Sunday, July 29, 2012

ဟိုသတင်း ဒီသတင်း

၁. ကွာရှင်းခွင့်ကြောင့် ၀င်ငွေထိခိုက်သွားတဲ့ တွမ်ခရုစ်
ဟောလိဝုဒ်ရဲ့ ၀င်ငွေအမြင့်ဆုံးသရုပ်ဆောင်စာရင်းမှာ ရှိနေတဲ့ တွမ်ခရုစ်ဟာ ဇနီးကေတီဟုမ်းစ်ရဲ့ ကွာရှင်းခွင့်လက်ခံရရှိခဲ့ပြီးနောက်ပိုင်း ဒုတိယနေရာမှာရှိနေတဲ့ လီယိုနာဒိုဒီကာပရီယို နီးနီး လျော့ကျသွားခဲ့တယ်လို့ Forbes မဂ္ဂဇင်းက ဖော်ပြခဲ့ပါတယ်။ သူ့ရဲ့ဇနီးကေတီဟုမ်းစ်က ဇွန် ၂၉ ရက်နေ့က ကွာရှင်းခွင့်နဲ့ သမီးလေး ဆူရီကို အပြည့်အ၀အုပ်ထိန်းခွင့်အတွက် ကြေငြာလိုက်ပါတယ်။ အသက် ၅၀ပြည့်ပြီးတဲ့မင်းသားရဲ့ Mission: Impossible ရုပ်ရှင် Ghost Protocol ဟာ ဒေါ်လာ ၇၀၀သန်း(ပေါင်၄၄၆သန်း) ရရှိခဲ့တာပါ။ Forbes ရဲ့ ပြုစုထားတဲ့စာရင်းတွေမှာ ၂၀၁၁ မေလနဲ့ ဒီနှစ်မေလအတွင်း တွမ်ခရုစ်ရဲ့ ၀င်ငွေက ဒေါ်လာ၇၅သန်း(ပေါင်၄၇သန်း)ရှိပါတယ်။ ပြီးခဲ့တဲ့နှစ်က ထိပ်တန်းဝင်ငွေကောင်းတဲ့ မင်းသားလီယိုနာဒိုဒီကာပရီယို ဟာသသရုပ်ဆောင် အဒမ်စန်ဒလား နဲ့ ၀င်ငွေတူ ဒေါ်လာ ၃၇သန်း(ပေါင် ၂၃သန်း)မှာရှိနေခဲ့တယ်။ ဒီကာပရီယိုဟာ သူ့ရဲ့ ၂၀၁၀ ရုပ်ရှင် Inception အပြီးမှာ ၀င်ငွေလျော့သွားခဲ့ပါတယ်။ စန်ဒလားကတော့ ၂၀၁၁ ရုပ်ရှင် Jack and Jill နဲ့ ၀င်ငွေမြင့်လာခဲ့တယ်။ ဟောလိဝုဒ်မင်းသားတွေရဲ့ ၀င်ငွေမှာ စန်ဒလားပြီးရင် ဒွိန်းဂျွန်ဆန် က ဒေါ်လာ ၃၆သန်း၊ ဘန်းစတင်လား က ဒေါ်လာ ၃၃သန်း၊ စာချာဘာရွန်ကိုဟန် က ဒေါ်လာ သန်း ၃၀၊ ဂျွန်နီဒက် က ဒေါ်လာ သန်း ၃၀၊ ၀ီလ်စမစ်က ဒေါ်လာ သန်း ၃၀၊ တေလာလော့တ်နာ က ဒေါ်လာ ၂၆.၅ သန်း၊ ရောဘတ်ပက်တင်ဆန်က ဒေါ်လာ ၂၆.၅သန်း အသီးသီးရရှိကြတယ်လို့ Forbes မဂ္ဂဇင်းက ဖော်ပြပါတယ်။

