Thursday, June 14, 2012

အဝေးမှုန်၊ အနီးမှုန်တို့ရဲ့ မျက်ဝန်းအစုံ

ခြံထဲမှာ မြက်ခင်းတွေက တိတိရိရိလေးတွေ၊ ရိတ်ထားခါစမို့ မြက်ခင်းစိမ်းစိမ်းရနံ့လေးတွေက လတ်လတ်ဆတ်ဆတ်နဲ့၊ အဲဒီလို အချိန် မြက်လေးတွေ ခြေထောက်နဲ့ မထိခလုတ် ထိခလုတ်တို့ထိရင်း လမ်းလျှောက်ရရင် သိပ်ပျော်စရာကောင်းတာပေါ့။ မာကို့ခွေးလေးက စိမ်းမြမြမြက်သားအပြတ်အစလေးတွေထဲ ကိုယ်ကို လူးလှိမ့်နေတယ်။ သိပ်ဆော့တာပဲ။ ဆော့ရုံတင်ဘယ်ဟုတ်ပါ့မလဲ သွားနဲ့ ကိုက်ဖြတ်ပြီး တဂျစ်ဂျစ်မြည်အောင် ကိုက်ဝါးသေးတာ။ ကိုယ်တော့ အခု သူနဲ့ မဆော့နိုင်ပါဘူး။ မာကိုရဲ့ ဘောင်းဘီတွေလေ၊ သားရေပြားကြိုးတွေလျော့နေတာ လဲပေးရမှာတွေ၊ မနည်းဘူး။ မာကို တဂျီဂျီလုပ်နေတာ ကြာပြီပေါ့။

“ကိုယ့်ဘောင်းဘီကြိုးတွေ မနှင်းဖြူလေး အားတဲ့အခါ လဲပေးပါဦးကွယ်။ ကိုယ်က အနီးဆို မမြင်ရလွန်းလို့ပါ။ အပ်ပေါက်ထိုးလည်း မမြင်ရဘူးကွာ၊ မျက်မှန်နဲ့ ကြာကြာအာရုံစိုက်ရပြန်တော့လည်း ခေါင်းကိုက်လာတာပဲ။ မဟုတ်ရင်တော့ ကိုယ့်ဘာသာ လဲတပ်ပြီးသားပဲ”
   
“အင်း အင်း စိတ်ချပါ ဒီနေ့ မာကို ရုံးက ပြန်လာရင် လဲထားပြီးသား ဖြစ်နေစေရမယ်”

ကိုယ့်ကို ချော့ချောမော့မော့ ပြောချင်တဲ့အခါတိုင်း မာကို က မနှင်းဖြူလေးလို့ အမြဲခေါ်တတ်တယ်။ ကိုယ့်နာမည် စနဲရှာက အင်္ဂလိပ်လို ဆိုရင်တော့ မနှင်းဖြူပေါ့။ လဲပေးမယ် ပြောခဲ့ဖူးတဲ့အကြိမ်တွေတောင် များလှပြီ။ ဟုတ်တော့လည်း ဟုတ်ပါရဲ့၊ ကိုယ်ကလည်း အားမှမအားနိုင်တာ၊ သမီးလေးရဲ့ဝေယျာဝစ္စတွေရယ်၊ မာကိုရဲ့ အင်မတန် ဆော့လွန်းတဲ့ ခွေးလေးရယ် တစ်နေ့ တစ်နေ့ နားရတယ် မရှိပါဘူး။ ဒီနေ့တော့ မာကိုရဲ့ ဘောင်းဘီသားရေပြား အသစ်တွေလဲတပ်ရတာပေါ့။ မာကိုရဲ့ ခါးအတိုင်းနဲ့ အကျယ်အကျဉ်းအနေတော်ဖြစ်အောင် မှတ်ပီး လက်ချုပ်ပြန်လိုက်ရတယ်။ ကိုယ့်ရဲ့ မျက်လုံးက အနီးဆို အကုန်မြင်သားပဲ။ ကတ်ဘူးလေးတွေမှာပါတဲ့ စာလုံးပိစိကွေးလေးတွေလည်း တော်တော်သေးနေဦးတော့ မြင်ရတယ်။ ဝေးပြီဆိုရင်တော့လား။ မမြင်ရတော့ဘူး။ ခပ်ဝေးဝေး၊ မဟုတ်ပါဘူး။ မဝေးဘူး။ ခပ်လှမ်းလှမ်းဆိုရင်ကို မမြင်တော့တာ့။ ခပ်လှမ်းလှမ်းကများ တစ်ယောက်ယောက်လာနေပြီဆို ကိုယ့်ကို ပြုံးရယ်ပြနေလည်း မြင်တာမဟုတ်ဘူး။ မမြင်တော့ ပြန်ပြီးမရယ်ပြမိလို့ သူငယ်ချင်းတွေကဆို သိပ် စကြ နောက်ကြတာပဲ။

