Wednesday, September 19, 2012

ကိုယ်လက်ထပ်ခဲ့တဲ့သူ၊ အဲဒီသူဟာ “you” ပေါ့

စိတ်လှုပ်ရှားရင်ခုန်စရာ မင်္ဂလာပွဲဟာ စံပြုလောက်စရာကောင်းလောက်အောင်ပြည့်စုံခဲ့ပါပြီ။ ပျားရည်ဆမ်းခရီးကလည်းပဲ တစိမ့်စိမ့်တွေးရမယ့် ပီတိဖြစ်စရာအချိန်ကာလလေးပါပဲ။ အခု စိတ်လှုပ်ရှားစရာ အစီအစဉ်ကလည်း စောင့်နေခဲ့ပြီ။ အသစ်စက်စက်မင်္ဂလာဇနီးမောင်နှံလေးတွေအတွက် အရေးကြီးတဲ့ နှစ်ယောက်သားအတူတူနေထိုင်သွားကြမယ့် အိမ်လေးကို အလှပဆုံးနဲ့ ကုန်ကျစရိတ်သက်သာအောင်ပြင်ဆင်ကြဖို့ပါ။ မင်္ဂလာဇနီးမောင်နှံလေးတွေအတွက် အိမ်ခန်းအတူတကွအလှဆင်ကြတာဟာ ပေါင်းစပ်ထားတဲ့ထူးထူးခြားခြားစတိုင်လ်လေးတွေရနိုင်တာမို့ စိတ်ဝင်စားဖို့ကောင်းပါတယ်။ “သင့်အမြင်”၊ “ကိုယ့်အမြင်” ပေါင်းစပ်ပြီးတဲ့အခါမှာ “ကိုယ်တို့တွေရဲ့အမြင်”နဲ့ အလှဆင်လိုက်တဲ့ ထူးခြားတဲ့အိမ်ခန်းလေး ဖြစ်လာမှာပါ။ အိမ်ခန်းထဲမှာ  နေရာယူမယ့်ပစ္စည်းလေးတွေဝယ်ယူတဲ့အခါမှာ အသေးအဖွဲလေးတိုင်းမှာ သူ့ကို ဖြစ်ဖြစ်၊ ကိုယ့်ကိုဖြစ်ဖြစ် ဆုံးဖြတ်ခိုင်းနေစရာမလိုပဲ ကိုယ်တိုင်လိုအပ်သလို ၀ယ်ယူပြင်ဆင်ခွင့်လေးလည်းရှိထားသင့်ပါတယ်။ ကြီးကြီးမားမားပစ္စည်းမျိုး ဥပမာ ၁၀နှစ်ကျော်လောက်အသုံးပြုရမယ့် ဆိုဖာဆက်တီမျိုးကိုတော့ အတူတူဆုံးဖြတ်ပြီး ၀ယ်ယူနိုင်ပါတယ်။ အခန်းလေးတွေမှာ ကိုယ့်စိတ်ကြိုက်လေး ခြယ်မှုန်းချင်နေပြီဆိုရင် သူ့ကို စကားအလိမ္မာလေးနဲ့ အရင်ပြောထားလိုက်ပါ။
“ကိုယ် ဒီနေရာလေးမှာ ဒီလိုလေး အလှဆင်ကြည့်ချင်လိုက်တာကွာ၊ ယူ မကြိုက်ဘူးဆိုရင်တော့ ကိုယ်ချက်ချင်း ပြန်ရှင်းပစ်လိုက်ပါ့မယ်”
ဒီလိုစကားလေးခံထားပြီးရင်တော့ ကိုယ်တို့စိတ်ကြိုက်အလှဆင်နိုင်ကြပြီပေါ့။

