Monday, June 4, 2012

ထူးထူးခြားခြားအဆောက်အဦးတွေနဲ့အတူ

ပေါ်တူဂီနိုင်ငံ၊ လစ်စ်ဘွန်းမြို့က စပိန်ဗိသုကာပညာရှင် Santiago Calatrava ရဲ့
ပိုစ့်မော်ဒန်ဒီဇိုင်း ပင်မမီးရထားဘူတာရုံ
ဗိသုကာပညာရပ်ဆိုတာဟာ အဆာက်အဦးဒီဇိုင်းအပြင်အဆင်နဲ့တည်ဆောက်မှုမှာ အနုပညာနဲ့ သိပ္ပံပညာရောယှက်ဖန်တီးတဲ့ ပညာရပ်ပါပဲ။ ဗိသုကာပညာရပ်နဲ့ပတ်သက်ပြီး ဘီစီ ၁ရာစုမှာ ရောမစာရေးဆရာ၊ ဗိသုကာပညာရှင်၊ အင်ဂျင်နီယာကြီး ဗီထရူးဗီးယပ်စ်က De architectura(On architecture) ဆိုတဲ့ စာအုပ်ကို အစောဆုံးရေးသားထုတ်ဝေခဲ့ပါတယ်။ ရောမခေတ်ဗိသုကာပညာအကြောင်းရေးသားထားတဲ့ On architecture စာအုပ်မှာ ၁၀အုပ်ပါဝင်တယ်။ စာအုပ် ၁. မြို့ရွာတည်ဆောက်ရေးစီမံကိန်း၊ ဗိသုကာပညာရပ်နဲ့ မြို့ပြအင်ဂျင်နီယာဘာသာရပ်အထွေထွေ၊ ဗိသုကာတစ်ဦး သို့မဟုတ် ပိုပြီး ခေတ်မှီတဲ့မြို့ပြအင်ဂျင်နီယာလိုအပ်တဲ့အရည်အချင်းများ။ စာအုပ် ၂. အဆောက်အဦးပစ္စည်းများ။ စာအုပ် ၃. ဘုရားကျောင်းများနှင့် ဗိသုကာစတိုင်၊ စာအုပ် ၄. စာအုပ် ၃ ၏ အဆက်၊ စာအုပ် ၅. မြို့ပြအဆောက်အဦးများ၊ စာအုပ် ၆. ကျေးလက်အဆောက်အဦးများ၊ စာအုပ် ၇. တမံတလင်းကြမ်းခြင်းနှင့် ပလာစတာအုပ်အချောကိုင်အလှဆင်ခြင်း၊ စာအုပ် ၈.  ရေပေးဝေရေးစနစ်နှင့်ရေသွယ်တံတားများ၊ စာအုပ် ၉. သိပ္ပံပညာလွှမ်းမိုးသည့်ဗိသုကာပညာ(ဂျီသြမေတြီပညာ၊ တိုင်းတာခြင်း၊ နက္ခတ္တဗေဒ၊ နေနာရီ) နှင့် စာအုပ် ၁၀. ရောမစစ်သား၊ ရေဒဟတ်၊ ရောမနည်းပညာ စသဖြင့် အပိုင်းလိုက်ရေးသားခဲ့ပါတယ်။ ဗီထရူးဗီးယပ်စ်ရဲ့ စာအုပ်ထဲမှာ ကောင်းမွန်တဲ့အဆောက်အဦးတစ်ခုဟာ အခြေခံအချက်သုံးချက်မှာ စိတ်ကျေနပ်လောက်အောင် ပြည့်စုံရမယ်လို့ ဆိုထားတယ်။ ကြာရှည်ခိုင်ခံ့မှု - အခိုင်အမာဆောက်ထားပြီး အချိန်ကာလရှည်ကြာတဲ့အထိ ကောင်းမွန်တဲ့အခြေအနေ ရှိနေရမယ်။ အသုံးဝင်မှု - ပြည်သူပြည်သားတွေအတွက် လုပ်ငန်းကိုင်ငန်းကောင်းမွန်စွာ လုပ်ကိုင်အသုံးပြုနိုင်ရမယ်။ လှပတင့်တယ်မှု - လူတွေကို စိတ်နှလုံးကြည်နူးစေပြီး ၀မ်းမြောက်ပျော်ရွှင်စေရမယ်။ အဲဒီအချက်တွေနဲ့ ပြည့်စုံမှသာ အဆောက်အဦးကောင်းတစ်ခုဖြစ်မယ်လို့ ရေးထားပါတယ်။
အဆောက်အဦးတွေက ပြောတဲ့ နိုင်ငံသမိုင်းဆိုတာ အင်မတန်သိသာထင်ရှားစေပါတယ်။ အီတလီဗိသုကာပညာရှင် Filippo Brunelleschi ဆောက်လုပ်ခဲ့တဲ့ အီတလီနိုင်ငံ ဖလောရန့်စ်မြို့လေးက ဖလောရန်စ်ဘုရားကျောင်းရဲ့ အမိုးခုံးတည်ဆောက်ထားပုံဟာ ထူးခြားတာကြောင့် ဖလောရန့်စ်မြို့ကို လူသိများစေခဲ့တယ်။ ဗိသုကာပညာရပ်၏ စနစ်ကျနခိုင်ခံ့မှုကို လူတွေအံ့သြချီးမွန်းကြပါတယ်။
 ဂရိနိုင်ငံ အေသင်မြို့က ဂရိဘုရားကျောင်း The Parthenon ဟာ ၄၄၇ ဘီစီမှာ စတင်ဆောက်လုပ်ခဲ့ပြီး ၁၆၈၇မှာ တစ်စိတ်တစ်ပိုင်းပြိုကျပျက်စီးခဲ့ပေမယ့် ဒီနေ့ထက်တိုင် ကမ္ဘာလှည့်ခရီးသည်တွေ အမြောက်အများ သွားရောက်ကြည့်ရှုနိုင်ကြဆဲပါ။

