Sunday, June 3, 2012

အဲလစ်ဇဘက်ရဲ့ ရွှေနန်းတက်ပွဲ

ရွှေနန်းတက်ပွဲဆိုတာ ဘာလဲ လို့ ဒီဘက်ခေတ်မှာ မေးစရာဖြစ်နေသလို မိန်ခလေးတယောက်ရဲ့ ဦးခေါင်းပေါ် ရွှေသရဖူ တင်ဖို့အရေး  ဒီမျှ အကုန်ခံရသလား လို့ ဝေဖန်သူက ဝေဖန်ကြပါလိမ့်မယ်။ ဒါက တကယ်ပါ။  လွန်ခဲ့တဲ့ နှစ်ခြောက်ဆယ်ကအင်္ဂလန်နိုင်ငံ “ဆဌမမြောက်ဂျော့ဘုရင် မင်းမြတ်” နတ်ရွာစံပြီးချိန်မှာ သမီးတော်ကြီး “အဲလစ်ဇဘက်(သ်)အဲလက်ဇန်းဒါး မေရီဝင်ဆာ” က ထီးနန်းဆက်ခံရတယ်။ နန်းသိမ်းပွဲ အတွက် အကြီးကျယ်ဆုံးတော်ဝင် မင်းခန်းမင်းနားဖြစ်ဖို့   လိုအပ်သလို အနုစိပ် မွန်းမံ ပြင်ဆင်ဖို့ ၆လတိုင်တိုင် အချိန်ယူခဲ့ ရပြီးတော့ ဒေါ်လာ၃၀၀ ၀၀၀ ၀၀၀အကုန်အကျခံခဲ့တယ် တဲ့။ ၀က်စမင်စတာအဘေး ဘုရားကျောင်းမှာ ခန်းနားသိုက်မြိုက်စွာ ကျင်းပပြီး။  ၁၉၅၃ခုနှစ် ဇွန်လ၂ရက်နေ့ နံနက် ၈နာရီ ၃၀မိနစ် က နန်းသိမ်းပွဲ ခံခဲ့တာပါ။ အခမ်းအနားကို ၂နာရီ ၃၀မိနစ် ကြာ ကျင်းပခဲ့ပါတယ်။


ကင်တာဘာရီ ဂိုဏ်းချုပ်ကြီးကနေ “စိန့်အက်ဒ၀ပ်”က သရဖူကြီးကို မင်းသမီးရဲ့ ဦးခေါင်းပေါ်မှာ ဆောင်းပေးခဲ့တယ်။ နန်းစဉ်သရဖူကြီးဟာ ရွှေသားအတိ အတုံးအခဲကြီးမို့ အလေးချိန် များလွန်းလို့ တခဏဘဲ ခေါင်းမှာ တင်ထားနိုင်တယ်လို့ ဆိုပါတယ်။

ရွှေနန်းတက်ပွဲ နီးတဲ့အခါ သုံးလအချိန်ယူပြီး ဒီသရဖူက ကျောက်သံပတ္တမြားတွေကို  ကျွမ်းကျင်သူ ပညာရှင်တွေက ဖြုတ်ယူဆေးကြောသန့်စင်ရပါသတဲ့။ ပြီးရင် လက်ရာမပျက် နဂိုမူလအတိုင်းပြန်ထည့်ပြီး ပွဲလမ်းသဘင် ဆင်ယင်ကျင်းပပြီးစီးတဲ့အခါ လန်ဒန်မြို့က မျှော်စင်ဖန်လုံခန်းမှာ လုံခြုံစွာ သိမ်းဆည်းထားတယ်လို့ ဆိုတယ်။

အာမခံ သေတ္တာကြီးထဲက ပြိုးပြက် ၀င်းလက်နေတဲ့ သရဖူများလည်ဆွဲရတနာများ စတဲ့ ကျောက်မြက်ရတနာများဟာလည်း  ပွဲတော်ချိန်မှာမှ ပေါ်ထွက်လာခဲ့တာဖြစ်တယ်။ သရဖူကြီးနှင့် တွဲဖက်ပြီးတော့ နိုင်ငံတော် အခန်းအနားရွှေနန်းတက်ပွဲတွေမှာ လုပ်ထုံးလုပ်နည်းအရ လိုက်နာစောင့်ထိန်းဆင်ယင်ရတဲ့ မပါမဖြစ့် တန်ဆာကတော့ အပေါ်ရုံခြုံလွှာဘဲဖြစ်တယ်။ ရာထူးအလိုက် အဆင့်အတန်းအလိုက် ပေအရှည်ကို သတ်မှတ်ထားတာပါ ဘုရင်မကြီးရဲ့ ခြုံလွှာကတော့ ၈ကိုက်နီးပါးရှည်တယ်လို့ ဆိုပါတယ်။