ကေတီဟုမ်းစ်နဲ့ ကွာရှင်းဖြစ်ခဲ့ရင် အဲဒါဟာ ခရုစ်ရဲ့ တတိယအကြိမ်ဖြစ်ပြီး ဟုမ်းစ် အတွက်တော့ ပထမအကြိမ်ပါ။ တစ်ချို့သတင်းတွေမှာ ကေတီကွာရှင်းခွင့်တောင်းခံတာဟာ  ၆နှစ်သမီးလေး ဆူရီကို ခရစ်ယာန်အယူဝါဒမဟုတ်တဲ့ Scientology အယူဝါဒ(အဆုံးမသတ်တဲ့နာမ်ဝိညာဉ်၊ ဘ၀သစ်ပြန်ဝင်စားခြင်း နာမ်လောကစိတ်ကုထုံးတွေ ယုံကြည်တဲ့ အယူဝါဒ) ကို အတင်းအကျပ်ယုံကြည်ဖို့ ခရုစ်က ဖိအားပေးမှုတွေရှိလာတာကြောင့်လို့ ရေးသားကြတယ်။ ခရုစ်ကိုယ်တိုင်ကလည်း Scientology အယူဝါဒကိုးကွယ်သူပါ။ ၁၉၈၇ က ပထမဆုံးကွာရှင်းခဲ့သူ ဇနီး သရုပ်ဆောင် မီမီရောဂျားစ်ဟာ ခရုစ်ကို အဲဒီအယူဝါဒ မိတ်ဆက်ပေးခဲ့တယ် လို့ ဆိုပါတယ်။


၂. စပိန်မင်းသမီးလေး အကြိုက်ဆုံး ဇာတ်ကောင်စရိုက်
စပိန်မင်းသမီးလေး ပန်နီလုပ်ခရုဇ် အကြိုက်ဆုံးဝါသနာက အိမ်ရှင်းလင်းရတာရယ်၊ ဟင်းချက်ရတာရယ်လို့ ပြောပါတယ်။  သူအကြိုက်ဆုံး ဇာတ်ကောင်စရိုက်ကို ရှာတွေ့ထားပြီလို့ ဆိုတယ်။ အိမ်သူဇနီး တစ်ယောက်ဟာ “ကမ္ဘာပေါ်မှာအကောင်းဆုံးအရာပါ” လို့ ပြောပါတယ်။ အသက် ၁၆နှစ်အရွယ်ကနေ တီဗီစတားလေးအဖြစ်သရုပ်လာဆောင်းလာရင်းနဲ့ပဲ ဟောလိဝုဒ်လောကထဲမှာ အတောက်ပဆုံးသရုပ်ဆောင်တစ်ဦးအပါအ၀င်ဖြစ်လာခဲ့သူလေးပါ။ အပြင်လောကမှာ သူမဘယ်လောက်ပဲ ကျော်ကြားနေခဲ့ပါစေ အိမ်မှာဆိုရင်တော့ သူမ တစ်ခြား ဘာမှစဉ်းစားမနေတော့ဘူး။ အိမ်ကို သန့်ရှင်းသပ်ယပ်အောင်ထိန်းသိမ်းတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအသောက်တွေနေ့တိုင်း ချက်ပြုတ်ပါတယ် လို့ ဆိုတယ်။ ဗြိတိန်မဂ္ဂဇင်း “Hello” ကိုပြောပါတယ်။ “ကျွန်မက အိမ်ရှင်မတစ်ဦးပါ။ အဲဒါ သိပ်ကိုလှပတဲ့ဇာတ်ကောင်စရိုက်ပါပဲ၊ ကမ္ဘာထဲကအကောင်းဆုံးအရာပေါ့။ ဘယ်လိုချက်ပြုတ်ရတယ်ဆိုတာ ကျွန်မသိတယ်။ လတ်ဆတ်တဲ့အစားအစာနေ့တိုင်းစီစဉ်ချက်ပြုတ်ဖို့ အရေးကြီးပါတယ်။ အစားအသောက်လျှော့ချတဲ့နည်းလမ်းတွေနဲ့ ကျွန်မ မရူးသွပ်ပါဘူး။ မြေထဲပင်လယ်စာကောင်းကောင်း ကျွန်မ သဘောကျတယ်။ အဲဒီအစားအစာတွေဟာ ကျန်းမာရေးနဲ့ညီညွတ်တယ်။ ပြီးတော့ ကျွန်မက သန့်ရှင်းရေးမှာလည်းကျွမ်းကျင်ပါတယ်။ ၂၀၀၆ ခုနှစ်က ရိုက်ကူးခဲ့တဲ့ စပိန်ဒရာမရုပ်ရှင်ကား Volver  မှာကတည်းက ကျွန်မအများကြီးလေ့လာခဲ့ပါတယ်။ ကျွန်မရဲ့ ဇာတ်ရုပ်က အမြဲပဲ အိမ်ရှင်းလင်းရေးအတွက်ဖြစ်ခဲ့ပါတယ်။ ဒါကြောင့်မို့ ကျွန်မဇာတ်ရုပ်အတိုင်းပဲပေါ့၊ အမေ့အိမ်သွားရင်၊ ကျွန်မ ညီမအိမ်သွားရင် ကျွန်မကျွမ်းကျင်တာတွေလုပ်ဖို့ စတော့တာပဲ။ အမေနဲ့ညီမကတော့ တွေးကြမှာပဲ ကျွန်မ အဖျားဝင်နေသလားပဲ။ ဘာလို့အိမ်တွေရှင်းနေသလဲပေါ့။” 

၃. ဒိုင်ယာနာ အသွင်အပြင်အတိုင်း နာအိုမီဝါ့ထ်စ် အပြည့်အ၀ သရုပ်ဆောင်မည်
ထိတ်လန့်သည်းဖိုရုပ်ရှင်The Ring နဲ့ King Kong သရုပ်ဆောင်မင်းသမီးလေး နာအိုမီ(အဲလန်)၀ါ့ထ်စ် ဟာ ၂၀၁၃မှာ ပြသမယ့် ဗြိတိန်တော်ဝင်မင်းသမီးအကြောင်းရုပ်ရှင်မှာ ဝေလမင်းသမီး ဒိုင်ယာနာ အဖြစ် သရုပ်ဆောင်ပါလိမ့်မယ်။ ဒိုင်ယာနာဝတ်ဆင်ခဲ့သလို အ၀တ်အစားဒီဇိုင်းအပြင်အဆင်၊ သူမရဲ့ ခွဲစိတ်ထားတဲ့နှာခေါင်းပုံစံတွေက ဒိုင်ယာနာအဖြစ် ပီပြင်စေဖို့ အကူအညီပေးမယ်လို့ သူမက ယူဆပါတယ်။ သူမရဲ့ ပထမဆုံး ဒိုင်ယာနာလို အပြင်အဆင်ကို လေယာဉ်ပေါ်ကအဆင်းမှာ ဖျတ်ခနဲမြင်တွေ့လိုက်ကြရတယ်။ ဒါရိုက်တာကတော့ Downfall ရုပ်ရှင် ဒါရိုက်တာ အိုလီဗာဟာ့ရှ်ဘီဂိုလ် ဖြစ်ပြီး  အချိန်မတိုင်မီကြွေလွင့်ခဲ့ရတဲ့ မင်းသမီးဒိုင်ယာနာရဲ့ မသေဆုံးခင် ၂ နှစ်အလိုက နှလုံးအထူးကုဆရာဝန် ဒေါက်တာဟာစ့်နာ့ထ်ခန်းနဲ့ ချစ်ဇာတ်လမ်းအကြောင်းအဓိကရိုက်ကူးမှာပါ။ ဒိုင်ယာနာရဲ့ ကိုယ်ပိုင်ဘ၀အကြောင်း၊ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားတဲ့လှုပ်ရှားမှုတွေအကြောင်းပါ ဖော်ပြသွားမှာပါ။ ၀ါ့(ထ်)စ်ဟာ ဒိုင်ယာနာရဲ့ အသွင်အပြင်နဲ့ ဟန်ပန်အတိုင်း အသေအချာဖမ်းယူသရုပ်ဆောင်နိုင်လိမ့်မယ်လို့  မျှော်လင့်နေကြတယ်။ Lost တီဗီဇာတ်လမ်းတွဲသရုပ်ဆောင် နာဗီးန်အင်ဒရူးက ဒိုင်ယာနာရဲ့ ချစ်သူ ဒေါက်တာခန်းအဖြစ် သရုပ်ဆောင်ပါလိမ့်မယ်။ အင်ဒရူးဟာ The English Patient ရုပ်ရှင်ထဲက Kip နေရာ သရုပ်ဆောင်ခဲ့သူပါ။

