Monday, July 16, 2012

ဟုတ်တယ် .. အဲဒါ တကယ်

ဟော ... 

“ ------”   “ ****** ”

မျက်နှာချင်းဆိုင်အခန်းက တံခါးပိတ်သံ၊  စကားပြောသံတွေကြားရသည်။ ရုံးသွားခါနီး အလုပ်ရှုပ်နေသည့်ကြားကပင် ကေသီ့အကျင့်အတိုင်း စပ်စုလိုစိတ်လေးက ပေါ်လာပြန်ပြီ။ နှုတ်ခမ်းနီ အနီရဲရဲကို နှုတ်ခမ်းအတွင်းသားတွေထဲ တို့ထိဆိုးနေရင်းက နားစွင့်ထားလိုက်၏။ ကေသီ သိသားပဲ။ မျက်နှာချင်းဆိုင်က အင်ဂျင်နီယာဇနီးမောင်နှံနှစ်ယောက်အခန်းကလေ။ သူတို့က နှစ်ယောက်တည်းနေကြသည်။ အန်ကယ်ဖရက်ဒီနှင့် အန်တီမာဂရက်တို့က အငြိမ်းစားယူပြီးကြပြီ။ သူတို့ အိမ်ကို လာလည်နေကြ ဧည့်သည်တွေတောင် ကေသီမျက်မှန်းတန်းမိနေပြီပဲ။ ပြောပြီးသားလေ။ ကေသီက စပ်စုပါတယ်လို့။ အခု အသံတွေ မှန်းဆကြည့်ရတာတော့ အီဗန်ကာပဲ ဖြစ်မှာ။ အီဗန်ကာက သူ့ရဲ့ အသံတုန်တုန်ကို တစ်ချက်တစ်ချက် ဆောင့်ပြီး အသံမြှင့်ပြောတတ်လေသည်။ အီဗန်ကာ နှင့် စကားပြောတိုင်း အမြဲတမ်း နူးနူးညံ့ညံ့စကားပြောလေ့ရှိသည့် အန်ကယ် ဖရက်ဒီ  ၏ လေသံက ကျယ်ကျယ်လောင်လောင်ထွက်လာလေ့ရှိသည်။ အမြဲစိတ်မရှည်ဖြစ်တတ်၏။ ကျွတ် .. ကနဲ စုတ်သပ်ညီးတွားသံတွေ အကြိမ်များများ ပြုလုပ်သည်။ အဲဒါကြောင့်ပဲ ကေသီ အီဗန်ကာ့ကို ပိုပြီး သတိထားမိခဲ့တာ။ အန်တီမာဂရက်ကတော့ ရယ်သံစွက်စွက်နှင့် ပြောလေ့ရှိသည်။ ရယ်ချလိုက်ချင်တဲ့စိတ်ကို ချုပ်တည်းထားရသလိုမျိုးပဲ။ ကေသီ အခန်းထဲက ဒရောသောပါးပြေးထွက်လိုက်သည်။ အလှပြင်စရာလေးတွေ လက်နှင့်ဆွဲယူလာခဲ့ပြီး အ၀င်တံခါးဘေးက ကိုယ်လုံးပေါ်မှန်ရှေ့မှာပဲ ဆက်ပြီး အလှပြင်နေလိုက်၏။ အ၀င်တံခါးမကို  ဖွင့်ထားလိုက်သည်။ အဲဒီလိုဆိုရင် ခပ်ဟဟပွင့်နေသည့် တံခါးကြားကနေ မျက်နှာချင်းဆိုင်အခန်းကို မြင်နေရပြီပေါ့။ စကားသံတွေလည်း သဲသဲကွဲကွဲ ကြားရပြီ။ “တကယ်၊ တကယ် .. လိုက်ကြည့်စမ်းပါ။ ဒီနေ့လည်း သူတို့တွေ ဖွသွားကြပြန်ပြီ။” “ဆေးတွေ၊ အရောင်တွေ ဖျက်မရတော့ဘူး။ ရေချိုးခန်းက ကြမ်းပြင်ပေါ်မှာ၊ မနေ့က မရှိဘူး” ... “ငါ မရှိတုန်းလာကြတယ်။ ခဏခဏပဲ”။
အင်း အဲဒီလိုပဲ။ အီဗန်ကာလာတိုင်း ဒီလိုစကားတွေကို  မရိုးအောင်ပြောတတ်လေသည်။ ဘယ်သူတွေပါလိမ့်ပဲ။