တန်ဘိုးမဖြတ်နိုင်သော ပိုးဖဲ ကတ္တီပါ ၀တ်စုံများအမျိုးမျိုးဆင်ယင်လာကြသူ ဗြိတိသျှမူးကြီးမတ်ကြီးဆာဘွဲ့ရ ကောင့် ဘွဲ့ရ အနိမ့်ဆုံးလော့ဒ်ဘွဲ့ရ သူရဲကောင်းများ။ အထက်တန်းလွှာအသီးသီးက  တော်ဝင် ပုဂ္ဂိုလ်များ သံတမန်များ ကက်ဘိနက်အဖွဲ့ဝင် များ  သရဖူငယ်ဆောင်း မင်းညီမင်းသားများနှင့်ဇနီးသားသမီးများ  သူတို့ရဲ့ရထားသံ မြင်းခွာသံ ချပ်ဝတ်တန်ဆာတို့ရဲ့ ချွင်ချွင်မည်သံ ရွှေရထားလုံးများ အသံစသည် ညံစီ မြိုင်ဆိုင်လို့နေတယ်။ မိမိတို့ရဲ့ ရာထူးအဆင့်အတန်းအလိုက် ဖေါ်ပြပါရှိတဲ့ မင်းဝတ်တန်ဆာပလာများနှင့် အဆောင်အယောင်များ အပြည့်အ၀ဆင်ယင်ကာ ပွဲတက်ကြရတာပါ။ ထရမ်းပက်မှုတ်သံများ တေးသီချင်းသံများ လည်း ပေါ်ထွက်နေတယ်။ အိမ်တော်ထိန်းဝန်ထမ်းများ အိပ်ခန်းစောင့် လေဒီကလေးများ လည်း  ပျားပန်းခတ်မျှ မြူးကြွ သွားလာနေကြတယ်။

ဒီလိုကျင်းပနိုင်တဲ့ နိုင်ငံမျိုးကမ္ဘာပေါ်မှာ များများစားစား မရှိပါဘူး။ “အဲလစ်ဇဘက်မင်းသမီး” ရဲ့ ရွှေနန်းတက်ပွဲ သဘင်ကတော့ ကမ္ဘာမှာ  တုနှိုင်းမရှိလို့ ဆိုရမှာဖြစ်ပါတယ်။ “၀က်စမင်တာအဘေးဘုရားကျောင်း” က ဂိုဏ်းချုပ်ဘုန်းတော်ကြီးများလည်း ဆိုင်ရာ ဆိုင်ရာ လုပ်ငန်းအ၀၀နှင့် မအားလပ်ရပါဘူး။ ပလ္လင်တော်တလျှောက် သွားရာ လမ်းမှာ ကွိုင်ယာလူငယ်ကလေးများအတွက် နေရာ။ ဂိုဏ်ချုပ်ဘုန်းတော်ကြီးများရဲ့  နေရာ တော်ဝင်မင်းညီမင်းသား မင်းသမီးများ နိုင်ငံရပ်ခြား သံကြီး တမန်ကြီးများ နေရာ စသည်  ကုလားထိုင်များ ခုံများကူရှင်များ ချထားပြီးတော့ ဘရိုကိတ်စများလဲ မိုင်ပေါင်းများစွာ ဖြန့် ခင်းထားတယ်။

