Wednesday, September 12, 2012

နဂါးနိုင်မင်း

image from
နဂါးနိုင်မင်း ဆိုတာ တကောင်းရာဇ၀င်မှာ မောင်ပေါက်ကျိုင်းရယ်လို့ ထင်ရှားခဲ့တဲ့ မင်းပါဘဲ။ ခလေးတိုင်းသိနေလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဒီပုံပြင်ကို ကျွန်မအမေ က မကြာခဏ ပြောပြတတ်ပေမဲ့ ကျွန်မအနေနဲ့ ဖြိုးဖြိုးတို့ မောင်နှမကို  သိပ်မပြောဖြစ်ခဲ့ဘူးထင်ပါတယ်။ ခုပြောချင်နေတယ်။ ပုံပြင်လေးက အတုယူစရာလဲကောင်း မှတ်သားစရာလဲ ကောင်း ကြည်နူးစရာလဲ ကောင်းပါတယ်။
ကျွန်မတို့  မေမေက …
ဟိုရှေးရှေးတုံးက “အထက်မြန်မာပြည်မှာ တကောင်းပြည်ရယ်လို့ ရှိ တယ်။ ဗမာအစ တကောင်းက တဲ့ ဗမာလူမျိုးဆိုတာ တကောင်းလူမျိုးတွေဘဲ။ အဲဒီက နေ  ဆင်းသက်လာတာ” လို့  အစချီပြောပါတယ်။ အဲဒီ တကောင်းပြည်ကို စိုးစံတဲ့ သတိုးရွှေမင်း ဆိုတာ နတ်ရွာစံရောဆိုပါတော့။ နတ်ရွာစံတယ် ဆိုတာ ဘာလဲ အမေ လို့ မေးတော့ သေတာလို့ ပြောပါတယ်။ “ရှင်ဘုရင်များကိုတော့ နတ်ရွာစံတယ်လို့ သုံးနှုံးရတာပေါ့။ ဘုရားဆိုရင် ပရိနိဗ္ဗာန်စံတယ်။ ဘုန်းကြီးရဟန်းဆိုရင် ပျံလွန်တော်မူတယ်။ လူတွေဆိုရင် သေတယ်။ ကွယ်လွန်တယ်။ ဆုံးတယ်။ အနိစ္စရောက်တယ် စသဖြင့် အမျိုးမျိုးသုံးနှုံးလို့ ရတယ်” လို့  မေမေက ပြောပါတယ်။

ဒါနဲ့ သတိုးရွှေမင်းရဲ့ သမီးတော်က ဘဒ္ဒနုဝတီ တဲ့။ သားယောင်္ကျားလေးမရှိတော့ သမီးတော်ကဘဲ ထီးနန်းအုပ်ချုပ် သိမ်းပိုက်ရတာပေါ့။ ဒါပေမဲ့ မူးကြီးမတ်ကြီးတွေက မင်းသမီးကို မင်းယောက်ျားတစ်ပါးပါးနဲ့ လက်ထပ်ပြီး တိုင်းပြည်ကို ပူးတွဲ အုပ်ချုပ်စေချင်ကြတယ်။

ဘဒ္ဒနုဝတီဟာ ချောလွန်းလှလွန်းတာကြောင့် စုံးမတယောက်က မနာလိုပြန်ဘူးတဲ့။
မင်းသမီး ဥယျာဉ်တော်ကစားနေခိုက် ဥယျာဉ်နားက ဗိမာန်တခုမှာ နေတဲ့ နတ်နဂါးတကောင်နဲ့ ချစ်ကြိုက်အောင် မျက်စိမှောက်မှားအောင်ပြုစားလိုက်ပါရောတဲ့။ ဒီတော့ ဘဒ္ဒနုဝတီဟာ နဂါးမင်းမှ နဂါးမင်းဘဲ လူမင်းတွေနဲ့ စုလျားရစ်ပတ်လက်ထပ်ခြင်းမပြုလိုဘူး တဲ့။ (နတ်နဂါးဆိုတော့ သူက လူယောင်ဖန်ဆင်းလို့ ရတယ် ဆိုဘဲ။ မြွေမင်းသားပုံပြင်ထဲကလိုပေါ့နော်) ပြုခဲ့ရင်လဲ မနက်ခင်းရောက်တော့ လူမင်းတွေဟာ လည်မှာ အစွယ်ရာ နှစ်ခုနဲ့ သေဆုံးခဲ့ကြတာချည်းဘဲတဲ့။ ဒါနဲ့ မူးတွေ မတ်တွေလဲ အကြောင်းရင်းကို မရှာနိုင်ဘဲ လက်မှိုင်ချနေကြရရောတဲ့။

