Wednesday, July 4, 2012

ကော်ဖီအဆိပ်


အင်နာ ပိုလစ်ကော့ဗ်စကားယား (Anna Politkovskaya)
အလုပ်အကိုင် … သတင်းစာဆရာ စာရေးဆရာ

၁၉၅၈ခုနှစ်သြဂုတ်လ ၃၀ရက်နေ့တွင် အမေရိကန်ပြည်ထောင်စု ရှိ နယူးရော့ခ်မြို့တွင် မွေးဖွားခဲ့သည်။

၂၀၀၆ခု အောက်တိုဘာ ၇ ရက်နေ့ အသက် ၄၈နှစ်တွင် မော်စကိုမြို့ မှာလုပ်ကြံခံရသည်။

နိုင်ငံသား … ရုရှား၊ အမေရိကန်
မိခင်တက္ကသိုလ် … ရုရှားနိုင်ငံ စတိတ်ယူနီဗာစီတီ

ထင်ရှားသောဆုများ…
လူအခွင့်အရေးအတွက်  လူသားခြင်းစာနာထောက်ထားသော အပြည်ပြည်ဆိုင်ရာ ကမ္ဘာလုံးဆိုင်ရာဆု
သတင်းစာပညာဆု(၂၀၀၁)

သူမကို အင်နာမာဇီပါ မှ ၁၉၅၈ခုနှစ် မွေးဖွားသည်။ မိဘမျိုးရိုးမှာ ကုလသမဂ္ဂတွင် ယူကရိန်းနိုင်ငံကိုယ်စားပြု တာဝန်ထမ်းဆောင်သော သံတမန်အရာရှိအနွယ်ဝင်များ ဖြစ်ကြသည်။ မော်စကိုတွင်ကြီးပြင်းခဲ့ပြီး၁၉၈၀ခုနှစ်တွင် မော်စကို စတိတ်ယူနီဘာစီတီကျောင်းမှ ဘွဲ့ ရရှိခဲ့သည်။ ထိုသို့ ရှိစဉ် မာရီနာ တက်စ်ဗွီထရီဗါ၏ လင်္ကာကို အမှီပြု၍ သုတေသနစာတမ်းတစောင် တင်သွင်းခဲ့သည်။ ရုပ်မြင်သံကြားသတင်းထောက် ဗလာဒီစလေ လစ်စ်တီယက်ဗ် မိတ်ဆက်ပေး၍ သိကျွမ်းခဲ့သော ရုရှားနိုင်ငံသား ဘွဲ့ရကျောင်းသား အလက်ဇန်းဒါး ပိုလစ်ကိုဗားစကီး နှင့်လက်ထပ်ခဲ့ရာ သားသမီး ၂ယောက်ထွန်းကားသည်.။ ရုရှားနိုင်ငံသား အဖြစ်ကို မစွန့်လွှတ်သော်လည်း သူမ၏ သတင်းစာသမားဘ၀တွင် ခြိမ်းခြောက်မှုများရှိနေသဖြင့် အမေရိကန်နိုင်ငံသားအဖြစ် ခံယူခဲ့သည်။ သူမသည်၁၉၈၂မှ ၁၉၉၃ ထိ Izvestia သတင်းစာအတွက် အရေးပေါ် ကိစ္စများနှင့် မတော်တဆ ဖြစ်ရပ်များအတွက် စုံစမ်းသတင်းရေးသားပေးပို့ ရသည့် သတင်းထောက်အဖြစ် ၄င်း အယ်ဒီတာအဖြစ်၎င်း၊တာဝန်ယူခဲ့သည်။ ထို့ နောက် ၁၉၉၄မှ ၁၉၉၉ထိ Obshchaya Gazeta  သတင်းစာ၏ လက်ထောက် အယ်ဒီတာချုပ် ဖြစ်လာသည်။ သူမသည် လူမှုပြဿနာများ၊ ဒုက္ခသည်များ ကိစ္စ ဦးစားပေးရေးသားသည်။ ထို့ နောက်၁၉၉၉မှ ၂၀၀၆အထိ ၂ပတ်တကြိမ်ထုတ် Novaya Gazeta သတင်းစာ၏ ကော်လံများတွင် လူ့ အခွင့်အရေးဆိုင်ရာ ဆောင်းပါးများပါဝင်ရေးသားခဲ့သည်။ ၁၉၉၉ခု အစိုးရ အုပ်ချုပ်ရေးကာလတိုင် စုံစမ်းရေးဆိုင်ရာ သတင်းလွှာများ ဝေဖန်ရေးသတင်းလွှာများ ရေးသားခဲ့သည်။ အများအားဖြင့် “ပူတင်အုပ်ချုပ်ရေးခေတ်” ကို ထင်ဟပ်စေသည့် Putin’s Russia နှင့် “ချေချင်းညှာ”တို့ ၏ အရေးအခင်းနှင့် ဆက်စပ်ရေးသားသည့် စာအုပ်အတွက် ဆုတံဆိပ်များစွာ ရရှိခဲ့သည်။

