Wednesday, September 12, 2012

သေမင်းနဲ့ တဲ့တဲ့တိုးတဲ့ည

“၂၀၀၇ခုနှစ် စက်တင်္ဘာလ ၂၇ရက်နေ့ ည”
“ရောဘတ်” က  ဒီညကို သူ့ ရဲ့မှတ်တမ်းစာအုပ်မှာ
ဘာ့ကြောင့် “သေမင်းနဲ့  တဲ့တဲ့တိုးတဲ့ည” လို့   ရေးမှတ်ခဲ့ သလဲ ဆိုရင်......
ပြေး ... ပြေး  မီလာ ... ပြေး ...
ရန်သူတွေ တအုပ်တကျင်း သူ့နောက် လိုက်လာသည်ဟု “ဒင်ကလေ မီလာ” မြင်သည်။
ထို့ကြောင့် သူ့ ကိုယ်သူကို  မာရသွန်သမားလို ပြေးခိုင်းနေသည်။
ပြေးသာပြေး၏။ ဦးတည်ချက်မရှိ။

သူသုံးစွဲထားသည့် မက်သမ်ဖက်တမင်း(methamphetamine)ဆေးက အစွမ်းပြနေလောက်ပြီ။ သူ့ တွင် ဆေးဝါးသုံးစွဲမှု လွန်ကဲခြင်း၏ အကျိုးဆက်အဖြစ် ယုံမှားလွန်ဝေဒနာတမျိုးခံစားရနိုင်သည်။ မကြာသေးမီကမှ ရဲ က သူ့ကို ခံဝန်ချက်ဖြင့် လွှတ်ထားခဲ့သဖြင့် ခုလို လွတ်လပ်စွာ သွားလာနေနိုင်ခြင်းဖြစ်သည်။ ကားမျိုးစုံတို့ဖြင့်  ရှုပ်ထွေးပြေးလွှားနေသော လမ်းမကြီးပေါ်သို့ သူရောက်လာသည်။ လင်းလက်စူးရှသော ကားမီးရောင်ကြောင့် သူ့ မျက်လုံးတွေ ကျိန်းစပ်နေပြီ။
သို့သော် သူ ပြေးနေဆဲ။  မော်တော်ကားများက တစင်းပြီးတစင်း  ပြေးသွားသည်။
“မီလာ” သည် ပြေးတုန်း ပြေးဆဲ။

ဟုတ်သည်။ ပြေးရမည်။ သူ့ နောက်ကို လူတွေ လိုက်လာနေသည်။ လိုက်လာသည့်လူမျာကို ရှောင်လွဲနိုင်ရန် ဘေးအိမ်တလုံး၏ ခြံစည်းရိုးကို ခုန်ကျော်ကာ ပြစ်ဝင်လိုက်သည်။ ခြံလေးက စိမ်းစိုလှပနေသည်။ အ၀ါရောင်ဆေးများ လှပစွာ သုတ်လိမ်းခြယ်မှုန်းထားသည့် အိမ်ကလေးမို့လည်း ချစ်ချင်စရာ။ “မီလာ” မျက်စိကစားကြည့်လိုက်ရာတွင် သော့ခတ်မထားသည့် ကားဂိုဒေါင်ကို သူမြင်သည်။  တံခါးကိုတွန်းဖယ်လိုက်သည်နှင့် အလွယ်တကူ ဂိုဒေါင်တွင်းသို့ ၀င်ရောက်ပြီးဖြစ်သွားသည်။ ထိုမှ အ၀တ်လျှော်စက်ထားရာ အခန်းတွင်းရောက်သည်။ လက်ဝဲဘက်အခန်းတွင်းသို့ သူ ချောင်းမြောင်းကြည့်ရှုမိရာ ခလေးတယောက်အိပ်နေသည်ကိုမြင်သည်။ ထိုမှ ဧည့်ခန်းတွင်းရောက်လာသည်။