မော်ဒန်ဗိသုကာပညာရပ်ထဲမှာဆိုရင် ၁၉၆၀မှာတည်ဆောက်ခဲ့တဲ့ ဘရာဇီးဗိသုကာပညာရှင် Oscar Niemeyer ရဲ့ ဒီဇိုင်းဖြစ်တဲ့ ဘရာဇီး အမျိုးသားညီလာခံအဆောက်အဦးဟာ မိုးမျှော်အဆောက်အဦးပုံစံဖြစ်ပြီး အဲဒီခေတ်က ခေတ်မှီဘရာဇီးစတိုင်လ်အဖြစ် လူသိများခဲ့ကြတယ်။ 

သြစတြေးလျမှာဆိုရင်လည်း ဒိန်းမတ်ဗိသုကာပညာရှင်Jørn Utzonရဲ့ ဒီဇိုင်း Sydeny Opera House ဟာလည်း သြစတြေးလျရဲ့ ဂုဏ်ဆောင်အဆောက်အဦးအဖြစ် ကမ္ဘာက သတ်မှတ်ခဲ့ကြပါတယ်။ 
နော်ဝေးနိုင်ငံရဲ့ တိုင်းရင်းသားရိုးရာဗိသုကာပညာရပ်နှင့် တည်ဆောက်ခဲ့ကြတဲ့ ကျေးလက်အဆောက်အဦးတွေကိုလည်း ဒီနေ့ခေတ်လူတွေ စိတ်ဝင်တစား သွားရောက်ကြည့်ရှုကြတယ်။ 
 ရှေးကျတဲ့ ဗိသုကာပညာရပ်မှာ အီဂျစ်နိုင်ငံက ပိရမစ်တွေဟာ အင်မတန်ထူးခြားလှပါတယ်။ 
အရှေ့တိုင်းဗိသုကာပညာမှာဆိုရင် အိန္ဒိယနိုင်ငံက ဗိသုကာပညာရှင် Ustad Ahmad Lahauri ရဲ့ ဒီဇိုင်း တပ်ဂ်ျမဟာဂူဗိမာန်ဟာ ပါရှန်း၊ တူရကီနဲ့ အိန္ဒိယဗိသုကာပညာရပ်တွေ ရောနှောပေါင်းစပ်ထားတဲ့ Mughal ဗိသုကာပညာရပ်မျိုးဖြစ်ပြီး တပ်ဂ်ျမဟာရဲ့ သမိုင်းကြောင့်လည်း ခရီးသွားတွေကို ဆွဲဆောင်နိုင်ခဲ့တဲ့ ထူးခြားတဲ့အဆောက်အဦးဖြစ်ခဲ့ပါတယ်။ ပေါ်တူဂီနိုင်ငံ၊ လစ်စ်ဘွန်းမြို့မှာဆိုရင် စပိန်ဗိသုကာပညာရှင် Santiago Calatrava ရဲ့ ပိုစ့်မော်ဒန်ဒီဇိုင်း ပင်မမီးရထားဘူတာရုံဟာ အင်မတန်မျက်စိပသာဒရှိလှတဲ့ဒီဇိုင်းအဖြစ် လူသိများလှတယ်။ ထူးခြားလှပတဲ့ အဆောက်အဦးတွေဟာ နိုင်ငံရဲ့ ဂုဏ်ကို တိုးမြင့်စေပြီး ခရီးသွားတွေကိုလည်း ဆွဲဆောင်နိုင်တာမို့ တိုးတက်ခေတ်မှီတဲ့နိုင်ငံတော်တည်ဆောက်မှုမှာ ရှေးဟောင်းဗိသုကာလက်ရာတွေကို မပျောက်ပျက်အောင် ထိန်းသိမ်းသင့်သလို၊ မော်ဒန်၊ ပိုစ့်မော်ဒန်၊ မိုးမျှော်အဆောက်အဦးတွေ ထူးခြားဆန်းပြားတဲ့ ဒီဇိုင်းဗိသုကာလက်ရာတွေလည်း လိုအပ်ပါတယ်။

