Tuesday, September 25, 2012

ညွှန်းတဲ့ ရုပ်ရှင်

Hotel Transylvania 3D
Animation / Comedy / Family
ပြသချိန်- ၉၁မိနစ်
Columbia Pictures
ဒါရိုက်တာ - Genndy Tartakovsky
ထုတ်လုပ်သူ - Michelle Murdocca
ဇာတ်ညွှန်း - Peter Baynham, Robert Smigel
သရုပ်ဆောင်များ - Adam Sandler, Selena Gomez, Andy Samberg, Kevin James, Fran Drescher, Jon Lovitz, Cee Lo Green, Steve Buscemi, Molly Shannon, David Spade

အမေရိကန်TV Show “Saturday Night Live” သရုပ်ဆောင် အာဒမ်ဆန်ဒလားဟာ ဒရက်ကူလာဇာတ်ကောင်နေရာမှာ အသံသရုပ်ဆောင်ထားပါတယ်။ ဒရက်ကူလာက ကမ္ဘာ့သရဲတစ္စေ၊ ဘီလူးမိစ္ဆာတွေအတွက် အထူးဖွင့်လှစ်ထားတဲ့  ကြယ်ငါးပွင့်ဟိုတယ် “ဟိုတယ်ထရန်ဆေးလ်ဗေးနီးယား” ရဲ့ ပိုင်ရှင်ကြီးပါ။ သမီး မာဗစ်(ဆယ်လီနာဂိုးမက်ဇ်)ရဲ့ အသက် ၁၁၈နှစ်မြောက်မွေးနေ့ပွဲကို တက်ရောက်ဖို့ အကျော်ကြားဆုံး သရဲတစ္စေတွေကို ဒရက်ကူလာက ဖိတ်ထားတယ်။ မွေးနေ့ပွဲမှာ မမျှော်လင့်တဲ့လူသားဧည့်သည်လေး မျက်စိလည်လမ်းမှားလို့ ရောက်လာတယ်။ “ဒီနေရာကို ဘယ်လိုရှာတွေ့တာလဲ” ဒရက်ကူလာက လူသားတစ်ဦးကိုတွေ့တော့ ဒေါသထွက်စွာမေးပါတယ်။ မကြောက်မလန့်တတ်တဲ့လူငယ်လေးက ဒရက်ကူလာရဲ့ထူးခြားတဲ့ အသုံးအဆောင်တွေနဲ့ အ၀တ်အစားတွေကို သဘောအကျကြီးကျနေတော့တယ်။ သမီးငယ် မာဗစ် နဲ့ပါ မျက်လုံးချင်းဆုံသွားခဲ့ပြီ။ ဒရက်ကူလာအခက်တွေ့ရပြီ။ လူငယ်လေးကို ပြောတယ်။ “လာရာလမ်းကိုပြန်လှည့်၊ ပစ္စည်းတွေသိမ်း၊ အမြန်ဆုံးထွက်သွားတော့၊ ငါ့သမီးနဲ့ ခပ်ဝေးဝေးနေစမ်းဟေ့၊ နောက်ထပ်တစ်ခါ ဘယ်တော့မှပြန်လာစရာမလိုဘူး” မျက်လုံးချင်းစိုက်ကြည့် ညှို့ငင်ပြီး အမိန့်ပေးပါတယ်။ လူငယ်လေးက မျက်ကပ်မှန်တပ်သူလေးပါ။ ဒရက်ကူလာရဲ့ အစွမ်းတွေက ဘယ်လိုမှ မထိရောက်နိုင်တော့ဘူး။ သမီးငယ် မာဗစ် ကလည်း သရဲတစ္စေကမ္ဘာထဲကနေ အပြင်လောကကြီးထဲ လျှောက်ကြည့်ချင်နေတယ်။ “ကျွန်မ အပြင်ကို သွားချင်တယ်။ ကမ္ဘာကြီးကို ကြည့်ချင်တယ်”  လို့ ပူဆာနေပါပြီ။
 