ဒီအချိန်အခါမှာဘဲ ကျေးတောရွာလေးတခုက မိဘကို လုပ်ကြွေးပြုစုနေသူ့ မောင်ပေါက်ကျိုင်း ဆိုတဲ့ လူငယ်လေးတယောက်ဟာ “တရွာမပြောင်း သူကောင်းမဖြစ်” ဆိုတဲ့ ထုံးကို နှလုံးမူပြီးတော့ တနေ့ သော အခါမှာ မိဘနှစ်ပါးအနီး ရိုသေစွာ ချဉ်းကပ်လို့  “မိခင် ဘခင်တို့ သားတော့ တမြို့တရွာပြောင်းပြီး စီးပွားရှာချင်ပါတယ်။ မိဘနှစ်ပါးကိုလည်း ချမ်းသာစွာ ခံစားစံစားစေလိုတယ်။ ဒါ့ကြောင့် သားမောင်ကို ခွင့်ပြုကြပါလို့” ပန်ကြားသတဲ့။

ဘခင်ဖြစ်သူက “ငါ့သား ဆန္ဒရှိမှဖြင့် အဖေမတားမြစ်ပါဘူး ဒါပေမဲ့ သား မှတ်သားနာယူဖို့  စကားတခွန်းတော့ ပါးလိုက်ပါရစေ” သွားပါများ ခရီးရောက်။ မေးပါများစကားရ။ မအိပ်မနေ အသက်ရှည် “တဲ့။ ကိုင်းငါ့သား။ ဒီစကားမြဲမြဲ နှလုံးသွင်းပြီး လမ်းခရီးမှာ သတိဝိရိယနှင့် ဂရုတစိုက်သွားပေရော့” လို့  အကြည်အသာ ခွင့်ပေးသတဲ့။

အဲလိုနဲ့ မိဘဆိုတာ ဘုရားနှင့် တစ်ဂိုဏ်းတည်းလို့ ယုံကြည်သက်ဝင်သူ မောင်ပေါက်ကျိုင်းဟာ မိဘနှစ်ပါးကို ရိုသေမြတ်နိုးစွာ လက်အုပ်ချီမိုးရှီခိုးကန်တော့ပြီး ထန်းခေါက်ဖါကလေး ထမ်းလို့ အိမ်ကထွက်လာပါရော တဲ့။ ခုခေတ်လို ကျောပိုးအိပ်မပေါ်သေးတော့ အညာထန်းခေါက်ဖါကလေးတွေ ပေါ့ပေါ့ပါးပါး အ၀တ်အစားထည့်ယူလို့  ရတာပေါ့။
(ကျောပိုးအိတ်ဆိုလို့ ကြုံတုံး လျှာနည်းနည်းရှည်ချင်သေးတယ်။ အနောက်နိုင်ငံများမှာတော့ ကျောင်းသားတွေဟာ အခါအားလျော်စွာ ဗဟုသုတရှာမှီးကြဖို့ လေ့လာရေးခရီးတွေ ထွက်ကြရတာကြောင့် ကျောပိုးအိတ်ကို သုံးလာကြတယ်။ ဒါ မှန်ပါတယ်။ ကျောပိုးအိတ်ယဉ်ကျေးမှုက ချက်ခြင်းကူးစက်လာတော့ မြန်မာနိုင်ငံက ခလေးတွေလဲအလားတူ ကျောပိုးအိတ်တွေ သုံးလာကြတယ်။ သုံးသမှ အတန်းငယ်တဲ့ ခလေးပေါက်စတွေက အစ ပေါ့။ စဉ်းစားကြည့်ရင် ကျောင်းစာသင်ခန်းထဲက ခုံတွေမှာ ကျောပိုးအိတ်ပေါင်းများစွာ ရှုပ်ပွနေမှာမြင်ယောင်မိတယ်။ ထုတ်ရလဲ ခက်ပါတယ်။ ဟိုနား ဒီနား ခဏလေးသွားရတဲ့ ကျောင်းနှင့်အိမ် ခရီးတို ကလေးမှာ ကျောပိုးအိပ်ကြီးလွယ်ရတာ တာဝန်မပိုဘူးလားလို့ ကျွန်မသူတို့ကို ကြည့်ပြီးစိတ်မောနေမိတယ်။ ကျွန်မတို့ ငယ်ငယ်တုံးက လွယ်အိတ်ကလေးတွေ လွယ်ပြီး ကျောင်းသွားရတာ အလွန်ကျက်သရေရှိတာမို့ လွယ်အိတ်ကလေးတွေကို  လွမ်းလိုက်တာ။ )

