Saturday, September 22, 2012

သောကပွေစရာ တောင်အာဖရိကကမ္ဘာ

ကမ္ဘာတစ်လွှားက ဒီမိုကရေစီလှုပ်ရှားမှုတွေ ကျွန်တော် လေ့လာမိသလောက်ဆိုရင် တောင်အာဖရိကမှာ နောက်ထပ်နှစ်တွေအများကြီး ထပ်ပြီးတော့ အမိန့်အာဏာပြ၀ါဒ ကြီးစိုးတဲ့ (အာဏာရှင်)ခေတ်ထဲ ပြန်ပြီးလျှောကျသွားမှာကို တွေးပူမိပါတယ်။

ဒီအဆိုးမြင်တဲ့အယူအဆဟာ ဒီမိုကရေစီလှုပ်ရှားသူတွေရဲ့ အောင်မြင်မှု၊ ကျရှုံးမှုတွေကို ပြုလုပ်တဲ့ သမာရိုးကျမဟုတ်တဲ့အသိအမြင်ကနေ ထွက်ပေါ်လာတာပါ။ ပြီးခဲ့တဲ့ ဆယ်စုနှစ်နှစ်ခုစာလောက်အတွက်အဓိကလေ့လာခဲ့တဲ့  အမေရိကန်ပညာသင်ဆုစီမံကိန်းတစ်ခုမှာ တရားဝင်နာမည်ရ၊ အာဏာရပြီးသားရေပေါ်ဆီလူတစ်စုကသာ ဒီမိုကရက်တစ်စံနှုန်းတွေ၊ နည်းလမ်းတွေအတိုင်းသွားပါမှ ဒီမိုကရေစီစနစ်ဟာ ခိုင်မာနိုင်မယ်ဆိုတာ အလေးအနက်လေ့လာခဲ့ပါတယ်။ ကျရှုံးမှုမရှိတော့တဲ့ အချိန်အကူးအပြောင်းကာလကသာ ဒီမိုကရေစီခိုင်ခံတဲ့ကာလအဖြစ်ဆုံးဖြတ်ဖို့ ညွှန်းတဲ့ကိရိယာပါ။ ဘာကြောင့်လည်းဆိုတော့ အချိန်ကာလကလည်း အသားကျဖို့အတွက် အကြမ်းဖျဉ်းအကဲဖြတ်နိုင်ပါတယ်တဲ့။ အဲဒါသာမှန်ကန်တယ်ဆိုရင် ၁၈နှစ်တာအထိလျှောက်လှမ်းခဲ့တဲ့ တောင်အာဖရိကရဲ့လူမျိုးရေးခွဲခြားမှုကာလအပြီးမှာ ဒီမိုကရေစီနိမိတ်ဆိုးတွေ အိုင်ထွန်းနေတာဟာ တုန်လှုပ်ချောက်ချားစရာပါ။ အဲဒါတွေက နုနယ်တဲ့ဒီမိုကရေစီခေတ်တွေကို ကျိုးပဲ့သွားစေမှာပဲ။ ခေတ်တစ်ခေတ်ရဲ့ကျရှုံးမှုတွေရှိနိုင်တဲ့စွန့်စားခန်းတွေဟာ ၁၅ နှစ်ကနေ နှစ်၂၀ ကျော် ဒီမိုကရေစီဘ၀သက်တမ်းအထွာ ပိုရင်ပိုမယ်၊ လျော့ရင်လျော့မယ်။ အဲဒီကာလတွေဖြတ်ကျော်ပြီးမှ တည်ငြိမ်သွားတတ်တာပါ။ ရင့်ကျက်မှုဖြစ်စဉ်မှာ ထိလွယ်ရှလွယ်ဒီမိုကရေစီလှုပ်ရှားမှုတွေဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ပဲ သေဆုံးသွားနိုင်တယ်။ ဖိရင်ပြန်ကန်၊ အလျော့အတင်းလှုပ်ရှားမှုမျိုးကသာ အသက်ရှည်နိုင်ပါတယ်။

