Thursday, March 25, 2010
ခရစ်ယာန်တစ်ယောက်လို့ပြောတဲ့အခါ
ကိုယ်ဟာ ခရစ်ယာန်တစ်ယောက်လို့ ပြောတဲ့အခါ
“ငါဟာ လုံခြုံနေပါပြီလို့”အော်ဟစ်ကြုံးဝါးမနေပါဘူး
တိုးတိုးလေးသာဆိုပါရစေ “ငါဟာ အရှုံးကိုမြတ်နိုးခဲ့သူပါ”
ဒါကြောင့်ပဲ ဒီလမ်းကိုရွေးချယ်ပါတယ်။
ကိုယ်ဟာ ခရစ်ယာန်တစ်ယောက်လို့ ပြောတဲ့အခါ
မာနထောင်လွှားဝံ့ကြွားလိုစိတ်နဲ့မပြောပါဘူး
ငါဟာချွတ်ချော်မှားယွင်းမှုကို ဝန်ခံလိုစိတ်ရှိနေပါတယ်
ငါ့အတွက်လမ်းပြပေးမယ့်သူ တစ်ဦးဦးကိုလဲ အလိုရှိပါတယ်။
ကိုယ်ဟာ ခရစ်ယာန်တစ်ယောက်လို့ ပြောတဲ့အခါ
ငါဟာ သန်မာကြံ့ခိုင်သူဖြစ်ဖို့ကြိုးစားနေမှာမဟုတ်ဘူး
ငါ့ရဲ့အားနည်းမှုကို ကိုယ့်ဘာသာသင်ကြားလေ့လာနေမယ်၊
ပြီးတော့ဆုတောင်းပါတယ်၊ ခွန်အားတွေနဲ့ရှေ့ဆက်ဖို့အတွက်ပေါ့။
ကိုယ်ဟာ ခရစ်ယာန်တစ်ယောက်လို့ ပြောတဲ့အခါ
အောင်မြင်မှုကို ကြွားဝါမနေပါဘူး
ငါဟာရှုံးနိမ့်တာကို လက်ခံနေမှာပါ
ငါဟာ အပြစ်အကြွေးတွေအမြဲပေးမနေနိုင်ပါဘူး၊
ကိုယ်ဟာ ခရစ်ယာန်တစ်ယောက်လို့ ပြောတဲ့အခါ
ငါ့ကိုယ်ကိုပြည့်စုံနေဖို့ တောင်းဆိုမနေပါဘူး
ငါ့ရဲ့အပြစ်အနာအဆာတွေက အထင်းသားနဲ့
ဒါပေမဲ့ ဘုရားသခင်ကယုံကြည်ပါတယ် ငါဟာဘုရားသခင်နဲ့ ထိုက်တန်တဲ့သူဖြစ်တယ်ဆိုတာကိုပေါ့၊
ကိုယ်ဟာ ခရစ်ယာန်တစ်ယောက်လို့ ပြောတဲ့အခါ
နာကျင်မှုတွေက စူးစူးရှရှရှိနေဆဲပဲ
ငါ့နှလုံးသားကကိုက်ခဲနာကျင်မှုတွေ ဝေငှပြောပြဖို့ရှိနေသေးတယ်
ဒါကြောင့် ငါ သူ့(ဘုရားသခင်)နာမည်ကိုပြောပြတာပေါ့၊
ကိုယ်ဟာ ခရစ်ယာန်တစ်ယောက်လို့ ပြောတဲ့အခါ
ငါတရားစီရင်လိုစိတ် အလျဉ်းမရှိပါဘူး
ငါ့မှာ ဒီလိုအခွင့်အာဏာမရှိပါဘူး
ငါက ချစ်ခင်ဖို့ပဲ သိတာပါ။ ။
by Carol S.Wimmer
ref: http://www.promiseofgod.com/iamachristian/
အနိမ့်အမြင့်အတက်အကျ အီတလီပြဇာတ်အက
ကျွန်မက အသက်သာကြီးလာရော စတိတ်ရှိုးဆိုရင်တောင် ဆံပင်တွေဖားဖားလျားလျားနဲ့ စင်ပေါ်ဝုန်းဒိုင်းကျဲ၊ ဟိုဒီပြေးနေတဲ့ သီချင်းမျိုးတွေဆိုတဲ့ စတိတ်ရှိုးမျိုးမှကြိုက်တာ၊ ပြီးတော့ ရန်ကုန်မှာတုန်းကဆိုရင် စတိတ်ရှိုးလက်မှတ်တွေဈေးကြီးလွန်းတော့ လေးဖြူတို့ မျိုးကြီးတို့ သူတို့ဖျော်ဖြေတဲ့ပွဲတွေတစ်ခါမှ မကြည့်ဖြစ်ခဲ့ဘူး၊ အစ်မကကပ်စေးနည်း ကျွန်မကလဲ တူတူပါပဲကပ်စေးကခပ်နည်းနည်း၊ အဲဒီလို ပိုက်ဆံကုန်မခံချင်တာနဲ့ပဲ ကန်တော်ကြီးမျှော်စင်ကျွန်းမှာ စနေ၊ တနင်္ဂနွေ free show ရှိတဲ့နေ့ပဲ စုံစမ်း၊ ရှိတယ်ဆိုသွားကြည့်ရင်းနဲ့  Nine Planet underground အဖွဲ့တွေ ဆိုတာကြည့်ဖြစ်တယ်၊ အဲဒီအဖွဲ့တွေကို သိပ်ကြိုက်သွားတယ်၊ Reviver ကပုံ့ပုံ့ တို့သီချင်းတွေလဲသိပ် ကြိုက်တယ်၊ ဒါတောင် ပုံ့ပုံ့က တချက်တချက်ခပ်ငြိမ်ငြိမ် ဖြစ်သွားတတ်လို့ အားမလိုအားမရဖြစ်မိသေးတယ်၊ လူနဲ့ စတိုင်လဲလှလို့ကြိုက်ပေမဲ့ ပိုလှုပ်စေချင်မိသေးတယ်၊ နောက်ပိုင်း အဲဒီအဖွဲ့တွေဆိုမယ်ဆိုရင် ရောက်အောင်သွားကြည့်ဖြစ်တယ်၊ အဖေရယ် အမရယ်၊ ကျွန်မရယ်၊ အဖေကတော့ ကျွန်မတို့ဘယ်ခေါ်ခေါ်လိုက်တယ်၊ သီချင်းတွေက နားကွဲအောင်ဆူညံလွန်းနေပစေ ခပ်ပြုံးပြုံးပဲ၊ သမီးတွေအကြိုက်ကို မရအရလိုက်နားထောင်ပေးတယ်၊
ဒီမှာတော့ အီတလီ ပြင်သစ်ယဉ်ကျေးမှုမျိုးတွေလွှမ်းမိုးနေတယ် ဘဲလ်ဂရိတ်သားတွေကလဲ ပြဇာတ်ရုံတွေမှာ ဘဲလေးကဇာတ်မျိုး၊ ဆိုပရာနို(အမြင့်သံ)အဆိုရှင်တွေ အဆိုနဲ့သာသရုပ်ဖော်ကပြတဲ့ ကဇာတ်မျိုးတွေ ကြည့်ဖို့ဝါသနာကြီးကြတယ်၊ ပင်စင်စားအဖိုးအဖွားတွေလဲ အစိုးရအထောက်အပံ့တွေရှိနေကြတော့ ဘ၀နောက်ဆုံး အချိန်တွေမှာ အေးအေးလူလူ နေနိုင်ကြတယ်၊ ပြဇာတ်ကြည့်ကြတယ်၊ သူငယ်ချင်းတွေဆီအိမ်လည်သွားကြတယ်၊ အဖိုးအဖွားတွေ တစ်ယောက်လက်တစ်ယောက်တွဲလို့ တလှုပ်လှုပ်သွားနေကြတာ ဘယ်နေရာမဆိုမြင်တွေ့နိုင်တယ်၊ ကျွန်မအမျိုးသားနဲရှောရဲ့ အဖေအမေလဲ သူငယ်ချင်းကခေါ်လို့ သွားတဲ့အခါသွား၊ သူတို့ကသူငယ်ချင်းကို လှမ်းခေါ်ပြီး ချိန်းတဲ့အခါချိန်းနဲ့၊ နဲနဲမှ ငြိမ်ငြိမ်မနေကြဘူး၊ သူတို့ဘာသာ ပြဇာတ်ကြည့်ရုံမဟုတ်ဘူး၊ ကျွန်မတို့ကိုပါ သူတို့သူငယ်ချင်းက ပြဇာတ်ပြချင်တယ် လိုက်ကြည့်ပါလို့ခေါ်တယ်၊ ကျွန်မကအဲဒီလိုပြဇာတ်မျိုးမှ မကြိုက်တာ၊ တစ်ခါငြင်းတယ် နှစ်ခါငြင်းတယ်၊ သုံးခါငြင်းတယ်၊ လေး ငါးခါရောက်တော့ မကောင်းတော့ဘူး၊ အဲဒီ လူကြီး၂ယောက်ရဲ့ သူငယ်ချင်းကစိတ်ဆိုးတော့မှာမို့ နဲရှောက သွားကြည့်ရအောင်ပါလို့ ခေါ်တယ်၊ ဒါနဲ့ပဲ တနင်္ဂနွေနေ့ တစ်နေ့မှာ လူကြီးနှစ်ယောက်နဲ့ ကျွန်မရယ် နဲရှောရယ်ပါ သွားကြည့်ဖြစ်ကြတယ်၊