၎. မက်ဒရစ်ဂီတပွဲတော်နဲ့ လွဲချော်ခဲ့တဲ့ ရီဟန်းနား
ရီဟန်းနားဟာ စပိန်နိုင်ငံ မက်ဒရစ်မြို့မှာ ကျင်းပခဲ့တဲ့ Rock In Rio ဂီတပွဲတော်မှာ ဖျော်ဖြေဖို့စီစဉ်ထားခဲ့ပေမယ့် သူမသိပ်ချစ်ရတဲ့ အဖွား ဆုံးပါးခဲ့တာကြောင့်အစီအစဉ်ကို ဖျက်သိမ်းလိုက်ပါတယ်။ ရီဟားနားရဲ့ အဖွား ကလာရာ(ဒေါ်လီ)ဘရိတ်ဝိုက် ဟာ ကင်ဆာရောဂါကို ခုခံရင်းသေဆုံးခဲ့သွားခဲ့ပါပြီ။ Umbrella သီချင်းပိုင်ရှင်လေးက သူမရဲ့ ၀မ်နည်းပူဆွေးမှုကို Twitter.com မှာမျှဝေခဲ့ပါတယ်။ “နှုတ်ဆက်လိုက်ပါတယ်။ အဖွားဒေါ်လီရေ၊ ခုတော့ကျွန်မတို့မြင်နိုင်နေသေးတဲ့တိုင်အောင်၊ အဖွားရဲ့အလှတရားတွေအနားယူသွားခဲ့ပြီ။ အဲဒါ အားလုံးပါပဲ” လို့ Twitter မှာရေးထားပါတယ်။ ပေါပ့်၊ R & B စတား ဟာ ဇွန်လ ၃၀ ရက်နေ့က ဆွီဒင်မှာ ဂီတပွဲတစ်ခုဖျော်ဖြေခဲ့ပါသေးတယ်။ Rock In Rio ဂီတပွဲတော်ဟာ ရော့ခ်၊ ပေါပ့်၊ ဟဲဗီးမက်တဲလ် သီချင်းအမျိုးအစားတွေဖျော်ဖြေတဲ့ပွဲပါ။ Red Hot Chili Peppers/ Incubus/ Swedish House Mafia, Calvin Harris/ Pitbull အပါအ၀င် ဂီတသမားတွေ အများအပြား ၀င်နွှဲခဲ့ကြပါတယ်။

