Monday, September 10, 2012

ဟိုသတင်း ဒီသတင်း

၁. ယူအက်စ်မှာကစားနေပေမယ့် ဒေးဗစ်ရဲ့ စိတ်ကတော့ယူကေမှာ
လန်ဒန်အိုလံပစ်ဖွင့်ပွဲအခမ်းအနားမှာ သိမ်းမြစ်ထဲကနေ စပိဘုတ်မောင်းနှင်ပြီး အိုလံပစ်မီးရှုးတိုင်သယ်ဆောင်ခဲ့တဲ့နေရာကနေ ပါဝင်အားဖြည့်ခဲ့ရတာ ဒေးဗစ်ဘက်ခမ်းက စိတ်လှုပ်ရှားခဲ့ရတယ်လို့ ဆိုပါတယ်။ ကျစ်ကျစ်လစ်လစ်ရှိနေဆဲ ဒေးဗစ်ဟာ Max Power ဆိုတဲ့ စပိဘုတ်ကို မျှော်စင်တံတားအောက်ကနေဖြတ်သန်းပြီးမောင်းနှင်ခဲ့ပါတယ်။ အဲဒါဟာ သူ့အတွက်တကယ့်ကို ကြီးကျယ်တဲ့ကိစ္စတစ်ခုပါပဲတဲ့။ လန်ဒန်မှာရှိနေတဲ့အချိန်တွေမှာ မင်းသားဝီလျံနဲ့ တွေ့ဆုံပြီး သားကြီး ဘရွတ်ကလင်းတို့အတူ ၀င်ဘလေကွင်းမှာ ဘောလုံးပွဲတစ်ပွဲကြည့်ခဲ့ကြတယ်။ လန်ဒန်အိုလံပစ်ဖွင့်ပွဲပြီးတော့ West Coast ကိုပြန်ခဲ့ရပါပြီ။ ယူအက်စ်က LA Galaxy ကစားကွင်းထဲမှာ လေ့ကျင့်ခန်းပုံမှန်ပြန်ဆင်းခဲ့ရပါပြီ။ ယူအက်စ် အမျိုးသားမဂ္ဂဇင်း Esquire ရဲ့ ယူကေ edition စက်တင်ဘာလမျက်နှာဖုံးမှာ ဒေးဗစ်ရဲ့အင်္ဂလိပ်အမျိုးသားစစ်စစ်ရုပ်ရည် နဲ့ သူ့ရဲ့ အသွင်အပြင်၊ အ၀တ်အစား စတိုင်လ်ကိုလည်း တွေ့မြင်ရဦးမှာပါ။ သြဂုတ်လ ၁၂ ရက်နေ့အတွက် အိုလံပစ်ပိတ်ပွဲအခမ်းအနားအတွက်လည်း LA Galaxy က လေ့ကျင့်ခန်းတွေခဏရပ်ထားပြီး အင်္ဂလန်မြေကို ပြန်လာဦးမယ်လို့ ဒေးဗစ်က ပြောပါတယ်။