“စနဲရှာတို့များ၊ လူကြားထဲဆို ရုပ်တည်ကြီးနဲ့ကွာ၊ အိနြေ္ဓကြီးနဲ့၊ မျက်နှာတည်လိုက်တာဆိုတာ၊ တို့များရယ်ပြလည်း ပြန်ပြုံးပြဖော်မရဘူးကွယ်”

ကိုယ် ပြန်ပြီးရှင်းပြရတာလည်း အမောပေါ့။ မျက်မှန်တပ်ရင်ကောဆိုတော့ ၊ ကိုယ့်မှာ အဝေးကြည့်မျက်မှန်လေးရှိပါရဲ့နဲ့၊ တပ်ကို မတပ်ချင်ပါဘူး။ မျက်မှန်ကိုလည်း ပါဝါအကြိမ်ကြိမ်စစ်ပါရဲ့။ ဆရာဝန်နဲ့ စစ်ထားတဲ့ ပါဝါက အတိအကျပဲတဲ့။ ကိုယ့်အတွက်တော့ မတိကျပါဘူး။ မျက်မှန်တပ်လိုက်ရင် မျက်မှန်လေးဘောင်လေးထဲက မြင်ရတဲ့အရာဝတ္ထုတွေဟာ အပြင်ကထက် သေးကွေးကုန်သလိုလို၊ အနားသတ်တွေမှာ ခပ်စူးစူးအရောင်လေးတွေလင်းလက်နေသလိုလို၊ နည်းနည်းလေးကြာလာတာနဲ့ မျက်စိတွေ စူးလာတော့တာပဲ။ အဆင်ပြေတယ်ကိုမရှိပါဘူး။

ရယ်တော့ရယ်ရသား။ မာကိုကတော့ အနီးကို မှုန်ပြန်ရော။ တစ်နေ့ မာကို ဘယ်လောက်ထိမှုန်တယ်ဆိုတာ သိလိုက်ရတယ်။ အ၀တ်လျှော်စက်ထဲ အ၀တ်တွေထည့်ပြီးသား၊ ဆပ်ပြာမှုန့် ထည့်ခဲ့ပြီးပြီ။ မာကိုက ရေချိုးခန်းထဲရှိနေတာမို့ နံပါတ် ၃ လှည့်ပြီး လျှော်လိုက်ပါလို့ စနဲရှာပြောလိုက်တာ။ ပြောတုန်းကတော့ မာကိုက အေးပါကွာ ဆိုပြီးဖြေရဲ့။ နောက်တော့ တော်တော်ကြာတဲ့အထိ အ၀တ်လျှော်စက်လည်သံမကြားရပါဘူး။ မီးဖိုခန်းထဲက လုပ်လက်စအလုပ်လက်စဖြတ်ပြီး ၀င်သွားလိုက်တော့ မျက်မှောင်ကြီး ကုတ်လို့ မာကိုတစ်ယောက် နံပါတ်လှည့်တဲ့ခလုတ်ကို ဟိုဘက် ဒီဘက်လှည့်နေတုန်းပဲ။ မာကို လှည့်ထားတဲ့ နံပါတ်က ၁၁ တဲ့။