၅. သူရဲကောင်းတွေအတွက် KISS ရဲ့ အလှူအတန်း
အမေရိကန် ရောခ့်အဖွဲ့ KISS ဟာ အမေရိကန်နိုင်ငံလွတ်လပ်ရေးနေ့ ဇူလိုင် ၄ ရက်နေ့က လန်ဒန်မှာ ဂီတဖျော်ဖြေပွဲပြုလုပ်ခဲ့ပါတယ်။ သူတို့ရဲ့ လန်ဒန်ဖျော်ဖြေပွဲခရီးစဉ်ဟာ ဗြိတိသျှဒဏ်ရာရတပ်သားတွေကူညီထောက်ပံ့မှုပေးနေတဲ့ အဖွဲ့အစည်း Help for Heros  ရံပုံငွေ အတွက် သီဆိုလှူဒါန်းခဲ့တာပါ။ Kiss အဖွဲ့သားတွေရဲ့ အဲဒီလန်ဒန်ဖျော်ဖြေရေးပွဲဟာ စင်ဂယ်လ်သစ် Hell or Hallelujah  အရောင်းမြှင့်တင်ရေး ဥရောပခရီးစဉ် ဖျော်ဖြေပွဲတွေထဲက တစ်ပွဲပါပဲ။ KISS အဖွဲ့ဟာ စတင်ဖွဲ့စည်းခဲ့တဲ့ ၁၉၇၃ ခုကနေစတင်ပြီး အယ်လ်ဘမ်ချပ်ရေ သန်း ၁၀၀ ကျော်ရောင်းချခဲ့ပြီးပါပြီ။  KISS ရဲ့ ဂီတစတိုင်လ်က hard rock စတိုင်လ်တွေပါ။ ၇၄ ကနေ ၇၇ ခုနှစ်အတွင်း ထွက်ရှိခဲ့တဲ့ သီချင်းအမျိုးအစားတွေမှာတော့ hard rock နဲ့ rock n' roll ဂီတအမျိုးအစားတွေ နွယ်နေခဲ့ပါတယ်။ မျက်နှာမှာ မိတ်ကပ်အမြဲ ဆေးခြယ်ထားခဲ့တဲ့ စတိုင်လ်ဟာ သူတို့ရဲ့ အမှတ်အသားတစ်ခုပါပဲ။ ပေါလ်စတန်လီ က The Starchild ၊ ဂျီးန်စင်န်မန်စ် က The Demon ၊ အေစ့်ဖရက်လေ နဲ့ တွမ်မီသယာ က The Spaceman ဒါမှမဟုတ် The Space Ace ၊ ပီတာခရစ်စ် နဲ့ အဲရစ်စင်းဂါး က The Catman ၊ အဲရစ်ခ်ကားရ် က The Fox နဲ့ ဗင်နီဗင်းဆန့်တို့က The Egyptian Ankh Warrior ပုံစံတွေမျက်နှာမှာ ဆေးခြယ် သီဆိုဖျော်ဖြေလေ့ရှိပါတယ်။ KISS က ပြောပါတယ်။ "ငရဲ ပဲ ဖြစ်ဖြစ်၊ ဟာလေးလူယားဖြစ်ဖြစ်၊ ခင်ဗျားဘာတွေလုပ်လုပ်၊ ကျွန်တော်ကတော့ ကျော်ဖြတ်နေပါတယ်။  ကျွန်တော်ဖြတ်သန်းရမယ့် လမ်းကြောင်းရလာဖို့ ကျွန်တော်က အဖိုးအခပေးခဲ့တယ်။ ဘာကြောင့်လည်း ငွေက ဥပဒေတွေကို ပြုလုပ်နိုင်တယ်"  တဲ့။