သူမက.. အမေရိကန်ပြည်ထောင်စုတွင် စက်တင်္ဘာတိုက်ခိုက်မှု နောက်မှာ “ပူတင်” ဟာ သူ့ နိုင်ငံအတွက် အကြမ်းဖက် တိုက်ခိုက်လာမှာကို များစွာ ပူပန်ကြောင့်ကျခဲ့တယ်လို့ ဆိုတယ်။ အကြမ်းဖက်သမားများဖြစ်တဲ့ ချေချင်းသူပုန်တွေအတွက် စိတ်မအေးဘူး။ စစ်သားတွေနှင့် ရဲတွေဟာ မကြာခဏဒုက္ခသည်စခန်းတွေ ဆေးရုံ စတာတွေကို လာရောက်စစ်ဆေးကြတယ် ။ ပူတင် ဟာ “ချေချင်းညှာနဲ့အိမ်နီးချင်း အင်ဂူရှီတီးယား” တို့မှာ ချေချင်း တွေကို မျိုးဖြုတ်ပြစ်ဖို့  တိုက်ပွဲသစ်တွေ စတင်ခဲ့တယ် လို့ ဒါဏ်ရာရသူများနှင့် သူမ တွေ့ဆုံဆွေးနွေးရာမှာ ကြားသိခဲ့ရကြောင်း သူမက တရားဝင်ပြောကြားခဲ့တယ်။ သူမရေးသားထုတ်ဝေခဲ့တဲ့ စာအုပ်တွေမှာ A Dirty War (2001), A small corner of Hell(2003)တို့ဟာ နာမည်ကြီးထင်ရှားခဲ့တာပါ။ သူမဟာ ရုရှား စစ်တပ်က ချေချင်းသူပုန်တွေအပေါ် အင်အားသုံးပြီးကျူးကျူးလွန်လွန် ချေမှုံးခဲ့ခြင်းကို ဘ၀င်မကျဖြစ်ပြီး ပီပီပြင်ပြင်ဝေဖန်ရေးသားထားတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ချေချင်းအာဏာပိုင်တွေက ကိုယ်ပိုင်အုပ်ချုပ်ခွင့် ကို လိုလားနေပြီး ပူတင် က (ဗဟိုအစိုးက ချုပ်ကိုင်ထားတဲ့) အာဏာခွဲဝေကန့်သတ်မှုပေးထားပေမဲ့ သီးခြားကင်းလွှတ်ခွင့်( ခွဲထွက်ခွင့်) မပေးပါဘူး။ ဒီဒေသတွေမှာ ဥပဒေအရ စစ်မှုထမ်းရသူ ချေချင်းညှာ တိုက်ခိုက်ရေးသမားများ နှင့် ဖယ်ဒရယ် စစ်တပ်ဟာ ပြင်းပြင်းထန်ထန် တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာပါ။ နှစ်ဘက်စလုံးမှာ လူအချင်းချင်း အဓမ္မသွေးဆောင်ဖြားယောင်းခိုးယူမှု အစုအပြုံလိုက် ညှင်းပန်းနှိပ်စက်မှု သတ်ဖြတ်မှု တွေ ပြွမ်းတီးနေတယ်။ သူမနောက်ဆုံးစုံစမ်းဖေါ်ထုတ် သိရှိရတာကချေချင်းတို့ရဲ့ စာသင်ကျောင်းတွေမှာ ခလေးသူငယ်များကို မသန်မစွမ်းဖြစ်စေတဲ့ အမည်ခွဲခြားမရတဲ့ ဓါတုဗေဒဆေးဝါးပါအစားအစာများ ကျွေးမွေးခဲ့တယ်ဆိုတာပါဘဲ။