နှုတ်ခမ်းအပြင်သားတွေကို ပုလဲမှုံတလက်လက်ပါတဲ့ပန်းရောင်ဖျော့ဖျော့လေး ကေသီ ဆိုးလိုက်သည်။ ပြီးတော့ အရောင် ခပ်ပြေပြေဖြစ်သွားအောင် လက်ခလယ်ထိပ်လေးနဲ့ လိုက်ညှိသည်။ နှုတ်ခမ်းအတွင်းသားလေးတွေ အသွေးရဲရဲဖြစ်နေရင် ကျန်းမာတဲ့နှုတ်ခမ်းသားအသွင်လေးမို့ ကေသီ သဘောကျလေသည်။  မိတ်ကပ်ကတော့ မလိုပါဘူး။ toner လောက်ပဲ အသားထဲစိမ့်ဝင်အောင်လိမ်းပြီး၊ cream puff နှင့် မိတ်ကပ်ပေါင်ဒါလေးခပ်ပါးပါးသုံး။ မျက်ခုံးထူတန်းတန်းလေး နှစ်ဘက်မှာတင်ကျန်နေတတ်တဲ့ ပေါင်ဒါမှုန့်လေးတွေကို ဘရက်ရှ်လေးနဲ့ ဖယ်လိုက်ရင် ပြီးပြီ။ အဲဒါ ကေသီ အလှပြင်တာ အကုန်ပဲ။ အလှပြင်ဖို့ အချိန်မယူတတ်တာကလည်း ငယ်ငယ်ကတည်းက ကေသီ့အကျင့်တစ်ခုပေါ့။ ခုပိုပြီး အလျင်လိုနေပြီ။ ကံကောင်းရင် အီဗန်ကာနဲ့ ဓါတ်လှေကားထဲ စကားပြောခွင့်ရလိမ့်မည်။ လိုအပ်တဲ့ပစ္စည်းတွေ မြန်မြန်စစ်။ မြန်မြန်၊ မြန်မြန်လေး။ ဦးထုပ်၊ အိတ်၊ ဖုန်း၊ စာရွက်တွေနဲ့ ဖိုင်၊ တံခါးသော့၊ အားလုံးပါပြီ။ မြန်မြန်လေး။ အလျင်လိုနေတာတောင် ကိုယ်လုံးပေါ်မှန်ထဲ တစ်ချက်စွေစောင်းကြည့်လိုက်မိသေးသည်။ ပန်းရောင်နှင့် အနီရောင် ချည်သားအကွက်စိပ်စိပ် ရှပ်အကျီ၊ ဂျင်းအသားပျော့ပျော့ အဖြူရောင်ဘောင်းဘီ၊ ဦးထုပ်အဖြူရောင်နှင့် ကေသီ့ပုံစံက လန်းလန်းဆန်းဆန်းပုံစံပေါက်သားပဲ။ မှန်နှင့် နီးနီးလေးအထိ မျက်နှာ တိုးကပ်ကြည့်လိုက်တော့ အနည်းငယ် မှိုင်းမှိုင်းညို့ညို့မျက်ဝန်းတစ်စုံတွေ့ရ၏။ မျက်ကွင်းသားတွေသိပ်များညိုနေသလား။ ဦးထုပ်ဖြူလေးရဲ့အနားတွေကို ဖိဆွဲချလိုက်၏။ ညက ကေသီ အိပ်ရာဝင်တာ နောက်ကျခဲ့သည်ပဲ။ မဟုတ်သေးဘူး။ ကေသီ့အတွက်က ညတိုင်းနောက်ကျပြီးမှ အိပ်ရာဝင်ဖြစ်တာချည်းပါပဲ။ ကေသီအခန်းတံခါးသော့ခတ်ပြီး လှည့်ကြည့်လိုက်တော့ အီဗန်ကာနှင့် အန်ကယ်ဖရက်ဒီက ဓါတ်လှေကားထဲ ၀င်သွားကြပြီ။ အန်တီမာဂရက်က အပြင်မှန်တံခါးသော့ကိုခတ်နေရင်းက ကေသီ့ကို ပြုံးရယ်ပြလေသည်။ အန်ကယ်ဖရက်ဒီ့ကို ရေးကြီးသုတ်ပြာ လှမ်းပြောပါ၏။

“ဖရက်ဒီ ... ခဏလေး၊ ကေသီလိုက်မယ်ထင်တယ်။ စောင့်လိုက်ပါဦးလား။ ကေသီရေ လိုက်မယ်မဟုတ်လားကွယ်”

 “ဟုတ်ကဲ့။ အပမ်းမကြီးရင် ကေသီ့ကို ခဏလေးစောင့်ပေးပါ။”

ပြုံးပြုံးရွှင်ရွှင်အမြဲတွေ့ရတတ်သည့် အန်တီမာဂရက်က ကူညီတတ်သူလည်းဖြစ်သေး၏။ ကေသီတို့ အိမ်ခန်းတွေက အပြင်ဘက်မှာပါ ၀ရံတာလိုနေရာကို မှန်တွေကာထားပြီး အဲဒီအပြင်မှန်တံခါးမှာပါသော့ခတ်ရသည်။ အဲဒီမှန်တံခါးသော့ကိုဖွင့်၊ အတွင်းတံခါးသော့ကိုပါဖွင့်ပြီးမှ အိမ်ထဲကို ရောက်နိုင်ပါသည်။ ကေသီ အပြင်တံခါးသော့ခတ်ပြီး ဓါတ်လှေကားထဲ အမြန်ပြေးဝင်လိုက်သည်။

“အန်တီမာဂရက်ရေ ၊ ကျေးဇူး၊ သမီးတို့ သွားပြီ”

“ကောင်းသော မနက်ခင်းပါ၊ အန်ကယ်ဖရက်ဒီတို့ ဘယ်သွားကြမလို့လဲ”
ကေသီကတော့ အခွင့်အရေးကို လက်လွှတ်မခံပါဘူး။ မြန်မြန်ပဲ မေးလိုက်ပါသည်။

“လာ လာ၊ ကေသီလေး မဟုတ်လား။ ငါ သိပါတယ်။ ဟိုလေ စာရေးဆရာမ၊ “အကြည့်တွေ” ဆို တဲ့ မဂ္ဂဇင်းမှာ အယ်ဒီတာ အလုပ်လည်း လုပ်တယ်လေ။ ဟုတ်တယ်မဟုတ်လားကွဲ့။”

အီဗန်ကာ က ကေသီ့ကို တရင်းတနှီး နှုတ်ဆက်လိုက်၏။ ဒါပေမယ့် သူ့ရဲ့ မျက်လုံးတွေက ကေသီ့ဆီမှာတော့ ရှိမနေပါဘူး။ တစ်ခုခုကို တွေးနေသလိုမျိုး၊ တစ်ခုခုကို ကြည့်နေသလိုမျိုးပဲ။ ကေသီ့ နောက်ဘက်ကို ကျော်ပြီး ကြည့်နေသလိုပဲ။ အီဗန်ကာ သတိမေ့တတ်တယ်ဆို၊ ခုတော့ အီဗန်ကာက မှတ်ဥာဏ်ကောင်းလိုက်တာများ။ ကေသီ့အကြောင်း သေသေချာချာ မှတ်ထားတာပါပဲလား။

“ဟုတ် --------”

“အီဗန်ကာ့အခန်းကို သွားကြည့်ပေးမလို့၊ သူ့ အခန်းထဲမှာ ခြေရာလက်ရာပျက်နေတယ်တဲ့၊ မဟုတ်ဘူး ခြေရာလက်ရာပိုတယ် ပြောရမလားပဲ။ အိမ်သုတ်ဆေးတွေ အကွက်လိုက်၊ အကွက်လိုက် ရေချိုးခန်းထဲတွေ့နေသတဲ့။ ပစ္စည်းတွေလည်း နေရာတွေရွေ့သတဲ့ သူပြောတာပဲ။ သူ မရှိတုန်း အိမ်ခန်းထဲ ၀င်သူ၊ ထွက်သူတွေရှိသတဲ့။ လိုက်ကြည့်လိုက်ဦးမယ်။ ပြောရရင် ဒီလို လိုက်ကြည့်ရပေါင်းလည်း များလှပါပြီ။ ”

