Thursday, November 17, 2011

အေသင်မြို့တော်က ကြိုဆိုနေပါတယ် (မေမေ့ရဲ့စာ)

ကမ္ဘာပေါ်မှာ ခန့်ညားထယ်ဝါမှုအရှိဆုံး သမိုင်းကြောင်းအထင်ရှားဆုံးနှင့် အလှဆုံးမြို့တော်ကတော့ ဂရိနိုင်ငံက  “အေသင်”  ပါဘဲ။ အေသင်မြို့တော်ဟာ “အလွန်ပဉ္စလက်ဆန်တဲ့ မြို့တော်”ပါတဲ့။ လူအများက အဲလို သတ်မှတ်ထားကြတယ်။ အေသင်မြို့တော်ရယ်လို့ ဖြစ်ပေါ်လာပုံ က အလွန်ဆန်းကျယ်ပါတယ်။ အေသင်ရဲ့ ရှေးဦးသမိုင်းကာလတွေမှာ လူတွေနဲ့နတ်တွေဟာ အမြဲရောထွေးနေတယ်။  လူတွေကရော နတ်တွေကရောအလေးထားရတဲ့ မြို့တော်ကြီးဟာ အေသင်ပေါ့။အထူးခြားဆုံးကတော့ သူ့ထံကို မလာ လာချင်အောင် ညှို့ယူဖမ်းစားနိုင်တဲ့စွမ်းအားနဲ့ ပြည့်စုံခြင်းဘဲဖြစ်ပါတယ်။ ဒါတင်ဘဲလားဆိုတော့ မကသေးပါဘူး။ တွေးခေါ်မျှော်မြင်မှု အရှိဆုံး ပညာဥာဏ်အကြီးဆုံးလူသားတွေကို ရှေးဦးအကျဆုံး မွေးဖွားပေးခဲ့တဲ့မြို့တော်ကြီးလဲ ဖြစ်ပါတယ်။ ဥပမာ “ဆိုကရေးတီးစ်” “ပလေတိုး”  “ဟုမ္မား”  “ဟီရိုဒိုးတပ်စ်”စတဲ့ ပုဂ္ဂိုလ်အကျော်အမော်တွေ ကိုပေါ့။ ဟီရိုဒိုးတပ်စ် (Herodotus) အပလိုဒိုးရပ်စ် (Apollodorus) အိုဗစ်ဒ်(Ovid)ပလူတားခ်ျ(Plutarch) ပူဆားနီးယပ်စ်(Pausanias) စတဲ့ အကျော်အမော်စာရေးဆရာများလည်းရှိပါသေးတယ်။ ဒီမိုကရေစီ စတင်ထွန်းကားရာ ဒေသလည်းဖြစ်တယ်။ သမိုင်းစာမျက်နှာတွေပေါ်မှာ ရုပ်ပုံတွေနှင့်တကွ တလေးတစားဖေါ်ပြခြင်းခံရတဲ့ မြို့တော်၊ ထောင်သောင်းချီ လာရောက်လည်ပတ်ကြတဲ့ ဥရောပဧည့်သည်တော်တွေ မပြတ်စီးဝင်နေတဲ့ မြို့တော်ပါ။ “အိုလန်းပတ်နတ်ကွန်း” “ပါသီနွန်ကျောင်းတော်” “မီခရိုလီမာနို”  တို့လို ကမ္ဘာ့ အခမ်းနား အကြီးကျယ်ဆုံး စာရင်းဝင်   ရှေးဟောင်းအမွေအနှစ် အဆောက်အဦးများစွာဖြင့် ယဉ်ကျေးမှု ထွန်းကားပျံ့ပွားကြွယ်ဝရာ မြို့တမြို့အဖြစ်ကျော်ကြားနေဆဲဖြစ်တယ်။ အေသင်ရဲ့ နာမည်အထင်ရှားဆုံး လူသိအများဆုံး  ရှေးဟောင်းအထိမ်းအမှတ်ရုပ်တုများ ပြတိုက်အမျိုးမျိုး စသည်များ ကို ဥရောပကသာမက ကမ္ဘာ့လူသားသန်းပေါင်းများစွာ နေ့နေ့ညည  တအံ့တသြ တလေးတစားလေ့လာ ကြည့်ရှုကြတယ်။
Athens Photos
တစုံတယောက်ဟာ အေသင်ရဲ့ “အခရိုပိုလစ်စ်” (Acropolis)ဆိုတာ ကြားဖူးပါရဲ့လား။အခရိုပိုလစ်  ဆိုတာ ယနေ့ခေတ်မှီကမ္ဘာ့နိုင်ငံကြီးများထဲက အံ့ဖွယ်ခုနှစ်ခုမှာ တခု စာရင်းဝင် အဆောက်အဦပါ။ အေသင်ရဲ့  ထင်ရှားတဲ့ အမှတ်တံဆိပ်တခုလည်းဖြစ်ပါတယ်။ 5th BC နှစ်ရဲ့ Holy rock of Acropolis ခေတ်ကို   ပြန်သွားကြည့်ရင်  နာမည်ကျော်ကြားတဲ့ “Golden Age of Periklis”ခေတ်ဆိုတာ တွေ့လိမ့်မယ်။ ရာဇ၀င်သမိုင်းဆိုတာက အနိမ့် အမြင့်အတက်အကျ ရှိစမြဲပါဘဲ။ အေသင်ဟာ ပွင့်လဲ ပွင့်ခဲ့တယ်။ ကြွေလဲကြွေခဲ့တယ်။ စစ်ပွဲတွေ နဲ့ အများကြီး ကြုံဆုံခဲ့ရတယ်။
Athens Pictures
မက်ဆီဒိုးနီးယဲန်(အလက်ဇင်းဒါးသည်ဂရိတ်)တွေရဲ့ လက်အောက်ရောက်ခဲ့တယ်။ ရောမရဲ့လက်အောက်ရောက်ခဲ့တယ်။ဗီနီရှဲန်(Venetian) တို့ ကြီးစိုးတာခံခဲ့ရတယ်။ အော်တိုမင်အင်ပါယာထဲ ရောက်ခဲ့ရတယ်။နောက်ဆုံးဒုတိယကမ္ဘာစစ်အတွင်း ကွန်မြူနစ် နာဇီဂျာမဏီရဲ့ လက်အောက်ရောက်ခဲ့တယ်။ အော်တိုမင်အင်ပါယာရဲ့ ဗြိတိသျှသံတမန်အရာရှိ လော့ဒ် အီလ်ဂင် (Lord Elgin) က ပါသီနွန်ကျောင်းတော်ရဲ့ အလှဆင် မျက်နှာကျက်ပန်းဆွဲများကို တစစီ ဖြုတ်ယူသွားတယ်။ ပြင်သစ်ကလည်း သုံးပိုင်းပိုင်းခွဲေ၀၀ယ်ယူသွားတာမျိုး ကြုံခဲ့ ရတယ်။ ဒါပေမဲ့  ဘယ်လောက်ဘဲ လျှောက်လမ်းဟာ ကြမ်းတမ်းပါစေ မိုးကောင်းကင်ကြီးရဲ့ အောက်က အထပ်ခိုးကလေးကနေမသိမသာ အနာဂတ်ကို ပုံဖေါ် ငေးကြည့်လိုက် ယနေ့တိုင် တောက်ပ၀င်းလက် နေမြဲဘဲဆိုတာ ယုံမှားစရာ မရှိပါဘူး။ပါသီနွန် (Parthenon)  ဘုရားကျောင်းရယ် အခြား ဖြူဖွေးသန့်စင်တဲ့ စကျင်ကျောက်နဲံ့  လှပစွာ ထုဆစ်ထားတဲ့ရုပ်တု တွေရယ်  အဆောက်အဦးအားလုံးရယ်ကို   လက်လက်ခါနေတဲ့ ကြယ်ပွင့်များပမာ ယနေ့တိုင် အံ့မခန်း တွေ့ မြင်နေရဆဲဖြစ်ပါတယ်။ ၁၉၈၁ခုနှစ်မှာ EU အဖွဲ့ ဝင်ဖြစ်လာတယ်။ ၁၉၉၆ခုနှစ်မှာ နှစ်တရာပြည့်အိုလံပစ်ပွဲတော်ကို ငြိမ်းငြိမ်းချမ်းချမ်း ကျင်းပနိုင်ခဲ့တယ်။ 1833ခုနှစ်မှာမှ အော်တိုမင်တို့ ထံမှ လွတ်လပ်ရေးကို အပြီးအပိုင် ရရှိခဲ့တာပါ။
ယနေ့ အေသင်ရဲ့တည်ရှိမှုဟာ ကျွန်းဆွယ်ပိုင်းမှာသာမက ဂရိနိုင်ငံ အလယ်ပိုင်းတခုလုံးမှာ  ပျံ့လွင့်ကျော်ကြားနေပါတယ်။ Ymmytos,Pendeli,Parnitha,စတဲ့ တောင်တန်းတွေက မြောက်ဘက်နဲ့ အနောက်ဘက်ကနေ အေသင်မြို့ကို  ၀န်းရံထားတာမို့ အေသင်ဟာ ပိုပြီးအိမ်မက်ဆန်ဆန်လှပနေပါတယ်။  SAronic ပင်လယ်ကွေ့ ကတော့ တောင်ဘက်နှင့် အနောက်ဘက်မှာ ရှိနေပါတယ်။နေရောင်ခြည်ဟာ အေသင်မြို့ကို တနှစ်ပတ်လုံး ထွန်းလင်းတောက်ပနေတာမို့် ဆောင်းလယ်မှာ သာယာပြီး နွေရာသီမှာ့ တကယ့်ကို ပူပြင်းလှပါတယ်။ဒါပေမဲ့  ခရီးသွားဧည့်သည်များအတွက် အေသင်ဟာ ဥရောပရဲ့   အဆင်အပြေဆုံး နံပတ်ဝမ်းအဖြစ့် အကောင်းဆုံးရာသီဥတုကို ပိုင်ဆိုင်ထားတဲ့ မြို့တော်ကြီးပါဘဲ။ Piraeus ဆိပ်ကမ်းကနေ ကီလိုမီတာ အနည်းငယ်သာ ကွာလှမ်းတဲ့ atticaဟာလည်း မြိ့တော်ရဲ့ အချက်အချာကျတဲ့ တောင်ဘက်ကမ်းခြေရှိ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ ဗဟို ဌာနဖြစ်နေပါတယ်။

