Sunday, July 1, 2012

စိမ်းလန်းတဲ့နေရာ

“အစိမ်းရောင်အဆောက်အဦး- Green Building(အစိမ်းရောင်ဆောက်လုပ်ရေး-Green Instruction)” ဆိုတာဟာ အဆောက်အဦးတစ်ခုရဲ့ သက်တမ်းတစ်လျှောက်လုံး အဲဒီအဆောက်အဦးတည်ရှိရာ ပတ်ဝန်းကျင်အတွက် ထိန်းသိမ်းကာကွယ်ရေး တာဝန်ယူထားတဲ့အဆောက်အဦးကို ရည်ညွှန်းခေါ်ဆိုကြတယ်။ အဆောက်အဦးဒီဇိုင်းစတည်တာကအစ၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်၊ တည်ဆောက်ပုံ၊ ပြုပြင်ထိမ်းသိမ်းမှု၊ ပြန်လည်မွမ်းမံမှု နဲ့ နောက်ဆုံး အဆောက်အဦးဖြိုဖျက်ခြင်းအထိ လုပ်ငန်းစဉ်အားလုံးဟာ ပတ်ဝန်းကျင်ထိခိုက်မှုမရှိအောင် ကာကွယ်ဖို့အတွက်အဓိကပစ်မှတ်ပါပဲ။ အဆောက်အဦးဒီဇိုင်းအဖွဲ့၊ ဗိသုကာပညာရှင်တွေနဲ့ အဆောက်အဦးပိုင်ရှင်တို့ဟာ အဆင့်တိုင်းမှာ အနီးကပ်ပူးပေါင်းဆောင်ရွက်ဖို့လိုအပ်ပါတယ်။ အစိမ်းရောင်အဆောက်အဦး လက်တွေ့ဆောက်တော့မယ်ဆိုရင် ငွေကြေးကုန်ကျမှုတတ်နိုင်သလောက် ရိုးရှင်းတဲ့ဒီဇိုင်းဖြစ်မှု၊ အသုံးဝင်မှု၊ ကြာရှည်ခံမှုနဲ့ သက်တောင့်သက်သာရှိမှုတွေပြည့်စုံရပါမယ်။

စိမ်းလန်းတဲ့ ဖွဲ့စည်းတည်ဆောက်ပုံတွေဖန်တီးတဲ့အခါ လက်ရှိလိုအပ်ချက်တွေပြည့်စုံနိုင်မယ့် နည်းပညာအသစ်တွေ မပြတ်ဖွံ့ဖြိုးတိုးတက်နေပေမယ့်လည်း အများနဲ့ဆိုင်တဲ့ရည်ရွယ်ချက်က အဲဒီအစိမ်းရောင်အဆောက်အဦးတွေဟာ လူသားတွေရဲ့ ကျန်းမာရေးနဲ့ သဘာဝပတ်ဝန်းကျင်အကျိုးသက်ရောက်မှုအလုံးစုံကို လျှော့ချနိုင်ဖို့ပါ။ စွမ်းအင်၊ ရေ နဲ့ တစ်ခြားအရင်းအမြစ်အသုံးပြုမှုမှာ နိုင်နင်းအောင်ဆောင်ရွက်နိုင်ခြင်း၊ နေထိုင်သူတွေရဲ့ ကျန်းမာရေးကာကွယ်ပေးခြင်းနဲ့ အလုပ်သမားစွမ်းအားတိုးတက်စေခြင်း၊ အမှိုက်သရိုက်၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုနဲ့ သဘာဝပတ်ဝန်းကျင်အရည်အသွေးလျော့ကျမှု တွေကို လျှော့ချနိုင်ခြင်းစတဲ့အချက်တွေကြောင့်  ရည်ရွယ်ချက်အောင်မြင်တဲ့အစိမ်းရောင်အဆောက်အဦးဖြစ်နိုင်ပါတယ်။