၂. လွတ်လွတ်လပ်လပ်ရှင်သန်ချင်တဲ့ ပေါပ့်ဘုရင်မ
သြဂုတ်လ ၈ ရက်နေ့က ရုရှားနိုင်ငံ မော်စကိုမြို့ အိုလံပစ်အားကစားကွင်းမှာ ပြုလုပ်ခဲ့တဲ့ဖျော်ဖြေပွဲအတွင်း မက်ဒေါနားဟာ သူမရဲ့သီချင်းတစ်ပုဒ် ခေါင်းစဉ်စာသား Express Yourself လို့ ထပ်ကာ ထပ်ကာ ရွတ်ဆိုနေခဲ့ပါတယ်။ သူမရဲ့ အပေါ်ဝတ်အဖြူရောင်အကျီကို ဖြည်းဖြည်းချင်းချွတ်လိုက်တယ်။ ပြီးတော့ ပရိတ်သတ်ဘက်ကို ကျောပေးရပ်လိုက်ပါတယ်။ သူမ ကျောဘက်မှာ Pussy Riot ဆိုတဲ့စာသားတွေရေးထားတယ်။ ပြီးတော့ ပြောပါတယ်။ “ဒီည နဲ့ ညတိုင်းမှာ ကျွန်မ ရှင်သန်ချင်ပါတယ်” တဲ့။ သမ္မတ ဗလာဒီမာပူတင်ရဲ့ သုံးကြိမ်မြောက်သမ္မတသက်တမ်းတာဝန်မယူခင် ရက်သတ္တနှစ်ပတ်ခန့်အကြာ မှာ ရုရှား အမျိုးသမီးပန်ခ့်အဖွဲ့ Pussy Riot ဟာ Patriarch Kirill အော်သိုဒေါစ့်ဘုရားကျောင်းထဲမှာ ဆန့်ကျင့်ဆန္ဒပြတဲ့သီချင်းကို သီဆိုခဲ့ပါတယ်။ တီးခတ်သူတွေရောအဖွဲ့သားအားလုံးမျက်နှာဖုံးတွေစွပ်ထားပြီး သီဆိုခဲ့ကြတာပါ။ အဲဒီအတွက် အာဏာပိုင်တွေက Pussy Riot မိန်းကလေးသုံးဦးကို ထောင် ၃နှစ်အပြစ်ပေးလိုက်ပါတယ်။ အခုဆို ၅ လကြာခဲ့ပါပြီ။ “အဲဒီ မိန်းကလေးသုံးဦး မာရှာ၊ ကက်ထ်ရာ၊ နာဒ့်ရာ တို့ဟာ ကျွန်မထင်ပါတယ်။ သူတို့ ရဲ့ လွတ်လပ်ခွင့်အတွက် ဒီလိုသီဆိုတာပါ။ လွတ်လပ်ခွင့်အတွက် ဒီလို လုပ်တာထိုက်တန်ပါတယ်။ ပြစ်ဒဏ်တွေဖယ်ရှားပေးသင့်ပါတယ်” လို့ မက်ဒေါနားက ပြောပါတယ်။ မိန်းကလေးတွေကို ပေးတဲ့အပြစ်ဒဏ်ဟာ အင်မတန်များလွန်းပါတယ်။ အဲဒီလိုထောင်ဒဏ်အစား ဘုရားကျောင်းမှာ ရက်တိုတာဝန်တစ်ခုခုယူစေတာကမှ သက်ညှာရာရောက်ပါတယ် လို့ တချို့ကပြောကြတယ်။ အော်သိုဒေါစ့်ခရစ်ယာန်ဘာသာဝင်အချို့ဟာ မက်ဒေါနားရဲ့ဖျော်ဖြေပွဲကို ပိတ်ပင်ပေးဖို့ အာဏာပိုင်တွေကိုတောင်းဆိုခဲ့ကြပါသေးတယ်။ မက်ဒေါနားသီဆိုဖျော်ဖြေရာအားကစားကွင်းအရှေ့မှာ ဆန့်ကျင်လိုသူ အနည်းငယ်စုရုံးခဲ့ကြပါတယ်။

