Thursday, September 6, 2012

ချီလီနိုင်ငံ ကျောင်းသားလှုပ်ရှားမှု

ကာမီလာဗော်လီဂျို(Camila Vallejo)
 အောက်သိုးသိုးမှိုနံ့ရနေသည့် ဟိုတယ်တခုတွင် ဘားကောင်တာက မှောင်မဲနေသည်။ ရွှေပြောင်းရ မလွယ်ကူသည့် ပရိဘောဂပစ္စည်းများ အကြားတွင် ရှပ်အင်္ကျီအဖြူ၊ အနက်ရောင်လည်စည်းပတ်ရစ်ထားသော အရက်ရောင်းချသူများကမူ ပျားပမ်းခတ်မျှ အလုပ်ရှုပ်နေကြသည်။ လမ်းမပေါ်က စီတန်းလှည့်လည်နေသူ ကျွန်တော့ မိတ်ဆွေကျောင်းသားများကို သူတို့ မြင်သွာသည့်အခါ ရှောက်သီး သံပုရိုသီးများကို  ပိုင်းဖြတ်ပြီး ဆားနှင့် ပလပ်စတစ်အိပ်အတွင်းထည့်ကာပေးလိုက်၏။ လူတွေက  မျက်ရည်ယို ဗုန်းများထင်မှတ်ကြမလား။

ချီလီကျောင်းသားလှုပ်ရှားမှုမှာ အားပေးထောက်ခံကြသူများက အနန္တ။

 အသက်(၂၃)နှစ်အရွယ် ရှိ ချီလီ တက္ကသိုလ်ကျောင်းသား (FECH) အဖွဲ့ခေါင်းဆောင် ကာမီလာဗော်လီဂျို(Camila Vallejo) ကမူ ပထ၀ီ ဘာသာရပ်ကို သင်ကြားရင်း နှာသီးဖျားပေါ်က ငွေရောင်ကွင်းကလေးတခါခါနှင့် ကျောင်းသားအရေးကို မဆုတ်မနစ် တက်ကြွစွာ ဦးဆောင် လှုပ်ရှားနေသည်။ ဒါသည် လက်တင်အမေရိကရှိ ချီလီနိုင်ငံ၏ ပညာရေး  စီးပွားရေး နိုင်ငံရေးစသည်အဘက်ဘက်တွင် ချိနဲ့ယိမ်းယိုင်  ကွဲကြေမှုပုံရိပ်မှ ရောင်ပြန်ဟပ်သော မြင်ကွင်းတစ်ခုပင်တည်း။

ချီလီ ကျောင်းသားများ တော်လှန်ရေး တပ်ဦးကို ခေါင်းဆောင်သူက အမျိုးသမီး။ FECH ဆိုသည်မှာ တစ်နိုင်ငံလုံးရှိ ကျောင်းသားအားလုံးစုစည်းညီညွှတ်စွာ ဖွဲ့စည်းထားသော တပ်ပေါင်းစုအသင်းကြီးကို ခေါ်သည်။ ချီလီရာဇ၀င်တွင် ထင်ရှားသော ပြရုပ်တခုဖြစ်၍ အစိုးရအဖွဲ့ အစည့်းများတွင် ချီလီတက္ကသိုလ်သည်  တရားဝင် ပါဝင်ခြင်းမရှိသော်လည်း ပညာရေး အမျိုးသားရေး  နိုင်ငံရေးရာကိစ္စရပ်များ၌ သြဇာညောင်းတတ်သည်။ ချီလီ  ကျောင်းသားအဖွဲ့ အစည်းများသည် ရှည်ကြာသောကာလကပင် မြေအောက် အဖွဲ့အစည်းများ၏ ကိုင်းဖျားကိုင်းနားများဟု အဆိုရှိပြီး “ဗေါ်လီဂျို” သည်ပင် ကွန်မြူနစ် လူငယ် အဖွဲ့ ၀င်တဦးဖြစ်သည်။အစိုးရ အဖွဲ့  မှ ညာတောင်ပန် ပါတီဝင်အချို့ လည်း မြေအောက်အဖွဲ့  အစည်းများနှင့် အဆက်အသွယ်ရှိသည်ဟု သံသယရှိထားကြောင်းကျွန်တော် ကြားသိထားရ၏။
တက္ကသိုလ်ကျောင်းသားများနှင့် ဟိုက်စကူးကျောင်းသားများသည် ကျောင်းစာသင်ခန်းများကို သပိတ်မှောက်ခါ အဆောက်အဦများကို သိမ်းပိုက်ခြင်း။ စီတန်းလှည့်လည်ခြင်းပြုကြသည်။ ကျောင်းသူကလေးများသည် ကျောင်းပရ၀ဏ်အတွင်းမြက်ခင်းပြင်များ၌ တချို့ လဲလျောင်းရင်း တချို့  အော်ဟစ် ဆူပူရင်း အချို့  ဂစ်တာများတီးခတ်ရင်း တက်ကြွစွာ ရှိနေကြသည်။
ကျောင်းသားအချို့ သည် အာဂျင်တီးနားစက်ရုံတခုကိုလည်းသိမ်းပိုက်ခါ စခန်းချခဲ့ ကြသည်။


၁၉၇၃ခုနှစ်က လက်တင်အမေရိက၏ ပထမဆုံးဒီမိုကရေစီနည်းဖြင့် ရွေးကောက်ခံထားသူ မာ့က်စ်ဝါဒီသမား “ဆယ်လ်ဗေဒို အယ်လင်ဒေး” ကို အမေရိကန် စီအိုင်အေကျောထောက်နောက်ခံ ပြုမှုဖြင့်  ဖြုတ်ချ အာဏာသိမ်းပိုက်ခဲ့သူ “အာဏာရှင် ဂျင်နရယ် အော်ဂတ်စ်တိုပီနိုချေး”၏ စစ်အုပ်ချုပ်ရေး (၁၇)နှစ်သက်တမ်းကာလအတွင်း ကျောင်းသားများက အစိုးရ၏ ဟာကွက်ကို ထောက်ပြနိုင်ခဲ့သည့် အကြီးမားဆုံးသောဆန္ဒပြမှုဖြစ်သည်။ ကျောင်းသားများ၏ နစ်နာမှု မကျေနပ်မှု တို့ မှ ထွက်ပေါ်လာသည့် ပဲ့တင်ရိုက်ခတ်သံများဖြစ်သည်ဟု ကျွန်တော်သုံးသပ်မိသည်။

ကျောင်းသားများသည် မိမိတို့၏ ကျောင်းစာသင်ခန်းများကို သပိတ်စခန်းအဖြစ် အသီးသီး ပြောင်းလဲ သိမ်းပိုက်လိုက့်ကြပြီ။ “ဆန်တီရာဂို မြို့တော်” ပြင်ပမှ ဒေသဆိုင်ရာ စာသင်ကျောင်းများမှ ကျောင်းသားများလည်း မိမိအစုနှင့် မိမိ အင်အား စုပေါင်းပါဝင်လာကြပြီဖြစ်၍ တိုက်ပွဲ သည် ကြမ်းလည်းကြမ်းမည်မှာ သေချာသလောက်ပင်။

ချီလီသည် မိုင်းလုပ်ငန်းမှ ရရှိသော အကျိုးအမြတ်ဖြင့် ချမ်းသာကြွယ်ဝသောနိုင်ငံဖြစ်လင့်ကစား. မိုင်းလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံသူ စီးပွားရေးလုပ်ငန်းရှင်များအများအပြား ပေါ်ထွန်းလာခြင်းမရှိ၍၄င်း ဘေးကျပ်နံကျပ်ဖြစ်နေသည့် သဘောရှိသည်။ ပညာရေးအသုံးစရိတ်တွင်အခြားသော ကမ္ဘာ့နိုင်ငံများနှင့် နှိုင်းယှဉ်လျှင်  အချိုးအစားမညီမျှခြင်း အားနည်းခြင်း ရှိနေသည်။ ပညာသင်စရိတ်လည်း အလွန်ကြီးမြင့်နေသည်။