 နောက်ထပ် “သဘာဝအဆောက်အဦး-Natural Building”ကလည်း တူညီတဲ့ရည်ရွယ်ချက်အတိုင်းပါပဲ။ ဒေသအတွင်းရနိုင်တဲ့ ပစ္စည်းတွေကိုအသုံးပြုပြီး ၀န်ကျဉ်းစေဖို့ အာရုံစိုက်ပါတယ်။ ပတ်ဝန်းကျင်ထိန်းသိမ်းနိုင်မှုဟာ အနာဂတ်မျိုးဆက်သစ်တွေရဲ့ပတ်ဝန်းကျင်လိုအပ်ချက်ကိုမထိခိုက်စေပဲ လက်ရှိမျိုးဆက်တွေရဲ့လိုအပ်ချက်တွေကိုဖြည့်တင်းနိုင်မှုတို့ ဆုံဆည်းရာလို့ ပြောနိုင်ပါတယ်။ အစိမ်းရောင်အဆောင်အဦးဟာ လက်ရှိအဆောက်အဦးတွေကိုပဲ ပြင်ဆင်ရမယ့်ကိစ္စလို့ အသေအချာပြောလို့မရပါဘူး။ ယူအက်စ်အထွေထွေအုပ်ချုပ်လုပ်ငန်းရဲ့ ၂၀၀၉ မှတ်တမ်း မှာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက်ဒီဇိုင်းထွင်ဆောက်လုပ်ထားတဲ့ အဆောက်အဦး၁၂ခုရဲ့ ထိမ်းသိမ်းပြုပြင်မွမ်းမံမှုအထွေထွေကုန်ကျစရိတ်ဟာ သက်သာပြီး စွမ်းအင်ချွေတာနိုင်မှုမှာလည်းအကောင်းဆုံးအနေအထားရခဲ့တယ်လို့ ဖော်ပြခဲ့တယ်။ နေထိုင်သူတွေကလည်း စီးပွားဖြစ်ဆောက်လုပ်ထားတဲ့အဆောက်အဦးတွေထက် အစိမ်းရောင်အဆောက်အဦးမှာ အဖက်ဖက်က ပိုပြီးစိတ်ကျေနပ်စရာဖြစ်ခဲ့တယ်လို့ ဆိုတယ်။

ပတ်ဝန်းကျင်ထိခိုက်မှုလျှော့ချခြင်း
ဒီလို အစိမ်းရောင်အဆောက်အဦးဆောက်လုပ်တဲ့အခါ ပထမဦးဆုံးစည်းကမ်းက အစီအစဉ်မကျနတဲ့ပုံစံဖက်ရှင်နဲ့ ပြန့်ကျဲပြီး မဆောက်ရပါဘူး။ သင့်ရဲ့အဆောက်အဦးအမိုးပေါ်မြက်ခင်းဘယ်လောက်ပဲစိုက်ပါစေ၊ စွမ်းအင်ထုတ်ပေးနိုင်တဲ့ပြူတင်းပေါက်တွေ ဘယ်လောက်ပဲတပ်ဆင်အသုံးပြုထားပါစေ၊ ပြန့်ကျဲပြီးသာ ဆောက်လုပ်ထားမယ်ဆိုရင် သင့်ရဲ့ရည်ရွယ်ချက် ရှုံးနိမ့်ပြီးသားဖြစ်သွားပါမယ်။ အဆောက်အဦးတွေက သဘာဝကုန်းမြေတွေအများကြီး အသုံးပြုလိုက်ရပါလိမ့်မယ်။

အဆောက်အဦးသက်တမ်းသက်မှတ်ခြင်း(Life cycle assessment-LCA) ကို ယူအက်စ်အစိမ်းရောင်အဆောက်အဦးကောင်စီ(USGBC) က သတ်မှတ်ပေးတဲ့ LEED(Leadership in Energy and Environmental Design) စံနှုန်းတွေနဲ့ သတ်မှတ်ပေးကြပါတယ်။ LEED လက်မှတ်တွေမှာ 40-49 points ရရင်အဲဒီအဆောက်အဦးကို LEED Certification ပေးပါတယ်။ 50-59 points ဆိုရင် LEED Silver Certification၊ 60-79 points ရခဲ့ရင် LEED Gold Certification နဲ့ 80 points နဲ့ အထက်ကို LEED Platinum Certification ပေးပါတယ်။
ပုံမှာ အိန္ဒိယအနောက်ကမ်းရိုးတမ်း ကိုချိမြို့တော်၊ မရာဒူဒေသမှာရှိတဲ့ Abad Nucleus Mall ပါ။ LEED Gold လက်မှတ်ရတဲ့ green mall ဖြစ်ပါတယ်။