“မာကိုရယ်၊ နံပါတ် သုံးလေ၊ သုံးပါဆိုမှ၊ ဘာလုပ်နေတာလဲဟင်”

“ကိုယ့်မျက်မှန် ရှာမတွေ့ဘူး။ အခု သုံးမဟုတ်ဘူးလားကွာ”


မျက်နှာအိုအိုနဲ့ ပခုံးကို အသာအယာကျုံ့လို့ မာကိုက ပြန်မေးတယ်။ အိုး … မာကို သူ အနီးတော်တော်ကို မှုန်သွားတာပဲ၊ ကိုယ်တို့စတွေ့တုန်းက မာကို အဲဒီလောက်ထိ မမှုန်သေးဘူးလို့ ထင်မိတာ။ ခလုတ်မှာ ရေးထားတဲ့စာလုံးက တကယ်ဆို သိပ်မသေးလှဘူး။ စာလုံးတော်တော်ကြီးတယ်။ အဲဒါတောင် မာကိုက မမြင်ဘူးတဲ့။ ကိုယ်လည်း သနားသလိုလိုတောင် ဖြစ်သွားမိသေးရဲ့။ ရယ်လည်းရယ်ချင်မိတယ်။ ရယ်ချင်မိတာ မဟုတ်ပါဘူးလေ၊ ရယ်ကိုရယ်ချလိုက်တာ။ တခိခိနဲ့ကို ရယ်တာ။ ကိုယ့်မှာ ဖြင့်ရပ်လို့တောင် မရချင်ဘူး။

အဲဒီက စလို့ပေါ့ ကိုယ်နဲ့ မာကို အတူတူရှိနေကြတဲ့ အချိန်တွေ အနီးကပ်တစ်ခုခုကြည့်ဖို့ လိုလာပြီဆိုရင် မာကို့ဆီက အသံထွက်လာတော့တာပဲ။ ခေါ်ပြီပေါ့ “မနှင်းဖြူလေးရေ” က အစချီပြီး လာပါတော့မယ်။ ဆေးကတ်က စာလုံးလေးတွေ ကိုယ့်ကိုလာဖတ်ခိုင်းမယ်။ မာကို ပြောတတ်လာတဲ့စကားက “မနှင်းဖြူလေးက ကိုယ့်ရဲ့ ပါဝါအကိုက်ဆုံး စိတ်တိုင်းကျမျက်မှန်လေးပေါ့ တဲ့” ကိုယ်ကတော့ ပြုံးပဲပြုံးနေလိုက်ပါတယ်။