Sebasfian Pinera၏ညာတောင်ပန် အစိုးရသည် ကျောင်းသားများအရေးဆိုမှုကို ဖြေရှင်းပေးရန် အကြိမ်ကြိမ် ကြိုးစားနေဆဲ။ အစိုးရ က ခရက်ဒစ်ကတ်နှင့် ဘဏ်ကတ်တို့ကို သုံးစွဲရန် အတည်ပြု ပြဋ္ဌာန်းခြင်းဖြင့် အကြပ်အတည်းကို ဖြေရှင်းစေခဲ့သည်။ သို့ရာတွင် ထိုမျှနှင့် မလုံလောက်ပေ။ ချီလီရှိ ငွေကြေးမပြည့်စုံသော ပြည်သူပိုင်ကျောင်းများတွင် အလယ်တန်းကျောင်းသား( ၄၀) ရာခိုင်နှုံးသာ ပညာသင်စရိတ်ကင်းလွတ်ခွင့် ရရှိကြပြီး ကျန် (၆၀) ရာခိုင်နှုံးမှာမူ အလွတ်ပညာသင်ကျောင်းများတွင် ထောက်ပံ့ကြေးငွေဖြင့် ကျောင်းနေခွင့် ရရှိကြသည်။ သို့ရာတွင် ၄င်းတို့အတွက် တက္ကသိုလ်ပညာရေး အသုံးစရိတ်ကို များသောအားဖြင့် ဘဏ်များမှသာ ချေးငှားရယူ၍ ယာယီသုံးစွဲ ရခြင်းဖြစ်ရာ နောင်အခါ ပေးချေရာတွင် မိသားစုမှာပို၍  ဆင်းရဲတွင်းနက်စေပြန်သည်။
ဆန္ဒပြ ခေါင်းဆောင် “ဗေါ်လီဂျို” က “ကျွန်မတို့အနှစ် ၃၀ လောက် အောက်ခြေက စလို့ လိုက်နာ ပြုပြင် ဆောင်ရွက် ရမှာတွေ အများကြီးရှိနေပါတယ်။ ချီလီ မိသားစုတွေနဲ့ အနာဂါတ်လူငယ်လေးတွေ ချမ်းသာကြွယ်ဝတဲ့ ချီလီနိုင်ငံကို မျှော်လင့် ပုံဖေါ်နိုင်ဖို့ရဲဝင့် စွန့်စားသူ စီးပွားရေး လုပ်ငန်းရှင်တွေ အများကြီးလိုပါတယ်။ အဓိကလိုအပ်ချက်က  ဓနအင်အားနဲ့ ပညာရေးပဲဆိုတာ အရှင်းကြီးပါ။  လူငယ်တွေကို အဆင်မြင့် ပညာပေးဖို့ အရမ်းလိုအပ်နေပါတယ်” လို့ထောက်ပြခဲ့သည်။  နှစ်ဦးနှစ်ဘက် ဆွေးနွေးညှိနှိုင်းပြီးစီးခဲ့သောအခါ ကျောင်းသားများ တိတိကျကျ မယ်မယ်ရရ ဘာကို ရရှိခဲ့ပါသနည်း။မိမိတို့ တောင်းဆိုချက်သည် အချည်းနှီး သဲထဲ ရေသွန် ဖြစ်ချေပြီလား။
စိုးရိမ်သောကတွေဖြင့် သူတို့  အားလုံးယခုတော့ လမ်းမကြီးတွေပေါ် ရောက်ရှိလာကြပြီ။
ဆန္ဒပြကျောင်းသားများသည် “ဆန်တီယာဂို” မြိုတော်၏လမ်းမများပေါ်တွင် ပျော်ပွဲ ရွှင်ပွဲပမာမြူးထူးခုန်ပေါက်၍ ပုံစံအမျိုးမျိုးဝတ်စားဆင်ယင်ဟစ်အော် လာကြသည်။ ရောင်စုံဒီဇိုင်းများ မွန်းမံချယ်သထားသည့် စာတမ်းများ ကို ကိုင်ဆောင်လျက် ၄င်း။ သံစုံတီးဝိုင်းများ ဂစ်တာ ဒရမ်စသည်များကို တီးခတ်၍၄င်း မိုးရေထဲတွင်ပင် သဲကြီးမဲကြီး  ထီးများဆောင်းလျက်။ ရာနှင့်ထောင်နှင့်ချီသော ကျောင်းသားများသည် မိမိကျောင်း၏ နာမည်ပါ စာတမ်းများကို မြှောက်ခါပင့်ကာ တစ်သွေးတည်း တသံတည်း ကိုင်ဆောင်ချီတက်လိုက်ပါလာကြသည်။ ဆယ်ကျော်သက် ကျောင်းသားအများအပြားလည်း ပါဝင်ကြသည်။ အချို့ က သူရဲတစ္ဆေချောက်လှန့်ဟန် ဒန်အိုးဒန်ခွက်များထုနှက်၍၄င်း အချို့က လူရိုင်းများရစ်မူးသောက်စားဟန်ကခုန်လျက်သော်၎င်း တပျော်တပါး ချီတက်လာကြသည်။