Taipei 101 က အရှည်ဆုံးနဲ့ အကြီးဆုံး အစိမ်းရောင်အဆောက်အဦးပါ။ ၂၀၀၁ ခုနှစ်မှာ LEED Platinum Certification ရရှိခဲ့တယ်။

ယူနိုက်တက်စတိတ်၊ အိုဟိုင်းယိုးက Shearer’s Foods ကုမ္ပဏီအဆောက်အဦးဟာ ၂၀၀၉မှာ Platinum Certification ရခဲ့ပါတယ်။

LEED Platinum လက်မှတ်ရ တက္ကဆက်ပြည်နယ်က University of Texas at Dallas အဆောက်အဦးပါ။

ဝါရှင်တန်ဒီစီက ကော်နက်တီကပ်ရိပ်သာလမ်းက LEED Platinum အဆင့် ရုံးအဆောက်အဦးပါ။

နောင်လာမယ့်ကာလတွေမှာ အဆောက်အဦးရောင်းချတဲ့အေဂျင်စီတွေဟာ LEED စံနှုန်းနဲ့ ပဲ ကြော်ငြာလာကြပါလိမ့်မယ်။ ပုံမှာ LEED Certification စံနှုန်းနဲ့ အဆောက်အဦးဈေးနှုန်းပြထားတဲ့  အိမ်အရောင်းအ၀ယ်ကြော်ငြာတစ်ခုပါ။

အစိမ်းရောင်အဆောက်အဦးတည်ဆောက်တဲ့အခါ
နိုင်ငံ၊ ဒေသတစ်ခုနဲ့တစ်ခုအနည်းငယ်ကွဲပြားမှုရှိနိုင်ပေမယ့်အခြေခံကျတဲ့ အချက်တွေမှာ နေရာနဲ့ တည်ဆောက်ပုံဒီဇိုင်းထိရောက်မှု၊ စွမ်းအင်ထိန်းသိမ်းမှု၊ ရေထိန်းသိမ်းမှု၊ အဆောက်အဦးပစ္စည်းထိန်းသိမ်းမှု၊ အတွင်းပတ်ဝန်းကျင်ဆိုင်ရာအရည်အသွေးတိုးမြင့်မှု၊ ပြုပြင်ထိန်းသိမ်းမှုနည်းလမ်း၊ စွန့်ပစ်ပစ္စည်းနဲ့ အဆိပ်လျှော့နည်းအောင်ပြုလုပ်မှု စတဲ့ အစီအစဉ်တွေပါဝင်ပါတယ်။

အစိမ်းရောင်အဆောက်အဦးနည်းပညာတွေနဲ့ ကိုက်ညီနေတဲ့ အစိမ်းရောင်အိမ်လေးတွေ -

နေရာ၊ တည်ဆောက်မှုဒီဇိုင်းဟာ ပရောဂျက်တစ်ခုလုံးရဲ့ အဓိကအဆင့်ပါပဲ။ အဆောက်အဦးက စက်ရုံလုပ်ငန်းလို တစ်သမတ်တည်းမဟုတ်ပါဘူး။ အဆောက်အဦးတစ်ခုနဲ့တစ်ခု ဒီဇိုင်းအမျိုးမျိုးကွဲပြားတယ်။ အသုံးပြုတဲ့ပစ္စည်းတွေကွဲပြားတယ်။ အဲဒီမတူတဲ့ဒီဇိုင်းတွေမှာမူတည်ပြီး အဆောက်အဦးရဲ့သက်တမ်းကာလတလျှောက်လုံး ပတ်ဝန်းကျင်ကိုအကျိုးသက်ရောက်မှုရှိကြတယ်။