မြောက်ပိုင်းကော့ကေးဆပ်မှာလည်း လူအခွင့်ရေးဆုံးရှုံးမှုများ ရှိနေကြောင်းသူမက သမိုင်းမှတ်တမ်းတင်ခဲ့သေးတာပါ။ ၁၉၉၉ က ဂရော့ဆနီ မှာ ဆိုရင် ဗုံ်းကြဲလေယာဉ်တွေအောက်မှာမျိုးနွယ်စုတွေ အရောရောအနှောနှော နှင့် ဆောက်တည်ရာမရ ဦးတည်ရာမဲ့ ပြေးလွှားကြရတယ်။ သက်ကြီးရွယ်အိုတွေ ဘေးကင်းရာကို ပို့ပေးကြရတယ်။ သူမက စစ်မြေပြင်ကနေ ဒါတွေကိုအဆက်မပြတ်သတင်းပေးပို့ခဲ့တယ်။ KGB ထောက်လှမ်းရေးဟောင်း လက်ဖတင်နင် ကာနယ် ဗလာဒီမာပူတင် ဟာ သမတ ဘောရစ် ရဲ လ်ဆင် ရဲ့  ၀န်ကြီးချုပ်ဖြစ်လာခဲ့တယ်။ ဒီ့နောက်မှာတော့သူဟာ ရပ်ရှားနိုင်ငံရဲ့ နံပတ်ဝမ်း ဖြစ်လာဖို့ မခက်တော့ပါဘူး။သူ့ လက်ထက်မှာ ဒုတိယ ချေချင်းညှာ စစ်ပွဲ ကို သမ္မတပူတင် အမိန့် နှင့် မီးကုန်ယမ်းကုန်ဆင်နွဲလိုက်တော့တာဘဲ။ ရုရှား ဖယ်ဒရယ် ဆက်ကျူရတီ ဆားဗစ် အာဏာရှင်ဆန်တဲ့ ပူတင်ဝါဒထွန်းကားနေတယ် လို့ သူမက ဖွင့်ချလိုက်တာပါ။ ဒါဟာ ပူတင်ပေါ်လစီ ပါတဲ့။ ဆိုဗီယက်ဆိုတဲ့ အသူတရာနက်တဲ့ချောာက်ကြီးထဲ ခြေချော်ကျတော့မလို့။ ကျွန်မတို့ရဲ့ အသိဥာဏ်နိမ့်ကျမှုတွေကနေ ချောင်ပိတ်မိနေစေခဲ့တာ တဲ့။ ကျွန်မတို့အားလုံး အင်တာနက်တွေက စွန့်ခွာခဲ့ကြရတယ်။ ဘာသတင်းမှလွတ်လပ်စွာရေးသားခွင့်မရှိဘူး။ တကယ်လို့ သင် သတင်းစာသမားလုပ်ချင်ရင် ပူတင် ကို ခယ၀ပ်တွားရလိမ့်မယ်။ သူခိုင်းတာတွေ အားလုံးဖြည့်ဆီးပေးရလိမ့်အုံးမယ်။ ဒါတင်ဘယ်ကမလဲ။ အဆိပ်တွေရယ်၊ ကျည်တောင့်တွေရယ်။ ထောင်ချောက်တွေရယ်၊ အကျဉ်းထောင်တွေရယ်၊ သေမင်းရယ်အဆင့်ဆင့်လာမယ်။ ဘာတွေဘဲ လုပ်ပေးပေး နောက်ဆုံး.. ပူတင်ရဲ့  အိမ်စောင့်ခွေးတွေနှင့် စိတ်ချောက်ခြားစရာရင်ဆိုင်ရလိမ့်မယ်။ လူတွေက ကျွန်မကို ပြောတယ်။ ကျွန်မဟာ ဘာကိုမှ အကောင်းမမြင်တတ်ဘူး တဲ့။ ပူတင် ကို အမြဲ ဆန့်ကျင်ဖို့ ဘဲ စိတ်ကူးနေတယ် တဲ့။ အင်နာဟာ သူ့ ရဲ့ ဆောင်းပါးခေါင်းစဉ်ကို ခုလိုပေးလိုက်တယ်။

