်က ကျောင်းနာမည် “အင်နီမြင့်ထွန်း” အစား” မြကေခိုင် “ဟု နာမည်သစ်မှည့်ခေါ်လိုက်၏။ဗုဒ္မဘာသာ မြန်မာမိန်းကလေးပြီပြီ ပြုမူနေထိုင်ရန် ညွှန်ပြ သွန်သင်ပါသည်။ ဆရာဇုံ အမည်ရှိ စောင်းဆရာကြီးတဦးနှင့်လည်း ပင့်ဖိတ်၍ မြန်မာ့ရိုးရာ တေးသီချင်းပတ်ပျိုးများ ကို စောင်းဖြင့် တွဲဘက်သီဆိုတီးခတ်နိုင်ဖို့  သင်ယူ လေ့ကျင့်စေပါသည်။ စောင်းတီးခတ်ရာတွင် လက်အပြေးလှဖို့  လိုသည်။ လက်အနေအထားမှန်ဖို့  လိုသည်။ တဲ့။ ဆရာကြီးက ကျကျနနသင်သည်။လက်ချောင်းကလေးများသည် လိပ်ပြာလေးတကောင်ဝဲပျံသလို ထက်အောက်စုန်ချီ ဆန်ချီ ကူးသန်းပြေးလွှားနေရမည် တဲ့။ လက်ညိုး လက်မထိပ်ဖျားလေးနှင့်သာ အသာအယာ တို့ ခတ် ကစားသွားတတ်ဖို့ လည်းလိုသည်။
ပထမတွင် ကိုးယိုကားယားနိုင်လှသော ကျွန်မ၏ လက်ချောင်းများကိုကြည့်ပြီးစိတ်ပျက်မိ၏။ရယ်လည်း ရယ်ချင်သည်။ သို့ ရာတွင် စောင်းကြိုးကို ဘယ်လိုဘဲ ထိထိ  ထိသည်နှင့် ထွက်ပေါ်လာသော အသံ သာမှုတွင် ကျွန်မစိတ်ဝင်စားသည်။စိတ်ရှည် သည်းခံပြီးခက်ခက်ခဲခဲ လေ့ကျင့်သည့်အခါလက်မရော လက်ညှိုးရော အထိမခံနိုင်တော့ချေ။တခြားလက်ချောင်း အစားထိုးပြောင်းသုံး ပြောင်းသောလက် နာပြန်တော့ လက်မလက်ညှိုး ပြန်သုံး ဒီလိုနှင့် လက်တွေ ကျင့်သားရ ပြီး နောက်ပိုင့်း  မနာတော့။လက်အပြေးလည်းမှန်လာသည်။ ဒီတော့မှ တံတျာ၊ သီတာ၊ သာယာ၊ ဝေဘာ စသည် တဆင့်ပြီးတဆင့် တက်စေသည်။ ကျန်အားလပ်ချိန်များတွင် အိမ်တွင်းပိဋကတ်တိုက် (စာအုပ်ဗီရို) မှ ဗုဒ္မဘာသာကျမ်းစာအုပ်များ လယ်တီ ဒီပနီများ။ ဇတ်ကြီးဆယ်ဘွဲ့ များ၊လယ်တီ ပဏ္ဍိတ ဦးမောင်ကြီးစာအုပ်များ၊ဓမ္မပဒနှင့် မိလိဥ္ဒအမေးအဖြေများစသည် ဘာသာရေးစာအုပ် တော်တော်များများ လေ့လာဖတ်ရှုနိုင်ပါသည်။
ကိုကိုကျော်ကလည်း တိုင်းပြည်ပြု စာကြည့်တိုက်ထူထောင်မည်ဟု စာအုပ်များစုဆောင်းနေရာ ဒဂုန်မဂ္ဂဇင်းများ။နဂါးနီတိုက်ထုတ်နိုင်ငံရေး စာအုပ်များ  သွေးသောက် ရှုမ၀ ဗြိတိသျှဘားမားနှင့် အေ၀မ်းထုတ် ရုပ်ရှင်စာစောင်များ။ တိုးတက်ရေး ကြီးပွားရေးနှင့် အခြားသတင်းစာ တော်တော်များများ ဖတ်ရှုရပါသည်။ ထိုခေတ်ဝတ္ထုစာအုပ်များဖြစ်သည့် ပန်းသာမစာအု၊ အမေလေး၊ ဒေါက်တာရေချမ်း၊ ရူပနန္ဒီ၊ ရူပကလျာဏီ၊  စာဆိုတော် ၊စစ်ထွက်သူ  ပွန်ပေမြို့၏ နောက်ဆုံးနေ့ ။ သူရဲကောင်းသုံးယောက်၊ ခါးကုန်းကြီး စသည် စစ်ကြိုခေတ် စစ်ပြီးခေတ် ဘာသာပြန်  ၀တ္ထုစာအုပ်များ အတော်ကို စုံလင်လှပါသည်။
ဖေဖေက ကျွန်မကို ရွှေဆိုင်ထိုင်ခိုင်းသော်လည်း ကျွန်မကမူ ခြင်္သေ့လေးကောင်ခံ နဂါးနှစ်ကောင် ၀န်းရံသော ကျောက်ဖြူသား ဗုဒ္မရုပ်ပွားတော်မြတ် ကိန်းဝပ်ရာ စာအုပ်ဗီရို ကလေးကိုသာ သဲကြီး မဲ ကြီး မွှေနှောက် နေမိတော့သည်။
“နိစ္စကမ္မ၊ သဗ္ဗဒနှင့် ကိစ္စပြီးပြေ၊ ရှိတုံချေမူ၊
စာပေကျမ်းဂန်၊အတန်တန်ကို ၊ ဖန်ဖန်ဖွေရှာ၊
သင့်လျော်ရာသာ၊ဓမ္မာရဿ၊
 သောက်သုံးမှတည့်၊  “..
ဟု ရှေးက စာ ရှိသည်မဟုတ်ပါလား။
ထိုဘာသာရေးစာအုပ်တို့ ၏အနှောင့်တွင် ကျွန်မတို့ မိသားစု၏နာမည်များကို ရွှေစာလုံးဖြင့် ထွင်းထု ရိုက်နှပ်ထားသဖြင့် ကြက်သရေရှိသည်ဟု ၀မ်းသာပီတိဖြစ်မိသည်။ ထိုစာအုပ်များကို ကိုင်တွယ်ထိတွေ ခွင့်ရသဖြင့် မိဘများကို ကျေးဇူးတင်ရပါ၏။ “မှတ်ဖွယ်မှတ်ရာ ၊ ထိုထိုစာကို၊ ရှုကာမပြတ်၊ အိမ်တွင်ဖတ်..”ဆိုသည့်အတိုင်း ကျွန်မသည် စာဆို န၀ဒေး၊ နတ်သျှင်နောင်ဆို ရတုများအစ..ရှင်မဟာရဌသာရနှင့် ဦးပုည မမြကလေး၊ လှိုင်မင်းသမီး အဆုံး ပျို့ ကဗျာ လင်္ကာ အားလုံး လက်လှမ်းမှီသရွေ့ ဖတ်သည် မှတ်သည် ဆိုပါစို့ ။ အလယ်တန်းကျောင်းသူဘ၀မှာလည်း သပြေညိုနှင့် အခြားကဗျာများ။ ကဗျာ့ပန်းကုံး စသည် သင်ကြားခဲ့ရပြီးမဟုတ်လား။
ပြင်ပလောကနှင့် ထိတွေ့ ဆက်စပ်မှုမရှိ သိုသိပ်စွာ နေခဲ့ရပါသော်လည်း
“ စာပေ၀တ္ထု၊ ရတုကဗျာ၊ သာသည့် သီချင်း၊
 အဲစောင်းညှင်း၍။မကင်းမပြတ်၊
 ရွတ်ဖတ်လျက်သာ၊ နေကောင်းစွာ …”တဲ့။ ကင်းဝန်မင်းကြီးဆိုသည့်အတိုင်း စာပေဂီတနှင့် ကျွန်မ ပျော်ပျော်ကြီးကို နေခဲ့ရပါသည်။ လို့  ဆိုရမှာပါ။ ဒါပေမဲ့ တခါတရံ ကျောင်းနေဖေါ်နေဖက် သူငယ်ချင်း များနှင့် ပျော်ပျော်ရွှင်ရွှင် ကျောင်းသွားချင်သည့်စိတ်ကိုလည်းမဖျောက်ဖျက်နိုင်ခဲ့ပါ ရှင်။