၃. ချာလီနတ်မိလေးထုတ်ဝေမယ့် ကျန်းမာရေးအထောက်အကူပြုစာအုပ်
ကင်မရွန်းဒိုင်ယက်ဇ်ရဲ့ လက်တလောအစီအစဉ်က အလှအပနဲ့ ကျန်းမာရေး အထောက်အကူပြု စာအုပ်ထုတ်ဝေမှာဖြစ်ပါတယ်။ အမေရိကန်နာမည်ကြီး စာအုပ်ထုတ်ဝေရေးကုမ္ပဏီ ဟာပါကောလင်းစ်ကနေ ထုတ်ဝေမှာပါ။ ဒိုင်ယက်ဇ် ရဲ့ စာအုပ်ကို နာမည်တော့မပေးရသေးပါဘူး။ "Charlie's Angels," ''There's Something About Mary" ရုပ်ရှင်ကားတွေရဲ့ စတား ဒိုင်ယက်ဇ်ရဲ့ စာအုပ်ကို လာမယ့် ၂၀၁၃ ဆောင်းဦးပေါက်မှာ ဖြန့်ချီဖို့ စီစဉ်ထားတယ်လို့ ဟာပါကောလင်းစ် က ကြေညာခဲ့ပါတယ်။ စာအုပ်ပါအကြောင်းအရာတွေကတော့ ငယ်ရွယ်တဲ့အမျိုးသမီးတွေကို ကျန်းမာရေး၊ ကြံ့ခိုင်ရေး၊ အဟာရဓါတ်ပြည့်ဝရေး ပြီးတော့ အထွေထွေကျန်းမာရေးအကြံပြုထားတဲ့အချက်အလက်တွေ ပါမယ်လို့ ဆိုတယ်။ ထုတ်ဝေသူကပြောပါတယ်။ ဒိုင်ယက်ဇ် မျှော်လင့်တာက စေ့စပ်ကြောင်းလမ်းခံအမျိုးသမီးလေးတွေနဲ့ အာဏာစွမ်းအားရှိမိန်းကလေး  အာလုံးအတွက် မျှဝေနိုင်ဖို့ပါတဲ့။  အသက် ၄၀ ရှိပြီဖြစ်တဲ့ ဒိုင်ယက်ဇ်ဟာ ကျန်းမာရေး၊ ကြံ့ခိုင်ရေးဟာ အရေးကြီးလှတာကို မကြာခဏ ထုတ်ဖော်ပြောဆိုတတ်ပါတယ်။ အလှအပနဲ့ ကျန်းမာရေးအတွက် အကြံပြုချက်တွေမျှဝေဖို့ ဒိုင်ယက်ဇ် ဆန္ဒပြင်းပြခဲ့ပါတယ်။

၎. လီယိုနာဒိုရဲ့ ရုပ်ရှင်ကားသစ် ပြသဖို့ နောက်ကျမည်

Shakespeare's Romeo + Juliet နဲ့ Moulin Rouge ရုပ်ရှင်ကားတွေရိုက်ကူးခဲ့တဲ့ သြစတြေးလျရုပ်ရှင်ဒါရိုက်တာ ဘာ့ဇ်လာ့ဟာမန်းရဲ့ 3D ကားသစ် The Great Gatsby ကို နောက်နှစ်နွေမှာတောင် ပြသနိုင်မှာမဟုတ်သေးဘူး လို့ ၀ါနာဘရားသားက ကြေညာခဲ့ပါတယ်။ အဲဒီ ရုပ်ရှင်မှာ လီယိုနာဒို ဒီကာပရီယို နဲ့ Pride & Prejudice က အင်္ဂလိပ်ရုပ်ရှင်မင်းသမီးလေး ကယ်ရေးမာလီဂန်တို့ ပါဝင်ထားကြပါတယ်။ ယူအက်စ်မှာ ခရစ်စမတ်နေ့မှ စတင်ပြသမှာဖြစ်ပြီး ယူကေမှာတော့ နောက်တစ်နေ့ပြသပါလိမ့်မယ်။ အမေရိကန် စာရေးဆရာ ဖရန်စစ်စကော့ထ်ကီးဖစ်ဇ်ဂျဲလ်ဒ် ရဲ့ ၁၉၂၅ ခုနှစ်ကရေးခဲ့တဲ့ဝတ္ထုကို ၀တ္ထုမူရင်းနာမည်နဲ့ပဲ ရိုက်ကူးထားတာပါ။ လီယိုနာဒို ဒီကာပရီယိုက ဂျေဂက်စ်ဘေ၊ ကယ်ရေးမာလီဂန်က ဒေစီဗျူခန်နန်၊ ပင့်ကူလူသား သရုပ်ဆောင် တိုဘေးမက်ဂွိုင်းရာက နစ်ခ်ကာရ်ဝေး အဖြစ်သရုပ်ဆောင်ထားပါတယ်။ ပထမကမ္ဘာစစ်ပွဲကာလအတွင်းက ဇာတ်ကောင်စရိုက်တွေနဲ့ ပုံဖော်ထားမယ့် 3D ကားပါ။ ပြသဖို့ ဘာကြောင့်နောက်ကျမယ်ဆိုတာကိုတော့ ၀ါနာဘရာသားက ရှင်းပြမသွားပါဘူး။ “ရုပ်ရှင်ကြည့်ပရိတ်သတ်တွေအများအပြားကြည့်ကြမယ့် ရုပ်ရှင်ကားဖြစ်လာပါလိ့မ်မယ်။ အသက်အရွယ်မရွေးနှစ်ခြိုက်မယ် လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်”  လို့ပဲ ကြေညာသွားခဲ့ပါတယ်။