အဖွဲ့အစည်းတွေ - နာမည်တိတိကျကျ တတ်ရရင်တော့ အဓိကနိုင်ငံရေးပါတီတွေနဲ့ စစ်တပ်ဟာ ဒီမိုကရေစီကို ကျိုးပဲ့အောင်တိုက်ရိုက် ပိုင်ပိုင်နိုင်နိုင်လုပ်နိုင်စွမ်းရှိတဲ့ သူတွေပါ။ ကျွန်တော့အမြင်အရ ဒီနှစ်ခုထဲက ပါဝင်တဲ့အဖွဲ့အစည်းတွေက ဒီမိုကရေစီကို ကျရှုံးအောင်လုပ်နိုင်တယ်။ ၁) အရေးပါတဲ့အခွင့်အရေး နဲ့ ခြိမ်းခြောက်မှုတွေပြုလုပ်နိုင်တဲ့ နိုင်ငံ့အာဏာပိုင်ဆိုင်ထားတဲ့သူ၊ ၂) အဲဒီအာဏာကို သိမ်းယူဖို့ လုပ်နိုင်စွမ်းရှိတဲ့သူ တွေပါ။ ဘယ်အဖွဲ့အစည်းက အတင်းအဓမ္မ သိမ်းယူဖို့ပြုလုပ်နေသလဲဆိုတဲ့အပေါ်မူတည်ပြီး ရလာတဲ့လှုပ်ရှားမှုတွေက ပုန်ကန်ထကြွမှုကိုအားပေးတဲ့ အတိုက်အခံပါ စစ်တပ်မျိုးပုံသွင်းနိုင်ပါမယ်။ ဒါမှမဟုတ် လေ့လာဆန်းစစ်သူတွေနာမည်ပေးထားသလို “ရာထူးရှိသူရဲ့အကျိုးအမြတ်ကို ခိုင်ခံ့စေခြင်း” ဆိုတာမျိုးပြုလုပ်နိုင်ပါတယ်။ ရွေးကောက်ပွဲကနေအောင်မြင်လာသူတွေဟာ သူတို့ကိုယ်ပိုင်ဆန္ဒအတိုင်း တိုင်းပြည်အနာဂတ်ကို ပြင်ဆင်အားဖြင့် သူတို့ရဲ့လွှမ်းမိုးနိုင်မှုကိုပဲ ခိုင်မာအောင်လုပ်ထားလိုက်ကြတယ်။ သူတို့ရဲ့ကိုယ်ပိုင်ဆန္ဒဆိုတာ ရွေးကောက်ပွဲတွေမှာ စိတ်ကြိုက် ကကြိုးတန်ဆာဆင်ထားတာ၊ ပြိုင်ဘက်တွေကို ခြိမ်းခြောက်တာ၊ ပြည်သူတွေရဲ့ လွတ်လပ်ခွင့်ကို ပိတ်ပင်တားဆီးထားတာတွေပါ။
 စစ်အေးကာလပြီးဆုံးချိန်ကတည်းကစလို့ ဒီမိုကရေစီအရေးကျရှုံးမှုအများစုဟာ အာဏာရှင်စနစ်ကို အပြီးသတ်မတိုက်ထုတ်နိုင်သေးပဲ အာဏာရှင်ဝါဒကိုပြိုင်ဆိုင်တဲ့ခေတ်ဖန်တီးမှုတွေသာ ဖြစ်တည်လာခဲ့ပါတယ်။ ရွေးကောက်တင်မြောက်ခံလိုက်ရတဲ့အဖွဲ့အစည်းဟာ နိုင်ငံသားတွေအတွက်ထိရောက်တဲ့နည်းလမ်းတွေကို စေတနာစစ်နဲ့မပေးပါဘူး။ စစ်တပ်ပိုင်းကပါဝင်မှုဟာ အခုခေတ်မှာ ပိုပြီး နည်းပါးလာပေမယ့် ရှိနေကြဆဲပါ။ အထူးသဖြင့် ဆင်းရဲနွမ်းပါးတဲ့တိုင်းပြည်တွေမှာ နိုင်ငံရေးပိုင်းမှာ စစ်တပ်က တိုက်ရိုက် ပါဝင်ပတ်သက်နေတဲ့သမိုင်းရှိပါတယ်။ အောင်မြင်မှုရသွားကြတဲ့ ပုန်ကန်မှုတွေဟာ အရှားပါးဆုံးပါပဲ။ ပုန်ကန်ထကြွသူတွေဟာ စုစုစည်းစည်းဖြစ်အောင် ဖွဲ့စည်းဖို့ခက်ခဲတယ်။ ဘာကြောင့်လည်းဆိုတော့ အတွင်းမှာပါဝင်နေသူတွေဟာ ဆန္ဒပြလှုပ်ရှားမှုတွေကို သိမ်းပိုက်စီစဉ်ထားပြီးဖြစ်တယ်။ တစ်ဘက်ကလူတွေက အဖွဲ့အစည်းထဲတိုးဝင်ထားပြီး ကြိုတင်အကွက်ချတာတွေရှိပါတယ်။ သက်တမ်းဆယ်စုနှစ်နှစ်ခုစာရှိလာပြီဖြစ်တဲ့ တောင်အာဖရိက ဒီမိုကရက်တစ်ခေတ်မှာလည်း အဲဒီလို စမ်းသပ်မှုတွေနဲ့ ရင်ဆိုင်နေရတယ်။ ထုံးစံအတိုင်း အာဏာကို ဆုပ်ကိုင်ထားချင်တဲ့အုပ်စုတွေဟာ ပြည်သူပြည်သားတွေကို ကြောင့်ကြပူပန်စေတယ်။ အာဖရိကအမျိုးသားညီလာခံ(ANC)ပါတီ ဟာ လူမျိုးရေးခွဲခြားမှုကိုဆန့်ကျင်ခဲ့ကြတဲ့ (ရှည်ကြာပြီး ခက်ခဲကြမ်းတမ်းတဲ့)လှုပ်ရှားမှုတွေ အောင်မြင်ကြပြီ လို့ သက်သေပြချင်ခဲ့တယ်။ လူမျိုးရေးခွဲခြားမှုအလွန်ခေတ်မှာ နိုင်ငံရေးပိုင်းကို အလုံးစုံလွှမ်းမိုးထားနိုင်ခဲ့ပြီ။ ရွေးကောက်ပွဲမှာ အောင်မြင်ခဲ့သူတွေဟာ နိုင်ငံရဲ့ လူမည်းအများစုဆိုတာ စာရင်းဇယားနဲ့ တွက်ကြည့်စရာမလိုပဲနဲ့ကို နေရာတိုင်းမှာ ရယူနိုင်ခဲ့ပါတယ်လို့ ANC က ဆိုတယ်။
လူမျိုးရေးခွဲခြားမှုခေတ်အလွန် အချိန်ဆွဲနေတဲ့ပျားရည်ဆမ်းကာလကြီးဟာ အခုတော့ အဆုံးသတ်ဖို့ လမ်းစမြင်လာရပါပြီ။ လူဖြူတွေစိုးမိုးခဲ့တဲ့ကာလအဆုံးသတ်သွားရင် ပိုကောင်းတဲ့ဘ၀ကိုရလာခဲ့မယ်လို့ မျှော်လင့်ခဲ့ကြတယ်။ ဒါပေမဲ့ တောင်အာဖရိကလူမျိုးတွေရဲ့ လိုအပ်ချက်တွေဟာ ဘာမှ မပြည့်စုံနိုင်သေးဘူး။ ဘ၀အခြေအနေတွေမှာ ကျေနပ်မှုမရနိုင်ကြသေးပါဘူး။ အဲဒီဖိစီးမှုတွေကို မြင်သာတဲ့အဖြစ်အပျက်ကတော့ တိုင်းပြည်ရဲ့ အရေးပါတဲ့သတ္ထုတွင်းလုပ်ငန်းမှာ ဖြစ်ပွားခဲ့တဲ့ သပိတ်မှောက်မှုမှာပါ။ တောင်အာဖရိက အနောက်မြောက် ရပ်စတန်းဘာဂ့်ဒေသ၊ မာရီကာနာမြို့အနီးက သတ္ထုတွင်းမှာ သတ္ထုတွင်းအလုပ်သမား ၃၄ ယောက်ကို ရဲက သတ်ဖြတ်ခဲ့တယ်။ အဲဒီအဖြစ်အပျက်အပြီးမှာ အလုပ်သမားခေါင်းဆောင်ဟောင်း နဲ့ ANC အုပ်ချုပ်ရေးဝန်ကြီး ဂျေ နိုင်းဒူး က Think Africa Press မှာ ရေးသားခဲ့တယ်။ မာရီကာနာ ရဲ့ နာလန်မထူနိုင်အောင်ရှုံးနိမ့်မှုဟာ ဘက်ပေါင်းစုံက ခေါင်းဆောင်မှုရှုံးနိမ့်တဲ့လက္ခဏာပါပဲ၊ တောင်အာဖရိကမှာ စိတ်အချဉ်ပေါက်မှုက ကြီးထွားလာနေပါပြီတဲ့။ ကျွန်တော်တို့ရဲ့ မြို့နယ်တွေ၊ ကျေးလက်ဒေသတွေနဲ့ ကျူးကျော်စခန်းက လူတွေ အားလုံးက ခါးသီးမှုတွေပြည့်နေကြပြီ။ ဒီမိုကရေစီဟာ သူတို့အတွက် ကောင်းမွန်လတ်ဆတ်တဲ့သစ်သီးဖြန့်ဝေပေးတာမျိုးမဟုတ်ဘူး။ သူတို့မြင်နေရတာက အလွန်နည်းပါးတဲ့ လက်ရွေးစင်လူစုတွေသာ ပြုံးပျော်နေကြပါတယ်။ များပြားလှတဲ့လူမည်းခေါင်းဆောင်တွေသာ သူတို့ရဲ့ မြို့နယ်လေးတွေကို စွန့်လွှတ်ပြီး လူဖြူတွေနေထိုင်တဲ့သီးသန့်နေရာတွေမှာ အာမာနီစတိုင်လ်နေထိုင်ဖို့ ပြောင်းရွှေ့သွားကြတယ်။ မကျေမနပ်ဖြစ်နေကြတဲ့ တောင်အာဖရိက လူ့အဖွဲ့အစည်းနဲ့ ကာလရှည်ကြာစွာပဲ ထိတွေ့မှုမရှိကြတော့ဘူး။

လူမျိုးရေးခွဲခြားမှုအဆုံးသတ်သွားပြီး၁၈နှစ်တာကာလအတွင်း၊ ရွေးကောက်ပွဲနယ်ပယ်တွေမှာ ANC ကို အတိမ်းအစောင်းဖြစ်အောင်လုပ်နိုင်စရာ အကြောင်းပြချက်မရှိပါဘူး။ ဘာကြောင့်လည်းဆိုတော့ ရွေးကောက်ပွဲမှာ ရင်ဆိုင်စရာပြိုင်ဖက် မယ်မယ်ရရမရှိအောင်ကို ထိန်းချုပ်ထားတာကြောင့်ပါ။ နောက်ဆုံးရွေးကောက်ပွဲကို ၂၀၀၉ ခုနှစ်က ကျင်းပခဲ့တဲ့အခါ အမျိုးသားလွှတ်တော်မှာ ANC ဟာ နေရာ ၄၀၀ မှာ ၂၆၄ နေရာ အောင်မြင်ခဲ့တယ်။ အဲဒီ အများစုအနိုင်ရသူ သုံးပုံနှစ်ပုံက တိုင်းပြည်ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ကြမှာပါ။ ဘယ်သူမှစောဒကမတက်နိုင်တဲ့ ANC ရဲ့ လွှမ်းမိုးမှုဟာ နောက်ဆုံးမှာတော့ အဆုံးသတ်နိုင်ပါတယ်။ ပါတီတွင်း အုပ်စုကွဲမှုတွေရှိနိုင်သော်လည်း အခွင့်အရေးအသစ်ကို ရှာဖွေနိုင်မယ့် ပါတီအပြင်အဆင်မျိုးဖြစ်အောင် သတိဝီရီယထားနေကြတယ်။ သြဂုတ်လ သတ်ဖြတ်မှုတွေပြီးတဲ့အခါ ANC လူငယ်ခေါင်းဆောင် ဂျူးလီးယပ်စ် မာလီမာ က မာရီကာနာကို လာခဲ့ပါတယ်။ ပြီးတော့ သတ္ထုတွင်းလုပ်သားတွေရဲ့မိသားစုဝင်တွေကို ပြောတယ်။ သမ္မတ ဂျက်ကော့ဘ်ဇူးမား ဟာ အဲဒီ အလုပ်သမား ၃၄ ဦး သေဆုံးမှုမှာ တာဝန်ရှိနေတယ်။ ဆန္ဒပြလုပ်သားတွေရဲ့ တောင်းဆိုမှုတွေကို ပြန်ကြည့်သင့်တယ်။ ဒါမှမဟုတ် တာဝန်ကနေ နှုတ်ထွက်ပေးသင့်တယ်တဲ့။ တကယ်တမ်းနှုတ်ထွက်လိုက်ရတာက မာလီမာပါ။ မာလီမာ ANC ကနေ ထုတ်ပယ်ခံရပါတယ်။ အဖွဲ့အစည်းအတွင်းကွဲပြားမှုဖြစ်အောင်လုပ်တယ်၊ အဖွဲ့အစည်းကို နာမည်ဖျက်တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ပါ။ တစ်ချိန်တည်းမှာပဲ အဆင့်မြင့်ပါတီခေါင်းဆောင်တွေဟာ အဖွဲ့ခွဲတစ်ခုနဲ့ မဟာမိတ်ယူပြီး ဇူးမားကို ANC ရဲ့ ဥက္ကဌအဖြစ် အစားထိုးစေချင်တာကို ဒီဇင်ဘာလ  အမျိုးသားညီလာခံမှာ ထင်ထင်ရှားရှားသိစေခဲ့တယ်။ အစိုးရရှေ့နေတစ်ဦးရဲ့ ဆုံးဖြတ်ချက်မှာ တခြားသတ္ထုတွင်းလုပ်သားတွေကိုလည်း မာရီကာနာက သေဆုံးလုပ်သား ၃၄ ဦး သတ်ဖြတ်ခဲ့သူတွေနဲ့  အတူ စွဲချက်တင်အပြစ်ပေးစေခဲ့တာပါ။ ရဲတပ်သားအရေအတွက် အများအပြား ဇူးမားက စေလွှတ်ခဲ့တယ်။ အဲဒါကြောင့် ထိပ်တိုက်ရင်ဆိုင်တွေ့မှုပိုမိုဆိုးရွားစေခဲ့တယ် ဆိုတာလောက်ပဲ အပြစ်တင်စကားပြောခဲ့ပါတယ်။
Jacob Zuma