"လာမိုနီဒါ” သမတနန်းတော်ရှေ့ တွင် မိနစ် (၃၀)အကြာရပ်တန့်လျက် ပညာရေး ဘတ်ဂျက် အသုံးငွေ ဒေါ်လာ 1.8 ဘီလီယံ တိုးမြှင့် သုံးစွဲ ပေးဖို့  တောင်းဆိုကြသည်။ “ပလာဇာ အီတာလီယာ”နှင့် “ဘတ်စတာမိန်း” ပန်းခြံကို ဖြတ်ကျော်ပြီးနောက် အင်အား (၇၀၀၀) ရှိသည်ဟု အစိုးရက တရားဝင်ကြေငြာခဲ့သော်လည်းတရားမ၀င် သတင်းတွင် အင်အား(၁၅၀၀၀)ကျော်ရှိသည်ဟု ဆိုသည်။ သံလွင်ခက်စိမ်းရောင် ယူနီဖေါင်းဝတ်ရဲဘော်များသည် မြင်းများကို စီးလျက် ပလာဇာ အစွန်းတွင် မားမားရပ်နေကြသည်။အခြေအနေကို တည်ငြိမ်စွာ စောင့်ကြည့်နေသည့်သဘောပင်။
ကျောင်းသားများ၏ သံချပ်များ ကြွေးကြော်သံများကား အောက်နရက် အထက်ဘ၀ဂ် သို့ တိုင်။

ဆူပူသွေးကြွလွယ်သူများမှာ အချို့မျက်နှာတွင် ပုဝါများစည်းနှောင်လျက် လောက်လေးများကို လွှဲရမ်းပစ်ခတ်ကြသည်။ အခြေအနေက ရုတ်ရုတ်သဲသဲ ရှုပ်ရှုပ်ထွေးထွေးဖြစ်လာပြီ။ လမ်းမကြီးတစ်လျှောက် သံပုရာသီး ၊ပုလင်း ၊ကျောက်ခဲ စသည့် ရရာ ပစ်ပေါက်သူများ ဒိုင်းများ လွှားများဖြင့် ခုခံ ကာကွယ်ကြသူများ ညံဝေစီနေပေပြီ။ အဆုံးသတ်တွင် ၁၆နှစ်အရွယ် ကျောင်းသားလေးတဦး ပြစ်သတ်ခံလိုက်ရတော့သည်။ ပုလိပ်တို့က မျက်ရည်ယို ဗုန်းများ ရေပိုက်လုံးများဖြင့် ပြန်လည်ပြစ်ခတ်လူစုခွဲရာတွင် ကျွန်တော်နှင့် ကျွန်တော့်သူငယ်ချင်း “ပါတို” တို့  ၀ရုံးသုန်းကားပြေးလွှားခဲ့ ကြရာ ရွှံ့စေးထူသော မြက်ခင်းပြင်ဖြစ်၍ နှစ်ဥိးသားချော်လဲ ခဲ့ ကြ၏။ ဤသို့ မကြာခဏ ဆန္ဒပြ လှည့်လည်ခြင်းကြောင့် ဖမ်းဆီးထိမ်းသိမ်းခံရသူများ ဆေးရုံရောက်ရှိသူများလည်း မနည်းတော့ပေ။ကျွန်တော်ကိုယ်တိုင်လည်းမျက်နှာ မျက်လုံးတို့မှာ ဖူးယောင်နေပြီး ညာဘက်လက်မောင်းတွင် မီးလောင် ဒါဏ်ရာများရရှိခဲ့သည်။