စွမ်းအင်ထိမ်းသိမ်းမှု မှာ စွမ်းအင်သုံးစွဲမှု လျှော့ချနိုင်ဖို့ပါ။ စွမ်းအင်ထုတ်ယူ၊ လည်ပတ်၊ ပို့ဆောင်၊ တပ်ဆင် ဒီလိုအဆင့်တွေအတွက် အဆောက်အဦးတည်ဆောက်တဲ့ပစ္စည်းနဲ့ စွမ်းအင်လည်ပတ်တဲ့လုပ်ငန်းတွေအရေးကြီးပါတယ်။ အဆင့်မြင့်အစိမ်းရောင်အဆောက်အဦးဟာ စွမ်းအင်သုံးစွဲမှုမှာ ၃၀ရာခိုင်နှုန်းလောက်ပဲရှိတယ်။ သစ်သားနဲ့တည်ဆောက်ထားတဲ့အဆောက်အဦးဟာ အုတ်၊ ကွန်ကရစ်၊ စတီးလ်နဲ့ ဆောက်လုပ်ထားတဲ့အဆောက်အဦးထက် စွမ်းအင်လိုအပ်မှုနည်းပါးပါတယ်။ စွမ်းအင်အသုံးပြုမှုလျှော့ချဖို့ ပြတင်းတွေ၊ အပူကာ ဓါတ်ကာနံရံ၊ မျက်နှာကြက်နဲ့ ကြမ်းပြင်တွေအသုံးပြုရပါတယ်။ ဒီဇိုင်းဆွဲသူက အရှေ့ဘက်မျက်နှာစာတွေမှာ တံခါး၊ နံရံ၊ အကာ၊ ၀ရံတာ နဲ့ သစ်ပင်တွေ ကို နွေရာသီမှာ အပူကိုကာနိုင်တဲ့အရိပ်အဖြစ်၊ ဆောင်းတွင်းမှာဆို နေရောင်ရစေနိုင်မယ့်ဒီဇိုင်းမျိုးပါ။ ပြတင်းနေရာအထားအသိုကြောင့် သဘာဝအလင်းရောင်ပိုရစေနိုင်ပြီး နေ့ဘက်မှာ လျှပ်စစ်ဓါတ်အားလိုအပ်မှုလျှော့ချနိုင်ပါတယ်။ နေစွမ်းအင်၊ လေစွမ်းအင်၊ ရေစွမ်းအင်နဲ့ သစ်ပင်၊ သစ်ကိုင်း အဆွေးတွေကနေရယူသုံးစွဲနိုင်တဲ့ biomass စွမ်းအင်သုံးစွဲမှုဟာ ပတ်ဝန်းကျင်ထိခိုက်မှုကို သိသိသာသာလျှော့ကျစေတယ်။
ရေထိန်းသိမ်းမှု
ရေသုံးစွဲမှုလျှော့ချခြင်းနဲ့ ရေအရည်အသွေးကာကွယ်ထားခြင်းတွေကလည်း အဓိကကျပါတယ်။ အဲဒီအဆောက်အဦးမှာပဲ ရေကို စုဆောင်း၊ အသုံးပြု၊ သန့်စင်ပြီး ပြန်အသုံးပြုနိုင်တဲ့စနစ်မျိုးပါဝင်တယ်။ အိမ်သာကဆွဲချလိုက်တဲ့ရေမျိုးကို ပြန်လည်အသုံးပြုနိုင်မယ် ရေပိုက်ဆက်သွယ်မှုစနစ်နှစ်ခုပါရှိရပါမယ်။ ဆွဲချရေအားနိမ့်တဲ့အိမ်သာ၊ ရေစီးအားနည်းတဲ့ရေပန်းခေါင်းတွေကို အသုံးပြုထားရပါမယ်။

အဆောက်အဦးပစ္စည်းထိန်းသိမ်းမှု
အိမ်ဆောက်ပစ္စည်းမှာ သစ်သားကို တတိယတန်းစားသစ်တောအဆင့်က သစ်သား၊  အသစ်ပြန်ပေါက်ရာမှာမြန်ဆန်လှတဲ့အပင်မျိုး ဥပမာဝါးနဲ့ ကောက်ရိုး၊ သဘာဝကျောက်တုံး၊ ပြန်လည်သုံးစွဲတဲ့ကျောက်တုံး/သတ္ထု နဲ့ တစ်ခြားအဆိပ်အတောက်ပါဝင်ခြင်းမရှိတဲ့ပစ္စည်းတွေ၊ ပြန်အသုံးပြုနိုင်တဲ့ပစ္စည်းတွေ၊ ဥပမာ မီးသင့်ကျောက်၊ ကြမ်းခင်းဖယောင်းပုဆိုး၊ ရွံ့၊ အုတ်၊ ရွံ့စေး၊ ထုံးကျောက်၊ ဖော့၊ အုန်းသီး၊ သစ်သားမျှင်အပြားတွေ၊ ကွန်ကရစ်(ကျောက်စရစ်ကျောက်တုံးကြမ်းများ) အစရှိတဲ့ပစ္စည်းတွေနဲ့ တည်ဆောက်ကြပါတယ်။ ပတ်ဝန်းကျင်ကာကွယ်ထိန်းသိမ်းရေးအေဂျင်စီ(EPA) က ဆောက်လုပ်ရေးလုပ်ငန်းက ပစ္စည်းတွေ ကျောက်မီးသွေးတုံးတွေ၊ ပုံစံသွန်းသဲ နဲ့ ဖြိုဖျက်ရာကကျနေတဲ့ အုတ်အကျိုးအပဲ့တွေကိုပါ ပြန်ပြီးအသုံးပြုဖို့ အကြံပြုထားပါတယ်။ ဆောက်လုပ်ရေးအတွက်လိုအပ်တဲ့ပစ္စည်းတွေကိုလည်း တစ်ခြားတစ်နေရာမှထုတ်လုပ်ပြီးက လုပ်ငန်းခွင်သယ်ဆောင်လာဖို့လည်းအကြံပြုပါတယ်။