မောင်ပေါက်ကျိုင်းလဲ သူ့ မိခင် ထုပ်ပေးလိုက်တဲ့ ထမင်းထုပ်ကလေးဖြည်စားလိုက် လမ်းမှာ တွေ့သမျှ လူတွေ သူသိလိုတာမေးလိုက်စမ်းလိုက် သူ့ ဘခင်မှာကြားလိုက်တဲ့အတိုင်း မနားမနေခရီး သွားလိုက်နှင့်  တဖြည်းဖြည်း  နန်းမြို့တ်ာကြီးဆီေ၇ာက်လာပါရောကွယ်။ မြို့တော်နား ရောက်တော့ လူတွေက မျက်နှာမသာကြဘူး။ ဟိုနားစုစု ဒီနား စုစုနဲ့ တီးတိုး တီးတိုး လုပ်နေကြတော့ သိချင်လာပြီး ၀င်မေးတော့တာပေါ့။   ဒီတော့ သတိုးရွှေမင်း နတ်ပြည်စံတဲ့အကြောင်းကစလို့  မင်းသမီးနှင့် လက်ထပ်ခဲ့တဲ့ မင်းသားများဟာ တယောက်ပြီးတယောက် လည်မှာ အပေါက် နှစ်ပေါက် နဲ့ နောက်နေ့  မနက်မှာ သေဆုံးကုန်တဲ့အကြောင်း မောင်ပေါက်ကျိုင်းသိသွားတာပေါ့။ ဒီတော့ မောင်ပေါက်ကျိုင်းလည်း စွန့်စားချင်လာတယ်။ မူးမတ်တွေကို လျှောက်ထားတယ်။ မူးမတ်တွေကလည်း ပေါက်ကျိုင်းရဲ့ နဖူးရေ ဒူးရေ ကြည့်ပြီးလက်ခံ လိုက်တယ်ဆိုပါတော့။ မင်းသမီးနှင့် စုလျားရစ်ပတ်လက်ထပ်လိုက်တယ်တဲ့။

အဲဒီည မောင်ပေါက်ကျိုင်းက သူ့ ဘခင်မှာကြားတဲ့ စကားအတိုင်း တစ်ညလုံးမအိပ်ဘဲ မင်းသမီးလဲ မသိအောင် တံခါးအကွယ်က အချေအနေချောင်းကြည့်တာကိုး။ လား လား သန်းခေါင်လဲကျော်ရော နဂါးကြီးတကောင်ပေါ်လာပြီး မင်းသမီးအနားမှာ  ခွေအိပ်သတဲ့။ မိုးလင်းကာနီးတော့မှ နဂါးကြီးလျောကနဲ ထွက်သွားဆိုဘဲ။ မောင်ပေါက်ကျိုင်းလဲ မျက်လုံးအပြူးသား ကြည့်နေပြီး နဂါးကြီးကို ဘယ်လို နှိမ်နင်းရမလဲ အကြံထုတ်သတဲ့။

မင်းသမီးလဲ စက်ရာက နိုးထလာတော့ မောင်ပေါက်ကျိုင်းကို အရှင်လပ်လပ် ကြီးတွေ့ နေရတော့  စိတ်ဆိုးသွားသတဲ့။ နောက်နေ့  ညဦးပိုင်းမှာ မင်းသမီးက ပြတင်တံခါးလေးမှီပြီး မောင်တော်နဂါးမင်းကိုသာ ချစ်မြတ်နိုးကြောင်း ဘယ်လူသားမင်းသားကိုမှ မစုံမက်နိုင်ပါကြောင်း တေးချင်းလုပ်ဆိုတော့ နဂါးကြီးက ရေကန်နားကနေ ညကသူလာပါတယ်ဘယ်လူသားကိုမှ မတွေ့ ရပါဘူး လို့  တေးချင်းပြန်ဆိုသတဲ့။ ဒါက ကျွန်မတို့ အမေက ဇာတ်ပွဲ လဲ ကြည့်တတ်သူဆိုတော့ ထိုးဇတ်တွေက ကပြတဲ့အတိုင်း ပြောပြနေတာပါ။ ဒီတော့ မင်းသမီးက သိပ်စိတ်ဆိုးသွားသတဲ့။ မောင်ပေါက်ကျိုင်းကလဲ ဒါးတစ်ချာင်းကို မြိနေအာင်သွေးပြီး တံခါးအကွယ်မှာ ဖွက်ထားသတဲ့။ သန်းခေါင်ကျော်လဲရောက်ရော အကြံသမား မောင်ပေါက်ကျိုင်းက မင်းသမီးအနားမှာအိပ်နေရာက ထပြီး သူ့နေရာမှာ လူတရပ်ရှိတဲ့ ငှက်ပျောတုံးကြီးကို ချထားပြီးစောင်ခြုံပေးထားသတဲ့။ သန်းခေါင်လဲ ကျော်ရော လား လား  နဂါးကြီးက ပေါ်လာပြီး ငှက်ပျောတုံးကို လူမှတ်လို့ တရှူးရှူး လုပ် ပေါက်တော့တာပေါ့။ ပေါက်လဲ ပေါက်ကရော အစွယ်ကြီးက ငှက်ပျောတုံးမှာ စိုက်ဝင်သွားတာပေါ့။ နှုတ်လို့ မရတော့ဘူး။ ဒီမှာတင် ပုန်းကွယ်နေတဲ့ မောင်ပေါက်ကျိုင်းဟာ တံခါးကြားကနေ ပြေးထွက်လာပြီး ငှက်ကြီးတောင် ဒါးဆွဲ ခုတ်လိုက်တာ နဂါးကြီး ခေါင်းတခြားကိုယ်တခြား ဖြစ်သွားပါရောကွယ်။