ပါတီတွင်း အုပ်စုကွဲမှုတွေနဲ့ အရေးပေါ်အခြေအနေတွေမှာ ANC ခေါင်းဆောင်တွေ ဘယ်လို တုံ့ပြန်လုပ်ဆောင်ကြလဲ။ မကြာသေးခင်ကဖြစ်ပျက်ခဲ့တဲ့ နိုင်ငံရေးခြိမ်းခြောက်မှုမှာ သူတို့ရဲ့ တုံ့ပြန်မှုက ဘယ်လိုလဲဆိုတာ ကြည့်ရအောင်ပါ။ ၂၀၁၁ အကုန်လောက်မှာ နိုင်ငံတော်လှို့ဝှက်ချက်ကို ပေါက်ကြားစေတဲ့အမေးအဖြေတစ်ခုကို သတင်းစာတစ်စောင်က ရေးသားထုတ်ဝေလိုက်ပါတယ်။ အဂတိလိုက်စားမှုစွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး လက်ရှိသမ္မတ ဂျက်ကော့ဘ်ဇူးမားကို လွန်ခဲ့တဲ့ ၁၀ နှစ်က မေးမြန်းထားတဲ့ အမေးအဖြေပါ။ အဲဒီအမေးအဖြေဖော်ပြခဲ့ပြီးတဲ့နောက် သတင်းထောက်တွေကို ပြင်းထန်တဲ့ပြစ်ဒဏ်ပေး၊ အရေးယူနိုင်တဲ့ဥပေဒေ ထုတ်ပြန်လိုက်တဲ့အခါ ပါလီမန်ကို လွှမ်းမိုးနိုင်တဲ့ ANC က သဘောတူလက်ခံခဲ့ပါတယ်။ နောက်တစ်ခု လတ်တလောမှာ အစိုးရက လူမျိုးစုတွေရဲ့တရားမျှတမှုအတွက် လူမျိုးစုတွေနဲ့သက်ဆိုင်တဲ့တရားရုံး တရားဝင်ထားရှိဖို့ ထောက်ခံလိုက်တာပါ။ အဲဒီ ANC ရဲ့ ကြိုးပမ်းမှုဖြစ်တဲ့ လူမျိုးစုတရားရုံးကိစ္စဟာ လူမျိုးစုခေါင်းဆောင်တွေကို သစ္စာခံအောင်၊ မဲများများရအောင်ပြုလုပ်တာပါ လို့ လေ့လာသူတချို့က မှတ်ချက်ချကြတယ်။ မာလီမာလို အမိန့်နာခံမှုမရှိ တော်လှန်လိုတဲ့သူကတော့ နိုင်ငံရေးလောက ကနေ နှင်ထုတ်ခံလိုက်ရမှာပါပဲ။ အဲဒီတုံ့ပြန်လှုပ်ရှားမှုတွေကို ကြည့်ရတာဟာ တောင်အာဖရိကကို အာဏာရှင်စနစ်နဲ့ အသွင်တူတဲ့ခေတ်တစ်ခုနဲ့ ဦးဆောင်ချင်နေတာပါ။ ANC ဟာ သူ့ရဲ့ ပါတီ ပိုမိုကြီးထွားအားကောင်းလာစေမယ့် ကစားပွဲမျိုး မကြာခဏ ကစားနေတာပါပဲ။ လူမျိုးရေးခွဲခြားမှုခေတ်စနစ်အပြီးမှာ တခြားပြိုင်ဖက်ပါတီတွေဟာလည်း ANC လိုပဲ ကိုယ့်ရဲ့ကိုင်ပိုင်အနာဂတ်ကိစ္စတွေကိုပဲ အလေးထားမှုတွေ တွေ့နေရတယ်။ မာရီကာနာက လွန်မင်းကုမ္ပဏီပိုင် သတ္ထုတွင်းဆန္ဒပြမှုအပြီး နယူးယောက်တိုင်းမ်စ်သတင်းစာမှာ သတင်းထောက် လီဒီယာပေါ်ဂရင်းန်က ဒီလိုရေးသားခဲ့ပါတယ်။ တော်လှန်ရေးအတွက်ရုန်းကန်လှုပ်ရှားခဲ့တဲ့နေ့ရက်တွေမှာပါဝင်တဲ့ အလုပ်သမားခေါင်းဆောင် ဆီယီရဲလ် ရာမာဖိုစာဟာ နောက်ပိုင်းမှာ ANC