Am I afraid?
ငါ ကြောက်ရမှာလား တဲ့။
တကယ်လို့ တယောက်ယောက်ကများ အကောင်းမြင်ဝါဒနဲ့ ရှုမြင်ခဲ့မယ်ဆိုရင်လဲ မြင်ပါ။ ဒါပေမဲ့ ကျွန်မတို့ရဲ့မျိုးဆက်သစ် မြေးတွေမြစ်တွေထိ သေဒါဏ်တွေဘဲတသီချည်း ချမှတ်ခံနေရမှာက အသေအချာပါဘဲ တဲ့။ သူမစာအုပ်မှာ ဖွင့်ချရေးသားထားတယ်။ သူမကွယ်လွန်အပြီး ၂၀၀၇ မှာ ထုတ်ဝေခဲ့တဲ့ “A Russian Diary” ကို ခုလိုပေးထားတယ်။ A Journalist’s Final Account of Life ,Corruption and Death in Putin’s Russia. (ပူတင်အုပ်စိုးမှုကာလ ဂျာနယ်သမား တွေ့ သမျှ အဂတိလိုက်စားမှုများနှင့် အသက်ဆုံးရှုံးမှုများ) သူမက ရုရှားပါလီမန်ဒီမိုကရေစီတွင် သူမတွေ့ မြင်ခဲ့ရသည့် သေခြင်းတရားများနှင့် ဥပဒေအရ တာဝန်ထမ်းဆောင်ရသူ ရှေ့ တန်းစစ်မျက်နှာမှ စစ်သားများ ပြန်ရိုးပြန်စဉ် အိမ်ကို ပြန်လမ်းမကြုံဘဲ အသက်ပေးသွားရသူများကိစ္စ ဘဲ့ဆလင်ကျောင်းဓါးစာခံများ အရေးအခင်းကိစ္စ။ မော်စကိုဇတ်ရုံ ဓါးစာခံကိစ္စစသည် ၂၀၀၅ ဇန်န၀ါရီမှ သြဂုတ်လ ဆောင်းရာသီ မှ နွေရာသီအတွင်းလူထု မကျေနပ်မှုများ စသည် ပွင့်လင်းစွာ ရေးသားခဲ့ကြောင်း သူမ ကွယ်လွန်ပြီးမှ ဘာသာပြန်ဆရာ (ရုရှားဘာသာမှ အင်္ဂလိပ်ဘာသာသို့ ) အာ့ခ်ျ တစ် က စာအုပ်တွင် မှတ်ချက်ရေးခဲ့သည်။ ဘယ်သူက အင်နာ့ကို သတ်ပြစ်သလဲ ဆိုတာ မသိပါဘူး။ သူမထံက သတင်းအချက်အလက် တော်တော်များများကို လုယက်ခဲ့ကြောင်းလဲ သိရတယ်။ ၂၀၀၂ မော်စကို ဇာတ်ရုံ ဓါးစာခံများလွတ်မြောက်ဖို့ ၂၀၀၄ ဘဲယ်ဆလင်ကျောင်းဓါးစာခံများကိစ္စ သူမပါဝင်စေ့စပ် ညှိနှိုင်း