အေသင်လူမျိုးတို့ဟာ နီယိုလီသစ်ခ်  (NEOLITHIC)ခေတ်မှာကတည်းက အမြဲတစေ ဒီမြေ ဒီရေမှာ အစဉ်တစိုက်ရှင်သန်နေထိုင်လာကြတာဖြစ်တယ်။၅ရာစုနှစ်ကတည်းက အစွမ်းကုန် ပွင့်လန်းခဲ့တဲ့  ပန်းလို ရှင်သန်လာတာပါ။ ပြောရရင်  “အေ သင်”အမည်ရပုံကလည်း  ခပ်ဆန်းဆန်းပါ။ ဒဏ္ဍာရီ ဆန်လွန်းလှပါတယ်။  ရှေးအခါက ဂရိတို့ အလိုအရ လူသားနဲ့ မြို့ရွာကို စောင့်ရှောက်သူ သို့ မဟုတ် ကမ္ဘာလောကကြီးကို စိုးမိုး အုပ်ချုပ်သူဆိုတဲ့
“အေသင်နာ နတ်ဖုရားမ (goddess Athena)အမည် ကနေ ဆင်းသက်လာခဲ့တယ်လို့  ဆိုပါတယ်။ “အားပေးချီ:မြှင့်သူ” လို့  ဆိုလိုဟန်ရှိတယ်။ “ဂရိပညာရှင် ပလေတို” ရဲ့အဆိုအရ ဝေါဟာရဇစ်မြစ်ကို စစ်လိုက်ရင်ရှေးဟောင်း ဂရိဘာသာစကားက ဆင်းသက်လာခြင်းဆိုတာသိရနိုင်တယ်။ ဒဏ္ဍာရီလာ ပုံပြင်တခုမှာ  “အေသင်နာ” နတ်ဖုရားမနဲ့ နတ်ဘုရား  “ပိုဆီဒွန်” Poseidon”တို့ ဟာ ပြိုင်ဆိုင်မှုတခုကို ပြုလုပ်ကြသတဲ့။ ဟီရိုဒိုးတပ်စ် (Herodotus) အပလိုဒိုးရပ်စ် (Apollodorus) အိုဗစ်ဒ်(Ovid)ပလူတားခ်ျ(Plutarch) ပူဆားနီးယပ်စ်(Pausanias) စတဲ့ “ပိုဆီဒွန် “ဟာ အသွားသုံးခွပါရှိတဲ့  မှိန်းတခုနှင့် မြေကြီးကို ရိုက်ခတ်ပြီးနောက် “ရေကြောင်းဆိုင်ရာစွမ်းအင်တမျိုး”ကို ထုတ်လုပ်ဖန်ဆင်းပါတယ်။ “နတ်ဖုရားမ အေသင်နာ “ ကတော့ အောင်မြင်ခြင်းနှင့် ငြိမ်းချမ်းခြင်း သင်္ကေတသဘောဆောင်တဲ့ “သံလွင်ပင်  “ကို ဖန်ဆင်းပါတယ်။ အနိုင်ရသူရဲ့ အမည်ဟာ မြို့အမည်အဖြစ်သတ်မှတ်ဖို့သဘောတူခဲ့ကြတဲ့အတွက် အနိုင်ရသူ အေသင်နာအမည်တွင်ခဲ့တာပါ။  အဲဒီအချိန်အခါကတည်းက အေသင်လူမျိုးတို့ ဟာ သံလွင်ခက် ကို ငြိမ်းချမ်းခြင်းအထိမ်းးအမှတ်သင်္ကေတ တခုအဖြစ် ယနေ့တိုင် အလေးအနက်  မှတ်ယူခဲ့ကြပါတယ်။ အေသင်နာ နတ်ဖုရားမကိုလည်းပိုမို အထွတ်အမြတ်ထားခဲ့  ကြတယ်။ဂရိအမျိုးသမီးကလေးများဟာ သံလွင်ခက်ကို ဦးခေါင်းမှာအမြတ်တနိုး ပတ်ရစ်ဆင်မြန်းပြီး အတိတ်ကောင်းနမိတ်ကောင်း ယူကြတယ်။
Athens Images
ပင်ထရိုဆုစ် ခေါ် နောင်အခါ ပါသီနွန် အမည်ရ (parthenon) ရှေ့မျက်နှာစာ မြင့်မိုရ်ပိတ်ပါရှိတဲ့ ရှေးခေတ်ဂရိ ဘုရားကျောင်း အဆောက်အဦကိုလည်း တွေ့မြင်လာရနိုင်တယ်။ ပါရှန်စစ်ပွဲများအတွင်း အထွတ်အမြတ်ထားရာ သံလွင်ပင်ဟာ ဘုရားကျောင်းပရ၀ဏ်တခုလုံး နှင့်အတူ  မီးဘေးသင့်ခဲ့  ရပေမင့်  ဟီရိုဒိုးတပ်စ်( Herodotus) ရဲ့ ပြုစုမှုကြောင့် သစ်ငုတ်တိုဘ၀မှ  ပြန်လည်ရှင်သန်ကြီးထွားခြင်းသို့  ပူဆားနီးယပ်စ်ခေတ်မှ AD 2ရာစု တိုင်  သံလွင်ပင်ဟာ ထင်ရှားခဲ့တယ်လို့  ဆိုပါတယ် ။ (တကယ်တော့  ယနေ့အထိ အလေးအမြတ်ထားကြဆဲပါ။ ဂရိတွေမှ မဟုတ်ပါဘူး။ ဒီအယူအဆဟာ တကမ္ဘာလုံးကို ပျံ့နှံ့ နေတာလို့ပြောနိုင်ပါတယ်။) အေသင်မြို့တော်ဟာ ၁၆ရာစုနှစ်များဆီက အော်တိုမင်လက်အောက်ကျရောက်ခဲ့ရာမှာ ရှေးဟောင်းအမွေအနှစ် အဆောက်အဦများ ဖျက်ဆီးခံခဲ့ရပါတယ်။ ပါသီနွန်ကျောင်းတော် နှင့် ပရိုပိုင် လာအာ (Propylaea)ကျောင်းတော်တိုံ့ဟာ ဖေါက်ခွဲဖျက်ဆီးခံရအပြီး ပျက်စီးယိုယွင်းသွားခဲ့ရာမှာ ယနေ့မြင်တွေ့ရတဲ့ပုံစံအတိုင်းကျန်ရစ်တာဖြစ်ပါတယ်။  အေသင်ဟာ နိုင်ငံရပ်ခြားယဉ်ကျေးမှုကို အကန့် အသတ်နဲ့သာ လက်ခံခဲ့ပေမဲ့ အောင်နိုင်သူ စစ်ဘုရင်များဟာ ရာစုနှစ်များစွာကပင် အေသင်ကို သိမ်းပိုက်ပြီး မိမိယဉ်ကျေးမှု ထွန်းကားဖို့ အပြင်းအထန်  ကြိုးစားခဲ့ ကြတယ်။စစ်အောင်နိုင်သူတို့ ဟာ အေသင်ကို ကာလကြာရှည် သိမ်းပိုက်ရယူထားနိုင်ဖို့ နည်းမျိုးစုံသုံးခဲ့ပေမဲ့
၁၈၃၄ခုနှစ်မှာတော့ ဂရိနိုင်ငံတော်ကို ထူထောင်နိုင်ခဲ့အပြီး မြို့တော်ပတ်လည် မှာ အခရိုပိုလစ်စ် တံတိုင်းများကာရံခဲ့တယ်။ အေသင်ဟာ ဂင်္ရနိုင်ငံရဲ့  မြို့တော်ကြီးဖြစ်လာတော့တယ်။

ယနေ့မှာတော့ အေသင်ဟာ နိုင်ငံတကာဆက်ဆံရေး ။နိုင်ငံရေး။ စီးပွားရေး ၊ရောင်းဝယ်ရေး နှင့် ယဉ်ကျေးမှုစသည်တို့ အတွက် အချက်အချာမြို့တော်ဖြစ်လာပါတယ်။ နိုင်ငံတကာက ဧည့်သည်များဟာ စီးပွားရေးအတွက်ကြောင့်သော်၎င်း၊ အာရုံခံစားဖို့  အလည်အပတ်သော်၎င်း တဖွဲဖွဲ လာရောက်နေကြဆဲပါ။ ( ဒါပေမဲ့ ဒီစာကိုရေးနေစဉ်မှာတော့   ဂရိအကြွေးထူနေသတဲ့။ တချို့ကလဲ   ရွှေဘုံပေါ်ထိုင်မှိုင်ပြနေတာတဲ့  နိုင်ငံရေးပရိယယ်တွေတဲ့။၂၀ ၀၈ခုနှစ်ကစလို့  စီပွားရေးကျဆင်းလာတာပါ) ဘာဘဲပြောပြော ယနေ့ အေသင်ရဲ့ အဆင်အပြင် အသွင်သဏ္ဍာန်ဟာ  တော်တော်ကို ထူးခြားနေပါတယ်။ ကမ္ဘာ့အဆင့်မှီဟိုတယ်ကြီးများ၊ရိုးရာစားသောက်ဆိုင်များ။ခရီးသွားဧဂျင်စီများ၊ စိန်ရွှေရတနာဆိုင်များ၊ အလှအပစတိုးဆိုင်များ၊ဇိမ်ခံပစ္စည်းအရောင်းဆိုင်များ ၊ယဉ်ကျေးမှု အနုပညာပစ္စည်းအရောင်းဆိုင်များ စစ်သမိုင်းပြတိုက် ပန်းပု ပန်းချီပြတိုက် ရှေးဟောင်းသမိုင်းပြတိုက် စတဲ့ ပြတိုက်ကြီးများ။အနုပညာမျိုးစုံပြခန်းများ၊ အင်တာနက်ကေ့ဖ်များ၊ အိမ်ခြံမြေရောင်းဝယ်ရေး၊ ဆားဖေ့စ် လုပ်ငန်းများ။ ရှေးဟောင်း ရုပ်တုများ  အထိန်းအမှတ် အဆောက်အဦကျောက်တိုင်များ။ရှုမဆုံး ဖွယ် တွေ့မြင်ရမှာပါ။
Syintagma Square ဟာ အေသင်ရဲ့ အသဲနှလုံးပါဘဲ။ အဲဒီမှာ (တော်ဝင်နန်းတော်ဟောင်း)ပါလီမန် အဆောက်အဦရှိတယ် ၊( တော်ဝင်နန်းတော်သစ် )သမတနန်းတော်ရှီတယ်၊အမျိုးသားဥယျာဉ် အမျိုးသားစာကြည့်တိုက်ရှိတယ်။ အကယ်ဒမီကျောင်းများရှိတယ်။ lycabettus ဟာ တနှစ်ပတ်လုံး ထောင်နှင့်ချီတဲ့ လာရောက်လည်ပတ်သူ ဧည့်သည်ပေါင်းများစွာကို ဆွဲဆောင်နေတဲ့ အလွန် လှပသာယာတဲ့ တောင်ကုန်းကလေးပါ။ ဒီကနေ ကီလိုမီတာ အနည်းငယ်သာကွာဝေးတဲ့ ပင်လယ်ကမ်းစပ်ရွာကလေးတွေက လေပြေလေညှင်းကလေးတွေနှင့်လည်း တီးတိုးစကားစမြည်ပြောရင်း  ပျော်ပျော်ရွှင်ရွှင် လမ်းလျှောက်နိုင်ပါတယ်။  အေးအေးဆေးဆေးဇိမ်ယူ အပန်းဖြေနိုင်ပါသေးတယ်။ သမိုင်းဝင် နေရာများဖြစ်တဲ့ “Faliro,Glyfada,Voula နှင့် Vouliagmeni များကိုလည်း သွားရောက်လေ့လာနိုင်ပါတယ်။  ဂရိမှာ နာမည်ကျော်” ဇု “ နတ်မင်းကြီးနှင့် နတ်မိဖုရားများ ပျော်စံရာ “အိုလန်းပတ် “တောင်တော်မဟာနှင့် ဘုရားကျောင်းများ နတ်ကွန်းများ။အများအပြား တွေ့မြင်ရမှာဖြစ်ပြီး အိုလံပစ်ပွဲတော်များကျင်းပရာ အားကစားရုံများ ပညာရှင်အများအပြား ပေါ်ထွန်းရာ တက္ကသိုလ်အမျိုးမျိုးနှင့်  အကယ်ဒမီသိပ္ပံကျောင်းများ ။ ပညာရှင် ဆိုကရေးတီးစ်နှင့် ပလေတို စသည်တို့ရဲ့ ရုပ်တုများကို ကိုယ်တွေ့ လေ့လာနိုင်ပါလိမ့်မယ်။

