Sunday, June 3, 2012

အနီရောင်အိမ်လေးထဲက နေ့သစ်တိုင်းမှာ

ရဲရဲနီ တောက်ပတဲ့အသွေးရှိတဲ့ “အနီ” ဟာ ရောင်စဉ်တွေအားလုံးလိုလိုနဲ့ ရောယှက်အလှဆင်လို့ အဆင်ပြေပါတယ်။ ဒါပေမဲ့ အနီရောင်နဲ့ အလှဆင်တဲ့အခါ လွန်ကဲမသွားစေဖို့ အရေးကြီးပါတယ်တဲ့။ အနီရောင်ဟာ စွဲလမ်းတပ်မက်မှု၊ ပြင်းပြတဲ့ချစ်ခြင်းမေတ္တာကို ဖော်ကျူးတဲ့အရောင်လို့ ဆိုကြတယ်။ တောက်ပပြီး လှပတဲ့ အနီသွေးရဲရဲအရောင်ကို အိမ်ခန်းတစ်ဝိုက် အလှဆင်ရမှာ လူတော်တော်များများကတော့ စိုးရွံ့တတ်ကြပါတယ်။ အနီရောင်လို အသွေးရင့်တဲ့အရောင်မျိုးဟာ နဂိုထဲက အမှောင်ကျနေတတ်တဲ့ အိမ်အတွင်းပိုင်းတွေ နေရာတွေမှာအသုံးပြုမယ်ဆိုရင် နည်းနည်းတော့ ထိတ်လန့်စရာဖြစ်သွားတတ်တယ်။ အနီရောင်ရဲ့ မူလပိုင်ဆိုင်ထားတဲ့ရသပြင်းပြင်းကို ကိုယ့်စိတ်ကြိုက်တွေ့သလို နေရာအနှံ့အပြား ခြယ်မှုန်းလိုက်မယ်ဆိုရင်တော့ ကိုယ့်ရဲ့အိမ်လေးဟာ ငြိမ်းချမ်းမှုနဲ့ ကင်းကွာသလိုဖြစ်သွားနိုင်တာကို သတိပြုရပါမယ်။ “အနီရောင်ဟာ ကြည်နူးရွှင်ပြမှုနဲ့ ပျော်ရွှင်မှုကနေ ဒေါသနဲ့ ရန်လိုမှုတွေဆီ နေရာတိုင်းကို လှည့်လည်သွားလာနိုင်တယ်” လို့ ချီကာဂို Civility Design က ဒီဇိုင်းဆရာ ဒွန်ရာနေးက ပြောပါတယ်။ ဒါကြောင့် အနီရောင်ကို ကိုင်တွယ်တဲ့အခါ ထိန်းထိန်းသိမ်းသိမ်းရှိရပါမယ်တဲ့။

အသွေးရင့်အနီရောင်ကို ထူးခြားတဲ့အဆင်အပြင်ရလာအောင် အလှဆင်အသုံးပြုနိုင်တဲ့ လှို့ဝှက်ချက်တွေရှိနေပါတယ်။

ပထမဆုံးလျှို့ဝှက်ချက်ကတော့ အလွန်အကျွံအသုံးမပြုဖို့ပါပဲ။ အလွန်အကျွံအသုံးပြုလိုက်ရင် မျက်စိစပါးမွှေးစူးစရာဖြစ်သွားနိုင်တယ်။ အနီရဲရဲရဲ့ တောက်ပမှုက တခြားအသွေးအရောင်တွေကို ဖိနှိပ်ပစ်နိုင်ပါတယ်။ လှည့်စားချက်လေးတွေနဲ့ အနီရောင်ကို အသုံးပြုပါတဲ့။
ဒုတိယလျှို့ဝှက်ချက် - အနီရောင်မှာလည်းတစ်ခြားအရောင်တွေလိုပဲ ကွဲပြားလှတဲ့ရောင်စဉ်အနုအရင့်တွေအများကြီးပဲ ရှိနေပါတယ်။ အဲဒီရောင်စဉ်အနိမ့်အမြင့် အပူအအေးတွေဟာ လူတွေရဲ့စိတ်ပိုင်းစိတ်ရာသက်ရောက်မှုရှိကြတယ်။ ပူနွေးတဲ့အရောင်တွေက သွေးခုန်နှုန်းကိုမြန်စေတယ်။ လူကို သွက်လက်တက်ကြွစေတယ်။ အေးမြတဲ့အရောင်တွေကတော့ ဆန့်ကျင်ဘက်ပါပဲ။ ငြိမ်သက်အေးချမ်းစေတယ်။ နွေးထွေးတောက်ပတဲ့အနီသွေးဟာ ထမင်းစားခန်း၊ မီးဖိုခန်း နဲ့ ဧည့်ခန်းတွေအတွက် အကောင်းဆုံးရွေးချယ်သင့်တဲ့နေရာပါပဲ။ အရောင်ငြိမ်ထဲက အနီရောင်တွေကိုတော့ အိပ်ခန်းတွေမှာ အသုံးပြုနိုင်ပါတယ်။

