Tuesday, July 31, 2012

ဟယ်လို အ၀ါရောင်

နေရောင် အလင်းစွမ်းအားပြည့်ဝနေတဲ့ အိမ်လေး
အ၀ါရောင်ဟာ နွေးနွေးထွေးထွေးရှိတယ်။ နေသာတဲ့နေ့အလင်းရောင်လိုပဲ။ ဖိတ်ခေါ်ဆွဲဆောင်နိုင်စွမ်းရှိတယ်သတဲ့။ ဒါပေမဲ့ အ၀ါရောင်လေးတွေထဲက အရောင်အဆင်းမှာယွင်း ရွေးချယ်မိမယ်ဆိုရင်တော့ ဆွဲဆောင်နိုင်စွမ်းရှိတာတွေလွင့်ပျောက်သွားပြီး စိတ်အနှောင့်အယှက်တောင်ဖြစ်နိုင်ပါတယ်။ အိမ်တွင်း အလှဆင်လိုကြသူတွေဟာ များသောအားဖြင့် လင်းလက်တဲ့တောက်တောက်ပပအရောင်လေးတွေ ရှာဖွေတတ်ကြတယ်။ သူတို့အတွက် အ၀ါရောင်က အခန်းတိုင်းကို ကျယ်ဝန်းတဲ့အရသာပေါင်းစပ်ပေးနိုင်တဲ့ နှစ်သက်ဖွယ်ရာ အရောင်အသွေးလေးပါ။ စိတ်ကြည်နူးနှစ်သက်စရာ ကိုယ့်ရဲ့ပတ်ဝန်းကျင်လေးဖြစ်စေဖို့ကတော့ မှန်ကန်တဲ့အ၀ါရောင် ရောင်စဉ်လေးတွေ ရွေးချယ်ဖို့ အဓိကကျပါတယ်။ အ၀ါရောင်လေးကို ကိုယ့်ရဲ့ အိမ်လေးဆီယူဆောင်လာတာဟာ သဘာဝအလင်းရောင်လေးပေါင်းစပ်ပေးလိုက်သလိုပါပဲ။ နေရဲ့အရောင်အဆင်းလို့ တင်စားကြတဲ့ အ၀ါရောင်ဟာ သဘာဝအလင်းရောင်ကင်းမဲ့မှုကို အစားထိုးလင်းလက်စေတယ်။ ပျင်းရိညစ်ညူးစရာ မှုန်ကုတ်ကုတ်အခန်းလေးတစ်ခန်းအတွက် မရှိမဖြစ်အရောင်အဖြစ်ရပ်တည်နေပါသတဲ့။ အခန်းတစ်ခန်းလုံးရဲ့လေထုထဲကို အလင်းတွေဖြန့်ကျက်လွှမ်းမိုးနိုင်တဲ့ အရောင်လေးပါ။ အသွေးအရောင်အမျိုးမျိုးထဲက ရောင်စဉ်တွေထဲမှာ အ၀ါရောင်ဟာ အဖျော့ဆုံးဖြစ်ပြီး အပေါင်းလက္ခဏာဆန်တဲ့စိတ်ခံစားမှုနဲ့ ဆက်စပ်နေပါတယ်။ ရွှန်းရွှန်းစိုစို အ၀ါရောင်နွေးနွေးဟာ သဘာဝကမ္ဘာမြေကြီးက ဖြာထွက်လာတဲ့အရောင်ပါ။
သူနဲ့ စည်းချက်ညီတဲ့အရောင်တွေကတော့ အနီ၊ အညို နဲ့ လိမ္မော်ရောင်တွေဖြစ်ကြပါတယ်။ ကြည်ကြည်လင်လင် အေးမြတဲ့အ၀ါရောင် လီမွန် နဲ့ စိမ်းဝါရောင်တို့အတွက်ဆိုရင်တော့ ခပ်အေးအေးအရောင်မျိုးတွေဖြစ်တဲ့ အပြာဖျော့၊ အညိုဖျော့နဲ့ လာဗင်ဒါခရမ်းရောင်တို့ လိုက်ဖက်လှပါတယ်။