အဖိုးထိုက်တန်လှတဲ့ ရတနာပစ္စည်းများကိန်းအောင်းရာ ရှေးဟောင်းအမွေအနှစ်တို့ သိုမှီးသိမ်းဆည်းစုဝေးရာ ၈ရိနိုင်ငံ အေသင်မြို့တော်ကို လာရောက်လည်ပတ်ကြဖို့  ဖိတ်ခေါ်ပါတယ်။ အေသင်ဟာ လူသန်းပေါင်းများစွာကို အာရုံစိုက်လာအောင်ဆွဲအားအပြည့်ရှိတဲ့ မြို့တော်ဖြစ်ပါတယ်။ အထူးသဖြင့် အေသင်ရဲ့ညများဟာ သင့်ကို တစ်သက်မေ့ရက်နိုင်စရာမရှိအောင် ဆွဲဆောင်နေမှာဖြစ်ပါတယ်။ အေသင်ရဲ့ညတွေဟာ  တကယ်လဲ ဘယ်အချိန် ဘယ်အခါမှ ရိုးအီသွားတယ်မရှိပါဘူး။ အမြဲ ဆန်းသစ်နေပါတယ်။ Bouzoukia နှင့် အခြားနာမည်ကြီးဖျော်ဖြေရေးပွဲများ သာမက တေးဂီတနှင့်  ပြဇာတ်အမျိုးမျိုးကို ကြည့်ရှုလေ့လာဖို့ အကောင်းဆုံးမြို့တမြို့ဖြစ်ကြောင်းညွှန်းဆိုပါရစေ။ ဒီမိုကရေစီ စတင်ထွန်းကားရာ ဒေသလဲဖြစ်တာကြောင့် ကမ္ဘာပေါ်က ဘယ်လူသားမဆို ဂရိကို စိတ်ပါဝင်စားကြလိမ့်မယ်ဆိုတာ ယုံကြည်ပါတယ်။  သွားရောက်လည်ပတ်ဖို့ဦးမလေးကြဘူးထင်ပါတယ်။ “အေသင်”ဟာ တခြား ဥရောပမြို့တော်များထက် သင့်ကို ပိုမို ညှို့ယူဖမ်းစားနေမှာ မလွှဲပါဘူး။         ။

Tuesday, November 15, 2011

မြန်မြန် ချက်၊ မြန်မြန် စား

အပြင်ကပြန်ရောက်မှ နေ့လည်စာမြန်မြန်ချက်ရတယ်။
ဗိုက်ကဆာပြီ
အသားတွေမစားနိုင်ပါဘူး ချွေတာရတယ်။
ကြက်သွန်နီဆီသတ်
ပြောင်းဖူးစေ့ထည့်(ရယ်ဒီမိတ်ထုတ်) ရေခဲဖြစ်နေလို့ တရှီးရှီးမည်ကုန်ရောပဲ

ပြီးတော့ ဆန်တစ်ခွက်ထည့်
sour cream ရယ်
နွားနို့ရယ်- အချို့မှုန့်(ဒီမှာတော့ ဇာချင်းဆဲလို့ခေါ်ကြတာ)
ခုနကပြောင်းဖူးထမင်းဆီသတ်ထဲကို ထည့်ပစ်ရော-နွားနို့ထပ်ထည့် ဆန်ပေါ်မူတည်ပြီးရေလိုသလောက်လေးထည့်ပြီး- ဆီလည်းထည့် အပေါ့အငံမြည်း ဇာချင်းဆဲထည့်ချင်ထပ်ထည့်

oven ထဲ 250 လောက်နဲ့ နာရီဝက်၊ လေးဆယ့်ငါးမိနစ်လောက်ထားပြီးတော့ ဒီလိုဖြစ်သွားရော
ဟယ် နွားနို့ခရင်မ်ထဲ ကြက်ဥထည့်ရမှာ မေ့သွားတယ် ကြက်ဥလေးပါထည့်မှ ကောင်းမှာနော် ပြီးမှထည့်တော့ပန်းကန်လည်းပေသွားပြီ-ဒါ့ပုံကမလှတော့ဘူး၊ တတ်နိုင်ပါဘူးလေ၊ ပြောင်းဖူးဆီသတ်နဲ့ခရင်မ်မွှေနေတုန်းသတိရလိုက်လို့တော်သေးတယ်။

နောက် ခရမ်းသီးကြော်မယ်။
ခရမ်းသီးတစ်လုံးကို အလျားလိုက်ခေါ်လား ဒေါင်လိုက်ခေါ်လားလှီးရော၊ အလုံးအလျားလိုက်မပျက်အောင်လှီးတာ မရပါဘူး ပုံပျက်တဲ့နေရာကပျက်ပဲ၊ စိတ်ကတော့ရှည်ပါတယ်၊ လက်ကမရှည်ဘူး၊ လက်က တုန်စိတုန်စိနဲ့၊ လှီးပြီး ဆားနဲ့နာရီဝက်လောက်နှပ်ထားလိုက်တယ်။
အဲဒီအချိန် ငါးမိနစ် ရယ်ဒီမိတ်စွပ်လေးတည်လိုက်ဦးမယ်။ ဗိုက်က အချက်ပြနေပြီ။ အချိန်သိပ်မရှိတော့ဘူး။
သူ့အချိုးအစားအတိုင်းပဲ ရေထည့်ပြီး ၅ မိနစ်မွှေချရုံပဲ ကော်ကော်ရှီးယားဆူပါ- ကြက်စွပ်ပြုတ်ပါ။ ဒီကလူတွေ ထမင်းမစားခင်စွပ်ပြုတ်အရင်သောက်ပြီး လမ်းကြောင်းရှင်းကြတယ်။
လူကြီးမလာခင် လမ်းရှင်းကြသလိုပေါ့။ ပြီးရင် ခုနက ပျော့ပျော့ပြောင်းပြောင်းဖြစ်သွားတဲ့ခရမ်းသီးကိုကြော်တော့မယ်။
ဂျုံမှုန့်ရယ်၊ ပေါင်မုန့်အမှုန့်-breadcrumb၊ ဥကြက်နာနာခေါက်ထားတာရယ်၊ နေရာချပြီးတော့
ခရမ်းသီးကို ပေါင်ဒါအဖြူအရင်လိမ်းပေးလိုက်တယ်၊ ပြီးတော့ ကြက်ဥအနှစ်ထဲစိမ်၊ ပြီးတော့ crumbတွေ ကပ်ရော၊ ပြီးရင် သူတို့ကို နည်းနည်းခါချပေးရင်ပိုကောင်းပါတယ်။ ဆီထဲမှာ အမှုန့်တွေတဖွားဖွားကျနေရင် ခဏနေ အဲဒါလေးတွေက ကျွမ်းကုန်ရင်မကောင်းဘူး။
ဟာ ဆီအိုးအမြန်တည်မှ၊ မျက်နှာချေလိမ်းထားတာတွေက အသင့်ဖြစ်နေပြီ။
တည်ပြီးပြီ သဘောထားလိုက်ပါတော့။ ဒါ့ပုံရိုက်ဖို့မေ့သွားတယ်။
မီးကို နောက်ပိုင်းကျရင်လျှော့ပေးမှ၊ မဟုတ်ရင် ဆီတွေက ကြွပ်ကြွပ်ဆူ၊ အကြော်တွေအသားမည်းကုန်လိမ့်မယ်။ ရွှေညိုရောင်အသားအရောင်လောက်ဆိုအနေတော်ပဲ။
အခုတောင် ဒါ့ပုံရိုက်ရတာနဲ့ အသားမည်းကုန်ကြပြီ။ မည်းလည်း မည်းမည်းပဲ ဒါပဲစားရတော့မှာပဲ။
တစ်ဝက်ကို ကိုယ့်အတွက် ငရုတ်သီးမှုန့်လေးပါထည့်ပြီးကြော်လိုက်တယ်။ အဲဒါလေးတွေက ပုံပျက်ပြီး ပျော့စိလေးတွေဖြစ်နေတာ၊ ကြက်ဥနှစ်ရယ်၊ ဂျုံမှုန့်ရယ် ငရုတ်သီးမုန့်ရယ်ပါလူးပြီး ဆီအိုးထဲပစ်ထည့်ကြော်လိုက်ရော။ အဲဒါလေးတွေက ဗိုက်ထဲရောက်သွားပြီ။ ဒါ့ပုံသက်သေမရှိတော့ပါဘူး။

ဟင်းချက်တာမကျွမ်းကျင်ပါဘူး၊ စိတ်ကတော့ရှည်မယ်ထင်ပါတယ်၊ လက်ကသာမရှည်တာ။

အားလုံးပျော်ရွှင်ချမ်းမြေ့ပါစေ။

Friday, November 11, 2011

Angry Bird


ပီဂျီသည် တစ်ခါတစ်ရံ အကုန်စိတ်တိုနေတတ်ပါသည်။
(မှုန်ဝါးနေတာကိုခွင့်လွှတ်ပါရန်)

Thursday, November 10, 2011

၂၄ ပစ္စည်းစက်ဝိုင်းပုံတော်

၂၄ ပစ္စည်း အကျဉ်းချုပ် ကို အရှင်သုနန္ဒာလင်္ကာရ ရေးထားတဲ့ ပန်းကမ္ဘာဓမ္မရောင်ခြည် မှာ ဖတ်လို့ရပါတယ်။

မသီတာရဲ့ Sonata Cantana ဘလောဂ့်မှာ ပဋ္ဌာန်းပစ္စယနိဒ္ဒေသမိတ်ဆက် အကျယ်ဖတ်နိုင်ပါတယ်။
တန်ဆောင်တိုင်လပြည့်နေ့မှာ ကျန်းမာပျော်ရွှင်ကြပါစေ။
၂၄ ပစ္စည်းစက်ဝိုင်းပုံတော် သိမ်းထားချင်တယ်ဆိုရင် ကလစ်လုပ်ပြီး ပုံကြီးပူဇော်နိုင်ပါတယ်။
 
(၂၄ ပစ္စည်းစက်ဝိုင်းပုံတော် နှင့် အကျဉ်းချုပ် print ထုတ်ချင်သူများအတွက်ပါ) 

(မဲဇလီဖူးသုပ်စားနိုင်တဲ့သူများ သုပ်စားကြပါ။ စကားမစပ် စားချင်လိုက်တာနော် )