အန်ကယ်ဖရက်ဒီက ပြောရင်းနှင့်ပင် ဒေါသထွက်လာသလို ရှုးရှုးရှားရှားဖြစ်လာလေသည်။ လေသံပြင်းပြင်းနှင့် ပြောပြ၏။

“အေးလေ၊ လိုက်ကြည့်ရပေါင်းများမှာပေါ့။ သူတို့ လာတဲ့အကြိမ်တွေလည်း များတာကိုး။ ဖရက်ဒီ နင် မြင်တွေ့နေတာပဲလေ”

“မြင်တယ်လေ၊ မြင်တယ်။ အဲဒါ နင့်  အခန်းထဲက ပစ္စည်းတွေပဲ အီဗန်ကာ၊ နင် လုပ်ထားတဲ့အတိုင်းပဲ။ ဘယ်သူတွေက လာနိုင်မှာလဲ။ မဖြစ်နိုင်ပါဘူးဆိုတာလည်း ပြောမရပါဘူး။ ငါ့မျက်စိထဲမတော့ ဘာမှ ထူးထူးခြားခြားမတွေ့မိဘူး။ နင် လိုက်ကြည့် ဆိုလို့သာ၊ ငါ လိုက်ကြည့်ရဦးမှာ။”

ပြောရင်းနဲ့ ဓါတ်လှေကားထဲမှာ အန်ကယ်ဖရက်ဒီ  နဲ့ အီဗန်ကာတို့ ငြင်းခုန်ကြတော့မလို ဖြစ်လာကြပြန်ပြီ။

“ဘယ်သူတွေများလဲဟင်”

အလွန်အမင်း သိချင်စိတ်လာသည့်စိတ်ကိုထိန်းချုပ်ပြီး အလျင်စလိုမနိုင်အောင် ကေသီ မေးလိုက်သည်။ အီဗန်ကာက ခပ်ကိုင်းကိုင်းခါးကို ပိုလို့ ပိုလို့ ခပ်ယို့ယို့ကုန်းကာ ကေသီ့အနားကပ်လာ၏။ ကေသီ့ဘေး ဘယ်ညာကို မျက်စိဝေ့ကြည့်လိုက်သေးသည်။ ပြီးမှ ဖြေလေ၏။ မေးစိနှင့်တစ်တန်းတည်း တိတိရိရိဖြတ်ထားသည့် အီဗန်ကာ၏ ခဲရောင်၊ အဖြူရောင်ဆံပင်တွေက ၀ဲကနဲပဲ။ အီဗန်ကာ့ မျက်ဝန်းတွေက ၀ိုင်းစက်နေတာပဲ။

“သူတို့လေ၊ စုံထောက်တွေ၊ မဟုတ်ဘူး လူဆိုးတွေ၊ မာဆွန်တွေ၊ လှစ်ကနဲလှစ်ကနဲနေအောင်မြန်ကြတဲ့သူတွေ၊ ငါ့ကို မလိုမုန်းထားစိတ်ရှိနေတဲ့သူတွေ၊ ငါ့ကို အရိပ်လို လိုက်လိုက်နေကြတဲ့သူတွေ၊ ငါ့ကို အလုပ်ရှုပ်အောင်အမြဲလုပ်ချင်နေကြတယ်။ မာဆွန်တွေလေ၊ သိလား၊ ပြီးတော့ ....”

အန်ကယ်ဖရက်ဒီက ကေသီ့ကို မျက်စိတစ်ဘက်မှိတ်ပြပြီး ခေါင်းကို ယမ်းလိုက်၏။

ဓါတ်လှေကားက အီဗန်ကာ့ အခန်းရှိသည့် အခန်း ၆ မှာရပ်ပါပြီ။ အီဗန်ကာနှင့် အန်ကယ်ဖရက်ဒီ တို့ ဆက်ပြီး ငြင်းခုန်ရင်း ဓါတ်လှေကားထဲက ထွက်သွားကြလေ၏။ ဓါတ်လှေကားတံခါး ပိတ်လုပိတ်ခင်လေးမှာ အီဗန်ကာတစ်ယောက် သုတ်ကနဲနောက်ပြန်လှည့်လာပြန်သည်။ တံခါးကြားလေးထဲကပင် ကေသီ့ကို အငမ်းမရကြည့်ပြီး ပြောလိုက်သေး၏။

“ကေသီ တစ်ယောက်တည်းမနေနဲ့ကွဲ့နော်၊ တစ်ယောက်တည်းနေသလား”

အီဗန်ကာမျက်လုံးတွေ၊ ဒီတစ်ကြိမ်လည်း ကေသီ့မျက်ဝန်းတည့်တည့်မှာရှိမနေပြန်ပါဘူး။ ကေသီ့အနောက်ကို ဘေးးကို၊ ဟိုဒီ ဝေ့၀ဲပြီးကြည့်နေခဲ့လေသည်။ ကေသီ့နောက်ကျောဘက်ကို ကျော် ကျော်ပြီးကြည့်တတ့်သည့် မျက်ဝန်းဝိုင်းဝိုင်းတွေရယ်ပေါ့။