တတိယလျှို့ဝှက်ချက်
- အနီရောင်ကို အိမ်ခန်းအတွင်းပိုင်းတွေမှာ အသုံးပြုကြတဲ့အခါ အသားပေးချင်တဲ့နေရာ ပစ္စည်းတစ်ခုချင်းစီမှာ ချွေချွေတာတာလေးအသုံးပြုပါတဲ့။ ထူးခြားတဲ့ဆွဲဆောင်မှုကိုရစေပါတယ်။ အနီရဲရဲ၊ အ၀ါရောင်တို့လို အလွန်အမင်းတောက်ပပြီး နွေးထွေးလှတဲ့အရောင်တွေကို ခေါင်းအုံး၊ အ၀တ်ခြင်း၊ ခြေသုတ်ဖုံလေးတွေမှာအသုံးပြုနိုင်တယ်။ ဧည့်ခန်း၊ ထမင်းစားခန်းဝန်းကျင်တစ်လျှောက် အနီရဲရဲပန်းအိုးလေးတွေ၊ ပန်းပုရုပ်တွေလို တိုတိုထွာထွာအိမ်ခန်းအလှဆင်ပစ္စည်း၊ အသုံးအဆောင်ပစ္စည်းလေးတွေကို ဖြည့်စွက်အသုံးပြုသင့်ပါတယ်။

စတုထ္ထလျှို့ဝှက်ချက်
- အိမ်ခန်းနံရံတွေမှာ အနီရောင်ရက်ဖွဲ့အလှဆင်တာပါ။ အခန်းနံရံဆေးခြယ်မယ့်အရောင်ကို အနီရောင်ရွေးချယ်ထားပြီးဆိုရင် ခန်းလုံးပြည့်ဆေးခြယ်တာထက် နံရံအဆက်တွေမှာ ဒီဇိုင်းထွင်ဆေးခြယ်တာ၊ နံရံကပ်ပိုစတာတွေနဲ့ အကန့်အပိုင်းလေးတွေခြားပြီး ဒီဇိုင်းထွင်တာမျိုးလေးတွေက ပိုပြီး ထူးခြားလှပစေပါတယ်။ နံရံဆေးခြယ်တဲ့အခါ အရောင်ရင့်တွေကို ကျဉ်းတဲ့အခန်းတွေမှာမသုံးသင့်ပါဘူး။ အနည်းငယ်ကျဉ်းနေတဲ့အခန်းလေးတွေဆိုရင် အလင်းများတဲ့အရောင်မျိုးကိုရွေးသင့်ပါတယ်။ အရောင်ရင့်တွေက အခန်းကို ပိုပြီးကျဉ်းမြောင်းသွားသယောင် အမြင်မှားစေနိုင်လို့ပါ။

ပဉ္စမလျှို့ဝှက်ချက်
- အနီရောင်ပရိဘောဂတွေကို ပိုပြီးအသုံးပြုလာကြပါပြီ။ ခေတ်ပြိုင်ဒီဇိုင်းအမြင်အတွက်ဆိုရင် အနီရောင်ဆိုဖာကို ဧည့်ခန်းမှာ နေရာချထားနိုင်တယ်။ အခန်းရဲ့ဆွဲဆောင်မှုအရှိန်မြင့်ကာ စတိုင်ကျကျ ထူးခြားစေဖို့ဆိုရင် အနီရောင် အနုအရင့်ရောင်စဉ်တွေထဲက အရောင်တွေနဲ့ ဧည့်ခန်းတွင်းမှာ အသုံးအဆောင်ပစ္စည်းလေးတွေ သုံးနိုင်ပါတယ်။ ဧည့်ခန်းတွင်းက ဆက်တီအနီရောင်လေးနဲ့ဆိုရင် ဒီဇိုင်းဆန်းဆန်း၊ နံရံအလှဆင်စက္ကူတွေနဲ့ ဖန်ထည်အသုံးဆောင်တွေက အလိုက်ဖက်ဆုံးပါပဲ။ ဆိုဖာဆက်တီကသာ အနီရောင်ဆိုရင်တော့ အဲဒီအခန်းနံရံအတွက်အရောင်ကို အနီရောင်ခြယ်ဖို့ မစဉ်းစားလိုက်နဲ့နော်။ နွေးထွေးတောက်ပလွန်းတဲ့အနီရောင်တွေအိမ်ခန်းလေးထဲမှာပြည့်နေရင် ကိုယ့်ရဲ့စိတ်အနားမရပဲ လှုပ်လှုပ်ခတ်ခတ်ဖြစ်နေတတ်တာမို့ ကိုယ့်ရဲ့ အိမ်ခန်းလေးမှာ အမြဲတမ်းအတွက်ဆိုရင်အဆင်မပြေပါဘူး။

 ဒီဧည့်ခန်းလေးတွေလိုပေါ့။
ကျယ်ဝန်းတဲ့ဧည့်ခန်းမှာ အနီရောင်ရဲရဲဆက်တီလေး နေရာယူထားပေမယ့် မြင့်မားတဲ့ မျက်နှာကြက်နဲ့ အရောင်ဖျော့ နံရံအသွေး၊ သဘာဝအလင်းများများနဲ့မို့ ဧည့်ခန်းလေးတွေဟာ ချစ်စဖွယ်လှပတင့်တယ်နေပါတယ်