အမျိုးသားပြဇာတ်ရုံ (Narodno Pozoriste)  ရှေ့ရောက်တော့ တာတာမာမာတို့ သူငယ်ချင်းတွေကမရောက်သေးဘူး၊ ပြဇာတ်ရုံက ဘဲလ်ဂရိတ်ရင်ပြင်ရှေ့နား မြို့လယ်မှာ၊ ဟိုဟိုဒီဒီလမ်းလျှောက်ကြတယ်၊ အဲဒီနေ့က မတ်လ ၂၁ရက်နေ့ နွေဦးရာသီစတဲ့နေ့ပါ၊ ရာသီဥတုက သိသိသာသာကြီးနွေးလာတယ်၊ မိန်းကလေးတွေရဲ့
စကတ်လေးတွေတိုလာကြပြီ အနွေးထည်တွေပါးလာကြပြီ၊ ရင်ပြင်ရှေ့နားမှာ ဆန္ဒပြနေတဲ့လူတစ်အုပ်စုကို တွေ့လိုက်ရသေးတယ်၊ ရဲက ၂ ယောက်လောက်တော့ တွေ့လိုက်တယ်၊ မကြာခဏ ဆန္ဒပြကြတဲ့ လူစုတွေ တွေ့ရတတ်တယ်၊ ဥပဒေကျောင်းသားတွေ scholarship ကိစ္စနဲ့ မကျေနပ်တာတွေရှိတော့ ဆန္ဒပြကြသေးတယ်၊ ၂ရက်လောက် ဆန္ဒပြကြပြီးတော့ ကျောင်းအုပ်က အာမခံပေးတယ်၊ အစိုးရကလဲသဘောတူလိုက်တော့ အဲဒီဆန္ဒပြပွဲအေးအေးဆေးဆေးပဲ ပြီးသွားခဲ့သေးတယ်၊ ကျွန်မတို့ဟိုနားဒီနား လမ်းလျှောက်ကြပြီးတော့ အမျိုးသားပြဇာတ်ရုံကိုသွားကြပါတယ်၊ တာတာ့ သူငယ်ချင်းတွေရောက်နေပြီ၊ အချင်းချင်းလက်ပြ အချက်ပေးကြတယ်၊ အနားရောက်တော့ တာတာ့သူငယ်ချင်းအဖိုးကြီး ဒရာဂီးရှာတဲ့၊ သူက မာမားကို နှင်းဆီတစ်ပွင့် ကျွန်မကိုနှင်းဆီတစ်ပွင့်ပေးတယ်၊ နှင်းဆီပန်းလက်လှမ်းတာကို လက်တွေက တုန်တုန်ရီရီ၊ တုတ်ကောက်တစ်ချောင်းကို အားပြုလို့၊ ဒရာဂီးရှာ ရဲ့အမျိုးသမီးကြီး လူးဘရီးဆာလဲ ခါးလေးနည်းနည်းကိုင်းချင်နေပြီ၊ “ဒီကရာသီဥတုတွေနဲ့ နေသားကျပြီလား”လို့ ဒရာဂီးရှာကမေးပါတယ်၊ ကျွန်မကနားမလည်လို့ အမျိုးသားကိုမေးရတယ်၊ ကျွန်မတို့အတွက်လက်မှတ် ၂ စောင် ထုတ်ပေးတယ်၊ ကျွန်မတို့လိုက်ကြည့်တာကိုပဲ အတော့်ကိုဝမ်းသာအားရဖြစ်နေကြတယ်၊ ပြဇာတ်ရုံရှေ့မှာ အလယ်တန်း ကျောင်းသူကျောင်းသားအရွယ်လေးတွေ ဆူဆူညံညံ ပျော်ရွှင်မြူးတူးလို့၊ ဆရာဖြစ်ဟန်တူရဲ့၊ သူက ကလေးတစ်ယောက်စီကိုလက်မှတ်တွေ ဝေပေးနေတာတွေ့လိုက်သေးတော့ ကျွန်မကသာ ဂန္တ၀င်ပြဇာတ်တွေမကြိုက်ပေမဲ့ ကလေးတွေကတော့ စိတ်ဝင်တစားရှိနေကြသလိုပါပဲ၊ ရုံထဲကိုဝင်တော့ ၀င်ဝင်ချင်းခန်းမမှာ ရွှေရောင်ကနုတ်ပန်းခက်တွေ အမိုးမှာပြည့်နေတယ်၊ ရွှေရောင်ကနုတ်တွေကတော့ ရန်ကုန်ကဘုရားတွေမှာ ရွှေရောင်တ၀င်းဝင်းကြည်ညိုဖူးထားတဲ့ ကျွန်မအတွက် သိပ်မဆန်းတော့ပါဘူး၊ မီးဆိုင်းအကြီးကြီးတွေကတော့တော်တော်ကြီးပါတယ်၊ သုံးခုက ၀င်ဝင်ချင်းအခန်းမှာ၊ မီးဆိုင်းကြီးတွေလှတယ်၊ မှန်တွေ နေရာတကာတွေ့ရတယ်၊ ကျွန်မကမှန်ကြောက်တတ်သူဆိုတော့မှန်မြင်ရင် မျက်နှာချက်ချင်းလွှဲလိုက်တာပဲ၊ ကျွန်မဘာသာဘယ်တော့မှမကြိုက်ဘူး၊ မှန်တွေတွေ့ရင်လဲ မကြည့်ဘူး၊ ပြီးမှ ဖြည်းဖြည်းချင်းပြန်ကြည့်တာ၊ အဲဒါလဲစိတ္တဇတစ်ခုလိုပဲ၊ အထဲမှာ ကုတ်အကျီတွေကောင်တာမှာအပ်ချင်တဲ့သူအပ်ကြတယ်၊ အပြင်မှာပဲအကျီအထူကြီးတွေ ၀တ်ဖို့လိုတာကိုး၊
ကျွန်မတို့ဝင်လာကြတော့ အခန်း ၂ တဲ့ နဲရှောကပြောတယ်၊ အခန်း ၂ ရှေ့အရောက် တံခါးကိုဖွင့်ဝင်လိုက်တော့ ကဇာတ်ရုံဘေးပတ်ပတ်လည်က အခန်းလေးတွေထဲကတစ်ခန်းဖြစ်နေတယ်၊ ဒရာဂီးရှာနဲ့ လူးဘရီးဆာက တစ်ခန်း၊ တာတာနဲ့မာမာက တစ်ခန်း၊ ကျွန်မတို့ကတစ်ခန်း၊ တစ်ခန်းမှာခုံလေးတွေ ၂လုံးတစ်တန်း ၄လုံးရှိတယ်၊ ကျွန်မတော့သွေးစုတ်ဖုတ်ကောင်ဒရက်ကူလာရုပ်ရှင်ကိုချက်ချင်း သွားသတိရလိုက်မိသေးတယ်၊ ဒရက်ကူလာရုပ်ရှင်ထဲက ကောင့်ဒရက်ကူလာ လန်ဒန်ကိုသင်္ဘောနဲ့ပါလာပြီးနောက်ပိုင်း မီနာတို့လေးယောက်သား ကဇာတ်ရုံထဲကြည့်နေတုန်း ဒီလိုအခန်းလေးထဲကိုဝင်လာတာ ပြန်တွေးမိပြီး အခုနေတံခါးကိုဖွင့် “အိုင်မမ်ကောင့်ဒရက်ကူလာ”လို့လာမိတ်ဆက်မှဖြင့်၊ ကျောတောင်တွန့်ခနဲ့ဖြစ်သွားတယ်၊ ဘေးအခန်းလေးတွေကလေးထပ်ရှိတယ်၊ ခန်းမကြီးကအလယ်မှာ တဆင့်တည်းပါပဲ၊ ဘေးကအခန်းလေးတွေရဲ့ အပေါ်ဆုံးအထပ်မှာတော့ ကြည့်တဲ့သူမရှိဘူး၊ ပြဇာတ်စင်ရှေ့ပရိသတ်တွေရှေ့မှာ တဆင့်နိမ့်ထားပြီး orchestra တီးတဲ့အတီးအမှုတ်ပညာရှင်တွေက ပရိတ်သတ်ဘက်လှည့်ပြီးနေရာယူထားကြပါတယ်၊ ခန်းမအလယ်ကကြည့်တဲ့သူတွေက တီးတဲ့သူတွေကို မမြင်ရပါဘူး ကာထားတယ်၊ ကျွန်မတို့ဘက်အခြမ်း နောက်အခန်း ၁ အပြီး စင်နဲ့ကပ်လျှက်အခန်းလေးမှာ ကီးဘုတ်တီးမယ့် အမျိုးသမီးတစ်ယောက်ရှိတယ်၊ ကီးဘုတ်လဲသုံးတာပဲလို့တောင် တွေးမိလိုက်သေးတယ်၊ ပြဇာတ်မပြခင် နဲရှောက လက်ကမ်းကြော်ငြာဖတ်ပြီး ရှင်းပြလို့ ဇာတ်လမ်းအကျဉ်းကိုတော့ သိထားပြီးပါပြီ၊ ဇာတ်လမ်းက ပီယဆေးအကြောင်းအချစ်ဇာတ်လမ်းပါ၊ Love potion (ljubavni napitak,doniceti)  တဲ့၊ composer က အီတလီလူမျိုးဒေါ်နီဆက်တီ၊ conductor က ဆားဘီးယားလူမျိုး ဇိုရစ်ဆာမီတာ့ဗော်ရီနိုဗစ်ခ်ျ၊ director က ဘူလ်ဂေးရီးယားလူမျိုး ပလာမန်းကာတာလိုဗ့်၊ သရုပ်ဆောင်တွေက ဆားဘီးယန်းတွေပါ၊ အဓိကအမျိုးသမီးသရုပ်ဆောင်က စနဲရွာနာဆာဗစ်ခ်ျဆာကူလစ်ခ်ျ(ဇာတ်လမ်းထဲမှာ သဌေးသမီး အဲလ်ဘီနာ)၊ အဓိကအမျိုးသားသရုပ်ဆောင်က ဒဲရန်မက်ဆီးမိုးဗစ်ခ်ျ(သဌေးသမီးရဲ့ ချစ်သူ နဲမော်ရီနို)၊ ရဲအုပ်