 “ဗေါ်လီဂျို” ကလည်း …
“သူတို့ ကျွန်မကို ဦးတည် တိုက်ခိုက်နေတာ။ ခု ကျွန်မတကိုယ်လုံး ပူလောင်နေတယ်။ ဒါ ကျွန်မကို သဂြိုလ်လိုက်တာဘဲ”  ဟု ဒေါသတကြီး ဂါးဒီးယဲန် သတင်းထောက်ကို ပြောခဲ့သည်။
ဟုတ်တာပေါ့။ ကျွန်တော်တို့ အားလုံး ၏  ခန္ဓာကိုယ်တွေမှာ လောင်စာရည်တွေကြောင့် မီးလောင်ဒါဏ်ရာတွေကပြည့်နက်နေသည်။ ကျောင်းသားအချို့  ပြန်လည် ဆုတ်ခွာခဲ့ကြသည်။

သို့ သော် နေ့ သစ်တိုင်း၏နံက်ခင်းတိုင်း အရှေ့က နေ၀န်းထွန်းမည်မလွှဲပါ။

ကျွန်တော်တည်းခိုရာ ဟိုတယ်အပြန်
အသံကြား၍ ဖြတ်ကနဲ ကျွန်တော် လှမ်းအကြည့် ..
“ဗေါ်လီဂျို “
သူမက ကျောင်းသားငယ်ကလေးများဘက် လှည့်၍..
“ခလေးတွေ  ဖေ့စ်ဘွတ်ခ် မှာ ဆုံကြမယ်ဟေ့” ဟုတက်ကြွစွာ အော်ဟစ်ပြောဆိုလျက်။
ကျောင်းသားလှုပ်ရှားမှု ဆန္ဒပြပွဲများသည် မတ်လမှစ၍ ရေတွက်လျှင် ဒီဇင်္ဘာလထိ မပြတ်လတ်ခဲ့။ ၄၂ကြိမ် ရှိခဲ့သည်ဟု မှတ်တမ်းပြုသူတို့က ဆိုကြ၏။ ချီလီသမိုင်းတွင် အထူးပြောင်မြောက်ဂုဏ်ယူဖွယ် ကောင်းသောကျောင်းသားတော်လှန်ရေးပေတည်း။ ကမ္ဘာကျော်ခဲ့ပါသည်။

 ဒီဇင်္ဘာလတွင် အစိုးရပညာရေးဋ္ဌာနမှ တာဝန်ရှိသူ ၀န်ကြီးနှစ်ဦးနှုတ်ထွက်သွားကြသည်။ ပညာရေး စံနစ် ပြုပြင်ပြောင်းလဲရေးကိုပါလီမန် တွင် တင်ပြဆွေးနွေးကြတော့မည်မှာ သေချာသလောက်ပင်။ အထိုက်အလျှောက် ထိရောက်မှု ရှိခဲ့သည်မှာ မလွဲပါ။ “ဗေါ်လီဂျို “မှာကား ၂၀၀၁၁ခုနှစ်၏ “Person of Year” အဖြစ် German weekly Die Zeit မှ မျက်နှစ်ဖုံးတင်  ဖေါ်ပြခြင်းခံခဲ့ရတော့သည်။ နိုဝင်ဘာလ နောက်ဆုံးအကြိမ် ဆန္ဒပြရာတွင် နိုင်ငံတော်ပိုင် Casa Central ကို ကျောင်းသားများက သိမ်းပိုက်လိုက်ကြပြီး အဆောက်အဦမျက်နှာစာအပြင်ပန်း နှင့် နံရံများပေါ်တွင် ပန်းကုံးပန်းဆိုင်းများ ပိုစတာများ ဂရပ်ဇစ် လက်ရာ များ ကာတွန်းများ ရေးဆွဲ ၍ အစိုးရကို အကြီးအကျယ် ပြောင်လှောင်သရော်ခဲ့ ကြသည်။ "Free Education for all” စာလုံးကြီးရိုက်နှိပ်ထားသည့် စာတမ်းပါ အလံကို အဆောက်အဦးထိပ်တွင် ကျောင်းသားများက သိသာထင်ရှားစွာ တက်ရောက် ချိတ်ဆွဲ လိုက်သည်ကို ကျွန်တော်မြင်တွေ့ ခဲ့ရ၏။ ချီလီတက္ကသိုလ်မှ အင်ဂျင်နီယာ တန်းပြ ပရော်ဖက်ဆာ "အယ်လ် မာကူ ရီယို" ကမူ ကျောင်းသားလှုပ်ရှားမှုကို “ရုပ်ရှင် ကားကောင်းတစ်ခု ကြည့်နေရသလိုဘဲဗျာ  ဒီရုပ်ရှင် ဘယ်လို အဆုံးသတ်မလဲ ကျွန်တော်သိတာပေါ့" ဟု ဆိုသည်။
ခရစ်စမတ်မတိုင်မီ ရက်အနည်းငယ်ခန့်တွင် Casa Central ကို သိမ်းပိုက်ထားခြင်းမှ အလယ်တန်းကျောင်းသားများ တပ်ခေါက် ရုပ်သိမ်းဆုတ်ခွာခဲ့ကြသည်။ အထက်တန်းကျောင်း(၇၀ )မှ ကျောင်းသားများသာ ချန်နေရစ်ခဲ့သည်။  ထို့နောက်တွင်ကား ကျောင်းသားလှုပ်ရှားမှုများေ၀၀ါးနေခဲ့သည်ဟု ဆိုရမည်ဖြစ်သော်လည်း နောက်တကြိမ်လှုပ်ရှားမှု အတွက် အရှိန်ယူနေခြင်းလည်းဖြစ်နိုင်ပါသည်။