အဲဒီကျတော့မှ မူးကြီးမတ်ကြီးတွေလဲ အကြောင်းရင်းကို သိသွားကြပြီး မောင်ပေါက်ကျိုင်းကို “နဂါးနိုင်မင်း” အဖြစ် ဘွဲ့အမည်ပေး လို့ ထီနန်းကို အပ်နှင်းလိုက်ကြတာပေါ့။ ဒါပေမဲ့ မင်းသမီးက ကမ္ဘာမကြေပါဘူးတဲ့။ စကားထာဖွက်ပါတယ်။ "ထောင်ပေးလို့ ဆုတ် ရာပေးလို့ ချုပ် ချစ်တဲ့သူ အရိုး ဆံထိုးလုပ်”  တဲ့။ သုံးရက်အတွင်း ဖေါ်နိုင်ရင် ဖေါ်  အသက်ချမ်းသာရာရမယ် မဟုတ်ရင် ဒီဒါးနဲ့ ပိုင်းသတ်မယ်” လို့  နဂါးကြီးကို ပိုင်းဖြတ်ခဲ့တဲ့ ဒါးကိုကိုင်ပြီး  ကြိမ်းမောင်းပါတယ်။

ကဲ ဒါကို ခဏနားပြီး မောင်ပေါက်ကျိုင်းရဲ့  မိခင် ဘခင်တွေ ဘက် ခဏ လှည့်ကြရအောင်။

ဘခင်က ဆိုသတဲ့.
“ရှင်မရယ် ငါတို့ သားကလေး သွားတာ အတန်ကြာပြီ။ဘာသံမှ လဲ  မကြားဘူး။ ဒုက္ခများရောက်နေသလားကွယ် ငါ သတိရလိုက်တာ” တဲ့။ မိခင်က ပြန်ပြောတယ်။ “ဟုတ်ပ တော်။ ကျွန်မလဲ စိတ်တွေ လေးလိုက်တာ။ လိုက်သွားကြရအောင်လား” တဲ့။

 ဒါနဲ့ သူတို့နှစ်ယောက် အထုပ်ကလေးထမ်း လိုက်ခဲ့ကြပြန်ရော။ ခရီးတော်တော်ပေါက်မိလို့  အရိပ်ကောင်းတဲ့ ညောင်ပင်အောက်မှာ ရေချမ်းစင်ကလေးတလုံးတွေ့ရော ထမင်းထုပ်ကလေးဖြေ ထမင်းစားဖို့  ပြင်တော့တာပေါ့။   ဘခင်က သူမစားမီ အဦးဆုံး ထမင်းတလုပ်စာ စွန့် ကြဲ လိုက်သေးသတဲ့။ (ဒီနေရာမှာလဲ စပ်မိလို့  ပြောချင်ပါသေးတယ်။ ကျွန်မတို့ ဖေဖေလဲ သူထမင်းမစားခင် ထမင်းတဆုပ် အမြဲ မနက်ည စွန့်  ကြဲလေ့ရှိတယ်။ ကျီးငှက်စားစား ခွေးတွေ စားစား ပေါ့ ။ရှေးလူကြီးတွေက ဒီလိုဘဲ)