သူ့ကိုယ်သူ ဘာလုပ်၍ လုပ်နေမှန်းမသိ။ ဘယ်ရောက်၍ ရောက်မှန်းမသိချေ။ သူ့ကိယ်သူ မေးခွန်းထုတ်ဖို့ကိုမူ သတိရသည်။ “ ငါ ဘာလုပ်နေသလဲ”  “ဟုတ်ပြီ” “ငါ ရှာနေတာ”  “ငါလိုချင်တာ” “သေနတ်တစ်လက်”  သူ နည်းနည်း ပြုံးမိသွားသည်။ ကျေနပ်အားရစွာ။ ရှေ့ဆက်သွားသည်တွင်  မြေတိုက်ခန်းတခု သို့ဆင်းရာ လှေကားကို သူတွေ့သည်။ သို့သော်မဆင်း။ တိတ်တိတ်ကလေးခဏ ငြိမ်နေသည်။ ပြီးလျှင် အနီးဆုံး ပြတင်းပေါက်တစ်ခုမှ အပြင်လောကသို့ လည်ဆန့် မျှော်ကြည့်သည်။  “အိုကေ”  ရန်သူမရှိ။ အတွင်းသို့ ပြန်လှည့်ကြည့်သည်။ လှေကားညာဘက်တွင် မိသားစု အခန်းကျယ်ကြီးရှိ၏။ စုံတွဲ တစ်တွဲ အိပ်မောကျနေပြီ။ အိပ်ယာဘေး ပုခက်ထဲတွင် ပိစိကွေး ကလေးတယောက် သနားစဖွယ် ခြေကားယား လက်ကားယား  အိပ်နေသည်။ တကယ့်ကို  ငြိမ်းအေးစွာ။ သို့သော် ကလေးက အရေးမကြီး။ သူလိုချင်သည်ကို အမိအရရှာသည်။ ကျီးကန်းတောင်းမှောက်ရှာသည်။ ဘီရို၊ အံဆွဲ အနှံ့။ မွှေနှောက်သည်။ လှန်လှောသည်။ ဒလစပ်။
 ဟော...။ တွေ့ပြီ။ အံဆွဲတစ်ခုအတွင်းမှ  ပြောင်းတို သေနတ်ကလေးတစ်လက်သည် သူ့ ကို မြှူဆွယ်နေသည်။  ထိုမခိုက် အိမ်ရှင်မ “အင်နာ” လန့်နိုးသည်။

ဖြတ်ကနဲ မျက်လုံးဖွင့်အကြည့် လူစိမ်းကို မြင်သွားရာ သူမ ရင် ဖိုလှိုက်သွားသည်။ သို့သော် လူစိမ်းက လယ်သည်။ ပါးပါးနပ်နပ်။ သူ့နှုတ်ခမ်းပေါ် လက်ညှိုးတစ်ချောင်း ဖိကပ်ကာ  “ရှူး တိတ်တိတ် နေ” ဟု အချက်ပြသည်။ လူစိမ်းက သေနတ်ကိုပါ ပြ နေ၍ နည်းနည်းမှ  မလှုပ်ရဲ။ သူ့ ခင်ပွန်းဘက် လှည့်ကြည့်ရာတွင် တော်သေးရဲ့။ သူနိုးနေပြီ။ လေးကိုင်းသဖွယ် အမိုးခုံးပြူတင်းပေါက် အောက်မှနေ၍  ဖြတ်သန်းဝင်ရောက်လာသည့် မီးရောင်သည် ကလေးပုခက်ပေါ် ဖြာကျနေသည်။ အခန်းကြီးကကျယ်သော်လည်း မှောင်ရီ ၀ိုးတ၀ါး။ သေနတ်သမားသည် ဟန်ရေးတပြပြဖြင့် လက်ထဲတွင် သေနတ်ကို လှည့်ပတ်ကစားရင်း။ “ရောဘတ်” နားထင်ကို ထောက်၍ ခြိမ်းခြောက်သည်။