ဒီဆက်တီကတော့ အသွေးရင့်အနီရောင်မဟုတ်တော့ပါဘူး။ အရောင်ရင့်ရင့်သုံးရမှာ မ၀ံ့မရဲဖြစ်နေမယ်ဆိုရင် ဒီအနီရောင်စဉ်တွေထဲက အသွေးနုဆက်တီရယ် ကရင်မ်ရောင်၊ အ၀ါနုရောင် နံရံ၊ မျက်နှာကျက်လေးတွေသုံးပြီး အလှဆင်ကြည့်လို့ရတယ်လေ။

 အနီရောင်ဟိုတစ်စဒီတစ်စ ခြယ်မှုန်းထားတဲ့ အိမ်ခန်းနံရံနဲ့ အလိုက်ဖက်ဆုံး ဆက်တီအဖြူ၊ အ၀ါ၊ ခဲရောင်၊ အနက်ရောင်ဆက်တီလေးတွေနေရာချထားတဲ့ သိပ်လှတဲ့ဧည့်ခန်းလေးတွေပေါ့။

ထမင်းစားခန်း၊ မီးဖိုခန်းတွေမှာတော့ အနီရောင်ကို လွတ်လွတ်လပ်လပ် ခြယ်မှုန်းနိုင်ပါတယ်။ အနီရောင်ဟာ သွေးလည်ပတ်မှုကို မြန်ဆန်စေတယ်။ ခံတွင်းမြိန်စေတယ်တဲ့။ အနီရောင်တောက်တောက်ပပ ထမင်းစားခန်း၊ မီးဖိုခန်းတွေအတွက် ကန့်သတ်ချက်တွေသိပ်မရှိပါဘူး။ အလွန်အကျွံခြယ်မှုန်းမိရင်တောင် ကိစ္စမရှိပါဘူးတဲ့။

အိပ်ခန်းတွေမှာဆိုရင်တော့ တောက်ပတဲ့အနီရောင်က မသင့်တော်လှပါဘူး။ မျက်စိကြောင်တတ်တဲ့၊ အိပ်ပျော်ဖို့ ခက်ခဲတဲ့သူလေးတွေအတွက် အနီရောင်အိပ်ခန်းက ပိုပြီး စိတ်အနှောင့်အယှက်ဖြစ်စေနိုင်တာပေါ့။ အနီရောင်ကိုနှစ်သက်လွန်းလှတဲ့သူဆိုရင်တော့လည်း တောက်ပတဲ့အနီရောင်အစား အနီသွေးဖျော့ရောင်စဉ်တွေသုံးပြီး အိပ်ခန်းလေးတွေ ဖန်တီးကြည့်နိုင်ပါတယ်။

အနီရောင် ရေချိုးခန်းလှလှလေးတွေ

အနီရောင်နှစ်သက်မြတ်နိုးကြသူတွေအတွက် ကြည်နူးရွှင်ပြမှု၊ ပျော်ရွှင်မှုတွေ ပြည့်ဝနေတဲ့ ချစ်စဖွယ်အိမ်လေးတွေ ဖန်တီးနိုင်ကြစေဖို့ပါ။ တောက်ပတဲ့အနီရောင်အိမ်လေးထဲက နေ့သစ်တိုင်းမှာ သွက်လက်တက်ကြွစွာ ဖြတ်သန်းနိုင်ပါစေ။           ။
 Living Fashion Magazine, June, 2012

1 comment:

  1. အနီရောင်ကို သိပ်အကြိုက်ကြီးတော့ မဟုတ်လှဘူးမဖြိုးရေ။ ဒါပေမဲ့ အိမ်တွေကိုကြည့်ကောင်းအောင်ဆင်ထားတော့လည်း သူ့ဟာနဲ့သူလှနေသား။ ကျွန်တော်ဖတ်ဖူးသလောက်တော့ အနီရောင်ဂျာစီဝတ်တဲ့ဘောလုံးအသင်းတွေဟာ အောင်မြင်မှုကို ပိုရတယ်တဲ့။ ဘာဖြစ်လို့လဲဆိုတော့ တိုက်စစ်ဆင်တဲ့အခါ တစ်ဖက်အသင်းက စိတ်ဓာတ်ခြောက်ခြားသလို ကိုယ့်အသင်းကလည်း စိတ်အားထက်သန်တယ်တဲ့။ ဒါကြောင့် မန်ယူတို့၊ အာဆင်နယ်တို့က ပိုပြီးလန်းဆန်းတက်ကြွပြီး ဂိုးပိုရတာထင်ပါရဲ့။ ဟားးးးးးးးး.......ဟား။ မေ့သွားတယ်။ ချယ်လ်ဆီးပရိသတ်ကို လာပြီးရန်စသလိုဖြစ်နေပြီ။ ပြောလိုက်ပေါ့ဗျာ။ ချယ်လ်ဆီးသူဋ္ဌေးကို။ အနီရောင်ပြောင်းပါလို့။

    ReplyDelete