ဆွေးနွေးဖို့ ကြိုးစားခဲ့ကြောင်းရေးသားခဲ့တယ်။ သူမကို မော်စကို ကရင်မလင် နန်းတော်က ပုံနှိပ်ထုတ်ဝေရေး ကွန်ဖရင့်တခု ဖိတ်ကြားခဲ့ရာမှာ သူမက သူမရဲ့ ဆောင်းပါးများကို ပိတ်ဆို့ တားဆီးဖို့ မပြုလုပ်ရန် မော်စကို အာဏာပိုင်များရှေ့  ရဲရဲဝံ့ဝံ့ တောင်းဆိုခဲ့တယ်။
သူမအသတ်ခံရပြီးနောက် သူမ မိတ်ဆွေ စစ်ဘက်အရာရှိ ၁၉၉၉ခုနှစ် ချေချင်းညှာဓါးစာခံများလွတ်မြောက်ရေးကိစ္စမှာ ပါဝင်ဆွေးနွေးပေးခဲ့သူ “ဗီယာချီဆလပ်ဗ် အိုင်ဇမီလော့ဗ်” က အနည်းဆုံး ကိုးကြိမ်လောက် ၂၀၀၁ခုနှစ်က သူမကို လုပ်ကြံခဲ့တယ်လို့  ဆိုတယ်။ သူမကို လိုက်လံချောင်းမြောင်း လုပ်ကြံနေကြောင်း”အင်နာ “ကောင်းကောင်းသိနေပါတယ်။ဒါပေမဲ့ အင်နာ က မကြောက်တတ်ဘူး။ ၂၀၀၅ခု ဒီဇင်္ဘာက နယ်စည်းမခြားသတင်းသမားများရဲ့ လွတ်လပ်စွာ ပုံနှိပ်ထုတ်ဝေခွင့်ကွန်ဖရင့် “ဗီယင်နာ” မှာ ကျင်းပတဲ့အခါ အင်နာ က လူဆိုတာ သူတို့  ကျယ်ကျယ်လောင်လောင်ပြောဆိုမိတဲ့ စကားတွေအတွက် လျော်ကြေးအဖြစ် သူတို့  အသက်တွေကို တာဝန်ယူပေးဆပ်ကြရနိုင်တယ်” လို့  ပြောခဲ့တာပါ။ ၂၀၀၁ခု က တောင်ပေါ်ရွာကလေးတခုမှာရပ်ရှား စစ်သည်များဟာ သူမ သတင်းယူနေစဉ် အကျဉ်းချ ဟန့်တားပြီး ချေချင်းမိသားစု ၉၀ကျော်နေထိုင်ရာ ဒေသကို စီးနင်းတိုက်ခိုက်ကြတယ်။ ၁၂ရက်ကြာ တိုက်ပိတ်လျှပ်စစ်ဓါတ်လွှတ် နှိပ်စက်ခဲ့ကြောင်း ရိုက်နှက် စစ်မေးကြောင်း အမျိုးသမိးကလေးမျာကိုလည်း အနိုင့်အထက် ပြု ခဲ့ကြောင်း ချေချင်းအဖွားအို တယောက်ထံက အင်နာ အမိအရ စုံစမ်းသိရှိလိုက်တယ်။