၆. လေးရာသီ အင်စတော်လေးရှင်း ပြပွဲ
အမေရိကန်Artist ရုပ်ရှင်ဒါရိုက်တာ ဖိလစ်ဟာ့စ် ဟာ လန်ဒန်မြို့တောင်ပိုင်းက Dulwich Picture Gallery မှာ သူ့ရဲ့ လေးရာသီ အင်စတော်လေးရှင်းကို ဇွန်လပိုင်းက ပြုလုပ်ပြသခဲ့ပါတယ်။  တစ်ခုစီမှာ ၁၅ပေ မြင့်ပြီး ၁၅ရာစုက ကျော်ကြားခဲ့တဲ့ အီတလီလူမျိုး ပန်းချီဆရာကြီး Giuseppe Arcimboldo ရဲ့ ရီနေးဆန်းခေတ်ဆန်းလက်ရာအတိုင်း ဖန်တီးပြုလုပ်ခဲ့တယ်။ ဖန်သားဖိုင်ဘာပန်းပုမျိုးဖြစ်ပြီး လေးရာသီစာ နွေဦး၊ နွေ၊ ဆောင်းဦး နဲ့ ဆောင်းရာသီမှာ ဖြစ်ထွန်းကြတဲ့ သီးနှံ ပန်းမာလ်တွေကို ကိုယ်စားပြုဖန်တီးထားပါတယ်။ ပြခန်းရဲ့ အပြင်ဘက် မြက်ခင်းပြင်မှာ ပြုလုပ်ထားပြီး အဲဒီပြပွဲဟာ ပထမဆုံး လေးရာသီစာ အင်စတော်လေးရှင်းဖြစ်တယ်လို့ဆိုတယ်။ Artist ဟာစ့်က ပြောပါတယ်။ “ကြည့်ပါ။ နွေရာသီပန်းပုရုပ်ဟာ အတောက်ပဆုံးဖြစ်မနေဘူးလား။ သူ့မှာ အရောင်အသွေးစုံရှိတယ်။ ကျန်းမာတဲ့ သစ်ရွက်စိမ်းစိမ်းတွေရှိတယ်။ သူ့ရဲ့ ပါးပြင်ပေါ်မှာ ပန်းရောင်ပြေးနေတဲ့ နှင်းဆီပန်းလေးတွေရှိတယ်။ သူ့ရဲ့ ဦးခေါင်းပေါ် ဆံပင်မှာ ပန်းပွင့်တွေဝေနေတဲ့ ပန်းကုံးရှိနေတယ်။ အဲဒီတော့ နွေရာသီ ပန်းပုရုပ်က အသွေးအရောင်အစုံဆုံးရုပ်တုဖြစ်နေတာပေါ့”

၇. ဘေရွတ်မြို့လယ်က ဆိုင်ကယ်ပြပွဲ
လက်ဘနွန်နိုင်ငံ၊ မြို့တော် ဘေရွတ်မှာ ဇွန်လ ၂၇ ရက်နေ့က အမေရိကန်မော်တော်ဆိုင်ကယ် Harley Davidson ပြပွဲတစ်ခုပြုလုပ်ခဲ့ပါတယ်။ ဘေရွတ်မြို့လယ်လမ်းမပေါ်မှာ လူကြီးလူငယ်အမျိုးသားတွေပါမကပဲ အမျိုးသမီးကြီးတွေပါ အကြိုက်တွေ့ကြတဲ့ ဟာလေးဒေးဗစ်စန် ဆိုင်ကယ်ကြီးတွေ အစီအရီပြည့်နှက်နေတာ တွေ့မြင်နိုင်ခဲ့ကြတယ်။  ပုံမှာ ဘေရွတ်မြို့သူ ပမ်ဟာ့ထ်စကလပ်မန်းဟာ သူမရဲ့ ခရမ်းရောင် ဟာလေးဒေးဗစ်စန်ဆိုင်ကယ်ကြီးပေါ်မှာ  သူမရဲ့ ဂျက်ရပ်စဲလ်တယ်ရီယာခွေးပုလေး “ဂျက်ခ်” ကို တင်ပြီးပြပွဲကို ရောက်လာခဲ့တာပါ။ “ဂျက်ခ် က ကျွန်မနဲ့ ဆိုင်ကယ်အတူတူစီးလာတာ ၁၁ နှစ်ရှိခဲ့ပါပြီ။ ကျွန်မဘယ်သွားသွား ဂျက်ခ် လိုက်တယ်။ ရေခဲမြစ်ဘက်သွားတဲ့တိုင်အောင် တစ်ခါ ခေါ်သွားဖူးတယ်။ ဂျက်ခ် သိပ်သဘောကျတယ်” လို့ ဟာ့ထ်စကလပ်မန်းက ပြောပြခဲ့ပါတယ်။