ဘဲလ်ကော်ရဲ နဲ့ ပီယဆေးရောင်းသူ ဒူကာမော်ရာတို့ပါဝင်ကပြကြမယ်တဲ့၊ ဇာတ်ကြောင်းကအီတလီမြို့ငယ်လေး တစ်ခုမှာအခြေခံထားပါတယ်၊
ခဏနေတော့မီးတွေမှိတ်လိုက်ပြီး conductor  အမျိုးသမီးစင်ရှေ့မှာပေါ်လာတယ်၊ ပရိတ်သတ်ဘက်လှည့်ပြီး နှုတ်ဆက်ပါတယ်၊ အနက်ရောင်ဝတ်စုံမှာ အဖြူရောင်ငွေမှုန်တွေတဖြတ်ဖြတ်လက်နေတဲ့ ၀တ်စုံဝတ်ထားတယ်၊ ပြီးတော့ချက်ချင်းပဲ လက်တွေလေထဲလှုပ်ရှားပြီး အတီးအမှုတ်အဖွဲ့သားတွေကို ဦးဆောင်တော့တယ်၊ ကားလိပ်အနီကြီးလဲ ခပ်မြန်မြန်လေးပဲဖွင့်ပါတယ်၊ အခမ်းအနားအပြင်အဆင်က စင်အလယ်မှာ ခေါင်မိုးလုံးလုံး တိုင်လုံးတွေနဲ့အဆောက်အဦးတစ်ခု၊ ကောက်စိုက်ပျိုးနှုတ်လုပ်နေသူ လေးယောက်လောက်အဖြူရောင်အ၀တ်အစား၊ တြိဂံဇောက်ထိုးပုံခေါင်းဆောင်း၊ ကောက်ရိုးထည့်တားတဲ့ပလိုင်းတွေလွယ်လို့၊ အီတလီတောမြို့လေးကအ၀တ်အစား ဂါဝန်ဖားဖားနဲ့အမျိုးသမီးလေးတွေ ဟိုဒီပြေးလွှားလို့ ကလေးထိန်းအမျိုးသမီးတွေ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးလေးတစ်ချို့၊ မြို့သားယောက်ျားလေးတွေတစ်ချို့ သွားလာနေကြပုံကိုပြထားတယ်၊ အဓိကအမျိုးသားသရုပ်ဆောင်က သီချင်းဆိုပါတယ်၊ ဆိုဟန်ကတော့ အမြင့်သံဆိုပရာနိုတွေနဲ့ ဥရောပသားတွေသိပ်ကြိုက်တဲ့ဆိုနည်းမျိုးတွေ၊ ကျွန်မနားထဲတော့ ဟီဟီ ဟိုဟိုပဲကြားနေမိတယ်၊ ဘာလို့မှန်းမသိပါဘူး၊ နိမ့်ရာကနေအမြင့်ဆုံးရောက်သွားတဲ့အထိ ဆိုတဲ့အသံကို နားထောင်ရတာကြိုက်ပြီး အမြင့်သံကနေ ဟို--ဟို ဆိုပြီးမြန်မြန်ကြီးနိမ့်ချလိုက်တဲ့အခါ ကျွန်မနားထဲ နားထောင်ရသိပ်ခက်ထာပဲ မကြိုက်ဘူး၊ အီတလီစကားနဲ့ပဲဆိုကြတယ်၊ စင်ပေါ်အထက်နားမှာ စာတမ်းထိုးပေးထားတဲ့လျှပ်စစ်boxလေးရှိတယ်၊ ကျွန်မမှာ စာတမ်းထိုးပေးထားလဲ နားမလည်၊ ဆိုတာလဲ နားမလည်တော့ နဲရှောကပဲ တချိန်လုံးရှင်းပြပေးနေရတယ်၊ တစ်ခါတစ်ခါ သူ့အသံကျယ်သွားမှာစိုးလို့ ရှုး တိုးတိုး နဲ့လုပ်ရသေးတယ်၊ သူဌေးသမီးရဲ့ချစ်သူ နဲမောရီနို ဆိုနေတဲ့အချိန်မှာမြို့သားတွေက သွားလာလှုပ်ရှားရင်း နားစိုက်ထောင်ကြတယ်၊ နဲမောရီနိုဆိုလို့ပြီးတော့ အမျိုးသမီးခပ်ရွယ်ရွယ်လေးတွေထဲက တစ်ယောက်ထွက်လာတယ် သူကစာအုပ်တစ်အုပ်ကိုင်လို့၊ သီချင်းနဲ့ သရုပ်ဖော် ဟီဟီဟိုဟိုဆိုသံနဲ့ ဆိုပါတယ်၊ သူက သူဌေးသမီးလေးအဲလ်ဘီနာတဲ့၊ အဲဒီမြို့ကအချောဆုံးအသွက်ဆုံး ပညာတတ်မိန်းကလေးပေါ့၊ အဲလ်ဘီနာက ဂျာမန်ပီယဆေးအကြောင်း ရေးထားတဲ့စာအုပ်ကိုဖတ်ပြနေပါတယ်၊ အချစ်နဲ့ပီယဆေးအကြောင်း စာအုပ်ပေါ့၊ စာအုပ်ဖတ်ပြနေတုန်း အဲလ်ဘီနာရဲ့အနား ဆယ်ကျော်သက်မိန်းမရွယ်လေးတွေဝိုင်းပြီး အချစ်အကြောင်းစပ်စုနေကြတယ်၊ သူတို့ကလဲ ပြန်မေးတယ် အားလုံးက unplug  ဆိုကြတာပါ၊ စင်ပေါ်မှာကအသံဖမ်းစနစ်ကောင်းအောင် လုပ်ထားကြပြီး အသံလေ့ကျင့်မှုအားလဲကောင်းကြတော့ အသံတွေကဟိန်းထွက်နေကြတယ်၊ သံပြိုင်ဆိုကြတဲ့အခါ အင်မတန် နားထောင်ကောင်းပါတယ်၊ အဲလ်ဘီနာဆိုပြီး အမိုးလုံးအဆောက်အဦးပေါ်က ရဟတ်ယာဉ်တစ်စင်းဆင်းလာတယ်၊ အမိုးပေါ်မှာနားလိုက်ပြီး ရဲအုပ်ဘဲလ်ကော်ရဲ က ခေါင်းမိုးပေါ်ကနေဗြုန်းဆို လျှောစင်းလာတယ်၊ ကြေင်လိမ်လျှောစင်လေးရှိတယ်၊ ပြီးတော့ သူ့ရဲ့တပ်သားတွေကစင်ဘေးက ၅ ယောက် ၆ယောက်လောက်ထွက်လာတယ် သေနတ်ကြီးထုတ်ကိုင်ပြီး သီချင်းဆိုပါတယ်၊ ရဲအုပ်လာတော့မြို့သားတွေအားလုံး ပြာပြာသလဲမြေပေါ်မှာဝပ်လှဲကြတယ်၊ ကြောက်နေကြတယ်၊ ကြောက်တာတောင် အဆိုနဲ့ ကြောက်ကြတယ်၊ သီချင်းအပြန်အလှန်ဆိုပြီးမှ ရဲအုပ်နဲ့ရင်းနှီးသွားကြတော့ ပုံစံမပျက်သွားလာလှုပ်ရှားပုံကိုပြတယ်၊ ပြီးတော့အဲဒီအခန်းရပ်လိုက်တယ်၊ လက်ခုပ်သံတွေတဖြောင်းဖြောင်းတီးကြတယ်၊