ညစာစားပြီးတိုင်း မာကို စာအုပ်တစ်အုပ်ကိုင်ပြီး ဖတ်ပါလိမ့်မယ်။ ကိုယ်ကတော့ အိပ်စာအုပ်လို့ ခေါ်တာပဲ။ မျက်မှန်အကျအန တပ်ပြီး စာအုပ်အသေအချာဖတ်မလို ဟန်ပန်နဲ့ပေါ့။ ဒါပေမဲ့ သိပ်မကြာပါဘူး။ မာကိုက အိပ်တော့တာ။ အဲဒါကို မာကိုက ဆင်ခြေပေးသေးတာ။ မျက်မှန်တပ်ထားရတော့ သူ့ရဲ့ မျက်ရိုးတွေလေးလံပြီး မျက်လုံးတွေကို ဖိပိတ်လိုက်တာကြောင့် အိပ်သလိုဖြစ်သွားသတဲ့။ မျက်မှန်ကို မကြိုက်ပုံများ တခြား ပစ္စည်းတွေကို ဂရုတစိုက် ကိုင်တွယ်သိမ်းဆည်တတ်သလောက် မျက်မှန်ဆိုရင်တော့လား အမြဲ ပစ်ပစ်ခါခါထားလေ့ရှိတယ်။ မျက်မှန်ကို မှန်ရှိတဲ့ဘက်ကနေ ချထားတတ်သေးတာ။ “မှန်ဘက်ကချထားရင် မှန်တွေအစင်းရာထင်ကုန်တော့မှာပေါ့၊ နောက်တစ်ခါ ထပ်မပြောချင်ဘူးနော်” ကိုယ် ဆူလိုက်တိုင်းလည်း ရယ်ကျဲကျဲနဲ့။ ဖြတ်ကနဲ ကောက်လှန်လိုက်ပေမယ့် နောက်တစ်ခါအတွက် မှတ်ထားမယ်တော့ မျှော်လင့်လို့ မရပါဘူး။ ထပ်မပြောချင် မပြောရုံပဲရှိမှာ။ မှန်ရှိတဲ့ဘက်ကနေ ချထားတတ်တာ ခဏခဏတွေ့နေရတာပါပဲ။ တွေ့ကရာ ထားတတ်တော့ ပျောက်တာလည်း အကြိမ်မနည်းဘူး။ ပျောက်တိုင်းမျက်မှန်ပြန်လုပ်ရတိုင်း မာကို တညည်းညည်း တညူညူနဲ့ပေါ့။ တစ်ကြိမ် မာကို သူ့မျက်မှန်ရှာမတွေ့နိုင်ဘူး။  အရေးတကြီး စာရေးချစရာလိုလာတော့ ကိုယ့်မေမေမျက်မှန် မာကို့ကို ယူပေးလိုက်တယ်။ မေမေ့အမှတ်တရ ကိုယ် သိမ်းထားတာ ကြာပြီပေါ့။ မျက်မှန်က အညိုရောင်ကိုင်းထူထူ ခပ်ဝိုင်းဝိုင်းနဲ့ မာကို့မျက်နှာ ၀ိုင်းဝိုင်းမှာတပ်လိုက်တော့၊ တကယ်ပဲ ဇီးကွက်လေးတစ်ကောင်နဲ့ တူလိုက်တာ။ နောက်ပိုင်း မာကို့ကို ကိုယ်က စချင်ရင် ဦးဇီးကွက်လို့ ခေါ်ဖြစ်သွားတော့တယ်။

မာကို့ကိုပဲ ပြောနေမိတာ ကိုယ်လည်း ဘာများထူးသေးလို့လဲနော်။ မျက်မှန်တပ်တိုင်း ကိုယ့်ရုပ်သွင်က ပိုပြီး ရင့်ရော်သွားသလိုလိုထင်မိလို့ မတပ်ချင်ပါဘူး။ ကိုယ့်မျက်နှာနဲ့ အလိုက်ဖက်ဆုံးဖြစ်နိုင်တဲ့ ဒီဇိုင်းမျိုး သေသေချာချာရွေးခဲ့ကြတာ။ မာကိုလည်း ရှေ့ကကြည့်လိုက် ဘေးကကြည့်လိုက် လှတယ် လှတယ် ပြောလို့ ယူလာဖြစ်ခဲ့တဲ့ ဒီဇိုင်းပါပဲ။ ဒါပေမဲ့ မျက်မှန်တပ်ဖြစ်တိုင်း စိတ်တိုင်းမကျပါဘူး။ နှာခေါင်းရိုးမှာ အရာထင်တာကို မကြိုက်ဘူး၊ ကော်ဖီပူပူသောက်တိုင်း ကော်ဖီခွက်ကအငွေ့တွေ ၀ဲကနဲ မျက်မှန်ကို ဖုံးအုပ်သွားတတ်တာလည်း မကြိုက်လှဘူး။ ကိုယ်လည်း မျက်မှန်ကို သဘောမတွေ့တတ်တာတော့ မာကိုနဲ့ အတူတူပါပဲ။ အဲဒီတော့ မာကိုနဲ့ ကိုယ်အတူရှိနေတဲ့အချိန်ဆို ကိုယ်ကလည်း မာကို့ကို ပြန်မေးလေ့ရှိတယ်။ ဘေးအိမ်က ကလေးနှစ်ယောက် ဒရာဂန်တို့ လာ့ဇာတို့ ဆော့ကစားနေကြရင်ဖြင့် ကိုယ့်မှာ သူတို့ကို မသဲကွဲဘူး။ ဒရာဂန်လား လာ့ဇာလား မေးရတာအမောပေါ့။ တီဗီကြည့်တဲ့အခါ ခပ်ဝေးဝေးက ကြည့်ရင် မျက်နှာတွေမမြင်ရဘူး။ တီဗီကြည့်ချိန်မှာဆို တီဗီနဲ့ အနီးဆုံးနေရာမှာဆို ကိုယ်ပဲလေ။