LEED စံနှုန်းထဲက အတွင်းပတ်ဝန်းကျင်ဆိုင်ရာအရည်အသွေးတိုးမြင့်မှု၊ ပြုပြင်ထိန်းသိမ်းမှုနည်းလမ်း အဆင့်မှာ သက်တောင်သက်သာရှိမှု၊ အဆောက်အဦးအတွင်း လေ၀င်လေထွက်၊ အပူချိန်၊ အလင်းရောင်အရည်အသွေးတွေကို ကြည့်ရပါတယ်။ အဆောက်အဦးအတွင်းလေ၀င်လေထွက်စနစ်မှာ အော်ဂဲနစ်ဓါတ်ပေါင်း၊ အော်ဂဲနစ်ဓါတုပစ္စည်းတွေရှာဖွေ လျှော့ချဖို့က အရေးအကြီးဆုံးပါပဲ။ လေ၀င်လေထွက်စနစ်ကို အထူးဂရုစိုက်ကြရပါတယ်။ တစ်ခြားအရေးကြီးတာက အခန်းတွင်းစိုထိုင်းမှုကို ထိန်းချုပ်ထားနိုင်ဖို့ပါ။ အဆောက်အဦးအတွင်းလေထုစိုထိုင်းမှုကို မထိန်းချုပ်နိုင်ခဲ့ရင် မှိုတွေကြီးထွားနိုင်တယ်၊ ဗက်တီးရီးယား၊ ဗိုင်းရပ်စ်နဲ့ ခြ၊ နဲ့ တစ်ခြား အဏုဇီဝပိုးတွေရှင်သန်ပေါက်ပွားနိုင်ပါတယ်။

အဆောက်အဦးလည်ပတ်မှုနဲ့ ပြုပြင်ထိန်းသိမ်းမှု
တွေကို တော့ Operations and Maintenance(O&M) ၀န်ထမ်းတွေက စောင့်ရှောက်ပါတယ်။

စွန့်ပစ်ပစ္စည်းနဲ့ အဆိပ်လျှော့နည်းအောင်ပြုလုပ်ရေး
အတွက် အစိမ်းရောင်ဗိသုကာပညာရပ်မှာ စွမ်းအင်၊ ရေနဲ့ အိမ်ဆောက်ပစ္စည်းဖြုန်းတီးမှုကို ဆောက်လုပ်ရေးကာလအကတည်းက လျှော့ချဖို့ ဂရုပြုကြပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဥပမာ ကယ်လီဖိုးနီးယားမှာဆိုရင် ပြည်နယ်တစ်ခုလုံးရဲ့ စွန့်ပစ်ပစ္စည်း ၆၀ရာခိုင်နှုန်းဟာ ရောင်းတန်းဝင်စီးပွားဖြစ်အဆောက်အဦးတွေဆီက လာနေပါတယ်။
အစိမ်းရောင်အဆောက်အဦးတွေကို အပြစ်ရှာလိုသူတွေလည်းရှိနေပါတယ်။ သူတို့ပြောတာက ဈေးနှုန်းကိုပါ။ အစိမ်းရောင်အဆောက်အဦးတွေဟာ ၀ယ်ယူတဲ့ပထမအဆင့်မှာ ဈေးကြီးနေမှာမှန်ပေမယ့် အဆောက်အဦးသက်တမ်းတလျှောက် လျှပ်စစ်မီး၊ ရေ၊ နဲ့ တစ်ခြားစနစ်တွေအားလုံးအတွက်ကုန်ကျစရိတ်က ၁၀ကြိမ်လျော့နည်းပါတယ်တဲ့။ အစိမ်းရောင်အဆောက်အဦးတွေမှာ လျှပ်စစ်မီတာကြေး ဒေါ်လာ၁၃၀ဘီလီယံ သက်သာခဲ့တယ်လို့ လေ့လာသုတေသနပြုသူတွေရဲ့ စာရင်းမှာဖော်ပြခဲ့ပါတယ်။ 