Thursday, November 3, 2011

ဆိုင်ကရောင်းတဲ့ ယဉ်ကျေးမှုရဲ့အရသာ

စူးစူးရဲရဲ တောက်ပလွန်းလှတဲ့ စိမ်းပြာရောင်မီးစတွေ၊ ရွှေရောင်မီးစတွေ တဖွားဖွားလွင့်စင်ကျနေတုန်းပဲ၊ မြန်မြန်လက်စသတ်ရတော့မယ်။ ဗိုက်ထဲက အူတွေ လိမ်ကျစ်ကာ ပူနွေးလာတဲ့ခံစားမှုက အဆက်မပြတ်တော့ဘူး။ အဲဒါ ဗိုက်ဆာတာ။ ဟုတ်တယ်လေ .. ကြည့်ပါဦး။ မနက်စောစောစီးစီးကြီး ငါးနာရီကျော်လောက်ကတည်းက အိပ်ရာထခဲ့ရတယ်။ မတ်ခွက်ကြီးကြီးနဲ့ ကော်ဖီအပြည့်ဖျော်တယ်။ အဲဒီကော်ဖီကို လည်ချောင်းထဲ မြန်မြန်လျှောချပြီး ကားဂိတ်ကိုထွက်ခဲ့တယ်။ ဒီမြို့လေး .. အဲ ရွာလေးကိုရောက်ဖို့ တစ်နာရီခွဲလောက် ဘတ်စ်ကားကြီးစီးခဲ့ရတယ်။ အူးမ်ခါဆိုတဲ့ ဟောဒီရွာလေး ရောက်တာနဲ့ အလုပ် စ ခဲ့တာ၊ အူးမ်ခါက ရွာမျက်နှာဖုံးလို့ ပြောရမယ့် ဦးဂျင်မီက ၀င်းတံခါးသံပန်းတံခါးအတွက် ကျွန်တော့်ကို အလုပ်အပ်ခဲ့တာလေ။ ကျွန်တော်နဲ့ ၀ီလီရယ်၊ စောလှရယ် သုံးယောက်သား ဦးဂျင်မီအိမ်မှာပဲ ဆုံကြတယ်။ အ၀င်ဝတံခါးမအတွက်က ပြီးသလောက်ဖြစ်နေပါပြီ။ အချောသတ်ရမယ်၊ အဆက်တွေကို စစ်ရမယ်။ ကျွန်တော်က ဂဟေဆက်သမားပေါ့။ ပညာရှင်ဆန်ဆန်ပြောရရင်တော့ ဂဟေဆက်ကျွမ်းကျင်ပညာရှင်ပါ။ အခု နေ့လည် ၁၂နာရီခွဲပြီး ၁နာရီထိုးလုနီးပါးရှိနေပြီ။ ကျွန်တော်တို့ သုံးယောက်လုံး ၀မ်းဗိုက်တွေ တကြုတ်ကြုတ်မည်နေကြပြီ။ တစ်ချက်တစ်ချက် ဂွီ ဆိုတဲ့ အသံမျိုး ၀ီလီ့ဗိုက်ထဲက ကြားလိုက်ရတယ်။ မြှော့ .. မြှော့ မြှော့ ဆိုလားပဲ … စောလှဗိုက်ထဲကလည်း အော်တာပဲ။ မထူးပါဘူး၊ ကျွန်တော့်ဗိုက်ထဲကလည်း တစ်ခါတစ်လေ မြှောင်း ………..ဆိုပြီး အသံရှည်လေးဆွဲပြီးအော်တဲ့အခါ အော်တယ်။
   
        “ဟာ မရတော့ဘူး၊ ဗိုက်ဆာတယ်။ ၀ီလီ ငါတော့ ရပ်ပြီဟေ့”

ကျွန်တော် ပြောပြောဆိုဆိုနဲ့ ဦးထုပ်ကြီးဆွဲချွတ်ပြစ်လိုက်တယ်။ မျက်လုံးထဲမှာ စိမ်းပြာ၊ ရွှေဝါရောင်အလင်းတွေက မနားတမ်း ပြေးနေသေးတယ်။
စောလှနဲ့ ၀ီလီတို့လည်း ကျွန်တော့်အနားရောက်လာကြပါတယ်။

            “ဘယ်မှာစားကြမလဲ”

ပြည့်ပြည့်ဖောင်းဖောင်း ၀ီလီ့မျက်နှာတောင် နည်းနည်းလေး သေးကွေးသွားသလိုပါပဲ။ စောလှက ဘာကိုမှစောင့်ဆိုင်းချင်ပုံမရတော့ဘူး။ ဦးဂျင်မီကိုသွားမေးနေပြီ။ ဦးဂျင်မီနဲ့ စောလှတို့ ကျွန်တော်တို့အနားကို ရောက်လာကြပါတယ်။ နောက်တစ်ရွာက စားသောက်ဆိုင်မှာ သွားစားကြမယ်တဲ့။ ဦးဂျင်မီက သူလိုက်ပို့မယ်လို့ဆိုတယ်။ ဒီလိုနဲ့ ကျွန်တော်တို့ သုံးယောက်သား ဦးဂျင်မီရဲ့ မီးခိုးပြာ ခပ်ဖျော့ဖျော့ အရောင်ဖီးယက်ကားလေးနဲ့ စားသောက်ဆိုင်ဆီ ထွက်ခဲ့ကြပါတယ်။

ဘေးဘီဝဲယာမှာ ပြောင်းခင်းဝါ၀ါတွေရိပ်ခနဲ ရိပ်ခနဲ ကျန်နေခဲ့ကြတယ်။ ကျွန်တော်တို့ကားလေးလည်း စားသောက်ဆိုင်တစ်ခုဆီ အပြေးနှင်လို့ပေါ့။ ကျွန်တော် ဒီရွာလေးကို မရောက်ဘူးသေးပါဘူး။ ကျွန်တော့်အလုပ်ကလည်း အချိန်ပြည့်အလုပ်မဟုတ်တော့ အော်ဒါရတယ်ဆိုရင် ရတဲ့နေရာ ပြေးရတာပဲ။ တစ်ခါတစ်လေလည်း အိမ်မှာပဲ အကွေ့အ၀ိုက်တန်ဆာဆင်၊ ဂဟေဆက်အချောကိုင်ပြီးရင် ပြီးတဲ့ တံခါးတို့ သံပန်းတို့ကို ယူသွားပြီးဆင်ပေးရတာလည်းရှိတတ်တယ်။ ပညာတတ်ဘွဲ့ရကြီး မဟုတ်ပေမဲ့ ကျွန်တော်တတ်ကျွမ်းတဲ့ ဒီဂဟေဆက်တဲ့အလုပ်ကို ကျွန်တော်ချစ်ပါတယ်။ ဒီအလုပ်နဲ့ပဲ ကျွန်တော့ မိန်းမ မာယာနဲ့ သားကြီးဒရာဂန်၊ အငယ်လေး လာ့ဇာတို့ကို အိမ်တစ်ဆောင်၊ မီးတစ်ပြောင် ထားနိုင်ခဲ့တာလေ။ ကျွန်တော်တို့ ဟိုဟိုဒီဒီ ဈေးဝယ်ထွက်တဲ့အခါ အသုံးပြုနိုင်မယ့် ကားတစ်စီးလည်း ၀ယ်ထားနိုင်တယ်။ ကားလေးက နောက်ဆုံးမော်ဒယ်အမျိုးအစား မဟုတ်ပေမဲ့ ဒီကားလေးနဲ့ပဲ ကျွန်တော့်အလုပ်တွေသယ်သွားနိုင်တယ်။ မာယာ့ကိစ္စတွေလည်း သယ်သွားနိုင်တယ်။ ကျွန်တော့သားတွေရဲ့ မရိုးနိုင်တဲ့ကိစ္စမျိုးစုံလည်း သယ်သွားနိုင်သေးတာပဲ။ တစ်ခါတစ်ရံ ကျွန်တော့် သူငယ်ချင်းတွေရဲ့ ကိစ္စ၀ိစ္စတွေတောင် သယ်သွားနိုင်ခဲ့တယ်။ အဲဒါကြောင့်မို့လို့ ကျွန်တော်ကတော့ ကျွန်တော့်အလုပ်ကိုချစ်တယ်။ တစ်ခုပဲ အလုပ်က အချိန်ပြည့်အလုပ်မဟုတ်တော့ အော်ဒါရှိတဲ့အချိန်တွေမှာ သုံးလေးခု ထပ်နေပြီး လူက မနားတမ်းအလုပ်လုပ်ရသလို၊ အော်ဒါမရရင် အလုပ်ရှိနိုင်မယ့်နေရာကိုလိုက်ပြီး မေးရမြန်းရ အလုပ်ရှာဖွေရတာမျိုးတွေတော့ရှိတာပေါ့။ ဒါပေမဲ့ ကျွန်တော်က ဒီအလုပ်နဲ့ပဲ အသက်မွေးလာတာ သားတွေ တစ်သက်မကတော့ဘူးဆိုတော့လည်း အလုပ်ရှိမယ့်နေရာကို ကျွန်တော်က ရှာတတ်ပါတယ်။ ကျွန်တော်ရှိမယ့်နေရာကိုလည်း အလုပ်က လိုက်ရှာတတ်ကြတယ်။
“ရှဗာဘစ်ခ်ျ ကော်ဖီဆိုင်”လို့ ဆိုင်းဘုတ်တပ်ထားတဲ့ သစ်သားတိုင်လုံးမုခ်ဦးအခင်းအကျင်းနဲ့ဆိုင်လေးရှေ့ရောက်တော့ ဦးဂျင်မီကားလေး ချိုးကွေ့ဝင်လိုက်ပါတယ်။ ကော်ဖီဆိုင်ဆိုပေမဲ့ အစားအသောက်အစုံလည်းရနိုင်တယ်လို့ ဦးဂျင်မီကတော့ ပြောသားပဲ။ ခြံဝန်းလေးက အတော်အသင့်ကျယ်ပါတယ်။ ကားတွေလည်း တော်တော်များများ ရပ်ထားကြတာလည်းတွေ့လိုက်ရသေးရဲ့။ ဦးဂျင်မီက ကားထားစရာနေရာ ဟိုဒီစောင်းငဲ့ ကြည့်လိုက်ပြီး နေရာလွတ်တစ်ခုမှာ ကားကို ကားကို ကျကျနနရပ်လိုက်တယ်။ ဆိုင်ရဲ့ အပြင်အဆင်က ကျွန်တော့်အတွက်တော့ ထူးဆန်းလို့နေတယ်။ ဘာလို့လဲဆိုရင်၊  ကြည့်ပါဦး အ၀င် ၀င်းတံခါးကို၊ သစ်သားတိုင်လုံးကြီးနှစ်လုံး မတ်တပ်ထောင်ထားလိုက်ပြီး ကန့်လန့်သစ်သားတိုင်လုံးတွေရိုက်ထားတယ်။ ကန့်လန့်သစ်သားတိုင်လုံး တွေရှေ့မှာ ရှဗာဘစ်ခ်ျကော်ဖီဆိုင်ဆိုတဲ့ ဆိုင်းဘုတ်ပြားတပ်ထားတယ်။ ဒါပဲရှိတယ်။
ဘာဝင်းတံခါးမှလည်း ပိတ်ဆို့မထားဘူး။ တိုးလျှိုပေါက်ကြီးဗျာ၊ ကျွန်တော်ကတော့ စိတ်ထဲကနေ ကျွန်တော့် သံပန်းတံခါးလှလှကြီးကို အကျအနတပ်ကြည့်နေလိုက်တယ်။ ကားရပ်တဲ့နေရာကနေ အတွင်းဘက် ဆိုင်ထဲကိုရောက်ဖို့ နောက်ထပ်ဂိတ်ပေါက်တစ်ခုထပ်ဖြတ်ရသေးတယ်။ ဒီတစ်ခါလည်း ခုနကလိုပါပဲ ဟာလာဟင်းလင်းပဲ။ ဘာဝင်းတံခါး၊ သံပန်းတံခါးမှရှိမနေပါဘူး။ ဒီဂိတ်ပေါက်ကိုတော့ သစ်သားလုံးတွေအစား ကျောက်တုံးကျောက်သားတွေအကွက်ဖော်ပြီး အလှဆင်ထားတယ်။ အဲဒီကနေ အထဲကို ၀င်လိုက်တော့ ဘေးနှစ်ဘက်မှာ သစ်သားအသားပြည့်ပြည့်စားပွဲ၊ ခုံတန်းတွေရှိနေကြပါတယ်။ ကျွန်တော့်မျက်စိထဲမတော့ နေ့စဉ်ပုံဖော်နေကျ ကွေးညွတ်ကော့ပျံနေတဲ့ သံပန်းဝင်းတံခါးတွေရဲ့ ခမ်းခမ်းနားနားအလှအပနဲ့ တစ်ခြားစီပဲလို့ မြင်နေမိတယ်။ လူဝကြီးတစ်ယောက် ပုံ့ပုံ့ကြီး ထိုင်နေသလိုလို၊ ထူထူပြစ်ပြစ်ကြီး။ မှုန်ကုပ်ကုပ်ကြီးလိုပဲ။
        “ကိုယ်တော့ အလုပ်လေးနည်းနည်းပါး၊ အချိန်အားလေးရတာနဲ့ ဒီဆိုင်ကို အပြေးလာတာပဲဟေ့၊ ၀င်လိုက်တာနဲ့ကို မျက်စိထဲမှာ အေးချမ်းပြီး ပြည့်ပြည့်၀၀ရှိလွန်းလို့။ အေးအေးလူလူနဲ့။ အခုက အပြင်မှာထိုင်ရရင်တော့ အေးတယ်။ ဟုတ်ဘူးလား။ အထဲမှာပဲ ထိုင်ကြစို့ရဲ့”
ကျွန်တော် ရုတ်တရက်အံ့သြသွားတယ်။ လူတစ်ကိုယ်အကြိုက်တစ်မျိုး၊ အမြင်ချင်းမတူကြဘူးဆိုတာ သိထားပါရဲ့နဲ့။ ခု ဦးဂျင်မီပြောလိုက်တော့မှပဲ စိတ်ကူးနဲ့တပ်ကြည့်နေမိတဲ့ သံပန်းတံခါးကြီးတွေ အလန့်တကြားဖြုတ်ပစ်လိုက်မိတယ်။ ခုံတန်းတွေလိုက်ကြည့်မိပါတယ်။ အသားပြည့်နေတဲ့သစ်သားခုံတန်းကြီးတွေက အဆော့သန်လှတဲ့ ကလေးလေးငါးယောက်မက ခေါ်လာဦးတော့ တုပ်တုပ်မှလှုပ်ရှားလိမ့်မယ်မဟုတ်ဘူး။ မာယာနဲ့ ကျွန်တော် ကလေးနှစ်ကောင်ခေါ်ပြီး မြို့လယ်ခေါင်က စားသောက်ဆိုင်တွေသွားဖြစ်ကျရင် ပေါ့ပါးလှပလှတဲ့ သတ္ထုခုံလေးတွေမှာ ထိုင်ကြတိုင်း၊ ကလေးတွေများ အဲဒီသတ္ထုခုံနဲ့အတူ ဘုန်းခနဲပြုတ်ကျလေမလား ပူပန်ရတာ၊ ပြီးတော့ … ထိုင်လိုက်ရင်လူမြုပ်လောက်အောင်ပြည့်ဖောင်းနေတဲ့ ဆိုဖာအိအိထိုင်ခုံတွေမှာ ထိုင်ဖြစ်ကြရင် ကလေးတွေအချိုရည်မှောက်ချလိုက်လေမလား ပူပန်ရတာ၊ အဲဒီလို ပူပန်ရတာမျိုးတွေတော့ ဟောဒီက ခုံတန်းကြီးတွေမှာ လိုအပ်မှာမဟုတ်ဘူးလေ။
ဦးဂျင်မီ ဦးဆောင်ခေါ်ရာအတိုင်းပဲလိုက်လာကြပြီး ဆိုင်ထဲ ညာဘက်ထောင့်စွန်းက အသားပြည့်ခုံတန်းကြီးမှာ ကျွန်တော်တို့ ထိုင်လိုက်ကြပါတယ်။ အပြင်ဘက်မှာ ငြိမ်ဆက်တိတ်ဆိတ်နေသလောက် ဆိုင်ထဲမှာတော့ လူတွေအများသားပဲ။ ဆေးလိပ်ငွေ့တွေရယ်၊ စကားလုံးတွေရယ်နဲ့ ကော်ဖီဆိုင်လေးက စည်ကားနေပါတယ်။ ဆိုင်ရဲ့အခင်းအကျင်းဆွဲဆောင်မှုနောက်မြောပါနေတာနဲ့ပဲ ဗိုက်ဆာနေတဲ့ဒဏ်ကတော့ ခဏလေးရပ်သွားလိုက်တယ်။ ဆိုင်အတွင်းမှာလည်း ကျေးလက်တောရွာရဲ့အငွေ့အသက်တွေ အကုန်ဖြည့်ထားသေးရဲ့။ ဆိုင်ရဲ့ မျက်နှာကြက်မှာ တောကောင်တွေရဲ့ အစာသွပ်အရုပ်တွေကို တွဲရရွဲ ချိတ်ဆွဲထားပါတယ်။
အမဲလိုက်မုဆိုးတစ်ဦးရဲ့ စုဆောင်းသိမ်းဆည်းထားတဲ့အစာသွပ်တောကောင်တွေများလားပဲ။ ဓါး၊ လှံ၊ တံစဉ်း လက်နက်ပစ္စည်းကိရိယာတွေ၊ အမဲလိုက်ရာမှာ သုံးလေသလား၊ ဂျုံစိုက် ပြောင်းစိုက်တဲ့အခါ သုံးလေသလား၊ ကောက်ရိုးသယ် မြက်ရိတ်တဲ့အခါ သုံးရလေသလား ကျွန်တော်တော့မသိပါဘူး။ ကျွန်တော်သိတာက စတီးချောင်းတွေ၊ အလူမီနီယံ၊ ကြေးနီ၊ ပလပ်စတစ်၊  ပိုလီမာအသားတွေ အဲဒါတွေလေ။

        “၀က်ပေါင်သားကင်ရယ်၊ ငါးစွပ်ပြုတ်၊ ချိစ်ဆလတ်သုတ်၊ ခင်ဗျားကရော”

အမြဲခပ်အေးအေးနေတတ်လေ့ရှိတဲ့ စောလှဆီက အရင်ဆုံးအသံထွက်လာတယ်။ ကျွန်တော့်ကျောကိုတစ်ချက်ပုတ်ရင်းမေးပါတယ်။ အော .. စားပွဲဘေးမှာ ကလေးမလေးတစ်ယောက် ရပ်လို့နေပါရောလား။ စာအုပ်သေးလေးတစ်အုပ်ရယ် ဘောပင်တစ်ချောင်းကိုင်လို့ အသင့်အနေအထားနဲ့ စောင့်နေပါတယ်။ အသားကပ်အနက်ရောင်ဘောင်းဘီရှည်၊ အဖြူရောင် ရှပ်အင်္ကျီပွပွမှာ လက်ကို တံတောင်ဆစ်နားထိ ခေါက်ဝတ်ထားတဲ့ ရွှေရောင်ဆံပင်နဲ့မိန်းကလေး၊ ရွှေဝါရောင်ဆံပင်တွေကို အားလုံးစုသိမ်းပြီး နောက်မှာ ခပ်မြင့်မြင့်စည်းနှောင်ထားတယ်။ ပိုနီတေးလ်ခေါ်တဲ့ မြင်းမြီးလေးလိုဆံပင်စည်းထားတာမျိုးလေး  ကိုယ်ခန္ဓာက ထွားထွားကျိုင်းကျိုင်းရယ်။ ဒီမိန်းကလေးကို ကြည့်ရင်း မာယာ့ကိုတောင် သတိရလိုက်ပါသေးတယ်။ မာယာက ဖြူစင်နေတဲ့အသားမှာ ကျောလယ်လောက်ရှိတဲ့ဆံပင်ခွေလိပ်လိပ်လေးတွေနဲ့၊ မျက်လုံးပြာနဲ့မိန်းကလေးပေါ့။ သေးသေးကွေးကွေးလေးပါပဲ။ ကျွန်တော်ကရော၊ ကျွန်တော့အလုပ်ကပြီးလို့အိမ်ပြန်ရောက်တဲ့အခါ ပင်ပမ်းတာအကြောင်းပြပြီး အစားတွေအားကြီးစားတယ်။ ဘီယာမပြတ်၊ ဘရန်ဒီ၊ ၀ိုင်မပြတ်သောက်တတ်လေတော့ ကျွန်တော့်ဝမ်းဗိုက်က စူပုံ့ပုံ့နဲ့။ လူကောင်ကြီးကြီးကျွန်တော်ပေါ့။ စားပွဲထိုးမိန်းကလေးကို မြင်လိုက်တာနဲ့ပဲ ကျွန်တော်အတွေးတွေလည်ထွက်သွားလိုက်တာ ကျွန်တော့်ရဲ့ဝမ်းဗိုက်စူဖောင်းဖောင်းကြီးဆီရောက်မှပဲ အတွေးကရပ်ပါတော့တယ်။ ကျွန်တော့်ဝမ်းဗိုက်ကြီးတောင် ဒီနေ့တော့ နည်းနည်းကျုံလှီသွားသယောင်၊ ကျွန်တော့်ဘာသာသနားမိပါသေးရဲ့။

        “ငါ အာလူးချောင်းကြော်၊ ကြက်သားကင် ပြီးတော့ ငါးစွပ်ပြုတ်ပဲ စားမယ်ဟေ့”

ကျွန်တော့် ၀မ်းဗိုက်ကြီးကို ငုံ့ကြည့်ရင်း အားတက်သရောမှာလိုက်ပါတယ်။ ဦးဂျင်မီကတော့ ကော်ဖီတစ်ခွက်မှာပါတယ်။ သူကနေ့လည်စာစားခဲ့ပြီးပြီကိုး။ ၀ီလီက အမဲကင်၊ အမဲကင်လို့ ရွတ်နေရင်းကပဲ

        “ကြက်သားကင်ပဲပေးပါ၊ ပြီးတော့ ပေါင်မုန့်ညိုရော” လို့ မှာလိုက်တယ်။

        “ပေါင်မုန့်ကတော့ စားပွဲတစ်ဝိုင်းကို ကျွန်မတို့လက်ဖြစ်ပေါင်မုန့်အလုံးတွေ ကြိမ်ဗန်းတစ်ခုနဲ့အပြည့်ပေးပါတယ်၊ ၀ယ်စရာမလိုပါဘူးရှင်”

မိန်းကလေးက ချိုရွှင်ရွှင်လေး ဖြေပါတယ်။ ၀ီလီ့မျက်နှာကလည်း ပြုံးပြုံးကြီး၊ သူလည်း တော်တော်ဆာနေရှာပြီပဲ။ ၀ီလီ့ဗိုက်ထဲက အသံတစ်သံထွက်လာတာတောင် ကျွန်တော်ကြားဖြစ်အောင်ကြားလိုက်သေးတယ်။

        “လက်ဖြစ်ကတော့ တကယ့်လက်ဖြစ်တွေကွနော်၊ အာလူး၊ ဆလပ်၊ အသား၊ ငါး အကုန် ဒီဆိုင်ကပဲ၊ ဒီမှာပဲ စိုက်ထားပျိုးထား၊ မွေးမြူထားတယ်၊ ဒါကြောင့် ဈေးသက်သာပြီး အများကြီးစားရတယ်ဟေ့၊ တွေ့ပါလိမ့်မယ်၊ တော်ကြာနေ”