“ရောဘတ်”  အသံမထွက်ရဲ။

လွန်ခဲ့သည့် (၉)လကမှ  “ရောဘတ်” နှင့်  “အင်နာ” တို့ မိသားစု “ပိုတက်ကယ်လိုမြို့” သို့ မြေ၀ယ်အိမ်ဆောက် ပြောင်းရွှေ့လာသည်။ တိုယိုတာပစ္စည်းအရောင်းမန်နေဂျာ ရောဘတ်ကို အိမ်းနီးချင်းများက ချစ်ကြသည်။ မြို့လေးသည် တောလည်းမဆန်ပါဘဲ လယ်ကွင်းများနှင့်ထိစပ်နေသဖြင့် တိတ်ဆိတ်သည်။ နှင်းဆောင်းသောတောင်တန်းများအောက်မှ တောင်ကုန်းငယ်ကလေးများခြေရင်းဝယ် ပြားဝပ်နေသည်။ သူတို့ အိမ်အနီးဝန်းကျင်ဝယ်    သဘောကောင်းပြီး ကူညီလိုစိတ်ရှိသူ ရဲ အရာရှိဟောင်း  ဂရီဂန် မိသားစု။  ဘာဘီကျူးအသားကင် ဆိုင်နှင့် ကုန်စုံဆိုင်ပိုင်ရှင် ဒေးလ် မိသားစု၊ အေပရယ် ဟက်ချာ မိသားစုတို့ ရှိကြသည်။ အားလုံးခြုံကြည့်လျင်  အစစ လုံခြုံဘေးကင်း၍ ပူရန် အကြောင်းတစုံတရာမရှိချေ။

“ရောဘတ်” သည် ခေါင်းမာတတ်ပြီး ဇွဲရှိသည်။ ဘာကိုမျှ အရှုံးမပေးတတ်ချေ။ အိမ်ထောင်ဦီးကပင် မိသားစုအတွက် အရေးကြုံ က မိမိကိုယ်ကို စတေးပြီး ကူညီကယ်တင်မည်ဟု ဇနီးဖြစ်သူအား ကတိပေးခဲ့ဖူးသည်။ ကိစ္စကြီးငယ်ပေါ်ပေါက်ပါလျင် လုံခြုံ ဘေးကင်းရာ အပြေးအလွှားပုန်းခို၍ အကူအညီရယူနိုင်ရန်ကိုလည်း သင်တန်းပေးထားသည်။ ထိုအခိုက် ပုခက်တွင်းက ကလေးပိစိကွေးနိုးလာပြီး အော်ငိုသည်။ တ၀ါးဝါး အော်ငိုသည်။ စိတ်ရှုပ်သွားသော သေနတ်သမားက  “တိတ်အောင်လုပ်စမ်း” ဟု မိုးခြုံးသကဲ့သို့  အော်သည်။ “သေနတ် ဘယ်မှာရှိသေးလဲ” ဟုလည်းမေးသည်။ “ဂိုဒေါင်ထဲမှာ ရိုင်ဖယ်တလက်ရှိသေးတယ်”ဟု “ရောဘတ်” ဖြေသည်။ “ဘဏ်အပ်ငွေ ဘယ်လောက်ရှိလဲ “
မေးပြန်သည်။ “ဒေါ်လာ ၃၀၀၀” ဟုဖြေသည်။ “ မညာနဲ့”  သေနတ်သမားကငေါက်သည်။