တစ်ယောက်တစ်နေရာစီ အလုပ်သွားကြရတဲ့အချိန် အတူမရှိနိုင်တဲ့ အချိန်မျိုးမှာတော့ ကိုယ်တို့ရဲ့ အနီးကြည့် အဝေးကြည့်မျက်မှန်လေးတွေ အသုံးပြုကြရတယ်။ အားလပ်ချိန် ဟိုဒီအတူလျှောက်လည်ဖြစ်ကြရင်တော့ အနီးကြည့်၊ အဝေးကြည့်မျက်မှန်လေးတွေကို အိမ်မှာပဲ ပစ်ထားခဲ့ကြတော့တယ်။ ဥပမာ ရုပ်ရှင်သွားကြည့်ဖြစ်ကြတဲ့အချိန်မျိုးမှာပေါ့။ ကိုယ်တို့ အတူတူ အပြန်အလှန် ကူညီကြရတယ်။ ရုပ်ရှင်လက်မှတ်မှာ ရေးထားတဲ့ ဘယ်အတန်းလဲ ဘယ်ထိုင်ခုံနံပါတ်လဲ၊ ကိုယ်က ကြည့်ပေးရတယ်။ အဲဒီအချိန်ဆို ကိုယ်က သူ့ရဲ့ မျက်မှန်တစ်လက်ပဲ။ ရုပ်ရှင်ပြပြီဆိုရင်တော့ ကိုယ်အကုန်နားမလည်နိုင်တဲ့အခါ စာတမ်းထိုးထားတာတွေကို မာကိုက ဖတ်ပြရတော့တယ်။ မာကိုက ကိုယ့်ရဲ့ အဝေးကြည့်မျက်မှန်လေးဖြစ်သွားပြန်ရော။ မာကိုအမြဲ ပြောသလိုပဲ ကိုယ်ဟာ သူ့ရဲ့ လိုအပ်ချက်တွေ အမြဲကူညီ ဖြည့်ဆည်းပေးနိုင်တဲ့သူလေး မာကို့ရဲ့ အနီးကြည့်မျက်မှန်လေး ဖြစ်ခဲ့တယ်တဲ့။ မာကိုကရော … ကိုယ့်ရဲ့ လိုအပ်ချက်တွေ ဖြည့်ဆည်းပေးနိုင်တဲ့ သူဖြစ်ချင်ခဲ့သတဲ့။ ကိုယ်ကလည်း အားကျမခံ ပိုပိုသာသာလေး ပြန်ပြောပါတယ်။

“မာကိုကလည်း ကိုယ့်ရဲ့ အဝေးကြည့်မျက်မှန်လေးလေ။ ခပ်ဝေးဝေးက ကိုယ်မမြင်နိုင်တဲ့ အရာတွေကို မာကိုက ကြိုမြင်ပြီး ပြောပြပေးနိုင်တယ်။ ကိုယ်မမြင်နိုင်တဲ့ ရန်တွေကိုလည်း မာကိုက ပဲ အရင်မြင်တယ်။ အရင်မြင်တော့ အရင်ရှင်းပေးနိုင်တယ်။ အဲဒီတော့ ကိုယ့်ဘ၀လေးက ဘေးကင်းရန်ကင်း လုံခြုံစိတ်ချရတာပေါ့”