အခန်းတစ်ခုကို ဘယ်လို အလှဆင်သင့်သလဲဆိုတဲ့ အယူအဆမှာ မိန်းကလေး နဲ့ ယောက်ျားလေးတွေမှာ အင်မတန်ကွာခြားကြပါတယ်။ အဲဒီကွာခြားချက်လေးက ဇနီးမောင်နှံအသစ်လေးကို အငြင်းအခုံ စကားရန်ပွဲလေးတစ်ခုထဲ ဆွဲခေါ်သွားနိုင်ပါတယ်။ တစ်ဦးချင်းစီမှာ သူတို့ရဲ့ ကိုယ်ပိုင်အတွေးအမြင်၊ အကြိုက်တွေရှိနေကြတယ်။ အဲဒီအကြိုက်တွေက ကိုယ့်ရဲ့လက်တွဲဖော်နဲ့ ကိုက်ညီဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ များသောအားဖြင့် မိန်းကလေးတွေက အိမ်ခန်းအပြင်အဆင်လေးအတွက် ဆုံးဖြတ်ချက်ချသူကြီးတွေ ဖြစ်လို့နေတတ်ပါတယ်။ ဘာကြောင့်လဲ- မိန်းကလေးတွေထင်တာက အိမ်ခန်းအလှပြုပြင်ခြင်းဟာ သူတို့ရဲ့အထူးကျွမ်းကျင်မှုလို့ ထင်မြင်တတ်ကြလို့ပါပဲ။ အကောင်းဆုံးနည်းလမ်းကတော့ နှစ်ယောက်လုံးက မျှမျှတတလိုက်လျောပြီး သူ့အမြင်၊ ကိုယ့်အမြင်ရှုထောင့်စုံနဲ့ အိမ်လေးအလှဆင်ကြည့်တာပါ။ အဲဒီလိုမဟုတ်ဘူးဆိုရင် အိမ်လေးထဲမှာရှိကြမယ့် ဇနီးမောင်နှံအသစ်လေးရဲ့ စိတ်တွေဟာ ကွဲပြားတဲ့အရောင်တွေခြယ်မှုန်းခံရပါလိမ့်မယ်။

ဒီအချက်လေးတွေက ရိုးရိုးရှင်းရှင်းပေမယ့် အဲဒီအတိုင်းလေး လိုက်နာကြည့်နိုင်ပါတယ်။
၁.သူရော၊ ကိုယ်ရော ကွဲပြားတဲ့စတိုင်လ်တွေကိုမှ ဖန်တီးချင်တယ်ဆိုရင်တော့ အခန်းတစ်ခုစီမှာ ကိုယ့်အကြိုက်၊ သူ့အကြိုက်ခြယ်မှုန်းနိုင်ပါတယ်။ ဒါမှမဟုတ် ဒီဇိုင်းနာက သူနဲ့ ကိုယ့်ရဲ့အကြိုက်တွေကို ရောနှောပေးနိုင်ပါလိမ့်မယ်။
၂.နောက်ထပ် အိမ်ခန်းအလှဆင်ခြင်းအတွက် ၀ယ်ရမယ့် ပစ္စည်းအားလုံး ဆုံးဖြတ်ပြီးပြီဆိုရင် စာရင်းမှတ်ထားမယ်။ ကိုယ်သုံးနိုင်မယ့် အသုံးစရိတ်ကိုခန့်မှန်းခြေတွက်ချက်ထားပြီး လိုအပ်တဲ့နံပါတ်စဉ်လေးတွေကို တစ်ခုစီ ဖြိုကြဖို့ပါ။
၃. ပြီးရင်တော့ အတူတူအလှဆင်နိုင်ကြရင် ပျော်ရွှင်စရာအချိန်လေးတွေရနိုင်ကြပါလိမ့်မယ်။ နှစ်ယောက်လုံးအကြိုက်ညီနိုင်တာတွေလေး ရှာဖွေကြည့်ပြီး ရယ်ကာမောကာအလှဆင်နိုင်ပါတယ်။
၎.ဒီအိမ်လေးမှာ နှစ်တော်တော်ကြာကြာနေကြမှာဆိုတော့ တစ်နှစ်တစ်နှစ်ပြောင်းလဲလွယ်တဲ့ ခေတ်ရေစီးကြောင်းထဲကဒီဇိုင်းမျိုးအသုံးမပြုသင့်ပါဘူး။ နှစ်အနည်းငယ်ကြာခေတ်စားနိုင်မယ့်အပြင်အဆင်မျိုး ရှာဖွေသင့်ပါတယ်။