ကေသီ ဒီတိုက်ကို ပြောင်းလာခါစ အန်တီမာဂရက်တို့နှင့် တစ်ခါ ညစာအတူစားဖူးကြသေးသည်။ အဲဒီတုန်းက အန်တီမာဂရက်နှင့် စကားတွေပြောဖြစ်ကြတဲ့အကြောင်းတွေမှာ ဒီတိုက်က လူတွေအကြောင်းလည်းပါသည်။ အလုပ်အကြောင်း၊ မိသားစုတွေအကြောင်း ဟိုအကြောင်း၊ ဒီအကြောင်း၊ များပြားလှတဲ့အကြောင်းတွေမှာ အီဗန်ကာအကြောင်းလည်း မပါမဖြစ်ပါသည်ပေါ့။ အီဗန်ကာက အန်ကယ်ဖရက်ဒီနှင့် တစ်ရုံးတည်းအလုပ်လုပ်ခဲ့ကြတဲ့သူငယ်ချင်းတွေ။ အီဗန်ကာ အသက်ငယ်ငယ်ရွယ်ရွယ်မှာပဲ ခင်ပွန်းသည်က ဆုံးခဲ့သည်တဲ့။ အီဗန်ကာ့မှာ သမီးတစ်ယောက်တော့ရှိခဲ့သည်။ အခုတော့ အဲဒီသမီးက အီတလီက ဖလောရန်စ့်မြို့လေးမှာနေကြသည်။ အီဗန်ကာ့ကို သူတို့နှင့်အတူနေကြဖို့ ခေါ်ပေမယ့် အီဗန်ကာက အမြဲပဲ ငြင်းနေတာပဲ။ သူ ဒီကနေ ခွာလို့မဖြစ်ဘူးလို့ပဲ ပြောခဲ့သည်။ တစ်ယောက်တည်းပဲ အချိန်တွေ အကြာကြီးနေခဲ့လေရဲ့။ နောက်ပိုင်း အီဗန်ကာ မှတ်ဥာဏ်ချို့ယွင်းလာခဲ့သည်တဲ့။ သတိမေ့တတ်လာခဲ့ပြီ။ အဆိုးဆုံးက မာဆွန်ဆိုတဲ့ လှို့ဝှက်အဖွဲ့အစည်းက လူတွေ သူ့အိမ်ထဲကို ၀င်နိုင်ခဲ့ကြသည်လို့ အီဗန်ကာ အမြဲပြောတတ်လာတာပါပဲတဲ့။ အန်တီမာဂရက်ဟာလေ၊ အဲဒီအကြောင်း ပြောပြတုန်းကများဆို တခစ်ခစ်ရယ်မောလိုက်တာများ။ အီဗန်ကာ ရုးတော့မည်။ ရုးနေပြီ လို့ တစ်ချို့လူတွေက ပြောကြသည်တဲ့။ အန်တီမာဂရက်က စကားပါးလေသည်။ ကေသီတော့ အီဗန်ကာ့ပုံစံကို မျက်စိထဲမြင်ယောင်ရင်း ဘာကြောင့်မှန်းမသိ မရယ်မောရက်ခဲ့ပါဘူး။

မာဆွန်(Masons)ဆိုတဲ့အဖွဲ့အကြောင်း သတင်းတွေထဲမှာ ဖတ်ဖူးလို့ ကေသီ သိတော့ သိခဲ့ပါရဲ့။ ကမ္ဘာတစ်ဝှမ်းမှာအဲဒီ အဖွဲ့အစည်းကအဖွဲ့ဝင်တွေ ၅ သန်းလောက်ရှိကြသတဲ့။ ယူအက်စ်မှာ ၃.၅သန်းလောက်ရှိပြီးတော့ သူတို့ရုံးချုပ်က ဗာဂျီးနီးယားဘက်မှာလို့ ဆိုသည်။ ဘုရားသခင်ကို အဖကဲ့သို့ ယုံကြည်ကြပြီး မာဆွန်တွေရဲ့ အမှတ်အသားက အိမ်ဆောက်ပစ္စည်း၊ လက်မှုပစ္စည်းတွေလို့ ပြောကြသည်။ သူတို့အဖွဲ့စတင်ခဲ့တုန်းက အိမ်ဆောက်လုပ်ငန်းတွေမှာ လုပ်ကိုင်ကြသည်။ သူတို့က ဘုရားသခင်လို ကြီးမြတ်တဲ့ဖခင်(Granddaddy)တွေပါဝင်တဲ့ လူ့အဖွဲ့အစည်းကို တည်ဆောက်စေချင်တာကြောင့် အိမ်ဆောက်လုပ်ငန်းတွေမှာ စတင် ၀င်ရောက်လုပ်ကိုင်ကြသည်တဲ့။ အလှူအတန်းတွေကို အားပေးတဲ့ အဖွဲ့အစည်းမျိုးပါပဲ။ နောက်တော့ အိမ်ဆောက်လုပ်ငန်းတွေကနေ အာဏာလုပ်ပိုင်ခွင့်တွေရနိုင်မည့် နိုင်ငံရေးလောကထဲကိုပါ မာဆွန်တွေ ခြေလှမ်းကျဲလာခဲ့လေသည်။ အဲဒါနဲ့ပဲ အီဗန်ကာ ဘာကြောင့်များ မာဆွန်တွေ ရောက်လာကြတယ်လို့ ပြောနေခဲ့ပါလိမ့်။ အီဗန်ကာဟာ ရူးသွပ်နေသူတစ်ယောက်လို့တော့ ကေသီ မထင်ပါဘူး။ ကေသီနဲ့ ဓါတ်လှေကားမှာ၊ လှေကားအတက်အဆင်း၊ အိမ်အနီးအနားမှာ မကြာခဏဆုံမိကြပါသည်။ တစ်ခါတစ်ရံတော့ ကေသီ့ကို ရင်းရင်းနှီးနှီး စကားတွေပြော၏။ တစ်ခါတစ်လေတော့လည်း ကေသီ့ကို စေ့စေ့ မကြည့်၊ မျက်နှာလွှဲကာ စကားပြောလေ၏။ အဲဒီလိုအချိန် ကေသီက အတင်းကာရော နှုတ်ဆက်လိုက်မည်ဆိုလျှင်တော့ သူ ကေသီ့ကို မျက်နှာချင်းဆိုင်လာပါရဲ့။ ဒါပေမယ့် ကေသီ့အနောက်ဘက်ကိုပဲ ကျော်ပြီးကြည့်နေပြန်ရော။ အဲဒီ မျက်ဝန်းမျိုးကိုပေါ့ ကေသီ တစ်မျိုးကြီးပဲ ခံစားမိတာ။ အီဗန်ကာရဲ့ တစ်ခုခုကို ပြောချင်နေသလိုလို ဟန်ပန်က ရူးသွပ်နေသူတစ်ယောက်နှင့် ဘယ်လိုနည်းနဲ့မျှ မတူနိုင်ပါဘူး။

*************

အဲဒီနေ့က ရုံးကအပြန် တိုက်ရှေ့အရောက်မှာပေါ့။ လှုပ်ရှားမှုရှိမှလင်းလာတဲ့ sensor မီးအလင်းရောင်က ဖြတ်ကနဲ။ လေညှင်းသော့သော့အတွေ့အထိက ကေသီ့ပါးပြင်ဘက်ဆီ သုတ်ကနဲ တိုးတိုက်လိုက်သလိုလို။
အနောက်မှာ ...
ဘုရားရေ ... လူရိပ်တစ်ရိပ်က မားမားကြီး ရုတ်ကနဲ ပေါ်လာလေသည်။
သေတော့မှာပဲ၊