အစိမ်းရောင်အဆောက်အဦးတစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။
ဆွဇ်ဇာလန်နိုင်ငံ လိုကာနိုဒေသက ကာဆာလိုကာနို အိမ်၊ စွမ်းအင်ချွေတာနိုင်တဲ့အဆောက်အဦးကို Designyougo က ဒီဇိုင်းဆွဲတည်ဆောက်ခဲ့ပါတယ်။ အမိုးပေါ်မှာ နေရောင်စုဆောင်းနိုင်တဲ့ဆိုလာပြားတွေပါရှိတယ်။

ဆွဇ်ဇာလန်နိုင်ငံ ဇူးရစ်ကန်ရဲ့ အရှေ့ဘက်ကမ်းခြေက Swarovski ရုံးချုပ်ပါ။ မြင်းခွာပုံသဏ္ဍာန်ရှိပြီး စွမ်းအင်ချွေတာနိုင်ပါတယ်။ အပူအအေးစနစ်ကို အနီးအနားရေကန်က ရေစွမ်းအင်ကနေထုတ်ယူတယ်။

LEED Platinum လက်မှတ်ရ မိသားစုအိမ်လေးပါပဲ။ ယူနိုက်တက်စတိတ် ၀စ်ကွန်ဆင်ပြည်နယ် ရာဆိုင်းမြို့တော်က  OS House ပါ။

အိန္ဒိယနိုင်ငံ ဟိုက်ဒရာဘက်မြို့တော်က Park Hotel Hyderabad ပါ။ ၂၀၁၀ က LEED Gold လက်မှတ်ရထားပြီး SOM ဒီဇိုင်းဖြစ်ပါတယ်။

ထိုင်းနိုင်ငံက Wat Pa Maha Chedio Kaew Temple ပါ။ အင်မတန်လှပတဲ့ဘုရားကျောင်းကို recycle ပုလင်းတွေနဲ့အသုံးပြုခဲ့ပါတယ်။ ဖန်ပုလင်း ၁.၅သန်းနဲ့တည်ဆောက်ခဲ့ပါတယ်တဲ့။ ပုလင်းအဖုံးတွေကိုလည်း အလှဆင်တဲ့အပိုင်းအစလေးတွေအဖြစ်အသုံးပြုခဲ့တယ်။ အစိမ်းရောင်အဆောက်အဦးအဖြစ် နမူနာယူစရာ ထူးခြားတဲ့ ဗိသုကာလက်ရာပါပဲ။         ။

Living Fashion Magazine, July, 2012

4 comments:

  1. ကျနော် အိမ်တစ်လုံးဆောက်မှ အစ်မဆီက ဒီဇိုင်းတောင်းမယ်။ :D။

    ကျေးကျေး အစ်မဖြိုး။ မရောက်တာ ကြာပါပေါ့လား။

    ReplyDelete
  2. အဲလိုအိမ်ကလေးတစ်လုံးလောက်လိုချင်လိုက်တာ.
    ဝယ်ပေးနော်. ကိုယ့်ဖာကိုယ်တော့ဆောက်ဘူး ပိုက်ပိုက် မရှိလို့း)

    ReplyDelete
  3. မမကျေးဇူးများကြီးတင်ပါတယ်။

    ReplyDelete
  4. ဒီဇိုင်းလေးတွေ ဆန်းသစ်ပြီး လှတယ်။ ဗဟုသုတတွေ မျှဝေပေးတာ ကျေးဇူးပါညီမရေ..။

    ReplyDelete