နောက်တခန်းမှာ လူဆွဲတဲ့လှည်းနဲ့ပီယဆေးရောင်းမယ့်ဆေးဆရာဒူကာမော်ရာရောက်လာတယ်၊ အ၀တ်အစားက တရုတ်ဆေးဆရာတွေပုံစံမျိုးလိုပါပဲ၊ ဆေးဆရာက မြို့ထဲလှည့်ပြီးဆေးကို ညာပြီးရောင်းတယ်၊ ပီယဆေးဆိုပြီး အရက်လို ၀ိုင်လိုမူးယစ်စေတဲ့အရည်တွေကို ပုလင်းလေးထဲ ထည့်ပြီးရောင်းတယ်၊ အမျိုးသမီးလေးတွေ ယောက်ျားလေးတွေ ၀ယ်ကြတယ်၊ နဲမောရီနို လဲ တစ်ပုလင်းဝယ်တယ်၊ ပြီးတော့ အဲဒီပုလင်းလေးကို ဖွင့် ဖွင့်ပြီးသောက်တယ်၊ သီချင်းတွေဆိုပါတယ်၊ ပြီးတော့ မူးမူးရူးရူးဖြစ်လာပြီး အဲလ်ဘီနာကို ဂရုမစိုက်တော့ပါဘူး၊ တခြားမိန်းကလေးတွေနဲ့ ပရောပရီလုပ်နေတယ်၊ အဲဒီတော့ အဲလ်ဘီနာက စိတ်ဆိုးစိတ်နာသွားပြီး ရဲအုပ်နဲ့ အရောတ၀င်နေတယ်၊ အဲလ်ဘီနာက အဲဒီမြို့လေးက အချောဆုံးအမျိုးသမီးလေး ဆိုတော့ ရဲအုပ်ကလဲ မြင်မြင်ချင်းသဘောကျသွားတော့တယ်၊ ရဲအုပ်က အမျိုးသမီးလေးကို လက်ထပ်ခွင့်တောင်းလိုက်တော့ အဲဒီအချိန် နဲမောရီနို နဲ့လဲ အဆက်အသွယ်ပြတ်နေတော့ အဲလ်ဘီနာ ရဲအုပ်ကိုလက်ထပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်၊ အဲဒီမှာပထမပိုင်းပြီးသွားပြီး ၁၅မိနစ်လောက် အားလပ်ချိန်ပေးတယ်၊
ပြဇာတ်လဲပြီးရော ပြဇာတ်မှာ ပါဝင်တဲ့သရုပ်ဆောင်တွေ ပရိတ်သတ်ကိုနှုတ်ဆက်တဲ့အခါ အရံသရုပ်ဆောင်တွေက အရင်ဆုံး နှုတ်ဆက်ကြတယ်၊ ပြီးတော့ဆေးဆရာ၊ ရဲအုပ်၊ နဲမောရီနို၊ အဲလ်ဘီနာ နှုတ်ဆက်တယ်၊  နောက်ဆုံးမှာမှ conductor  ဇိုရစ်ဆာမီတာ့ဗော်ရီနိုဗစ်ခ်ျ ပရိတ်သတ်တွေကို နှုတ်ဆက်ပါတယ်၊ လက်ခုတ်သံတွေ တချိန်လုံးကြားနေရတယ်၊ မရပ်မနားလက်ခုပ်တီးကြပါတယ်၊ ကျွန်မလဲလက်ညောင်းတဲ့အထိ မရပ်မနားတီးလိုက်ရတယ်၊
အပြန်လမ်းတလျှောက် နားထဲမှာ တက်လိုက်ကျလိုက် သီချင်းသံတွေပဲကြားနေမိတယ်၊ ဒီလိုသီချင်းသံတွေနဲ့ပဲ စကားပြောကြရရင် တော်တော်တော့ပျော်ဖို့ကောင်းမယ်လို့ တွေးမိတယ်၊ ဟို ဟို ဟို … ဟီ ဟီ ဟီ.. အသံအနိမ့်အမြင့်၊ အတက်အကျ ခပ်တိုးတိုးဆိုကြည့်မိတယ်၊ နဲရှောကပြောတယ်၊ “ဆိုလို့ရတယ်၊ ဖြစ်မယ့်ပုံပဲ သေချာဆိုပြပါလား” တဲ့ သူကပွဲတောင်းနေသေးတယ်၊
Saturday, March 20, 2010
ဒီနေ့လား မနက်ဖြန်လား
ပြီးခဲ့တဲ့ တနင်္ဂနွေက သချိုင်းကိုရောက်ဖြစ်ခဲ့တယ်၊
အဖိုးအဖွားတွေကို ကန်တော့မယ်ဆိုတော့ တာတာ၊ မာမား တို့နဲ့ သွားဖြစ်ကြတယ်၊
အုတ်ဂူမှာ ပန်းအသစ်လဲကြတယ်၊ မှန်ပုံးလေးထဲက ဆီမီးခွက်အဟောင်းကိုပြန်ထုတ်တယ်၊
ဆီအပြည့်ထည့်ထားတဲ့ဖန်ခွက်လေးထဲ သတ္တုကွပ်ထားတဲ့မီးစာလေးကို မီးရှို့ပြီး မှန်ပုံးလေးထဲပြန်ထည့်လိုက်တယ်၊ နှင်းတွေဖုံးနေလို့ ကော်ပြားလေးနဲ့ နည်းနည်းခဲပြီး ကပ်နေတဲ့နှင်းတွေကိုခွဲရင်း အုတ်ဂူကိုရှင်းကြတယ်၊ ကွယ်လွန်သွားတဲ့အဖိုးအဖွားတွေ ဦးလေးတွေ ဘယ်သူက ဘယ်သူဆိုတာပြောပြကြတယ်၊ အုတ်ဂူက ကျောက်ပြားမှာ အဖိုးအဖွားဓါတ်ပုံ ဦးလေး၊ အဒေါ် မိသားစုဝင်တွေရဲ့နာမည်တွေ အစဉ်လိုက်ရေးထားကြတယ်၊ တချို့ အသက်ရှင်နေဆဲ ဦးလေး တွေပါ နာမည်ရေးထားတာတွေလိုက်သေးတယ်၊ မွေးဖွားတဲ့ခုနှစ်ပဲထည့်ထားကြတာပေါ့၊ တာတာက သူ့ သူငယ်ချင်းတစ်ချို့ရဲ့ အုတ်ဂူတွေဆီ ပန်းတွေသွားထားတယ်၊
တာတာ နဲ့ မာမားနှစ်ယောက်သား အရှေ့မှာ တလှုပ်လှုပ်သွားနေကြတာကြည့်ရင်း နောက်က ဓါတ်ပုံရိုက်ယူထားလိုက်တယ်၊ ဓါတ်ပုံရိုက်မလို့ ဆိုတော့ လူကြီးနှစ်ယောက်က လှည့်ကြည့်ပါတယ်၊
သချိုင်းမှာ ရုပ်တုတွေထားကြတယ်၊ ဘောလုံးကိုကိုင်ထားတဲ့ကလေးငယ်လေးပုံ၊ ဂစ်တာတီးနေတဲ့ ဂီတသမားပုံ၊ ပြီးတော့ နိုင်ငံရေးသမားဖြစ်မယ်(မပြောတတ်ပါဘူး မိန့်ခွန်းပြောနေတဲ့ပုံစံလိုရုပ်တုတွေ့လို့)၊ ဇနီးမောင်နှံစုံတွဲရုပ်တုတွေလဲ တွေ့ရတယ်၊ လက်ဝါးကတ်တိုင်တွေကို အုတ်ဂူခေါင်းရင်းပိုင်းမှာ စိုက်ထားကြတယ်၊ ကွန်မြူနစ်တွေကြီးစိုးတဲ့ခေတ်တုန်းကတော့ သချိုင်းတွေမှာ လက်ဝါးကပ်တိုင်ကို လူမြင်သူမြင်မစိုက်ရဲကြဘူး၊ ခရစ်ယာန်မှန်းသိသွားတဲ့အခါ အလုပ်မှာရာထူးတိုးမပေးတာတို့ ဖမ်းဆီးဖို့ကြိုးစားကြတာတွေရှိခဲ့တယ်လို့ ဆိုတယ်၊ ဆုတောင်းပွဲတွေ ကြီးကြီးမားမားလုပ်လို့မရဘူး၊ ဒါကြောင့်ခရစ်ယာန်ဘာသာဝင်တွေ ကိုယ့်အိမ်ထဲမှာပဲ မိသားစုဆုတောင်းပွဲတွေပြုလုပ်ကြရတယ်၊ မိသားစုတိုင်းမှာ စိန့်(သူတော်စင်)တစ်ပါးစီ စောင့်ရှောက်နေတယ်လို့ အယူရှိတယ်၊ စိန့်တွေကို သူ့နေ့နဲ့ သူ အိမ်တွေမှာ ၀တ်ပြုဆုတောင်းတာလုပ်ကြတယ်၊
အုတ်ဂူတွေကိုကြည့်ရင် ကျွန်မအလှည့်ဘယ်တော့လဲ ... တွေးနေမိခဲ့သေးတယ်၊
ကျွန်မသေရင် ဘယ်နေရာမှာမြှပ်ဖြစ်မလဲ ဘဲလ်ဂရိတ်မြေကြီးမှာလား ရန်ကုန်မှာပဲလား၊
အနာဂါတ်ဆိုတာ ကြိုမှမသိနိုင်ပဲ ..