၅. လေဒီဂါဂါရဲ့ အချစ်ဇာတ်လမ်း ကောင်းပြီလား

Bad Romance သီချင်းပိုင်ရှင် အမေရိကန်အဆိုတော်မလေး လေဒီဂါဂါ မင်္ဂလာသတို့သမီးဝတ်စုံဝတ်ကြည့်နေတဲ့ပုံကို တွေ့လိုက်ရတဲ့ပရိတ်သတ်တွေက ကောင်းတဲ့အချစ်ဇာတ်လမ်း သီချင်းကို ပြောင်းဆိုတော့မလား လို့ မေးခွန်းထုတ်နေကြပါတယ်။ တရုတ်အမျိုးသမီး ဖက်ရှင်ဒီဇိုင်နာ ဗီရာဝမ် ရဲ့ မင်္ဂလာဝတ်စုံတွေကို လေဒီဂါဂါ ဟာ သူငယ်ချင်းနှစ်ယောက်နဲ့ အတူ အစမ်းဝတ်ဆင်ကြည့်နေကြပါတယ်။ အဲဒီပုံကို ဗီရာဝမ်ရဲ့ မိတ်ဆွေတစ်ဦးက instagram မှာတင်လိုက်ရာက ပရိတ်သတ်တွေ သိရှိခဲ့ကြတာပါ။ နောက်တော့ ဂါဂါကိုယ်တိုင် အဲဒီပုံကို သူမရဲ့ Little Monsters site မှာ တင်လိုက်တယ်။ ပုံစာကိုတော့ “ကျွန်မရဲ့ အချစ်ဆုံးသူငယ်ချင်းတွေရဲ့မင်္ဂလာပွဲပါ။ သူမက ကျွန်မတို့ကို ဒီရေသူမ မင်္ဂလာဝတ်စုံလေးတွေ အစမ်းဝတ်ကြည့်ဖို့ တိုက်တွန်းခဲ့တာပေါ့” လို့ ရေးထားပါတယ်။ ကျီစယ်တာလား၊ အစစ်အမှန်လား ပြောဖို့တော့ခက်ပါတယ်။ Vampire Diaries သရုပ်ဆောင် တေလာကင်နီ နဲ့ အချစ်ဇာတ်လမ်းက  ခိုင်မာလာခဲ့ပြီလို့လည်း ပရိတ်သတ်တွေက ယူဆကြတယ်။  ပြီးခဲ့တဲ့နှစ်ဇူလိုင်လမှာ တေလာကင်နီနဲ့ စတင်တွေ့ဆုံခဲ့ပါတယ်။ ဒီနှစ်ဆန်းပိုင်းကလည်း အိုပရာဝင်းဖရေး ကို ဂါဂါက ပြောခဲ့ပါတယ်။ “ဘောလုံးတစ်သင်းစာလောက်ကလေးတွေ အိမ်ထဲပြည့်နေတာလိုချင်တယ်။ ပြီးတော့ ခင်ပွန်းတစ်ဦးရောပေါ့” တဲ့၊