(Hotel Transylvania 3D တော့ကြည့်ဖြစ်ပါတယ်။ တော်တော်ကြီးကြိုက်တယ်။ သီချင်းဆိုတဲ့အခန်းတွေ သီချင်းလုဆိုကြတာ ပျော်စရာကြီး)

Looper
Action / Sci-Fi
ပြသချိန်- ၁၁၈ မိနစ်
TriStar Pictures
ဒါရိုက်တာ - Rian Johnson
ထုတ်လုပ်သူ - Ram Bergman, James D. Stern
ဇာတ်ညွှန်း - Rian Johnson
သရုပ်ဆောင်များ - Bruce Willis (Joe), Joseph Gordon-Levitt (Older Joe), Emily Blunt(Sara)

၂၀၇၇ ခုနှစ် အနာဂတ်ကမ္ဘာကြီးထဲက ရာဇ၀တ်ပြစ်မှုတွေရှုပ်ထွေးပွေလီနေတဲ့နေရာမှာပေါ့။ ဂျိုး - ဂျိုးဆက်ဆိုင်မွန်စ် (Joseph Gordon-Levitt) အသက် ၂၅နှစ်အရွယ် လူငယ်လေးဟာLoopers ဆိုတဲ့ လူသတ်သမားတွေစုစည်းထားတဲ့ အဖွဲ့မှာ အလုပ်လုပ်တယ်။ ရှန်ဟိုင်းမှာရှိတဲ့ ရုံးချုပ်က အေးဂျင့်တွေဟာ ဂျိုးကို ၂၀၄၂ခုနှစ်ဆီပို့ထားပြီး သတ်ဖြတ်မှုတွေလုပ်ခိုင်းထားတယ်။ ဂျိုးတာဝန်ယူရှင်းလင်းပေးနေရတာက ကန်ဆက်မြို့တော်က မာဖီးယားကုမ္ပဏီတစ်ခုအတွက်ပါ။ အလုပ်ရှင်တွေက ဂျိုးကို တစ်ဦးပြီးတစ်ဦး သတ်ဖြတ်ဖို့ စီစဉ်ခိုင်းစေကြတယ်။ Looper တွေ အားလုံးက ပြင်းပြင်းထန်ထန်လေ့ကျင့်ထားတဲ့ ခြေလျင်တပ်သားတွေလေ၊ သူတို့ရဲ့ ပစ်မှတ်ဟာ ဘယ်တော့မှ လွတ်မြောက်တယ်ဆိုတာမရှိခဲ့ဘူး။ သေမင်းဆီအရောက် ပို့ပစ်နိုင်ခဲ့ကြတာချည်းပဲ။ တစ်နေ့ ဂျိုးရဲ့ နောက်ထပ်ပစ်မှတ်တစ်ခုကို အလုပ်ရှင်တွေက ထပ်ပြီးညွှန်ကြားလာတယ်။ ဂျိုးရဲ့ ပစ်မှတ်က ဘယ်သူလဲ။ ပစ်မှတ်ရှေ့တည့်တည့်ကို ဂျိုးရောက်ပြီ။ ဂျိုး ပစ်ရမယ်တဲ့။ ဒါပေမဲ့ ဂျိုးသိလိုက်ရတာက “ကြောက်စရာအကောင်းဆုံးအရာက သင် ကိုယ်တိုင်ပဲ”  ဆိုတဲ့စကားပေါ့။ ပစ်မှတ်က ဂျိုးကိုယ်တိုင်ဖြစ်နေခဲ့ပြီ။ ဂျိုးရဲ့ မိန်းကလေး ဆာရာ(Emily Blunt) ကြောက်လန့်တကြားအော်ဟစ်လိုက်တယ်။ “အိုး ဘုရားသခင်၊ ဂျိုး သတိထား” တဲ့။ အသက် ၅၅ နှစ်အရွယ် ဂျိုး(Bruce Willis) က အိတ်ဆောင်နာရီကိုထုတ်ကြည့်တယ်။ ၁၁ နာရီ ခွဲသွားခဲ့ပြီ။ “ငါ စိတ်မကောင်းပါဘူးကွယ်”လို့ပဲ သူ ပြောတယ်။ ပြီးတော့ မီးကုန်ယမ်းကုန် စတင်ပစ်ခတ်တော့တယ်။