ဒီနေ့လား ... နက်ဖြန်လား ..
ဒီနေ့ညည်းမိတဲ့သီချင်း
မိုးလင်းတာနဲ့ ဒီသီချင်းကစိတ်ထဲအလိုလိုပေါ်လာတယ်၊
ကိုင်ဇာသီချင်းလားမသိပါဘူး၊ အမတွေခေတ်က နာမည်ကြီးတယ်၊
ဒီနေ့တော့ တချိန်လုံးဒီသီချင်းပဲ ညဉ်းမိနေတယ် ..
~ အဆောင်မှာထမင်းဟင်းတွေ စားမကောင်းရင်စိတ်မညစ်နဲ့ ~
အတူနေရတော့မှ မင်းကိုချက်ခိုင်းမှာ ~
~ အဆောင်မှာထမင်းဟင်းတွေ စားမကောင်းရင်စိတ်မညစ်နဲ့ ~
အတူနေရတော့မှ မင်းကိုချက်ခိုင်းမှာ ~
Friday, March 19, 2010
ဘုရားသခင်ရဲ့လက်ဆောင် ပင့်ကူလေးတစ်ကောင်
စစ်ပွဲအတွင်းရှေ့တန်းတစ်နေရာမှာ  . . .
အမေရိကန်မရိန်းတပ်သားလေးတစ်ဦးဟာ သူရဲ့တပ်ဖွဲ့နဲ့ တကွဲတပြားဖြစ်ခဲ့တယ်၊ တိုက်ပွဲက ပိုပိုပြီးပြင်းထန်လာနေပြီ၊
ယမ်းမှုံတွေမီခိုးညှော်နံ့တွေကလဲသိပ်သည်းလို့ သေနတ်သံတွေ၊ ဗုံးဆံအမြောက်သံတွေကလဲ နေရာအတော်များများခပ်စိပ်စိပ်တိုက်ခိုက်နေကြပြီ၊
မရိန်းတပ်သားလေးဟာ သူ့ရဲ့အဖွဲ့သားတွေနဲ့ အဆက်အသွယ်လုံးဝပြတ်တောက်ခဲ့ရပြီ၊
တိုက်ပွဲမျက်နှာစာတွင်းက ကုန်းကမူလေးတွေမှာ ဗုံးဆံထိမှန်ထားလို့အရာအားလုံးယိုယွင်းလို့၊ တောင်ကုန်းလေးတွေကြားထဲ မရိန်းတပ်သားလေးတစ်ဦးတည်းရှိနေချိန်မှာ ရန်သူစစ်သားတွေအလုံးအရင်း မရိန်းတပ်သားလေးရှိရာအရပ်ဆီလာနေကြပြီ၊ တပ်သားလေးဟာ အကာအကွယ်တစ်ခုခုတွေ့လိုတွေ့ငြား ကိုယ်ကိုတွန့်လိမ်လျှောဆင်းရင်းနဲ့ ခပ်မြင့်မြင့်တောင်ကုန်းတစ်ခုမှာ လှိုဏ်ကမူလေးတွေအတော်များများရှိနေတာတွေ့လိုက်ရတယ်၊ သူ အလျှင်အမြန်ပဲ လှိုဏ်ဂူလေးတစ်ခုဆီ တွားပြီးသွားလိုက်တယ်၊ အခိုက်အတန့်အားဖြင့် သူ့ဘာသာ ကာကွယ်နိုင်လိုက်ပေမဲ့ သိပ်မကြာမီ ဒီနေရာတစ်ဝိုက်က တောင်ကုန်းတွေအားလုံး ပိုက်စိတ်တိုက် သူတို့ရှာဖွေကြတော့မယ်၊ အဲဒီလိုသာဆိုရင် မရိန်းတပ်သားလေးဟာ ဖမ်းမိသွားတော့မယ်၊ အသတ်ခံရတော့မယ်ဆိုတာ သူ သိနေလိုက်ပါပြီ၊ အသက်ကိုခပ်ပြင်းပြင်းရှုလိုက်ရင်း ဘုရားသခင်ထံဆုတောင်းဖို့ပြင်တော့တယ်၊ အခုအချိန်မှာ မရိပ်တပ်သားလေးအတွက် ဘုရားသခင်သာ အကာအကွယ်ပေးနိုင်တော့မယ်၊ သူ ဆုတောင်းလိုက်တယ်၊
“ဘုရားသခင် .. ဆန္ဒရှိခဲ့မယ်ဆိုရင် ကျွန်ုပ်အတွက် ကာကွယ်စောင့်ရှောက်ပေးပါ၊ အသင် ကျွန်ုပ်အတွက် ဘာကိုပဲဆန္ဒရှိခဲ့ပစေ .. သင့်ကိုကျွန်ုပ်ချစ်မြတ်နိုးတယ်၊ အို အဖ သင့်ကိုကျွန်ုပ်ယုံကြည်တယ်၊ အာမင်” လို့ ဆုတောင်းခဲ့ပါတယ်၊
မရိန်းတပ်သားလေးဆုတောင်းပြီးတဲ့အခါ ဂူလေးထဲမှာငြိမ်ငြိမ်ဆိတ်ဆိတ်လဲလျောင်းရင်း ရန်သူတွေရဲ့ ခြေသံတွေတစ်စထက်တစ်စပိုပိုနီးကပ်လာနေတာကို နားထောင်နေလိုက်တယ်၊ ဘုရားသခင်တော့ သူ့အတွက်ကူညီဖို့ဆန္ဒရှိပုံမရတော့ဘူးလို့  သူ စိတ်ပျက်အားလျော့စွာ တွေးနေခဲ့မိတယ်၊
အဲ့ဒီနောက် မရိန်းတပ်သားလေးဟာ ထောင့်တစ်ထောင့်က ပင့်ကူလေးတစ်ကောင်ခပ်လှုပ်လှုပ်ပြေး လာနေတာကို တွေ့လိုက်ရတယ်၊ ပင့်ကူလေးဟာ လှိုဏ်ဂူအရှ့ မှာ အိမ်စတင်ယက်လုပ်တော့တယ်၊ သူ စောင့်ကြည့်နေပါတယ်၊ ရန်သူတွေရဲ့ ခြေသံတွေပိုပိုပြီး နီးကပ်လာတာကို လဲ နားစွင့်နေမိတယ်၊ ပင့်ကူလေးက ခပ်သွက်သွက်အလုပ်တွေရှုပ်နေပါတယ်၊ မရိန်းတပ်သားလေးက ++အိုး .. ငါအတွက် အခုအချိန်မှာလိုအပ်တာက အုတ်နံရံတစ်ခုလို အကူအညီမျိုးပေါ့၊ ဘုရားသခင် ငါ့အတွက်ပို့လိုက်တာက ပင့်ကူအိမ်လေးတစ်ခုပဲ၊ အို အဖ .. ကျွန်ုပ်ကို ကျီစားလေသလား++ လို့ တွေးမိလိုက်တယ်၊
ရန်သူတွေရဲ့ ခြေသံတွေအနီးကပ်ဆုံးဖြစ်လာခဲ့တဲ့အခါ သူ့ခန္ဓာကိုယ်ကို တတ်နိုင်သလောက်လှိုက်ဂူထောင့်လေး မှာ ပုန်းကွယ်နေလိုက်တယ်၊ လှိုဏ်ဂူရဲ့ အမှောင်ထုလေးအတွင်းက အပြင်ဘက်ကိုငေးကြည့်နေမိတယ်၊ အပြင်ဘက်မှာ လှိုဏ်ဂူတွေတစ်ခုပြီးတစ်ခု ရန်သူတွေချဉ်းနင်းရှာဖွေနေကြတယ်၊ နောက်ဆုံးတော့ သူ့ရဲ့ လှိုဏ်ဂူလေးရှိရာ ရန်သူတွေရောက်လာကြပြီ၊ မရိန်းတပ်သားလေးဟာ မကြာခင်တွေ့ကြုံရတော့မဲ့ သေမင်းကို ကြောက်လန့်တကြားတွေးရင်း အသက်ကိုအောင့်ထားလိုက်တယ်၊ သူ သေရတော့မယ်၊
ဒါပေမဲ့ ခြေသံတွေဟာ လှိုဏ်ဂူထဲကို ရောက်မလာခဲ့ပဲ တဖြည်းဖြည်းဝေးသွားကြတယ်၊
မရိန်းတပ်သားလေး သဘောပေါက်လိုက်ပါပြီ၊ ပင့်ကူအိမ်တွေဖုံးကွယ်နေတဲ့ လှိုဏ်ဂူထဲမှာ လူမရှိနိုင်ဘူးလို့ ရန်သူတွေကယူဆခဲ့ကြတယ်၊
မရိန်းတပ်သားလေးဟာ အင်မတန်စိတ်မကောင်းဖြစ်သွားတယ်၊ ဘုရားသခင်ရဲ့ ကာကွယ်စောင့်ရှောက်မှုကို သူနားမလည်ခဲ့မိလိုက်ဘူး၊