သူမအကျဉ်းကျနေစဉ် ခပ်ငယ်ငယ် စစ်ဗိုလ်လေးက သူမကိုယ်တိုင်လည်း ထုရိုက် နှိပ်စက်ခံရကြောင်း သူမခလေးများရုပ်ပုံကို ထုတ်ယူပြီး အတန်ကြာ ကြည့်ရှု ကြကြောင်း နှင့် သူမကိုတော့ BM21-Grad Multiple-Launch rocket system သုံးပြီး ခေါင်းဖြတ်သတ်မယ်လို့ နောက်ပြောင်ခဲ့ကြောင်း သူမကို အဆိပ်ခတ်ထားတဲ့ ကော်ဖီ တိုက်ကြွေးခဲ့ကြောင်း အဆိပ်ခပ်ထားကြောင်း သူမ မသိဘဲသောက်ခဲ့တာဖြစ်ပြိး အရမ်း မူးမော် အော့အံခဲ့ကြောင်း သတိမေ့ပြီးရက်အတန်ကြာ ဖျားနာနေခဲ့ကြောင်း သက်သေအထောက်အထားပြနိုင်မဲ့ ဓါတ်ပုံ အသံသွင်းကြိုးခွေများဖျက်ဆီးပြစ်ခဲ့ကြောင်း ကိုလည်း သူမဆောင်းပါးတွေမှာ ရေးသားထားတယ်။ ၂၀၀၄စက်တင်ဘာလမှာ တာဝန်ရှီသူများ မြောက်အော်ဆက်စ်တီးယားစာသင်ကျောင်း ဓါးစာခံများကိစ္စဆွေးနွေးပွဲများပြုလုပ်နေစဉ် “အင်နာ”ကတော့ အဆိပ်ပါတဲ့ ကော်ဖီကိုသောက်ပြီး အပြင်းဖျားနေခဲ့တယ်။သတိလဲ မရတော့ဘူး။ “အင်နာ “ဟာ ဆိုဗီယက်ခေတ်ပုလိပ်တွေရဲ့ နာမည်ကြီး လျှို့ဝှက် အဆိပ် အရသာကို လက်တွေ့ ကျကျ မြည်းစမ်းလိုက်ရပြီဖြစ်တယ်။
၂၀၀၁ခုနှစ်မှာတော့ “အင်နာ ‘ဟာ “ဗီယင်နာ” ကို ထွက်ပြေးလွတ်မြောက်သွားတယ်။ ရဲအရာရှိတွေဆီက အီးမေးလ်နဲ့ပို့ တဲ့ ခြိမ်းခြောက်စာတွေကတော့ သူမထံ ပလူပျံနေတယ်။ ကြည့်ရတာ ချေချင်းညှာ ကိစ္စမှာ အစိုးရရဲ့ ရက်စက် ယုတ်မာမှုတွေ ကို ဖေါ်ကောင်လုပ်ခဲ့တဲ့အတွက် လက်စားချေချင်နေပုံရတယ်။ အင်နာ့အတွက် လွမ်းသူ့  ပန်းခွေများ သူမ၏ စာမူ..Disappearing People မှာ ပြည့်စုံစွာ ဖေါ်ပြထားတယ်။ ၂၀၀၆ အောက်တိုဘာလ ၇ရက်နေ့ မှာတော့ အင်နာ နေထိုင်ရာ အိမ်ခန်းတွဲများရှိရာ ဓါတ်လှေခါးတခုအတွင်း လဲကျ သေဆုံးနေတဲ့ “အင်နာ့” ကို တွေ့ မြင်ကြရတယ်။ သေနတ်ဒါဏ်ရာ ၂ချက် ရထားပီးတော့ တချက်က ပခုံးကို ထိမှန်ထားပြီး တချက်ကတော့ ဦးခေါင်းကို အနီးကပ် ပြစ်ခတ် ထိမှန်ထားခြင်းဖြစ်တယ်။ သူမဟာ အမှန်တွေကိုရော အမှားတွေကိုရော ဒီအတိုင်း စုပြုံထားခဲ့ရပြီး ဘယ်သူ့  ဘယ်သူမှ နှုတ်မဆက်ဘဲ ကျောခိုင်းထွက်ခွာ သွားခဲ့ပြီ။