Primrose - သမပိုင်း၌နွေဦးတွင်အဝါဖျော့ပန်းပွင့်တဲ့ပေါက်ပန်းပင်တစ်မျိုးရဲ့အ၀ါ
လန်းဆန်းသွက်လက်တဲ့အရောင်လေးပါ။ ဒီအ၀ါရောင်လေးကို ရောင်စဉ်တွေထဲမှာ အပြာ - အစိမ်းဝန်းရံလျှက်ရှိတာတွေ့နိုင်တယ်။ သဘာဝအလျှောက် အေးမြတဲ့အရောင်းလေးဖြစ်ပေမယ့် နွေးထွေးတဲ့သဘောဆောင်သတဲ့။ အဖြူရောင်၊ အညိုရောင်ဖျော့ဖျော့ နဲ့ အနက်ရောင်တို့နဲ့ တွဲဖက်သုံးမယ်ဆိုရင် ခေတ်မှီသွက်လက်တဲ့စတိုင်လ်မျိုးရနိုင်ပါတယ်။ သဘာဝတရားဟာ အမှားအယွင်းဖြစ်သွားအောင်မလုပ်ပါဘူး။ သဘာဝရောင်စဉ်တွေလိုပဲ ဒီပရင်မ်ရိုစ့် အ၀ါရောင်ကို ရေညှိစိမ်းနဲ့ ခရမ်းရင့်ရောင်ပေါင်းစပ်ပြီးရလာနိုင်မယ့် အစိမ်းရောင်အသွေးဖျော့ဖျော့နဲ့ အလှဆင်ခြယ်မှုန်းနိုင်တယ်။

လီမွန်အပေါ်သားအလွှာရဲ့ အ၀ါ
လီမွန်ရဲ့အရသာဟာ လျှာဖျားမှာ စူးရှတဲ့အချဉ်ဓါတ်ကို သယ်ဆောင်လာသလို လီမွန်သံပရိုသီးအ၀ါဖျော့ရောင်ဟာ ထူးခြားကွဲပြားတဲ့ အရောင်မျိုးပါ။ အ၀ါရောင်တွေထဲမှာ အအေးမြဆုံးအရောင်လို့ ပြောနိုင်တယ်။ တောက်ပြောင်တဲ့အရောင်အဆင်းရှိပေမယ့် ပူနွေးမသွားဘူး။ ခေတ်မီတဲ့အရောင်လေးပါ။ နေရောင်စူးစူးရွှေဝါရောင်ရောင်စဉ်တွေမတွေ့ရပါဘူး။ ကရင်မ်ရောင်နဲ့ ၀ါညိုညိုအရောင် ရောစပ်ပြီး ဆေးခြယ်ရင် ထူးခြားတဲ့စတိုင်လ်လေးရနိုင်သတဲ့။

နေရောင်တောက်တောက်ပပ အ၀ါ
ဒီအရောင်လေးကတော့ အလင်းအရည်အသွေးအပြည့်ဝဆုံးအရောင်ပေါ့။ သူ့ရဲ့အရောင်တစ်ရောင်ထဲမှာကို စွမ်းအားသိပ်ပြင်းနေလေတော့ တစ်ခြားအရောင်တစ်ရောင်နဲ့ ရောနှောပေးမှ အဆင်ပြေတတ်ပါတယ်။ ကိုဗော့သတ္ထုရောင် အပြာနုလေးတွေနဲ့ အဖြူရောင်လေးတွေကျဲပက်ခြယ်မှုန်းမယ်ဆိုရင် အင်မတန်လှပတဲ့အရောင်ရက်ဖွဲ့မှုရနိုင်တယ်။ ခရမ်းရောင်စစ်စစ်နဲ့ တွဲဖက်သုံးမယ်ဆိုရင် သူတို့ရဲ့ ယှဉ်တွဲမှုဟာ အရောင်တွေရဲ့အရသာမှာ တော်တော်လေးအနှောင့်အယှက်ပေးပါတယ်။ အနီရောင်သမ်းတဲ့သဘာဝမြေကြီးရောင် ဥပမာ မြေနုရောင်(နီညိုရောင်)မျိုး၊ မြေစေးနီရောင်၊ မီးဖုတ်ထားတဲ့ရွှံစေးမြေစေးအညိုရောင်တွေဆိုရင်တော့ သိပ်ကိုလိုက်ဖက်ညီလှတယ်။