အဲလစ်ဇဘက် မင်းသမီး ခေါင်းတင်  ဆောင်းရမယ့် သရဖူကို  အတွင်းမှာ ရွှေဖြူနှင့်ဘောင်ကွပ်ထားခါ နူးညံ့တဲ့ ကတ္တီပါသားမွေးစ ၀န်းပတ်ထားပြီး  စိန်အလုံးပေါင်း ၂၇၈၃လုံး မြုပ်နှံစီချယ်ထားပါတယ်။ ပုလဲ ၃၇၃လုံး၊ နီိလာ၁၈လုံး၊မြ၁၁လုံး၊ ပတ္တမြား၅လုံး တလုံးက ၂လက္မ အရှည်ရှိတဲ့နာမည်ကြီးမင်းသားနက် ပတ္တမြားလို့ ထင်ရှားနေတဲ့ ကျောက်မျက်ရတနာဖြစ်ပါတယ်။ တစ်လုံးတည်းနှင့် အဖိုးက ဒေါ်လာ၃၄၀ ၀၀၀ ထိုက်တန်ပါတယ်။ ယခင် ၀ိတိုရိယ ဘုရင်မကြီးအတွက် ရည်ရွယ်သွန်းထုခဲ့တာဖြစ်ပြီး ၀ိတိုရိယ ဘုရင်မကြီးနှင့် ဆဌမမြောက် ဂျော့ဘုရင် အထိ အစဉ်အဆက် ဘုရင်များ နန်းသိမ်းပွဲ ကျင်းပတဲ့အခါများမှာ ဆင်ယင်မြဲဖြစ်ပါတယ်။
“ချစ်ကြည်ရင်းနှီးရပါသော ဆွေတော်မျိုးတော်များသို့ "ရှေးရှေးမင်းများ ကျင့်ရိုးထုံးစံရှီသည်နှင့်အညီ ကျွန်ုပ်၏ နန်းတက်ပွဲ အခန်းအနားကျင်းပရာသို့” အစချီပြီး မင်းသမီးဟာ ကိုယ်တော်တိုင် မင်းဆွေစိုးမျိုး အားလုံ့းကို ဖိတ်ကြားခဲ့တယ်။ လမ်း အိမ် အဆောက်အဦးစသည်တို့ မှာ လွှင့်ထူခဲ့တဲ့ ဗြိတိသျှ့ အလံပေါင်းက ၇၅၀ ၀၀၀ ရှိပြီး မိုင်၅၀၀အကွာအဝေးအထိ လွှင့်ထူထားခဲ့တာဖြစ်ပါတယ်။ အဲဒီလို အပြင်ပန်းအလှဆင်ဖို့ကို သက်ဆိုင်ရာက ဒေါ်လာ ၂သိန်းကျခံခဲ့ရပါသတဲ့။ ဖိတ်ကြားခဲ့တဲ့ နိုင်ငံရပ်ခြား ဂုဏ်သရေရှိ ဧည့်သည်တော်များနှင့် ဆွေတော်မျိုတော် ပေါင်းက ၇၆၀၀ ပါ။ ဒါပေမဲ့ပြည်တွင်းပြည်ပ ဧည့်သည်တော်ပေါင်း ၇၅၀ ၀၀၀ လာရောက် ကြည့်ရှုကြတယ် တဲ့။ အဲဒီဧည့်သည်တော်များအတွက် အိမ်အလုံးပေါင်း၅၀၀၀ ကို တည်းခိုခန်းအဖြစ် အသုံးပြုရန် ပိုင်ရှင်များက ဖွင့်လှစ်ပေးထားခဲ့ပါတယ်။ လူပေါင်းနှစ်သန်းကျော်ဟာစည်းကမ်းကျနစွာ နေရာယူ ကြည့်ရှုခဲံ့ကြတယ်တဲ့။ လန်ဒန်တောင်ပိုင်းက တည်းခိုခန်းများအားလုံး ဧည့်သည်တော်များနှင့် ပြည့်လျှံသွားတယ်။

၁၉၃၇ခုနှစ် ခမည်းတော် ဂျော့ဘုရင် ရွှေနန်းတက်စဉ်က အထွေထွေ ကုန်ကျစရိတ် ဟာဒေါ်လာ ၂ ၈၀၀ ၀၀၀ရှိပြီး ယခု သမီးတော်အလှည့် ၁၉၅၃ခုနှစ်မှာ အထွေထွေ ကုန်ကျစရိတ်က ဒေါ်လာ၃၀၀ ၀၀၀ ၀၀၀ ရှီနေတာပါ။

ဂျော့ဘုရင် နတ်ရွာစံပြီးတဲ့နောက် ဘုရင်မရဲ့ ဦးခေါင်းပုံပါရှီတဲ့ ဒင်္ဂါးပြားများ ဆုတံဆိပ်များလည်း အသစ်ထပ်မံ ထုတ်ဝေဖြန့်ချိရတယ်။ ၁၆ဆက်မြောက် “နောဖို့ထ်မြို့စားကြီး”  က ဦးစီးကျင်းပပေးတာဖြစ်ပါတယ်။ “Earl” ခေါ် အမတ်ကြီး မာရှယ်ကလည်း အခန်းအနားအတွက် သက်ဆိုင်ရာ ဌာနအသီးသီးက ၀န်ကြီးများကို ညွှန်ကြားချက်များထုတ်ပြန်ပြီး တာဝန်အသီးသီး ပေးအပ်ရတယ်။