၆. ဗစ်တိုးရီးယားရဲ့ နောက်ထပ်ဖက်ရှင်ခြေတစ်လှမ်း
မျက်မှန်တပ်ဖို့ လိုအပ်နေရဲ့သားနဲ့ ကိုယ်နဲ့ လိုက်ဖက်တဲ့မျက်မှန်တစ်လက်ရှာမရလို့ မတပ်ဖြစ်တဲ့သူတွေရှိနေပါတယ်။ ဖက်ရှင်ဒီဇိုင်နာဖြစ်တဲ့ Spice Girls အဖွဲ့ဝင်အဆိုတော် ဗစ်တိုးရီးယားဘက်ခမ်းမှာလည်း အဲဒီအခက်အခဲရှိနေခဲ့ပါသတဲ့။ အခုတော့ ဗီတိုးရီးယားလည်း အဖြေရှာတွေ့သွားပါပြီ။ သူမအတွက် ဖက်ရှင်ကျကျ လှပမယ့် မျက်မှန်ဒီဇိုင်းကို ကိုယ်တိုင်ပဲ ဒီဇိုင်းထွင်တော့မယ် လို့ ဆိုပါတယ်။ မျက်မှန်တွေကို သူမရဲ့ အရင် နေကာမျက်မှန်ဒီဇိုင်းလက်ရွေးစင် ဖရိမ် ၆ မျိုးပေါ်မှာမူတည်ပြီး ဒီဇိုင်းလုပ်ပါလိမ့်မယ်။ ဖရိမ်တွေဟာ အီတလီလုပ်ဖြစ်ပြီး ထူထူပြစ်ပြစ်ပုံစံ၊ သတ္ထုဖရိမ် နဲ့ မိန်းကလေးဆန်ဆန်စတိုင်လ်တွေပါမယ်။ အရောင်တွေကတော့ အနက်၊ အညိုရင့်၊ ရတနာတောက်တောက်ပပအရောင်တွေ၊ ဥဿဖရားရောင်၊ အ၀ါ နဲ့ သစ်တောစိမ်းအရောင်တွေရနိုင်ပါလိမ့်မယ်။ ဈေးနှုန်းက ဒေါ်လာ ၄၁၀ ကနေ ဒေါ်လာ၅၃၀အတွင်းလို့ ဆိုတယ်။ ဗစ်တိုးရီးယားဘက်ခမ်းရဲ့ ဖက်ရှင်ခြေလှမ်းသစ် မျက်မှန်ကို အောက်တိုဘာ ၄ရက်နေ့မှာ ကျင်းပမယ့် အပြည်ပြည်ဆိုင်ရာ မျက်မှန်ပြပွဲမှာ စတင်ပြသပါလိ့မ်မယ်။  ၂၀၁၃ ဇန်န၀ါရီ၊ ဖေဖေါ်ဝါရီမှာ ယူအက်စ် နဲ့ ယူကေမှာ စတင်ရောင်းချပါလိမ့်မယ်။ ဒီဇိုင်းအမြင်မှာ ပါရမီရှိတဲ့ ဗစ်တိုးရီးယားဟာ အမေရိကန်အမျိုးသမီးမဂ္ဂဇင်း Glamour မှာလည်း ဧည့်သည်အယ်ဒီတာအဖြစ် အလုပ်လုပ်ခဲ့ပါသေးတယ်။ ၂၀၁၂ စက်တင်ဘာလထုတ် Glamour မဂ္ဂဇင်းရဲ့ မျက်နှာဖုံးကိုလည်း သူမစိတ်ကူးနဲ့ ပဲ ဓါတ်ပုံဆရာကို ပြောပြပြီး ဖန်တီးထားပါတယ်။