အ၀ါရောင်ကပေးတဲ့ စိတ်ခံစားမှုတွေ
အ၀ါရောင်က နေသာတဲ့နေ့လေးတစ်နေ့ရဲ့ အလင်းရောင်၊ ရွှင်မြူးတက်ကြွတဲ့အရောင်လို့သတ်မှတ်နိုင်တာပေါ့။ အ၀ါရောင်ကပေးတဲ့ခံစားမှုတွေက ပျော်ရွှင်ခြင်း၊ နွေးထွေးခြင်း နဲ့ စိတ်ချမ်းမြေ့ခြင်းတွေပါ။ ဒါပေမဲ့ အ၀ါ အရောင်အသွေးတွေအားလုံးကတော့ တူညီတဲ့ခံစားမှုတွေပေါ်ထွက်စေတာမဟုတ်ပါဘူး။ တောက်ပတဲ့အ၀ါရောင်များ တစ်ခန်းလုံးခြယ်မှုန်းထားမယ်ဆိုရင် အဲဒီအခန်းလေးက အကောင်းမြင်စိတ်ရှိစေတာ၊ ပူပင်ကြောင့်ကြမဲ့စေတာထက် စိတ်မနားတမ်းလှုပ်ရှားပူပန်ပြီး တစ်ခုခုကို စိတ်စောနေသလိုလို၊ စိုးရိမ်နေတဲ့ခံစားမှုမျိုးရစေနိုင်သတဲ့။ အ၀ါများများ ဒါမှမဟုတ် တောက်ပတဲ့အ၀ါရိပ်တွေခြယ်မှုန်းလွန်သွားမယ်ဆိုရင် စိတ်ညစ်ညူးတာ၊ စိတ်တိုဒေါသထွက်တဲ့ခံစားမှုမျိုးပေးနိုင်ပါတယ်။ အရောင်တွေနဲ့ပတ်သက်တဲ့ လေ့လာစမ်းသပ်မှုတွေမှာ အ၀ါရောင်အခန်းတွေမှာ ကလေးငယ်တွေဟာ ပိုပြီ ငိုးကြွေးကြတယ်။ ခရီးဝေးနေ့တိုင်းသွားလာအလုပ်လုပ်ကြရသူတွေ သူတို့ရဲ့ အ၀ါရောင်ကားအမိုးကို နေ့တိုင်းအချိန်များများ စိုက်ကြည့်မိကြတဲ့အခါ တစ်ခြားသူတွေထက် ပိုပြီး စိတ်ဆိုးဒေါသထွက်လွယ်ကြတယ် လို့ ဆိုတယ်။ အရောင်တွေကို ယှဉ်တွဲထားမယ်ဆိုပြီး လူ့ရဲ့ မျက်လုံးက အရင်ဆုံးရှာဖွေတွေ့ရှိလိုက်တာက အ၀ါရောင်ပါ။ ဒါကြောင့် အန္တရာယ်အချက်ပြမီးတွေမှာ အ၀ါရောင်ကိုသုံးကြတယ်။

