Friday, June 1, 2012

ကန်းထရီးတွေရဲ့ အိမ်

၄၇ကြိမ်မြောက်နှစ်စဉ် ကန်းထရီးဂီတအကယ်ဒမီဆုပေးပွဲကို ၂၀၁၂ ဧပြီ ၁ ရက်နေ့က လာစ့်ဗေးဂက်စ်မှာပြုလုပ်ခဲ့ပါတယ်။ တစ်နှစ်စာအတွက် အကောင်းဆုံးဖျော်ဖြေသူဆုကို တေလာဆွစ်ဖ်ရရှိခဲ့တယ်။ ဘလိခ်ရှဲလ်တန်က အမျိုးသားအဆိုရှင်ဆု၊ မီရန်ဒန်လမ်ဘာ့ထ်က အမျိုးသမီးအဆိုရှင်ဆု၊ လေဒီအန်တီဘဲလ်လမ်က အဖွဲ့လိုက်ဆု၊ မျက်နှာသစ်အဆိုတော်ဆုကို အသက် ၁၉နှစ်ပဲရှိသေးတဲ့ အမေရိကန်အိုင်ဒဲလ်ဆုရ စကော့တီမက်ခရီးရီက ရရှိခဲ့ကြတယ်။ အကယ်ဒမီဆုပေးပွဲမှာတော့ ကန်းထရီးစတားတွေဟာ သူတို့ ၀တ်ဆင်နေကြ ဘုထ်၊ ဂျင်း တွေနဲ့ ချည်သားရှပ်အင်္ကျီတွေကို မ၀တ်ဆင်ကြတော့ပါဘူး။ ရှုးတွေ ကုတ်တွေ ပွဲနေ့ပွဲထိုင်ဂါဝန်တွေ ၀တ်ဆင်ပြီးတက်ရောက်ခဲ့ကြတယ်။ ကန်းထရီးသီချင်းတွေဟာ ချိုမြသလို ကန်းထရီးစတိုင်လ် ဘ၀နေထိုင်မှုပုံစံဟာ အင်မတန်စိတ်ချမ်းမြေ့စရာကောင်းပြီး ငြိမ်းချမ်းလှတယ်။ ကန်းထရီးစတားတွေရဲ့ ဦးထုပ်ကြီးတွေချိတ်ထားမယ့်နေရာ၊ ရေခဲစိမ်တီးချိုချိုတစ်ခွက်ကို အနားယူပမ်းဖြေရင်းသောက်သုံးနိုင်မယ့်နေရာဖြစ်တဲ့ သူတို့ရဲ့ အိမ်လေးတွေကို ကြည့်ရအောင်နော်။

၂၀ရာစုရဲ့ကန်းထရီးဂီတကို လွှမ်းမိုးထားနိုင်တဲ့ အမေရိကန် ကန်းထရီးဂုရုကြီး ဂျွန်နီကက်ရှ်(Johnny Cash)ရဲ့ တန်နက်ဆီပြည်နယ် ဟန်ဒါဆန်ဗီးလ်က အိမ်လေးပါ။
ဂျွန်နီကက်ရှ်ဟာ “Ring of Fire” “I Walk the Line” နဲ့ “Folsom Prison Blues” တို့လို နာမည်ကျော်တဲ့သီချင်းတွေအများကြီးပဲ ရေးခဲ့ပါတယ်။ သူရဲ့ ကျော်ကြားခဲ့တဲ့ သီချင်းတွေကို ဒီတန်နက်ဆီပြည်နယ်မှာရှိတဲ့ ရေကန်လေးအရှေ့က အိမ်လေးမှာနေထိုင်ပြီး ရေးစပ်ခဲ့ပါတယ်တဲ့။ နောက်ပိုင်းမှာ လမ်းတစ်ဘက်က မွေးမြူရေးခြံမှာ ပြောင်းရွှေ့နေထိုင်ခဲ့တယ်။ ကက်ရှ်ရဲ့ အိမ်ဟာ ၂၀၀၉၀န်းကျင်မှာ ဒေါ်လာ၅၉၅၀၀၀တန်ကြေးရှိခဲ့တယ်။ ကက်ရှ်ရဲ့ အိမ်လေးကို ကြည့်ပြီး သူ့ရဲ့ “The Night Hank Williams came to Town” ဆိုတဲ့သီချင်းက စာသားတွေကိုပြန်အမှန်ရမိစေတယ်။
 