အန်ကယ်ဖရက်ဒီရယ်ပါ... အန်ကယ်ဖရက်ဒီက အမှိုက်ခန်းဆီ အမှိုက်ပစ်ပြီး သော့ပြန်ခတ်နေခဲ့တာနေမှာ။ ကေသီကကို အတွေးများပြီး မမြင်လိုက်မိတာ။

“ကောင်းသောညခင်းပါ”

“အန်ကယ်ဖရက်ဒီ .. အီဗန်ကာ့အခန်းထဲ ဘာတွေ တွေ့ခဲ့သလဲ ဟင်။ ဘာတွေများ ဖြစ်ကုန်ပြီလဲ”

ဓါတ်လှေကားထဲရောက်တော့ အီဗန်ကာ့အကြောင်း ကေသီ စူးစမ်းမိသည်။

“ဘာများ ထူးထူးခြားခြား တွေ့ရမှာတဲ့လဲ။ ဘာမှမတွေ့ဘူးလေ။ သမီးကသာ သူ့အကြောင်းမသိသေးလို့ အထူးအဆန်းဖြစ်နေတာ။ ရေချိုးခန်းထဲ အိမ်သုတ်ဆေးကွက်တွေတော့ တွေ့သား။ ဟုတ်တယ်။ ဒါပေမယ့် အဲဒါ မနေ့က ဆေးသုတ်မလို့တဲ့။ သူ့ဘာသာ ဆေးဗူးတွေနဲ့ တစ်အိမ်လုံးအနှံ့ သွားနေခဲ့တာပဲနေမှာ။ ဆေးတွေဖိတ်မှာပေါ့။ သူက  တုန်ချိချိနဲ့ကိုး။ ပစ္စည်းတစ်ချို့ ရှုပ်ရှုပ်ပွပွလည်း တွေ့ပါရဲ့ကွယ်။ အဲဒါလည်း သူ့ဘာသာ ပစ္စည်းတွေရှင်းမယ်ဆို ထုတ်လာ၊ အကုန်ပြန်ရှင်းမပြီးခင် တစ်ခြားတစ်ခုခု လုပ်ပြန်ရော။ နောက် ပစ္စည်းတွေ ရှုပ်နေတာကို မေ့သွား။ အဲဒီလိုမျိုးပါကွယ် ခဏခဏပဲ။ အန်ကယ်က စိတ်ကျေနပ်အောင် လိုက်ပြီး ကြည့်ပေးရတာပဲ။ မဟုတ်ရင် သူ အိမ်လာပြီး အကြီးအကျယ် ငြင်းခုံတော့မှာ”

“အီဗန်ကာက အန်ကယ်ဖရက်ဒီ  ကိုပဲ လာလာခေါ်တာပဲလား။ တစ်ခြား ရဲဌာနကို အကြောင်းကြားတာမျိုးမလုပ်ဘူးလား”

“ဟင် .... ရဲဌာန။ ဘာလုပ်ဖို့လဲ။ မဟုတ်တာ၊ အီဗန်ကာ က ကြောင်တောင်တောင်ဖြစ်နေတာ။ တကယ်မှ မဟုတ်တာ၊ ဘာကိစ္စနဲ့ ...”

အန်ကယ်ဖရက်ဒီက ရုတ်တရက်ကြီး ငြင်းဆန်လိုက်ပြီးမှ လေသံလျှော့ချလိုက်လေသည်။  ဓါတ်လှေကားက အခန်း ၆ မှာ ရပ်သွားခဲ့၏။ တံခါးအပွင့်မှာ အီဗန်ကာကို ရုတ်တရက် တွေ့လိုက်ကြသည်။ တွေ့တွေ့ချင်း ကေသီ့ကို စကားစတော့သည်။

“ဟော .. အခုပဲ ကေသီ့ ဆီ လာမလို့။ ဒီည ငါ့အခန်းမှာ ညစာ လာစားပါလား။ ပေါင်မုန့်ကောင်းကောင်းဖုတ်ထားတယ်။ ချယ်ရီသီးကိတ်လည်းရှိတယ်။ လာမယ် မဟုတ်လား ဟင်”

ကေသီ .. ဘယ်လိုဖြေရပါ့မလဲ။ အီဗန်ကာရဲ့ မျက်ဝန်းဝိုင်းဝိုင်းတွေကို နည်းနည်းထိတ်လန့်မိပေမယ့် တစ်ခုခုပေါ့၊ အဲဒီ တစ်ခုခုကို သိချင်တဲ့စိတ်ကလည်း ကေသီ့ကိုခေါင်းညိတ်စေဖို့ တွန်းကန်နေပြီ။ ဘာဖြစ်သေးလဲ။ ကေသီ အီဗန်ကာနဲ့ စကားများများပြောခွင့်ရနိုင်မည့်အခွင့်အရေးပဲလေ။ ခေါင်းညိတ်လိုက်ပေါ့။

“ဟုတ် .. ကေသီလာခဲ့မယ်။ သိပ်ပူတာပဲ။ ရေချိုးပြီး ခဏနေ ကေသီလာခဲ့မှာပေါ့”

အီဗန်ကာ ကျေနပ်သွားသယောင် အားရပါးရပြုံးနေလေသည်။ ကေသီတို့အခန်းထိ အီဗန်ကာ ဓါတ်လှေကားနဲ့ လိုက်လာခဲ့ပြီးမှ အောက်ကို ပြန်ဆင်းသွားခဲ့သည်။ ကေသီတို့က အခန်း ၁၂ မှာလေ။