“အို .. အဖ ခွင့်လွှတ်ပေးပါ၊ အဖဘုရားသခင်ချပေးလိုက်တဲ့ ပင့်ကူလေးဟာ အုတ်နံရံထက် ပိုပြီးစွမ်းအားကြီးတယ်ဆိုတာ မေ့သွားခဲ့ပါတယ်” လို့ ဘုရားသခင်ထံ သူ တောင်းပန်နေခဲ့တယ်၊
ကျွန်တော်တို့အားလုံး တစ်ကြိမ်ကြိမ်မှာတော့ ကြီးကျယ်တဲ့အခက်အခဲတွေကြုံတွေကြမှာပါပဲ၊ အခက်အခဲတွေကြုံတွေ့လာတဲ့အခါ တစ်ချိန်က ကျွန်တော်တို့ရဲ့ အောင်မြင်မှုတွေကို အလွယ်တကူမေ့သွားကြပြီး သွေးပျက်ခြောက်ခြားကြတော့တယ်၊ ဘုရားသခင်ဟာ ကျွန်တော်တို့ကို တစ်ခါတစ်ရံ မမျှော်လင့်တဲ့ ရိုးရှင်းတဲ့နည်းလမ်းတွေနဲ့စောင့်ရှောက်ခဲ့တယ်၊ ဘုရားသခင်ပေးအပ်လိုက်တဲ့ အင်မတန်ရိုးရှင်းတဲ့နည်းလမ်းတွေဟာ တကယ့်ကြီးမားတဲ့အခက်အခဲကိုကျော်လွှားနိုင်ပါတယ်၊
ဂျေရုဆလင်ကို ပြန်လည်တည်ထောင်ခဲ့သူ ခေါင်းဆောင်နီအဲမာယာ (Nehemiah)  ရဲ့စကားတစ်ခွန်းဟာ အစ္စရေးတစ်မျိုးသားလုံးကို အမှတ်ရနေစေတယ်၊
နီအဲမာယာ ရဲ့ စကားက “ဘုရားသခင်နဲ့ နီးကပ်နေရင် ကျွန်တော်တို့အောင်မြင်လိမ့်မယ်” [Nehemiah 2:20]
Ref : http://www.promiseofgod.com/godspider/
မေရီစလဲ့စ်ဆား သို့မဟုတ် “အာဖရိကရဲ့ အဖြူရောင်မိခင်”
အာဖရိကရဲ့ အဖြူရောင်မိခင်လို့ တင်စားကြတဲ့ မေရီစလဲ့စ်ဆားကို ၁၈၄၈ခုနှစ် ဒီဇင်ဘာ၂ရက် မှာမွေးဖွားခဲ့ပြီး ၁၉၁၅ခုနှစ် ဇန်န၀ါရီ၁၃မှာ ဆုံးပါးခဲ့ပါတယ်။ မေရီဟာ နိုင်ဂျီးရီးယားကို သွားရောက်သာသနာပြုခဲ့တဲ့ စကော့သာသနာပြုအဖွဲ့ဝင်တစ်ဦးပါ၊ မေရီရဲ့အလုပ်မှာ အဆုံးအဖြတ်ပေးနိုင်မှုနဲ့ ပြတ်သားရဲ့ရင့်မှုပေါ်လွင်နေတဲ့ ရုပ်သွင်တို့ကြောင့် ဒေသခံတွေရဲ့ယုံကြည်ကိုးစားမှုကို ရရှိခဲ့ပါတယ်။ မေရီဆောင်ရွက်တဲ့ခရစ်ယာန်သာသနာမှုလုပ်ငန်းတွေနဲ့ အမျိုးသမီးအခွင့်အရေးတွေကို တပ်လှန့်မြင့်တင်ဖို့  စွမ်းဆောင်မှုတွေမှာ အထူးအာင်မြင်ခဲ့တယ်။
စကော့တလန်နိုင်ငံ အမ်ဘာဒီးန်မြို့မှာမွေးဖွားခဲ့ပြီး အသက် ၁၁နှစ်အရွယ်မှာ မေရီရဲ့မိဘတွေ အလုပ်ရှာဖို့ ဒန်ဒီးမြို့ကို ပြောင်းရွှေ့ခဲ့ပါတယ်၊ မေရီရဲ့ဖခင်က ရှုးဖိနပ်အလုပ်သမားဖြစ်ပြီး အလုပ်ကဖြုတ်ခံရပြီး အရက်စွဲနေခဲ့သေးတယ်။ နောက်ပိုင်းမှာတော့ စက်ရုံအလုပ်သမားအဖြစ် အလုပ်ရသွားပါတယ်၊ မေရီရဲ့မိခင်ကဂုံလျှော်စက်ရုံမှာမေရီ အချိန်ပိုင်းအလုပ်လုပ်ဖို့တိုက်တွန်းခဲ့တယ်။ ဖခင်ရဲ့အထောက်အပံ့မရခဲ့တဲ့အချိန်တွေဟာ မေရီ့ပိုပြီးရဲ့ရင့်စေခဲ့တယ်၊ မေရီဂျုံစက်မှာ နေ့တစ်ဝက် အလုပ်လုပ်ပြီးမိသားစုကို ထောက်ပံ့ခဲ့သလို နေ့တစ်ဝက်က စက်ရုံအလုပ်သမားတွေအတွက် ဖွင့်ပေးတဲ့ကျောင်းကို တက်ရောက်ခဲ့ပါတယ်၊ အဲဒီ ခက်ခဲကြမ်းတမ်းတဲ့အချိန်တွေမှာ မေရီဟာ အလုပ်လုပ်ရင်း၊ ကျောင်းတက်ရင်း မိသားစုအတွက်သူမရဲ့ပူပင်သောကတွေကို တတ်နိုင်သလောက် ငြိမ်းအေးစေဖို့ ဘုရားကျောင်းကိုမှန်မှန်သွားခဲ့တယ်၊ ဘုရားသခင်ကို မေရီ ပြင်းပြင်းထန်ထန် ယုံကြည်ခဲ့တယ်၊ ဒေသခံသာသနာပြုအဖွဲ့ထဲ ၀င်လိုက်တယ်။ ဒေသခံတွေအကြား မေရီရဲ့ခေါင်းဆောင်းနီမိန်ကလေး တံဆိပ်တပ်ခံရမယ့် အဖြစ်အပျက်အဖြစ် ကျော်ကြားခဲ့ပါတယ်။ ဒန်းဒီးဒေသတစ်ဝိုက်က နာမည်ကြီးဆိုးသွမ်းလူငယ်အဖွဲ့တစ်ဖွဲ့နဲ့ မေရီထိပ်တိုက်တွေ့ခဲ့တယ်။ ဘုရားကျောင်းမှန်မှန်သွား သာသနာပြုအဖွဲ့အတွက် အကူအညီပေးနေတဲ့မေရီကိုအမြင်မကြည်တော့တဲ့ အဲဒီလူငယ်လေးတွေက တစ်နေ့ သတ္တုချောင်းတစ်ချောင်းကိုလွှဲရင်း မေရီမျက်နှာနား တိုးသထက်တိုးကပ်လာခဲ့တယ်။ အရှိန်ပြင်းပြင်း မေရီကမျက်နှာကို ပြေးရိုက်တော့မယ့် အနေအထားမှာ မေရီကတော့ ခြေလှမ်းတချက်မှ နောက်မဆုတ်ပဲနေရာမှာ တည်တည်ငြိမ်ငြိမ်ပဲ ရပ်နေခဲ့တယ်၊ တကယ်တမ်း သွေးပျက်သွားတာက လူငယ်လေးတွေပါ၊ နောက်တော့ မေရီကိုအထင်ကြီးလေးစားသွားကြတဲ့ အဲဒီလူဆိုးလေးတွေဟာ တနင်္ဂနွေနေ့တွေမှာဘုရားကျောင်းကို ရောက်နေတတ်တယ်၊ သာသနာပြုလုပ်ငန်းတွေမှာ သူတို့အလိုလို ပါဝင်လာကြပါတယ်၊ မေရီ ဘာမှမတိုက်တွန်းလိုက်ရပါပဲ လူငယ်လေးတွေပြောင်းလဲသွားကြတယ်။ မေရီကိုယ်တိုင် အဲဒါကို အံ့သြ ၀မ်းမြောက်စွာသတိပြုမိလိုက်ပါတယ်။ ဘုရားကျောင်းကမေရီ့ ကိုသင်ကြားပြသပေးတဲ့ ဓမ္မမိတ်ဆွေတွေကပါ သာသနာပြုပုဂ္ဂိုလ်အဖြစ် တာဝန်ထမ်းဆောင်ဖို့ တိုက်တွန်းခဲကြတယ်၊ “ဘုရားသခင်ကအလိုရှိခဲ့ပြီဆိုရင် ဘယ်နေရာပဲဖြစ်ဖြစ် သူသွားမယ်”လို့ ဆိုခဲ့တဲ့ မေရီလေးစားလှတဲ့ သာသနာပြုသူရဲကောင်း ဒေးဗစ်လင်းဗင်းစတုန်းရဲ့ စကားအတိုင်း မေရီလည်း ၂နှစ်ကြာပြီးတဲ့နောက် အာဖရိကကို သာသနာပြုခရီးစတင်ထွက်ခဲ့ပါတယ်။