မာကိုက တဟားဟားအော်ရယ်တယ်။ ပြီးတော့ ကိုယ့်ကို ပြောတယ်။  မနှင်းဖြူလေးက သိပ်စကားတတ်သတဲ့။

~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~~ ~ ~ ~ ~ ~ ~

ကိုယ်တို့ လမ်းလျှောက်ထွက်လာခဲ့ကြတယ်။ တစ်ညနေမှာပေါ့။ ကိုယ်တို့နဲ့ အတူ မာကို့ရဲ့ ခွေးလေး နောက်ထပ်တစ်ကောင်လည်း လမ်းလျှောက်လိုက်လာတယ်။ အရင်ခွေးလေးလိုပဲ သိပ်ဆော့တာပဲ။ နှာခေါင်းတရှုံ့ရှုံ့ နဲ့၊ ဟိုးအရင်ကခွေးလေးလိုပဲ စပ်စုတာပဲ။ ကိုယ်နဲ့ မာကိုလည်း တစ်ယောက်လက် တစ်ယောက်ဆုပ်ကိုင်ထားကြစမြဲပဲ။ ကိုယ့်ရဲ့ လက်ဖ၀ါးတွေလား။ အခုတော့ ကြမ်းရှရှနဲ့ပေါ့။ အသားပြည့်ပြည့် နုနုဖောင်းဖောင်းလေး မဟုတ်ကြတော့ဘူး။ မာကိုကတော့ အရင်ကတည်းက လက်ဖ၀ါးတွေက ခပ်ကြမ်းကြမ်းရယ်။ ကိုယ်က သဘောကျပါတယ်။ ခပ်ကြမ်းကြမ်း မာကို့လက်ဖ၀ါးတွေရဲ့ နွေးထွေးမှု၊ ခပ်ကြမ်းကြမ်း မာကို့ရုပ်ရည်အောက်က မာကို့စိတ်နှလုံးရဲ့ နူးညံ့မှု ဒါတွေကို ကိုယ်က ပိုနှစ်သက်ခဲ့တာပဲလေ။ ကိုယ်တို့ရဲ့သမီးလေးတောင် အိမ်ထောင်ကျသွားခဲ့ပြီ။ တစ်ခြားတစ်မြို့ကိုရောက်နေခဲ့ပြီ။ ကိုယ်တို့ အချိန်တိုင်း အတူတူရှိနေနိုင်ကြပြီ။ ကိုယ်တို့ရဲ့ မျက်မှန်လေးတွေကိုလည်း အိတ်လေးတွေထဲမှာပဲ ထည့်ထားလိုက်ကြပြီ။ မာကိုက မနှင်းဖြူလေးလို့ ကိုယ့်ကို ခေါ်မြဲပဲ။ ကိုယ်ကလည်း ဦးဇီးကွက်လို့ စနောက်လျှက်ပဲ။ အချိန်တွေက သိပ်ပြီး အကုန်မြန်လိုက်တာ။ ကိုယ့်အတွက်တော့ မာကိုက ဘာမှထူးပြီး ပြောင်းလဲမသွားပါဘူး။ တစ်ကယ်တော့ မာကို့အသက်အရွယ်၊ ကိုယ့်အသက်အရွယ် ပြောင်းလဲသွားတာတွေက အများကြီးမှအများကြီးပေါ့။ အဲဒီနေ့က ညနေခင်းလေးက သာသာယာယာရယ်။ နွေဦးရဲ့ လေအေးမြမြလေးက အသာအယာလေးပဲ ကိုယ့်တို့နှစ်ယောက်နားက ဖြတ်ဖြတ်ပြေးသွားတယ်။ ကိုယ်တို့နှစ်ယောက်လုံးရဲ့ မျက်နှာတွေအနူးညံ့ဆုံး ပြုံးရွှင်ချိုမြနေခဲ့သလားပဲ။ ရှေ့ကလျှောက်လာတဲ့ ကလေးမလေးတစ်ယောက်က  ကိုယ်တို့ကို နှုတ်ဆက်ပါတယ်။