*************
အီဗန်ကာအခန်းရှေ့အရောက် လူခေါ်ခေါင်းလောင်းနှိပ်ဖို့ ဟန်ပြင်တုန်းမှာပဲ ...
အီဗန်ကာ့အခန်းတံခါး ဖြတ်ကနဲပွင့်လာလေသည်။ အီဗန်ကာ့မျက်ဝန်းတွေက ပြောစရာတွေပြည့်သိပ်နေတဲ့ ပုံစံမျိုးပဲ။ ပြီးတော့ တံခါးကို သေသေချာချာပိတ်လိုက်သည်။ ကေသီတို့ ဧည့်ခန်းထဲက ဆက်တီမှာထိုင်ကြပါသည်။ ကိတ်မုန့်ဖုတ်ထားတဲ့အနံ့က တစ်ခန်းလုံး မွှေးကြိုင်လို့ နေတာပဲ။ စားပွဲပေါ်မှာလည်း စားချင်စရာ သွားရည်စာလေးတွေ။ အစေ့အဆန်လေးတွေ။ မြေပဲဆန်ကြော်၊ ဗာဒံစေ့၊ သစ်ကျားသီး၊ သစ်အယ်သီးလှော်။ တိုတိုထွာထွာ စားစရာလေးတွေ ပန်းကန်လေးတွေနှင့် ထည့်ထားတာများ ဧည့်ခန်းထဲက စားပွဲပေါ်မှာ ပြည့်လို့နေသည်။

“ကေသီ ကြိုက်သလား၊ စားကွဲ့၊ ငါ ချယ်ရီသီးကိတ်သွားယူချည်ဦးမယ်။ sour cheery ချယ်ရီသီးအချဉ်မျိုး နဲ့ ဖုတ်ထားတဲ့ကိတ်မုန့်လေ၊ ကြိုက်ရဲ့လား။ ပြီးတော့ ကော်ဖီ၊ ၀ိုင်၊ ပန်းသီးအချိုရည် ဘာသောက်မလဲ”

“အချိုရည် ဘာဖြစ်ဖြစ်ရတာပေါ့၊ အီဗန်ကာ့ ချယ်ရီသီးကိတ် စားမယ်။ ကေသီ ကြိုက်တယ်။ တော်ပီလေ။ စားချင်စရာတွေဖြင့် များလှပြီ၊ ဟော့ဒီမှာ အများကြီးပဲဟာ”

ပြောရင်းနှင့်ပဲ ကေသီတော့ ဗာဒံစေ့တွေ လက်တစ်ကုတ်နှိုက်ယူလိုက်ပြီး ၀ါးနေလိုက်သည်။ အီဗန်ကာ့ အိမ်ခန်းထဲ ဟိုဒီလိုက်ကြည့်မိတော့ ဘာမှ ထူးထူးခြားခြားရယ်လို့ မရှိလှပါဘူး။  ဖတ်လက်စ သတင်းစာတစ်စောင်က လှန်ထားရက်သား ထိုင်ခုံပေါ်မှာ။ စားပွဲပေါ်မှာလည်း သတင်းစာတွေ၊ ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေ အများကြီး ပုံလို့နေ၏။ အီဗန်ကာ က စာတော်တော်ဖတ်ပုံရရဲ့လို့ ကေသီ တွေးလိုက်မိပါသည်။ စာအုပ်တွေ၊ စာစောင်တွေ ပြန့်ကျဲနေတာကလွဲလို့ အိမ်ခန်းလေးက သပ်သပ်ရပ်ရပ် သန့်သန့်ရှင်းရှင်းလေးပါပဲ။ လူကြီးတစ်ယောက်(လူအိုတစ်ယောက်)တည်း နေထိုင်တယ်လို့တောင် မထင်ရက်စရာ။ ပစ္စည်းတွေ အားလုံး စနစ်တကျရှိနေကြသားပဲ။ ဖွင့်ထားတဲ့ တီဗီလိုင်းက သတင်းတွေ လှုပ်လှုပ်ခပ်ခပ်ပြနေ၏။ အီဗန်ကာက သတင်းတွေ သိပ်ပြီး သဘောကျပုံရလေသည်။ ခဏနေတော့ အီဗန်ကာ ကိတ်မုန့်ဗန်းလေးကိုင်ပြီး တလှုပ်လှုပ်နဲ့ လာပါပြီ။ ကေသီ့ကို ဧည့်ခံကျွေးမွေးလေတော့၏။

“အီဗန်ကာ ဘာတွေများပြောချင်လို့လဲ။ ဘာကြောင့်များ ကေသီ့ကိုခေါ်ပြီး ဟောဒီလို ကိတ်မုန့်မွှေးမွှေးညစာ ကျွေးရတာတဲ့လဲ ဟင်”

“ပြောမယ်။ ပြောမယ်။ ပြောမှာပေါ့။ ကေသီ ဘာကြောင့်တစ်ယောက်တည်းနေသလဲ။ မိဘတွေရော၊ လက်မထပ်ဘူးလား။ ယောက်ျားလေး မိတ်ဆွေမရှိဘူးလား”

“အိုး .. အီဗန်ကာ ကလည်း၊ ကေသီ့မိဘတွေက နယ်က မြို့လေးမှာ၊ သူတို့ဒီကို လာမနေနိုင်ကြဘူး။ လက်ထပ်ရမယ်။ ကေသီ့မှာမှ ယောက်ျားလေးမိတ်ဆွေမရှိတာပဲ။ ကေသီ့လို လှလှပပ မနေတတ်၊ မပြင်မဆင်တတ်တဲ့သူ၊ ခပ်စွာစွာမိန်းကလေး ကြိုက်တဲ့ယောက်ျားလေး အင်မတန်ရှားတယ် အီဗန်ကာရယ်”

“အင်း .. ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် တစ်ယောက်တည်းမနေလေနဲ့၊ တစ်ယောက်တည်းနေချင်လည်း ဘယ်တော့မှတစ်ယောက်တည်းမဖြစ်ဘူး။ တစ်ယောက်တည်းနေဖို့ ဘယ်လောက်ကြီးပဲ ကြိုးစားကြိုးစား၊ သူတို့လာကြလိမ့်မယ်။ တစ်ယောက်ယောက်ကတော့ လာလိမ့်မယ်”

ဟော ... သူတို့တဲ့။ လာပြီ၊ အီဗန်ကာ စပြီးပြောတော့မည်ထင်သည်။ ကေသီကတော့ အီဗန်ကာနဲ့ စကားပြောရတာ ဘာမှ ကြောက်လန့်စရာမကောင်းပါဘူးလို့ တွေးနေလိုက်၏။ ပျော်စရာ၊ စိတ်ဝင်စားစရာတောင်ကောင်းနေသေးရဲ့၊

“ပြောပါဦး၊ သူတို့က ဘယ်သူတွေလဲ”