သူတို့ ထမင်းစားနေတုံး ညောင်ပင်ပေါ်က ကျီးဖို ကျီးမနှစ်ကောင် အချင်းချင်း စကားပြောသံ ကြားရသတဲ့။ ရှေးလူကြီးတွေက မာဂဓ ဘာသာကို တတ်ကျွမ်းကြထင်ပါရဲ့ ကျီးတွေ ပြောတဲ့စကားကိုအားလုံး နားလည်တာပေါ့။
ကျီးမက “ကျီးဖို ရယ် ကျွန်မတို့ဖြင့် ထမင်းလုံးတွေနဲ့ဘဲ အသက်ဆက်နေရတာ ကြာလှပေါ့ရှင် အသားငတ်လိုက်တာ”လို့  ပြောသတဲ့။
ဒီတော့ ကျီးဖို က   “ရှင်မရယ် မပူပါနှင့် ဒီကနေ့ က နောက် ၃ရက်ရောက်ရင် မင်းသမီးကလေးက မောင်ပေါက်ကျိုင်းဆိုတဲ့  တောသားလေးကို ဒါးနဲ့ ခုတ်သတ်ပြီး ကျီးစာကျွေးတော့မှာကွဲ့  အဲဒီကျမှ အ၀စားပေတော့” ပြောသတဲ့။
ကျီးမက စကားက ခပ်ရှည်ရှည်ရယ်။ “ဘာဖြစ်လို့ သတ်မှာတုံးတော့” လို့ မေးပြန်ပါတယ်။
ကျီးဖို က ဖြစ်ကြောင်းကုန်စင်ပြောပြလိုက်တာ ညောင်ပင့်အောက်က ဘခင်နဲ့ မိခင် သိသွားပါလေရော တခါထဲ ဒုံးစိုင်းပြီး မြို့ တော်ကို အပြေးသွားလို့ မောင်ပေါက်ကျိုင်းနဲ့ တွေ့ ခွင့်တောင်း စကားထာရဲ့ အဖြေကိုပါ ကျီးဖိုပြောတဲ့အတိုင်းပြောပြလိုက်တော့ မောင်ပေါက်ကျိုင်းလဲ အကြောင်းစုံသိ သွားတာပေါ့။

ဒီနေရာမှာ ကျီးဖို က နန်တော် မီးဖိုဆောင်မှာ ကျက်စားနေကျဆိုတော့ မိးဖိုဆောင်ကစားတော်ကဲတွေ ပြောစကား တဆင့်စကား  ကြားနေသိနေတာကိုး ကွဲ့။ ထောင်ပေးလို့ ဆုပ်ဆိုတာက မင်းသမီးက နဂါးကြီးအရေကို ငွေတစ်ထာင်အခပေးပြီး ဆုပ်ခိုင်းတာကိုး။ ရာပေးလို့ ချုပ်ဆိုတာက အဲဒီအရေကိုမှ တစ်ရာအခကြေးငွေပေးပြီး ခေါင်းအုံး မွေ့ရာ ချုပ်သတဲ့။ အရိုးကိုတော့ ဆံထိုးလုပ်တာကိုးကွဲ့။ ကျီးဖို က စပ်စုတတ်သူဆိုတော့ အကုန်သိတာပေါ့။ အဲဒါကြောင့်လဲ မောင်ပေါက်ကျိုင်းက ဖြေနိုင်သွားတာမို့” သွားပါများ ခရီးရောက်။ မေးပါများစကားရ။ မအိပ်မနေ အသက်ရှည်” ဆိုတာ အားလုံးမှန်သွားတာပေါ့နော်။

နောက်ဆုံး ဇာတ်ကိုသိမ်းလိုက်တော့ မင်းသမီးလဲ အသိတရားရသွားပါတယ်။ ဘုရားပရိတ်ရည်များသွန်းလောင်းပြီး အန္တရယ်က ကင်းစင်စေတယ်။ စုံးမလဲ နောက်ထပ်လို့  မနှောင့်ရှောက်ရဲ တော့ဘူး။ မောင်ပေါက်ကျိုင်းလဲ နဂါးးနိုင်မင်းဘွဲ့ နှင့် ဘဒ္ဒနုဝတီ မင်းသမီးကို ရွှေလက်ဆွဲ လို့ နန်းသိမ်းပွဲ ခံပါလေရောတဲ့ ကွယ်။ မိဘနှစ်ပါးကိုလည်း နန်ဦးမှာထားပြီး ပြုစု ၀ပ်တွားလို့ ပျော်ရွှင်ချမ်းမြေ့စွာနေပါသတဲ့ ကွယ်။ တကောင်းပြည်ကြီးလဲ သာယာဝပြော စည်ပင်ခဲ့ပါသတဲ့ ကွယ်။

Florist

0 comments:

Post a Comment