ဦးဂျင်မီက ကလေးမလေးရဲ့ စကားအဆုံး စကားဖြည့်ပြောလိုက်ပါတယ်။

ကျွန်တော်တို့လည်း စောင့်ရင်း ငေးရင်း စကားစမြည်ပြောရင်း ဆာနေတဲ့ဝမ်းဗိုက်ဟာဟာတွေအကြောင်း ခဏမေ့ထားလိုက်ကြတယ်။
       “ဘယ်နေ့သံပန်းတံခါးမကြီးတပ်မလဲဗျာ၊ ကိုယ် တွေ့သလောက်တော့ အပြီးအစီးနီးပါး ပြီးနေပြီထင်ပါရဲ့။ တပ်ဖို့လောက်ပဲ လိုတော့မယ်ထင်တယ်။ ဂဟေဆက်တဲ့အလုပ်ကလည်း စိတ်အတော်ရှည်ရတာပဲဗျ၊ အာရုံစူးစိုက်ရတယ်နော်။ အသေးစိတ်လိုက်စစ်ရတာ၊ မီးအလင်းစူးတာရယ်။ အသံကြီး တရွှီးရွှီးဆူတာရယ် မလွယ်ဘူး၊ ချီးကျူးပါတယ်ဗျာ။ ခင်ဗျားတို့ ဒီလို စိတ်ရှည်လက်ရှည် ကူညီလုပ်ကိုင်ပေးကြလို့၊ ဒီနေ့ နေ့လည်စာအတွက် ကျွန်တော် ဒကာခံပါရစေဗျ နော်။ ကျွန်တော် သိချင်တာလေး တဆိတ်လောက်၊ ကျွန်တော့်လို ပညာရှင် မဟုတ်တဲ့သူ လူပြိန်းအလွယ်နားလည်နိုင်အောင် ဂဟေဆက်ပုံနည်းလေး နည်းနည်းပါးပါးပြောပြပါလားဗျာ၊ ဥပမာ ခုလို သံပန်းတံခါးတစ်ခုရလာဖို့ ဘယ်လိုစလုပ်ခဲ့ရတယ်ပေါ့၊ အစားအစာတွေလည်းစောင့်ရင်းပေါ့”
စကားပြော သွက်သွက်လက်လက်ရှိတဲ့ ၀ီလီကပဲ ပြောပြဖို့ လှုပ်လှုပ်ရှားရှားဖြစ်လာတာနဲ့ ကျွန်တော်လည်း ငြိမ်နေလိုက်ပါတယ်။ ဆိုင်ထဲမှာလူတွေအများကြီးရယ်။ ကောင်တာမှာ ရှပ်အင်္ကျီအဖြူရောင်လက်ရှည်ကိုလက်ခေါက်ဝတ်ထားတဲ့ အနက်ရောင်ဘောင်းဘီနဲ့လူတစ်ယောက် အေးအေးလူလူကြီးကို အလုပ်ရှုပ်နေဟန်တူပါတယ်။ သူ အလုပ်ရှုပ်နေပုံက အေးအေးဆေးဆေးနိုင်လွန်းလို့ပါ။ ကောင်တာက အရွယ်စုံပုလင်း၊ ဒီဇိုင်းစုံဖန်ခွက်တွေကြားထဲမှာရှိနေတဲ့ အဲဒီလူရွယ်က ဖန်ခွက်ကြီးတွေထဲကို ဘီယာတွေလောင်းချနေပါတယ်။ ပြီးတော့ အဲဒီဖန်ခွက်ကြီးတွေကိုင်ပြီး စားပွဲတစ်ခုဆီ သွားတယ်။ ဘောင်းဘီအနက်ရောင်ကို ခပ်ရွှဲရွှဲဝမ်းဗိုက်အောက်ကနေ လျှောချပြီးဝတ်ထားပါတယ်။ ရှပ်အင်္ကျီကို လက်ခေါက်ထားတဲ့ ပုံစံက ခန့်ခန့်ညားညားတော့ရှိသားပဲ။ ဆိုင်ထဲမှာ ဘီယာသောက်နေတဲ့ သူတွေ၊ ကော်ဖီဖြစ်ဖြစ်သောက်နေတဲ့သူတွေ အစားစားနေကြတဲ့သူတွေ အားလုံး သူတို့အာရုံမှာ သူတို့ နစ်မြုပ်နေကြတယ်။

       “ဒီလိုဗျာ အစတော့ ကျွန်တော်တို့တပ်မယ့်တံခါးအကွာအဝေး သေချာတိုင်းပေါ့၊ ပြီးတော့ ကျွန်တော်တို့ ဒီဇိုင်းကို စဉ်းစားရတယ်၊ အင်တာနက်က၊ စာအုပ်တွေက ကြည့်ပြီး ဒီဇိုင်းဆွဲကြတာပေါ့၊ တစ်ခါတစ်လေလည်း အလုပ်အပ်တဲ့သူက လိုချင်တဲ့အတိုင်းလုပ်ပေးလိုက်ရုံပဲ၊ ပြီးရင် လိုအပ်တဲ့ပစ္စည်းဝယ်ရမယ်၊ အသင့်လုပ်ပြီးသားဝင်းတံခါးမျိုးလည်းရှိတတ်တယ်။ ကျွန်တော်တို့က ကိုယ်လိုချင်တဲ့အံဝင်ဂွင်ကျအချိုးအစားဖြစ်အောင်တော့ လုပ်ရတယ်။ ကျွန်တော်တို့ ဒီဇိုင်းမှာ အကွေ့အကောက်ပါမလား၊ ထောင့်ချိုးတွေများများနဲ့ပဲလား၊ အကွေ့အကောက်ပါတဲ့ ဒီဇိုင်းဆိုလည်း သံကွေးတဲ့ ကိရိယာမျိုးတွေလိုတယ်၊ ဒီဂရီအတိုင်းအတိအကျဖြစ်ဖို့ သတိထားရပါတယ်။ အဲဒီအဆင့်မှာ သံတွေညှပ်ပြီးထိန်းတဲ့အခါ အန္တရာယ်မဖြစ်အောင်တော့ ဂရုစိုက်ရတယ်ဗျ၊ အဲဒီမှာ ထိခိုက်မိတတ်လို့ပါ၊ ပြီးရင်တော့ ဂဟေဆော်တော့မယ့် အဆင့်ပေါ့ဗျာ၊ ဂဟေဆော်ရင် အာဂွန်ဓါတ်ငွေ့သုံး စက်အသေးနဲ့ အရင်သံမှိုရိုက်သလို လိုအပ်တဲ့နေရာတွေမှာ ဂဟေလိုက်တို့တယ်။ ယာယီပေါ့၊ နောက်တစ်ဆင့်မှာတော့ အမြဲတမ်းကြာရှည်ခံမယ့် ဂဟေအဆင့်ဆော်ရတော့မှာလေ။ ဂဟေဆော်ပြီးရင် ဂဟေသားတွေကြမ်းရှမနေအောင်အချောကိုင်ဖို့လိုတယ်။ စေတနာပါပါနဲ့ သေချာစစ်ပြီးရင်တော့ အလုပ်အပ်သူအကြိုက် တံခါးတစ်ခုရပြီပေါ့။ ပြီးရင်တော့ ကြာရှည်ခံဆေးကောင်းကောင်းသုတ်ဖို့လိုတာပေါ့ဗျာ။ အဲဒါ ဦးဂျင်မီတာဝန်ပဲ၊ ကျွန်တော်တို့ တာဝန်မဟုတ်တော့ဘူးဗျ၊ နော့ ဦးဂျင်မီ”
ကျွန်တော် ဗိုက်ဆာလှပြီ။ စိတ်မရှည်နိုင်တော့ဘူး၊ စောလှကလည်း စကားဝိုင်းမှာ စိတ်ဝင်တစားမရှိပါဘူး။ ဆိုင်ထဲကလူတွေဆီငေးတဲ့အခါ ငေးတယ်။ မှန်အကွဲအစတွေအလှဆင်ထားတဲ့နံရံပေါ်က မှန်ထဲမှာပေါ်နေတဲ့ သူ့ပုံရိပ်ကို စိတ်ပျက်လက်ပျက် ငေးကြည့်တဲ့အခါ ကြည့်နေပါတယ်။

       “ဦဂျင်မီ ကျွန်တော် ကောင်တာဆီကို သွားရင် ကောင်းမလားပဲ”

       “ဟေ ဘာလုပ်မလို့တုန်းကွ”

       “မဟုတ်တော့ဘူး၊ ကျွန်တော်တို့ စောင့်နေတာ တစ်နာရီကျော်လာပြီ။ တစ်နာရီခွဲတောင် ကျော်ပြီထင်ပါရဲ့ဗျာ၊ ကြာလိုက်တာ၊ ကျွန်တော် တကယ်ကြီးဗိုက်ဆာနေတာဗျ”

       “အိုး ကိုယ် မပြောမိဘူးထင်တယ်၊ အဲဒါ ဒီဘက်က ရွာတွေရဲ့ ယဉ်ကျေးမှုပဲဗျာ၊ ၁၉ရာစုလောက်ကတည်းက ယဉ်ကျေးမှုပေါ့၊ ဒီနေ့အထိ ဒီဆိုင်လေးမှာ အဲဒီယဉ်ကျေးမှုက ထွန်းကားတုန်းပဲ၊ မှာထားတဲ့အစားအသောက်တွေ မြန်မြန်ဆန်ဆန်ကြီး ချပေးလိုက်ရင် ယဉ်ကျေးမှု မရှိရာရောက်တယ်၊ စားသုံးသူကို ကိုယ့်ဆိုင်ကနေ မြန်မြန်စား၊ မြန်မြန်သွား သဘောမျိုးဖြစ်မှာစိုးတယ်၊ အေးအေးဆေးဆေး စကားလက်ဆုံကျပြီး စားကြ သောက်ကြ၊ ရယ်ကြ မောကြပေါ့ဗျာ၊  အဲဒီ ယဉ်ကျေးမှုအတိုင်းပဲ ကိုယ့်စိတ်ထင် နောက် နာဂီဝက်ကျော်လောက်မှ လာလိမ့်မယ်ဟေ့”

       “ဗျာ၊ ယဉ်ကျေးမှုအတိုင်း၊ ၁၉ရာစုက ယဉ်ကျေးမှုအတိုင်း၊ အလိုလေးဗျာ ကျွန်တော် အဆာလွန်ပြီး သေရတော့မှာပဲ”

ကျွန်တော် စိတ်ညစ်ညစ်နဲ့ပဲ ရွှတ်နောက်နောက်အသံမျိုးနဲ့ အော်ဟစ်လိုက်ပါတယ်။ ဆိုင်ထဲက လူတွေက ကျွန်တော်ရဲ့ အသံကို စိတ်မ၀င်စားကြပါဘူး။ သူတို့လည်း အော်ဟစ်ရယ်မောနေကြတာပါပဲ။ စောလှ က “ကောင်းဗျာ .. ကောင်းဗျာ” လို့ပဲ အထပ်ထပ်ရေရွတ်နေလေရဲ့။ ဦးဂျင်မီကြီးကတော့ တဟားဟားရယ်မောနေခဲ့ပါတယ်။ ၀ီလီက စကားစ ပြန်ဆက်တယ်။

       “လိုအပ်တဲ့အခြေံခံပစ္စည်းလေးတွေပြောဦးမယ်ဗျ၊ ဂဟေဆက်တဲ့အခါသုံးမယ့် လျှပ်စီးနိုင်တဲ့သတ္ထုချောင်းလေးတွေလိုတယ်၊ အဲဒါလေးတွေကို အရည်ပျော်စေပြီး အဆက်တွေထိကပ်ဖို့သုံးတယ်၊ metal active gas-MAG ဒါမှမဟုတ် metal inert gas-MIG ဂဟေသမား နဲ့ tungsten inert gas-TIG ဂဟေသမားလည်းလိုတယ်၊ တိုင်းတာရမယ့် တိတ်ကြိုး၊ ၃ ပေအနည်းဆုံးရှိတဲ့ ပေတံ၊ လက်သမားသုံးပေတံလည်း လိုတယ်ဗျာ၊ လက်ဆွဲသတ္ထုသားသွေးတဲ့စက်၊ လက်ဆွဲလွှကွေးရယ်၊ အကျဉ်းအကျယ်ညှိနိုင်တဲ့ ပြုတ်တူ၊ ထိပ်လုံးတူလည်း လည်းလိုတာပဲ၊ နောက် ကျွန်တော်တို့အတွက် အရေးအကြီးဆုံးက ခေါင်းဆောင်းကောင်းကောင်း၊ လက်အိတ်ကောင်းကောင်းတွေပေါ့ဗျာ”

       “ဟော လာပြီဟေ့ ဒီတစ်ခါ သိပ်မကြာဘူးကွ၊ စောလှ နဲ့ ဒန်ရန် တို့ ဆာနေမှန်း သိလို့ဖြစ်မယ်”