အဲဒီနေ့က မင်းသမီးဟာ အဖြူရောင်ဆိုက်ဘေးရီးယားရှဉ့် သားမွှေးဇာနားကွပ် ကြက်သွေးရောင်ကတ္တီပါအပေါ်ရုံကို ခြုံလွှမ်းထားတယ်။အပေါ်ရုံခြုံလွှာရဲ့အရှည်က ဂကိုက်ရှိတာပါ။ ခြုံလွှာရဲ့အောက်နားကို ရှဉ့်အရေခွန်ပေါင်း ၅၀၀ရဲ့ သားမွေးများနှင့် လက်ရာမြောက် ဆက်စပ်ချုပ်လုပ်ထားတာပါ။ ရွှေသားအတိပြီးတဲ့  ပန်းပွားအမြိတ်တခုကိုလည်း ကိုင်ဆောင်ထားတယ်။

 လန်ဒန်က အလှပြင်ဆိုင်Baroque Ltd နှင့် Moss  Bros, Ltd တို့က ရှေးရှေး နန်းမူ နန်းရာ မပျက် လိုအပ်တာမှန်သမျှ ဖြည့်ဆီးကူညီပေးတာဖြစ်တယ်။ အပြင်လူများ နန်းတက်ပွဲ မစမှီ ၀တ်ရုံရှည်ကြီးကို ၀င်ရောက်  ကြည့်ရှုခွင့်မရှိပါဘူး။ ပွဲသဘင်မစမီ တပတ်ခန့် အလိုကတည်းက အလွတ်စုံထောက်များဟာ မိမိတို့ ၏ တာဝန်ဝတ္တရားများကို အချိန်ပိုပေးပြီး ထမ်းဆောင်ကြရတယ်။ အမှတ်တရ ပစ္စည်းကလေးများလည်း ရောင်းချပေးကြောင်းသိရတယ်။

အဲလစ်ဇဘက်ဘုရင်မကြီးဟာ သက်ရှည်ကျန်းမာသူဖြစ်တာမို့ ချားလ်မင်းသားလည်း မင်းသားဘ၀နှင့် အရိုးထုတ်ရတော့မယ်ထင်ပါတယ်။ ဘုရင်မကြီးကလည်း မြေးတော်လေး ၀ီလျှံ ကိုသာ  ထီးနန်းလွှဲအပ်လိုတဲ့ ဆန္ဒရှိနေတယ်လို့ သတင်းများ ထွက်ပေါ်နေတာမို့  မှန်  မမှန်  ရွှေနန်းတော်ကျင့်ထုံးနှင့် ညီ မညီ ကာယကံရှင်သာ ဆုံးဖြတ်နိုင်ပါလိမ့်မယ်။ ဘုရင်မကြီးနောက် ဆက်ခံရမယ့် ဘုရင်လောင်း ဘယ်သူလဲ ဆိုတာ စောင့်ကြည့်ရမယ့် အနေအထားမှာ ရှိနေပါကြောင်း။

Florist
ref:   RD June 2012

(ဒါဟာ ၁၉၅၃ခုနှစ် အဲလစ်ဇဘက်ဘုရင်မ နန်းသိမ်းပွဲ အခြေအနေကို ထိုစဉ်က ရေးသားဖေါ်ပြခဲ့တဲ့ ဆောင်းပါးဖြစ်ပါတယ်။  ဒီဆောင်းပါးကိုဘဲ  RD မဂ္ဂဇင်း က ထပ်မံ ဖေါ်ပြထားခြင်းဖြစ်တယ်။ ယခု ဒီစာကိုရေးနေစဉ်မှာတော့  ဘုရင်မကြီးရဲ့ နန်းသက်  နှစ် ၆၀ ပြည့် ခဲ့ပြီ;၊ စိန်ရတုသဘင် ဆင်ယင်ကျင်းပပြီးစီးသွားပြီ ဖြစ်ပါတယ်။)

2 comments:

  1. ဘာရယ်မဟုတ်ပါဘူးးးး ထီးနန်းတွေဆို စိတ်ဝင်စားမိပါတယ်၊ သူ့မြေးတော်လေးဝီလျံ လက်ထပ်ပွဲတုန်းကလည်း သဘောကျမိတာလေးတွေ ရှိသေးတယ်။ ကြုံရင် ပိုစ့်တစ်ပိုဒ်တော့ ရေးအုံးမယ် ... :D

    ReplyDelete
  2. ဝက်စမင်စတာအဘေး ဘုရားကျောင်းကို
    ရိုက်လာခဲ့သေးတယ်..။
    အနာက်အပေါက်ဖက်က..


    ပေါက်

    ReplyDelete