(၇)
ဆောင်းနှင်းပွင့်လေးများပျက်ပြယ်လွင့်ပါးခြင်းမရှိသေးမီ  တနေ့ ။
အအေးဓါတ်ကလေး လွှမ်းပတ်ခြုံသိုင်းထားစဉ်ကာလ။ နေခြည်ဖြာနု နွေးထွေးဆဲ နံနက်ခင်းကလေးတခုတွင် ကျွန်မ စိတ်လိုလက်ရ သနပ်ခါးပါးကွက်ကြားနှင့် ဆောင်းသဇင်တွေ တခေါင်းလုံးဝေနေအောင်ပန်မိသည်။
ကျွန်မတယောက်တည်း ဖေဖေ့ရွှေဆိုင်တွင် ထိုင်နေစဉ်
“ကိုကျော် ရှိလား ခင်ဗျ “တဲ့။ မေးမေးပြောပြော ၀င်ချလာသူက..” သူ “ ။
အော်..ဟင့်အင်း၊ ဟုတ်ကဲ့  မရှိပါဘူးရှင့် “
“ဒီမှာ..ညီမလေးဖတ်ဖို့ စာတစောင်ထားခဲ့ပီ သွားမယ်နော်။ “တဲ့။
ပြောပြောဆိုဆို တချိုးတည်း လစ်ပြေးသူက မီးသတ်အခန်းအနားပွဲနေ့ က စစ်ရေးပြ လှုပ်ရှားခဲ့သူ။
ကျွန်မကမ်းပေးတဲ့ ငွေရေဖလားလေးထဲက ရေကို တ၀ကြီးသောက်ခဲ့သူ။မီးသတ်ရဲဘော်လေးပါပဲ။
အော် ..ကျွန်မအံ့သြမိပါရဲ့ ။ရှက်ပြုံးလေးလဲ ပြုံးမိပါရဲ့ ။ဘယ်သူမှ မမြင်နိုင်ခင် စားပွဲပေါ်ချပြစ်ထားခဲ့သည့် စာကလေးကို ကောက်ယူသိုဝှက်လိုက်သည်။ ညဖေဖေတို့ဘုရားဝတ်ပြုအပြီး အိပ်ယာဝင်သွားမှ တိတ်တခိုးဖွင့်ဖတ်ရသည်။
ကျွန်မရင်တွေ ခုန်နေပြီ..။
“ချစ်ညီမလေး..”
မိဘအကိုတွေကြားက ယက္ခုကုမ္ဘာန် ၀န်းရံ စောင့်ကြပ်ထားတဲ့ နတ်ပန်းမဉ္ဇူလေလားကွယ်။
ကိုကိုလေ ခိုင့်ကို တန်ဘိုးထား မြတ်နိုးစွာ ချစ်မိနေပြီ။ ဒါပေမဲ့  ခိုင်ငယ်သေးတယ်။
စာဆို န၀ဒေးဟာ ရှင်နှောင်းကလေးကို ချစ်စကားမဆိုရက်ရှာဘူး။ချစ်ပန်းဖူးပွင့်လာမဲ့ရက်ကိုစောင့်ခဲ့ရတာ အမော တဲ့။
ကိုကိုလဲ န၀ဒေးလိုများဖြစ်နေမလား။အင်းလေ ..ကိုကို့ မှာတော့..ချစ်မေတ္တာကို၊ ရင်မှာသိုဝှက် ၊ အသိမ်းခက်ပြီး ၊ဖျောက်ဖျက်လို့ လဲ မရနိုင်တော့ပါ ညီမလေးရယ်..။
မျှော်လင့်ကြီးစွာဖြင့်…
ချစ်တဲ့ကိုကို
“ခိုင်" တဲ့။
“ချစ်တဲ့ကိုကို”. တဲ့
ကိုကိုရယ် …ဒီည ခိုင့်ရင်ထဲမှာလည်း
ကဗျာလေးတပုဒ် တိတ်တခိုး သီကုံးနေမိသည်။
မဆန်းလား။ ကဗျာလေးက..
ရင်ခုန်အကြည့်
“မျက်လုံးချင်းဆုံ၊ ရင်ခုန်တဲ့ ဒီအကြည့်၊
ချစ်ခွန်းချွေ ဖွဲ့ သီကျူးသည်သို့ ၊
ထူးလှပါဘိ"  တဲ့။
(ဆက်ရန်)
0 comments:
Post a Comment