“အဖိုးနဲ့ အဖွားက လန်းလန်းဆန်းဆန်းနဲ့ ကျန်းမာရေးသိပ်ကောင်းကြပုံပဲနော်။ အဖိုးအဖွားတို့ မျက်မှန်လည်း မတပ်ရဘူးပဲ။ မျက်စိအားကောင်းလိုက်တာ”

ကြည့်လိုက်တော့ ကလေးမလေးက မျက်မှန်ထူထူထဲထဲလေးနဲ့ ပါဝါတွေအများကြီးတက်နေပုံပဲ။ ကိုယ် မာကို့ကို ဖြတ်ကနဲ လှည့်ကြည့်လိုက်မိတယ်။ မာကို့ မျက်သားမှုန်မှုန်၊ မျက်ဝန်းသေးသေးကွေးကွေးလေးတွေက လက်ကနဲပဲ။ မာကို ဘယ်လိုများဖြေမှာပါလိမ့်။

“အဖွားက အဖိုးရဲ့ အနီးကြည့်မျက်မှန်လေးလေ။ အဖိုး အနီးကြည့်မှုန်တာ ငယ်ငယ်ကတည်းကပဲ .. အဖွားကပဲ …… ….. ………”

မာကိုက ကလေးမလေးကို ပြုံးချိုနေတဲ့ မျက်နှာထားနဲ့ မနားတမ်း ရှင်းပြနေလေရဲ့။

“အဖွားကိုလည်း မေးကြည့်လေ။ သူကတော့ အဝေးကိုမှုန်တယ်။ အဖိုးက သူ့ရဲ့ အဝေးကြည့်မျက်မှန်တဲ့။ ကလေးပဲ မေးကြည့်ပါလား။ အဖွား ဘယ်လို ပြန်ဖြေမလဲပဲ” 

ကိုယ် ကြားလိုက်ရတယ်။ ကိုယ်လား။ မာကို့ကိုသာ နောက်သလိုပြောင်သလို စကားချိုချို အမြဲပြောတတ်ခဲ့တာ။ သူများကို ပြောရမှာတော့ ရှက်တာပေါ့ကွယ်။ အထူးသဖြင့် ခုလို အရွယ်ကြီးကျမှ ကလေးကလား စကားပြောရဦးမယ်လို့။

ကိုယ်တော့ ပြုံးပဲ ပြုံးနေလိုက်တော့တယ်။ ကိုယ့်ရဲ့ အပြုံးကတော့ ချိုမြနေမှာပါပဲ။ မျက်နှာပေါ်က ဇရာရဲ့ အရေးအကြောင်းတွေကြားမှာတော့ ကိုယ့်ရဲ့မျက်ဝန်းကျဉ်းကျဉ်း မျက်သားမှုန်မှုန်လေးကလည်း တလက်လက်တောက်လို့နေမယ်ထင်ရဲ့။        ။

( ၃ နှစ်ပြည့် နှစ်ပတ်လည် အမှတ်တရ)
Special thanks to NN for illustration
Faces Magazine, September, 2012

2 comments:

  1. ဖြိုးရေ...
    ချစ်စရာကောင်းလိုက်တဲ့ ၀တ္တုလေး...
    ပုံလေးကလည်း အများကြီး ပံ့ပိုးထားတယ်...
    ခိုင်ခိုင်မြဲတဲ့ ချစ်ခြင်းမေတ္တာတွေပေါ့...
    Happy Anniversary ပါညီမရေ..

    ReplyDelete
  2. ပိုစ့်လေးထဲ မျောသွားတယ်။
    လာရောက်အားပေးသွားတယ်။
    ပျော်ရွှင်ကြပါစေ


    ခင်မင်တဲ့
    အလွမ်း

    ReplyDelete