ခန့်ညားထည်ဝါတဲ့ ဗိသုကာပညာရပ်နဲ့ လူတွေရဲ့ စိတ်နှလုံးကို ထိန်းချုပ်ညှို့ငင်ထားနိုင်မှုဟာ အသုံးဝင်သလို တစ်ခါတစ်ရံမှာလည်း ပေါ့ပေါ့ပါးပါး စိတ်ကြည်နူးပျော်ရွှင်စေနိုင်တဲ့ အဆောက်အဦးလေးတွေကလည်း လိုအပ်တာပါပဲ။

မိသားစုတွေအပမ်းဖြေခရီးထွက်ကြတဲ့အခါ ကလေးငယ်တွေရဲ့ တခစ်ခစ်ရယ်မောသံလေးတွေကို ပေါ်ထွက်လာနိုင်စေမယ့် အဆောက်အဦးလေးတွေပါ။
၁. Alps တောင်တန်းတစ်နေရာက ဆန်းကြယ်တဲ့ အိမ်လေးပေါ့။

၂. ရယ်စရာကောင်းတဲ့ စားသောက်ဆိုင်လေး။
ကရစ်ဘီယန်ပင်လယ်တောင်ဘက်ပိုင်းက Aruba ဆိုတဲ့ကျွန်းမှာရှိတဲ့ စားသောက်ဆိုင်ရဲ့ ခေါင်မိုးပေါ်မှာ ဒိုင်နိုဆောတွေ ကားတွေပြည့်နေတာပါပဲ။

၃. ကနေဒါနိုင်ငံက လွတ်လပ်ဝိညာဉ်ဆိုတဲ့အိမ်လေးတွေဟာ ရုတ်တရက်ကြည့်လိုက်ရင် မျက်လုံးပုံစံလေးတွေလိုပါပဲ။ သစ်သားနဲ့ပြုလုပ်ထားပြီး သစ်ပင်တွေ တစ်ကျောက်ကမ်းပါးစောက်တွေကနေ ကြိုးတွေနဲ့ ဆိုင်းထားတယ်။

၎. ဂျပန်နိုင်ငံက ငှက်ကြည့်အိမ်လေးတဲ့။
Ishigaki ကျွန်းက စိတ်ဝင်စားစရာပန်းခြံလေးထဲမှာ ငှက်ဥပုံစံ ငှက်ကြည့်မျှော်စင်လေးကနေကြည့်ရင် ကျယ်ပြောတဲ့ မြင်ကွင်းမြင်နိုင်ပါတယ်။

၅. ဖလော်ရီဒါ၊ အော်လန်ဒိုက မက်ဒေါ်နယ်စားသောက်ဆိုင်
သူတို့ရဲ့ ပေါ်ပြူလာအဖြစ်ဆုံး မီနူးဖြစ်တဲ့ အားလူးချောင်းကြော်ကို စက္ကူဗူးလေးထဲထည့်ထားတဲ့ ဒီဇိုင်းပုံနဲ့ မက်ဒေါ်နယ်ဆိုင်ပေါ့။

၆. ဖလော်ရီဒါ၊ အော်လန်ဒိုကပဲ ပြတိုက်တစ်ခု
သသာဝဘေးအန္တရာယ်ကျရောက်လို့ ပြတိုက်ဇောက်ထိုးမိုးမျှော်ဖြစ်နေတာမဟုတ်ပါဘူးတဲ့။

၇. ပိုလန်နိုင်ငံ Syzmbark ရွာလေးရဲ့ ဇောက်ထိုးအိမ်လေးတစ်လုံး
ပရဟိတအလှူရှင်၊ ဒီဇိုင်းနာ Daniel Czapiewski က ကမ္ဘာကြီးရဲ့ လက်ရှိကွန်မြူနစ်ဝါဒ အခြေအနေကို သရော်ချင်တဲ့သဘောနဲ့ တည်ဆောက်ခဲ့တာလို့ ဆိုတယ်။

၈. နယူးယောက်စတိတ်က စင်မြင့်အိမ်လေး
မှိုပွင့်အိမ်လို့လည်း လူသိများလှပါတယ်တဲ့။ Queen Anne's Lace ဆိုတဲ့ နူးညံ့တဲ့ပန်းတစ်မျိုးရဲ့ ပုံစံလို့လည်း ဆိုကြတယ်။

၉. တက္ကဆပ်ပြည်နယ် Houson က ဘီယာဘူးခွံအိမ်လေး။
တောင်ပိုင်းပစိဖိတ်ဒေသက အငြိမ်းစားဝန်ထမ်းတစ်ဦးဖြစ်တဲ့ John Milkovisch ဟာ ၁၈နှစ်ကြာ ဘီယာဘူးခွံတွေနဲ့ အိမ်ကို အလှဆင်နေခဲ့သတဲ့။ ဘီယားဘူးပေါင်း ၃၉၀၀၀ အသုံးပြုထားပါတယ်။

1 comment:

  1. လူကိုယ်တိုင်ပဲ သွားလည်ချင်လာတော့တယ်။ ;)

    ReplyDelete