“ကဲ .. လာ ”

အီဗန်ကာက ကေသီ့ လက်ကို ဆွဲခေါ်လေသည်။ အိမ်ခန်းထဲ လိုက်ပြမည်လို့ ဆို၏။ အီဗန်ကာဆွဲခေါ်ရာနောက် ကေသီလိုက်သွားလိုက်ပါသည်။ ဧည့်ခန်းကနေ ၀င်လိုက်တော့ ဘယ်ဘက်မှာ စာဖတ်ခန်းတဲ့၊ စာအုပ်တွေပိုပြီးများနေတဲ့အခန်းတစ်ခု စားပွဲ၊ စာအုပ်စင်မှာ စာအုပ်တွေရယ်ပေါ့။ နေရာလပ်မရှိအောင် အပြည့်ပဲ။ ကုလားထိုင်လေးတွေက အဖြူရောင်လေးတွေရယ်၊ အဖြူရောင်ဇာခန်းဆီးဖြူလွလွလေးက တလွင့်လွင့်နဲ့၊ မကျဉ်းလွန်း၊ မကျယ်လွန်းတဲ့ စာဖတ်ခန်းလေးပါပဲ။ ပြူတင်းပေါက်တံခါးလေးက ခပ်ဟဟ ပွင့်လို့နေသည်။ အီဗန်ကာ ဆတ်ကနဲ ပိတ်လိုက်လေ၏။ စာဖတ်ခန်းရဲ့ ညာဘက်မှာက မီးဖိုခန်း။ ပန်းကန်တွေ၊ ကော်ဖီခွက်တွေ တစ်ချို့တစ်လေဆေးစရာကျန်နေတာကလွဲလို့ အားလုံး သူ့နေရာနဲ့သူလေးပါပဲ။ နောက်တစ်ခန်းမှာက အီဗန်ကာ့ သမီးရှိတုန်းက နေခဲ့တဲ့ အခန်းတဲ့။ အခုတော့ အိပ်ခန်းအပိုတစ်ခုလိုပဲ။ နည်းနည်းမှောင်နေသည်။ ဒါပေမယ့် သပ်သပ်ရပ်ရပ်ပဲ။

“ဒီမှာ .. ကြည့်”

အီဗန်ကာက ရုတ်ခြည်းဆိုသလို အခန်းတံခါးတစ်ခုကို ဆွဲဖွင့်လိုက်လေသည်။ ရေချိုးခန်းတဲ့။ .. ရေချိုးခန်းထဲ ကေသီလှမ်းဝင်လိုက်၏။
အို .. ရေချိုးခန်းထဲမှာ များလိုက်တဲ့ ဆေးရောင်စုံအကွက်တွေ။ ကြမ်းပြင်ပေါ်မှာ နံရံတွေပေါ်မှာ ပုံသဏ္ဍာန်အမျိုးမျိုးနှင့် ပြန့်ကျဲလို့နေပါသည်။ တစ်ချို့ပုံစံတွေက လက်ရာတွေလို အစင်းလိုက် အကြောင်းလိုက်ကြီးတွေလည်းပါသည်။

“အဲဒါတွေ.. တွေ့လားကေသီ၊ တွေ့လား ငါ .. လုပ်ထားတယ်လို့ပဲ ကေသီကလည်း ပြောဦးမှာပဲ။ ငါ မလုပ်ဘူး ကေသီ။ ငါ မလုပ်ဘူး။ သူတို့တွေလုပ်တာ။ ငါ ဘာမှမလုပ်ဘူး။ ငါ သူ့ကို ဘာမှမလုပ်ခဲ့ဘူးပဲ။ သူ့ဘာသာသူ ..”

“ဟင် အီဗန်ကာ၊ ဘာပြောတာလဲဟင်။ သူတို့က ဘယ်သူတွေလဲ။ သူကရော”

“သူ .. ငါ့ ခင်ပွန်းလေ၊ ငါ .. တကယ် .. ဘာမှမလုပ်ခဲ့ပါဘူး။ သူ့ဘာသာ ရေချိုးခန်းထဲ ... ရုတ်တရက်လဲပြိုကျခဲ့တာ။ ငါလေ .. ငါ ..ဘာမှမလုပ်ဘူး။ ဘာမှကို မလုပ်ခဲ့ဘူး။ သူ့ကို လက်ကမ်းဖို့ကိုတောင် ....”

“ရှုး .. တိတ်တိတ်နေ”
လက်ညိုးလေးနဲ့ နှုတ်ခမ်းရှေ့ကို တိုးကပ်ပြီး တိတ်တိတ်နေတဲ့၊ ကေသီ့ကိုပြောသေး၏။

“သူတို့ ဒီနေ့ လာဦးမလားပဲ။ ငါ အပြင်ထွက်စရာရှိတယ်။ အဲ ... နောက်တစ်ယောက် .... ရှုး ... သူလည်း ရှိတယ်”
ပြောရင်းနှင့် အီဗန်ကာ့အသံ တိမ်ဝင်သွားတော့သည်။ မျက်ဝန်းဝိုင်းဝိုင်းတွေဟာ ပြူးကျယ်ဝိုင်းစက်လို့လာသည်။ ကေသီ တစ်ခုခုကို သိသွားခဲ့သလိုလိုနဲ့၊ တကယ်တမ်း ဘာကိုမှလည်း နားမလည်တော့သလိုလို၊ ခေါင်းထဲမှာ ရှုပ်ထွေးလို့သွားခဲ့ပြီ။  အီဗန်ကာ့လေသံက ပိုပြီး တုန်ရီချိနဲ့လို့ လာသည်။ အသံကိုလည်း ပိုမြှင့်ပြီး အော်ဟစ်လိုက်တော့မလို ဖြစ်လာခဲ့သည်။ ခုနကလို ပြုံးပြုံးရွှင်ရွှင်အီဗန်ကာ့ပုံစံနဲ့ နည်းနည်းလေးမှ မတူတော့ပါဘူး။ ကေသီ အိမ်ပြန်ချင်လာပြီ။ ဒီမှာ ဆက်ပြီး နေလိုစိတ်မရှိတော့ဘူး။ ကေသီ အီဗန်ကာ့အခန်းထဲက အမြန်ဆုံး ပြန်ထွက်မှဖြစ်တော့မည်။