၇. Bond in Motion ဂျိမ်းစ်ဘွန်း ကားပြပွဲ အတွင်းမှာ
ဂျိမ်းစ်ဘွန်းရုပ်ရှင်ကား ၂၂ ကား မှာ အသုံးပြုခဲ့တဲ့ ကားပေါင်း ၅၀ ကို လန်ဒန်မြို့ National Motor Museum မှာ ဖွင့်လှစ်ပြသထားလိုက်ပါပြီ။ Bond in Motion ကားပြပွဲဟာ ၂၀၁၂ နွေရာသီအိုလံပစ်ပြိုင်ပွဲစတဲ့အချိန်မှာ ပြုလုပ်ခဲ့သလို ဂန္တ၀င်အက်ရှင်စတား ဂျိမ်းစ်ဘွန်း ရုပ်ရှင် ၅၀ နှစ်မြောက်နှစ်ပတ်လည် လည်း ဖြစ်နေပါတယ်။ ဒီပြပွဲဟာ ဘွန်းအသုံးပြုခဲ့တဲ့ ကားတွေ ပြသခဲ့ဖူးသမျှမှာ အကြီးကျယ်ဆုံး ပြပွဲဖြစ်တယ်လို့ဆိုတယ်။ ဘွန်းအသုံးပြုတဲ့ကားတွေပါမကျန် စူပါစက်ဘီးတွေ၊ စပိဘုတ်၊ စွပ်ဖားလှည်း၊ လေယာဉ်ပျံအသေးတစ်စင်း စတဲ့ ယာဉ်တွေပါ ပါဝင်ပြသထားမယ်လို့ ဆိုပါတယ်။ Quantum of Solace မှာ အသုံးပြုခဲ့တဲ့ Aston Martin DBS၊ Die Another Day ရုပ်ရှင်ထဲက SFX လက်နက်တွေတပ်ဆင်ထားတဲ့ 2002 Jaguar XKR ကား၊ Goldfinger ထဲက ၁၉၃၇ Phantom III Rolls-Royce ကား၊ You Only Live Twice က autogyro ကားတွေ နဲ့ Octopussy ထဲက Acrostar Jet ကိုလည်း ပါဝင်ပြသထားမှာပါ။ ၂၀၁၂ ဒီဇင်ဘာလအထိ Bond in Motion ပြပွဲ ကို ပြသထားပါလိမ့်မယ်။