နိုင်ဂျီးရီးယားနိုင်ငံ(ကာလာဘာ)က အဲဖစ်ခ်လူမျိုးစုတွေကြားမှာသာသနာပြုလုပ်ငန်းတွေစွန့်စွန့်စားစား လုပ်ခဲ့ပါတယ်၊ ၃နှစ်လောက်ကာလာဘာမှာ သာသနာပြုလုပ်ငန်းတွေလုပ်ဆောင်ခဲ့ပြီး လူဖြူတစ်ယောက်မှ ခြေချဖို့မရဲတဲ့ အာဖရိက အတွင်းပိုင်းဒေသတစ်ခုကိုသွားဖို့ မေရီ ဆုံးဖြတ်လိုက်တယ်။ ငှက်ဖျားရောဂါအပြင်းအထန်ဖြစ်ပွားခဲ့ပါတယ်။ ဘရားသခင်ရဲ့ အစီအစဉ်အောက်မှာပဲ အဲဒီသေစေနိုင်တဲ့ရောဂါက  ကင်းလွတ်ခဲ့တယ်၊ မေရီ့ရဲ ဆံပင်နီနီ မျက်လုံးပြာပြာလေးတွေကို ဒေသခံတွေ ရင်းနှီးလာကြပြီ၊ နောက်ပိုင်းမှာ အဖြူရောင်မိခင်လို့ ဒေသခံတွေကခေါ်လာကြပါတယ်။ မေရီရဲ့တံခါးဝမှာ ကလေးငယ်လေးတွေ တစ်နေ့ထက်တစ်နေ့ပိုပိုများလာကြတယ်။ အဲဒီကလေးငယ်တွေက စွန့်ပစ်ခံကလေးငယ်လေးတွေ၊  မေရီကခေါ်ယူစောင့်ရှောက်ခဲ့ပေမဲ့ မကြာခင်မှာပဲ အဲဒီကလေးငယ်တွေ အတွက် လုံလောက်တဲ့စောင့်ရှောက်မှုပေးဖို့ အကူအညီ ပိုမိုလိုအပ်လာခဲ့ပြီ၊ ဒေသခံမိန်းကလေးငယ်တွေကလဲ အကူအညီတွေ ပေးခဲ့ကြပါတယ်၊ မေရီရောက်ရှိနေခဲ့တဲ့ဒေသမှာ အမွှာကလေးငယ်တွေ မွေးဖွားခဲ့ရင် အဲဒီရွာကိုကျိန်စာသင့်တယ်လို့ အယူရှိကြတယ်။ ကလေးငယ်တွေကိုသတ်ဖြတ် စားသောက်ပစ်ကြတယ်။ တစ်နေ့ မေရီအဲဒီအဖြစ်အပျက်ကိုကြုံခဲ့တော့ ကလေးငယ်တွေကို သတ်ဖြတ်ပစ်ဖို့ပြင်ဆင်နေတဲ့ လူတွေရဲ့ လက်ထဲက ကလေးငယ်လေး၂ယောက်ကိုလုပြီး ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်၊ ကလေး၂ဦးကို မေရီစောင့်ရှောက်ထားချိန်မှာ ကျန်းမာလျှက်ရှိနေခဲ့ကြပေမဲ့ မေရီ့ကို ကူညီပေးနေသူ မိန်ကလေးတစ်ဦးကို အမွှာကလေးငယ်တွေရဲ့ မိဘတွေကလိမ်လည်ပြီး ကလေးတွေ ခဏပြဖို့တောင်းဆိုခဲ့ရာက ယောက်ျားလေးကို ရက်စက်စွာ သတ်ဖြတ်စားသောက်ပြစ်ခဲ့ကြတယ်။ မိန်းကလေးကိုတော့ ပြင်းပြင်းထန်ထန်ဒဏ်ရာတွေနဲ့ စွန့်ပစ်ခဲ့ကြပါတယ်၊ အဲဒီမိန်းကလေးက မေရီရဲ့ ပြုစုစောင့်ရှောက်မှုနဲ့  အသက်ရှင်သန်နိုင်ခဲ့ပါတယ်၊ နောက်ပိုင်းမှာ မေရီရဲ့ သမီးဂျာနီးအဖြစ်လူသိများလာခဲ့တယ်။
မေရီ၂၈အရွယ်က ကာလာဘာမြို့ကို စတင်ရောက်ရှိခဲ့ပြီး နာမကျန်းဖြစ်တဲ့အခါ မွေးရပ်မြေမှာ  ပြန်လည်အနားယူခဲ့ရတယ်။ ကျန်အချိန်တွေမှာတော့ အာဖရိကမှာပဲရှိနေခဲ့တယ်။ အသက် ၃၉အရွယ်မေရီဟာ ကာလာဘာ ဒေသကွဲတော်တော်များများက တိုင်းရင်းသားတွေနဲ့ အတူရှိနေခဲ့ပါတယ်၊ အရပ် ၅ပေခန့်သာရှိပေမဲ့ စစ်သည်တော်၊ လူမျိုးစုခေါင်းဆောင်၊ သားရဲလူသတ်သမား၊ စုန်းတစေပူးကပ်နေသလို ပျောက်စေဆရာဝန်တွေ ပြည့်လျှံနေတဲ့ ကာလာဘာဒေသမှာ ခန့်ထည်မြင့်မားစွာပဲတိုင်းရင်းသားတွေဘက်က ရပ်တည်ခဲ့ပါတယ်။ မေရီရဲ့ စွန့်စားခန်းတွေထဲမှာ လူမျိုးစုခေါင်းဆောင်တွေအပါအ၀င် လူပေါင်းရာကျော် ကယ်ဆယ်ကုသပေးခဲ့တယ်။ အသတ်ခံရတော့မယ့်  အကျဉ်းသား၊ ကျေးကျွန်တွေနဲ့ ဇနီးတွေကိုလဲ ကယ်ဆယ်ခဲ့သလို မရေမတွက်နိုင်တဲ့ ကလေးပေါင်းများစွာကိုလဲ ပြင်းထန်တဲ့ အယူသည်းမှုတွေကြားက အသယ်ရှင်သန်နိုင်အောင် ကာကွယ်စောင့်ရှောက်ခဲ့ပါတယ်။ ဘုရားသခင်ရဲ့ လမ်းပြမှုနဲ့ မေရီအားလုံးကို အောင်နိုင်ခဲ့တယ်။ ၁၉၁၅ခုနှစ် ဇန်န၀ါရီ ၁၃ရက်နေ့ ၊ အသက် ၆၇ခုနှစ် မှာ ကာလာဘာမှာပဲ ကွယ်လွန်ခဲ့ပါတယ်။         ။
Ref: http://en.wikipedia.org/wiki/Mary_Slessor
Ref: http://www.wholesomewords.org/missions/islessor.html
Ref: http://www.wholesomewords.org/missions/bioslessor4.html
မေရီစလဲ့စ်ဆားအကြောင်းဖတ်ချင်ရင်စာအုပ်တွေက
 Books
* Robertson, Elizabeth, Mary Slessor: The Barefoot Missionary. Edinburgh: NMS  Enterprises Ltd - Publishing, Revised Edition 2008. ISBN 10: 19016635071 ISBN 13:  9781901663501
* Benge, Janet & Geoff (c1999) Mary Slessor: Forward Into Calabar. YWAM  Publishing. 205 pages. ISBN: 1576581489.
* Gruffydd, Gan Ceridwen Brenhines Y Diffeithwch (Mary Slessor)Llundain, in Welsh  published 1926.
* Livingstone, W.P. (1926) Mary Slessor of Calabar. Hodder and Stoughton.  347 pages.