Arbitrage
Drama / Thriller
Lions Gate Entertainment
ဒါရိုက်တာ - Nicholas Jarecki
ထုတ်လုပ်သူ - Laura Bickford, Kevin Turen, Justin Nappi, Robert Salerno, Mohammed Alturki
ဇာတ်ညွှန်း - Nicholas Jarecki (screenplay)
သရုပ်ဆောင်များ - Richard Gere, Susan Sarandon and Brit Marling

စီးပွားရေးလောကမှာ သြဇာညောင်းလှတဲ့ လုပ်ငန်းရှင် ရောဘတ်မေးလ်လာ(ရစ်ချတ်ဂီယာ)ဟာ ဒေါ်လာသန်း၄၀၀တန်လှို့ဝှက်ချက်ပါရှိတဲ့ မက်ဟန်တန်ရင်းနှီးမြှုပ်နှံမှုမှုာ ကြိုးကိုင်ကစားနေခဲ့ပါတယ်။ သူ့ရဲ့ သီးသန့်ငွေကြေးတွေ တစ်ဝက်လောက်ဆုံးရှုံးတဲ့ကိစ္စလည်းပေါ်လာတော့ စာရင်းတွေကိုရှုပ်ထွေးအောင်လုပ်တော့တယ်။ သူ့ရဲ့ စီးပွားရေးလုပ်ငန်းတွေကို ပင်မစီးပွားရေးအဖွဲ့အစည်းကို ရောင်းချနိုင်လိုက်တယ်။ အဲဒီအရှုပ်အထွေးကြီးက မေးလ်လားရဲ့ မိသားစုကို အပြင်းထန်ဆုံးရိုက်ခတ်ခဲ့ပြီ။ မေးလ်လားရဲ့ သမီး ဘရွတ်ဟာ ဖခင်ရဲ့စီးပွားရေးလုပ်ငန်းကြီးမှာ အကြီးအကဲအရာရှိပါ။ ဒါပေမဲ့ ဖခင်ရဲ့ ဗရုတ်ကျမှုတွေ ဘာကိုမှ မသိခဲ့ရှာဘူး။ ဖခင်ဘက်ကပဲ အမြဲရပ်တည်ခဲ့တယ်။ ဘရွတ်ရဲ့ ခိုင်မာတဲ့ရပ်တည်မှုကြောင့်  သူမအလုပ်ကိုရော၊ သူမ ဖခင်အပေါ်ထားတဲ့မျှော်လင့်ချက်တွေကို အားလုံးဆုံးရှုံးရတော့မှာ။ မေးလ်လာက စကားလုံးငါးလုံးကို အမြဲပြောတယ်။ “M-O-N-E-Y” တဲ့ ။ အချစ်ရေး၊ မိသားစုဘ၀အရေးမှာလည်း အတူတူပဲ ကစားတာပဲ။ မေးလ်လားရဲ့ကစားကွက်တွေသိရှိသွားခဲ့တဲ့ မိန်းကလေးတစ်ဦးကိုလည်း သတ်ပစ်လိုက်တယ်။ အစီအစဉ်မရှိပဲ ခရီးတစ်ခုသွားကြစို့လို့ မေးလ်လားကခေါ်တယ်။ လမ်းမှာတော့ စီးလာတဲ့ကားက နှစ်ပတ်သုံးပတ်လိမ့်လို့ ၀ုန်းဒိုင်းကြဲသွားခဲ့ပြီ။ မေးလ်လာက လွတ်မြောက်အောင်ရှောင်တိမ်းခဲ့တယ်။ ဘရွတ်ရဲ့ မိခင်က ဘရွတ်ကို သတိပေးနေပါတယ်။ “သူက ကျွန်မရဲ့ အဖေလေ၊ ကျွန်မယုံကြည်ရမယ်” တဲ့။ စုံထောက်တွေက ဖုန်းတွေဆက်လာပြီ။ မေးလ်လားနဲ့ လာတွေ့နေကြပြီ။ မေးလ်လားက ဘရွတ်ကိုပြောတယ်။ “မင်းဟာ ငါ့ရဲ့ လုပ်ဖော်ကိုင်ဖက်မဟုတ်ဘူး၊ ငါ့အတွက်အလုပ်လုပ်ပေးတဲ့သူပဲ” တဲ့။ မိသားစုဝင်တွေကပြောတဲ့ စကားလုံးတွေက မေးလ်လား အမြဲပြောခဲ့တဲ့ စကားလုံးငါးလုံးကို မယှဉ်နိုင်ပါဘူး။