“ဟယ်ရီထရူးမန်းက ကိုယ်တို့ရဲ့ သမ္မတပေါ့ကွယ်၊
အချိုရည်တစ်ဗူး၊ ဘာဂါတစ်လုံးမှ ၃၀ဆင့်ပဲ ပေးရလေတယ်။
ကိုယ်က မာဗစ်ဘရောင်းန် နဲ့ ချစ်ကျွမ်းဝင်နေဆဲပေါ့၊
အဲဒီညမှာ ဟန့်ခ်ဝီလျံမ်စ်ပေါ့၊ မြို့လေးကိုရောက်လာခဲ့တယ်။
“……………………………………..”
“……………………………………..”
မာမီက ကိုယ့်ရဲ့ ရှပ်အင်္ကျီကိုမီးပူတိုက်နေတယ်၊
ဒက်ဒီက ကိုယ့်ကိုထရပ်ကားမောင်းစေပြီး မာဗစ်ကိုကြိုဖို့ ခိုင်းလေတယ်။
အဲဒီညမှာ ဟန့်ခ်ဝီလျံမ်စ်ပေါ့၊ မြို့လေးကိုရောက်လာခဲ့တယ်။ ……..”
“……………………………………..”

သီချင်းစာသားလေးက သိပ်ကိုရိုးရှင်းပါတယ်။ အဲဒီခေတ်ကကျော်ကြားနေခဲ့တဲ ကန်းထရီးအဆိုတော် ဟန်ခ့်ဝီလျံမ်စ် သူတို့ မြို့လေးကို ညကြီး ရောက်လာတာကို ရေးထားတာပါ။ အင်မတန်ချစ်စရာကောင်းတဲ့သီချင်းလေးပါ။ ကက်ရှ်၊ အဲဒီအိမ်လေးထဲမှာ The Night Hank Williams came to Town သီချင်းကို မိသားစုဝင်တွေနဲ့ ပျော်ရွှင်ကြည်နူးစွာ ၀ိုင်းဖွဲ့သီဆိုခဲ့ကြမှာပါပဲ။

တေလာဆွစ်(ဖ်)(Taylor Swift) ရဲ့ ကယ်လီဖိုးနီးယားပြည်နယ် ဘီဗာလီဟေးလ်စ်က ဖြူလွလွအိမ်လေး
 

ရွှေရောင်ဆံပင်လေးနဲ့ မိန်းမချောလေးဆွစ်(ဖ်)ဟာ ဘီဗာလီဟေးလ်စ်ကအိမ်ကို ပြီးခဲ့တဲ့ နှစ်က ဒေါ်လာ ၃.၉၇သန်းနဲ့ဝယ်ယူခဲ့ပါတယ်။ ၂၈၂၆စတုန်းပေးကျယ်ဝန်းပြီး သိပ်ကို ဆိတ်ငြိမ်အေးချမ်းလှတဲ့အိမ်လေးလို့ဆိုတယ်။ ၁၉၄၁ က တည်ဆောက်ခဲ့တယ်။ ဘီဗာလီဟေးလ်စ်က တစ်ခြားအိမ်တွေနဲ့ မတူပါဘူး။ ၁၇ရာစုက နယူးအင်္ဂလန်ဘက်မှာ ဥရောပအခြေချနေထိုင်သူတွေတည်ဆောက်ခဲ့တဲ့ Cape Cod စတိုင်လ်အိမ်ပုံစံမျိုးလို့ဆိုတယ်။ အိမ်လေးက ရိုးရှင်းပြီး တစ်ထပ်နဲ့ တစ်ဝက်(တစ်ထပ်ခွဲ)အမြင့်ရှိပါတယ်။ အိပ်ခန်း ၄ခန်း နဲ့ ရေချိုးခန်း ၄ခန်းပါရှိတယ်။ 