သို့ ရာတွင်
 “ဗေါ်လီဂျို” ၏ FECH ဥက္ကဋ္ဌ ရာထူးကား သက်တမ်းကုန်နေပေပြီ။ ရွေးကောက်ပွဲ ပြုလုပ်ကြရတော့မည်ဖြစ်သည်။ကျောင်းသားလှုပ်ရှားမှုတွင် ထင်ရှားသော လုပ်ဖေါ်ကိုင်ဘက် အခြားတယောက်မှာ’ဂျီအော်ဂျီယို ဂျက်ဆင်’ ဖြစ်သည်။သူလည်း သက်တမ်းကုန်ဆုံးခဲ့ပြီ။ သူသည် ချီလီ၏ ကက်သလစ်ယူနီဘာစီတီ တွင် ထင်ရှားကျော်ကြားသူလက်ဝဲသမားတဦး လည်းဖြစ်သည်။ သူ၏ အနာဂတ်မျှော်မှန်းချက်မှာ လွှတ်တော်တွင် ပါဝင်လာဖို့  ဖြစ်သည်။

ရွေးကောက်ပွဲ ရလဒ်ထွက်ပေါ်လာသောအခါ သူမသည် အဓိကပြိုင်ဘက် “ဂါဘရီရယ်လ် ဘောရစ်”ကို ရှုံးနိမ့်ခဲ့ကြောင်းဝန်ခံ ပြောဆိုခဲ့ပြီးနောက်  “ဒုဥက္ကဋ္ဌ” အဖြစ် ကျောင်းသားရေးရာကိစ္စရပ်အထွေထွေကို စိတ်ဓါတ်ကြံ့ခိုင်စွာ မဆုတ်မနစ် ဆက်လက် တာဝန်ယူ ထမ်းဆောင်နေဆဲ ဖြစ်သည်။      ။