ဦးဂျင်မီလည်းပြောအပြီး၊ ရွှေရောင်ပိုနီတေးလ်မလေး အနားရောက်လာပါတယ်။ အိုး အသားကင်တစ်ပွဲတစ်ပွဲမှာ အများကြီးပါပဲလား။ အာလူးချောင်းကြော်တွေကလည်း ပန်းကန်ကြီးကြီးနဲ့ အပြည့်အမောက်ကြီးရယ်။ ပေါင်မုန့်ညိုလုံးလေးတွေကို ကြိမ်ခြင်းလေးထဲမှာထည့်ထားတယ်။ ငါးစွပ်ပြုပ်ကလည်း အငွေ့တထောင်းထောင်း မွှေးလှချည်ရဲ့။ ကျွန်တော်တော့ ပိုနီတေးလ်မလေးကို မကြည့်နိုင်တော့ဘူး၊ အစားအသောက်တွေပဲ မျက်စိရော လက်ရောရောက်တော့တာပါပဲ။ ကျွန်တော်တို့ သုံးယောက်သား ခေါင်းမဖော်နိုင်ဘူး၊ အစားကိုပဲစားလိုက်ကြတာ။ ဦးဂျင်မီက ကော်ဖီလေး တကျိုက်စီသောက်ရင်း ကျွန်တော်တို့ကို ခပ်ပြုံးပြုံးမျက်နှာပေးနဲ့ ကြည့်နေခဲ့ပါတယ်။
တကယ်ပဲဗျာ အဲ့ဒီနေ့လောက် ဗိုက်ဆာတဲ့နေ့ မကြုံဖူးဘူး၊ အဲဒီနေ့လောက် စားကောင်းတာလည်း မကြုံဖူးဘူး။ နောက်ပြီးတော့ အဲဒီနေ့လောက် စောင့်လိုက်ရတာလည်း မကြုံဖူးဘူးပေါ့ဗျာ။ ကျွန်တော်တော့ နောက်တစ်ခါ ဒီ အူးမ်ခါရွာမှာ အလုပ်လက်ခံရလို့ ဒီ “ရှဗာဘစ်ခ်ျ ကော်ဖီဆိုင်” မှာ စားရမယ့်အခြေအနေမျိုးကြုံလာခဲ့ရင်တော့၊ ဗိုက်မဆာခင် နှစ်နာရီလောက်အလိုကတည်းက ဒီဆိုင်ကို အရောက်လာခဲ့ဖို့ တွေးထားလိုက်ပြီ။ နောက်တစ်ခါဆိုတဲ့အချိန်အတွက် ခုကတည်းက စဉ်းစားထားလိုက်ပါပြီ။ ဒီဆိုင်ကရောင်းတဲ့ ယဉ်ကျေးမှုအရသာကို ကျွန်တော်က စွဲသွားခဲ့ပြီကိုး။ မိတ်ဆွေတို့လည်း ယဉ်ကျေးမှုအရသာကို မြည်းစမ်းချင်တယ်ဆိုရင်တော့ ဆားဘီးယားနိုင်ငံ၊ ဘဲလ်ဂရိတ်မြို့ အနောက်မြောက်ဘက် ကီလိုမီတာ ၆၀ အကွာမှာရှိတဲ့ “ရှဗာဘစ်ခ်ျ ကော်ဖီဆိုင်” ကို လာခဲ့ကြဖို့ဖိတ်ခေါ်ချင်ပါတယ်။ မသွားခင် အဆာပြေတစ်ခုခုတော့ ကျွန်တော်တို့  ကြိုတင်စားသွားကြတာပေါ့ဗျာ။            ။
Faces Magazine, June, 2012

Sunday, October 23, 2011

Hotel California

သီချင်းနားထောင်ရင်းနဲ့ Marc Anthony ရဲ့ ဟိုတယ်ကယ်လီဖိုးနီးယားရောက်သွားပြန်တယ်။
ဒီလိုနဲ့ ဒီကိုရောက်လာပြန်ရော

Eagles ရဲ့ Hotel California ကိုတော့ အရင်ကတည်းက ကြိုက်တယ်။

Thursday, October 20, 2011

ဒီလှိုင်းကိုဆန့်ကျင်၍ (မေမေ့ရဲ့စာ)

“ဘုန်းတော်ကြီး  “ဆွန်နော့ခ် အတီပင်ယို” ဟာ ပင်လယ် ရွာကလေးတရွာက ဘုရားကျောင်းမှာ နေထိုင်ရင်း တလိပ်လိပ်တက်လာတတ်တဲ့  လှိုင်းလေတွေနဲ့  စစ်ခင်းခဲ့ရတာ  ၇နှစ်တောင်ကြာမြင့်ခဲ့ပါတယ်။
          
လူတွေတော်တော်များများကထိုင်းနိုင်ငံရဲံ့မြို့ တော် “ဘန်ကောက်”ကို“အရှေ့တိုင်းရဲ့ဗင်းနစ်စ်မြို့တော်”လို့ တင်စား ခေါ်ဝေါ်နေကြတာပါ။ ဒီလို တင်စားခေါ်ဝေါ်မှုကြောင့်ဘဲ ဗင်းနစ်စ်မြိုနဲ့ ရာသီဥတုအခြေအနေ အနေအထားချင်းတူညီသွားရော့သလားလို့ ထင်မှားရပါတော့မယ်။ ဘာ့ကြောင့်လဲ ဆိုရင် ဒီလို”ဗင်းနစ်စ်”လို လှပတဲ့ မြို့တ်ာလေးတမြို့အဖြစ်    တင်စားခံခဲ့ရတဲ့ “ဘန်ကောက်”ကို  ယခုအခါကျွမ်းကျင်တဲ့ ပညာရှင်များက ထိုင်းနိုင်ငံရဲ့ ကမ်းရိုးတန်းတွေ ကီလိုမီတာ၆၀၀လောက်ရေမှာ နစ်မြုပ်သွားပြီလို့ဆိုနေပါတယ်။ ထိုင်းပင်လယ်ကွေ့ကမ်းရိုးတန်းများဟာလည်း ဆိုးဆိုးဝါးဝါး  ရေတိုက်စား ခံနေရပြီလို့  ပညာရှင်အများအပြားက တညီတညွတ်တည်း ဆိုကြတယ်။

ထိုင်းနိုင်ငံရဲ့မြို့တော်ဟာ ကျောက်အစားရွှံ့စေးပေါ်မှာ အထိုင်ချတည်ဆောက်ထားတဲ့အတွက် လာမယ့် ဆယ်စုနှစ်ကာလများမှာရေလွှာမြင့်တက်မှုကနေရေအောက်ငုပ်လျိုးနစ်မြုပ်ပျောက်ကွယ်သွားနိုင်ကြောင်း ဆိုနေပါတယ်။ ဘန်ကောက်ဟာ  အဲဒီလို ဆိုးဆိုးဝါးဝါး အခြေအနေမျိုးနဲ့ရင်ဆိုင်ရနိုင်တယ်လို့ ပညာရှင်များ တညီ တညွှတ်တည်းအဆိုပြုထားပေမဲ့ဘယ်တော့လဲဆိုတာဘယ်သူမှအတိအကျမပြောနိုင်ကြသေးပါဘူး။ အငြင်းအခုံဖြစ်နေဆဲပါပဲ။
(ဒါပေမဲ့လောလောဆယ်ထိုင်းနိုင်ငံရေကြီးမှုကကြောက်ခမှန်းလိလိပါ။
ဆိုးဆိုးဝါးဝါးရေလွှမ်းမိုးနေတာပါ။ အယုဒ္ဓယဆိုရင်အားလုံးလိုလိုရေမြုပ်နေပါတယ်။ အောက်တိုဘာ၁၄၊၂၀၁၁နေ့ ဒီဆောင်းပါးကိုရေးသားနေချိန်ဟာ ထိုင်းနိုင်ငံမြောက်ပိုင်း ရေလွှမ်းမိုးမှုအကြီးအကျယ်  ဖြစ်နေချိန်ပါ။ ရေဟာခါးလယ်ရောက်နေပြီးစက်ရုံများလည်းပိတ်ထားရပါတယ်။
အယုန္ဓယကဘုရားကျောင်းများမှာလည်း ရေနစ်နေပါတယ်။ ၂လကျော်ကြာမြင့်ခဲ့ပေမဲ့ရေဟာ ကျမသွားတဲ့အပြင်တိုးတိုးနေတယ်လို့ဘီဘီစီသတင်းက ဆိုပါတယ်။ ကြုံကြိုက်လို့ ပြောရရင် မေလ ၇ရက် ၂၀၁၁ ခုနှစ်နေ့စွဲနဲ့ National Time ဂျာနယ်မှာ၂၇နှစ်ကြာ ရေအောက်မြုပ်နေတဲ့ထိုင်းဘုရားသုံးဆူနှင့်သာသနိကအဆောက်အဦ၊ရွာကြီးတရွာစသည် မြစ်ရေခန်းခြောက်ရာ
မှ ပေါ်ထွန်းလာကြောင်း သတင်းပါရှိလာတယ်။ လွန်ခဲ့တဲ့ နှစ်(၂၅၀ခန့် )လောက်က ဟံသာဝတီမြို့  ပျက်သုန်းသွားပြီးထိုင်းနိုင်ငံအတွင်းဝင်ရောက်လာသူမွန်လူမျိုးတို့ကတည်ထားခဲ့တယ်လို့  ကျွမ်းကျင်သူ
ပညာရှင်အများအပြားက ကောက်ချက်ချပါတယ်။ လက်ရှိထိုင်းမြန်မာနယ်စပ်နှင့် ကီလိုမိတာ (၃၀)လောက်ဘဲ ဝေးပြီးယခင်ထိုင်းမြန်မာနယ်စပ်လို့ဆိုပါတယ်။ ဒီတုံးကထိုင်းအာဏာပိုင်တို့ဟာ စံခလယ်ချောင်း၊ကင်းချောင်း ၊ ယန်တီချောင်းတို့ပေါင်းဆုံရာ “ကွေမြစ်”ပေါ်မှာရေကာတာဆောက်လုပ်ပြီး ထွန်ဖါဖွန်ရေအားလျှပ်စစ်စီမံကိန်းကိုအကောင်အထည်ဖေါ် တည်ဆောက်ခဲ့တာကြောင့် ရွာဟောင်းတခုလုံးနှင့်အတူ ဘုရားသုံးဆူရော အဆောက်အဦးများပါ ရေအောက် နစ်မြုပ်သွားကြောင်း ရေကာတာများတည်ဆောက်ခြင်းရဲ့  ဆိုးကျိုးကိုလည်း  ဂျာနယ်က ဖေါ်ပြထားပါတယ်။)