အလန်ဂျက်ဆန် (Alan Jackson ) ရဲ့ ဖလော်ရီဒါ၊ မာတင်က အိမ်
အလန်ဂျက်ဆန်ရဲ့ သီချင်းတွေဟာ ၁၉၉၀ခုနှစ်အစောပိုင်းကာလတွေမှာ ကန်းထရီးဂီတလောကအတွက် အထောက်အပံ့ ဖြစ်စေခဲ့ပါတယ်။ ကန်းထရီးဂီတအကယ်ဒမီဆုတွေ အများကြီးရခဲ့တယ်။ သူ့ရဲ့သီချင်းတွေဟာလည်း လူကြိုက်များခဲ့ကြတယ်။ ဂျက်ဆန် ဂျော်ဂျီယာမှာ မွေးဖွားကြီးပြင်းခဲ့ပြီး နက်ရှ်ဗီးလ်ကို ၁၉၈၀ခုနှစ်ထဲမှာပြေင်းရွှေ့ခဲ့တယ်။ သူ့ရဲ့ ဂီတရည်မှန်းချက်ကြောင့်ပါ။ ဂျက်ဆန်ရဲ့ အိမ်ဟာ ဒေါ်လ၉၀၀၀၀၀ တန်းကြေးရှိပါတယ်တဲ့။


တန်နက်ဆီပြည်နယ်၊ နက်ရှ်ဗီးလ်မှာရှိတဲ့ ဖိတ်ထ်ဟေးလ် (Faith Hill ) ရဲ့အိမ်ပါ။
ဖိတ်ထ်ဟေးလ် က ပြောတယ်။ ကန်းထရီးဂီတက သူမရဲ့ဘ၀ပါတဲ့။ ကန်းထရီးဂီတကို ချစ်သလို ကန်းထရီးအဆိုတော်ကိုလည်း သူမက ချစ်ခင်ခဲ့တယ်။ ကန်းထရီးကဂီတသမား တင်မ်မက်ဂရူးကို လက်ထပ်ခဲ့ပါတယ်။ ဟေးလ်ဟာ ၁၉၉၀နောက်ပိုင်းမှာကျော်ကြားလာခဲ့တယ်။ “Breathe” နဲ့ “The Way That You Love Me” တို့က ကန်းထရီးခေတ်ရေစီကြောင်းမှာ လူသိများတဲ့သီချင်းကောင်းလေးတွေပါ။ ဟေးလ်တို့ ကန်းထရီးစုံတွဲက သူတို့စိတ်ကြိုက်အိမ်ကို ဒီဇိုင်းဆွဲပြီးဆောက်ခဲ့ကြတယ်တဲ့။ ၂၀၀၉ ဒီဇင်ဘာမှာအဲဒီအိမ်လေးဆီ ပြောင်းရွှေ့နေထိုင်ခဲ့ကြပါတယ်။ 

လေဒီအန်တီဘဲလ်လမ် (Lady Antebellum ) ကလည်း တန်နက်ဆီပြည်နယ်၊ နက်ရှ်ဗီးလ်ကပါ

ကန်းထရီးဂီတအဖွဲ့ လေဒီအန်တီဘဲလမ်ဟာ သူတို့ရဲ့အဖွဲ့နံမည်နဲ့ထုတ်ခဲ့တဲ့ အယ်လ်ဘမ်ထဲကသီချင်း “I Run to You” ကို ၂၀၀၉ဇူလိုင်မှာ ပထမဆုံးစင်ဂဲလ်အဖြစ်ထုတ်ခဲ့တော့ ဂီတပရိတ်သတ်တွေအကြိုက်တွေ့ခဲ့ကြတယ်။ ပထမဆုံးစင်ဂဲလ်နဲ့တင် ငွေကြေးအတော်များများရှာဖွေနိုင်ခဲ့ကြပါတယ်။ လေဒီအန်တီဘဲလမ်အဖွဲ့သားတွေက နက်ရှ်ဗီးလ်ဇာတိပါ။ ချားလ်စ်ကဲလီ၊ ဒေ့ဗ်ဟေးဝုဒ် နဲ့ ဟီလာရီစကော့ထ် တို့သုံးဦးသားဂရမ်မီစကာတင်စာရင်းဝင်ခဲ့ပြီး ကန်ထရီးဂီတအကယ်ဒမီဆုပေးပွဲမှာ ပရိသတ်တွေရဲ့ ခေါင်းညိတ်အားပေးမှုတွေ ရခဲ့ကြတယ်။ ၂၀၁၀မှာ အဖွဲ့ခေါင်းဆောင် ကယ်လီ က ၂၇၀၀ စတုရန်းပေကျယ်ပြီး အိပ်ခန်း၎ခန်း၊ ရေချိုးခန်း ၄ခန်းပါ အိမ်ကို ပထမဆုံးဝယ်ယူခဲ့ပါတယ်။