၈. လူသားတွေနဲ့ လုပ်တဲ့ အလင်းပြပွဲ
အီဒင်ဘာဂ့်အပြည်ပြည်ဆိုင်ရာပွဲတော်ကို “Speed of Light” လေဟာနယ် အလင်းပြပွဲနဲ့ စတင်လိုက်ပါတယ်။ အဲဒီ performance မှာ အပြေးသမား ရာပေါင်းများစွာပါဝင်ကြပြီး LED မီးပါတဲ့ဝတ်စုံတွေကို ၀တ်ဆင်ထားကြတယ်။ အီဒင်ဘာဂ်အပြည်ပြည်ဆိုင်ရာပွဲတော်ဟာ အနုပညာသရုပ်ဖော်ပြသတဲ့ပွဲတော်ဖြစ်ပြီး အီဒင်ဘာဂ်၊ စကော့တလန် တို့မှာ သြဂုတ်လလယ်ပိုင်းလောက်ကျင်းပလေ့ရှိပါတယ်။ ရက်သတ္တသုံးပတ်ကျော်လောက်ပြုလုပ်လေ့ရှိကြတယ်။ ဒီနှစ်က ပြပွဲကျင်းပခဲ့တာ ၆၆ ကြိမ်မြောက်ပြည့်ခဲ့ပါပြီ။ ကမ္ဘာတစ်ဝှမ်းက ဂန္တ၀င်ဂီတ၊ ပြဇာတ်၊ အော်ပရာ နဲ့ အက ပညာရှင်တွေကို ဖိတ်ကြားပြီး ပြသတဲ့ အနုပညာပြပွဲပါ။ အနုပညာဖလှယ်တဲ့ ဆွေးနွေးပွဲလေးတွေ အနုပညာပြပွဲတွေလည်းပါဝင်တယ်။ Speed of Light အလင်းပြပွဲကို အီဒင်ဘာဂ့်ရဲတိုက်ရှိရာကနေ တစ်မိုင်ခန့်ကွာဝေးတဲ့ Authur’s Seat တောင်ထိပ်မှာ ဗော်လန်တီယာများစွာပါဝင်အားဖြည့် ပြသခဲ့ကြပါတယ်။ ဗော်လန်တီယာတွေဟာ လှပတဲ့ LED အလင်းကပ်ထားတဲ့ဝတ်စုံကို ၀တ်ဆင်ထားကြတယ်။ မိုက်ခရိုကွန်ပျူတာစနစ်တပ်ဆင်ထားပါတယ်။ သေးငယ်တဲ့ကွန်ပျူတာလေးတွေနဲ့ လမ်းလျှောက်ကြသူတွေအချင်းချင်းဆက်သွယ်ပြီး နောက်ခံဂီတအသံအတိုင်း အနိမ့်အမြင့်အတက်အကျ၊ အနှေးအမြန်အလိုက် မီးရောင်စုံတွေအချိတ်အဆ က်မိအောင်ထိန်းသိမ်းပေးပါတယ်။ ၄၇ နိုင်ငံက အနုပညာရှင်ပေါင်း ၃၀၀၀ကျော် ပါဝင်ပြသကြမှာဖြစ်ပြီး စက်တင်ဘာ ၂ ရက်နေ့အထိ ပွဲတော်ကျင်းပကြမှာပါ။

၉. လီဂိုပလပ်စတစ်တုံးလေးတွေနဲ့ ပုံတူဖန်တီးမှု
သြဂုတ်လ ၉ ရက်နေ့က ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ ပြုလုပ်ခဲ့တဲ့ “Masterpieces form the Royal Picture Gallery Mauritshuis” ပြပွဲက အသက် ၉ နှစ်အရွယ် ကလေးငယ် ရဲ့ လက်ရာ ပါ။ ၁၆ ရာစုက ထင်ရှားခဲ့တဲ့ ဒတ်ခ်ျပန်းချီဆရာကြီး Johannes Vermeer ရဲ့ နာမည်ကျော် “ပုလဲနားကပ်တစ်ရံနဲ့ မိန်းကလေး” ပုံတူပန်းချီကားအတိုင်း လီဂိုပလပ်စတစ်တုံးလေးတွေဆက်ပြီး ပုံဖော်ထားတာဖြစ်ပါတယ်။ ပုံမှာ ယူကတာကာဟာရှိဟာ နောက်ဆုံးကျန်ရှိနေတဲ့ ပလပ်စတစ်တုံးလေးကို ဆက်လိုက်ပြီး သူ့ရဲ့ဖန်တီးမှုကို အဆုံးသတ်လိုက်ပါပြီ။ Legoland Discovery Center ရှိ တိုကျို မြို့တော်အနုပညာပြတိုက်မှာ ပြုလုပ်ခဲ့တာပါ။ မိဘနဲ့ ကလေးငယ်ပေါင်း ၃၈၀ ခန့် အတူပူးပေါင်းဖန်တီးခဲ့ကြပါတယ်။ လီဂိုပလပ်စတစ်တုံးပေါင်း ၅၀၀၀ကျော်အသုံးပြုခဲ့ကြတယ်။ ဒတ်ခ်ျပန်းချီဆရာကြီး ဗာမီးရားရဲ့ ၃၈၀ နှစ်မြောက်မွေးနေ့ နှစ်ပတ်လည် အထိမ်းအမှတ်ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

၁၀. ဟောလိဝုဒ်က မိုးမျှော်အဆောက်အဦး မိန်းကလေးတွေ

ဟောလိဝုဒ်မှာ အများစု သူတို့ရှိနေတဲ့အရပ်ထက် ပိုပြီး အရပ်နိမ့်တယ်လို့ ထင်မြင်ရပါတယ်တဲ့။ ဒါပေမယ့် ဒီစာရင်းထဲက သူတွေတော့ မပါဘူးလို့ ဆိုကြတယ်။ ဟောလိဝုဒ်က ကျော်ကြားသူတွေထဲမှာ အင်မတန်ရှည်လျားတဲ့အရပ်ရှိတဲ့သူ အယောက် ၂၀ ခန့် စာရင်းတွေ့ထားပါတယ်တဲ့။ အဲဒီ အယောက် ၂၀ ထဲမှာ ကန်းထရီးအဆိုရှင် တေလာဆွစ်ဖ် က အရပ် ၅ ပေ ၁၁ လက်မ ရှိပါတယ်။ ဘရွတ်ရှီးဒ်စ် ၆ ပေ ပါ။ နစ်ကိုးလ်ကစ်မန်းက ၅ ပေ ၁၀ လက်မ ရှိပြီး တစ်ချိန်က လက်တွဲခဲ့ဖူးတဲ့ မင်းသားတွမ်ခရုစ်ထက် ပိုပြီး အရပ်မြင့်ပါတယ်။ မာရီယာရှာရာပိုဗာက ၆ ပေ ၂ လက်မတောင် ရှိနေပါတယ်။ ဘယ်ယောက်ျားလေးကများ သူမကို ဆန့်ကျင်ကျော်တက်နိုင်ပါ့မလဲ။ The Santa Clause 2 နဲ့ The Santa Clause 3 သရုပ်ဆောင်အေးရှားတေလာက တကယ်ကို ချစ်စရာကောင်းပြီး ချောမောလှပါပါတယ်။ ရယ်မောစရာလည်းကောင်းတယ်။ နောက်နောက်ပြောင်ပြောင်နေတတ်ပါသတဲ့။ အရပ် ၆ ပေ ရှိသူလေးပါ။ နောက်ပြီး ဆွဲဆောင်မှုအားပြင်းလှတဲ့ အူမာသာမင်းက ၅ပေ ၁၁ လက်မရှိပါတယ်တဲ့။ အရပ်နိမ့်တဲ့ ဟောလိဝုဒ်အမျိုးသားသရုပ်ဆောင်တွေကိုလည်း စာရင်းပြုစုထားကြပြန်သေးတယ်။  အဲဒီ စာရင်းမှာ မိုက်ကယ်ဂျေဖောက်စ် နဲ့ ဒပ်စတင်ဟောဖ့်မန်းက ၅ ပေ ၅ လက်မ ရှိကြတယ်။ အယ်လ်ပါစီနို၊ ခရစ်စတီရန်စလိတ်တာ နဲ့ တွမ်ခရုစ် တို့က ၅ ပေ ၇ လက်မ ရှိကြပါတယ်။

2 comments:

  1. ဟိုသတင်း ဒီသတင်းကနေ ဗဟုသုတတွေ စုံနေအောင် ရသွားတယ် ဖြိုးဖြိုးရေ။ ကျေးဇူးပါနော်း)
    မနက်ထဲက ဒီဘလော့ဖွင့်နေတာ မရလို့ အခုမှဖတ်ဖြစ်တယ်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  2. ဖြိုးရေ
    ဟိုဟိုဒီဒီ စာတွေ လိုက်မဖတ်ဖြစ်တာနဲ့ အတော်ဘဲ
    ဖြိုးရဲ့ ဟိုသတင်းဒီသတင်းတွေကို လာဖတ်တော့ တော်တော်စုံသွားရော...
    မီးလင်းနေတဲ့ အင်္ကျီလေး လိုချင်ထှာဟယ်း)

    ReplyDelete