Resident Evil: Retribution 3D
Action / Horror / Sci-Fi
ပြသချိန်- ၉၅ မိနစ်
Screen Gems
ဒါရိုက်တာ - Paul W.S. Anderson
ထုတ်လုပ်သူ - Paul W. S. Anderson, Jeremy Bolt, Don Carmody, Samuel Hadida, Robert Kulzer
ဇာတ်ညွှန်း - Paul W.S. Anderson
သရုပ်ဆောင်များ - Milla Jovovich, Sienna Guillory, Johann Urb, Li Bingbing, Shawn Roberts, Kevin Durand, Oded Fehr, Boris Kodjoe, Michelle Rodriguez, Colin Salmon

ဂျပန်ဗီဒီယိုဂိမ်းကုမ္ပဏီ Capcom ရဲ့Resident Evil ဗီဒီယိုဂိမ်းတွေကို အခြေခံပြီး ရိုက်ကူးခဲ့တဲ့ Paul W. S. Anderson ရဲ့ ငါးပိုင်းမြောက် Resident Evil ဇာတ်လမ်းတွဲပါ။ ဆေးကုမ္ပဏီ Umbrella Corporation ကထုတ်လုပ်ခဲ့တဲ့ သေစေနိုင်တဲ့ T-virus ဟာ ကမ္ဘာကြီးကို ဆက်ပြီးဖျက်ဆီးကြတယ်။ ဘယ်တော့မှမသေဆုံးနိုင်တဲ့ အသားစားကျူးသူတွေအဖြစ် လူတွေ အသွင်ပြောင်းကုန်ကြတယ်။ အဲလစ်(Milla Jovovich) Umbrella ကုမ္ပဏီရဲ့ လှို့ဝှက်ခွဲစိတ်ဆောင်ထဲမှာ နိုးထလာခဲ့ပါပြီ။ “ဒီမှာ ဘာတွေဖြစ်နေကြပြီလဲ” အဲလစ်ကမေးတယ်။ ဖန်သားပြင်ထဲကလူက “ငါတို့ အားလုံးထိန်းချုပ်ထားနိုင်ပြီ”လို့ ပြောတယ်။ ဘယ်သူ့ကို ယုံကြည်နိုင်မလဲ။ သားစားကျူးမိစ္ဆာတွေက တစ်ကမ္ဘာလုံးကို ပျံ့နှံ့နေပြီတဲ့။ “နယူးယောက်ကို ထိန်းထားပြီ၊ မော်စကို၊ ပြီးတော့ တိုကျို၊ အဲဒါတွေက အဆုံးသတ်ဖို့ အစပဲ” လို့ သူက ပြောတယ်။ အဲလစ်ကျိန်ဆဲလိုက်တယ် “ကျွန်မ ရှင့်ကို သတ်မယ်”။ ဖန်သားပြင်ကလူက “ကဲ ကံကောင်းပါစေ၊ မင်း အဲဒါလိုအပ်တယ်” လို့ ပြောပြီး ပျောက်ကွယ်သွားတော့တယ်။ နောက်ဆုံးတိုက်ပွဲ စရပြီ။ အဲလစ် ဘယ်သူတွေနဲ့ ယုံယုံကြည်ကြည်လက်တွဲနိုင်မလဲ။ အဲလစ်တစ်ယောက်တည်းနဲ့ မိစ္ဆာတွေကိုရှင်းပစ်ဖို့ဆိုတာက သိပ်ကိုခက်ခဲလွန်းတဲ့ကိစ္စမဟုတ်လား။         ။

Living Fashion, October, 2012

0 comments:

Post a Comment