ဘန်ကောက်မြို့တော်ရဲ့တောင်ဘက်ကီလိုမီတာ(၂၀)၀န်းကျင်ကငါးဖမ်းလုပ်ငန်းရှိရာ  ဒေသတ၀ိုက်မှာတော့ ပြောင်း လဲလာတဲ့ ရာသီဥတုဒါဏ်ကြောင့် တော်တော်လေးအခက်ကြုံနေရတာ အမှန်ပါဘဲ။ အသက်၄၄နှစ်ရှိပြီဖြစ်တဲ့ဘုန်းတော်ကြီး Somnuk Atipanyo က တမျှော်တခေါ်ရှိလွန်းတဲ့ “၀ပ့်ခွန်စမတ် ထရာဝပ်” ဗုဒ္ဓဘာသာဘုရားကျောင်း မြေတွေပေါ်ကရေပြင်ကျယ်ကြီးကိုညွှန်ပြရင်း “ဒီမှာ လမုတွေ စိုက်ပျိုးရ ပါမယ်။ လမုတောတွေ ဖြစ်ထွန်းဖို့လိုပါတယ်။ ဒါပေမဲ့လှိုင်းလေထန်ရင် ဘာမှမခံနိုင်ဘူး ဒါကို အစိုးရ က ဖြေရှင်းပေးရမှာပါ “လို့ပြောတယ်။သူက မေးတညိတ်ညိတ်၊ ခေါင်းတယမ်းယမ်းနဲ့ “မိသားစုတွေ သူတို့အိုး၊ သူတို့အိမ်၊သူတို့အလုပ်ရှိရာပြန်လာချင်ပေမဲ့ ခင်ဗျားကြည့်လေ။ ဒီမှာသဘာဝဘေးဥပါဒ်အန္တရယ်က ဖျက်ဆီးပြစ်လိုက်တော့   သူတို့ ဘာမှမလုပ်တတ်ဘူး”လို့   ပြောပါတယ်။
လွန်ခဲ့တဲ့ခုနှစ်တာကာလကလည်း“ခွန်ဆမတ်ချင်”ရွာမှာရေမျက်နှာပြင်မြင့်တက်လာမှုကိုဆိုးဆိုးဝါးဝါးခုခံ
ကာကွယ်ခဲ့ရတယ်။

ဒီရေဟာကုန်းမြေကိုတစ်ကီလိုမီတာမျိုပြစ်ထားတာပါ။ကျန်မာရေးဌာနနှင့်စာသင်ကျောင်းတွေပိတ်ခဲ့ရပါတယ်။လူဦးရေတ၀က်လောက်မိမိတို့အိုးအိမ်ကိုစွန့်ခွာထွက်သွားကြရတယ်။ လျှပ်စစ်ဓါတ်အားပေးတာဝါတိုင်များ ပျက်စီးခဲ့ရတယ်။ ထိုင်းပင်လယ်ကွေ့ ဟာကုန်းမြေမှနေ မီတာ ၅၀၀ လောက် ပိုင်းခြားဝေးကွာ ခဲ့ တယ်။ “၀ပ်ခွန်စမတ်ထရာဝပ်” ဘုရားကျောင်းကတော့ ရေထဲမှာ ထီးထီးကြီးပါဘဲ။ ဘုန်းတော်ကြီး”ဆွန်နော့ခ်”ကတော့တက်လာတဲ့ရေနဲ့ရေမှာမြုပ်နစ်နေတဲ့ ဘုရားကျောင်းကိုမျှော်ကြည့်နေတယ်။ သူရဲရဲဆုံးဖြတ်ချက်ချလိုက်တယ်။ “ဒါတွေအားလုံးပြန်လည်ပြုပြင်ရမယ်” တဲ့။ “ဒီလှိုင်းတွေကို သူခုခံ တိုက်ခိုက်ပြစ်မယ်”တဲ့။ ကြိမ်းဝါးနေပြန်တယ်။

ဘုန်းတော်ကြီး“ဆွန်နော့ခ်”ဟာ ငယ်ငယ်က သူ့မိသားစုနဲ့ အတူ သစ်သီးတွေ ရောင်းချခဲ့ရတဲ့ ဘ၀ကိုသတိရနေတယ်။ သူက  လူ့ဘ၀ဆိုတာကို အလေးမထားခဲ့ဘူး။ ဆေးလိပ်လဲ သောက်တယ် ။အရက်သေစာလဲ သောက်တယ်တဲ့။ ဒီလိုနဲ့ အသက်(၃၀)အရွယ်ရောက်တြော့ဖစ်ရပ်ဆန်းတခု အံ့သြဖွယ်တွေ့ကြုံရတော့တယ်။ သူငယ်ချင်းတယောက်သူ့ကိုယ်သူ သတ်သေသွားခဲ့ လို့ ပါ။ သူငယ်ချင်းရဲ့  အမေက  တိုတောင်းလှတဲ့ လူ့ဘ၀မှာ လူဆိုတာ အပြစ်သားမဖြစ်ဖို့  အရေးကြီးတယ်တဲ့။ မင်းသာသနာ့ဘောင်ဝင်ပြီး ဘုန်းကြီးတပါးဖြစ်ဖို့  ဆန္ဒ မရှိဖူးလားလို့  မေးခဲ့တယ်။ သူလည်း တရက်နှစ်ရက်လောက် ဘုန်းကြီးကျောင်းသွာပြီး ခေတ္တနေကြည့်ပါတယ်။ သူကသူငယ်ချင်းသေတာကိုမြင်ပြီး ခြောက်ခြားနေတာကိုး။ ပင်လယ်ထဲမှာမြုပ်နစ်နေတဲ့ ဘုရားကျောင်းတခုဆီ အလယ်လာဖို့ဘုန်းကြီးငယ်လေးတပါးပြောပြတာနဲ့   သူအလယ်ရောက်သွားခဲ့တာပါ။ ဘုရားကျောင်းကဆွေးတဲ့နေရာကဆွေး။ကျိုးတဲ့နေရာကကျိုးဘဲ။ သိပ်ကို ခက်ခဲပါတယ်။ ဘုရားကန်တော့ဖို့ တောင် နေရာ မရှိပါဘူး။ ဒါတွေကို သူစိန်ခေါ်ပြုပြင်ခဲ့ပါတယ်။ ကြိုးစားပြီးတော့ ထိန်းချုပ်ပြုပြင်နေလာရာမှာ အဆင်ပြေတဲ့အခါလဲ ပြေလာတယ်။ ဒေသခံရွာသူရွာသားများကလည်း အချိန်ပြည့် နေထိုင်ဖို့ ခေါ်ကြတယ်။ သူဘုန်းကြီးကျောင်းမှာပျော်လာတယ်။ လူ့ဘ၀နဲ့နှိုင်းယှဉ်ကြည့်ရင်ဘုန်းကြီးကျောင်းမှာဘုန်းကြီးဖြစ်ရတာ တကယ်သက်တောင့်သက်သာရှိတယ်လို့ သူထင်မြင်လာတယ်။

လေးလလောက်နေပြီးတော့ ကျောင်းထိုင်ဆရာတော်ဖြစ်လာပါတယ်။ ဘုရားဖူးတွေဝတ်ပြုဆုတောင်းရာ အခန်းပတ်လည်မှာရေက၂မီတာလောက်တက်လာတယ်။  ဘယ်လိုစွမ်းဆောင်လုပ်ကိုင်နိုင်မလဲ သူစဉ်းစားရတော့တယ်။   သူကပြောတယ် ။ကျွမ်းကျင်တဲ့  ပညာရှင်တွေ ဒီမှာလာပြီးလေ့လာကြတယ်။ ပြီးတော့ကျုပ်တို့ကိုဘာလုပ်သင့်တယ်ဆိုတာပြောပြကြတယ်။ သစ်တောတွေခုတ်ထွင်ရှင်းလင်းရင် ရာသီဥတုပြောင်းလဲတတ်ပုံသူတို့ဟောပြောကြတယ်။ ဒါဘာကို ဆိုလိုတာလဲ သူနားမလည်ဘူးတဲ့ ။
ဒီကလူတွေကသူတို့လက်နဲ့သူတို့ဘဲ သူတို့မြေကြီးကိုလက်တွေ့ထွန်ယက်စိုက်ပျိုးလုပ်ကိုင်ကြတာပါ။ သူတို့ ပညာရှင်ဆိုသူတွေရဲ့  တွေးတောယူဆမှုတွေ ပြောဆိုချက်တွေကို လက်ခံနိုင်ကြပါ့မလားဆိုတာက သူတို့  တာဝန်ပါ။ မေးစရာရှိတာက ခုကျုပ်တို့ ဒီဒေသကို  ဘာတွေကူညီ လုပ်ကိုင်ပေးကြရမလဲ တဲ့။ အချိန်က ၇နှစ် ကြာသွားပါပြီ။ သူက ကျောင်းထိုင်ဘုန်းကြီးဘ၀မှာဘဲ ဒေသခံ volunteer ကလေးတွေနဲ့ လမုပင်တွေစိုက်ပျိုးကြတယ်။ မဟုတ်ရင်လဲကျောက်တုံးတွေကိုရွှေ့ပြီး မြေကြီးတွေဖို့ကာ လှိုင်းလေကိုတပျော်တပါး ကာကွယ်တြတယ်။ အတားအဆီးတွေလုပ်ကြတယ်။ 

ဟိုရှေးရှေးအခါက အင်အားပြင်းလှိုင်းဒါဏ်လေဒါဏ်ခံရစဉ်အခါက အမှတ်တရဓါတ်ပုံတွေ ရေအောက်နစ်မြုပ်တဲ့  ဆုတောင်းဝတ်ပြုရာခန်းမတွေ ပြန်မြင်လာတယ်။ ကျောင်းထိုင်ဆရာတော်က ၀န်ခံပါတယ်။” ဒါဟာ အင်မတန် ခက်ခဲတဲ့အလုပ်ပါ။ ဒီကျောင်းမှာ သီတင်းသုံးဖို့အကြောင်းပြချက်က ဘာလဲ။ အယင်ငယ်ငယ်ဘ၀ကို သတိရတယ်။ ဒါပေမဲ့ဒီမှာ အနှောင်အဖွဲ့မရှိ လွတ်လပ်စွာ နေခဲ့ရလို့  စိတ်ချမ်းမြေ့ပါတယ်။ မိသားစုကိစ္စမရှိ သားမရှိ။ ၀န်ထုပ်ဝန်ပိုးမရှိ။ ဘာမှ စိတ်အာရုံပျံ့ လွင့်စရာ မရှိပါဘူးစိန်ခေါ်စရာရှိတယ်ဆိုရင်အဲဒါ ဒီလှိုင်းတွေဘဲမဟုတ်ပါလား”တဲ့။ “ကျုပ်ဘ၀ရှေ့ရေး အတွက်ကိုတော့တခြားရွေးစရာ မလိုတော့ပါဘူး။ ဒီကျောင်းကလေးကိုဘဲ ထိန်းသိမ်းစောင့်ရှောက်ရင်း ဘ၀ဆုံးသည့်တိုင် မခွဲအတူ နေသွားဖို့ ပါဘဲ။ ဘယ်လို စိန်ခေါ်မှုတွေ ပြွမ်းတီးနေပါစေ ကျုပ်မငြီးငွေ့ ပါဘူး” တဲ့ ။ “လူတွေ လူတွေ လာကြတယ်။ ကျောက်ပြားတွေ ဘုရားကျောင်းကို ကပ်ကြတယ်။ သွားကြတယ် ။ လှူဒါန်းတဲ့အဖွဲ့အစည်းတွေလည်းရောက်လာတယ်။ ကျုပ်ကတော့ကျုပ်နေရာမှာဘဲရှိနေပါမယ်။ ကျုပ်ရဲ့ ကျောင်းတော်မဟာကို ဘဲသထက်ကောင်းအောင် ပြုပြင်မွန်းမံပြီး  တသက်လုံး နေသွားမှာပါ”။  “ဟောင်ကောင်နဲ့  စင်္ကာပူနိုင်ငံတွေက မြေသားအပို မရှိလို့  အမျိုးမျိုးမြေကြီး ဖန်တီးနေရချိန်မှာ ကျုပ်တို့  ထိုင်းနိုင်ငံကတော့ ရှိတဲ့ မြေသားကို မကာကွယ်နိုင်ကြဘူး။ ဒီလို မဖြစ်သင့်ပါဘူး။ ကျုပ်တို့  တတ်စွမ်းသရွေ့ကာကွယ်သွားမှာဖြစ်ပါတယ်လို့ ဘုန်းတော်ကြီး “ခွန်စမတ်ချင်” က စိတ်အားထက်သန်စွာ ပြောဆိုပါတယ်။           ။

Florist
Against the Rising Tide By Brent Lewin
Reader's Digest Aug2011