ဒီလိုဆိုတော့ အချက်ပြမီးရောင်၊ နေအလင်းရောင်ဖြစ်နေတဲ့ အ၀ါရောင်ကို အိပ်ခန်းလေးတွေမှာ အလှဆင်ခြယ်မှုန်းဖို့ မသင့်တော်တာ မဟုတ်ပါဘူး။ နူးညံ့ပြီး ပါးပါးလျားလျားရှိတဲ့ မပြင်းလွန်းမတောက်လွန်းတဲ့ အ၀ါရောင်လေးကို ကလေးငယ်လေးတွေရဲ့အခန်းနဲ့ မီးဖိုခန်းနဲ့ ကလေးငယ်လေးတွေရဲ့ အခန်းမှာတောင် အသုံးပြုနိုင်ပါတယ်တဲ့။ ဘ၀သစ်တစ်ခုရဲ့ မနက်ခင်းကိုစတင်ဖို့ ငြိမ်သက်အေးဆေးတဲ့နေရာလေးတစ်ခုအဖြစ် ဖန်တီးနိုင်တယ်။ စွယ်စုံသုံးနိုင်တဲ့ အ၀ါရောင်ဟာ ဘဲ နဲ့ ယုန်သူငယ် အရောင်အစပ်အဟပ် ဒါမှမဟုတ် ဖက်ရှင်အိုအပြင်အဆင်မျိုးအတွက်ပဲ ခြယ်မှုန်းနိုင်တာမဟုတ်ပါဘူးတဲ့။ တွဲဖက်အရောင်ရွေးချယ်မှု မှန်ကန်ခဲ့ရင် အံ့အားသင့်စရာကောင်းလောက်အောင်ပဲ ကြော့ကြော့မော့မော့လေးနဲ့ ထူးခြားတဲ့အခန်းလေးဖြစ်သွားနိုင်တယ်လို့ ဆိုတယ်။ ဒီဧည့်လေးရဲ့ ၀င်းဝင်းမှည့်မှည့်သရက်သီးရောင်နံရံတွေကိုကြည့်ပါ။
ဆန်ဖရန်စ္စကိုက ဒီဇိုင်နာ မာသာအန်းဂတ်စ် ရဲ့ ဒီဇိုင်းအရောင်တွဲဖက်မှုလေးဖြစ်ပါတယ်။ ရေကူးကန်လေးဘေးမှာရှိနေတဲ့ ဧည့်ခန်းလေးဖြစ်ပြီး ဒီအိမ်လေးရဲ့ အိမ်ရှင်မဟာ ဂရိသွေးပါသူပါ။ သူလိုချင်တာက ရေကူးကန်ဧည့်ခန်းဆောင်လေးက စွမ်းအားပြင်းရမယ်။ နေသာတဲ့အလင်းရောင်ရှိနေရမယ်တဲ့။ မဟော်ဂနီရောင် ကြမ်းခင်း၊ မျက်နှာကြက်နဲ့ သရက်သီးမှည့်ရောင်အ၀ါ၊ သစ်သားအရောင်အသွေးတွေကြားထဲ ကစားထားတဲ့ ဧည့်ခန်းလေးဟာ အိမ်ရှင်မလိုချင်တဲ့အတိုင်းပဲ ပြည့်စုံတဲ့အခန်းလေးဖြစ်သွားခဲ့ပါတယ်။ အိမ်ခန်းမှာ အသုံးပြုထားတဲ့သစ်သားဟာ နွေးတဲ့အရောင်(ပျားရည်၊ ရွှေရောင်စပ်အရောင်)ဘက်သမ်းမယ်ဆိုရင် နံရံအတွက်အရောင်ကိုလည်း နွေးတဲ့အရောင်အသွေးဖြစ်သင့်ပါတယ် လို့ အန်းဂတ်စ်က အကြံပေးပါတယ်။ အခု အ၀ါရောင်ကို သဘောတွေ့သွားခဲ့ပြီဆိုရင် ကြမ်းခင်းအတွက်အရောင်က သဘာဝသစ်သားရောင်တစ်ခုတည်းပဲ ရွေးချယ်စရာရှိတာ မဟုတ်ပါဘူး။ ဒီဇိုင်နာ အန်းဂတ်စ်က ပြောပါတယ်။ သူမရဲ့ ယောက္ခမမှာ အ၀ါရောင်ဧည့်ခန်းလေးတစ်ခန်းရှိနေပြီး အဲဒီဧည့်ခန်းမှာ အနက်ရောင်ကြမ်းခင်းရှိပါသတဲ့။ ဧည့်ခန်းလေးဟာ ပြောပြရင်မလုံလောက်နိုင်အောင်ပဲ ထူးထူးကဲကဲလှပနေခဲ့ပါတယ်လို့ ဆိုတယ်။