သူမရဲ့ ရုပ်ကလပ်ကို၂၀၀၆ အောက်တိုဘာ၁၀ရက်နေ့က မော်စကိုအပြင်ဘက် ထရိုင်ခူရော့ဗ်ဆကိုရီ သုသာန်မှာ မြှုပ်နှံထားပါတယ်။ သူမကို မြေမမြှုပ်ခင် သူမကို ချစ်ခင်နှစ်သက်ကြသူများ လက်တွဲဖေါ်များ မိတ်ဆွေ သူငယ်ချင်း အပေါင်းအသင်းများ စာပေလောကသားများ လူပေါင်းထောင်ချီ လာရောက် ဂါရ၀ ပြုကြတယ်။

အဲဒီ အသုဘအခန်းအနားကို အဆင့်မြင့် မော်စကိုအရာရှိများ တဦးတလေမျှ မတွေ့ရပါဘူး။ သူမရဲ့ မိတ်ဆွေများက “မော်စကို အာဏာပိုင်တွေဟာ အင်နာလုပ်ကြံခံရမှုမှာ ပေါ့ပေါ့ဆဆဘဲ အမှုမဲ့ အမှတ်မဲ့ နေနေကြတယ်။ဒါမှမဟုတ် သူတို့ပါဝင်ပတ်သက်မှု ရှိဟန်တူတယ် လို့စွပ်စွဲ ပြောဆိုနေပါတယ်။ အင်နာ့ကို ချစ်ခင်သူ များကတော့ အင်နာဟာ လှလဲလှတယ် ရဲရင့်တယ် သတ္တိရှိတယ် လို့ ချီးကျူးကြတယ်။ ၂၀၀၇ခုနှစ် ဟရူးမဲင်းရိုက်စ် အော်ဂနိုက်ဇေးရှင်း အဖွဲ့က သူမကို ဂုဏ်ပြုတဲ့အနေနှင့် နှစ်စဉ် Anna Politkovskaya Award ဆုကို ချီးမြှင့်ပေးနေပါတယ်။ ဒီဆုကို ၂၀၀၈မှာ အဖဂန်နစ္စတန်မှ မာလာလီ ဂျိုယာ က ပွဲဦးထွက် ရရှိပြီး ၂၀၀၉မှာ အီရန်မှ (One Million signatures Campain for Equality )လက်မှတ်ထိုးထားတဲ့ လက်မှတ်ပိုင်ရှင် တသောင်းအဖွဲ့ က ရရှိပြီးတော့ ၂၀၁၀ မှာ ဆူဒန်မှ ဟာလီမာ ဘာရှား ကရရှိခဲ့တယ်။၂၀၁၁မှာတော့ ဆီးရီးယားမှ ရာဇန်ဇိုင်တိုနက်ဟ် ရရှိသွားပါတယ်။ အင်နာရရှိတဲ့ ဆုတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။ 

2001: "Golden Pen Prize" of the Russian Union of Journalists
2001: Amnesty International Global Award for Human Rights Journalism
2002: Norwegian Authors' Union Freedom of Expression Prize ("Ytringsfrihetsprisen")
2002: PEN American Center Freedom to Write Award
2002: International Women's Media Foundation Courage in Journalism Award
2003: Lettre Ulysses Award for the Art of Reportage
2003: Hermann Kesten Medal
2004: Olof Palme Prize (shared with Lyudmila Alexeyeva and Sergei Kovalev)
2004: Vázquez Montalbán Award of International Journalism
2005: Civil Courage Prize (with Min Ko Naing and Munir Said Thalib)
2005: Prize for the Freedom and Future of the Media
2006: International Journalism Award named after Tiziano Terzani
2006: World Press Freedom Hero of the International Press Institute
2007: UNESCO/Guillermo Cano World Press Freedom Prize (awarded posthumously for the first time)
2007: National Press Club/John Aubuchon Freedom of the Press Award (posthumous)
2007 Democracy Award to Spotlight Press Freedom by the National Endowment for Democracy
source : wikipedia

0 comments:

Post a Comment