{စစ်အာဏာရှင် “ ပီနိုချေး”မှာ နိုင်ငံတော်ကို အာဏာ ပြန်လည်အပ်နှင်း၍ “ပက်ထရစ်စီယို အော်ဝင်း” ကို လွဲအပ်ခါ ရာထူးမှ ဆင်းပေးခဲ့သော်လည်းနောက်ပိုင်းတွင် ….
(၁) လူ့ အခွင့်အရေး ချိုးဖေါက်မှု
(၂) အခွန်ရှောင်တိမ်းမှု
(၃) ငွေကြေးအလွှဲသုံးစားပြု မှု ခ၀ါချမှု  ဘီလီယံနှင့်ချီ၍ သိုလှောင် စုဆောင်းမှု
လူ (၁၀၀၀)ပျောက်ဆုံးမှု ..
စသည်တို့တွင် တာဝန်ရှိမှု တို့ကြောင့် ဗြိတိန်နိုင်ငံတွင် တိမ်းရှောင်နေစဉ် ဖမ်းဆီးထိန်းသိမ်းခဲ့ ပြီး  နေအိမ်အကျယ်ချုပ်ချခဲ့သည်။ စုံစမ်းရေးကော်မရှင်က ၄င်း အုပ်ချုပ်သည့် သက်တမ်းကာလအတွင်း လူပေါင်း (၃၀၀၀၀) ကျော် အတိဒုက္ခရောက်မှု (၃၁၉၇)ယောက် သေဆုံးခဲ့ရမှု (၂၉၀၀၀) ညှင်းပန်းနှိပ်စက်ခံရမှု တို့ တွင် တာဝန်ရှိခဲ့သည်ဟု ရုံးတော်တွင် တရားစွဲဆိုခဲ့သည်။ သို့ ရာတွင် ၄င်းက အားလုံးကို ငြင်းဆိုခဲ့ သည်။

၎င်းနောက် ချီလီသို့ ပြန်လာရာတွင် လေယာဉ်ပေါ်မှ ဘီးတပ်ခုံဖြင့် ဆင်းလာစဉ် သူ့ကို ထောက်ခံ သူများကမူ  သောင်းသောင်းဖျဖျကြိုဆိုခဲ့ ကြသည်။ အဆင့်မြင့် တရားရုံးက သူ့အား အဆုံးစွန်သော အသည်းရောဂါကြောင့် အမှုကို ပလပ်ခဲ့သည်။ သူသည် ၂၀၀၆ခုနှစ် ဒီဇင်္ဘာလ ၁၁ ရက်နေ့တွင် အသည်းရောဂါဖြင့်ပင်  ကွယ်လွန်ခဲ့ပြီဖြစ်သော်လည်း  အမှုမှာ ပြီးပြတ်ခြင်းမရှိပေ။ သို့ရာတွင်  ရာဇ၀တ်ဘေးသည် သံသရာ မဆုံးသေးသရွေ့ ပြေးမလွှတ်နိုင်ချေ။

Florist (မြန်မာမှုပြုသည်)
Ccmila Vallejo,theWorld’s Most Glamorous
By: Francisco Goldman

နွယ်နီမဂ္ဂဇင်း၊ စက်တင်ဘာလ၊ ၂၀၁၂

2 comments:

  1. မဖြိုးရေ-မဖြိုးဘာသာပြန်တာလားဗျ။ ကျွန်တော်ကြည့်တော့အင်္ဂလိပ်နာမည်ကြီးနဲ့ဆိုတော့ဘယ်သူလဲလို့သိချင်သား။နွယ်နီမှာပါလာတာကိုး။ ကောင်းတယ်ဗျ။ အဆုံးသတ်ကျရင်သူတို့အောင်နိုင်ပါစေလို့ဆုတောင်းနေမိပါတယ်။ ပြောသာပြောတာခေါင်းဆောင်ကလည်းမင်းသမီးကျနေတာပဲနော်။ လှသလောက်သတ္တိကကောင်းချက်။ ကလေးတွေတောင်ပါတယ်ဆိုတော့တော်တော်ကိုကြည့်ကောင်းမယ့်ပွဲဗျ။ စိတ်ဝင်စားစွာနဲ့ခပ်ရှည်ရှည်ကိုသေသေချာချာဖတ်သွားပါတယ်။

    ReplyDelete
  2. ဆူးသစ်ရေ ချီလီကျောင်းသားလှုပ်ရှားမှုက အမ အမေရေးတာပါ။ အမေက ခင်မေသစ် နဲ့လည်း ရေးတယ်။
    labelမှာမေမေ့ရဲ့စာ လို့တပ်ထားတော့သိကြမယ်ထင်လို့။
    အမေ့စာရယ်၊ အစ်မစာရယ်၊ တခါတလေအစ်မရဲ့အစ်မ မစု စာပဲ တင်တာပါ။

    Bless u
    thanks

    ReplyDelete