ဟယ်လို အ၀ါရောင် …
အ၀ါရောင်လေးတွေနဲ့ ရက်ဖွဲ့ထားတဲ့ အိမ်လေးထဲ တိုးဝင်ကြည့်ရအောင်နော်။
အိမ်လေးရဲ့ အပြင်ကနေ၊ ခဲရောင် အဖြူရောင် ရှင်းရှင်းသန့်သန့်အိမ်လေးရဲ့ အ၀ါရောင်တံခါးဟာ တံခါးရွက်လေးကို ဆွဲဖွင့်ပြီး အတွင်းဘက်ကို ခြေလှမ်းလှမ်းချင်စရာဆွဲဆောင်နေပါတယ်။
လင်းလက်တောက်ပတဲ့ ဧည့်ခန်းလေး
တောက်ပတဲ့အ၀ါရောင်ကို သုံးထားပေမယ့် မျက်နှာကြက်၊ နံရံတစ်စိတ်တစ်ပိုင်းမှာ အဖြူရောင်ကို တွဲဖက်သုံးထားပါတယ်။ အဖြူ၊ ဒါမှမဟုတ် အနက်ရောင်ဆိုဖာတွေဟာ လင်းထင်းနေတဲ့အ၀ါရောင်ကို ထိန်းပေးနိုင်တယ်။ ရှေးကျတဲ့အသုံးအဆောင်ပစ္စည်းတွေကလည်း နွေးထွေးမှုကို အထောက်အပံ့ပေးပါတယ်။ ဒီဧည့်ခန်းလေးမှာတော့ လျှပ်စစ်ပစည်းတွေနဲ့ ရှုပ်ပွမနေအောင် မီးလင်းဖိုနေရာမှာ ဗီရိုသဖွယ်ပြုပြင်မွမ်းမံပြီး သိမ်းဆည်းထားပါသတဲ့။
လေသာတဲ့ ထမင်းစားခန်းလေး
သိပ်ပြီးမကျယ်တဲ့အိမ်လေးထဲမှာ ကျယ်ဝန်းတဲ့အခန်းတစ်ခန်းရစေဖို့ မီးဖိုးခန်းနဲ့ ထမင်းစားခန်းနံရံကို ဖယ်ထုတ်ပစ်လိုက်ပါတယ်။ အလင်းများများရစေဖို့ ပြင်သစ်တံခါးပေါက်စတိုင်လ်တံခါးထည့်လိုက်တယ်။ နောက်ထပ် ပြူတင်းပေါက်ကို အနက်ရောင်ဘောင်ကြီးကြီးကွပ်ထားလိုက်တယ်။ လမ်းမဘက်ကကြည့်ရင်တော့ ပုံမှန်ပြတင်းပေါက်လို့ပဲ မြင်နိုင်ပြီး အတွင်းဘက်ကကြည့်ရင် ပိုပြီးကျယ်ပြန့်တဲ့သဏ္ဍာန်ခံစားရစေပါတယ်တဲ့။ အ၀ါရောင်ပြေးနေတဲ့ မီးအိမ်တွေရယ်၊ အသားမှောင်မှောင် ပရိဘောဂတွေကို တစ်ခြား ခေတ်မှီအဖြူရောင်သားရေဆိုဖာလေးရယ်၊ ခေတ်ဆန်ဆန်အသုံးအဆောင်လေးတွေရယ်ပေါင်းစပ်လိုက်တဲ့ အခါ အခန်းလေးကို ပိုမိုလင်းလက်လာစေတယ်။
ထူးခြားတဲ့ မီးဖိုခန်း
မီးဖိုးခန်းမှာ ထူးခြားတာက ရှေးစတိုင်လ်ဗီရိုနဲ့ အလှဆင်ထားတဲ့ ရေခဲသေတ္တာပါပဲ။ အသုံးပြုထားတဲ့အရောင်ကြောင့် ခေတ်ဆန်တဲ့ အသုံးအဆောင်ဖြစ်လို့နေပါတယ်။ သစ်သားရောင်ရှေးဟောင်းပန်းပုရုပ်တစ်ခုထားနိုင်ပါတယ်။ ပန်းပုရုပ်သိပ်မနှစ်သက်တဲ့သူတွေအတွက်တော့ အခန်းပြင်ထုတ်ပစ်လိုက်ရင် အဆင်ပြေသွားမှာပါ။
နေသာတဲ့ စင်္ကြန်လေး
“ကောင်းသောနေသာတဲ့နေ့လေးရေ” ဆိုတဲ့ စာတမ်းလေးနဲ့ တကယ်ပဲ သဘာနေအလင်းရောင် စင်္ကြန်လေးထဲ ဖြာကျနေသလိုပါပဲ။
ကြော့ရှင်းခံ့ညားတဲ့ ရုံးခန်း
အနက်၊ အဖြူ နဲ့ အ၀ါရောင်တွေ ပေါင်းစပ်ထားတဲ့ ရုံးခန်းလေးမှာ ထိုင်ခုံအစွပ်ကို မိုးကာဗီနိုင်းသားအနက်ရောင်အသုံးပြုထားပါတယ်။ ထိုင်ရတာ သက်တောင့်သက်သာရှိစေပြီး ခံ့ညားလှပတဲ့စတိုင်လ်ပါ
ထူးခြားတဲ့မှန်ဘောင်ကြီးကြီးဟာ …
အနက်ရောင်ဘောင်အနားကြီးကြီးအသုံးပြုထားတဲ့ ကိုယ်လုံးပေါ်မှန်ကြောင့် နေရာအကျယ်အ၀န်းကို ထင်ယောင်ထင်မှားဖြစ်စေနိုင်ပါသတဲ့။