ဝါရှင်တန်ဒီစီ၊ ကက်သီဒရယ်ဟိုက်ထ်စ် မှာ အခန်းရှိတဲ့ ဇနီးမောင်နှံအသစ်လေးအတွက် သတို့သားရဲ့ မိခင်က လက်ဖွဲ့တစ်ခုခုပေးချင်နေပါတယ်။ မိခင်သိထားတာက သူ့ရဲ့သားလေးဟာ ကော်ဖီဘားလေးတစ်ခုလိုချင်တာပါ။ သိပ်ပြီးတော့ မကျယ်ဝန်းလှတဲ့သားရဲ့ အခန်းမှာ ထားရမယ့် ကော်ဖီဘားအတွက် မိခင်ကစဉ်းစားပါတယ်။ ပထမဆုံး သားက အပြာရောင်ကြိုက်တယ်။ ချွေးမလေးက အနီရောင်ကို ကြိုက်သတဲ့။ အဲဒီတော့ သူတို့အတွက် မျှမျှတတဖြစ်စေမယ့် အစိမ်းရောင်ကိုရွေးချယ်လိုက်ပါတယ်။ ဆိုဖာဆက်တီနဲ့ ပြည့်လုပြည့်ခင်ဖြစ်နေတဲ့ ဧည့်ခန်းထဲမှာ ရှေးဟောင်းဘီရိုတစ်လုံးရှိနေတယ်။ အဲဒီ ဘီရိုကိုအတွင်းမှာ မှန်တွေကပ်လိုက်ပါတယ်။ ပြီးတော့ သံပုရာစိမ်းအရောင်လေး သုတ်လိုက်တယ်။ လက်လှမ်းမှီရာ အနီးလေးမှာရှိနေနိုင်မယ့် ကော်ဖီဘားလေးတစ်ခုဖြစ်ခဲ့ပါပြီ။ အကုန်အကျသက်သာပြီး နေရာလည်းမယူတဲ့၊ လက်တွေ့ကျကျအသုံးပြုနိုင်မယ့်နည်းလမ်းလေးကို မိခင်က လက်ဖွဲ့အဖြစ်ပေးနိုင်ခဲ့တာပါ။
မင်္ဂလာအိမ်ခန်းလေးအတွက် အရောင်ရွေးချယ်တဲ့အခါမှာ ကိုယ်တိုင်စိတ်ကြိုက်ဖြစ်မယ့်အရောင်လေးတွေ ရွေးနိုင်ကြပါတယ်။ မင်္ဂလာအခမ်းအနားအရောင်အတွဲအစပ်ကိုတော့ ပန်းရောင်နဲ့ အ၀ါရောင်ပါ လို့ ဆိုကြတယ်။ ဒီပုံလေးမှာ ပန်းရောင်၊ အ၀ါရောင်အပြင်အဆင်လေးနဲ့ မိသားစုစားပွဲလေးပါ။ နှစ်ဖက်မိဘတွေ၊ ရင်းနှီးတဲ့ သူငယ်ချင်းတွေနဲ့ မိသားစုထမင်းစားပွဲလေး ပြင်ဆင်နိုင်ပါတယ်။