ရဲ့ ထိပ်တန်းခေါင်းဆောင်ရာထူးရရှိသွားပြီး အခုဆိုရင် သန်းပေါင်းများစွာကြွယ်ဝချမ်းသာတဲ့သူ၊ သေဆုံးခဲ့တဲ့ အလုပ်သမား၃၄ဦးကိုဆန့်ကျင်တဲ့ သတ္ထုတွင်းကုမ္ပဏီတစ်ခုရဲ့ ဘုတ်အဖွဲ့ဝင်လူကြီးတစ်ယောက်ဖြစ်နေခဲ့ပြီ လို့ ရေးသားထားပါတယ်။ ရာမာဖိုစာက ခြွင်းချက်တစ်ခုရယ်လို့မဟုတ်ပါဘူး။ ပြီးခဲ့တဲ့နှစ်ကပါဝင်ခဲ့တဲ့ တော်လှန်ရေးခေါင်းဆောင်တွေဟာ သူတို့ရဲ့ ကြွယ်ဝချမ်းသာမှု၊ ကိုယ်ပိုင်အခွင့်အာဏာကိုရှာဖွေနိုင်မယ်ဆိုရင် အပေးအယူတွေပြုလုပ်ကြဖို့ ရှိနေကြတယ်။ လျော့ရဲပျက်သုဉ်းလု၊ ရပ်တည်မှုတွေနဲ့ ခရီးဆက်နေကြပါတယ်။

အလုပ်သမားဆူပူအုံကြွမှုဟာ တောင်အာဖရိကအတွက် ကျယ်ပြန့်တဲ့တော်လှန်ရေးမျိုးအဖြစ် ပြောင်းလဲနိုင်ခြင်းမရှိခဲ့ပါဘူး။ ဆန္ဒပြရာမှာ ပါဝင်ခဲ့တဲ့ခေါင်းဆောင်တွေမှာ နိုင်ငံ့အာဏာအတွက် စနစ်တကျပုံစံချခဲ့ကြတာမရှိတာဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ နိုင်ငံ့အာဏာကို ဆုပ်ကိုင်ဖို့ကြိုးစားခဲ့မယ်ဆိုရင်လည်းပဲ လုံးဝအရေးနိမ့်မှာပါပဲ။ ဘယ်လိုအဖြစ်အပျက်တွေ ထပ်ဖြစ်လာဦးမလဲဆိုတာဟာ ANC ခေါင်းဆောင်ပိုင်းက အလုပ်သမားလှုပ်ရှားမှုတွေရဲ့ ရည်ရွယ်ချက် နဲ့ လုပ်ကိုင်နိုင်စွမ်းတွေကို ဘယ်လိုသုံးသပ်သလဲ၊ တခြားနိုင်ငံရေးသမားတွေပါ အဲဒီလိုကြိုးစားလာနိုင်မလား ဆိုတဲ့အခြေအနေတွေပေါ် မူတည်နေပါတယ်။ အလုပ်သမားဆူပူအုံကြွမှုတွေသာ ကျယ်ပြန့်မယ်။ ဆက်ပြီးတည်ရှိနေဦးမယ်ဆိုရင် တောင်အာဖရိက ရဲ့ ဒီမိုကရေစီအရည်အသွေးအပေါ် အကျိုးသက်ရောက်မှုရှိလာနိုင်မှာပါ။ ANC ကြောက်ရွံ့တဲ့ အထူးအခွင့်အရေး နဲ့ ပစ္စည်းဥစ္စာဆုံးရှုံးမှု၊ လွှတ်တော်ထဲကနေရာခိုင်ခံ့မှုတွေကို အကျိုးသက်ရောက်စေနိုင်မှာပါ။ အဖြစ်အပျက်၊ အစိတ်အပိုင်းတွေ အားလုံးပေါင်းစပ်ပြီး ပန်းချီကားတစ်ချပ်လို အပြည့်အစုံ ရုပ်လုံးပေါ်လာတဲ့အခါမှာ လူနည်းစုအာဏာယူ အုပ်ချုပ်ထားတဲ့အစိုးရခေတ်မျိုးကို ဦးတည်နေတာကိုပဲ တွေ့လာရမှာပါ။ အာဏာကိုထိပါးခြိမ်းခြောက်မှုပေါ်ထွက်လာရင် ချေမှုန်းပစ်ဖို့ ကြိုးပမ်းမယ့်အခြေအနေတွေ မြင်နေရပါတယ်။ အဲဒီလမ်းကြောင်းဟာ ရုရှား၊ အာမေးနီးယား၊ ယူကရိန်း၊ ဗင်နီဇွဲလား၊ နီဂါရာဂွာ နဲ့ ဘင်ဂူဝါ မာသာရီခါ လက်ထက် မော်လ၀ီနိုင်ငံတွေရဲ့ နုနယ်ငယ်ရွယ်တဲ့ ဒီမိုကရေစီတွေနဲ့ အတူတူပါပဲ။ 
နှိုင်းယှဉ်လေ့လာမှုတွေမှာ ကျွန်တော်တို့အတွက် ဒီလိုအဖြေထုတ်ပေးနေပေမဲ့လည်း၊ မလွဲမသွေဖြစ်မယ်လို့တော့ မဆိုနိုင်ပါဘူး။ ANC ခေါင်းဆောင်ပိုင်းဟာ သူတို့ရဲ့ အနာဂတ် အထူးအခွင့်အရေး နဲ့ အာဏာအတွက် ကာကွယ်ဖို့မကြိုးစားတော့ဘူး။ ကိုယ့်တိုင်းပြည်ကို ကူညီနိုင်မယ့် ပိုကောင်းတဲ့ နည်းလမ်းနဲ့ရှေ့ဆက်ဖို့ပဲ ကြိုးစားလာနိုင်မယ်လို့လည်း ကျွန်တော်တို့ မျှော်လင့်နိုင်ပါသေးတယ်။    ။
Source : Worrying about South Africa by Jay Ulfelder

ဆောင်းပါးရှင် Jay Ulfelder ဟာ အမေရိကန်နိုင်ငံရေးသိပ္ပံသုတေသနပညာရှင်တစ်ဦးဖြစ်ပါတယ်။ စတန်းဖို့ဒ်တက္ကသိုလ်ကနေ ဒေါက်တာဘွဲ့ရရှိခဲ့ပြီး နိုင်ငံရေးမငြိမ်သက်မှုဝန်တာခွန်အား(Political Instability Task Force) ဆိုတဲ့ စီမံကိန်းမှာ ၁၀နှစ်ကြာ သုတေသနဒါရိုက်တာအဖြစ်တာဝန်ထမ်းဆောင်ခဲ့တယ်။ သုတေသနဆောင်းပါတွေရေးသားခဲ့ပါတယ်။ Dilemmas of Democratic Consolidation A Game-Theory Approach စာအုပ်ဟာ ဒီမိုကရေစီခေတ်ပြောင်းတော်လှန်ရေးအတွက် အထူးစိတ်ဝင်စားစရာကောင်းတဲ့ စာတစ်အုပ်ပါ။ ဒီမိုကရက်တစ်ကျရှုံးမှုတွေကို ၁၉၅၅ ခုနှစ်ကနေ ၂၀၀၇ ခုနှစ်အထိ (ဆိုက်ပရပ်စ်၊ ဖီဂျီ၊ စပိန်၊ ထိုင်း၊ ယူကရိန်း နဲ့ ဗင်နီဇွဲလားနိုင်ငံတွေရဲ့) ခေတ်ပြောင်းကာလတွေအကြောင်း သုတေသနအချက်အလက်တွေနဲ့ ကိုးကားရေးသား ထားပါတယ်။

0 comments:

Post a Comment