“အင်နာ” ဘာလုပ်ရမည် မသိချေ။ အိမ်ထောင်ဦးက ကတိက၀တ်အတိုင်း “ရောဘတ်” ယခုကိစ္စကို ဖြေရှင်းနိုင်လိမ့်မည်ဟု သူမ ယုံကြည်သည်။ “ရောဘတ်” ကလည်းအကွက်ကောင်းချောင်းနေသည်။ သေနတ်သမား ပုံမှန်စိတ်မရှိကြောင်း သူရိပ်မိသည်။ ငိုနေသောကလေးကို သေနတ်သမားက စိတ်မရှည်စွာ ကောက်ယူလိုက်ပြီး “တိတ်အောင်လုပ်ထား” မိခင်ထံ ပေးသည်။ ကလေးကို ပိုက်မိသွားရာတွင် မိခင်က လွတ်မြောက်ရန်လမ်းစကို ရှာသည်။ သေနတ်သမားကမူ သေနတ်တစ်လက်တည်းဖြင့် အားလုံးကို ထိန်းချုပ်ထားယင်း လှစ်ကနဲ အတွေးနယ်ချဲ့မိသည်။ “မိုးလင်းတော့မယ်။ လင်းရင် ဘဏ်ကငွေတွေ အထုတ်ခိုင်း။ ကိုင်း .. ကိစ္စ မပြတ်လား။ “သူပျော်နေသည်။   ပြတင်းတံခါးဆီ လှမ်းမျှော်သည်။   သည်အခိုက်  “ရောဘတ်” အိပ်ယာမှ ခုန်ထ၍  သေနတ်သမား၏ မျက်နှာကို လက်သီးနှင့် အားကုန်ထိုးသည်။ သေနတ်သမားယိမ်းယိုင်သော်လည်း လဲပြို ခြင်းမရှိ။ “အင်နာ” က မျက်စိကို ရှင်ရှင်ထားသည်။ “ရောဘတ်”  က စဉ်းစားချိန် တစက္ကန့်မရှိ။ လွှားကနဲ ခုန်အုပ်ပြန်သည်။ ထိုစဉ် “အင်နာ နှင့် ကလေး” ပြေးကြပြီ။ မကြာမီ လမ်းမပေါ် ရောက်သွား၏။ မိတ်ဆွေ တွေကို ကြုံး အော်ခေါ်သည်။
“ဒေးလ်”
“အေပရယ်” 
“ဟဲလို  ..  တယောက်ယောက်ကြားနိုင်သလား.. ကျေးဇူးပြုပြီး  ကယ်ကြပါအုံး“”

“ဒီအချိန်မှာ  သေနတ်သမားနှင့် “ရောဘတ်”  ထွေးလုံးသတ်ပုတ်နေကြပြီဖြစ်သည်။ သေနတ်ကို လုသည်။ အခန်းတခုလုံး သိမ့်သိမ့်တုန်ခါလျက် မီးအိမ်းများကွဲကုန်သည်။ ခုံများလဲပြိုသည်။ တစ်ချီတွင် သေနတ်သမား၏ လက်ထဲ၍ “ရောဘတ်” ခမြာ ခလေးတယောက်လို လူးခါပြီး ချာချာလည်နေသည်။ သို့ ရာတွင် လှည်ပတ်လိမ်ကျစ် ပြေးရာမှ သေနတ်သမားကို ဘီရို တလုံးတွင် ဖိကပ်ဖို့ အသာစီးရလာသည်။ ယုံကြည်မှုအပြည့်ဖြင့် ဇွဲရှိသော “ရောဘတ်” က နောက်ဆုံး သေနတ်သမား၏ ခေါင်းကို ဆောင့်ကာ ဆောင့်ကာ  အနိုင်ယူလိုက်သည်။ သေနတ်ကမူ မရခဲ့။  “ရောဘတ်”  “အင်နာ့”ကို အိမ်အပြင်ထွက်ရှာရာ  တကြော်ကြော် အော်နေဆဲ တွေ့ရသဖြင့် ကလေးအကြီးဘယ်မှာလဲ မေးပြီး အကြီးကို ကယ်ထုတ်ရန် အိမ်ဆီသို့ပြန်ပြေးသည်။ 911  ကို ဖုန်းဆက်ရန်လည်းမှာခဲ့သည်။ “ဂရီဂန်” က ရဲကို  အကြောင်းကြားဖုန်းဆက်သည်။   ဂျွန်  နှင့် လင်ဒါ  တို့ လည်း   911 ကို  အဆက်မပြတ်ခေါ်သည်။ ရဲတွေ ဘာလုပ်နေသလဲ ။  