“အီဗန်ကာ .. ည စောစောအိပ်နော်။ ကေသီပြန်မှဖြစ်မယ်။ စာရေးရမယ်။ ဒီည အဆုံးသတ်ရမယ့် စာတစ်ပုဒ်ရှိနေတယ်။ ဒီည ပြီးကိုပြီးမှဖြစ်မှာ”

အီဗန်ကာ့ကို အသာအယာချော့မော့ပြောဆိုပြီး ဒီအခန်းထဲက ပြန်ထွက်ဖို့ ကြိုးစားတော့သည်။ အော ... အီဗန်ကာရဲ့ အိပ်ခန်း .. အဲဒီအခန်းတော့ လိုက်မပြခဲ့ဘူးလို့တွေးလိုက်မိသေး၏။ အတွင်းဘက်ဆုံးက တစ်ခန်းဖြစ်လိမ့်မည်။ အီဗန်ကာ့ရဲ့ ခြောက်ခြားတုန်လှုပ်နေသည့်ပုံစံနှင့်တော့ ကေသီလည်း လိုက်မကြည့်ချင်တော့ပါဘူးလေ။ ကေသီ အတွင်းဘက်က အခန်းဆီလှမ်းကြည့်မိသည်။ အခန်းတံခါးက ခပ်ဟဟပွင့်လို့ နေခဲ့ပါသည်။ ဘုရားရေ ...

တံခါးကြားထဲမှာ လူရိပ်တစ်ခု  ... မျက်လုံးတစ်စုံ။ မဖြစ်နိုင်ပါဘူး။ အင်းလေ ... မြင်လိုက်ရတဲ့မျက်လုံးတစ်စုံဟာ ပန်းချီကားတစ်ချပ်ရဲ့ ပုံ ဖြစ်နေနိုင်ပါသည်။ ကေသီပြုံးလိုက်မိ၏။ သတိကောင်းလှတဲ့ ခပ်စွာစွာမိန်းကလေး ကေသီလည်း ကြောက်တတ်လာပြီပဲဟု ကိုယ့်ဘာသာတွေးရင်း ရယ်ချင်မိသည်။ အီဗန်ကာ့ကို ကြည့်လိုက်တော့ အေးအေးသက်သာဖြစ်သွားခဲ့ပြီ။ ပုံမှန်လိုပဲ။

“အေး အေး ... ကေသီ ဒီည ပြီးအောင်ရေးကွဲ့။ ပြီးမှဖြစ်ရမယ့်အရာကို ပြီးအောင် လက်စသတ်ပြစ်လိုက်တာပဲကောင်းတယ်။ သိလား။”

“ဟုတ် ...”

“ပြီးတော့လေ ... တစ်ယောက်တည်းမနေပါနဲ့လား ..”

“ဟုတ် ...”

“ပြီးတော့ တံခါးတွေ ခပ်ဟဟ မထားလေနဲ့။ လုံအောင်ပိတ်ထား။ မဟုတ်ရင် ..”
အီဗန်ကာ က ရယ်မောလိုက်ပါသည်။ 

“ငါလည်း ကလေးကို ဘာတွေပြောနေမိပါလိမ့်ပဲ။ ကေသီ .. ကောင်းသောညပါကွယ်”

အီဗန်ကာ့ကိုနှုတ်ဆက်ပြီး ခုနက အတွင်းခန်းဘက်သို့ ကေသီ လည်ပြန် ကြည့်လိုက်မိသေးသည်။ ကေသီ မထင်မှတ်တဲ့အရာဟာ တကယ် ဖြစ်နေခဲ့ပါပြီ။ အဲဒီအခန်းရဲ့ တံခါးဟာ အတိအကျစေ့ပိတ်လို့ နေခဲ့ပြီ။ ကေသီ မြင်လိုက်ရတဲ့ မျက်လုံးတစ်စုံ၊ အဲဒီသဏ္ဍာန်ကို ဗြုန်းကနဲ ပြန်သတိရသွားခဲ့သည်။ ကြောက်ရွံ့စိတ်တွေက အလုအယက်တိုးဝင်လာတော့သည်။ အီဗန်ကာ့အခန်းထဲက ကေသီ အပြေးတစ်ပိုင်း ပြေးထွက်ခဲ့တော့၏။ ပြီးတော့ နောက်ကျောမလုံစွာနှင့်၊ မျက်လုံးတစ်စုံကို မြင်ယောင်နေမိသည်။

အီဗန်ကာ့အခန်းက ပြန်လာခဲ့ပြီးတဲ့အချိန်တွေမှာ နောက်ကျောဘက်ကို ကျော်ကြည့်တတ်တဲ့ အီဗန်ကာ့မျက်ဝန်းတစ်စုံရယ်၊ ခပ်ဟဟစေ့ထားတဲ့တံခါးတစ်ခုကြားက မျက်ဝန်းတစ်စုံရယ် တစ်ချိန်လုံးပဲ ကေသီ ပုံဖော်ကြည့်နေခဲ့ပါသည်။ ကြောက်ရွံ့၊ စိုးထိတ်မှု၊ ဖုံးကွယ်လိုမှု၊ ဖွင့်ဟလိုမှုအရိပ်တွေ ပြေးလွှားနေတဲ့ မျက်ဝန်းတွေ။ နောက်တစ်ကြိမ် အီဗန်ကာနှင့် ဆုံမိခဲ့ရင် တစ်ယောက်တည်းမနေပါနဲ့လားဆိုသည့် စကားကို ကေသီက အရင်ဦးအောင်ပြောပြဦးမှဖြစ်မည်။        ။

2 comments:

  1. ပဟေဠိဆန်ဆန် ရင်ဖိုရတဲ့ဇာတ်လမ်းဝတ္ထုတစ်ပုဒ်ပဲ ဖြိုးရေ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  2. ဖြိုးရေ
    ဖတ်လို့ကောင်းလိုက်တာ
    အသက်တောင် ရှူမိရဲ့လား မသိပါဘူး..
    တစ်ယောက်တည်း နေတာ တကယ်မကောင်းဘူးလားဟင်..
    ဒါဆို ၂ယောက်ဖြစ်အောင် လုပ်မှထင်တယ်နော်။း)
    တစ်ယောက်တည်းနေတဲ့သူကို ကြောက်အောင် လုပ်ပြန်ပြီ။

    ReplyDelete