သဘာတရားကပေးထားတဲ့ အရောင်တိုင်းမှာ အလှတရားတွေ၊ စွမ်းအားတွေ ပြည့်ပြည့်၀၀ရှိနေကြတာပါပဲ။ ကိုယ်နှစ်သက်တဲ့အရောင်လေး ရွေးချယ်ကြည့်မယ်။ ပြီးတော့ ရောင်စဉ်တွေ တွဲဖက်အလှဆင်ကြည့်မယ်။ ရောင်စဉ်လေးတွေရောယှက်နိုင်စွမ်းပေါ်မှာ မူတည်ပြီး အိမ်ခန်းလေးတွေ အသွေးအရောင်အမျိုးမျိုးပေါ်ထွက်လာနိုင်တာပါ။ နေသာတဲ့နေ့လေးတွေ နေ့တိုင်းပဲ ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ ဟယ်လို …. အ၀ါရောင် ….ပေါ့။          ။

အ၀ါရောင် ဧည့်ခန်းလေးတွေ

အ၀ါရောင် အိပ်ခန်းလေးတွေ
အ၀ါရောင်ထမင်းစားခန်း နဲ့ မီးဖိုးခန်းလေးတွေ
အ၀ါရောင် ရေချိုးခန်းလေးတွေ

Living Fashion Magazine,
August, 2012

0 comments:

Post a Comment