“ရောဘတ်” အိမ်ကို တစ်ခေါက်ပြန်အရောက် ကားဂိုဒေါင်ထဲမှ ရိုင်ဖယ်သေနတ်ကိုယူရန်အသွား  သေနတ်သမားကို တွေ့လိုက်ရသည်။ “ရောဘတ်” နောက်မှ “ဒေးလ်” က လိုက်ပါခဲ့သည်။ မိတ်ဆွေနှစ်ဦး သေနတ်ကိုယ်စီဖြင့် ညီညာစွာ ချီတက်လာကြသည်။ “ဒေးလ်” က “ရောဘတ်” အား အပို ပါလာသော သေနတ် ကိုပစ်ပေးသည်။ “ရောဘတ်” က သေနတ်သမားဝင်လာနိုင်သည့် လမ်းကြောင်းကို ပိတ်ဆို့ လိုက်သည်။
အချိန်မှာ နံနက် ၃း၀၁ နာရီ ။ 
တပ်ကြပ်ကြီး  “ထရဲ့န် ၀ှစ်တနီ”  သည်  ညစာအတွက် ဆယ်မွန်ငါးများကို ကင်ရန်ပြင်ဆင်နေခိုက် မနေသာတော့ဘဲ  အရေးပေါ် ထွက်လာခဲ့ရသည်။ ဒီအချိန်မှာ  “ဒေးလ်” သည် “ရောဘတ်” အိမ်ထဲ သို့ ရောက်နေပြီ။ သေနတ်သမားက ခုံတန်းလျားတခုနောက်မှ ခုန်ထွက်လာပြီး  “ဒေးလ်”  ကို သေနတ်ဖြင့်ဆီးချိန်သည်။

“မလှုပ်နဲ့” “ဟေ့ကောင်၊ ချလိုက်စမ်း မင့်သေနတ်” ဒေးလ် သေနတ်ကို လွှတ်ချသည်။ “မီလာ”က ကောက်ယူသည်။
တံခါးဆီ အပြေး “ရောဘတ်”နှင့် တိုးသည်။
“မီလာ”“သေနတ်လွှတ်ကျသည်။
“ဒေးလ်” ကောက်ယူသည်။
“မီလာ” က ၄လက်မအရွယ် မောင်းပြန်ဒါး တစ်ချာင်းကိုထုတ်သည်။
ဒါးသွားကို လက်ကောက်ဝတ်ပေါ်တင်သည်။  ပြီး  သူ့လည်ချောင်းဝကို ပြောင်းထောက်သည်။  

ရဲကားများအချိန်မီ ရောက်လာပါသည်။
“မီလာ” သူ့ကိုယ်သူ အန္တရယ် မပြုနိုင်တော့။ “မီလာ” ဖေါက်ထွင်းမှု၊ သေကြောင်းကြံစည်မှု၊ တရားမ၀င် လက်နက်ကိုင်ဆောင်မှု၊ Methamphetamine  သုံးစွဲမှု တို့ ဖြင့် ရုံးတော်တွင် အမှု ရင်ဆိုင်ရမည် ဖြစ်ပါသည်။

“ရောဘတ်” သည်  မိမိအိမ်အတွင်း ၀င်၍ ခလေးများကို ကြည့်ရှုရာတွင် ၄နှစ်သားကလေးမှာ အိပ်ပျော်နေဆဲ ဖြစ်ပြီး  ၇နှစ်အရွယ် သမီးကလေးမှာ မိမိအိပ်ခန်းထဲမှ နေ၍  မိမိဘခင်နှင့် သေနတ်သမားတို့၏ ဖိုက်တင်ခန်းကို ရုပ်ရှင် ဇာတ်လမ်းသဖွယ်  သည်းထိတ်ရင်ဖို ကြည့်ရှုခဲ့ရ သည်ဟု ရယ်မောပြောဆိုခဲ့ပါသတည်း။          ။

Florist
Source : RD MAY  2008, Dead of  Night

0 comments:

Post a Comment