၈. စင်ဒရဲလား နတ်သမီးပုံပြင်ထဲက ဖိနပ်လေးပိုင်ဆိုင်ချင်တယ်ဆိုရင်
ပြင်သစ်နာမည်ကြီးဖိနပ်ဒီဇိုင်းနာ ခရစ်စရှန်းလူဘူထန်ဟာ စင်ဒရဲလားပုံပြင်ထဲကဖိနပ်လေးကို တကယ့်ဘ၀ထဲကို ဆွဲခေါ်ယူငင်လာခဲ့ပါပြီ။ ဖိနပ်ဒီဇိုင်နာ လူဘူထန်ရဲ့ လက်ရာသစ် စင်ဒရဲလားဖိနပ်လေးဟာ လင်းလက်နေတယ်။ လှပတယ်။ ပြီးတော့ ကြည်ကြည်လင်လင်လေး ထွင်းဖောက်မြင်ရတယ်။ သူက ပြောပါတယ်။ “စင်ဒရဲလားဟာ ဒဏ္ဍာရီထဲက ကျော်ကြားထဲသဏ္ဍာန်လိုပဲရပ်တည်နေတာ မဟုတ်ပါဘူး။ တကယ့်လူ့ဘ၀မှာ စံထားစရာ အချစ်မေတ္တာတရား၊ ကြီးမြတ်ကျက်သရေရှိမှုတွေ ဖြစ်ပေါ်လာစေတယ်။ လှပတဲ့ရှုးဖိနပ်လေးတစ်ရံကိုရယူပိုင်ဆိုင်ချင်စိတ်၊ ကျွန်တော့်အတွက်ဆို ဖန်တီးချင်စိတ်။ အဲဒါတွေအတွက် ဖြစ်လာတယ်။ တွန်းအားပေးတဲ့ နတ်သမီးပုံပြင်လေးပါ။”  တဲ့။ ဖိနပ်လေးရဲ့ ရှေ့ဘက်ထိပ်နားမှာ တလက်လက်တောက်နေတဲ့ လိပ်ပြာလေးနှစ်ကောင်ကို ခရစ်စတယ်လ်တုံးလေးတွေ၊ ဇာကွက်လေးတွေနဲ့ အလှဆင်ထားပါတယ်။ ဖိနပ်အောက်ခံပြားကို လူဘူထန် ဒီဇိုင်းအမှတ်အသားဖြစ်တဲ့ ချိတ်ဆေးအနီရောင်နဲ့ပဲ တွေ့ရမှာပါ။ “တကယ့်ဘ၀ထဲက စင်ဒရဲလားရှုးဖိနပ်လေး” ဆိုတဲ့ ဒစ္စနေက ဖန်တီးရိုက်ကူးထားတဲ့ “Cinderella Diamond” Blue-ray အခွေလည်း သြဂုတ်လ ၂၇ ရက်နေ့မှာ ထွက်ရှိပါလိ့မ်မယ်။ အဲဒီ အခွေမှာ ပစ္စလက်ဆန်ဆန် လူဘူထန်ရဲ့ ဖိနပ်အပါးလေးဟာ ကြိမ်တံလေးနဲ့ တို့ထိပြီးတဲ့အခါ လိပ်ပြာလေးတွေ ၀ဲပျံလို့ ဖိနပ်ပါးလေးကနေ  စင်ဒရဲလားဖိနပ်လေးအဖြစ် ပြောင်းလဲသွားပုံကို ရိုက်ကူးထားပါတယ်။

2 comments:

  1. စုံစုံလင်လင်သတင်းတွေအတွက် ကျေးဇူးပါ ဖြိုးဖြိုးရေ။ ဒိုင်ယာနာဇာတ်လမ်းနဲ့ လေးရာသီအင်စတော်လေးရှင်းကို စိတ်ဝင်စားတယ်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  2. သတင်းတွေ အစုံအလင်ပါလားနော်...
    တွမ်ခရုစ်က အကြိုက်ဆုံးမင်းသားထဲမှာပါတယ်
    သူ့ရဲ့ ကွာရှင်းသတင်းကို စိတ်မကောင်းဖြစ်မိတယ်။
    ကလေးလေးက ချောလိုက်တာနော် ချစ်စရာလေး ။ သူ့အတွက် စိတ်မကောင်းဖြစ်မိတယ်။

    ReplyDelete