အခက်အခဲတွေကြားက စိန့်ဆာဗာဘုရားကျောင်း
အော်သိုဒေါ့စ်ခရစ်ယာန်တွေအများစုရှိကြတဲ့ ဆားဘီးယားနိုင်ငံ ဘဲလ်ဂရိတ်မြို့က ဆာဗာဘုရားကျောင်းဟာ အော်သိုဒေါ့စ်ဘုရားကျောင်းတွေထဲမှာ အကြီးဆုံးလို့လူသိများကြတယ်၊ အဲဒီဘုရားကျောင်းကို စိန့်ဆာဗာ(St.Sava) အတွက်ရည်ညွှန်းတည်ဆောက်ခဲ့ပါတယ်၊ ဆားဘီယားခေတ်လယ်ပိုင်းမှာထင်ရှားတဲ့ ဘုရားကျောင်းပါ၊ တူရကီအော်တမန်အင်ပါယာစစ်သူရဲ စီနန်ပါရှားက ၁၅၉၅ခုနှစ်မှာ ခရစ်ယာန်ဘုရားကျောင်းတွေမီးရှို့ဖျက်ဆီးခဲ့ရာက ဆာဗာဘုရားကျောင်းလဲပျက်စီးခဲ့တယ်၊ ဘဲလ်ဂရိတ်မြို့သားတွေရဲ့ အလှူငွေနဲ့တည်ဆောက်ခဲ့တဲ့ မော်ကွန်းဝင်အဆောက်အဦးတစ်ခုပါ၊
ဆာဗာဘုရားကျောင်းရဲ့ ဗိသုကာလက်ရာဟာဘဲလ်ဂရိတ်မှာရှိနေတဲ့ ကာလာမန်ဒန်ခံတပ်၊ ပြည့်သူ့ရင်ပြင် တဲရာဇီရဲ၊ မိုးမျှော်အဆောက်အဦးအယ်လ်ဘေးနီးယားနန်းတော်နဲ့ ဆလာဗီယာရင်ပြင်အဆောက်အဦးတွေရဲ့ဗိသုကာလိုပဲ ဘဲလ်ဂရိတ်မြို့သမိုင်းမှာ အရေးပါလှတယ်၊ ဘုရားကျောင်းပုံစံဟာ ဂရိတွေရဲ့လေးနားညီလက်ဝါးကတ်တိုင်ပုံ တည်ဆောက်ထားတယ်၊ အလယ်မှာအကြီးဆုံးအမိုးခုံးကို ဘေးပတ်ပတ်လည်က အမိုးခုံးလေးခုနဲ့ထောက်ပံ့ပေးထားပါတယ်၊ အဲဒီအမိုးခုံးလေးခုရဲ့ အတွင်းပိုင်းမှာ ပန်းချီအနုပညာလက်ရာတွေနဲ့ ခြယ်မှုန်းထားတယ်၊ အမိုးခုံးကြီးက မီတာ ၇၀ မြင့်ပြီး ရွှေပြားတွေနဲ့ ပြုလုပ်ထားတဲ့လက်ဝါးကပ်တိုင်က ၁၂မီတာမြင့်ပါတယ်၊ ပင်လယ်ရေမျက်နှာပင်အထက် ၁၃၄မီတာမြင့်ပြီး ဆာဗာမြစ်အထက် ၆၄မီတာမြင့်နေတာကြောင့် ဘဲလ်ဂရိတ်မြို့ရဲ့ ဘယ်နေရာပဲကြည့်ကြည့်ဆာဗာဘုရားကျောင်းကို မြင်တွေ့ရတယ်၊ အရှေ့ မှအနောက် ၉၁မီတာ၊ မြောက်မှတောင်ကို ၈၁ မီတာကျယ်ဝန်းပြီး အမိုးခုံးတွေမှာ အရွယ်အစားအမျိုးမျိုး ရွှေပြားလက်ဝါးကပ်တိုင်ပေါင်း ၁၈ခုပါရှိကြတယ်၊ ခေါင်းလောင်းမျှော်စင်မှာတော့ သြစတြီးယန်းခေါင်းလောင်းပုံသွင်းစက်ရုံလက်ရာ ခေါင်းလောင်းပေါင်း ၄၉ ခုရှိနေပါတယ်၊
ဘုရားကျောင်းအတွင်း ၃၅၀၀စတုရန်းမီတာကျယ်ဝန်းကာ တကြိမ်မှာ လူပေါင်း ၁သောင်းခန့်ဝတ်ပြုဆုတောင်းနိုင်ကြတယ်၊ မြေတိုက်ခန်းမှာ စိန့်လာဇာ(ဆားဘီးယန်းနဲ့ဂရိဘုရင်တစ်ဦး)ရဲ့ ဂူဗိမာန်ရှိနေပါတယ်၊ မျက်နှာစာပိုင်းက စကျင်ကျောက်သားနဲ့ ဂရင်းန်နစ်ထ်ကျောက်(လိပ်သည်းကျောက်)တွေနဲ့တည်ဆောက်ထားပြီး အတွင်းပိုင်းကတော့မှန်စီရွှေချဒီဖိုင်းဆင်ထားတယ်၊ ပင်မအမိုးခုံးမှာအော်သိုဒေါစ့်ဘုရားကျောင်းတွေရဲ့ရိုးရာစည်ကမ်းအရ ခရစ်တော်ကိုကိုယ်စားပြုတဲ့ (Christ Pantocrator)မှန်စီရွှေချရုပ်ပုံကိုထည့်သွင်းရေးဆွဲထားပြီး အခြားအမိုးခုံးငယ်တွေမှာလဲ စိန့်(သူတော်စင်)တွေရဲ့ မှန်စီရွှေချပုံတွေခြယ်မှုန်းကြတယ်၊ တူရကီစစ်ဘုရင်က ဆာဗာဘုရားကျောင်းကိုမီးရှို့ခဲ့ပြီး အနှစ်၃၀၀ကြာမြင့်တဲ့အခါ ဆာဗာဘုရားကျောင်းပြန်လည်တည်ဆောက်ရေးအတွက်အဖွဲ့တည်ထောင်ခဲ့တယ်၊ ၁၉၀၅ခုနှစ်မှာ အဆောက်အဦး ဒီဖိုင်းအတွက်ပြိုင်ပွဲပြုလုပ်ခဲ့ပေမဲ့ အစီအစဉ်ပျက်ပြယ်ခဲ့တယ်၊ မကြာခင် ၁၉၁၂မှာ ပထမဘဲလ်ကန်စစ်ပွဲစတင်ခဲ့ပြီး ဒုတိယဘဲလ်ကန်စစ်ပွဲလဲ ထပ်မံဖြစ်ပွားခဲ့ပြန်တယ်၊ နောက်ပိုင်းပထမကမ္ဘာစစ်ဖြစ်ပွားလာပြီး ဘုရားကျောင်း ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေအားလုံးရပ်တန့်ကုန်တော့တယ်၊ စစ်အပြီး ၁၉၁၉ခုနှစ်မှာ ပြန်လည်တည်ဆောက်ရေး အသင်းဖွဲ့စည်းခဲ့ပြီး အဆောက်အဦးပုံစံပြိုင်ပွဲဝင် ၂၂ဦး ပါဝင်ယှသ်ပြိုင်ခဲ့ကြတယ်၊ ပထမဆုနဲ့ တတိယဆုရသူတွေရဲ့ ဒီဖိုင်းတွေကိုမရွေးချယ်ခဲ့ပဲနဲ့ ဒုတိယဆုရရှိခဲ့သူ ဗိသုကာပညာရှင် အလက်ဇန်းဒါးဒဲရောကော် ကို ရွေးချယ်လိုက်တယ်၊ ၅၁ကြိမ်မြောက်ခရစ်ယာန်ဂိုဏ်းချုပ်ဂါဗရီလိုဒေါ့ရွီးချဲခ်ျကအုတ်မြစ်ချပေးခဲ့တယ်၊ နံရံအမြင့်က ၇ပေ၁၁လက်မအထိ တည်ဆောက်ခဲ့ပြီး ၁၉၄၁ ဘဲလ်ဂရိတ်ကိုမဟာမိတ်တပ်တို့ ဗုံးကြဲခဲ့ပြီးနောက် ဘုရားကျောင်းတည်ဆောက်မှုရပ်တန့်ခဲ့ရပြန်တယ်၊ ၁၉၅၈မှာ ခရစ်ယာန်ဂိုဏ်းချုပ်ဂျာမဲန်က နည်းပညာအသစ် ဗိသုကာအသစ်နဲ့ ဘုရားကျောင်းကိုအသစ်တဖန် တည်ဆောက်ဖို့ စီစဉ်ခဲ့ပြီး ၁၉၈၅ခုနှစ်မှာမှဘုရားကျောင်းကိုပြန်လည်စတင်တည်ဆောက်ခဲ့ပြီး နံရံအမြင့်ပေ ၄၀ထိ ထပ်ပြီးမြှင့်တင်ခဲ့တယ်၊  တန်၄၀၀၀လေးလံတဲ့ပင်မအခုံးကိုမတင်ခဲ့ရာမှာ ရက်ပေါင်း ၄၀ခန့်အချိန်ယူခဲ့ရတယ်၊
၁၉၈၉ခုနှစ် ဇွန်လမှာပြီးဆုံးခဲ့ပါတယ်၊ ၂၀၀၉ခုနှစ်မှာ ဘုရားကျောင်းတည်ဆောက်မှုပြည့်စုံလုနီးပါးပြီးစီးခဲ့ပြီး ခေါင်းလောင်းတွေနဲ့တံခါးတွေတပ်ဆင်ဖို့ရှိနေဆဲပါ၊ မျက်နှာစာပိုင်းအားလုံးပြီးစီးခဲ့ပေမဲ့အတွင်းပိုင်းမှာ ပြီးဆုံအောင်တည်ဆောက်ဖို့ကျန်နေပါသေးတယ်၊ ခရစ်ယာန်ဘာသာဝင်တွေနဲ့ အလှူရှင်တွေလှူဒါန်းတဲ့ငွေကြေးနဲ့သာတည်ဆောက်ခဲ့ရတာမို့ စိန့်ဆာဗာဘုရားကျောင်း တည်ဆောက်ရေးမှာ အခက်အခဲတွေ အများကြီးတွေ့ခဲ့ကြတယ်၊ စိန့်ဆာဗာဘုရားကျောင်းအားလုံးမပြီးဆုံးခင်မှာပဲ ကမ္ဘာ့အကြီးဆုံးအော်သိုဒေါ့စ်ခရစ်ယာန် ဘုရားကျောင်း အဖြစ်စာရင်းဝင်နေခဲ့ပါပြီ။        ။