ဂျွန်ရစ်ခ်ျ (John Rich)

ကန်ထရီးဂီတသမား ဂျွန်ရစ်ခ်ျရဲ့ တစ်ကိုယ်တော်သီချင်းခွေမှာ လူကြိုက်များတဲ့သီချင်းတွေရှိခဲ့တယ်။ ဒါပေမဲ့ Big & Rich အဖွဲ့နဲ့ အဖွဲ့လိုက် သီဆိုခဲ့တဲ့ “Save a Horse, Ride a Cowboy” သီချင်းက ပိုပြီးလူသိများခဲ့ပါတယ်။ သူရဲ့ ပထမအိမ်ကို ဒေါ်လာ၄၈၆၉၀၀ နဲ့  ရောင်းချလိုက်တယ်။ ရစ်ခ်ျက နောက်တစ်အိမ်ကို ကပ်လျက်မှာပဲ ၀ယ်ယူခဲ့ပါတယ်။ ရစ်ခ်ျရဲ့ ပထမအိမ်ရောင်းချဖို့ ကြော်ငြာဗီဒီယိုမှာ “ရစ်ခ်ျ နဲ့ အိမ်နီးချင်းဖြစ်ချင်ခဲ့ရင်” ဆိုပြီးကြော်ငြာခဲ့ကြတယ်။ ရစ်ခ်ျကရှင်းပြပါတယ်။ "အိမ်ချင်းက သိပ်နီးပါတယ်။ ခင်ဗျား ကျွန်တော့အိမ်ရှေ့တံခါးကို ကျောက်ခဲတစ်လုံးနဲ့ ပစ်နိုင်တာပေါ့” တဲ့။ 

ဂယ်ရီအဲလ်လန် (Gary Allan)
ဂယ်ရီအဲလန်ရဲ့ ရွှေတံဆိပ်ရရှိခဲ့တဲ့ အယ်လ်ဘမ် “Used Heart for Sale” ကို ၁၉၉၆ ခုနှစ်မှာထုတ်ခဲ့တယ်။ စင်ဂဲလ် “ံHey Man” ဟာ လူကြိုက်များလှတဲ့သီချင်းပါ။ အဲလန်ရဲ့ ပထမအိမ်ကို မကြာသေးခင်က ရောင်းချခဲ့ပါတယ်။ ရောင်းချပြီး ၂လအကြာ အိမ်မြေဈေးကွက်မှာ ဈေးနှုန်းဖော်ပြလာပါတယ်။ ၁၄၀၈ စတုန်းပေကျယ်ဝန်းပြီး ဒေါ်လာ၁၅၄၀၀၀ နဲ့ရောင်းချခဲ့ပါသတဲ့။ လက်ရှိ အဲလန်ဟာ အရင်အိမ်နဲ့ မဝေးတဲ့ တစ်ခြား ဟန်ဒါဆန်အိမ်မှာနေထိုင်ပါတယ်။        ။

  Living Fashion Magazine, June, 2012

1 comment:

  1. သီချင်းနားထောင်သွားတယ်မဖြိုးရေ။ Rock ကိုကြိုက်သလို Country ကိုလည်း ကြိုက်တာပေါ့။ သူတို့တစ်တွေကျတော့လည်း ချမ်းသာလိုက်တာဗျာ။ အိမ်တွေကလည်း ကောင်းမှကောင်း။ မဖြိုးဆောင်းပါးက မဂ္ဂဇင်းပါတာကိုး။ ဂုဏ်ယူပါတယ်ဗျာ။ ကျွန်တော်လည်း ဗဟုသုတရပါတယ်။ ကျေးဇူး.....

    ReplyDelete