ဒီဧည့်ခန်းလေးဟာ ပန်းရောင်လေးများများ၊ နူးနူးညံ့ညံ့အရောင်လေးတွေနဲ့ သစ်လွင်နေပါတယ်။ မင်္ဂလာဧည့်ခံပွဲမှတ်တမ်းဓာတ်ပုံလေးတွေကို နှစ်ဦးသားအတူတူကြည့်နိုင်ဖို့ ခုလို နံရံလေးမှာ ကပ်ထားနိုင်ကြပါသေးတယ်။
မင်္ဂလာဧည့်ခန်းကို ပန်းရောင်နဲ့အ၀ါရောင်လေးနဲ့ မဖန်တီးချင်ဘူးဆိုရင်တောင် တခြား သစ်လွင်တောက်ပတဲ့ အရောင်လေးတွေနဲ့ ဧည့်ခန်းလေးတွေ ပြင်ဆင်နိုင်ပါတယ်။ မင်္ဂလာဇနီးမောင်နှံအသစ်လေးအတွက် နူးညံ့လှပတဲ့ဧည့်ခန်းလေးတွေပါ။
ဘယ်လောက်ကြီးပဲ မခွဲမခွာနေချင်ကြတယ်ဆိုဆို၊ စာဖတ်ဝါသနာပါကြတဲ့သူလေးတွေအတွက် ကိုယ်ပိုင်စာကြည့်မီးလေးတွေလည်း အိပ်ရာဘေးမှာ မပါမဖြစ်ထားသင့်ပါတယ်။
မင်္ဂလာဇနီးမောင်နှံအတွက် ကြည်နူးဆွတ်ပျံ့ဖွယ်၊ ချစ်စရာ အိပ်ခန်းလေးတွေပါ။
  သူ နဲ့ ကိုယ် ရဲ့ အသုံးအဆောင်လေးတွေပါ။
 သူက စာအုပ်တွေကိုသိပ်ချစ်တဲ့သူ၊ စာဖတ်ဝါသနာပါတဲ့သူလေးဆိုရင် စာအုပ်စင်လှလှလေးတစ်ခုတော့ လက်ဆောင်ပေးရလိမ့်မယ်နော်။ နေရာလွတ်မျာများရှိမနေတဲ့ဧည်ခန်းလေးထဲက စားပွဲပေါ်မှာ၊ အခုလို စာအုပ်လေးတွေဘယ်ညာထိန်းထားနိုင်တဲ့ “LOVE” ဒီဇိုင်းလေးက အသင့်တော်ဆုံးပါပဲ။
သူ့ရဲ့ စာအုပ်လေးတွေကို ထောင်ထားပြီး အဲဒီ Love လေးနဲ့အလှဆင်၊ ပြီးတော့ ပုဝါလေးဖုံးကာထားမယ်။ ပြီးတော့ သူလေး ကိုလက်ဆွဲခေါ်လာပြီ “ဒီမှာကြည့်ပါဦး၊ ကိုယ့်ရဲ့ အချစ်လေးအတွက်လက်ဆောင်” လို့ ပြောပြီးပေးလိုက်မယ်ဆိုရင်၊ ချစ်သူလေးက နှစ်နှစ်ခြိုက်ခြိုက်သဘောကျသွားမှာပါ။ 
တခြား ချစ်စရာစာအုပ်စင်လှလှလေးတွေလည်း ဖန်တီးပေးနိုင်ပါသေးတယ်။ ကိုယ်က ဂစ်တာကိုချစ်မြတ်နိုးသူ၊ သူက စာအုပ်ကိုချစ်မြတ်နိုးသူ တွေဖြစ်ခဲ့ရင် ဒီစာအုပ်စင်လေးက အသင့်တော်ဆုံးပဲပေါ့။
 သူ နဲ့ ကိုယ်ရဲ့ ပစ္စည်းလေးတွေ
စိတ်ကူးကောင်းတဲ့ဒီဇိုင်းလေးပါ။ သူ နဲ့ ကိုယ်တို့ရဲ့ ဓာတ်ပုံလေးကို ဒီပုံလေးမှာလို ခြယ်မှုန်းထားရင် အချစ်တွေအမြဲရှင်သန်နေမယ်ဆိုတဲ့သဘောသက်ရောက်နိုင်သေးတယ်။
မင်္ဂလာမောင်နှံလေးရဲ့ မီးဖိုခန်းနဲ့ ရေချိုခန်းအပြင်အဆင်လေးတွေ
သားသားမီးမီးလေးတွေရလာခဲ့ရင်ပေါ့။ သူတို့ရဲ့ အရုပ်လေးတွေ အလွယ်တကူ ကောက်သိမ်းထည့်ထားနိုင်မယ့်နေရာလေး။
သိပ်ပြီးမကျယ်ဝန်းတဲ့ အိမ်လေးပိုင်ဆိုင်ထားတဲ့ ဇနီးမောင်နှံရဲ့ သားသားမီးမီးတို့ကို ဒီလိုလေးပြင်ဆင်ပြီး သိပ်နိုင်ပါတယ်။
ဒီမှာလေ အချိုမြဆုံးသူတစ်ယောက်။
ဒီမှာလေ အရွှင်မြူးဆုံးသူတစ်ယောက်။
ဒီမှာလေ ကိုယ့်အတွက်အစစ်မှန်ဆုံးသူတစ်ယောက်။
ဒီမှာလေ သေသပ်၊ အလှပဆုံးသူတစ်ယောက်။
ကိုယ့်အတွက် အားလုံးအပြည့်စုံဆုံးရှိနေတဲ့သူ၊ ကိုယ်လက်ထပ်ခဲ့တဲ့သူ … အဲဒီသူဟာ “you”ပေါ့
ပျော်ရွှင်ချမ်းမြေ့တဲ့ လက်ထပ်မင်္ဂလာဆိုတာ ကိုယ်ချစ်မြတ်နိုးတဲ့သူကို လက်ထပ်လိုက်ရတာပါ။ မင်္ဂလာဇနီးမောင်နှံ နှစ်ဦးစလုံး လက်ချင်းမြဲမြဲချိတ်လို့ “အချစ်နဲ့ ပျော်ရွှင်ခြင်း”ကို တစ်ဘ၀တာ ပိုင်ဆိုင်နိုင်ကြပါစေ။          ။
Living Fashion Magazine, September, 2012

1 comment:

  1. လှပကောင်းမွန် ပြီးပြည့်စုံတဲ့ အိမ်ထောင်ပရိဘောကပေါင်း များစွာနဲ့အတူ ပြင်ဆင်မှုလေးတွေကို ကြည်နူးစွာကြည့်ရှု သွားတယ် ဖြိုးဖြိုးရေ။ တီတင့်တို့မင်္ဂလာဆောင်စဉ် အတိတ်ကာလလေးဆီကို အတွေးလေးရောက်သွားတယ်။ ဘဝကို တစ်ကနေ စခဲ့ကြသူတွေမို့ ဘဝအမောပေါင်း များစွာကိုဖြတ်သန်းခဲ့ကြရပေမယ့် 'အချစ်နဲ့ပျော်ရွှင်ခြင်း' ကိုတစ်ဘဝစာအတွက် ခံစားခွင့်ရခဲ့တယ်း)
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete